မိဘနှစ်ပါး
ဗုဒ္ဓမြတ်စွာသည် မိဘနှစ်ပါးကို ဗြဟ္မာဟုလည်းကောင်း၊ ဆရာဟုလည်းကောင်း၊ အလှူခံထိုက်သော ပုဂ္ဂိုလ် ဟု လည်းကောင်း တင်စား၍ ဟောတော်မူ၏။
(တိက အင်္ဂုတ္တိုရ်၊ ပထမပံ၊ ဒေဝဒူတဝဂ်၊ ပထမသုတ်)
ဗြဟ္မာနှင့်တူပုံ။ ။ ဗြဟ္မာတို့သည် သတ္တဝါတို့အပေါ်၌ မေတ္တာစိတ် ကရုဏာစိတ် မုဒိတာစိတ် ဥပေက္ခာစိတ် ထားနိုင်ကြသကဲ့သို့ မိဘတို့လည်း သားသမီးတို့အပေါ်၌ ထိုစိတ်လေးမျိုးစလုံး ထားနိုင်ကြသည်။ ထို့ကြောင့် မိဘနှစ်ပါးကို ဗြဟ္မာနှင့် စိတ်ခြင်းတူသောကြောင့် “ ဗြဟ္မာ ” ဟု တင်စား၍ ခေါ်နိုင်ပေသည်။
မိဘ၏ မေတ္တာစိတ်။ ။ ကလေးငယ်သည် ဝမ်းထဲ၌ ပဋိသန္ဓေ တည်နေစဉ် “ ငါ၏ ကလေးမျက်နှာကို ကိုယ်အင်္ဂါ ပြည့်ပြည့်စုံစုံဖြင့် ဘယ်တော့ မြင်ရပါ့မတုံး ” ဟု ကလေးကို မြင်လိုသော မေတ္တာစိတ်သည် မိဘတို့မှာ မဖွားမီကပင် ဖြစ်နေ၏။ ဖွားမြင်လာသော ကလေးမျက်နှာကို မြင်ရ၍ အလွန်ခင်မင်သော မေတ္တာစိတ် ဖြစ်ပြန်လေသည်။ (ဤသို့ ကလေးမျက်နှာကို မြင်ရခြင်းကိုအကြောင်းပြု၍ မွေးဖွားခြင်းကို “ မျက်နှာမြင် ” ဟု ခေါ်ကြသည်။)မိဘ၏ ကရုဏာစိတ်။ ။ မိမိ၏ ကလေးငယ်သည် ပက်လက်ကလေး အိပ်နေတုန်းဝယ် ခြင်ကိုက်ခြင်း၊ ကြမ်းပိုး ကိုက်ခြင်း၊ နို့ဆာခြင်းကြောင့် ငိုသော အသံကို မိဘတို့ ကြားလိုက်ရလျှင် သနားသော ကရုဏာစိတ် ဖြစ်၏။ ထိုကရုဏာကြောင့် အပြေးလာ၍ ခြင်ကို ခြောက်ကြ၊ နို့တိုက်ကြ၏။ မကျန်းမမာ ဖြစ်ပြန်လျှင် အလွန်သနားသော ကရုဏာစိတ် ဖြစ်ကြပြန်၏။ ဤသို့လျှင် မိဘတို့မှာ အခါအားလျော်စွာ ကရုဏာစိတ်လည်း ဖြစ်ရလေသည်။
မိဘ၏ မုဒိတာစိတ်။ ။ မိမိကလေးသည် မတ်တပ်ပြေး၍ ကစားနေသောအခါ၊ ကျောင်းတက်၍ စာသင်နေသောအခါ၊ စာမေးပွဲအောင်လာသောအခါ၊ လူလားမြောက်သဖြင့် လှချိန်ရောက်၍ လှနေသောအခါ၊ ကလေးကိုကြည့်၍ မိဘတို့ မှာ အလွန်ဝမ်းမြောက်သော မုဒိတာစိတ် ဖြစ်ရလေသည်။
မိဘတို့၏ ဥပေက္ခာစိတ်။ ။ သားသမီးများသည် အရွယ်ရောက်၍ မိမိတို့အိမ်ထောင်ဖြင့် နေသောအခါ၊ လူမှုရေးရာကို ကောင်းစွာ ရွက်ဆောင်နိုင်သောအခါ မိဘတို့မှာ သူတို့အတွက် ကြောင့်ကြမများတော့ဘဲ လျစ်လျူရှုထားနိုင်သော ဥပေက္ခာစိတ်လည်း ဖြစ်နိုင်ပေသည်။
ဤသို့လျှင် ဗြဟ္မာများသည် သတ္တဝါတို့အပေါ်၌ စိတ်လေးမျိုး ထားနိုင်သကဲ့သို့ မိဘတို့လည်း သားသမီးတို့အပေါ်၌ အခါအားလျော်စွာ စိတ်လေးမျိုး ထားနိုင်သောကြောင့် မိဘတို့ကို ဗြဟ္မာဟု ခေါ်ရသည်။
လက်ဦးဆရာ မိဘ။ ။ မိဘတို့သည် သားသမီးများကို ကလေးဘဝ၌ပင် စကားတတ်အောင် သင်ပေးကြ၏။ ဝတ်တတ်အောင် စားတတ်သောက်တတ်အောင် သင်ပေးကြ၏။ လိမ္မာယဉ်ကျေးအောင် သင်ပေးကြ၏။ တချို့မိဘတို့ကား ဘုရားရှိခိုးတတ်အောင်၊ ရဟန်းသံဃာတော်များနှင့် စကားပြေတတ်အောင်ပင် သင်ပေးကြ၏။ ထို့ကြောင့် မိဘနှစ်ပါးကို “ လက်ဦးဆရာ ” ဟုလည်း ခေါ်ကြရသည်။
အလှူခံထိုက်သော မိဘ။ ။ ထိုကဲ့သို့ သားသမီးများအပေါ်မှာ မေတ္တာများစွာဖြင့် လိမ္မာအောင် သွန်သင်ဆုံးမ၍ ကျောင်းထားချိန်၌ ကျောင်းထားပေးသော အရင်းအနှီးပေးနိုင်လျှင် အရင်းအနှီးကို ထုတ်ပေးသော မိဘနှစ်ပါးကို အသက်အရွယ်ကြီးရင့်သောကြောင်
ဆောင်။ ။ အလှူခံပုဂ္ဂိုလ်ထူး လက်ဦးတဲ့ မြတ်ဆရာ၊
ထက်ကောင်းကင် ဗြဟ္မာမျိုး တိုးလို့မှတ်ပါ၊
ထိုသူဟာ ဘယ်မှာရှိငြား၊
တခြား မောင် မရှာနဲ့ နောင်အခါ ပူဇော်ရမယ်၊
မိဘ နှစ်ပါး။
မိဘဝတ်(၅)ပါး
(၁) ပါဏာတိပါတအမှု၊ သေရည်အရက်သောက်မှု၊ မိန်းမလိုက်စားမှု၊ မလိမ္မာသူနှင့် ပေါင်းမှု စသော မကောင်းမှုကို ပြုလျှင် တားမြစ်ခြင်း။
(ထိုသို့ တားမြစ်ရာ ရိုက်နှက်၍ တားမြစ်ရမည်ဟု မဆိုလို၊ အကျိုးအကြောင်း ပြောပြ၍ တားမြစ်ရ၊ အခြားမိတ်ဆွေ ကောင်းတို့ကို အပြောခိုင်း၍ တားမြစ်ရ၊ ဆရာသမားတို့ကို လျှောက်ထား၍ ဟောပြောစေသောအားဖြင့် တားမြစ်ရ သည်၊ ရိုက်နှက်ခြင်းကား အတော်ကြီးနေလျှင် မသင့်တော့ပါ။)
(၂) မင်းပြစ်လည်း မရှိ၊ အကုသိုလ်ပြစ်လည်း မရှိသော ဒါနမှု သီလမှု စသည်ကို ပြုလုပ်ဖို့ရန် ညွှန်ပြခြင်း။
(အနာထပိဏ်သူဋ္ဌေးသည် သဒ္ဓါတရားမရှိသော သားကို ငွေပေး၍ ဥပုသ်စောင့်ခိုင်း၏၊ ငွေပေး၍ ဘုရားအထံ တရား နာခိုင်း၏၊ တရားနာရင်းပင် နဂိုက သဒ္ဓါတရားမရှိသော သားသည် သောတာပန် ဖြစ်သွား၏။)
(ဓမ္မပဒအဋ္ဌကထာ၊ လောကဝဂ်)
(၃) ကျောင်းထားချိန်ရောက်သောအခါ
မှတ်ချက်။ ။ “ ကျောင်းမထားဘဲ အိမ်မှုကိုသာခိုင်းသော မိဘများသည် ရန်သူပင် ဖြစ်၏ ” ဟု ဟိတောပဒေသ၌ ဆိုထား၏။ ဘာကြောင့်နည်း၊ ကြီးရင့်သောအခါ ပညာမတတ်သူသည် ဟင်္သာတို့အလယ်မှာ ဗျိုင်းကလေး မတင့် တယ်သလို ပညာရှိပရိသတ်အလယ်မှာ မတင့်တယ်သောကြောင့်တည်း။
(အတတ်သင်စေရာဝယ် မိမိတို့ မျိုးရိုးအလိုက် တတ်နေကျ အတတ်ကိုသာ သင်စေသည်၊ ဥပမာ- လယ်သမားသားသမီးကို လယ်ယာနှင့်ဆိုင်သော စိုက်ပျိုးရေးအတတ်ကို သင်စေ၏၊ လက်သမားမျိုးရိုးကို အင်ဂျင်နီယာအတတ်ကို သင်စေ၏၊ ဆေးဆရာမျိုးရိုးကို ဆရာဝန်အတတ် သင်စေ၏၊ ဤသို့ စသည်ဖြင့် ဆိုင်ရာအတတ်ကိုသာ သင်စေကြသည်၊ ကျောင်းအပ်ရာ၌လည်း ဆရာကောင်းရှိသော ကျောင်းကောင်း၌သာ အပ်သင့်သည်။)
(၄) သင့်လျော်သော အိမ်ထောင်ကို ချပေးခြင်း။
(သင့်လျော်ဟူရာ၌ “ ဥစ္စာ ရုပ် ခေတ်ပညာအရည်အချင်းထက် လိမ္မာခြင်း ကျန်းမာခြင်း၊ အလုပ်ရှိခြင်း၊ မပျင်းရိခြင်း ” စသော အရည်အချင်းကို ဂရုစိုက်၍ ရွေးသင့်၏၊ ရုပ်ချော၍ အမွေအနှစ်ကို သိန်းချီပြီး ရမည်ဖြစ်သော်လည်း ထိုအရည်အချင်းများ မရှိဘဲ မိုက်ရူးရဲ မလိမ်တမာ ဖြစ်နေပါမူ ထိုပစ္စည်းဥစ္စာက အိမ်တွင်းချမ်းသာကို မပေးနိုင်၊ သူ၏ ချမ်းသာသမျှလည်း သူသုံးစွဲ၍ မွဲတတ်သည်။)
(၅) သင့်တော်သော အချိန်အခါ၌ အမွေပေးခြင်း။
(ကျောင်းထားချိန်၌ ကျောင်းစရိတ်ပေးခြင်း၊ စာမေးပွဲအောင်သောအခါ တစ်စုံတစ်ခုကို ချီးမြှောက်သောအားဖြင့် ပေးခြင်း၊ လက်ထပ်ချိန်၌ အရင်းအနှီးလုပ်ဖို့ရန်နှင့်
အကျိုးရ။ ။ ဤသို့ မိဘဝတ်ငါးပါးကို မပျက်ရအောင် စောင့်ရှောက်သော မိဘသည် လူအများ၏ အချီးအမွမ်းကို ခံရ၏။ သားသမီးတို့က လိမ္မာကြလျှင် ထိုသားသမီးတို့ အထံမှ စိတ်မချမ်းသာစရာ ဘေးအန္တရာယ် မဖြစ်တော့။ သားသမီးတို့ကို ကြီးပွားအောင် စောင့်ရှောက်နိုင်သည့်အတွက်
ဆောင်။ ။ မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်၊ ဖခင်မယ်တို့တာ။
ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်းမှ ပြန်လည်တင်ပြပါသည်။
Credit to
No comments:
Post a Comment