သို့သော် ကြည်နူးရသည့်အခါထက်   စိတ်ထိခိုက်ရသည့်အခါက ပိုများပါသည်။  တစ်ခုသော တစ်ထောင်ဘုရားများကို   ဖူးမျှော်ကြည့်ရာ ဘုရားရုပ်ပွားဟူ၍ပင်  မသိနိုင်တော့။ ဘာရုပ်တွေပါလိမ့်ဟု   တွေးတောယူရသည်အထိ ပုံတွေကပျက်စီးနေသည်။  အမိုးအကာ မပါသဖြင့် မိုးရွာတော့စို၊   နေပူတော့ခြောက်နှင့်  ရုပ်ပွားများမှာ မဲခြောက်ပြီး ပျက်စီးနေသည်။
    
    
  
 ဘုရားတည်ဖို့အတွက်   အလှူရှင်ရှာရန် လွယ်ကူသော်လည်း  ပြုစုစောင့်ရှောက်ဖို့၊   သန့်ရှင်းရေးလုပ်ဖို့ အလှူရှင်ရှာရန်ကား  မလွယ်ကူပေ။ ထို့ကြောင့်   တစ်ထောင်ရုပ်ပွါးများကို တောထဲတွင် ဒီအတိုင်း  ပစ်ထားရာ မြက်ပင်များ၊   ချုံပုတ်များက ရုပ်ပွားများကို ဖုံးလွှမ်းနေပေသည်။  တစ်ထောင်ရုပ်ပွားများ   ခန္တီပါရမီကို ဖြည့်ဆည်းရင်း ချုံပုတ်တွေအောက်တွင်  စံနေကြရရှာသည်။   နောက်ငါးနှစ်ခန့်ကြာလျှင် ထိုရုပ်ပွားများ  အားလုံးပျက်စီးပြီး   မြေကြီးဖြစ်ရပေတော့မည်။ ရဟန်းမို့ မျက်ရည်မကျသော်လည်း  နှလုံးသားထဲမှာကား   ငိုမိနေပါပြီ။
      
  
 တစ်ဆူကိုငါးသိန်း၊   အဆူတစ်ရာဆိုလျှင် သိန်းငါးရာ၊  အဆူတစ်ထောင်ဆိုလျှင် သိန်းငါးထောင်   ဗုဒ္ဓဘာသာတို့၏ ချွေးနည်းစာ  သိန်းငါးထောင်သည် ချုံပုတ်များ၊   မြက်ပင်များအောက်မှာပင် ကုန်ဆုံးခဲ့ရပြီ။  ရွှေဘိုမြို့သို့ တရားဟောကြွစဉ်က   မိဘမဲ့ပရဟိတကျောင်း တစ်ကျောင်းသို့  သွားရောက်လှူဒါန်းခဲ့သည်။ ထိုကျောင်းကို   တည်ထောင်ဖွင့်လှစ်သူမှာ  စာရေးဆရာကြီး ဦးသန်းထွန်း(ရွှေဘို)ပင်ဖြစ်သည်။   ဆရာကြီး၏  ပရဟိတကျောင်းကြီးမှာ ကျယ်ဝန်းသော်လည်း ကလေးငယ်(၃၀)သာ ရှိသည်။   သုံးရာခန့်  လက်ခံနိုင်အောင် ကျယ်ဝန်းလျက် အဘယ်ကြောင့် သုံးဆယ်သာ   လက်ခံရသနည်းဟု  မေးမြန်းကြည့်ရာ ဆရာကြီးက - 
      
  
 “လက်ခံချင်တာပေါ့ဘုရား၊   ကျွေးစရာမရှိလို့ ဒီလောက်ပဲ လက်ခံရတာပါ။  ဆရာတော်သိတဲ့အတိုင်းပဲ   ဗုဒ္ဓဘာသာအများစုဟာ အခုလို လူမူရေးကိစ္စတွေမှာ  လှူဒါန်းရကောင်းမှန်း သိပ်ပြီး   မသိကြသေးဘူးဘုရား။ တောင်ပေါ်ဒေသက  မိဘမဲ့တိုင်းရင်းသားကလေးတွေ   အများကြီးလာအပ်ကြတယ်။ တပည့်တော်တို့ကျောင်းက  ကျွေးစရာမရှိတော့   လက်မခံနိုင်ဘူး”
      
  
 “ဘာသာခြား   ပရိဟတကျောင်းတေဓွကတော့ ဘယ်နှစ်ယောက်လာလာ  ကျွေးနိုင်တယ်။ ဒီတော့   တပည့်တော်တို့ဗုဒ္ဒဘာသာ တိုင်းရင်းသား ကလေးတွေဟာ  တခြားဘာသာခြားတွေပဲ   ဖြစ်ကုန်တော့တာပေါ့။ ဘာသာခြားသူဋ္ဌေးတွေက  သူတို့ဘာသာအတွက်   တကယ်ကျေးဇူးများမယ့်နေရာကို ရွေးလှူတတ်ကြတယ်ဘုရား။  တပည့်တော်တို့   ဗုဒ္ဓဘာသာသူဌေးအများစုကတော့ ကျေးဇူးများမယ့်နေရာကို  ရွေးလှူတတ်တဲ့အလေ့အထ   သိပ်မရှိကြသေးဘူးဘုရား”
      
  
 ချုံပုတ်ထဲ၊   မြက်ထဲတွင် အလကားဖြစ်သွားမည့် သိန်းပေါင်း  ငါးထောင်ထဲမှ   သိန်းပေါင်းငါးရာလောက်ကို ထုကဲ့သို့သော ဓဗုဒ္ဓဘာသာ  ပရဟိတကျောင်းများသို့   လှူဒါန်းကြမည်ဆိုလျှင် တိုင်းရင်းသား  ရင်သွေးငယ်များ ဘာသာခြားဘ၀သို့   ရောက်လိမ့်မည်မဟုတ်ပေ။ ဒါန၊ သီလ၊  ဘာဝနာသုံးပါးလုံးသည် ဗုဒ္ဓချမှတ်ခဲ့သော   ၀ိမုတ္တိလမ်းစဉ်များဖြစ်သည်။  ၀ိမုတ္တိ - လွတ်မြောက်ခြင်းဟူသည် ခန္ဓာမှ   လွတ်မြောက်ခြင်းပင်ဖြစ်၏။
      
  
 ခန္ဓာဟူသည်   အကျိုးတရားဖြစ်၏။ လောဘ၊ ဒေါသ၊ မောဟ စသော  အကြောင်းတရားများကြောင့် ဤခန္ဓာသည်   ဖြစ်ပေါ်လာရခြင်းဖြစ်၏။ အကျိုးတရားကို  မလိုချင်လျှင် အကြောင်းတရားကို   အရင်သတ်ရ၏။ ထိုတွင် ဒါနကုသိုလ်သည်  လောဘဦးစီးသော ကိလေသာများကို ပါးအောင်၊   နည်းအောင် ပြုလုပ်နိုင်စွမ်းရှိ၏။
      
  
 သီလကုသိုလ်သည်   ဒေါသဦးစီးသော ကိလေသာများကိုပါးအောင် နည်းအောင်  ပြုလုပ်နိုင်စွမ်းရှိ၏။   ဘာဝနာသည် မောဟ ဦးဆောင်သော ကိလေသာများကို  ပါးအောင်နည်းအောင်   ပြုလုပ်နိုင်စွမ်းရှိ၏။ ထိုကဲ့သို့သော အသိတရားများကို  ဓမ္မများက   ပေးနိုင်စွမ်းရှိ၏။ ရာဇဂြိုလ်မှ မဟာဓနသူဌေးကြီးသည် သူ့သားအား    ထိုဓမ္မအမွေပေးရန် သတိမရခဲ့ပေ။ ဘုရားရှင်ထံတွင် တစ်ကြိမ်ခန့်တရားနာရုံနှင့်    ထိုအသိများကို အပြည့်အ၀ရနိုင်၏။ သူတို့မြို့တွင် ဘုရားရှင်သည်    ညစဉ်တရားဟောနေ၏။ သို့သော် သူ့သားအားတစ်ကြိမ်မျှ တရားနာရန်မတိုက်တွန်းခဲ့။
      
  
 ထို့ကြောင့်လည်း   ယခုလိုဇရပ်ပေါ်တွင် သူတောင်းစားဘ၀နှင့်  ရောက်လာရခြင်းဖြစ်သည်။   သာဝတ္ထိမြို့မှ အနာထပိဏ် သူဌေးကြီးကား  သားသမီးအားလုံးကိုသာမက ကာမေသုကံကို   လက်ရဲဇက်ရဲ ကျူးလွန်နေသော  တူတစ်ယောက်ကိုပင် ဓမ္မအမွေရအောင်ပေးပြီး   နိဗ္ဗာန်အရောက်ပို့ခဲ့သည်။
      
  
 အနာထပိဏ်တွင်   သားသမီးလေးယောက်ရှိ၏။ သမီးအကြီးနှစ်ယောက်သည်  သောတာပန်။ အငယ်ဆုံးသမီးလေး   သုမနကား သကဒါဂါမ်၊ သားဆိုးသားမိုက်  အရက်သမားမောင်ကာဠကိုပင်   ငွေတစ်ထောင်ပေးပြီး ဘုရားရှင်၏  တရားကိုနာယူစေခြင်းဖြင့်   သောတာပန်တည်စေခဲ့သည်။ ယခုလည်း ခေမအမည်ရှိ  သူ၏တူတစ်ယောက်သည်   သူတပါး၏မယားများ၊ သမီးပျိုများနှင့် ဖောက်ပြားလျက်  ရှိသည်။   ခေမ၏ရှေးဆုတောင်းကြောင့် အမျိုးသမီးများသည် သူ့ကိုမြင်ရလျှင်    ဣနြေ္ဒပျက်လောက်အောင် ငမ်းငမ်းတက်ဖြစ်ကြ၏။
      
  
 သူတစ်ပါးလင်မယားနှင့်   ညအခါ သွားရောက်ပျော်ပါးလေ့ရှိသည်။  မင်းချင်းတို့က ဖမ်းမိသောအခါ   မင်းကြီးထံပို့သကြ၏။ ကောသလမင်းကြီးသည်  အနာထပိဏ်သူဌေးကြီး၏   မျက်နှာကိုထောက်ပြီး အပြစ်မဘေးဘဲ ပြန်လွှတ်လိုက်၏။  လွှတ်ပြီး မကြာမီမှာပင်   သူတစ်ပါးမယားနှင့် ပျော်ပါးပြန်ရာ ထပ်မိသဖြင့်  ဘုရင့်ထံထပ်ရောက်ပြန်၏။   မင်းကြီးကလည်း အနာထပိဏ်ကို အားနာသဖြင့်  ပြန်လွှတ်ပေး၏။ နောက်ဆုံးတွင်   သူဌေးကြီးသည် တူဖြစ်သူကို သူကိုယ်တိုင်  ဘုရားရှင်ထံခေါ်သွားပြီး   တရားနာစေသည်။ မြတ်စွာဘုရားသည် ဖော်ပြပါ  အဓိပ္ပာယ်ရှိသော နှစ်ဂါထာကို   ဟောကြားတော်မူသည်။
  မေတ္တာရှင်(ရွှေပြည်သာ) “လူဖြစ်ရခြင်းရဲ့ရည်ရွယ်ချက်” စာအုပ်မှ ပြန်လည်ထုတ်နုတ်ဖော်ပြပေးထားပါသည်။ 
 
No comments:
Post a Comment