Video

Tuesday, 1 July 2014

အနာဂတ်သာသနာရေး အပိုင်း(၁၀၄) မဟာထေရ်များ၏ အမြော်အမြင်



တတိယသင်္ဂါယနာတင်ခန်း
မဟာထေရ်များ၏ အမြော်အမြင်
ဒုတိယသင်္ဂါယနာ တင်ကြပြီးသောအခါ…မဟာထေရ်တို့သည် “နောက်နောင်အခါဝယ် သာသနာတော်၌ ယခုလို ဘေး အန္တရာယ်များ ဖြစ်ဖွယ်ရှိသေးသလား”ဟု စဉ်းစားတော်မူကြ၏၊ ထိုအခါ နောင်နှစ်ပေါင်း (၁၁၈) နှစ်မြောက်ဝယ် ဓမ္မာသောက မဟာရာဇာ၏ လက်ထက်၌ ဘေးရန်ဖြစ်ဖွယ်ရှိကြောင်းကို မြင်တော်မူကြရ၍ ထိုအချိန်မှာ မိမိတို့ မရှိနိုင်ကြောင်းကိုလည်း သိတော်မူရကား ထိုအခါ၌ သာသနာပြုနိုင်မည့် ပုဂ္ဂိုလ်ကို လူ့ပြည် နတ်ပြည်မှာ ရှာသော်လည်း မတွေ့ကြ၊ ဗြဟ္မာ့ပြည်ကို ကြည့်မှ အသက်ကုန်ခါနီး၌ အထက်ဗြဟ္မာ့ပြည်သို့ ဆက်လက်ဖြစ်ဖို့ရန် ကုသိုလ်ဈာန်လည်း ရှိသော “တိဿဗြဟ္မာမင်း”ကို တွေ့သဖြင့် သာသနာပြုရေးအတွက် အထက်သို့ မဖြစ်ဘဲ လူ့ပြည်၌ ဖြစ်ဖို့ရန် တောင်းပန်ကြလေသည်။
          ဗြဟ္မာမင်းလည်း ““ငါသည် သာသနာတော်၌ ဖြစ်ပေါ်လာမည့် ဘေးရန်ကို နှိမ်နင်း၍ သာသနာတော်ကို ချီးမြှောက်နိုင်မည့်သူပါ တကား””ဟု လွန်စွာ ၀မ်းမြောက်လျက် ရဟန္တာ အရှင်မြတ်တို့ တောင်းပန်ချက်ကို လက်ခံ၍ အချိန်ရောက်လတ်သော် မောဂ္ဂလိ ဗြာဟ္မဏ၏ အိမ်၌ ပဋိသန္ဓေတည်လာသည်၊ ထိုရဟန္တာအရှင်မြတ် တို့လည်း (ထိုစဉ်အခါ ရဟန်းငယ်များသာ ဖြစ်၍ သင်္ဂါယနာတင် ကိစ္စ၌ မပါနိုင်ကြသေးသော ပိဋကသုံးပုံဆောင် ရဟန္တာများလည်း ဖြစ်ပြီးသော)  အရှင်သိဂ္ဂ၀,  အရှင်စဏ္ဍ၀ဇ္ဇီ ထေရ်နှစ်ပါးတွင် …
““တစ်ပါးက မောဂ္ဂလိဗြာဟ္မဏအိမ်မှ သတို့သားကို ရဟန်းဖြစ်အောင် သွေးဆောင်ရစ်ရမည်၊ တစ်ပါးက ပိဋကကို သင်ပေးရစ်ရမည်””ဟု အမိန့်ပေးကာ အနာဂတ်သာသနာရေးကို ရွက်ဆောင်တော်မူပြီးမှ ပရိနိဗ္ဗာန်စံတော်မူကြလေသည်။

မှတ်ချက်။                 ။ ဤနေရာဝယ်  ရှေးရှေး  သာသနာ့ဝန်ဆောင် ထိပ်ခေါင်တင် ရဟန္တာကြီးများ၏ သာသနာ တော်အတွက် ကြိုးစားတော်မူချက်ကို ယခုခေတ် ပုဂ္ဂိုလ်များ လေးလေးနက်နက် စဉ်းစားသင့်ကြပါသည်။
အရှင်မောဂ္ဂလိပုတ္တတိဿ
မောဂ္ဂလိဗြာဟ္မဏ၏ သားတော်ဖြစ်သောကြောင့် ““မောဂ္ဂလိပုတ္တ””ဟု လည်းကောင်း, တိဿဗြဟ္မာမင်း ဖြစ်ခဲ့ဖူးသောကြောင့် ““မောဂ္ဂလိပုတ္တတိဿ””ဟုလည်းကောင်း ထင်ရှားသော ရဟန္တာ၏ အလောင်းအလျာ သတို့သားသည် တစ်ဆယ့်ခြောက်နှစ်အရွယ်ရောက်သော အခါ ဝေဒကျမ်း၌ ကျွမ်းကျင်တတ်မြောက်လေပြီ၊ အရှင်သိဂ္ဂ၀ထေရ်သည်လည်း ထိုသတို့သား ပဋိသန္ဓေနေသည်မှ စ၍ ထိုအိမ်၌ ဆွမ်းခံဝင်လေရာ ခုနစ်နှစ်လုံးလုံး ကန်တော့ဆွမ်းမျှ မရဖူးချေ၊ သို့သော် မိမိ ရည်ရွယ်ချက်အားလျော်စွာ ရပ်မြဲ ရပ်လေရာ ခုနစ်နှစ်လောက် ကြာမှ (သူတို့ဘာသာဖြင့် “အတိစ္ဆထ” မြန်မာလို “ကန်တော့ဆွမ်း” ဟူသော စကားကို ရလေသည်။)
          ထို့နောက် ဆွမ်းအနည်းငယ်လောင်းရာမှ ဣနြေ္ဒရပုံကို ကြည်ညိုသဖြင့် နေ့တိုင်း ဆွမ်းဘုဉ်းပေးရလေရာ ထိုသတို့သား တစ်ဆယ့်ခြောက်နှစ်အရွယ်ရောက်သောအခါ ပြဿနာမေးရာ၌ သတို့သား မဖြေနိုင်ရကား ထိုပြဿနာရပ်ကို တတ်သိလိုသော ဆန္ဒဖြင့် ရဟန်း ပြုလေသော် သိဂ္ဂ၀ဆရာတော်သည် “ကေသာ လောမာ”စသော ကမ္မဋ္ဌာန်းကို စီးဖြန်းစေကာ မကြာခင် သောတာပန် ဖြစ်စေသည်၊ ထို့နောက် စဏ္ဍ၀ဇ္ဇီဆရာတော်ထံ ပို့၍ ပိဋကတော်ကို သင်ယူစေရာ ရဟန်း ဖြစ်ပြီးစ အသက် (၂၀) အရွယ်မျှ၌ပင် ပိဋကအားလုံး တတ်မြောက်သော ရဟန္တာဖြစ်၍ များစွာသော ပရိသတ်အား ပိဋကပို့ချလျက် သာသနာ့တာဝန်ကို ဆောင်ရွက်နိုင်သော ထိပ်ခေါင်တင် တစ်ပါး ဖြစ်တော်မူလေသည်။
ဓမ္မာသောကမင်း
သာသနာ့ဝံသ (သာသနာ့ အဆက်အနွယ်)ရေးသားသူတိုင်း ဓမ္မာသောကမဟာရာဇာကို ချန်လှပ်၍ မဖြစ်နိုင်ပါ၊ အရှင်မဟာကဿပနှင့် အဇာတသတ် မဟာရာဇာတို့ ဗုဒ္ဓမြတ်စွာ၏ ဓာတ်တော်တို့ကို စုဆောင်း၍ ရာဇဂြိုဟ်မြို့အနီးဝယ် ဌာပနာစဉ်ကပင် အသောကမဟာရာဇာ၏ သာသနာပြုမည့်အကြောင်းကို အရှင်မဟာကဿပ ဗျာဒိတ်ပေး တော်မူခဲ့၏၊ အသောက၏ ခမည်းတော်ဖြစ်သော ဗိန္ဒုသာရမဟာရာဇာသည် ခမည်းတော်စန္ဒဂုတ္တ၏လက်ထက်မှစ၍ ဗြာဟ္မဏပေါင်း ခြောက်သောင်းလောက်ကို နန်းတော်၌ အမြဲ ထမင်းကျွေးလာခဲ့၏၊ (ဘာ့ကြောင့်နည်း၊ စန္ဒမည်သော ဗြာဟ္မဏ၏ နည်းပေးလမ်းပြမှုကြောင့် ဧကရာဇ်မင်းအဖြစ်ကို ရခဲ့သည့်အတွက် ဗြာဟ္မဏတို့ကို ကျေးဇူးဆပ်လိုသောကြောင့်တည်း၊) အသောက မဟာရာဇာလည်း ထိုဘိုးတော်,ခမည်းတော်တို့ ၀တ်ပြုမြဲအတိုင်းဝတ်ပြုခဲ့၍ တစ်နေ့သ၌ လေသာနန်းတံခါးမှ ထိုဗြာဟ္မဏတို့ စားသောက်ကြပုံကို ဂရုစိုက်၍ ကြည့်လိုက်မိရာ ဣနြေ္ဒမဲ့စွာနှင့် စားသောက်နေကြပုံကို မြင်ရသဖြင့် “ဤမျှလောက် များပြားသော အလှူကို စဉ်းစားနှိုင်းချိန်၍ လှူ သင့်ရာ ဌာန၌ လှူမှ သင့်လျော်မည်”ဟု စဉ်းစားမိလေသည်။

No comments:

Post a Comment

Gold price estimated