သုခ (၄)မျိုး။ ။ ဗုဒ္ဓမြတ်စွာသည် အနာထပိဏ်သူဌေးအား သုခလေးမျိုးကို ဟောတော်မူ၏။ သုခသည် အတ္ထိသုခ၊ ဘောဂသုခ၊ အာနဏျသုခ၊ အနဝဇ္ဇသုခ- အားဖြင့် လေးမျိုးရှိ၏။
(စတုက္က အင်္ဂုတ္တိုရ်၊ ဒုတိယပံ၊ ပတ္တကမ္မဝဂ်)
အတ္ထိသုခ။ ။ “ ယောက်ျားတို့၏ လုံလဝီရိယအား လက်ရုံးအားတို့ဖြင့် ချွေးကျအောင် ရှာဖွေစုဆောင်းထားအပ်၊ တရားသော နည်းလမ်းဖြင့် ရအပ်သော စီးပွားဥစ္စာတို့သည် ငါ့မှာ ရှိပေသည်တကား ” ဟု စဉ်းစားလိုက်သောအခါ ထိုစီးပွားစုပြီးဖြစ်သူမှာ စိတ်ချမ်းသာမှုတစ်မျိုး ဖြစ်ပေါ်လာ၏၊ ထိုစိတ်ချမ်းသာမှုကို “ အတ္ထိသုခ- ရှိလို့ ချမ်းသာခြင်း ” ဟု ခေါ်သည်။
ဘောဂသုခ။ ။ ထိုသို့ အပင်ပန်းခံ၍ တရားသဖြင့်ရအောင် ရှာဖွေစုဆောင်းထားအပ်သော ဥစ္စာစီးပွားတို့ဖြင့် အိမ် တိုက် တည်ဆောက်ကာ ထိုက်တန်သော အသုံးအဆောင် အစားအသောက်တို့ကို သုံးစွဲ စားသောက်ရသော အခါနှင့် ကုသိုလ်ကောင်းမှု ပြုရသောအခါတို့၌ “ ငါသည် တပင်တပန်း ရှာထားသော စီးပွားတို့ဖြင့် ချမ်းသာစွာ သုံးစွဲ စားသောက်ရပေသည်၊ ကုသိုလ်ကိုလည်း ပြုရပေသည် ” ဟု တွေး၍ စိတ်ချမ်းသာမှု ကိုယ်ချမ်းသာမှု ဖြစ်ရ၏၊ ထိုသုခကို “ ဘောဂသုခ= ခံစားရလို့ ချမ်းသာခြင်း ” ဟု ခေါ်သည်။
အာနဏ်သုခ။ ။ ထိုသို့ ကြိုးကြိုးစားစား ရှာဖွေထားသော ဥစ္စာရှင်သည် သူတစ်ပါးအထံမှ ကြွေးမယူရသဖြင့် မည်သူမှ ကြွေးတောင်းလာဖွယ် မလို၊ ကြွေးမရှိပုံကို စဉ်းစားမိသောအခါ စိတ်ချမ်းသာမှု ဖြစ်ရ၏၊ ထိုချမ်းသာမှုကို “ အာနဏျသုခ= ကြွေးမြီကင်း၍ ချမ်းသာခြင်းတစ်မျိုး ” ဟု ခေါ်သည်။
(ကြွေးယူထားသူတို့ကား ထိုကြွေးအတွက် စိတ်မအေးဘဲ အမြဲပူပန်ရသည်၊ “ မပေးတော့ဘူး ” ဟု ညစ်ပြန် လျှင်လည်း နောင်သံသရာအရေးကို စဉ်းစားမိကာ ပူပန်ရမည်သာ၊ ယခုဘဝ၌ ထုံပေနေသောကြောင့် မပူပန်စေ ကာမူ နောင်သံသရာ၌ကား ဧကန် ဒုက္ခတွေ့ရမည်သာ။)
အနဝဇ္ဇသုခ။ ။ စီးပွားဥစ္စာ ပြည့်စုံရကား ပြုလုပ်ပြောဆိုမှု ကိစ္စအစုစု၌ အကုသိုလ်ပြစ်၊ မင်းပြစ်ကင်းအောင် သန့်သန့် ရှင်းရှင်း ပြုလုပ်နိုင် ပြောဆိုနိုင်၏၊ ဤသို့ ပြောဆို ပြုလုပ်သည့်အတွက် အပြစ်မရှိပုံကို စဉ်းစားမိသောအခါ လွန်စွာ စိတ်ချမ်းသာ၏၊ သေချိန်ရောက်၍ သေရစေကာမူ ကုသိုလ်ကောင်းမှုတွေ ပြည့်စုံနေရကား နောင်ဘဝအတွက် ကောင်းရာဘဝသို့ ရောက်ဖို့ရန် သေချာချက်ရှိသောကြောင့် စိတ်ချမ်းသာ၏၊ ဤချမ်းသာမှုကို “ အနဝဇ္ဇသုခ= အပြစ်ကင်းလို့ ချမ်းသာခြင်း ” ဟု ခေါ်သည်။
ဆောင်။ ။ ဥစ္စာရှိစွ၊ ခံစားရ၍၊ ပေးရမည့်လျှင်း၊ ကြွေးပူကင်းလျက်၊ သန့်ရှင်းပြုပြော၊ ပြစ်မနှောသဖြင့်၊ ကိုယ်ရောစိတ်ပါ၊ လွန်ချမ်းသာ၊ လေးဖြာ သုခတည်း။
လောကဓံ (၈)ပါး
လောက၌ တွေ့ကြုံရမြဲဖြစ်သော ကောင်းကျိုး ဆိုးကျိုး ရှစ်မျိုးကို “ လောကဓံ” ဟု ခေါ်၏။ ဤလောကဓံကို ဘုရားရှင်သော်မှ တွေ့ကြုံတော်မူရ၏။ ထိုလောကဓံ ရှစ်ပါးကား လာဘ်ရခြင်း၊ လာဘ်မရခြင်း၊ အခြွေအရံရှိခြင်း၊ မရှိခြင်း၊ အကဲ့ရဲ့ ခံရခြင်း၊ အချီးမွမ်း ခံရခြင်း၊ ချမ်းသာခြင်း၊ ဆင်းရဲခြင်းတည်း။
ဆောင်။ ။ လာဘ်လာဘ အရနှင့် မရဆို၊
ခြွေအရံ များနည်းပါတယ် ကွဲပြားသကို၊
ကဲ့ရဲ့၍ ချီးမွမ်းဆို လိုသလို အပြော၊
သုခံ ဒုက္ခံနှင့်၊ လောကဓံ ဤစက်ကွင်းဝယ် ကင်းနိုင်ဘုနော။
လောကဓံကြောင့် တုန်လှုပ်သူ။ ။ အတွေ့အကြုံနှင့် စာပေဗဟုသုတ မရှိသူသည် ပစ္စည်းလာဘ်ကို ရသောအခါ အလွန်ဝမ်းသာ၏၊ စိတ်ကြီးဝင်ကာ မာန်မာန တက်ကြွ၏၊ ထိုစိတ်ကြီးဝင်မှု ဝမ်းသာမှုသည် လာဘ်ရခြင်းကြောင့် နဂိုနေမြဲအတိုင်း မနေနိုင်ဘဲ တုန်လှုပ်ခြင်းတည်း။ ထိုသို့ ဝမ်းသာတက်ကြွ မာန်မာန ဖြစ်နေသူသည် ပစ္စည်းဥစ္စာ ပျက်၍ အလာဘ(လာဘ်မရှိ - ဥစ္စာမရှိ) ဖြစ်ပြန်သောအခါ စိတ်အားငယ်၏၊ မျက်ရည်ကျကာ ဝမ်းနည်းလာ၏၊ ထိုစိတ်အားငယ်ခြင်း ဝမ်းနည်းခြင်းသည် နဂိုနေမြဲအတိုင်း မနေနိုင်ဘဲ တုန်လှုပ်ခြင်းတည်း။ ဤနည်းကို မှီ၍ အခြွေအရံ ရှိ - မရှိဖြစ်ပုံ၊ ချီးမွမ်းခံရ - ကဲ့ရဲ့ခံရပုံ၊ သုခ - ဒုက္ခတို့ကြောင့် တုန်လှုပ်ပုံကို သိပါ။
လောကဓံကြောင့် မတုန်လှုပ်သူ။ ။ အတွေ့အကြုံနှင့် စာပေဗဟုသုတရှိသူသည် ပစ္စည်းလာဘ်တွေ ရရှိတိုးတက် နေသော်လည်း “ မမြဲသော အရာဝတ္ထုတွေပဲ၊ တစ်နေ့ကျလျှင် ပျက်ရမှာပဲ၊ ပစ္စည်းလာဘ်တွေက ငါ့ကို စွန့်ခွာ မသွားသော်လည်း ငါက ပစ္စည်းတွေကို စွန့်ခွာသွားရမှာပဲ ” ဟု တွေးမိသောကြောင့် အားရဝမ်းသာလည်း မရှိလှ၊ မာန်မာနလည်း မတက်ကြွချေ၊ အကြောင်းအားလျော်စွာ ထိုလာဘ်ပစ္စည်းတွေ ပျက်စီးသွားစေကာမူ နဂိုက စဉ်းစားပြီး ဖြစ်သောကြောင့် အလွန်ဝမ်းမနည်းလှ၊ ဤသို့ ဝမ်းမသာ ဝမ်းမနည်းဘဲ ခိုင်မြဲသော စိတ်ရှိသူကို လောကဓံကြောင့် မတုန်လှုပ်သူဟု ခေါ်ရသည်၊ အခြား လောကဓံများကြောင့် မတုန်လှုပ်ပုံကိုလည်း ဤနည်း အတိုင်း သိပါ။
မတုန်လှုပ်မှ ချမ်းသာရ။ ။ ဗုဒ္ဓမြတ်စွာသည် သတ္တဝါတို့၏ ဤဘဝ ချမ်းသာရေးအတွက် ဥဋ္ဌာနသမ္ပဒါစသော တရားလေးပါးကို ဟောတော်မူခဲ့၏၊ ထိုတရားနှင့်အညီ ရှာသောကြောင့် ပစ္စည်းဥစ္စာ အခြွေအရံ စသည် ရသောအခါ မတုန်လှုပ်သူသာလျှင် ချမ်းသာသုခကို အပြည့်အစုံ ရနိုင်၏၊ တုန်လှုပ်သူကား ထိုလာဘ်တို့ အခြွေအရံ စသည်တို့ ကြောင့် ဒုက္ခဖြစ်ရပေလိမ့်ဦးမည်၊ ထို့ကြောင့် လောကဓံ အကောင်း အဆိုး ရှစ်မျိုးနှင့် တွေ့သောအခါ မတုန်မလှုပ်ဘဲ စိတ်ခိုင်မြဲဖို့ရန် စောစောက တရားများကို မိမိကိုယ်တွင်းရောက်အောင် အလေ့အကျင့် ပြုထားကြပါကုန်။ (ဤလောကဓံနှင့်စပ်၍ အကျယ်မှတ်ဖွယ်ကို ကိုယ်ကျင့်အဘိဓမ္မာ ဒုတိယခန်း၌ ပြထားပါသည်။)
လောကပါလတရား (၂)ပါး
လောကကြီးကို စာရိတ္တအကျင့်ဘက်က မပျက်မစီးအောင် စောင့်ရှောက်ထားသောတရားကို “ လောကပါလတရား ” ဟု ခေါ်၏။ ထိုတရားသည် ဟိရီနှင့် သြတ္တပ္ပ (မကောင်းမှု မပြုဖို့ရန် အရှက်နှင့် အကြောက်) နှစ်ပါးတည်း၊ ထိုတရားနှစ်ပါးတွင် ဟိရီ(အရှက်)သည် မကောင်းမှု (အမြင်မတော်မှု)ကို ပြုရမည်မှ ရှက်၏၊ သြတ္တပ္ပကား မကောင်းမှု ပြုရမည်မှ ကြောက်လန့်၏၊ ထိုသို့ ရှက်ရာ၌ တချို့သည် မိမိအမျိုးကို ငဲ့၍ တချို့ကား မိမိအရွယ်ကို ငဲ့၍ တချို့ကမူ မိမိ၏ သတ္တိ စည်းစိမ်ဥစ္စာ ပညာအရည်အချင်းကို ငဲ့၍ “ ငါလိုလူသည် ဤကဲ့သို့သောအမှုကို မပြုသင့် ” ဟု စဉ်းစားကာ မကောင်းမှု ပြုရမည်မှ ရှောင်၏၊ တချို့ကား သူတစ်ပါးတို့ အပြစ်တင်ခြင်း ကဲ့ရဲ့ရှုတ်ချခြင်းကို တွေး၍ ကြောက်လန့်သောကြောင့် မကောင်းမှုကို မပြုဘဲ ရှောင်၏၊ မည်သည့် အကြောင်းကြောင့် ရှောင်သည်ဖြစ်စေ ဤတရားနှစ်ပါးက စည်းကမ်းရှိအောင် စောင့်ရှောက်ထားသောကြောင့်သာ လူအများတို့ အမှားမှား အယွင်းယွင်း မဖြစ်ဘဲ မိဘနှင့် သားသမီး၊ ဆရာနှင့် တပည့်စသူတို့ ကိုယ့်စည်းနှင့်ကိုယ် နေနိုင်ကြပေသည်ဟု ဘုရားရှင် ဟောတော်မူသည်။
လူ့လောကကို ထိန်းထားသော တရားတော် (၂)ပါး
ဘိက္ခုတို့… ဖြူစင်သန့်ရှင်းသော (ဟိရီ သြတ္တပ္ပ) တရားနှစ်ပါးတို့သည် လူ့လောကကို စောင့်ထိန်း၍ ထားကြကုန် သည်။ ဤတရားတို့က လူ့လောကကို စောင့်ထိန်း၍ မထားလျှင် မိခင်ဟူ၍လည်း မထင်ရှားတော့ရာ၊ အဒေါ်၊ ကြီးကြီး၊ ဦးကြီး၊ ဦးလေးတို့၏ ဇနီး၊ ဆရာကတော်၊ ဘကြီး ဘထွေးစသော လေးစားလောက်သူတို့၏ ဇနီးဟူ၍လည်း မထင်ရှားတော့ရာ၊ တစ်လောကလုံးသည် (အမေနှင့်သား ပေါင်းဖော်ခြင်း စသည်ဖြင့်) စည်းကမ်းပျက်ပြား၍ ဆိတ် သိုး ကြက် ဝက် ခွေးများကဲ့သို့ (မကြားကောင်း မနာသာ) ဖြစ်ကုန်တော့ရာ၏၊ အရှက် အကြောက်(ဟိရီ သြတ္တပ္ပ) ဟူသော ကိုယ်ကျင့်တရားနှစ်ပါး၏ ထိန်းသိမ်းထားမှုကြောင့်သာ စည်းကမ်းမပျက်ပြားဘဲ သန့်ရှင်းစင်ကြယ်စွာ နေနိုင်ကြပေသည်။
(ဣတိဝုတ်၊ ဒုကနိပါတ်၊ ဒုတိယဘာဏဝါရ၊ (၄၂)။ ဟိရီ သြတ္တပ္ပသုတ်ပါဠိတော်)
နိဂုံး။ ။ ဗုဒ္ဓမြတ်စွာ၏ ဓမ္မတရားတော်များမှ ဤဘဝအတွက် ချမ်းသာရေးကို ညွှန်ပြသော တရားတော်တို့သည် အတော်များစွာ ကျန်ပါကုန်သေး၏၊ သို့သော် နေ့စဉ် ကလေးတို့အား ပြောဖို့ရန် ဤမျှလောက်ဖြင့်သာ သင့်တော်လောက်ပြီဟု မှန်းထား၍ ဆဋ္ဌမတန်းအတွက် တစ်ပိုင်း ဖြတ်ရပါတော့သည်၊ ကြွင်းကျန်သော တရားတော်များတွင် တချို့တရားတော်တို့ကို သံဃာ့ရတနာအခန်း သတ္တမတန်းကျမှ ထပ်မံ ညွှန်ပြပါမည်၊ ဤဆဋ္ဌမတန်း ကဗျာများကို ကလေးတို့ အသံနေ အသံထား ကောင်းမွန်စွာဖြင့် သံပြိုင်ညီညီ ရွတ်ဆိုကြပါစေ။
{အပိုင်း (၁) မှစ၍ ပြဆိုခဲ့သော " လူ့အထက်တန်း တက်ရာလမ်း " ကား ဤတွင် ပြီးဆုံးပေပြီ။
သတ္တမတန်း၌ ပါသော သံဃာ့ရတနာခန်းကိုလည်း နောက်နေ့များ၌ ကြိုးစား၍ ဖော်ပြပါဦးမည်။}
Credit to
No comments:
Post a Comment