သားသမီးဝတ် (၅)ပါး
(၁) မိမိအား ကျွေးမွေးပြုစုခဲ့ကြသော မိဘတို့ကို ပြန်၍ ပြုစုခြင်း။
(မိဘတို့သည် မိမိကို ငယ်ရွယ်စဉ်ကစ၍ နို့ချိုတိုက်ကျွေး မွေးခဲ့ကြ၏၊ အညစ်အကြေး နှပ်တို့ကို သုတ်သင်ပေးခဲ့ကြ ၏၊ ရေမိုးချိုးပေး၍ အမွှေးအကြိုင်များကိုလည်း လိမ်းပေးကြ၏၊ တော်တော်ကြီးလာလျှင် စကားသင်ပေးကြ၏၊ ဤသို့ မွေးကျွေး ပြုစုခဲ့သော မိဘတို့ကို အိုမင်းမစွမ်းရှိသောအခါ ကျေးဇူးဆပ်သောအားဖြင့် ပြန်၍ ပြုစုမှ သားသမီးဝတ် ကျေသည်။)
(၂) မိဘတို့၏ မင်းကိစ္စ၊ အရပ်ကိစ္စ၊ စီးပွားရေးကိစ္စ ရှိသောအခါ ထိုကိစ္စကို ပြုပေးခြင်း။
(မိဘတို့ကို ကိုယ်တိုင် မရွက်ဆောင်စေဘဲ မိမိက မိဘတို့တာဝန် ယူ၍ ဆောင်ရွက်ပေးခြင်း။)
(၃) မိဘတို့၏ အမျိုးအနွယ်ကို မတိမ်ကောရအောင် စောင့်ရှောက်ခြင်း။
(ရှေးခေတ်က အမျိုးကောင်းခြင်းကို ကြီးကျယ်သောဂုဏ်ဟု အယူရှိကြ၏၊ ထို့ကြောင့် အမျိုးကောင်းသားသမီးသည် မိမိအမျိုးကို နိမ့်ကျမသွားအောင် ထိန်းသိမ်းရ၏၊ အမျိုးတို့၏ အကျင့်အတိုင်း ကျင့်ရ၏၊ မိဘတို့၏ အမွေအနှစ်ဖြစ် သော လယ်ယာ ရွှေငွေများကို မပျက်စီးအောင် မိဘတို့ အလှူဒါနဝတ်ကို မပျက်စီးအောင် စောင့်ရှောက်ရ၏၊ အယူမှားနေသော မိဘကို အယူမှန်အောင် ပြောပြပေးခြင်းလည်း အမျိုးအနွယ်ကို စောင့်ရှောက်ရာ ရောက်၏။)
(၄) မိဘတို့၏ အမွေကို ခံထိုက်အောင် ကောင်းစွာ ကျင့်ရခြင်း။
(မိဘတို့သည် တပင်တပန်း ရှာဖွေစုဆောင်းခဲ့ရ မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ခဲ့ရ
(၅) မိဘများသေလွန်သောအခါ အလှူဒါနပြု၍ အမျှဝေခြင်း။
(သေလွန်သော မိဘတို့ သွားရာဘဝသည် ငရဲ တိရစ္ဆာန် ပြိတ္တာ လူနှင့် နတ်ဗြဟ္မာဟု ငါးမျိုးရှိ၏၊ ငရဲ၊ တိရစ္ဆာန်၊ တော တောင်စသော အဝေးအရပ်ဝယ် ပြိတ္တာဖြစ်သူ လူဖြစ်နေသူတို့သည် ဤဘဝက သားသမီးတို့ ကုသိုလ်ပြုသည်ကို မသိနိုင်၊ ထို့ကြောင့် သားသမီးများပြုသော ကုသိုလ်ကို သာဓုမခေါ်နိုင်၍ ကုသိုလ်အဖို့ကို မရကြ၊ နတ်ဗြဟ္မာ ဖြစ်နေ လျှင် သူတို့ကိုယ်တိုင် ချမ်းသာနေပြီဖြစ်၍ ဤဘဝက သားသမီးတို့၏ ကုသိုလ်ကို မမျှော်လင့်ကြတော့၊ အိမ်၏အနီး၌ ပြိတ္တာ(တစ္ဆေ) ဖြစ်နေသူကား သားသမီးတို့၏ မိမိအတွက် ကုသိုလ်ပြုသည်ကို မျှော်လင့်ကြ၏၊ ထိုကြောင့် ထိုသူတို့ အတွက် ကုသိုလ်ပြု၍ အမျှဝေကြရသည်၊ ကုသိုလ်ပြုရာ အမျှဝေရာ၌ကား စနစ်ကျဖို့ လိုသေး၏၊ ထိုစနစ်ကို ကိုယ်ကျင့်အဘိဓမ္မာ၌ “ ပတ္တာနုမောဒန၏ ဒိဋ္ဌဓမ္မအကျိုး ” ဟု ညွှန်ပြထားပြီး ဖြစ်သည်။)
ဤသို့ မိဘတို့အပေါ်၌ မိမိတာဝန်ကျေလျှင် သူတစ်ပါးတို့က အပြစ်တင်စရာ မရှိ၊ စင်စစ်အားဖြင့် ချီးမွမ်းဖွယ်သာ ဖြစ်၏၊ နောင်သံသရာအတွက် ကုသိုလ်ပါရမီလည်း ရ၏။
ဆောင်။ ။ မိဘမွေးကျွေး၊ ပြန်ဆပ်ပေးသို့၊ ကျွေးမွေးသမှု၊ ကောင်းစွာပြုလော၊ စုစုကိစ္စ၊ တွေ့ကြုံကလည်း၊ မိဘဝန်တာ၊ ကိုယ်ဆောင်ကာဖြင့်၊ နှစ်ဖြာမျိုးနွယ်၊ မပျောက်ကွယ်အောင်၊ ဆက်သွယ်စောင့်ပိုက်၊ မွေခံထိုက်ဖို့၊ မျိုးလိုက်ကျင့်ကောင်း၊ တိမ်းမစောင်းဘဲ၊ ရွေ့ပြောင်းဘဝ၊ မိနှင့်ဘတို့၊ ချမ်းမြပါစေ၊ အမျှဝေ၊ ငါးထွေ သားသမီးတာ။
သင်္ဂဟဝတ္ထု (၄)ပါး
သူတစ်ပါးကို မိမိလူ (မိမိဘက်သား) ဖြစ်အောင် သိမ်းသွင်းခြင်းကို “ သင်္ဂဟ ” ဟု ပါဠိလို ခေါ်၏၊ ထိုသို့ သိမ်းသွင်း ခြင်း၏ အကြောင်းဝတ္ထုကို “ သင်္ဂဟဝတ္ထု ” ဟု ခေါ်၏။ ထိုသင်္ဂဟဝတ္ထုသည် ဒါန၊ ပေယျဝဇ္ဇ၊ အတ္ထစရိယ၊ သမာနတ္တတာ-အားဖြင့် လေးပါးရှိ၏။
(အဋ္ဌက အင်္ဂုတ္တိုရ်၊ ပထမပံ၊ ဂဟပတိဝဂ်)
ဒါန။ ။ အချို့မိတ်ဆွေများသည် တစ်စုံတစ်ခုသော ပစ္စည်းလက်ဆောင်ကို လိုလား၏၊ ပစ္စည်းရှိသူဖြစ်စေကာမူ လက်ဆောင်ပေးခြင်းကို လိုလားတတ်၏၊ အထူးအားဖြင့် မိမိလောက်မျှ မပြည့်စုံသူသည် မိမိထံမှ ထိုက်တန်သော ပစ္စည်းကို ပေးခြင်းဖြင့် သိမ်းသွင်းရသည်။
ပေယျဝဇ္ဇ။ ။ ချစ်ဖွယ်စကားကို “ ပေယျဝဇ္ဇ ” ဟု ခေါ်၏၊ အချို့သော မိတ်ဆွေ မိတ်ဆွေမတို့သည် သူတို့မှာ ပစ္စည်းပြည့်စုံသောကြောင့် ပစ္စည်းဖြင့် ချီးမြှောက်ခြင်းကို မလိုလားကြ၊ ထိုသူတို့ကို ခေတ်အလိုက် နားဝင်ချိုသော အခေါ်မျိုးဖြင့် ခေါ်၍ (“ အမေ၊ အဖေ၊ အကို၊ အစ်မ၊ အဒေါ်၊ ဦးကြီး၊ ဦးလေး၊ ညီမလေး ” စသည် ခေါ်၍) ခင်ခင် မင်မင် ပြောဆိုခြင်းဖြင့် မိမိနှင့် ရင်းနှီးအောင် သိမ်းသွင်းရသည်။
အတ္ထစရိယာ။ ။ သူ့အား အကျိုးရှိအောင် ပြုကျင့်ခြင်းကို “ အတ္ထစရိယာ ” ဟု ခေါ်၏၊ မိတ်ဆွေမှာ သာမှု နာမှု မင်းမှုစသောကိစ္စ ကြုံလာလျှင် လက်ဆောင်ပေးဖို့လည်း မလို၊ ချစ်ဖွယ်စကား ပြောနေလို့လည်း မပြီး၊ ထိုကိစ္စပြီးစီးအောင် ကူညီဆောင်ရွက်ခြင်း၊ မိမိကပင် ကြောင့်ကြစိုက်၍ ရွက်ဆောင်ခြင်းသာလျှင် လိုရင်းဖြစ်၏၊ ထိုအခါ မိတ်ဆွေ၏ကိစ္စကို ပြီးစီးအောင် ဆောင်ရွက်ခြင်းဖြင့် သိမ်းသွင်းရသည်။
သမာနတ္တတာ။ ။ (သမာန= တန်းတူသော + အတ္တတာ= သဘောရှိသူ၏ အဖြစ်)။ တချို့သော မိတ်ဆွေများသည် အမျိုးဥစ္စာ ရာထူးဂုဏ်သိန်အားဖြင့် မိမိနှင့် မညီမမျှ ဖြစ်နေကြ၏၊ ထိုမိတ်ဆွေများအား အတူစား အတူထိုင် အတူသွားခြင်းအားဖြင့် တန်းတူထား၍ ဆက်ဆံလိုက်လျှင် အလွန်ဝမ်းမြောက်ကြ၏၊ ထိုကဲ့သို့ ဆက်ဆံမှု လိုလားသော မိတ်ဆွေတို့ကို တန်းတူထားသောအားဖြင့် သိမ်းသွင်းရသည်။
ဆောင်။ ။ ပေးကမ်း ချစ်ဖွယ်၊ စကားကြွယ်၍၊ သူ့ဝယ်ကိစ္စ၊ ကြုံတွေ့ကမူ၊ ကြောင့်ကြကြီးစွာ၊ ကူညီကာဖြင့်၊ သွားလာနေမှု၊ တန်းတူပြုသည်၊ ဝတ္ထု သင်္ဂဟ လေးမျိုးတည်း။
မိတ်ဆွေတု။ ။ ထိုကဲ့သို့ သင်္ဂဟဝတ္ထုလေးပါးဖြင့် ထိုက်တန်အောင် ချီးမြှောက်ပါလျက် မိမိအပေါ်၌ မကျေနပ်နိုင်ဘဲ အပြစ်ပြောသူကိုကား မိတ်ဆွေအစစ် မဟုတ်၊ မိတ်ဆွေအတုသာ ဖြစ်၍ ထိုသူမျိုးကို သတိထား၍ ပေါင်းသင်း ဆက်ဆံရသည်။
ဗုဒ္ဓဘာသာသင်ခန်းစာမှ ပြန်လည်တင်ပြပါသည်
No comments:
Post a Comment