Video

Thursday, 26 June 2014

ခေါင်းလောင်းထိုး၍အမျှဝေသည်

တရုတ်နိုင်ငံတွင် လွန်လေသော နှစ်ပေါင်း လေးထောင်ခန့်က ခေါင်းလောင်းများ စတင်ပေါ်ပေါက်ခဲ့သည်ဆို၏။ အနောက်နိုင်ငံများတွင် ခရစ်ယန်အယူဝါဒကို အတည်တကျ ကိုးကွယ်လာကြသော ငါးရာစု၊ ခြောက်ရာစုလောက်ကမှ အစပြုပြီး ခရစ်ယန်ဘုရားရှိခိုးကျောင်းများတွင် ခေါင်းလောင်းများကို ထားရှိခဲ့ကြလေသည်။

ပထမတွင် သေးငယ်သော ခေါင်းလောင်းများကိုသာ ပြုလုပ်ခဲ့ကြသည်။ ထို့နောက် တဖြည်းဖြည်း ကြီးသောခေါင်းလောင်းများကို သွန်းလုပ်လာနိုင်ကြလေသည်။
ခေါင်းလောင်းသံကို မြို့တွင်းမှ အားလုံးကြားနိုင်ရန် မျှော်စင်များပေါ်တွင် ချိတ်ဆွဲထားလေ့ရှိသည်။ အများအားဖြင့် ခေါင်းလောင်းစင်များကို ဘုရားရှိခိုးကျောင်းများနှင့် တဆက်တည်းထားရှိလေ့ရှိသည်။ အချို့နေရာများတွင် သီးခြားအဆောက်အအုံများဖြင့် ထားတတ်ကြလေသည်။

(ခေါင်းလောင်းကို အသုံးပြုပုံ)
ခေါင်းလောင်းကို နိုင်ငံအသီးသီးတွင် ကိစ္စအမျိုးမျိုးအတွက် အသုံးပြုကြသည်။ သာသနာရေးကိစ္စများမှအပ နန်းတက်ပွဲ၊ လက်ထပ်ပွဲ စသော မင်္ဂလာအခမ်းအနားများတွင် ခေါင်းလောင်းထိုးတတ်ကြလေသည်။
ထိုမှတပါး အစည်းအဝေးခေါ်သည့် ခေါင်းလောင်း၊ ကျောင်းတက်ကျောင်းဆင်းချိန်၌ထိုးသော ခေါင်းလောင်း၊ နှိုးစက်ပါသော နာရီ၌ တပ်ဆင်ထားသည့်ခေါင်းလောင်း၊ စကားပြောကြေးနန်း (တယ်လီဖုန်း)၌ တပ်ဆင်ထားသော ခေါင်းလောင်း၊ အိမ်၊ ရုံး၊ ဟိုတယ်စသည်တို့၌ တပ်ဆင်အသုံးပြုသည့် လူခေါ်ခေါင်းလောင်းဟူ၍ အမျိုးမျိုးရှိလေသည်။

ခေါင်းလောင်းတွင် ကြိုးဖြင့်ဆွဲရသော ခေါင်းလောင်း၊ စက်တပ်ထားရသော ခေါင်းလောင်း၊ လက်ဖြင့်ထိုးရသော ခေါင်းလောင်း -ဟူ၍လည်း ရှိသေးသည်။ သံစုံထိုးနိုင်အောင် အသံအမျိုးမျိုးထွက်သော ခေါင်းလောင်းများ တပ်ဆင်ထားသည့်နေရာများလည်း ရှိလေသည်။

(ရှေးခေတ် မြန်မာ့ခေါင်းလောင်းများ)
ကြေးသွန်းလုပ်ငန်းသည် ပန်းတဉ်းအတတ်တွင် ပါဝင်ကြောင်းကို ပန်းတိမ်, ပန်းဘဲ, ပန်းပွတ်ဆွဲ, သွန်းမြဲပန်းတဉ်းတတ်-ဟူ၍ ဆိုထားလေသည်။
အထည်ကိုယ်ဒြပ် လေးလံကြီးမားသော ဝတ္ထုပစ္စည်းများကို သွန်းလုပ်ခြင်းသည် ပန်းတဉ်းပညာတရပ်ပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဗုဒ္ဓသာသနာ ထွန်းကားလာသော အနော်ရထာမင်းလက်ထက်မှစ၍ ကြေးခေါင်းလောင်းများကို သွန်းလုပ်လာခဲ့လေသည်။

ကျန်စစ်သားမင်းလက်ထက်တွင် ထင်ရှားသော ခေါင်းလောင်းကြီးငါးလုံးကို ကြေးစင် ၁၀၀၀-စီဖြင့် သွန်းလုပ်သည်။ ရွှေစည်းခုံဘုရားတွင် သုံးလုံး၊ အာနန္ဒာဘုရားတွင် တလုံး၊ မင်းအိုချမ်းသာဘုရားတွင် တလုံး လှူဒါန်းခဲ့လေသည်။

အလောင်းစည်သူမင်းလည်း ကြေးစင်တိုးလာချိန် တသောင်း (ပိဿာချိန် တသိန်း) စီ ရှိသော ခေါင်းလောင်းကြီး နှစ်လုံးကို ရွှေဂူဘုရားနှင့် သဗ္ဗညုဘုရားများတွင် တလုံးစီလှူဒါန်းခဲ့လေသည်။

ရှေးမြန်မာမင်းအဆက်ဆက်တို့၏ ကုသိုလ်တော်များတွင် ခေါင်းလောင်းကြီးငယ် အရွယ်ရွယ်အစားစားတို့ကို ဘုရားစေတီ ပုထိုးများတွင် လှူဒါန်းတော်မူခဲ့လေသည်။ ဥဿာပဲခူးမွန်ကျောက်စာများနှင့်တကွ ပုဂံကျောက်စာများတွင် တွေ့ရှိရခြင်းအားဖြင့် ရှေးမြန်မာမွန်ဘုရင်များသည် ခေါင်းလောင်းများကို မွန်မြတ်သော ဒါနတခုအဖြစ် လှူဒါန်းခဲ့ကြောင်း သိနိုင်လေသည်။

(ဖျက်ဆီးခြင်းခံရသော ခေါင်းလောင်း)
မွန်ဘုရင်မကြီး ရှင်စောပုကို ဆက်ခံသော ဓမ္မစေတီမင်းသည် ကြေးချိန်ပိဿာ တသိန်းရှစ်သောင်းရှိ၍ အဝ-ရှစ်တောင်၊ ဇောက် ၁၂-တောင်ရှိ ခေါင်းလောင်းကြီးနှင့်တကွ ကြေးချိန်ပိဿာ ၅၀၀-စီရှိသော ခေါင်းလောင်းငယ်တို့ကို တိဂုံဆံတော်ရှင်အား လှူဒါန်းခဲ့သည်။ ပေါ်တူဂီလူမျိုး ငဇင်ကာ သိမ်းယူဖျက်ဆီးသွားသဖြင့် ယခုအခါ မတွေ့နိုင်တော့ပေ။

(ပျောက်ဆုံးနေသော ခေါင်းလောင်း)
အမရပူရမြို့နယ် ရွှေဂွမ်းထုပ်ရပ်ကွက်၊ ဖန်ချက်အရပ်တွင် နဂါးရုံဘုရား-ကိန်းဝပ်တော်မူသည်။ ထိုနဂါးရုံဘုရားတွင် ယခင်က ခေါင်းလောင်းတလုံးရှိသည်။ ထိုဘုရားတွင်ရှိသော ခေါင်းလောင်းတော်၌ စတည်သော ဒါယကာမင်းမှအစ အဆက်ဆက်ပြုပြင်မှု များကို ခေါင်းလောင်းစာဖြင့် မှတ်တမ်းတင်ထားခဲ့သည်ဟု ဆို၏။ မသမာသူများ၏ ခိုးယူဖျက်ဆီးခဲ့မှုကြောင့် ယင်းခေါင်းလောင်းကြီး ပျောက်ဆုံးပျက်စီးသွားခဲ့သဖြင့် သမိုင်းဆိုင်ရာ အထောက်အထား အချက်အလက်များပါ ဆုံးရှုံရ လေသည်။

( မွန်မြို့စားကြီး၏ ခေါင်းလောင်း)
မွန်တို့ဌာနဖြစ်သော မုတ္တမတောင်ထိပ် ကျိုက်ဖျင်ကူစေတီတော်မှ နိုင်ငံခြားပယောဂ မကင်းသော ပြည်တွင်း သူခိုးကြီးများသည် နိုင်ငံခြားတို့ထံမှ တံစိုးကိုစား၍ ဘုရားမှခေါင်းလောင်းကြီးကို တောင်အောက်သို့ သယ်ချပြီးလျှင် မြစ်တွင်းမှ ခေါင်းလောင်းကြီးကို လှေဖြင့်သယ်ယူရန် ကြိုးပမ်းခဲ့ကြလေသည်။

သို့သော် မြစ်ကမ်းအရောက်တွင် လူအများက မြင်ကြ၍ ခေါင်းလောင်းကြီးကို သူခိုးတို့က ပစ်ပြေးကြသဖြင့် ခေါင်းလောင်းကြီး ကျန်ရစ်သည်။ ထိုခေါင်းလောင်းကြီးကို တောင်ပေါ် ကျိုက်ဖျင်စေတီတော်သို့ ပြန်လည်၍တင်ရန် ခဲယဉ်းလှသည်။ ထို့ကြောင့် မုတ္တမမြစ်ကမ်းရှိ မြသိန်းတန်စေတီတာ်-ရင်ပြင်တွင် ယခုတိုင် မြင်တွေ့နိုင်လေသည်။

ထိုခေါင်းလောင်းကြီး၏ ဒါယကာမှာ ဆင်ဖြူရှင်မင်း ခန့်ထားသော မွန်မြို့စားကြီး လဂန်ဗြိုက်ဖြစ်သည်။ မြို့စားကြီးသည် ဆရာတော်ကြီး မဟာဗိဒျာသီရိသုဒ္ဓဗိဒျာ-၏ စီမံချက်အရ သက္ကရာဇ် ၈၅၅-ခု နတ်တော်လဆုတ် ၁-ရက်၊ တနင်္ဂနွေနေ့တွင် လှူဒါန်းခဲ့သည်ဟု ဗြဟ္မာစာရီမွန်ဗိုလ်ကေ၏ မှတ်တမ်းအရ သိရှိရလေသည်။

(စဥ့်ကူးမင်း ခေါင်းလောင်း)
ရန်ကုန်မြို့ ရွှေတိဂုံဘုရားရင်ပြင်တော် ရာဟုတောင့်တွင်ရှိသည်။ ၁၇၇၈-ခုနှစ်တွင် သွန်းလုပ်ခဲ့သည်။ နှစ်ပေါင်း ၂၀၀-ကျော်ရှိခဲ့ပြီ။ ဗြိတိသျှ ကိုလိုနီတို့က သယ်ယူသွားရာတွင် ရန်ကုန်မြစ်တွင်းသို့ ကျသည်။ ၁၈၂၄-ခုနှစ်တွင် မြန်မာတို့က သယ်ယူထားရသော ခေါင်းလောင်းကြီးဖြစ်လေသည်။

စဥ့်ကူးမင်းခေါင်းလောင်း၏ အလေးချိန်မှာ ၅၅၅၅-ပိဿာရှိသည်။ တန်ချိန် ၂၄-တန်ခန့်လေးသည်။ ပေါင်းကိုင်းမှ ခေါင်းလောင်းအထိ ၁၁-ပေခွဲရှည်သည်။ ကြေးသားအထုမှာ ၁-ပေထုရှိသည်။ ခေါင်းလောင်းနှုတ်ခမ်းဝမှာ ၆-ပေနှင့် ၈-လက်မ ကျယ်သည်။ ခေါင်းလောင်းစာအရ အချင်း ၅-တောင်၊ အရပ် ၇-တောင် နှစ်မိုက်၊ လုံးပတ် ၁၅-တောင်၊ အထု ၂-မိုက်နှင့် ငါးသစ်-ဟူ၍ ပြဆိုထားလေသည်။

ခေါင်းလောင်းကြီးတွင် မြန်မာဘာသာဖြင့် စာ ၁၂-ကြောင်းမျှ ခေါင်းလောင်းစာ ရေးထိုးထားသည်။ ခေါင်းလောင်းစာတွင် ဤတမ္ပကုတ္တ တောင်ထိပ်ရှိ စေတီတော်သို့ ဖူးမြော်ရန်ရောက်လာသူတို့ ကြည်ညိုသဒ္ဓါပွားစိမ့်သောငှါ ဤကမ္ဘာတွင် ရှေးဦးစွာ ပွင့်တော်မူကုန်သော ငါးမာရ်အောင်မြင် ဘုရားသခင် လေးဆူတို့၏ ပဉ္စလောဟာ ရုပ်တုတော်မြတ်လေးဆူကို စေတီတော် လေးမျက်နှာတွင် ဘုံသာရွှေကျောင်းတော်နှင့် တကွ တည်ထား ကောင်းမှုပြုထားကြောင်း ဖော်ပြထားလေသည်။

ထို့နောက်တွင် ဤသို့ သဒ္ဒဒါန ဝတ္ထုပူဇော်ရသော ကောင်းမှုကြောင့် ဒါနစသော ပါရမီကို ဖြည့်စွမ်းဆောင်ရွက်၍ ပညာဓိက သမ္မာသမ္ဗုဒ္ဓ ဂုဏ်ကျေးဇူး အထူးထူးဖြင့် သုံးဦးလူနတ် ပရိသတ်တို့အား တရားတည်းဟူသော အောင်ဆုပေး၍ ချမ်းအေးသုခ နိဗ္ဗာနသို့ တင်ပို့ရသည်ဖြစ်လိုသော ဘဝကြီးငယ် ကျင်လည်သမျှ သုဂတိဘဝ လူမင်းနတ်မင်းအဖြစ်ကိုသာရ၍ နတ်လူသတ္တဝါ ဗြဟ္မာအပေါင်းတို့သည် ချစ်ကြည်အပ်သောအရပ်၌ သာယာသဖြင့် ကျူးရင့်သော ကရဝိက်မင်းအသံကို နှစ်သိမ့်သကဲ့သို့ ကြောက်စေအပ်သောအရာနှိုက် ကုသမင်း၊ ပုဏ္ဏက၊ အာဠာဝကတို့ အသံကဲ့သို့ အလိုရှိရာအရပ်တိုင်း ကြားနံှ့သောအာဏာ၊ သာယာသောအသံနှင့် ပြည့်စုံသည်ဖြစ်လိုသော်ဝ်-ဟူ၍ စဥ့်ကူးမင်းက ဆုတောင်းထားလေသည်။

ထို့ပြင်လည်း မိမိအလိုရှိ တောင့်တသော အကျိုးကို စိတ်ကြံကာမျှနှင့် ပြည့်စုံစေသော၊ အလိုမရှိ မတောင့်တသောအကျိုးကို တရံတဆစ်မျှ မကြုံတွေ့ မမြင်မကြားရသော အရိမေတ္တေယျဘုရားရှင် ပွင့်တော်မူသောအခါ ဘုရားဗျာဒိတ်ပန်းကို ပန်ရစေသော်-စသည်ဖြင့် ဆုတောင်းထားလေသည်။

မဟာဃဏ္ဍခေါင်းလောင်းကြီးကို လှူဒါန်းရသော အကျိုးကို မယ်တော် ခမည်းတော် ဆင်ဖြူရှင် ဘိုးတော် အလောင်းမင်း တရားကြီးနှင့် ဘွားတော်တို့နှင့်တကွ သားတော် သမီးတော် ဆွေမျိုးမှူးမတ်တို့ အမျှပေးထားသည်။ ထို့နောက် တမ္ပကုတ္တတောင်တော် ပတ်ဝန်းကျင် ဆံတော်ရှင်စေတီတော်အား စောင့်ရှောက်သော နတ်တို့နှင့်တကွ အာကာသစိုး၊ ဘုမ္မစိုး နတ်များနှင့်တကွ သတ္တဝါအားလုံးတို့အား ကုသိုလ်ကောင်းမှု ရစေသတည်း-ဟူ၍ အမျှဝေဆုတောင်းစာ ရေးထိုးထားသည်။ ခေါင်းလောင်းကြီး၏ ပေါင်းကိုင်းတွင် နယားရုပ်များကို သရုပ်ဖော်ထားလေသည်။

( သာယာဝတီမင်း ခေါင်းလောင်း)
ရန်ကုန်မြို့ ရွှေတိဂုံရင်ပြင်တော် တနင်္ဂနွေထောင့်တွင် တည်ရှိသည်။ ၁၈၄၁-ခုနှစ်တွင် သွန်းလုပ်တော်မူသည်။ သာယာဝတီမင်း၏ မဟာတိသဒ္ဒဃဏ္ဍ ခေါင်းလောင်းကြီး၏ အတိုင်းအတာမှာ ခေါင်းလောင်းသက်သက် ၇-ပေအမြင့်ရှိသည်။ အဝအကျယ် ၆-ပေ၊ ၈-လက်မရှိသည်။ နှုတ်ခမ်းသား ၁-ပေထု ရှိလေသည်။
မြန်မာအတိုင်းအတာမှာ ခေါင်းလောင်းရပ် ၉-တောင် ၁-မိုက် ၃-သစ်၊ အချင်း ၅-တောင်၊ လုံးပတ် ၁၅-တောင်၊ ထု ၂-မိုက် လက် ၄-သစ်ဖြစ်သည်။ အလေးချိန်မှာ ပိဿာ ၂၆၀၀၀ ဖြစ်သည်။ တန်ချိန် ၄၂-တန်ခန့်ရှိသည်။ ခေါင်းလောင်းကြီးအထက်ချိတ် နေရာတွင် မနုဿီဟရုပ်များ ဖော်ထားလေသည်။

သာယာဝတီမင်း ခေါင်းလောင်းကြီး၏ ခေါင်းလောင်းစာပါရှိသည်။ ခေါင်းလောင်းစာတွင် ဦးစွာပထမ ဂေါတမမြတ်စွာဘုရား၏ ဖြစ်တော်စဉ်ကို သုမေဓာရသေ့ဘဝမှ စတင်ပြဆိုပြီးနောက် သိဒ္ဓတ္ထမင်းသားဘဝတွင် တောထွက်၍ သစ္စာလေးပါး မြတ်တရားကို အောင်မြင်ပြီး ဝါတော် ၄၅-ဝါအရ၌ ပရိနိဗ္ဗာန်ပြုခဲ့ပုံ။ ဘုရားရှင်သာသနာ ၂၃၈၉-ခုနှစ် (ခရစ်နှစ် ၁၈၃၇) တွင် သာယာဝတီမင်း ထီးနန်ဆက်ခံ၍ တရားနှင့်အညီ မင်းပြုကြောင်းသာသနာတော်ကို ချီးမြှောက်ကြောင်း၊ လယ်ယာကိုင်းကျွန်းမှ ရသောငွေဖြင့် ပရိယတ္တိ၊ ပဋိပတ္တိ စာပေတို့ကို ချီးမြှောက်ကြောင်း၊ ယိုးဒယား သီဟိုဠ်တို့မှ ရဟန်းသံဃာတို့ကို လှူဒါန်းဆည်းကပ်ကြောင်း၊ ရွှေတိဂုံဘုရားကြီးကို ရွှေသင်္ကန်းကပ်လှူပြီးလျှင် ခေါင်းလောင်းကြီး သွန်းလုပ်လှူဒါန်းကြောင်း၊ ထီးဖြူနှင့် ကြာပန်းအိုးများကို လှူကြောင်း၊ ဤကောင်းမှုကြောင့် လူနတ်ဗြဟ္မာတို့ကို ကယ်မနိုင်သော ဘုရားအဖြစ်ကို ဆုတောင်းကြောင်း၊ မိမိပြုလုပ်သော ကုသိုလ်အဖို့ကိုလည်း ဆွေမျိုးမိတ်သင်္ဂဟ၊ ဆရာသမား၊ သမ္မာဒေ၀နတ်များနှင့် အနန္တစကြာဝဠာတွင်းရှိ သတ္တဝါတို့အား ပေးဝေကြောင်း ဖော်ပြပါရှိလေသည်။

( ကမ္ဘာသိ မြန်မာ့ခေါင်းလောင်းကြီး)
စစ်ကိုင်းမြို့၏ အရှေ့မြောက် ၁၆-မိုင်ခန့်အကွာ တည်ရှိသည်။ မန္တလေးမြို့၏တဖက်ကမ်း မြောက်ဘက် ၇-မိုင်ခန့် သမ္ဗန်ဖြင့် ဆန်တက်လျှင် မင်းကွန်းသို့ ရောက်လေသည်။
အံ့ချီးဖွယ်ရာဖြစ်သော မင်းကွန်းခေါင်းလောင်းတော်ကြီးကို မြန်မာသက္ကရာဇ် ၁၁၇၀-ပြည့်နှစ် ကဆုန်လဆန်း ၅-ရက်(ခရစ်နှစ် ၁၇၉၀-ပြည့်နှစ်) ဘိုးတော်ဘုရားလက်ထက် ပန်းတဉ်းဝန်နန္ဒကျော်ထင်နှင့် ကြေးသွန်းအမှုထမ်းများ၏ စွမ်းအားဖြင့် မင်းကွန်းစေတီတော်ကြီးအနီးတွင် သွန်းလုပ်လေသည်။

ထိုမင်းကွန်းခေါင်းလောင်းကြီးကို ကြေးညိုနှင့် သွန်းလုပ်သည်။ ရွှေစ၊ ငွေစများကို ခေါင်းလောင်းကြီး၏ ကြေးသားထဲတွင် မြှုပ်ထား သည်။ ကြေးချိန်ပိဿာပေါင်း (၅၅၅၅၅) ထည့်သွင်းရသည်။ ထိုဂဏန်းကို လွယ်ကူစွာမှတ်သားနိုင်ရန် (မင်းဖြူမှန်မှန်ပြော) ဟူသော ဆောင်ပုဒ်တခုကို တီထွင်ခဲ့လေသည်။
ထိုခေါင်းလောင်းကြီးကို သတ္တုပြားဖုံးထားသော သုံးချောင်းပူးရက်မကြီး၌ ဆွဲထားသည်။ ထိုရက်မကြီးသည် ကျွန်းတိုင်ကြီးများကို ငုံ၍ဆောက်ထားသော အုတ်တိုင်နှစ်ခုပေါ်တွင် တင်ရှိထားလေသည်။

ခေါင်းလောင်းကြီးမှာ မလွဲနိုင်တော့ပေ။ ခေါင်းလောင်းကြီးကို ထောက်ထားသည့်တိုင်ကြီးများ မြေငလျင်၏ဒဏ်ကြောင့် ပျက်စီးယိုယွင်းနေသည်။ ခေါင်းလောင်းကြီးအောက်သို့ ပြုတ်၍မကျစေရန် သစ်သားတုံးကြီးများဖြင့် ထောက်ပေးထားရလေသည်။
၁၈၃၈-ခုနှစ် မြေငလျင်ကြောင့် ခေါင်းလောင်းကြီး မြေသို့ကျခဲ့သည်။ အနည်းငယ် နေရာရွေ့ကာ ကြေး ၅-ပိဿာခန့် ပဲ့သွားသည်။ ၁၉၀၄-ခုနှစ်တွင် ဧရာဝတီသင်္ဘောကုမ္ပဏီမှ စကော့တလန်လူမျိုး အရာရှိတဦးက မူလသစ်သားရက်မကို သံရက်မနှင့် ပြောင်းလဲတပ်ဆင်ပေးခဲ့လေသည်။

မင်းကွန်းခေါင်းလောင်းကြီး၏ အတိုင်းအတာမှာ အဝအချင်း ၃၁-တောင် ၄-သစ်၊ လုံးပတ် ၃၃-တောင် ၁-မိုက် ၄-သစ်၊ ဇောက် ၁၃-တောင် ၄-သစ်ဖြစ်လေသည်။
ယခုအတိုင်းအတာများနှင့် ရေတွက်သော် အဝအချင်း ၁၆-ပေ ၃-လက်မ၊ လုံးပတ် ၅၀-ပေ ၃-ပိုင်းတပိုင်း လက်မ၊ ဇောက် ၂၀-ပေ ၃-လက်မ၊ အမြင့် ၁၂-ပေ၊ အထူ ၆-လက်မမှ ၁၂-လက်မ ဖြစ်လေသည်။
အလေးချိန် ကြေးအချိန်ပိဿာ ၅၅၅၅၅-ဖြစ်သည်။ ထိုပိဿာချိန်ကို တန်ချိန်ဖွဲ့လျှင် ၉၀-ဒသမ ၅၂-တန် ရလေသည်။

ယခုအခါတွင်မင်းကွန်းခေါင်းလောင်းကြီးကို ရှေးဟောင်းသုတေသနဌာနမှ ထိန်းသိမ်းစောင့်ရှောက်ထားသဖြင့် အမိုးပြာသာဒ် သုံးဆင့် တိုင်ပေါင်း (၁၆)တိုင်ရှိ ဘုံဗိမာန်အတွင်းဝယ် ထိုက်တန်စွာ ချိတ်ဆွဲထားရှိသည်။ ကုသိုလ်ရှင်တိုင်း ခေါင်းလောင်းထိုး၍ အမျှဝေနိုင်လေသည်။
မင်းကွန်းခေါင်းလောင်းကြီးသည် မြန်မာနိုင်ငံတွင် အကြီးဆုံးသော ခေါင်းလောင်းကြီးဖြစ်ရုံသာမက ယခုအခါ ကမ္ဘာတွင် အကြီးဆုံးသောခေါင်းလောင်းကြီး ဖြစ်လေသည်။

( သမိုင်းဝင် မြန်မာခေါင်းလောင်းများ)
မြန်မာ့ကြေးခေါင်းလောင်းကြီးများနှင့် စပ်လျဉ်း၍ ရာဇဝင်သမိုင်းတွင် ထင်ရှားသော မြန်မာမင်းဧကရာဇ်တို့၏ ခေါင်းလောင်းများမှာ များစွာပင်ရှိပါသေးသည်။ မြန်မာနိုင်ငံတွင် ပြည်တော်ပြန် ခေါင်းလောင်းများရှိသကဲ့သို့ ပြည်တော်မှပါသွားသော ခေါင်းလောင်းများလည်း များစွာပင်ရှိသေးသည်။ ဒုတိကမ္ဘာစစ်အတွင်းက ဂျပန်များသည် ခေါင်းလောင်းများကို စစ်သုံးလက်နက်များ ပြုလုပ်ကြလေသည်။

(အသံမြည်သာ ခေါင်းလောင်း)
မြန်မာ့ကြေးသွန်း (ပန်းတဉ်း) ပညာဖြင့် ပြုလုပ်ထားသော ခေါင်းလောင်းများသည် ထူးထူးခြားခြား ကျော်ကြားခဲ့သည်။ မြန်မာ့ခေါင်းလောင်းမှာ ကမ္ဘာကျော်ကြားသည်။ နိုင်ငံတကာမှ နှစ်သက်မြတ်နိုးကြလေသည်။
မြန်မာ့ခေါင်းလောင်း၏ ထူးခြားသော ဝိသေသလက္ခဏာမှာ ပုံသဏ္ဍာန် လှပတင့်တယ်သည်။ အသံမြည်ဟည်းသည်။ အသံသာယာနာပျော်ဖွယ်ရှိသည်။ ကြေးကိုသွန်းစပ်ရာ၌ မြန်မာတို့စပ်နည်းမှာ ပဉ္စလောဟာ-စပ်နည်း ဖြစ်သည်။ ပဉ္စလောဟာမှာ ရွှေ၊ ငွေ၊ ကြေးနီ၊ သံ၊ ခဲ-ဟူသော ငါးမျိုးဖြစ်သည်။ စပ်ဟပ်ရာတွင် အချိန်အတွက် တိကျမှုပညာ လိုအပ်လေသည်။

( ခေါင်းလောင်းနှင့် မြန်မာလူမျိုး)
ခေါင်းလောင်းကို မြန်မာ၊ အင်္ဂလိပ်၊ အမေရိကန်၊ အိန္ဒိယ၊ ရောမ၊ အီဂျစ်၊ တရုတ်စသည်ဖြင့် ကမ္ဘာပေါ်ရှိ တိုင်းပြည်အသီးသီးမှ လူမျိုးအများအပြား အသုံးပြုကြလေသည်။
ကမ္ဘာပေါ်ရှိ လူမျိုးများနှင့် နှိုင်းစာကြည့်လျှင် မြန်မာလူမျိုးသည် ခေါင်းလောင်းကို အများဆုံးအသုံးပြုသည်။ မွန်မွန်မြတ်မြတ်ဖြစ်သော အရာဝတ္ထုပစ္စည်းတရပ်အနေနှင့်လည်း ယုံကြည်ယူဆထားကြလေသည်။

မြန်မာနိုင်ငံအရပ်ရပ်ရှိ ဘုရား၊ စေတီ၊ ပုထိုး၊ တန်ဆောင်း၊ ကျောင်းဇရပ်၊ တံခွန်တိုင်၊ ငှက်မြတ်နား စသော အထွတ်အမြတ် နေရာတို့တွင် ချိတ်ဆွဲလှူဒါန်းထားရှိသည်ကိုလည်း တွေ့ရှိနိုင်လေသည်။

(ခေါင်းလောင်းအလှူဒါယကာ)
ရှေးခေတ်အခါက ခေါင်းလောင်းကြီးများ၏ အလှူဒါယကာတို့မှာ ဘုရင်မင်းအစရှိသော ရာထူးရာခံပုဂ္ဂိုလ်ကြီးများ၊ သူဌေးသူကြွယ်များ၊ ရဟန်းသံဃာများသာလျှင် ဖြစ်လေသည်။
ခေါင်းလောင်းအလှူသည် ဘုရား၊ စေတီ၊ ပုထိုး အလှူများကဲ့သို့ သားစဉ်မြေးဆက် မျိုးရိုးအဆက်ဆက်တိုင်အောင် မပျောက်မပျက် တည်တံ့သော အလှူကြီးမျိုးဖြစ်သည်။ အလှူရှင်၏ ဂုဏ်သိန်စေတနာမှာ ကမ္ဘာတည်ရစ်စေသည်ဟုလည်း ယုံကြည်ကြလေသည်။

ထို့ကြောင့်ပင် ခေါင်းလောင်းများကို ပဏိတဒါနအဖြစ် လှူဒါန်းကြသောအခါ ခေါင်းလောင်းစာဖြင့် ဒါယကာ ဒါယိကာမတို့၏ အမည်နာမနှင့် သွန်းလုပ်သော ခုနှစ် ကာလတို့ကို ကမ္ပည်းရေးထိုး လှူဒါန်းလေ့ရှိလေသည်။
ထူးထူးခြားခြား မော်လမြိုင်ကျိုက်သလ္လံတောင်၊ ကျိုက်သလ္လံဘုရား၌ ကျိုက်သလ္လံခေါင်းလောင်းကြီး၏ ထူးခြားချက်မှာ မြန်မာနိုင်ငံတွင် ကျိုက်သလ္လံခေါင်းလောင်းတလုံးသာလျှင် အင်္ဂလိပ်စာနှင့် ကမ္ပည်းထိုးထားလျက်ရှိလေသည်။

အင်္ဂလိပ်စာ၏ အထက်နား၌ ပါဠိဘာသာဖြင့်လည်း ခေါင်းလောင်းစာပါရှိလေရာ ထိုဘာသာနှစ်ရပ်၏ လိုရင်းအဓိပ္ပါယ်မှာ (ကုနံလင်္ဂ အမည်ရသော ရဟန်း၊ ငါသည် ဤခေါင်းလောင်းကြီးကို ကြေးချိန်ပိဿာ ၆၀၀-(ခြောက်ရာ)ဖြင့် သွန်းလုပ်ခဲ့သတည်း။ ဤခေါင်းလောင်းကြီးကို ဖျက်ဆီးသောသူသည် မဟာအဝီစိငရဲမှ မလွတ်ပါစေသတည်း) ဟူ၍ ဖြစ်လေသည်။

(ခေါင်းလောင်းထိုး၍ အမျှဝေသည်)
ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် ခေါင်းလောင်းလှူဒါန်းသော အကျိုးတရားကို မြတ်နိုးကြခြင်းမှာ ခေါင်းလောင်းသံ-၏ အကျိုးအာနိသင်ကို ကောင်းစွာသိရှိထားခြင်းကြောင့် ဖြစ်လေသည်။
ကျောင်းကန်ဘုရားများတွင် ထားရှိသော ခေါင်းလောင်းတို့မှ မြည်ဟည်းသံကို ကြားသိကြသော ဗုဒ္ဓဘာသာဝင်တို့သည် ကြားသိလိုက်ရသည့် တဒင်္ဂအချိန်လေး၌ပင် ရုတ်ချည်း ဘာသာရေးကို စိတ်ညွတ်လာတတ်လေသည်။

ခေါင်းလောင်းထိုးသံကြောင့် မကောင်းမှု ညစ်ညူးသောစိတ်ဓာတ်များ လွင့်စဉ်သွားတတ်သည်။ ကောင်းမှု ကြည်လင်ချမ်းမြေ့သော စိတ်နှလုံးကိုပွားများ ပေါ်ပေါက်စေသည်။
ခေါင်းလောင်းသံဖြစ်ပေါ်လာအောင် ခေါင်းလောင်းထိုးသူတို့သည် မိမိတို့လှူဒါန်းမှုများ ပြုလုပ်ပြီးစီး၍ ထိုကောင်းမှုကုသိုလ် တရားကို သတ္တဝါအများအား မိမိနည်းတူ ကုသိုလ်ရကြစေလိုသောဆန္ဒ ပုဂ္ဂလိကကုသိုလ်ကို အများကုသိုလ်အဖြစ် မေတ္တာစစ် စေတနာဖြင့် ဖြန့်ဝေလိုက်ခြင်းပင်ဖြစ်လေသည်။

လေနှင့်အတူလွင်ပါလာသော ခေါင်းလောင်းသံသည် နားထဲသို့စိမ့်ဝင်သွားသည့်အခါ အိမ်မှုကိစ္စအဝဝတို့ဖြင့် မအားလပ်သော အိမ်ရှင်မတဦးပင်လျှင် ဘဝင်ခိုက်အောင် သဒ္ဓါစိတ်များပေါ်ပေါက်လာပြီးနောက် သာဓု သာဓု သာဓု သုံးကြိမ်ဖွင့်ထုတ် ခေါ်ဆိုမိတတ်လေသည်။

ထိုမျှအရေးပါ အရာရောက်သော ဗုဒ္ဓသာသနိက ဝတ္ထုပစ္စည်းတရပ်ဖြစ်သည့် ခေါင်းလောင်းကို ဗုဒ္ဓဘာသာဝင်မှန်လျှင် အဘယ်မှာမနှစ်သက်ဘဲ ရှိနိုင်အံ့နည်း။ ရှေးအထက်ကျော်ကာရီမှ မျက်မှောက်ခေတ်ကာလတိုင် ခေါင်းလောင်းထိုး၍ အမျှဝေခြင်း-သည် မြန်မာလူမျိုးတို့၏ ကောင်းမြတ်သော ဗုဒ္ဓဘာသာယဉ်ကျေးမှု အစဉ်အလာကောင်းတရပ်ပင် ဖြစ်ပေသတည်း။

အားလုံးသတ္တဝါတွေ ချမ်းသာပါစေ။
သုတေသီ မြင့်ထွန်း

(မြဝတီမဂ္ဂဇင်း ၂၀၀၂-ကြဂုတ်လ)

ကောင်းကျိုးလိုအင်ဆန္ဒ ပြည့်စေမည့် ပဋ္ဌာန်းနှင့် ဂုဏ်တော်ကိုးပါး

(က) ပုတီးကျင့်စဉ် ဆောင်ရွက်နေစဉ် လိုက်နာရမည့်အချက်-
ငါးပါးသီလ လုံခြုံအောင် စောင့်ထိန်းပြီး နေ့စဉ် ရက်မကျော်စေဘဲ အချိန်မှန်၊ နေရာမှန်စွာဖြင့် ဘုရားဂုဏ်တော်ကိုးပါးအတွက် (၉)ရက် ဆက်တိုက် ကျင့်ဆောင်ရပါမည်။

(ခ) ပုတီးမစိပ်မီ ပြင်ဆင်ခြင်း-
မိမိအိမ်ရှိ ဘုရားဆင်းတုတော်အား ရေသပ္ပာယ်လိုက်ပြီး သံလင်ပန်းတချပ်၏ အလယ်တွင် ဆင်းတုတော်အား စံပယ်တော်မူစေပြီး ဘေးပတ်လည်မှ မိမိကြိုက်နှစ်သက်ရာ အရွယ်အစားတူ အလင်းတိုင် (၂၄)တိုင်အား ပဋ္ဌာန်းဒေသနာတော် (၂၄)ပစ္စည်းအတွက် ရည်စူးပြီး ဆီမီးပူဇော်ရပါမည်။

(ဂ) ပုတီးစိပ်ကျင့်စဉ် ဆောင်ရွက်ခြင်း-
၁၀၈-လုံးပါ ပုတီးဖြင့် ကျင့်စဉ်ဝင်ရောက်ရပါမည်။
(၁) ဟောတု ပစ္စယော-(ပုတီးတလုံးချ)
(၂) အာရမ္မဏ ပစ္စယော-(ပုတီးတလုံးချ)
(၃) အဓိပတိ ပစ္စယော-(ပုတီးတလုံးချ)
(၄) အနန္တရ ပစ္စယော-(ပုတီးတလုံးချ)
(၅) သမနန္တရ ပစ္စယော-(ပုတီးတလုံးချ)
(၆) သဟဇာတ ပစ္စယော-(ပုတီးတလုံးချ)
(၇) အညမည ပစ္စယော-(ပုတီးတလုံးချ)
(၈) နိဿယ ပစ္စယော-(ပုတီးတလုံးချ)
(၉) ဥပနိဿယ ပစ္စယော-(ပုတီးတလုံးချ)
(၁၀) ပုရေဇာတ ပစ္စယော-(ပုတီးတလုံးချ)
(၁၁) ပစ္ဆာဇာတ ပစ္စယော-(ပုတီးတလုံးချ)
(၁၂) အာသေ၀န ပစ္စယော-(ပုတီးတလုံးချ)
(၁၃) ကမ္မ ပစ္စယော-(ပုတီးတလုံးချ)
(၁၄) ၀ိပါက ပစ္စယော-(ပုတီးတလုံးချ)
(၁၅) အာဟာရ ပစ္စယော-(ပုတီးတလုံးချ)
(၁၆) ဣန္ဒြိယ ပစ္စယော-(ပုတီးတလုံးချ)
(၁၇) ဈာန ပစ္စယော-(ပုတီးတလုံးချ)
(၁၈) မဂ္ဂ ပစ္စယော-(ပုတီးတလုံးချ)
(၁၉) သမ္ပယုတ္တ ပစ္စယော-(ပုတီးတလုံးချ)
(၂၀) ၀ိပ္ပယုတ္တ ပစ္စယော-(ပုတီးတလုံးချ)
(၂၁) အတ္ထိ ပစ္စယော-(ပုတီးတလုံးချ)
(၂၂) နတ္ထိ ပစ္စယော-(ပုတီးတလုံးချ)
(၂၃) ၀ိဂတ ပစ္စယော-(ပုတီးတလုံးချ)
(၂၄) အ၀ိဂတ ပစ္စယော-(ပုတီးတလုံးချ)
(က) သော ဘဂ၀ါ ဣတိပိ အရဟံ-(ပုတီးတလုံးချ)
(ခ) သော ဘဂ၀ါ ဣတိပိ အရဟံ-(ပုတီးတလုံးချ)
(ဂ) သော ဘဂ၀ါ ဣတိပိ အရဟံ-(ပုတီးတလုံးချ)

ဆက်လက်ပြီး ပဋ္ဌာန်းဒေသနာတော် အစမှအဆုံးတိုင် ပြန်လည်ပြီး ဒေသနာတမျိုး ပုတီးတလုံးချဖြင့် ဆက်စိပ်ရပါမည်။
ပဋ္ဌာန်းဒေသနာတော် (၄)ခေါက် ရွတ်ဆို ပုတီးစိပ်ပြီးပါက ၂၄ x ၄ = ၉၆ ( ပုတီးစေ့ပေါင်း )
သော ဘဂ၀ါ ဣတိပိ အရဟံ အတွက် (၄) ခေါက်ရွတ်ဆို ပုတီးစိပ်ပြီးပါက ၃ x ၄ = ၁၂ (ပုတီးစေ့ပေါင်း)
စုစုပေါင်း (၁၀၈) လုံး တပတ် ရရှိပါမည်။
ဤကဲ့သို့ပင် ပထမနေ့တွင် အစဦးဆုံး ဂုဏ်တော် အရဟံ အတွက် ပုတီး (၉) ပတ် စိပ်ရပါမည်။
ဆက်လက်ပြီး နောက်ရက်များတွင် သော ဘဂ၀ါ ဣတိပိ အရဟံ-နေရာများတွင်
သော ဘဂ၀ါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ၊
သော ဘဂ၀ါ ဣတိပိ ၀ိဇ္ဇာစရဏ သမ္ပန္နော၊
သော ဘဂ၀ါ ဣတိပိ သုဂတော၊
သော ဘဂ၀ါ ဣတိပိ လောက၀ိဒူ၊
သော ဘဂ၀ါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ၊
သော ဘဂ၀ါ ဣတိပိ သတ္ထာ ဒေ၀မနုဿာနံ၊
သော ဘဂ၀ါ ဣတိပိ ဗုဒ္ဓေါ၊
သော ဘဂ၀ါ ဣတိပိ ဘဂ၀ါ၊
ဟူ၍ ဂုဏ်တော်တမျိုးလျှင် ပုတီး (၉)ပတ်နှုန်းဖြင့် ဆက်တိုက် (၉)ရက် ကျင့်ဆောင်ရပါမည်။ ကျင့်ကြံအားထုတ်မှုအပေါ် မူတည်၍ ကျင့်ကြံအားကောင်းလျှင် ကောင်းသလို အကျိုးပေးခံစားရမည် ဖြစ်ပါသည်။

ကောင်းကျိုးလိုအင်ဆန္ဒ ပြည့်ဝကြပါစေ။
( ပိုရှယ်မေ-အင်ငါးခွ သကြားစက်)
( နက္ခတ္တရောင်ခြည် ၂၀၀၉-ဖေဖော်ဝါရီလ)

မှတ်ချက်။ လိုတိုရှင်း ဖော်ပြလိုက်ပါသည်။ မော်လူး

Wednesday, 25 June 2014

အနာဂတ်သာသနာရေး အပိုင်း(၁၀၀) ဒုတိယသင်္ဂါယနာတင်ခန်း



ဒုတိယသင်္ဂါယနာတင်ခန်း
အရှင်မဟာယသ
လောက၌ ရှိကြသော အရာဝတ္ထုတို့တွင် အကောင်းဟူသမျှတို့သည် မကြာခဏ ပြုပြင်ပေးသူရှိမှသာ အကောင်းဘ၀၌ အတော်ကြာကြာ နေနိုင်၏၊ ပြုပြင်ပေးမည့်သူများ မရှိလျှင် (သို့မဟုတ်) ပြုပြင်လိုကြသူများ အားနည်းနေလျှင် မကောင်းသော အတုအပတွေ ပေါ်ပေါက်လာ ကြမြဲ ဖြစ်လေရာ ကောင်းသော အရာဝတ္ထုတို့သည် တိမ်မြုပ် ပျောက်ကွယ်သွားတတ်လေ၏၊ ဥပမာ…မိမိ ၀တ်နေကျ ဖြူစင် သန့်ရှင်းသော အ၀တ်သည်ပင် မကြာခဏ ဖွပ်လျှော်မပေးပါမူ ဟောင်းနွမ်းသဖြင့် ပွဲလမ်းမ၀င်နိုင်တော့သကဲ့သို့တည်း။
          ထို့ကြောင့် စင်ကြယ်သော ဗုဒ္ဓသာသနာတော်ကို အရှင်မဟာ ကဿပစသော အရှင်တို့သည် အညစ်အကြေး အနည်းငယ်ဖြစ်စက ဖွပ်လျှော်ပေးခဲ့ကြသော်လည်း အနှစ်တစ်ရာလောက် ကြာသောအခါ ဝေသာလီပြည် ၀ဇ္ဇီတိုင်းသား ရဟန်းများကြောင့် ဆယ်ပါးသော အပြစ် အညစ်အပေ တွေ့ရပြန်သည်၊  ထိုဆယ်ပါးတွင် လူအများ နားလည်နိုင်လောက်သော အပြစ်ကား “ကပ္ပတိ ဇာတရူပရဇတံ-ရဟန်းတော်များအား ရွှေ ငွေ အပ်၏”ဟူသော အယူဝါဒတည်း၊ ကာကဏ္ဍကဗြာဟ္မဏ၏ သားတော်ဖြစ်သော ရဟန္တာ အရှင်ယသသည် ဒေသစာရီ လှည့်လည်တော်မူရင်း ထိုဝဇ္ဇီရဟန်းတို့၏ သတင်းကို ကြားတော်မူလေသော်“ဗုဒ္ဓသာသနာတော် ပျက်စီးနေကြောင်းကို ကြားရပါလျက် ကြောင့်ကြမစိုက်ဘဲ နေလို့မလျော်ချေ၊ ယခုပင် ငါ သွား၍ အဓမ္မ၀ါဒီများကို နှိမ်နင်းကာ ဓမ္မအစစ်အမှန်ကို ပြမည်” ဤသို့ ကြံတော်မူကာ အာဇာနည်ဆင်မြတ်ရတနာသည် ရန်သူ ရှိရာကို မရှောင်ကွင်းဘဲ အတင်းချင်းနင်းသကဲ့သို့ အဓမ္မ၀ါဒီအသင်း တို့၏ စစ်တလင်းဟု ဆိုထိုက်ရာ ဝေသာလီပြည်သို့သာလျှင် တစ်ပါး တည်း ကြွ၍ ကူဋာဂါရသာလာ၌ သီတင်းသုံးပါသည်။
ဥပုသ်နေ့၌ ဖြစ်ပုံ
ဝဇ္ဇီရဟန်းတို့သည် ဥပုသ်နေ့၌ ခွက်ထဲ၌ ရေအပြည့် ထည့်၍ သံဃာ့အလယ် ချပြီးလျှင် လာလာသမျှ ဥပုသ်သည်တို့ကို “ဒကာတို့ တစ်ကျပ်ဖြစ်စေ, ငါးမူး ဖြစ်စေ, တစ်မတ်ဖြစ်စေ, တစ်ပဲဖြစ်စေ တတ်နိုင်သမျှ ကုသိုလ်ပါဝင် ကြပါ၊ ဒီငွေနဲ့ အသုံးအဆောင် ပရိက္ခရာများကို ၀ယ်ရပါလိမ့်မည်”ဟု ပြော၍ အလှူခံကြလေရာ အရှင်ယသသည် ထို ငွေအလှူခံမှုကို မအပ်ကြောင်း အလှူမခံထိုက်ကြောင်း ကန့်ကွက်ပါသော်လည်း ဥပုသ်သည်တို့ကမူ ထုံးစံဖြစ်နေသောကြောင့် ထိုခွက်၌ တတ်အား သမျှ ထည့်ကြလေတော့သည်၊ ထိုသို့ အလှူခံပြီးနောက် ရသမျှကို ခွဲဝေကြသောအခါ အရှင်ယသအတွက်လည်း တစ်ပုံထား၍ အရှင် ယသအား “ဒီငွေဟာ အရှင်ဘုရားဖို့ပဲ” ဟု ပြောလေသော်… “တပည့်တော် ငွေမရှိပါ၊ ငွေကို တပည့်တော် မသာယာပါ”ဟု ငြင်းပယ်လေသည်၊ ထိုအခါ ၀ဇ္ဇီရဟန်းတို့ စည်းဝေးကြ၍ “ငါ့ရှင်တို့ ယသမထေရ်ဟာ သဒ္ဓါတရားရှိသော ဒကာတို့ကို သဒ္ဓါတရား ပျက်အောင် ပြုတယ်၊ ယခု ယသကို ပဋိသာရဏီယကံ ပြုကြစို့”ဟု တိုင်ပင်ကြပြီးလျှင် အရှင်ယသမထေရ်ကို ကံပြုကြလေတော့သည်။
မှတ်ချက်။                “ရေများ ရေနိုင်, မီးများ မီးနိုင်”  ဆိုသည့်အတိုင်း ဓမ္မ၀ါဒီ လဇ္ဇီသူတော်စင်ဖြစ်သော ရဟန္တာအရှင်မြတ် ကိုပင် အဓမ္မ၀ါဒီ အလဇ္ဇီတွေက အများ၏အားဖြင့် ဖိလိုက်ကြခြင်း ပင်တည်း၊ “ပဋိသာရဏီယကံ”ဆိုသည်မှာ ထိုပုဂ္ဂိုလ်က ပြောလိုက် သော ဒကာများကို ပြန်၍ မိမိအပြောမှားကြောင်း တောင်းပန် ရသောကံတည်း၊ ထိုကံမျိုး အပြုခံရသူသည် ဒကာများထံတွင် တောင်းပန်ရ၏၊ ထိုသို့ တောင်းပန်ရာ၌ ဒကာများက မကျေမနပ် ဖြစ်နေသေးလျှင် ကူညီ၍ တောင်းပန်ပေးဖို့ရာ အဖော်တစ်ပါးကို လည်း ပေးရသည်၊ ထို့ကြောင့် အရှင်ယသသည် သူတို့၏ ကံပြုခြင်း ကို သဘောကျ၏၊ ဘာ့ကြောင့်နည်း၊ ထိုသို့ ကံပြုမှ ရှင်းလင်း ပြောပြခွင့် ရမည်ဖြစ်သောကြောင့်တည်း။
အရှင်ယသ ဒကာများထံ ကြွပုံ
အရှင်ယသသည် အဖော်ရဟန်းတစ်ပါးနှင့်အတူ ဝေသာလီမြို့သို့ ၀င်၍  ဥပါသကာများကို ပြောသည်မှာ “ဥပါသကာတို့ … ဘုန်းကြီးက မတရားမှုကို “မတရားပါ”ဟုလည်းကောင်း, ၀ိနည်းတော် နှင့် မညီသော အရာကို “၀ိနည်းတော်နှင့် မညီပါ”ဟုလည်းကောင်း ပြောဆိုသည်ကိုပင် အသင် ဒကာတို့ကို ဆဲရာရောက်၍ အကြည်ညို ပျက်အောင် လုပ်သတဲ့၊ ဒါ့ကြောင့် “ဘုန်းကြီး ပြောနေတာက မှားသလား, ဒကာတို့ ကိုယ်တော်တွေ ပြုလုပ်နေကြတာက မှားသလား” ဆိုတာ နားရှင်းအောင် ဗုဒ္ဓရှင်တော်၏ တရားကို ပြောပြမယ်။ [တရားတော်ကို အကျဉ်းပြသည်။]
          ဘိက္ခုတို့… လ, နေတို့မှာ အညစ်အကြေး လေးမျိုး ရှိ၏၊ ထို အညစ်အကြေးများနှင့် တွေ့ကြုံနေရသော လ, နေတို့သည် မထွန်း လင်းနိုင်, မတောက်ပနိုင်, မတင့်တယ်နိုင်ကုန်၊ လေးမျိုးဆိုသည်မှာ တိမ်တိုက်, ဆီးနှင်း, မြူခိုး, (ငပုပ်ဟု ခေါ်ရသော) ရာဟု၊ ဘိက္ခုတို့-ထို့အတူပင် ရဟန်းများ၌လည်း အညစ်အကြေး လေးမျိုး ရှိသည်၊ ထိုလေးမျိုးတို့ဖြင့် ညစ်နွမ်းနေသော ရဟန်းများသည် ရဟန်းအရှိန် အ၀ါ ကင်း၍ တင့်တယ်တောက်ပခြင်း မရှိနိုင်ကြ၊ လေးမျိုးဟူသည် မှာ… သေရည်အရက်သောက်ခြင်း, မေထုန်မှီဝဲခြင်း, ရွှေ ငွေ အလှူခံခြင်း, (လှူသည်ကို လက်ခံခြင်း), မိစ္ဆာဇီဝဖြင့် အသက် မွေးခြင်းတည်း။
          ဤသို့ “ငွေအလှူခံခြင်းသည် ၀ိနည်းနှင့်မညီပါ”ဟု ပြောမိသော ဘုန်းကြီးက ငွေလှူသော အသင် ဒကာတို့ကို ဆဲရေးရာရောက်သတဲ့၊ အကြည်ညို ပျက်အောင်, သဒ္ဓါတရား ပျက်အောင် လုပ်သတဲ့၊ ဒီကိစ္စနဲ့စပ်ပြီး ဗုဒ္ဓလက်ထက်တော်တုန်းက ဖြစ်ပျက်ခဲ့သော ၀တ္ထုတစ်ခုကို ပြောပြဦးမည်၊ ဗုဒ္ဓရှင်တော် ရာဇဂြိုဟ်မြို့၌ သီတင်းသုံး နေတော်မူစဉ် စကားတစ်ခု ဖြစ်သည်၊ တချို့က “ဗုဒ္ဓသာဝကဖြစ် သော ရဟန်းတော်များမှာ ရွှေ ငွေကို သာယာ နှစ်သက်ကြတယ်၊ ရွှေ ငွေကို အလှူခံကြတယ်”ဟု ပြောတယ်၊ ထိုအခါ “မဏိစူဠက” အမည်ရှိသော စစ်သူကြီးက “ဒီလို မပြောကြပါနဲ့၊ ရဟန်းတော် များမှာ ရွှေ ငွေ မအပ်ပါ၊ ရွှေ ငွေကို မသာယာကြပါ၊ အလှူမခံကြပါ” ဟု ကန့်ကွက်တယ်၊ ထိုအစည်းအဝေး ပြီးပြီးနောက် ထိုစစ်သူကြီး သည် ဗုဒ္ဓအထံတော်သို့ လာ၍ မိမိ ပြောအပ်ခဲ့သော စကား၏ အမှားအမှန်ကို လျှောက်ထားသောအခါ “ပြောခဲ့တာတွေ အားလုံး မှန်ကြောင်း” မိန့်တော်မူပြီးလျှင်…
          “ရွှေ ငွေ အပ်စပ်သူမှာ ကာမဂုဏ်ငါးပါးလုံး အပ်စပ်၏၊ “ရွှေငွေ အပ်တယ်ဆိုတဲ့ တရားကို ရဟန်းတရား မဟုတ်ဘူး”လို့မှတ်၊ ရွှေငွေ ကိုတောင် ကိုယ်ပိုင် ခံယူသုံးစွဲ သိမ်းဆည်းထားကောင်းလျှင် မိန်းမ လည်း ယူကောင်းမှာပဲ”ဟု မိန့်တော်မူလို၏၊ (ရွှေငွေ အလှူမခံရ ပေမယ့် နေသာထိုင်သာရှိအောင်) “ကျောင်းမိုးဖို့ သက်ငယ်မြက် လိုလျှင် ထိုမြက်ကိုတော့ အိမ်အနီးအပါးသွား၍ ဆွမ်းရပ်သလို ရပ်ပြီး အလှူခံကောင်းပါရဲ့၊ သစ်သား လိုလျှင် သစ်သားတိုက်ဖို့၊ လှည်းလိုလျှင်, လုပ်ကိုင်ပေးမည့် ယောက်ျားလိုလျှင် သွား၍ ရပ်ကာ (ဘာအလိုရှိပါသလဲဘုရား-မေးလျှင်) မိမိအလိုရှိတာကို ပြောကောင်း ပါရဲ့”ဟု ငါဘုရား ဟောပါသည်၊ “ရွှေငွေကိုကား ဘယ်နည်းနှင့်မျှ ကိုယ်ပိုင်ထားကောင်း ရှာဖွေကောင်းသည်”ဟု မဟောပါ၊ ဤသို့ မိန့်တော်မူဖူးသည်။
          ဤသို့ ဗုဒ္ဓတရားတော်အတိုင်း လိုက်၍ပြောလေ့ရှိသော ငါ့ ကိုပင် အသင်ဒကာတို့ ဆရာဘုန်းတော်ကြီးများက “ဒကာတို့ကို ဆဲတယ်၊ သဒ္ဓါတရားပျက်အောင် လုပ်တယ်”လို့ ပြောနေကြတယ်ဟု အရှင်ယသက မိန့်တော်မူရာ အားလုံးဒကာတွေသည် အစစ်မှန်ကို နားလည်ကြ၍ “အရှင်မဟာယသ တစ်ပါးသာ ရဟန်းတော်အစစ် ရှိပါတော့တယ်၊ တခြား ကိုယ်တော်တွေ ရဟန်း မဟုတ်ကြတော့ပါ” ဟု ပြောဆိုကာ အရှင်ယသကို ဝေသာလီပြည်မှာ အမြဲသီတင်းသုံး ဖို့ရာ ပင့်လျှောက်ကြတော့သည်၊ သို့သော် အရှင်ယသကား ထို ကိစ္စနှင့် စပ်၍ သာသနာပြုရန် အများးအပြား ရှိနေသေးသော ကြောင့် (နေမည်-မနေဘူး) မိန့်တော်မမူဘဲ ကျောင်းသို့ ပြန်ကြွ လေသည်။
 
Credit to 

Monday, 23 June 2014

အနာဂတ်သာသနာရေး အပိုင်း(၉၉) သင်္ဂါယနာတင်ရန်ဆွေးနွေးပုံ



သင်္ဂါယနာတင်ရန်ဆွေးနွေးပုံ
ဗုဒ္ဓရှင်တော်မြတ်၏ အလောင်းတော်ကို မီးပူဇော်ပြီးလျှင် အရိုးဓာတ်တော်များကို ဝေဖန်ပြီးနောက် သံဃာ့ပရိသတ်ကြီး၏ အကြီးအကဲဖြစ်သော ပုဂ္ဂိုလ်သည် အရှင်မဟာကဿပ ပင်တည်း၊ ထိုအရှင်မြတ်သည် သံဃာ့ပရိသတ်ကြီးကို စည်းဝေးစေပြီးလျှင် ပါဝါပြည်မှ ကုသိနာရုံသို့ လာစဉ်က သုဘဒ္ဒရဟန်းကြီး၏ “ငါတို့ သည် ရဟန်းဂေါတမလက်မှ လွတ်ကြရပေပြီ” စသည်ဖြင့် နစ်နစ် နာနာ ပြောအပ်သော စကားကိုလည်း ပြောပြ၏၊ 
“ငါ့ရှင်တို့… ဗုဒ္ဓ ရှင်တော်မြတ်၏ စပ်ရာ စပ်ရာ ဟောတော်မူအပ်သော တရားတော်များသည် မသီကုံးအပ်သော ပန်းတွေကဲ့သို့ အစီအစဉ် မရှိဘဲ ဖြစ်နေသည်၊ ပန်းတွေ မကုံးဘဲ ထားလျှင် လေတိုက်ခတ်တိုင်း လွင့်ကာ မကြာခင် ကုန်ဖွယ်ရာ ရှိသကဲ့သို့ တရားတော်များကို စီကာစဉ်ကာ သဘောတူရာ ပေါင်းစု၍ မထားလျှင် အဓမ္မ၀ါဒီ အလဇ္ဇီတို့၏ (ဘုရားဟော မဟုတ်သော တရားတွေကို ထည့်သွင်း၍ ဘုရားဟောအစစ်  တရားတွေကို  တချို့တလေ နုတ်ပယ်ပြီးလျှင် သူတို့ ထင်သလို ပြုလုပ်ခြင်းတည်းဟူသော) လေမုန်တိုင်း တိုက်လွှင့်သောကြောင့် မကြာခင် တရားတော်များ ဟောတော်မူရင်းအတိုင်း မဟုတ်တော့ဘဲ တစ်မျိုးတစ်မည် ပြောင်းလဲကာ အစစ် အမှန် တရားတော်များ ကွယ်စရာရှိသည်။

          ငါ့ရှင်တို့…သုဘဒ္ဒကဲ့သို့သော အဓမ္မ၀ါဒီ အလဇ္ဇီတွေ တစ်စ တစ်စ တိုးပွား၍ အင်အားကြီးကာ ဓမ္မ၀ါဒီ လဇ္ဇီပုဂ္ဂိုလ်များ အင်အား နည်းဖို့ အချိန်အခါ ကြာကောင်းမှ ကြာတော့မည်၊ သို့ဖြစ်၍ ယခုနှယ်က ဗုဒ္ဓတရားတော်များကို ၀ိနည်းဆိုင်ရာတစ်သန့်, သုတ္တန် ဆိုင်ရာ တစ်သန့်, အဘိဓမ္မာဆိုင်ရာ တစ်သန့် ခွဲခြား၍ သူ့အခန်း နှင့်သူ (ပန်းတွေ ကုံးသလို) ပေါင်းစုကြစို့”ဟု မိန့်တော်မူကာ ထိုနေရာမှာပင် အများတောင်းပန်ချက်အရ အရှင်မဟာကဿပ မထေရ်သည် သင်္ဂါယနာတင်ကိစ္စကို ဆောင်ရွက်ကြဖို့ရာ ဈာန် အဘိညာဉ်လည်း ရ, ရဟန္တာလည်း ဖြစ်၍ မိမိတို့ ဆိုင်ရာ၌ နောက်လိုက်များစွာဖြင့် သံဃာ့နာယကလည်း ဖြစ်တော်မူကြ, ဗုဒ္ဓ တရားတော်ကို နှုတ်တက်ဆောင်ထားကြသော လေးရာ့ကိုးကျိပ် ကိုးပါးကို ရွေးတော်မူသည်။
မှတ်ချက်။                အဓမ္မ၀ါဒီ-မတရားဘက်က ပြောလေ့ရှိသူ၊ အလဇ္ဇီ-မကောင်းမှုကို (မကောင်းမှန်းသိလျက်)ပြုရဲသူ၊ ထိုပုဂ္ဂိုလ်များ အားရှိသောအခါ ဓမ္မ၀ါဒီ လဇ္ဇီပုဂ္ဂိုလ်များသည် အမှန်ကို ပြောသော်လည်း မအောင်မြင်၊ ထို့ကြောင့် အဓမ္မ၀ါဒီတို့ အားမရှိခင် သင်္ဂါယနာ တင်ဖို့ရန် အရေးတကြီး စီမံတော်မူသော အရှင်မဟာကဿပသည် သာသနာ့တာဝန်ဆောင် ထိပ်ခေါင်တင် ပီသပါပေသည်။
အရှင်အာနန္ဒာကို ရွေးရန် ကြံတော်မူခြင်း
ထိုသင်္ဂါယနာတင်ကြမည့်  သံဃာတော်များကို ရွေးချယ်ချိန်မှာ အရှင်အာနန္ဒာသည် ရဟန္တာမဖြစ်သေးပါ၊ (သင်္ဂါယနာတင်ခါနီးမှ ရဟန္တာဖြစ်သည်၊) ရဟန္တာပေါင်းများစွာကို ချန်၍ ရဟန္တာမဖြစ်သေးသော အရှင်အာနန္ဒာကို ရွေးချယ်လိုက်လျှင် ပုထုဇဉ်သံဃာများက အပြစ်တင်ဖွယ်ရှိ၏၊ အရှင်အာနန္ဒာကား ဗုဒ္ဓတရားတော် အားလုံးကို နှုတ်တက် ဆောင်ထားသူများတွင် ပထမတန်းပုဂ္ဂိုလ် ဖြစ်၏၊ ထို့ကြောင့် တစ်ဖက်က ကြည့်ပြန်လျှင် သင်္ဂါယနာတင်ကိစ္စ၀ယ် အရှင်အာနန္ဒာသည် ပထမဆုံး ရွေးချယ် ထိုက်သူ ဖြစ်နေပြန်၏၊ ဤသို့လျှင် အရှင်မဟာကဿပ ကိုယ်တော်တိုင် ရွေးဖို့လည်း မတော်, ချန်ထားဖို့လည်း မလျော်သောကြောင့် “အရှင်အာနန္ဒာကို သံဃာများအလိုကျ ရွေးကြပေစေတော့”ဟူသော သဘောဖြင့် ငါးရာပြည့်ဖို့ရန် တစ်ပါးချန်၍ ရွေးချယ်တော်မူခြင်း ဖြစ်သည်။
နေရာဌာနရွေးချယ်ကြခြင်း
ထိုသို့  တစ်ပါး လိုနေသောအခါ အားလုံးလိုလိုက အရှင်အာနန္ဒာ ကိုသာ ညွှန်ပြကြ၍ သင်္ဂါယနာတင် မဟာထေရ်ပေါင်းငါးရာတိတိ ပြည့်သောအခါ သင်္ဂါယနာတင်ဖို့ နေရာဌာနကို စဉ်းစားကြရပြန်သည်၊ ထိုအခါ ကျောင်းတိုက်ကြီးများလည်း ရှိ၍ ဆွမ်းခံရာဌာနလည်း ပြည့်စုံသော ရာဇဂြိုဟ်မြို့ကို အားလုံးသဘောတူသဖြင့် “လာမည့် ၀ါတွင်း၌ ရာဇဂြိုဟ်မြို့ဝယ် သင်္ဂါယနာတင်ကြမည်၊ (အဓမ္မ၀ါဒီပုဂ္ဂိုလ်တွေ လာရောက် နှောင့်ယှက်မည် စိုးသောကြောင့်) မည်သည့်ပုဂ္ဂိုလ်မျှ ရာဇဂြိုဟ်မြို့၌ ၀ါမဆိုရ”ဟု အတိအလင်း ကြေညာတော်မူရလေသည်၊ ၀ါဆိုခါနီးသော် သင်္ဂါယနာတင်မည့် မဟာထေရ်များ အပြည့်အစုံ ရာဇဂြိုဟ်မြို့တော်သို့ ကြွရောက်လာ ကြ၍ ၀ါကပ်တော်မူကြပြီးလျှင် ပျက်စီးယိုယွင်းနေသော ကျောင်းများကို ပြုပြင်နေကြခြင်းဖြင့် တစ်လလုံးလုံး အချိန်ကုန်သွားရလေသည်။
မှတ်ချက်။       ။ သင်္ဂါယနာတင်ကိစ္စအတွက် ဒါယကာ ဒါယိကာမများကို ကျောင်းအတွက် ဆွမ်းအတွက် တာဝန်ပေး တော်မမူကြဘဲ ကျောင်းဟောင်းများကို ပြင်၍ ကိုယ့်ဆွမ်းကိုယ်ခံကာ ကြီးကျယ်သော သာသနာ့ကိစ္စကို တာဝန်ပေါ့ပေါ့ဖြင့် ဆောင်တော်မူကြသည်မှာ အားရ ကြည်ညိုစရာ ကောင်းလှပါပေသည်။ ကျောင်းများလည်း အကောင်းကြီး မဟုတ်ကြချေ။
ဓမ္မာရုံကြီး
ထို့နောက် အဇာတသတ်မင်းထံ ကြွတော်မူကြ၍ “မဟာရာဇာ… သင်္ဂါယနာ တင်ကြတော့မည်”ဟု မိန့်တော်မူကြလေရာ မဟာရာဇာကလည်း “အရှင်ဘုရားတို့… လွတ်လွတ်လပ်လပ် ရဲရဲဝံ့ဝံ့ တင်တော်မူကြပါ၊ အရှင်ဘုရားများဘက်က ဓမ္မစက် ရှိပါစေ၊ ဒကာတော့်ဘက်က (အနှောင့်အယှက် ပေါ်လာလျှင်) အာဏာစက် ရှိပါစေမည်၊ အလိုရှိရာ မိန့်တော်မူ ကြပါ” ဤသို့ လျှောက်ပြီးလျှင် “သင်္ဂါယနာတင် မထေရ်များ ထိုင်ဖို့ နေရာလိုကြောင်း” အမိန့်ရှိကြသဖြင့် အလွန်ခမ်းနားသော မင်္ဂလာ ဓမ္မာရုံကြီးကို ဆောက်လုပ်စေလေသည်။
အရှင်အာနန္ဒာရဟန္တာဖြစ်
အရှင်အာနန္ဒာလည်း ရဟန္တာမဖြစ်သေးဘဲ သင်္ဂါယနာတင်ပွဲဝင်ရန် မလျော်ကန်သဖြင့် အားထုတ်နေကျ ကာယဂတာသတိကမ္မဋ္ဌာန်းကိုပင် ပြင်းပြင်းထန်ထန် အားထုတ်လေရာ သင်္ဂါယနာတင်မည့် အရုဏ်တက်လောက်မှာ ရဟန္တာ ဖြစ်တော်မူသည်၊ ဤသို့လျှင် ရဟန္တာ ငါးရာလုံး ဓမ္မာရုံကြီး၌ စုဝေးမိသောအခါ…
အရှင်မဟာကဿပ။   ။ငါ့ရှင်တို့ ဘယ်တရားတော်ကို ပထမဆုံး သင်္ဂါယနာတင်သင့်သလဲ။
မဟာထေရ်များ။         ။ဝိနည်းတရားတော်သည်  သာသနာ၏ အသက်သဖွယ် ဖြစ်ပါသည်၊ ၀ိနည်း တရားတော် ကွယ်လျှင် (သို့မဟုတ်) ကျင့်သူမရှိလျှင် သာသနာတော်မှာ အသက်မရှိတော့ပါ၊ ထို့ကြောင့် ၀ိနည်းတရားတော်ကိုသာ ပထမဆုံး သင်္ဂါယနာတင်ကြပါစို့။
          ဤသို့ စီစဉ်ပြီးလျှင် အရှင်မဟာကဿပကို ၀ိနည်းတော် မေးမည့်ပုဂ္ဂိုလ်, အရှင်ဥပါလိကို ဖြေမည့်ပုဂ္ဂိုလ်ဟု သမုတ်ကြပြီးနောက် ရဟန်းတော်များ နှုတ်တက်ဆောင်ထားသော ၀ိနည်းတရား တော်ထဲမှ ပထမပါရာဇိကသိက္ခာပုဒ်ရှိ၏၊ ထိုသိက္ခာပုဒ်တော်ကို ဗုဒ္ဓ ကိုယ်တော်တိုင် ပညတ်တော်မူချက် ဟုတ်-မဟုတ် သေချာအောင် စိစစ်ဖို့ရန် တာဝန်ရှိကြ၏၊ ထို့ကြောင့် သိက္ခာပုဒ် ပညတ်တော်မူရာ အရပ်, ထိုသိက္ခာပုဒ်နှင့်ဆိုင်သော အမှုသည်, ထိုသိက္ခာပုဒ်ကို ပညတ်တော်မူရခြင်း၏ အကြောင်းဝတ္ထု  ဤသို့ စသည် အစုစုကို အရှင်မဟာကဿပထေရ်က မေးတော်မူ၍ အရှင်ဥပါလိကလည်း ဖြေတော်မူသည်။
          ထိုသို့ မေးပြီး ဖြေပြီးနောက် အရှင်ဥပါလိဖြေပုံကို အားလုံး သဘောတူကြလေရာ ပထမပါရာဇိကသိက္ခာပုဒ်တော်နှင့်ဆိုင်သော ပါဠိတော်များကို ရဟန္တာငါးရာလုံး ပေါင်းရုံးကာ ရွတ်ဆိုတော်မူကြပါသည်၊ ဤသို့ စုပေါင်း၍ ရွတ်ဆိုကြခြင်းကို “သင်္ဂါယနာ”ဟု ခေါ်ခြင်း ဖြစ်သည်၊ [သံ - သဘောတူပေါင်းစု၍ + ဂါယနာ -ရွတ်ဆိုခြင်း၊] ဤနည်းအားဖြင့် ၀ိနည်းတရားတော်ကို သင်္ဂါယနာ တင်ပြီးနောက် သုတ္တန်နှင့် အဘိဓမ္မာတရားကို သင်္ဂါယနာတင်လှည့် ရောက်သောအခါ အရှင်အာနန္ဒာကို ဖြေဆိုမည့် ပုဂ္ဂိုလ်အရာ၌ ထား၍ သင်္ဂါယနာတင်တော်မူကြသည်။
          ဤသို့ ဗုဒ္ဓမြတ်စွာ၏တရားတော်များကို သဘောတူချင်းပေါင်း၍ စီကာစဉ်ကာ သင်္ဂါယနာတင်တော်မူကြသည်မှာ ခုနစ်လလောက် ကြာပါသည်၊ ထိုသို့ သင်္ဂါယနာတင်ကြပြီး နောက် ထိုတရားတော် များကို အသီးသီး တာဝန်ယူ၍ ပို့ချဖို့ရန် လွှဲအပ်တော်မူကြသည်။
          ဤသို့လျှင် အရှင်မဟာကဿပစသော ရဟန္တာအရှင်တို့သည် ဗုဒ္ဓတရားတော်များကို အစီအစဉ် ကျကျနနဖြင့် တည်တံ့ရစ်ဖို့အရေး မြော်တွေးတော်မူကာ သင်္ဂါယနာတင်ပြီးနောက် လည်း အဆက်ဆက် တာဝန်ယူကာ ဆောင်ရွက်ပို့ချတော်မူလာခြင်းကြောင့်သာ ဗုဒ္ဓတရား တော်များ ယခုလောက်ကြာအောင် တည်ရှိနိုင်ပါပေသည်၊ (ထိုခေတ် ၌ ပေစာ, ပေရွက်ပေါ်တွင် ရေးတင်ခြင်း မရှိကြသေးသောကြောင့်) ထိုမျှလောက် ကြောင့်ကြမစိုက်ခဲ့ကြလျှင် သင်္ဂါယနာတင်ထားသော်လည်း တရားတော်များ ယခုလောက်ကြာအောင် တည်ရှိနိုင်မည် မဟုတ်ပါ၊ ဤသို့ ရဟန္တာအရှင်မြတ်တို့၏ ကြောင့်ကြစိုက်တော်မူခဲ့ ကြပုံကို အာရုံစွဲကာ ယခုအခါလည်း ကြိုးစားဖို့ အချိန်ရောက်လာပြီဟု ယူဆပါသည်။

အနာဂတ်သာသနာရေး အပိုင်း(၉၈) အရှင်မဟာကဿပ၀န်ဆောင်ပုံ



အရှင်မဟာကဿပ၀န်ဆောင်ပုံ
နောက်လိုက်ရဟန်းများ လမ်းခရီး၌ ဖြစ်ပုံ
ဗုဒ္ဓရှင်တော် ပရိနိဗ္ဗာန်စံတော်မူချိန်၌ အရှင်မဟာကဿပသည် ဒေသစာရီ လှည့်လည်နေခိုက် ဖြစ်၏၊ ပရိနိဗ္ဗာန်စံတော်မူပြီးနောက် ခုနစ်ရက်မြောက်၌ကား ပါဝါပြည်မှ ကုသိနာရုံသို့ နောက်ပါ ရဟန်းငါးရာနှင့်တူ ကြွလာတော်မူသည်၊ ထိုအချိန် မှာပင် ကုသိနာရုံပြည်၌လည်း ဗုဒ္ဓရှင်တော်၏ အလောင်းတော်ကို အတောင် တစ်ရာ့ရှစ်ဆယ်မြင့်သော စန္ဒကူးနံ့သာပုံပေါ်သို့ တင်၍ မလ္လာမင်းတို့ မီးရှို့ပူဇော်ကြသော်လည်း မီးကူးအောင်မျှ မတတ်နိုင် ကြချေ၊ [ထိုအစည်းအဝေးတွင် ပါဝင်ကြသော နတ်တို့တွင် အရှင် မဟာကဿပကို ဆည်းကပ်၍ နတ်ပြည်၌ ဖြစ်ရသော နတ်တို့က သူတို့ အရှင်မြတ်ကို ပရိသတ်၌ မမြင်ရသဖြင့် “ငါတို့ အရှင် မရောက်မချင်း မီးမတောက်စေရ”ဟု ကြံကာ မီးမွှေး၍ မရအောင် စီမံထားကြသတဲ့။]
          အရှင်မဟာကဿပထေရ်သည် ကုသိနာရုံပြည်၌ ဗုဒ္ဓပရိနိဗ္ဗာန် စံတော်မူကြောင်းကို သိပြီးလည်း နောက်ပါ ရဟန်းများ မသိကြသေး၍ ဗုဒ္ဓပရိနိဗ္ဗာန်စံတော်မူသည်ကို ရုတ်တရက်တွေ့လျှင် နောက်ပါ ရဟန်းတို့ အလူးအလှိမ့် ငိုကြမည့်အရေးကိုလည်းကောင်း, လူဝတ်ကြောင်တို့က ထိုရဟန်းတို့ ငိုကြပုံကို မြင်၍ ပြစ်တင်ကဲ့ရဲ့ဖွယ်ရှိသည်ကို လည်းကောင်း မျှော်တွေးမိသောကြောင့် လူမြင်သူမြင် မရောက်စေဘဲ မိုးချုပ်မှ ရောက်အောင် နားနားနေနေ ကြွတော်မူလေရာ တစ်နေရာ၌ နား၍ နေကြစဉ် အဝေးမှ နတ်ပန်းကြီးကို ထီးဆောင်း၍လာသော တက္ကတွန်းကို မြင်၍ “ဒီနေရာကပင် ဗုဒ္ဓ ပရိနိဗ္ဗာန်စံတော်မူကြောင်းကို နောက်ပါ ရဟန်းတွေ သိစေမှ တော်မည်၊ တောထဲ၌ အားရအောင် ငိုကြလျှင် ကုသိနာရုံရောက်က အငိုသက်သာစရာ ရှိ၏”ဟု ကြံတော်မူကာ ဗုဒ္ဓကို ရိုသေသောအားဖြင့် နေရာမှ ထ၍ ““အို တက္ကတွန်း…ငါတို့ဆရာ ဗုဒ္ဓရှင်တော်မြတ်ကို သိပါရဲ့လား”ဟု စကားစ၍ မေးလေသည်၊ ထိုအခါ တက္ကတွန်းက “သိပါသော်ကော, အရှင်တို့ရဲ့ ဗုဒ္ဓ ကွယ်လွန်သည်မှာ ယနေ့ (၇) ရက်တောင် ရှိပြီပေါ့”ဟု ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ပုထုဇဉ် သောတာပန် သကဒါဂါမ်ရဟန်းများ မဖြေနိုင် မဆည်နိုင် အလူး အလှိမ့် ငိုကြရှာလေသည်။

သုဘဒ္ဒစကားကြောင့် သံဝေဂဖြစ်ပုံ
“သုဘဒ္ဒ”ဆိုသူကား ကလေးနှစ်ယောက်နှင့်တကွ ရဟန်းပြုလာသော တောထွက် ရဟန်းကြီးတည်း၊ သူသည် သားကလေး နှစ်ယောက်ကို ဆန်ဆီ စသည် အတောင်းခိုင်းပြီးလျှင် မိမိရှိပြီး ပစ္စည်းများနှင့်တကွ အကုန်အကျ များစွာခံ၍ ဗုဒ္ဓနှင့် ရဟန်းတော် များကို ဆွမ်းကပ်လှူလိုကြောင်း ခွင့်တောင်းလေရာ မအပ်မရာသော ပစ္စည်းဖြစ်၍ အလှူခံတော်မမူသောကြောင့် ထိုအချိန်ကစ၍ ဗုဒ္ဓကို ရန်ငြိုးဖွဲ့ခဲ့၏၊
ထိုရဟန်းကြီးသည် ယခုအခါ အရှင်မဟာကဿပ၏ နောက်လိုက်ထဲတွင် ပါဝင်နေရာ ဗုဒ္ဓပရိနိဗ္ဗာန်စံကြောင်းကို ကြားရ လျှင် (ထ၍ ကတော့မလောက်) ၀မ်းမြောက်ဝမ်းသာ ဖြစ်ကာ ငိုနေကြသော ရဟန်းကလေးများကို “ကိုယ်တော်တို့…၀မ်းမနည်းကြစမ်းပါနှင့်, မငိုကြစမ်းပါနှင့်၊ ရှေးတုန်းက ဘယ်ဟာ မအပ်ဘူးလေး ဘယ်ဟာ အပ်သလေးနှင့် တပည့်တော်တို့မှာ အချုပ်အချယ် ခံနေခဲ့ရတယ်၊ ယနေ့တော့ လုပ်ချင်ရာ လုပ်နိုင်ပြီ”ဟု ၀မ်းသာအားရ ပြောသည်ကို အရှင်မဟာကဿပ ကြားတော်မူ၍ ဒီရဟန်းယုတ်ကို ယခုနှယ်က နှင်ထုတ်ရလျှင် “ဟော…ကြည့်ကြစမ်း၊ အရှင်ဂေါတမ ကွယ်လွန်လို့ ခုနစ်ရက်သာရှိသေး၊ သူ့တပည့်တွေ ရန်ဖြစ်ကုန်ကြပြီ” ဟု တိတ္ထိတို့ ပြောစရာဖြစ်မည်ကို စိုးသောကြောင့် အောင့်အည်း သည်းခံတော်မူကာ “ဗုဒ္ဓအလောင်းတော် ရှိစဉ်မှာပင် ယခုလို စော်ကားသော ရန်ဆူး ရန်ငြောင့်တွေ ပေါ်လာလျှင် နောင်အခါ ဒီလို လူစားတွေကြောင့် သာသနာတော်ကြီး ပျက်စီးရချေရဲ့”ဟု အနာဂတ်သာသနာ အရေးကိုသာ လေးလေးနက်နက် တွေးတော်မူရှာပေသည်။
အလောင်းတော်ကို ကန်တော့ပုံ
ကုသိနာရုံပြည်၌လည်း   “အရှင် မဟာ ကဿပ မကြွလာသေး၍  မီးပူဇော်ရာ၌ မီးမတောက်အောင် နတ်များက တားထားသတဲ့”ဟူသော သတင်းကို အရှင်အနုရုဒ္ဓါထံမှ ကြားကြရ၍ အရှင်မဟာကဿပကို  မမြင်ဖူးသူ  လူအချို့သည်  “ဘယ်လို ကိုယ်တော်များ ဖြစ်ပါလိမ့်”ဟု မျှော်လင့်ကာ အရှင်မဟာကဿပ လာမည့်လမ်း၌ နံ့သာပန်းလက်စွဲ၍ ခရီးဦးကြိုပြုနေကြစဉ် နောက်ပါ ရဟန်းတော်များနှင့်အတူ ကြွလာတော်မူ၍ ဗုဒ္ဓအလောင်းတော် မြတ်ကို လက်ယာရစ် လှည့်လည်တော်မူကာ ခြေတော်ရှိရာအရပ်၌ မတ်မတ်ရပ်ပြီးလျှင် ဈာန်အဘိညာဉ်ဝင်စား၍ ဈာန်မှ ထတော်မူ ပြီးနောက် “ဗုဒ္ဓရှင်တော်၏ ခြေတော်တို့သည် ငါ၏ ဦးခေါင်းပေါ်၌ တည်တော်မူကြပါစေသတည်း”ဟု ဓိဋ္ဌာန်တော်မူလိုက်ရာ တိမ်တိုက် ကြားမှ လ၀န်းကြီး ထွက်ပေါ်လာသကဲ့သို့ ခြေတော်အစုံ ထွက်ပေါ် လာလေသော် လက်တော်ကို ဆန့်တန်း၍ ခြေတော်တို့ကို တင်းတင်း ကျပ်ကျပ် ကိုင်ပြီးလျှင် မိမိဦးခေါင်းပေါ်၌ တင်ကာ အားရပါးရ ရှိခိုးတော်မူရှာသည်။
          ထိုအံ့သြဖွယ်ကို မြင်ရ၍ အုတ်အုတ်ကျွက်ကျွက်ဖြစ်သော လူအများလည်း  ပန်းနံ့သာတို့ဖြင့် အားရ၀မ်းသာ ပူဇော်ကြပြန်လေသည်၊ အရှင်မဟာကဿပမထေရ်နှင့် နောက်ပါ ရဟန်းတော်များ ရှိခိုးကန်တော့ကြပြီးနောက် ခြေတော်အစုံလည်း လမင်းကြီး ၀င်သွားသကဲ့သို့ စန္ဒကူးနံ့သာပုံ အကြား၌ ကွယ်သွားသည်နှင့် တစ်ပြိုင်နက် အုတ်အုတ်ကျွက်ကျွက်ဖြစ်ကာ မြည်တွန်တောက်တီးလျက် အငိုကြီး ငိုကြရှာလေသည်။

Sunday, 22 June 2014

အနာဂတ်သာသနာရေး အပိုင်း(၉၇) ကိဋာဂိရိ၌ ဖြစ်ပျက်နေပုံ



ကိဋာဂိရိ၌ ဖြစ်ပျက်နေပုံ
ထိုဆဗ္ဗဂ္ဂီဂိုဏ်း ရဟန်းတို့တွင် သာဝတ္ထိမြို့နေ အရှင်ပဏ္ဍုကနှင့်အရှင်လောဟိတက ဆရာတပည့်တို့သည် လဇ္ဇီသူတော်ကောင်း သီလ ရှိသူများ ဖြစ်ကြ၍ ကြွင်းသော  ဆဗ္ဗဂ္ဂီဂိုဏ်းသားတို့ကား  အလဇ္ဇီ မသူတော်တွေသာ များလေသည်၊ ကိဋာဂိရိ၌ နေကြသူတို့သည် ပန်းပင် အမျိုးမျိုးစိုက်၍ ပန်းကုံးအမျိုးမျိုး ကုံးပြီးလျှင် အမျိုးသမီး ကြီးကြီးငယ်ငယ်တို့အား ပန်းကို ပေးကြ၏၊ ထိုအမျိုးသမီးများနှင့် အတူစား အတူနေကြရုံမက အိပ်ရာခင်းတစ်ခင်းတည်း၌ပင် စောင်အတူခြုံ၍ အိပ်ကြသည်ဟု ဆို၏။
          သူတို့သည် ညစာလည်း စားကြ၏၊ ပန်းနံ့သာ လိမ်းကျံ ခြယ်လှယ်၍ ကိုယ်တိုင်လည်း ကကြ, သီချင်းဆိုကြ, တီးကြ, မှုတ်ကြ နှင့် သင်္ကန်းကြီးကို ခင်းပေးကာ “ဟေ့ ဒီအပေါ်မှာ ကစမ်းပါကွ နှမရ”ဟု အကလည်း ခိုင်း, ကပုံ ဆိုပုံကိုလည်း သင်ပေးကြနှင့် ဖြစ်ချင်တိုင်း ဖြစ်နေကြသည့်ပြင် ကျားချတမ်း, စစ်တုရင်ထိုးတမ်းမှ စ၍ ကစားအမျိုးမျိုးကိုလည်း ကစားကြသတဲ့၊ ထိုသို့ ပြုနေသည့် အတွက် အကြည်ညို ပျက်သူတွေထက် သူတို့ဘက် ပါနေသူက များနေကြောင်းမှာ ပြလတံ္တ့ဝတ္ထုကလေးဖြင့် သိသာပါလိမ့်မည်။
သူတော်ကောင်း မကောင်းထင်
          ထိုကဲ့သို့  ကိဋာဂိရိ ဇနပုဒ်၌  သာသနာ  ဆုတ်ယုတ်နေချိန်မှာ… ကာသိတိုင်းမှာ သီတင်းဝါလကျွတ်သဖြင့် သာဝတ္ထိသို့ ဘုရားဖူး ကြွမည့် ရဟန်းတော် တစ်ပါးသည် နံနက်အချိန် ထိုကိဋာ ဂိရိ၌ ဆိုက်ရောက်နေသောကြောင့် စက္ခုနြေ္ဒချလျက် ကြည်ညိုဖွယ် ဆွမ်းခံဝင်လေသော် ထိုရဟန်းတော်ကို မြင်ရသူတို့ စိတ်ထဲ၌ ကြည်ညိုစရာဟု မထင်နိုင်ကြဘဲ အထူးအဆန်း ရဟန်းတစ်ပါးဟု ထင်ကြ၍ “ဒီကိုယ်တော်က ဘယ့်နှယ်ကိုယ်တော်ပါလိမ့်, အ-အနဲ့
တူလိုက်တာ၊ သွားလာပုံကလဲ နုန့်နုန့်နုန့်နုန့်နဲ့, ပြီးတော့ မျက်မှောင် ကုတ်နေသလိုပဲ မျက်နှာက ရှုံ့လို့, ဒီလိုကိုယ်တော် ဆွမ်းရပ်လာလို့ ဘယ်သူက လှူချင်မှာတဲ့လဲ”။

          ဟော-တို့ ဦးအဿဇိ, ဦးပုနဗ္ဗသုကတို့ဂိုဏ်းကတော့ အင်မတန် သိမ်သိမ်မွေ့မွေ့ ပြေပြေပြစ်ပြစ် ရှိတယ်၊ ခေါ်ပုံ ပြောပုံကလည်း အမေတန် အမေလို့, အစ်မတန် အစ်မလို့ ခေါ်လေ့ ပြောလေ့ ရှိကြတယ်၊ စကားပြောကြပြီလားဆို (ဒီကိုယ်တော်လို မျက်မှောင် ကုတ်ကုတ်ကြီး လုပ်မထားဘဲ) မပြောခင် အရင် ပြုံးပြီးမှ ပြောလေ့ ရှိကြတယ်၊ မျက်နှာတော်ကလေးများကလည်း အင်မတန် ပေါ်လွင် ထင်ရှားတဲ့အပြင် တွေ့ကြပြီလားဆိုလျှင် သူတို့က အရင် နှုတ်ဆက် လိုက်တာပဲ၊ “ဒီလို ကိုယ်တော်များမှ ဆွမ်းကွမ်း လှူထိုက်တာ“ဟု အချင်းချင်း မကြားတကြား ပြောကြလေ၏၊
ထိုအရှင်မြတ်မှာကား ဆွမ်း တစ်ဇွန်းမျှ မရသေးဘဲ အခြားတစ်ရွာ ဆက်၍ ဆွမ်းရှာရမလို ဖြစ်နေလေသည်၊ ထိုအခါ ကံအားလျော်စွာ ရှေးမီ နောက်မီ ဥပါသကာကြီး မြင်၍ အနားကပ်လာပြီးလျှင်…
ဒကာ                     ဆွမ်းကလေးများ ရတော်မူပါရဲ့လားဘုရား။
ရဟန်းတော်                      မရသေးဘူးဒကာ။
ဒကာ                     တပည့်တော်အိမ် ကြွတော်မူပါဘုရား။ [ဆွမ်းကပ်ပြီးသောအခါ] ဘယ်ကြွတော်မူမလို့ပါတုံးဘုရား။
ရဟန်းတော်                      သာဝတ္ထိသို့ ဘုရားဖူးသွားမလို့ပဲ။
ဒကာ                     “ဒါဖြင့် တပည့်တော် အလျှောက်နဲ့ ဗုဒ္ဓ ရှင်တော်မြတ်ဘုရားရဲ့ ခြေတော်ကို ရှိခိုးတော်မူပါလေဘုရား၊ ပြီးတော့ ကိဋာဂိရိကျောင်းမှာ ပျက်စီးလောက်အောင် အဿဇိ, ပုနဗ္ဗသုကတို့ ကျင့်ကြံနေတဲ့ အကြောင်းကိုလည်း လျှောက်ပြီးလျှင် သာသနာပြု လွှတ်တော်မူရန် လျှောက်လိုက်တဲ့အကြောင်းကို လျှောက်တော်မူပါလေဘုရား”ဟု မှာထား၍ ထိုရဟန်းများ ကျင့်ကြံ နေထိုင်ကြပုံကို ခရေစေ့တွင်းကျ လျှောက်ထားလိုက်လေသည်။
အဂ္ဂသာဝကနှစ်ပါး ကြွလာ၍ နှင်ထုတ်ရပုံ
ထို ခရီးသွားရဟန်းတော်လည်း ဗုဒ္ဓအထံတော်ရောက်၍ တွေ့ကြုံခဲ့ရသမျှနှင့် ထိုဥပါသကာ လျှောက်လိုက်သမျှကို လျှောက်ထားလေရာ ဗုဒ္ဓရှင်တော်သည် အဂ္ဂသာဝကနှစ်ပါးကို ခေါ်တော်မူ၍ “သင်တို့ သွားပြီး အဿဇိ, ပုနဗ္ဗသုက ဂိုဏ်းသားတွေကို ကိဋာဂိရိမှ နှင်ထုတ်ကြချေ၊ သူတို့ တစ်တွေဟာ သင်တို့ရဲ့ တပည့်များ ဖြစ်ကြသည်”ဟု မိန့်တော်မူလျှင် ထိုအရှင်နှစ်ပါးက ပြန်၍ လျှောက်ကြသည်မှာ “အဿဇိ, ပုနဗ္ဗသုက တို့သည် လူကြမ်း လူရမ်းတွေ ဖြစ်ပါတယ်၊ တပည့်တော်တို့ ဘယ် နည်းဖြင့် နှင်ထုတ်ရမှာလဲ”… “ရဟန်းများများ ခေါ်သွားကြတော့၊ (သူတို့က မထွက်ဘဲ ငြင်းဆန်နေလျှင် သံဃာအားဖြင့် အတင်း နှင်ထုတ်ရန် အလိုတော်ရှိဟန်တူ၏၊)” ဤသို့လျှင်“တပည့်မကောင်း ဆရာ့ခေါင်း”ဖြစ်သည်အားလျော်စွာ အဿဇိ, ပုနဗ္ဗသုကတို့ရဲ့ဆရာ ဖြစ်တော်မူကြသော အဂ္ဂသာဝကနှစ်ပါးလည်း ကိဋာဂိရိသို့ ကြွသွား၍ မိမိတို့ တပည့်ကြီးများကို ကိဋာဂိရိမှ နှင်ထုတ်ကာ ထို ဇနပုဒ်၏ သာသနာကို အသစ်ပြုကြရလေတော့သည်။
          ဆက်ဦးအံ့… ဗုဒ္ဓဖြစ်ဖို့ ပါရမီဖြည့်ရာ၌ပင် သတ္တ၀ါအားလုံးကို ကယ်တင်နိုင်မည်ဟု မျှော်မှန်းတော်မူချက် ရှိမည်မဟုတ်ပါ၊ စကားတော်ကို လိုက်နာသူ အချို့သတ္တ၀ါများကိုသာ ကယ်တင်နိုင်မည်ဟု မျှော်မှန်းတော်မူချက် ရှိပါလိမ့်မည်၊ ထိုကျွတ်ထိုက်သူများကို ကျွတ်အောင် ချွတ်နိုင်လျှင် ဗုဒ္ဓတာဝန် ကျေပွန်တော့၏၊ မကျွတ်ထိုက်သော သူများကား ဗုဒ္ဓပွင့်တော်မူသည်ဖြစ်စေ, မပွင့်သည် ဖြစ်စေ ထူးမခြားနားပင် ဖြစ်လေ၏၊ 
ထို့ကြောင့် ယခုနှင့် နောင်အခါ၌ သာသနာပြုပြင်ရာဝယ် အမျိုးသား အမျိုးသမီးကောင်းလေးများ စနစ်ကျကျနှင့် အမှန်ကို သိကြပြီးလျှင် ယခုဘ၀၌လည်း အမျိုးဘာသာ သာသနာအကျိုးကို ဆောင်နိုင်, နောက်ဘ၀တွက်လည်း အထက်တန်းကျကျနှင့် နိဗ္ဗာန်ရသည်အထိ လမ်းမှန်မှန် သွားနိုင်ကြဖို့ရန် ရည်သန်၍သာ မိမိကိုးကွယ်ရာ အရင်းခံ သာသနာတော်ကို ပြုပြင်သင့်ကြပါသည်။

အနာဂတ်သာသနာရေး အပိုင်း(၉၆) သာသနာတော်၏ ပထမ၀န်ဆောင်တော်များ


သာသနာတော်၏ ပထမ၀န်ဆောင်တော်များ
(သာသနာတော်၏) ပထမအပိုင်းဟု ဆိုထိုက်သော ဗုဒ္ဓရှင်တော်မြတ်၏ လက်ထက်တော်ကြီးဝယ် မိမိတို့၏ စွမ်းရာ စွမ်းရာဘက်မှ တာဝန်ကို ယူ၍ သာသနာ့တာဝန်ကို ဆောင်တော်မူခဲ့ကြသော ထိပ်ခေါင်တင်အရှင်မြတ်တို့သည် များပြားလှပါပေကုန်၏။
အရှင်သာရိပုတ္တရာ, အရှင်မောဂ္ဂလ္လာန်တို့ကဲ့သို့ အချို့ထေရ် များလည်း သူဌေးဘ၀နှင့် သူဌေးသားဘ၀မှ ထွက်လာကြကုန်၏၊ တချို့ထေရ်များကား အရှင်အနုရုဒ္ဓါ, အရှင်အာနန္ဒာတို့ကဲ့သို့ မင်းညီမင်းသားဘ၀မှလည်းကောင်း, အရှင်မဟာကပ္ပိနထေရ်, အရှင်ဘဒ္ဒိယထေရ်တို့ကဲ့သို့ တချို့ထေရ်များကား ကိုယ်တိုင် ဘုရင် အဖြစ်မှ ထီးနန်းကို စွန့်၍လည်းကောင်း ရဟန်းပြုလာကြကုန်၏၊
ထို့ကြောင့်လည်း သာသနာ့ အရည်အရောင်သည် ထိပ်တန်းရောက် အောင် ထွန်းပြောင်ကာ မဇ္ဈိမဒေသ အိန္ဒိယနယ်တွင် ဗုဒ္ဓဘာသာကို ဗိမ္ဗိသာရမင်း, ကောသလမင်း စသော ဘုရင်တို့ ကိုးကွယ်ရာ အထက်တန်းဘာသာတစ်ရပ်ဟု ဟိန္ဒူဘာသာဝင် ပညာရှင်ကြီးများပင် အသိအမှတ် ပြုခဲ့ရပေသည်။

          ထိုကဲ့သို့ သာသနာ့အရောင် ထိပ်တန်းရောက်အောင် ထွန်းပြောင်ချိန်၌ သာသနာမှေးမှိန်အောင် ပြုနေသော ရဟန်းများလည်း အများအပြား ရှိပါပေသေး၏၊ ထိုရဟန်းများ၏ မတော်မလျော်သော ကိုယ်မှု, နှုတ်မှုများကြောင့် “၀ိနယ”ခေါ်ဥပဒေတော်ကြီးကို အမှုအားလျော်စွာ အမျိုးမျိုး ထားတော်မူရပါသည်၊ ထိုသို့ ပြစ်မှု ကျူးလွန်သော ရဟန်းပေါင်း များစွာတို့တွင် အနည်းငယ်ကို ထုတ်ပြပါဦးမည်။
ဆဗ္ဗဂ္ဂီရဟန်းများအကြောင်း
   ရဟန်းပြုရာ၌ သူတို့ ရည်ရွယ်ချက်  
[ဆ -ခြောက်ယောက် + ၀ဂ္ဂီ-အစုအရုံး ရှိသူများ]   သာဝတ္ထိမြို့၌  သူငယ်ချင်း ခြောက်ယောက်တို့ တိုင်ပင်ကြသည်မှာ- “မိတ်ဆွေတို့ … လယ်လုပ်နိုင်မှ, ကုန်ရောင်းနိုင်မှ, နွားမွေးနိုင်မှ (တစ်ခုခု လုပ်နိုင် ကိုင်နိုင်မှ) အသက်မွေးဝမ်းဝသော လူ့ဘ၀ဆိုတာ အလွန်ကျပ်တယ်၊ ငါတို့ တစ်စု ဘုန်းကြီးလုပ်ရလျှင် မကောင်းပေဘူးလား”ဟု တိုင်ပင်ရာ သူငယ်ချင်းခြောက်ယောက်လုံး သဘော တူကြပြီးနောက် “ဘုန်းကြီးလုပ်ပြန်လျှင် မထင်မရှားတဲ့ နေရာမှာ သင်္ကန်းမ၀တ်ဘဲ ကိစ္စ တစ်စုံတစ်ရာ ကြုံလာလျှင် ထုတ်ဆောင် ကယ်တင်နိုင်မည့် ပုဂ္ဂိုလ်အထံ ဘုန်းကြီးလုပ်မှ နေရာကျမယ်၊ ဒါကြောင့် အဂ္ဂသာဝကနှစ်ပါးအထံ ကပ်ကြစို့ရဲ့”ဟု ဆုံးဖြတ်ကြပြီး လျှင် အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလ္လာန် နှစ်ပါးတို့အထံ ရဟန်းပြုကြလေသည်။ [ဤနေရာဝယ် အသက်မွေးချောင်အောင် ဘုန်းကြီးလုပ်ကြပုံကို သတိပြုခဲ့ပါ။]
          ထိုသို့ ရဟန်းပြုကြပြီးနောက် ငါးဝါမပြည့်သေးလျှင်သော်လည်းကောင်း, ငါးဝါ ပြည့်စေကာမူ ၀ိနည်းနားမလည်လျှင်သော်လည်းကောင်း ဆရာနှင့် ခွဲ၍ မနေရ၊ ထို့ကြောင့် ၀ိနည်းပညတ်တော် အတိုင်း ငါးဝါရအောင် ဆရာ့အထံ ၀ိနည်းဆိုင်ရာအားလုံးကို သင်ပြီးလျှင် တိုင်ပင်ကြပြန်သည်မှာ “ဇနပုဒ် ဒိစတြိတ်မြို့ဆိုသည်မှာ အမြဲ သာယာဝပြောနေဖို့ ခဲယဉ်းတယ်၊ တစ်ရံတစ်ခါ ဒုဗ္ဘိက္ခကပ် ကြုံလာခဲ့သော် တစ်ပါးနှင့်တစ်ပါး အားထား ကူညီနိုင်ဖို့ရာ တပည့် တော်တို့ ခြောက်ပါးတွင် နှစ်ပါးစီ ခွဲနေကြစို့”ဟု တိုင်ပင်ကာ နေရာ ဌာနကို စိတ်ကူးကြလေသည်။
နေရာဌာနနှင့် ဆဗ္ဗဂ္ဂီအစုအရုံး
သာဝတ္ထိမြို့ဆိုတာ သိန်းပေါင်း များစွာသော လူထု၏ နေထိုင်ရာဒေသဖြစ်၍ ကာသိတိုင်း ကောသလတိုင်းဟူသော တိုင်းကြီးနှစ်တိုင်း၌ ရှိကြသော ကျေးရွာပေါင်း ရှစ်သောင်း၏ အခွန်တော်သွင်းရာ မြို့တော်ဖြစ်သည်၊ ထို့ကြောင့် အရှင်ပဏ္ဍုကနှင့်အရှင်လောဟိတကတို့က ဤသာဝတ္ထိမှာ နေပြီးလျှင် ကျောင်းပိုင်ရအောင် ပထမကြိုးစား ကြပါ၊ ထိုကျောင်းမှာ သရက်, ပိန္နဲ, အုန်း စသော သစ်ပင် ပန်းပင် အမျိုးမျိုးကို စိုက်ကြပါ၊ လာသမျှ ဒကာ ဒကာမတွေကို လက်မလွတ် ရအောင် သစ်သီး ပန်းပေး၍ ချီးမြှောက်ကြပါ၊ ထို့နောက် အကျွမ်း ၀င်သောအခါ သူတို့၏ သားကလေးများကို ရှင် ရဟန်း ပြုပေးကာ ပရိသတ်တိုးပွားအောင် ကြိုးစားကြပေတော့။
          ရာဇဂြိုဟ်မြို့ဆိုတာကလည်း ကုဋေပေါင်းများစွာသော လူထု၏ နေထိုင်ရာ ဖြစ်သည့်ပြင် အင်္ဂတိုင်း, မဂဓတိုင်းဟူသော တိုင်းကြီး နှစ်တိုင်း၌ ရှိသော ရွာပေါင်း ရှစ်သောင်းတို့မှ အခွန်တော်သွင်းရာ ဌာနကြီးပင် ဖြစ်ပေသည်၊ အရှင်မေတ္တိယနှင့် အရှင်ဘူမဇကတို့က ထိုရာဇဂြိုဟ်ဝယ် နေရာကောင်း ရအောင်ရှာ၍ ကျောင်းတိုက်တည်ကာ (ရှေးနည်းအတိုင်း) အခြွေအရံ တိုးပွားအောင် ကြိုးစားကြပါ။
          ကိဋာဂိရိဇနပုဒ်ဆိုသည်မှာ မိုးဥတု ဆောင်းဥတု နှစ်မျိုးလုံး မိုးရွာ၍ အသီးအနှံများကို တစ်နှစ် သုံးကြိမ်စားရသဖြင့် သာယာဝပြောသော နေရာဖြစ်၏၊ အရှင်အဿဇိနှင့် အရှင်ပုနဗ္ဗသုကတို့က ထိုကိဋာဂိရိဇနပုဒ်မှာ ကျောင်းတိုက်ပိုင်ဖြစ်အောင် ကြိုးစားလျက် အခြွေရံ ပရိသတ် တိုးပွားအောင် အားထုတ်ကြပါ။
          ဤသို့ အချင်းချင်းတိုက်တွန်း၍ တစ်နေရာစီ ကြိုးစားကြလေရာ သူတို့ ရည်ရွယ်ချက်အတိုင်း တစ်နေရာလျှင် သံဃာငါးရာစီရှိသောကြောင့် မကြာမီပင် သာသနာတော်၌ ဆဗ္ဗဂ္ဂီဂိုဏ်းသံဃာအပေါင်းသည် ခေါင်းဆောင်ဆရာကြီးခြောက်ပါးနှင့်တကွ တစ်ထောင့်ငါးရာ ကျော် ရှိလေသည်။
 
Credit to 

ဖား​အောက်​​တောရ ဆရာ​တော်​ဘုရားကြီး၏ အ​မေး အ​ဖြေများ 2

ဖား​အောက်​​တောရ ဆရာ​တော်​ဘုရားကြီး၏ အ​မေး အ​ဖြေများ 3

ဖား​အောက်​​တောရ ဆရာ​တော်​ဘုရားကြီး၏ အ​မေး အ​ဖြေများ 4

ဖား​အောက်​​တောရ ဆရာ​တော်​ဘုရားကြီး၏ အ​မေး အ​ဖြေများ 1

Saturday, 21 June 2014

အနာဂတ်သာသနာရေး အပိုင်း(၉၅) အရှင်မဟာကဿပအကြောင်း (ဗုဒ္ဓနှင့် တွေ့တော်မူပုံ)



ဗုဒ္ဓနှင့် တွေ့တော်မူပုံ
ထို မြေလှုပ်ခြင်း၏ အကြောင်းကို ဗုဒ္ဓရှင်တော်  ဆင်ခြင်တော်မူသောအခါ  သာသနာ့ဝန်ဆောင် ထိပ်ခေါင်တင် သားတော်ကြီးအလောင်း ပိပ္ပလိသတို့သားနှင့် မယ်ဘဒ္ဒါတို့ ထွက်လာ၍ လမ်းခွဲကြကြောင်းကို သိတော်မူသဖြင့် ပိပ္ပလိအရှင် လာမည့်လမ်းသို့ သုံးဂါဝုတ် ဝေးအောင် ခရီးဦးကြိုပြုကာ ပညောင်ပင်အောက်၌ ရောင်ခြည်တော် ခြောက်သွယ်ဖြင့် တင့်တယ်စွာ ထိုင်နေတော်မူနှင့်လေသည်၊ ပိပ္ပလိအရှင်လည်း ဗုဒ္ဓရှင်တော်ကို မြင်လျှင် မြင်ချင်း “မိမိရည်မှန်း ခဲ့သော ဆရာသည်  ဤပုဂ္ဂိုလ်သာတည်း” ဟု ဆုံးဖြတ်၍ အလွန် လေးမြတ်စွာ ရှိခိုးဝပ်ချလျက် တပည့်အဖြစ်ကို ခံယူလေသည်။ [ထို ပိပ္ပလိကို ကဿပအနွယ်ဝင်ဖြစ်သောကြောင့် “အရှင်မဟာကဿပ” ဟု ခေါ်ကြသည်။]
ရဟန္တာဖြစ်ပုံ
ဗုဒ္ဓရှင်တော်မြတ်သည် အရှင်မဟာကဿပအား  ထိုနေရာတွင်ပင်  ရဟန်းအဖြစ်ကို ပေးတော်မူ၍ အတူကြတော်မူလေရာ ခရီးအကြား သစ်ပင်အောက်၌ အရှင်မဟာကဿပ ခင်းပေးအပ်သော သင်္ကန်းကြီး အပေါ်မှာ ထိုင်တော်မူ၍ ထိုသင်္ကန်းကြီးကို လက်တော်ဖြင့် သုံးသတ်တော် မူကာ “ကဿပ…(လူ့ဘ၀တုန်းက အ၀တ်ဖြစ်ခဲ့သော) သင်ရဲ့ သင်္ကန်းက တယ်နူးညံ့ပါတကား”ဟု မိန့်တော်မူလေသော်…
 

အရှင်ကဿပ          ။ဤသင်္ကန်းကို မြတ်စွာဘုရား ခြုံတော်မူပါဘုရား။
ဗုဒ္ဓ။     ။ သင်ကော ဘာကို ခြုံမည်လဲ။
အရှင်ကဿပ။          ။ မြတ်စွာဘုရား၏ သင်္ကန်းတော်အဟောင်း ရပါလျှင် ခြုံပါမည်ဘုရား။
ဗုဒ္ဓ။              ကဿပ…ဤသင်္ကန်းကို ငါဘုရားကိုယ်တိုင် ပုဏ္ဏာ မည်သော ကျွန်မ၏ အလောင်းမှ တစ်ပြည်သားမျှသော  လောက်တွေကို ဖယ်၍ ပံ့သကူကောက်ယူခဲ့ရတယ်၊ ဤသင်္ကန်းကို ပံ့သကူကောက်ချိန်က မဟာပထ၀ီမြေကြီးပင် တုန်လှုပ်ခဲ့ရတယ်၊ ဓူတင်အားလုံး ဆောင်နိုင်သူမှ ဤသင်္ကန်းနဲ့ ထိုက်တန်တယ်၊ ဤသင်္ကန်းကို ဆောင်နိုင်ပါ့မလား၊ (ဤသင်္ကန်းနဲ့ တန်အောင် ကျင့်နိုင်ပါ့မလား-ဟူလို၊) ဤသို့ မေးတော်မူ၍ အရှင်ကဿပက “ဆောင်နိုင်ပါကြောင်း”လျှောက်ထားသဖြင့် သင်္ကန်းချင်း လဲ၍ ၀တ်ရုံလေသော် မဟာပထ၀ီမြေကြီးလည်း တအံ့တသြ ဖြစ်သည့်ပမာ ပြင်းစွာ တုန်လှုပ်ပြန်လေသည်၊ အရှင်မဟာကဿပ လည်း ဓူတင်အားလုံးကို ဆောင်၍ ကြိုးစားအားထုတ်တော်မူရာ ရှစ်ရက်မြောက် အရုဏ်တက်ချိန်မှာ ရဟန္တာဖြစ်တော်မူသည်။
ကျင့်တော်မူပုံ
အရှင်မဟာကဿပသည် တောကျောင်း၌ သီတင်းသုံးတော်မူ၏၊ သင်္ကန်းသုံးထည်သာ ကိုယ်ပိုင် ထားတော်မူ၏၊ အမြဲ ဆွမ်းခံ၍ ဘုဉ်းပေးတော်မူ၏၊ ဆွမ်းခံရာမှာလည်း အိမ်စဉ်မကျော်ဘဲ ဆွမ်းခံတော်မူ၏၊ ဤသို့ စသည်ဖြင့် အမြဲ ဓူတင်ဆောက်တည်တော်မူကာ တစ်ရံတစ်ခါ၌မူ ဆွမ်းခံ မကြမီ သမာပတ်ကို ၀င်စားတော်မူ၍ သမာပတ်မှ ထတော်မူပြီးနောက် ဆင်းရဲသူများကို ချီးမြှောက်သောအားဖြင့် ဆင်းရဲသူများ ရပ်ကွက်သို့ ဆွမ်းခံဝင်တော်မူ၏၊ အခါတစ်ပါး၌ကား သိကြားနှင့် သုဇာတာ မိဖုရားပင် လူဆင်းရဲဟန်ဆောင်၍ အရှင်မဟာကဿပအား ဆွမ်းလောင်းဖူး၏၊ လယ်စောင့် ဆင်းရဲသူမတစ်ယောက်ကား သူ၏ သရေစာ ပေါက်ပေါက်လှော်များကို အရှင်မဟာကဿပအား လှူပြီးနောက် လယ်ကန်သင်း၌ မြွေပေါက်ခံရ၍ စုတေလေရာ ချက်ချင်းပင် တာဝတိံသာသို့ ရောက်သွားသည်။
          တစ်ရံတစ်ခါ၌ နူနာစွဲသူတို့၏ လက်ဖြင့် နယ်၍ လှူဒါန်းအပ် သော ဆွမ်းကိုပင် မြိန်ရှက်စွာ ဘုဉ်းပေးတော်မူပါသတဲ့၊ “အို အရှင်မြတ်ကြီးဘုရား…အရှင်မြတ်၏ လူ့ဘ၀တုန်းက စည်းစိမ်နှင့် အရှိန်အ၀ါကို တွေးကာ ရဟန်းတော်ဘ၀၌ ကျင့်တော်မူပုံများကို နှိုင်းယှဉ်၍ စဉ်းစားလိုက်သောအခါ တပည့်တော်၏ အဖြစ်ကို အားမရနိုင်အောင် ရှိပါသည့်အပြင် အရှင်မြတ်ကြီးကိုကား ဦးတော်ညွှတ်ကာ ပျပ်ဝပ် ရိုသေပါသည်ဘုရား။”
ဗုဒ္ဓရှင်တော် မြှောက်စားတော်မူပုံ
                   နောင်အရေးကို မြော်မြင်သော ဘုရင်မင်းမြတ်သည်  မိမိ၏  အရိုက်အရာကို ဆက်ခံနိုင်မည့်  သားရတနာအား  မိမိ ၀တ်ဆင်မြဲဖြစ်သော မင်းမြောက်တန်ဆာကို ပေးသနားတော်မူသကဲ့သို့ ဗုဒ္ဓရှင်တော်မြတ်သည်လည်း ကိုယ်တော်မြတ်၏ အရိုက်အရာ သာသနာတော်ကို ဆက်လက်၍ ဆောင်ရစ်မည်ကို မြင်တော်မူကာ ကိုယ်တော်မြတ်၏ ပံ့သကူသင်္ကန်းတော်ကို အရှင်မဟာ ကဿပ ရဟန်းဖြစ်စကပင် ပထမအကြိမ် ချီးမြှောက်တော်မူခဲ့ပြီ။
          ထို့နောက် မကြာမကြာ သံဃာ့ပရိသတ်အလယ်မှာ အရှင်မဟာကဿပကို မြှောက်စားတော်မူ၏၊ “ဘိက္ခုတို့ … သင်တို့သည် ကဿပလို နေနိုင်, ကဿပလို ကျင့်နိုင်အောင် ကြိုးစားကြ၊ တရားဟောတဲ့ နေရာမှာပင် ကဿပရဲ့ စိတ်ထားမျိုးနဲ့ ဟောကြ၊ ကဿပ တရားဟောတဲ့အခါ တရားတော်၏ သဘာဝကျပုံ, မှန်ကန်ပုံကို အခြေခံထား၍ “ငါဟောတဲ့တရားကို သူတို့ နာကြလျှင် ကောင်းမှာပဲ, ကြားနာပြီး၍ နားလည်ကြလျှင် ကောင်းမှာပဲ, နားလည်ပြီး လိုက်နာ ကျင့်ကြလျှင် ကောင်းမှာပဲ” ဟု မေတ္တာ ကရုဏာစိတ်ဖြင့် ဟောသည်၊ ဘိက္ခုတို့ငါဘုရားသည် ဈာန်အဘိညာဉ် ၀င်စားတော်မူလိုသည့်အခါ အလိုရှိရာ ဈာန် အဘိညာဉ်ကို (အချိန် မကြာစေဘဲ) ၀င်စားနိုင်သကဲ့သို့ ကဿပသည်လည်း ငါဘုရားလိုပင် ချက်ချင်း ၀င်စား နိုင်သည်”ဟု တန်ခိုးအရာ တန်းတူထား၍ မြှောက်စားတော်မူသည်။
မြှောက်စားရာ၌         ရည်ရွယ်ချက်
ဘာ့ကြောင့် ထိုမျှလောက် မြှောက်စားတော်မူပါသနည်း၊ အရှင်သာရိပုတ္တရာ, အရှင်မဟာ မောဂ္ဂလ္လာန်တို့သည် ဗုဒ္ဓရှင်တော်၏အလျင် ပရိနိဗ္ဗာန်စံကြမည် ဖြစ်၍ ဗုဒ္ဓရှင်တော် ပရိနိဗ္ဗာန်စံတော်မူပြီးသည့် အခါဝယ် အရှင်မဟာကဿပသာလျှင် သာသနာ့ဝန်ကို ဆောင်ရစ် ရမည်၊ ထိုအခါ “ဗုဒ္ဓရှင်တော်သည်ပင် တန်းတူထား၍ မြှောက်စား အပ်သော အရှင်မြတ်ပေတကား” ဟု  အရှင်မဟာကဿပကို သံဃာတော် အားလုံးက လေးစားရစ်စေ တော်မူလိုသောကြောင့် အဂ္ဂသာဝကနှစ်ပါးထက် ပို၍ မြှောက်စားတော်မူပါသည်။
          အရှင်မဟာကဿပသည် သက်တော် တစ်ရာ့ရှစ်ဆယ် ရှည်သောကြောင့် ဗုဒ္ဓရှင်တော် ပရိနိဗ္ဗာန်စံတော်မူပြီးနောက် နှစ်ပေါင်း အတော်ကြာတိုင်အောင် သာသနာ့တာဝန်ကို ဆောင်တော်မူခဲ့ပေသည်၊  ထိုကဲ့သို့  လူ့ဘ၀၌လည်း အမျိုးမြတ်, စည်းစိမ်ရှင် ဖြစ်၍
သာသနာတော်သို့ ၀င်လာသော အခါ၌လည်း တန်ခိုး ဣဒ္ဓိပါဒ်နှင့် အရပ်ရပ် အကျင့်ထူးသော သက်တော်ရှည် သားတော်ကြီးတစ်ပါးကို ဗုဒ္ဓရှင်တော် ရတော်မူလိုက်သည်မှာ သာသနာတော်အတွက် လွန်စွာ ကံကောင်းပါပေသည်။
 
Credit to 

အနာဂတ်သာသနာရေး အပိုင်း(၉၄) အရှင်မဟာကဿပအကြောင်း



အရှင်မဟာကဿပအကြောင်း
အမျိုးဂုဏ်
အရှင်မဟာကဿပ၏   အကြောင်းအရာကို    စဉ်းစားရသည်မှာ ကြက်သီးထ လောက်အောင် အရသာ ရှိပါပေ၏၊ စိတ်အား တက်ကြွ အားရဖွယ်တွေ အတုယူဖွယ် သံဝေဂဖြစ်ဖွယ်တွေ များလှပေ၏၊ သာသနာပကာလ၌ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ကို ကိုးကွယ် ဆည်းကပ်နေသော နန္ဒမင်းဘ၀မှ (ပစ္စေကဗုဒ္ဓါများ ပရိနိဗ္ဗာန်စံကြသောအခါ သံဝေဂရ၍ မင်း မိဖုရား နှစ်ပါးလုံး) ရသေ့ရဟန်း ပြုလုပ်ကာ တရားအားထုတ်၍ ဗြဟ္မာ့ ပြည်၌ ဖြစ်ကြပြီးနောက် ငါတို့ ဘုရားရှင် ပွင့်တော်မူချိန်မှာ ဗြဟ္မာ့ ပြည်မှ စုတေခဲ့ကြ၍ ဗြာဟ္မဏသူဌေးမျိုး၌ “ပိပ္ပလိ”ဟူသော အမည်ဖြင့် ထင်ရှားသော သတို့သား ဖြစ်လေသည်၊ အနွယ်အားဖြင့် ကဿပအနွယ် ဖြစ်သောကြောင့် ကျမ်းစာတို့၌ အရှင်မဟာကဿပ ဟု ထင်ရှား၏၊ မိဘပိုင် ပစ္စည်းများမှာ လယ်ထဲသို့ ရေသွင်းပေးဖို့ ရေကန်ပေါင်း (၆၀), လယ်ယာမြေ (၁၂)ယူဇနာ, လုပ်သားများ နေထိုင်ဖို့ရာ အနုရာဓမြို့ကြီးလောက် ကြီးကျယ်သော (၁၄)ရွာနှင့် မြင်းတပ် ဆင်တပ် ရထားတပ်လည်း (၁၄)တပ်စီလောက်ရှိရကား မဟာရာဇာတမျှ ကြီးကျယ် ခမ်းနားလှပေသည်။
ကြောင်းလမ်းစေ့စပ်ခန်း          
ပိပ္ပလိသတို့သား အသက်(၂၀)အရွယ် ရောက်သောအခါ… ထိုသတို့သား တစ်ယောက်တည်းရှိသော မိဘများက လက်ထပ်ဖို့ရန် ပြောကြ၏၊ ကာမစိတ် သန့်ရှင်းသော ဗြဟ္မာ့ပြည်မှ စုတေလာခဲ့သူ ဖြစ်၍ ကာမမှုကို စက်ဆုပ်ရွံရှာရကား အခါခါ ငြင်းဆန်၍ တောထွက် ရန်သာ ဇွဲသန်သန် ပြောနေ၏၊ မိခင်ကြီးကား မိမိတို့ ပစ္စည်းများ အမွေခံ မရှိလျှင် မင်းဘဏ္ဍာ ဖြစ်ရစ်မည် စိုး၍ အမျိုးမျိုး ဖျောင်းဖျ ပြောဆိုလေရာ ပန်းပုသမားထံ အလှဆုံး ရွှေရုပ်ကို အထုခိုင်း၍ ထိုရွှေရုပ်လောက် ချောသူကို ရမှ လက်ထပ်မည်ဟု ပြောလေသည်။

          (မရနိုင်ဘူး ထင်၍ ပြောခြင်း ဖြစ်သော်လည်း) မိခင်ကြီးကား အားမလျှော့၊ “ငါ့သား ကောင်းမှုပြုစဉ်တုန်းက တစ်ယောက်တည်း ပြုခဲ့မှာမဟုတ်ဘူး၊ ကောင်းမှုပြုဖက်အမျိုးသမီးဟာ ဒီရွှေရုပ်လောက် ချောမှာပေါ့” ဟု ယူဆ၍ ဗြာဟ္မဏ ရှစ်ယောက်ထံ ရွှေရုပ်ကို အပ်နှံကာ ချွေးမလောင်း အရှာခိုင်းလေတော့သည်။
          နန္ဒမင်းဘ၀ မရောက်ခင်ကပင် မကြာ မကြာ ရေစက်ဆုံလာ သော အမျိုးသမီးသည် နန္ဒမင်း၏ မိဖုရားဘ၀၌ အတူတကွ ရသေ့ လုပ်ခဲ့ကြ၍ ဗြဟ္မာ့ပြည် ရောက်, ထို့နောက် လူ့ပြည်မှာ မိန်းမချော မိန်းမလှ အများဆုံးထွက်သော (ပဘာဝတီတို့ တိုင်းပြည်ဖြစ်ခဲ့သော) မဒ္ဒရာဇ်တိုင်း ဗြာဟ္မဏသူဌေးမျိုး၌ မယ်ဘဒ္ဒါဟူသော အမည်ဖြင့် ဖြစ်နေ၏၊ ထိုဗြာဟ္မဏရှစ်ယောက်တို့ မဒ္ဒရာဇ်တိုင်းအရောက်တွင် တစ်ဆယ့်ခြောက်နှစ်အရွယ်ဝင် အပျိုစင် “မယ်ဘဒ္ဒါ”ကို တွေ့ကြ၍ ထိုရွှေရုပ်ကို အပ်နှင်းကာ စေ့စပ်ကြောင်းလမ်း၍ ပြန်သွားကြလေသည်။
 မကျေမနပ်နှင့် လက်ထပ်ကြရပုံ        
ထိုအကြောင်းကို သတို့သား သတို့သမီးတို့ ကြားသိရလျှင် စိတ်အဆင်းရဲကြီး ဆင်းရဲသွား ကြတော့၏၊ သတို့သား စဉ်းစားသည်မှာ… “ငါသည် ထိုရွှေရုပ်လို အမျိုးသမီးကို မရနိုင်ဘူး ထင်ခဲ့၏၊ ယခုသော် ရပြီဟု ပြောကြသည်၊ ဘာပဲဖြစ်ဖြစ် မိဘများ ကွယ်လွန်လျှင် တောထွက်မည် အမှန်ပင်ဖြစ်ရကား သတို့သမီးလေး စိတ်ဆင်းရဲရစ် ရှာတော့မည်၊ ကိစ္စမလွန်ခင်က သတိပေးရလျှင် သင့်တော်စရာ ရှိရဲ့” ဟု စဉ်းစား၍ တိတ်တိတ်ပုန်း စာရေးသည်မှာ…
          “အို ဘဒ္ဒါ … နှမအတွက် ဂုဏ်အသရေချင်း တူမျှသော အမျိုးသားကို ရပါစေဟု ဆုတောင်းပါသည်၊ ကျုပ်တော့ မိဘများ ကွယ်လွန်လျှင် အမှန်ပင် ရဟန်းပြုရပါလိမ့်မည်၊ နောင်တ မရဖို့ရန် ယခုက သတိပေးပါသည်” ဤသို့ စာရေး၍ လူယုံတော်ကို စေလွှတ်လိုက်လေသည်။
          အမျိုးသမီးလည်း ထိုအတိုင်းပင် စဉ်းစား၍ မိမိလက်မထပ်လိုသော စာကို ရေးသားစေလွှတ်လေရာ ထိုစေတမန်နှစ်ဦးတို့ ခရီး အကြားမှာ တွေ့ကြ၍ အကျိုးအကြောင်း မေးကာ ( ၀မ်းမြောက်ကျေနပ်ကြောင်း ကြင်ကြင်နာနာ ရေးသားကြလိမ့်မည်ဟု ထင်၍) ပေးလိုက်သော စာကို သဘောတူ ဖွင့်ကြည့်သောအခါ သူတို့ ထင်ကြေးနှင့် မကိုက်သော စာနှစ်စောင်ကို ဆုတ်ပြီးလျှင် သဘောတူ ကျေနပ်ကြောင်း စာကိုသာ ပြင်ဆင်ရေးသား၍ ပို့ကြလေသတဲ့၊ ဤသို့အားဖြင့် ကာမစိတ် ကင်းရှင်းနေသော ရေစက်ဟောင်း နှစ်ဦးတို့ လက်မထပ်ချင်ဘဲနှင့် လက်ထပ်ပွဲ ၀င်ကြရလေသည်။
တောထွက်ကြပုံ                  
လက်ထပ်ပြီးနောက် အိပ်ရာဝင်ချိန်မရောက်မီကပင် ပန်းကုံးများကို ကုံးစေပြီးကာ အိပ်ရာ အလယ်၌ ချထား၍ အိပ်ရာဝင်ကြသောအခါ “ပန်းကုံးကို မထိတမ်းနော်, ညှိုးတဲ့ ပန်းကုံးရှင်ဟာ စိတ်မစင်ကြယ်လို့ဘဲ”ဟု ပြော၍ ပန်းကုံးခြားလျက် အိပ်စက်ကြလေသည်၊ သို့သော် တစ်ယောက်နှင့် တစ်ယောက် ထိမိမည် စိုးသောကြောင့် စိတ်ချ လက်ချ အိပ် မပျော်ကြ၊ ဤနည်းအားဖြင့် အိမ်ရာထောင်၍ လူ့ဘောင်မှာ နေကြသော်လည်း ကာမစိတ်ဓာတ် လွတ်လပ်စင်ကြယ်ရကား မောင်နှမ အရင်းပမာ တစ်ဦးနှင့်တစ်ဦး အထူးကြင်နာစွာ နေထိုင်ကြပြီးနောက် မိဘတို့ ကွယ်လွန်သောအခါ စည်းစိမ် ဥစ္စာကို ထိန်းသိမ်း စီမံရင်း သံဝေဂဖြစ်ကြ၍ သဘောတူ တောထွက်ကြလေသည်၊ သို့သော် ထိုအချိန်အခါ၌ “ဗုဒ္ဓ” ရှိသည်ဟူသော သတင်းကို သူတို့ မသိရသေးသဖြင့် “လောက၌ ရဟန္တာအစစ် ဖြစ်ပြီးသူကို ရည်မှန်း၍ ထိုသူ့ အထံ တပည့်ခံဖို့ရာ ငါတို့ ရဟန်းပြုပါသည်”ဟု ပြောဆိုကာ ရဟန္တာ အစစ်ကို ရှာသောအားဖြင့် တောထွက်လာခဲ့ကြခြင်းဖြစ်သည်။
နောက်ဆုံးအခွဲ မြေလှုပ်                  
တောထွက်လာခဲ့ကြပြီးနောက် လမ်းနှစ်ခွသို့ ရောက်သောအခါ အရှင်ပိပ္ပလိသည် ရပ်တန့်၍ “ဘဒ္ဒါ…သင်ကဲ့သို့ ရုပ်အဆင်း အထက်တန်းကျသော ရသေ့မတစ်ယောက် နောက်က ပါနေသည်ကို မြင်ရသူ တို့က… “သူတို့နှစ်ယောက် ရသေ့ ရဟန်း ပြုပြီးသော်မှ မခွဲနိုင် မခွာရက်ကြ”ဟု အပြစ်မြင်ကြလိမ့်မည်၊ သင်အလိုရှိရာလမ်းကို ယူပါ၊ ငါတို့နှစ်ယောက် လမ်းခွဲကြစို့”ဟု မိန့်တော်မူရာ မယ်ဘဒ္ဒါကလည်း “မှန်ပါတယ်၊ လူအများ အပြစ်မြင်စရာ ဖြစ်နေပါတယ်၊ နှမက လက်ဝဲဘက်လမ်းကို လိုက်သွားပါ့မယ်၊ အရှင်က လက်ယာလမ်းကို ကြွပါ”ဟု လျှောက်၍ အလွန်ရိုသေစွာ ကန်တော့ရာ မြေစောင့်နတ်များ မနေနိုင် မထိုင်နိုင် ဖြစ်၍ ဤမဟာပထ၀ီမြေကြီးလည်း သွက်သွက်ခါအောင် တုန်လှုပ်လေသည်။
 
Credit to 

Gold price estimated