သာသနာဆိုတဲ့စကားလုံးကို အားလုံးတရင်းတနှီးကြားဘူးကြမယ်ထင်ပါတယ်။ သာသနာဆိုတဲ့စကားလုံးကို လူအများစုက ရဟန်းသံဃာတွေနဲ့ပဲသက်ဆိုင်တယ်လို့ ယူဆထားကြပါတယ်။ တကယ်တော့ သာသနာဆိုတာ အဆုံးမကိုပြောတာပါ။ ဗုဒ္ဓသာသနာဆိုရင်ဖြင့် ဘုရားရဲ့အဆုံးမလို့ဆိုရမယ်ပေါ့။ အချို့ဆရာတော်ကြီးတွေက ဗုဒ္ဓဘာသာလို့ပြောတာထက် ဗုဒ္ဓသာသနာလို့ပြောတာကို ပိုပြီးနှစ်သက်တော်မူကြပါတယ်။ ဒါမှလည်း ဗုဒ္ဓသာသနာဝင်လို့ ဆိုလိုက်ရင်.. ဗုဒ္ဓရဲ့အဆုံးမကို ထဲထဲဝင်ဝင်သက်ဝင်ယုံကြည်သူလို့ တခါထဲအဓိပ္ပါယ် ပေါက်သွားစေဖို့အတွက် ဆရာတော်ကြီးတွေနှစ်ချိုက်မိတယ်လို့ ကျွန်တော့်ကတော့ အဲ့ဒီ့လို ယူဆမိပါတယ်။ တကယ်တော့ ဗုဒ္ဓသာသနာဆိုတဲ့ ဗုဒ္ဓဆုံးမခဲ့တဲ့အဆုံးမတွေဟာ ဗုဒ္ဓဘာသာဝင်တစ်ခုထဲနဲ့တင် သက်ဆိုင်တာမဟုတ်ပါဘူး။ ဗုဒ္ဓဆုံးမခဲ့တဲ့ အဆုံးမတွေဟာ ဗုဒ္ဓဘာသာဝင်တွေအတွက်ပဲ သီးသန့်ကိုးကွယ်နိုင်အောင် လိုက်နာကျင့်ကြံနိုင်အောင် ဟောပြဆုံးမပေးခဲ့တဲ့ အဆုံးမတွေမဟုတ်ပါဘူး။ သတ္တ၀ါတွေအားလုံးအတွက် အမြဲတမ်းမဖောက်မပြန် မှန်ကန်တဲ့ အမှန်တရားတစ်ခုဖြစ်တဲ့ ဓမ္မဆိုတဲ့လမ်းမှန်ပေါ်ကို သတ္တ၀ါတွေအားလုံး လျောက်လှမ်း နိုင်စေဖို့အတွက် ဗုဒ္ဓက ဟောပြဆုံးမပေးခဲ့တာပါ။ ဒ့ါကြောင့်ဗုဒ္ဓဆုံးမပေးခဲ့တဲ့အဆုံးမတွေဟာ သတ္တ၀ါတွေအားလုံးနဲ့ သက်ဆိုင်နေပါတယ်။ ကျွန်တော်အရင်ကရေးခဲ့တဲ့ပိုစ့်တွေထဲမှာ ဗုဒ္ဓဘာသာဟာ အခြားဘာသာဝင်တွေနဲ့ လုံးဝခြားနား တယ်လို့ ဖော်ပြရေးသားခဲ့ဘူးပါတယ်။ ဒါဟာ အခြားဘာသာတွေကို ထိပါးစော်ကားလိုတဲ့စိတ်နဲ့ ရေးသားလိုခြင်း မဟုတ်ပါဘူး။ ဗုဒ္ဓရဲ့အဆုံးမတွေကို လိုက်နာကျင့်ကြံနေကြတဲ့ ဗုဒ္ဓဘာသာဝင် တွေအတွက် ဗုဒ္ဓရဲ့အဆုံးမတွေကို ထဲထဲဝင်ဝင်သိစေချင်တဲ့ဆန္ဒနဲ့ နှိုင်းယှဉ်ဖော်ပြပေးခြင်းသာ ဖြစ်ပါတယ်။ ဒီလိုဘာလို့နှိုင်းယှဉ်ပြောရလဲဆိုရင် ယခုခေတ်လူငယ်တွေအနေနဲ့ သာသနာဆိုတဲ့စကားလုံးကို အတော်လေးပဲ မျက်ကွယ်ပြုလာကြတဲ့အတွက်ပါ။ ဘုရားဆိုတာ ဘာမှန်းမသိ၊ တရားဆိုတာဘာမှန်းမသိ၊ သံဃာဆိုတာဘာမှန်းမသိနဲ့ အတော်လေးကိုရင်လေးစရာပါ။ အချို့ဆို ဗုဒ္ဓဘာသာဝင်ဆိုတဲ့အဓိပ္ပါယ်ဟာ ဘာလဲဆိုတာတောင် မသိကြတော့ပါဘူး။ အဲဒီအဓိပ္ပါယ်ကို မသိရင်ဖြင့် ဘုရားဘာလို့ကန်တော့ရလဲ.. သံဃာဘာလို့ကန်တော့ရလဲဆိုတဲ့ အသိတရားတွေကတော့ ပိုဝေးသွားပြီပေါ့။ ကျေးဇူးတရားဆိုတာ နားမလည်ရင် တန်ဖိုးထားမှုဆိုတာလည်း လုံးဝမရှိတော့ပါဘူး။ တန်ဖိုးမထားတတ်ဘူးဆိုရင်ဖြင့် တန်ဖိုးရှိတဲ့သာသနာဟာ အနှေးနဲ့အမြန်ကွယ်ပျောက်ရပါလိမ့်မယ်။ ဒီလိုလူငယ်တွေသာသနာနဲ့ ဝေးကွာလာရခြင်းဟာ မိဘတွေရဲ့လမ်းညွှန်ပြသမှု လျော့နည်းလာမှု မှာလည်း အခြေခံတစ်ရပ်အနေနဲ့ ပါဝင်ပါတယ်။ မိဘကလည်း မိရိုးဖလာ၊ သားသမီးကလည်း မိရိုးဖလာဆိုရင်ဖြင့် သာသနာဟာ အနှေးနဲ့အမြန်ပျောက်ကွယ်မှာပါပဲ။ မိဘတွေအနေနဲ့သားသမီးကို ဘုရားကန်တော့ခိုင်းယုံ၊ ရှင်ပြုပေးလိုက်ယုံနဲ့ တာဝန်ကျေပြီလို့အများစုက ယူဆထားကြပါတယ်။ တရားအလုပ်ကိုလေ့လာရင်ကိုပဲ သာသနာ့ဘောင်ဝင်ပြီး ရဟန်းသံဃာဖြစ်သွားမှာကိုပင် အလွန်အမင်းစိုးရိမ်နေကြတဲ့ပုံပါ။ ကိုယ့်သားကိုယ့်သမီး တရားစာအုပ်လေးဖတ်ရင်တောင် တရားဆိုတာအသက်ကြီးမှလုပ်ရတာဆိုပြီး ပေးမဖတ်တဲ့မိဘတွေ ရှိကြပါသေးတယ်။ ဒီတော့ လူငယ်တွေအနေနဲ့ သာသနာနဲ့ဝေးကွာလာကြရတာဟာ ဘာမှမဆန်းပေဘူးပေါ့။ ပြီးတော့ ဘုန်းကြီးကျောင်းဆိုတာကိုလည်း တစ်နှစ်နေလို့တစ်ခါ အလှူအတန်းလေးလုပ်တုန်း၊ သာရေးနာရေးလေးလုပ်တုန်းပဲ ရောက်ဖြစ်တော့ လူငယ်တွေအနေနဲ့ ဘုန်းကြီးကျောင်းဆိုတာ ဆွမ်းချိုင့်ပို့ယုံပဲလို့ ထင်မိကြတော့တာပါပဲ။ သွားလှူ သွားကန်တော့ရင်း ကုသိုလ်ရတာလောက်သိပြီး ဘာမှမသိရင်ဖြင့် သာသနာတော်ကို ဘယ်လိုလေးလေးနက်နက် ထောက်ပံ့ကြည်ညိုတတ်ကြမှာပါလဲ။ ရဟန်းသံဃာတွေနဲ့အနေဝေးရင်ဖြင့် ရဟန်းသံဃာတွေရဲ့တန်ဖိုးလည်း သိနားလည်နိုင်ကြမှာ မဟုတ်သလို တန်ဖိုးလည်း ထားတတ်ကြမှာ မဟုတ်ပါဘူး။ ဒါမို့လို့လည်း ဘုရားရှင်က လူပုဂ္ဂိုလ်တွေအနေဖြင့် သံဃာတော်တွေကို မနီးမဝေးအမြဲထိတွေ့ပြီး ဆည်းကပ်ပူဇော်တတ်ရမယ်လို့ ဟောပြဆုံးမပေးခဲ့တာပါ။ ရှေးယခင်အချိန်တုန်းကဆိုရင် မူလတန်းကျောင်းတောင် မတက်ရသေးဘူး ဘုန်းကြီးကျောင်းပို့ပြီး ဗုဒ္ဓဘာသာဝင်တွေအတွက် အခြေခံသိသင့်တာတွေ၊ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမားတွေရဲ့ ကျေးဇူးတရားတွေကို အရင်ဆုံးနားလည်တန်ဖိုးထားတတ်အောင် သူ့အရွယ်နဲ့သူ့အဆင့်တန်တဲ့ အသိဥာဏ်ရရှိစေအောင် ဘုရားသားတော်တွေက ဆုံးမပြုပြင် ပေးခဲ့ကြပါတယ်။ ဒါကြောင့်လည်း ရှေးယခင်ကဗုဒ္ဓဘာသာဝင်တွေဟာ ဘုန်းကြီးကျောင်းထွက်တွေ အများဆုံးဖြစ်ပြီး အင်မတန်မှလည်း ယဉ်ကျေးသိမ်မွေ့ကြသလို ငါးပါးသီလဆိုတဲ့ အခြေခံ စောင့်ထိန်းရမယ့် ကိုယ်ကျင့်တရားကိုလည်း ခါးဝတ်ပုဆိုးကဲသို့ လုံခြုံအောင် စောင့်ထိန်းလိုက်နာ လာခဲ့ကြပါတယ်။ ဒီလိုဘုရားအဆုံးမကို အနီးကပ် ဆည်းပူးလေ့လာခွင့်ရပြီး လိုက်နာကျင့်ကြံလာခဲ့ကြတဲ့အတွက်လည်း အင်မတန်မှ ယဉ်ကျေးလိမ်မာပြီး အသိဥာဏ်ပြည့်ဝတဲ့ အမျိုးကောင်းသား အမျိုးကောင်းသမီးတွေ ထွန်းကားလာခဲ့ကြတာပါပဲ။ ဒါဟာ ဗုဒ္ဓရဲ့အဆုံးမနဲ့ နီးစပ်ခွင့်ရကြလို့ပါပဲ။ ယခင်ကဆိုရင် သင်ကြားရမယ့်ဘာသာရပ်တွေထဲမှာ (၁၀)ဆောင်တွဲဆိုတဲ့ ဗုဒ္ဓဘာသာဝင်တွေ သိသင့်တဲ့အခြေခံအချက်တွေကို ထည့်သွင်းဆုံးမပေးခဲ့တဲ့အထိကို လုပ်ဆောင်ခဲ့ကြပါတယ်။ ဒါ့ကြောင့်လည်း ဗုဒ္ဓအဆုံးမနဲ့ အမြဲထိတွေ့ခွင့်ရတဲ့သူတွေများပြားခဲ့ရပြီး အင်မတန်မှနူးညံ့သိမ်မွေ့ပြီး အင်မတန်မှ အလေးထားတန်ဖိုးထားအပ်တဲ့ စံပြပုဂ္ဂိုလ်တွေ ပေါ်ထွက်လာခဲ့ကြရတာပါ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုတဲ့ကိစ္စရပ်တွေမှာ ဗုဒ္ဓရဲ့အဆုံးမကိုအခြေခံပြီး ကျင့်သုံးလိုက်နာခဲ့တဲ့ အတွက်လည်း အရှေ့တောင်အာရှမှာ မြန်မာဆိုရင် အားလုံးကတန်ဖိုးထား လေးစားခဲ့ကြရတာပါပဲ။ ဒါဟာဘာလို့လည်းဆိုတော့ ကိုယ်ကျင့်တရားကိုအခြေခံပြီး ယဉ်ကျေးမှုထုံးတမ်းအစဉ်လာတွေကို ဗုဒ္ဓရဲ့အဆုံးမနဲ့အညီ ကျင့်ကြံလိုက်နာခဲ့ကြတဲ့ အမျိုးကောင်းသားအမျိုးကောင်းသမီးတွေ များစွာပေါ်ထွက်လာခဲ့တဲ့အတွက်ပါပဲ။ ဒါတွေဟာ အင်မတန်မှကို ဂုဏ်ယူစရာ တန်ဖိုးထားစရာဖြစ်တဲ့အပြင် အမြတ်တနိုးတန်ဖိုးထားပြီး လိုက်နာကျင့်သုံးသင့်တဲ့ အလေ့အကျင့် ကောင်းတွေပါပဲ။ ဒီလိုမျိုး အလေ့အကျင့်ကောင်းတွေ ပြန်လည်ဖြစ်လာဖို့အတွက်ဆိုရင် ကျွန်တော်တို့တွေအနေနဲ့လည်း ယခုအချိန်မှာ လူငယ်တွေကို ဘုရားအဆုံးမနဲ့ထိတွေ့ခွင့်ရဖို့၊ နီးစပ်အောင်လုပ်ပေးဖို့ဟာ အင်မတန်မှ လိုအပ်လှပါတယ်။ မိဘတွေအနေနဲ့တော့ အဓိကအခန်းကဏ္ဏအနေနဲ့ ပါဝင်တာပါပဲ။ မိဘအနေနဲ့ ကိုယ်ကသာ မိရိုးဖလာဗုဒ္ဓဘာသာဝင် ဖြစ်ချင်ဖြစ်နေပါစေလေ.. ကိုယ့်သားသမီး ကိုယ့်မျိုးဆက်ကိုတော့ မဖြစ်စေရဘူးဆိုတဲ့ စိတ်လေးနဲ့လုပ်သွားမယ်ဆိုရင်ကို ဗုဒ္ဓရဲ့သာသနာဟာ နေလိုလလို ထွန်းတောက်လာမှာပါ။ ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုတဲ့အတိုင်းပါပဲ.. နောင်တစ်ချိန်မှာ လူကြီးဖြစ်လာမယ့် ယနေ့လူငယ်တွေကို သူတို့တွေငယ်ရွယ်စဉ်အခါထဲက ဗုဒ္ဓရဲ့အဆုံးမတွေနဲ့ထိတွေ့ခွင့်ရအောင် စွမ်းဆောင်ပေးဖို့ လိုအပ်လှပါတယ်။ မိဘတွေအနေနဲ့ ယခင်ကလို ဘုန်းကြီးကျောင်းပို့ပြီး ရဟန်းသံဃာတော်တွေနဲ့နီးစပ်အောင် မလုပ်ပေးနိုင်ဘူးဆိုရင်တောင်.. နွေရာသီအားလပ်ရက်တွေမှာ ဆရာတော်ဘုရားတွေ ဦးစီးဖွင့်လှစ်ပေးတဲ့ ဗုဒ္ဓဘာသာအခြေခံသင်တန်းကျောင်းတွေ၊ ယဉ်ကျေးလိမ်မာသင်တန်းကျောင်းတွေ၊ တစ်ပါတ်တရားစခန်း ၁၀ရက်တရားစခန်းတွေကို ၀င်ရောက်စေပြီး ဗုဒ္ဓရဲ့အဆုံးမတွေနဲ့ နီးစပ်အောင် လုပ်ဆောင်ပေးသင့်ပါတယ်။ ဒါက ကလေးလူငယ်တွေ အားလပ်ရပ်တွေမှာ အချိန်ကိုအကျိုးရှိစွာအသုံးချစေပြီး ဗုဒ္ဓရဲ့အဆုံးမနဲ့ ထိတွေ့နိုင်အောင် မိဘတွေဘက်က စွမ်းဆောင်ပေးဖို့အတွက်ပါပဲ။ နွေရာသီကျောင်းပိတ်ရက်လို အားလပ်ရက်မျိုးမရှိခဲ့ရင်လည်း နေ့စဉ်ပုံမှန် ည(၇)နာရီထိုးလို့ ကိုရီးယားကားကို မိသားစုအားလုံး ၀ိုင်းအုံကြည့်နေမယ့်အစား တရားလေးတစ်ပုဒ်လောက်ဖွင့်ပြီး မိဘနဲ့သားသမီး အပြန်အလှန် ဆွေးနွေးဆုံးမပေးရင်ဖြင့် အဲ့ဒီ့မိသားစုလေးဟာလည်း အင်မတန်မှကို အေးချမ်းနေမှာပါ။ ညအိပ်ရာဝင်ခါနီးတိုင်းလည်း မိသားစုဝင်တွေ စုပေါင်းပြီး ဘုရားကန်တော့တာတို့၊ ဘုရားရဲ့အဆုံးမလေးတွေ ဇတ်တော်လေးတွေကို မိဘတွေအနေနဲ့ သိသလောက်မှတ်သလောက် ပြောပြဆုံးမပြီး အလေ့ကျင့်ကောင်းလေးတွေ လုပ်ပေးမယ်ဆိုရင်ဖြင့် ကိုယ့်ရဲ့သားသမီးတွေဟာ မုချမသွေ အမျိုးကောင်းသား အမျိုးကောင်းသမီးလေးတွေ ဖြစ်လာမှာပါ။ အဲ့ဒီလိုအိမ်တွင်းမှာ ဘုရားအဆုံးမလေးနဲ့အညီ လုပ်ဆောင်နေမယ်ဆိုရင် မိဘနဲ့သားသမီး၊ သားသမီးနဲ့မိဘခြားမှာရှိတဲ့ ဆက်ဆံရေးတွေဟာ အင်မတန်မှကို အေးချမ်းနေမှာပါ။ မိမိကိုယ်တိုင်လည်းအေးချမ်း၊ မိသားစုလည်းအေးချမ်း၊ ပတ်ဝန်းကျင်လည်းအေးချမ်းနဲ့ အင်မတန်မှကို ပီတိဖြစ်စရာပါပဲ။ ဒီလိုလုပ်ဆောင်ခြင်းဟာ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး ဟောပြဆုံးမပေးတဲ့ အိမ်တွင်းသာသနာပြုပေးခြင်းနဲ့ ထပ်တူပါပဲ။ တစ်ဦးတစ်ယောက်ခြင်း မိသားစုတစ်စုခြင်းကနေ အဲ့ဒီ့လိုပြင်ဆင်လုပ်ဆောင်သွားကြမယ်ဆိုရင် အားလုံးကောင်းမွန်လာနိုင်မယ်ဆိုတာဟာ မုချမသွေပါပဲ။ အဓိကကတော့ တစ်ဦးတစ်ယောက်ခြင်း၊ မိသားစုတစ်စုခြင်းကနေစဖို့ပါပဲ။ မျိုးစေ့တစ်စေ့ဟာ ထိန်းသိမ်းစောင့်ရှောက်ပေးတဲ့ ဥယျာဉ်မှူးကောင်းတစ်ယောက်ရှိရင် အင်မတန်မှကို တန်ဖိုးရှိလာတဲ့ အပင်မျိုးလေးတွေဖြစ်လာစေနိုင်ပါတယ်။ ဒါ့ကြောင့် ဥယျာဉ်မှူးကောင်းနဲ့တူတဲ့ မိဘတွေ ဥယျဉ်မှူးကောင်းတစ်ယောက်လို ထိန်းသိမ်းစောင့်ရှောက် သွန်သင်ဆုံးမပေးနိုင်တဲ့ ဆရာသမားတွေအနေနဲ့ ကိုယ့်မျိုးစေ့လေးတွေကို တန်ဖိုးထားပြီး ထိန်းသိမ်းစောင့်ရှောက် ပြုပြင်ပေးဖို့ဟာ အင်မတန်မှ လုပ်ဆောင်ပေးသင့်တဲ့အရာပါ။ ဒီလိုဆုံးမပေးမယ်ဆိုရင်ဖြင့် ဗုဒ္ဓရဲ့အဆုံးမကို အခြေခံသိရှိထားတဲ့ သားသမီးဟာ ဘယ်နေရာရောက်ရောက် ဘယ်ကိုပဲသွားသွား ပူပန်နေစရာဆိုတာလည်း မလိုတော့ပါဘူး။ မိဘဆရာသမားတွေအနေနဲ့ လမ်းမှန်တစ်ခုကို ချပြပေးလိုက်မယ်ဆိုရင် လမ်းဆိုးတွေအားလုံးကို သူ့အနေနဲ့ရှောင်တတ်သွားမှာပါ။ အဓိကကတော့ လမ်းမှန်ပေါ်လျောက်တတ်အောင် လျောက်နိုင်အောင် တွန်းပို့ပေးဖို့ပါပဲ။ ဒီလိုမျိုးတွန်းပို့လုပ်ဆောင်နိုင်ဖို့အတွက် အဓိကအနေဖြင့် မိဘတွေအနေနဲ့ အိမ်တွင်းသာသနာ ပြုနိုင်အောင် ကြိုးစားလုပ်ဆောင်ကြဖို့ဟာ အဓိကပါပဲ။ ဒီလိုအိမ်တွင်းသာသနာပြုပေးခြင်းဖြင့် သာသနာတော်ကို ထဲထဲဝင်ဝင်ထောက်ပံ့ကြည်ညိုတတ်တဲ့ အမျိုးကောင်းသား အမျိုးကောင်းသမီး တွေ မုချမသွေပေါ်ပေါက်လာမှာပါ။ ဒီလိုပေါ်ပေါက်လာရင်ဖြင့် ဗုဒ္ဓရဲ့သာသနာဟာလည်း နေလိုလလို ထွန်းတောက်လာမယ်ဆိုတာ မလွဲပြန်ပါဘူး။ ဗုဒ္ဓသာသနာထွန်းတောက်ဖို့ အိမ်တွင်းသာသနာပြုခြင်းဖြင့် စွမ်းနိုင်သလောက် လုပ်ဆောင်ပေးကြပါလို့ ဆန္ဒပြုရင်း။ |
No comments:
Post a Comment