Video

Saturday, 26 July 2014

ဆုတောင်းခြင်း



ဗုဒ္ဓဘာသာဝင်တို့သည် အလှူတစ်ခုကိုပြုပြီးတိုင်း “ဆုတောင်း”သည့်အလေ့ရှိကြသည်၊၊ ဆုတောင်း ခြင်းသည် ဗုဒ္ဓဘာသာ၏အရေးပါသော ဘာသာရေးယဉ်ကျေးမှုတစ်ခုပင် ဖြစ်ပါသည်၊၊ တောင်းဆိုလေ့ရှိကြသည့် “ဆု” အများစုမှာ အသက်ရှည်လိုခြင်း၊ ကျန်းမာလိုခြင်း၊ စီးပွားတိုးတက်လိုခြင်း၊ ဘေးအန္တရာယ်ကင်းလိုခြင်းနှင့် ဘ၀လိုအပ်ချက်များစွာတို့ဖြစ်ကြသည်၊၊
ထိုသို့ဆုများစွာကို တောင်းသည့်အခါ တောင်းသောဆုများ ရရှိသည်များလည်း ရှိသည်၊ မရရှိကြ သည်များလည်း ရှိပါသည်၊၊ ဗုဒ္ဓဘာသာတွင် သာမန်ချမ်းသာမှအစပြု၍ ဘုရားအဖြစ်တိုင်အောင် “ဆု တောင်းမှု”ကိုရှေးဦးစွာပြုရကြောင်း၊ ပြီးလျင် တောင်းသည့်ဆုအလျောက် လိုအပ်သည့်“ပါရမီ”များကို ဖြည့်ဆည်းရကြောင်း ပါဠိစာပေတွင်ညွှန်ပြထားပါသည်၊၊
“ကောင်းမှုကိုပြုပြီး အလိုရှိသည့်ဆုကို အတိအကျမတောင်းဆိုလျင် အကျိုးကိုရသည့်အခါတွင် မိမိလို ချင်သည့်အကျိုးကို တိတိကျကျမရရှိ”တတ်ဟူ၍ ပါဠိစာပေအထောက်အထား ရှိပါသည်၊၊ ဤသည်ကို ကြည့်သောအားဖြင့် ဆုသည်မဖြစ်မနေတောင်းသင့်သည့် “ဗုဒ္ဓဘာသာကျင့်ထုံးတစ်ခု”ဟု မှတ်ယူရပါမည်၊၊
ဆုတောင်းခြင်းယဉ်ကျေးမှုကို ဗုဒ္ဓဘာသာပါဠိစာပေမှ ကန့်ကွက်ခြင်းမရှိပါ၊၊ သို့သော် လောကီချမ်းသာမှုအစ၊ ဘုရားအဖြစ်တိုင်အောင်ဆုလာဘ်များကို ဆုတောင်းရုံသက်သက်ဖြင့်ရရှိနိုင်သည်ဟု ပါဠိစာပေတွင် ညွှန်းဆို ထားခြင်း မရှိပါ၊၊
ဗုဒ္ဓရှင်တော်လက်ထက်တော်က လူပုဂ္ဂိုလ် ဒါယကာ၊ ဒါယိကာမတို့ ဘုရားရှင်ထံတွင်ဖြစ်စေ၊ အဂ္ဂသာဝက၊ မဟာသာဝကနှင့် အခြားရဟန်းများအထံတွင်ဖြစ်စေ ဆုတောင်းကြသောအခါ ဘုရားရှင်နှင့်၊ တပည့် သံဃာတော်များမှ “တောင်းသောဆုများ ပြည့်စုံကြပါစေ”ဟု ပြန်လည်မိန့်ဆိုကြသည်ကို တွေ့ရ သည်၊၊
“ပစ္စေကဗုဒ္ဓါအရှင်မြတ်”တို့သည် တရားအရှည်ကိုဟောလေ့မရှိဘဲ “တောင်းသောဆုများ၊ လိုအပ်သော ဆုများ လပြည့်ညတွင်ထွက်ပေါ်သော ရွှေလမင်းကြီးကဲ့သို့ ၀င်းဝင်းပပပြည့်ဝကြပါစေ”ဟု ဆုကိုသာပေး လေ့ရှိကြောင်းကို ပါဠိစာပေတွင်တွေ့ရသည်၊၊ ဆိုခဲ့ပြီးသည်များကိုထောက်ဆ၍ ကောင်းမှုကိုပြုပြီးတိုင်း “ဆုတောင်း”သင့်သည်ဟု မှတ်သားရပါမည်၊၊
ယနေ့ခေတ်အခါတွင်လည်း ဗုဒ္ဓဘာသာဝင်တို့သည် စေတီပုထိုးများနှင့် ရဟန်းသံဃာတော်တို့၏ အထံတွင် ဆုတောင်းလေ့ရှိကြပါသည်၊၊ ဆုတောင်းခြင်းသည် ဗုဒ္ဓဘာသာနှင့် မြန်မာတို့နှလုံးသားတွင် အမြစ်တွယ်နေပြီဖြစ်ရကား တေးသီချင်းများ၊ ပျို့၊ ကဗျာ၊ လင်္ကာများ၊ ရတု၊ တောလားများနှင့်၊ ရှေးကြသည့် မြန်မာစာပေများတွင်ပါ ဆုတောင်းခြင်းများကို တသီးတသန့်တွေ့ရသည်၊၊
“အရှင်မဟာသီလ၀ံသ”၏ “ဆုတောင်းခန်းပျို့”သည် ရှေးခေတ်ဗုဒ္ဓဘာသာဝင်တို့ မည်မျှဆုတောင်းမှုကို နှစ်သက်မြတ်နိုးသည်ကို ဖော်ပြသည့်အကောင်းဆုံး သာဓကကျမ်းစာတစ်ခု ဖြစ်ပါသည်၊၊ ထို့ပြင် ဆုတောင်းမှုကို ပါဠိပညာရှင်တို့ လက်ခံကျင့်သုံးသည်ကိုလည်း ပြရာရောက်သည့်သာဓကလည်း ဖြစ်ပါသည်၊၊
အရှင်၏အမြင်တွင် “ဆုတောင်းခြင်းသည် စိတ်ကိုတစ်မျိုးတစ်ဖုံအားပေးရာရောက်သည်၊ နှစ်သိမ့်ရာ ရောက်သည့်အတွက် အားပေးသင့်သည့် ယဉ်ကျေးမှုတစ်ခုဟု မြင်ပါသည်၊၊” ဘ၀တွင် တစ်ခါတစ်ရံ လက်လှန်းမမှီသည့်အရာများကို တကယ်မရရှိသည့်တိုင် ဘုရားရှေ့၊ သံဃာရှေ့၊ စေတီတော်တို့ရှေ့တွင် ဆုများအဖြစ် ဖောဖောသီသီတောင်းဆိုလိုက်ရလျင် စိတ်များစွာသက်သာရသည်ကို ဆုတောင်းလေ့ရှိ သူတိုင်းက သိကြသည်၊၊
သတိပြုသင့်သည်မှာ မည်သည့်တန်ဖိုးရှိသည့်အရာမှ “ဆုတောင်း”သက်သက်ဖြင့် မရရှိတတ်ကြောင်း ဖြစ်ပါသည်၊၊ လိုချင်သည့်ဆုသည် အဖိုးထိုက်တန်လေလေ၊ ထိုဆုအတွက် လုံ့လအားထုတ်ရမှုသည်လည်း ကြီးမားရလေလေပင် ဖြစ်ပါသည်၊၊
ဘုရားဖြစ်ချင်လွန်းသဖြင့် ဒီပင်္ကရာမြတ်စွာဘုရားအထံတွင် “ဘုရားဆု”တောင်းခဲ့သော “သုမေဓာရှင် ရသေ့”သည် လေးအသင်္ချေ၊ ကပ္ပါတစ်သိမ်း ဒုက္ခများစွာကိုရင်ဆိုင်ကျော်လွှားရင်း၊ အများတကာမပြုနိုင်သည့် ဘ၀အရင်းအနှီးများကို မြှုပ်နှံခဲ့ရပုံကို “ငါးရာ့ငါးဆယ်ဇာတ်နိပါတ်တော်”များတွင် လေ့လာရရှိနိုင်သည်၊၊
ဆုတောင်းသည့်အခါ ကောင်းသောဆုတွင်မကဘဲ လွန်စွာကြမ်းကြုတ်ရက်စက်သည့် ဆုများကိုလည်း တောင်းလေ့ရှိကြသည်ကို လက်တွေ့ပတ်ဝန်းကျင်တွင်မက “ဆဒ္ဒန်ဆင်မင်းဝတ္ထု”တွင် တွေ့ရသည်၊၊ စူဠသုဘဒ္ဒါသည် လင်သားအပေါ်အမျက်ထားပြီး “နောင်ဘ၀တွင်လင်သားကို အနိုင်ရသူဖြစ်ရပြီး၊ လင် သား၏ အစွယ်ကိုနားဋောင်းလုပ်ပြီး ပန်ဆင်နိုင်သူဖြစ်ရစေရန် ဆုတောင်းကြောင်း”လေ့လာရသည်၊၊
မည်သည့်ဆုကိုတောင်းသည်ဖြစ်စေ တောင်းဆိုသူ၏စိတ်သည် ထိုဆုအတွက်အမှန်တကယ် ပြင်းပြ ထက်သန်ပြီး၊ တောင်းသည့်ဆုကိုရစေတတ်သည့် အားထုတ်ကြိုးစားဖွယ်များကိုဖြည့်ဆည်းလျင် မိမိ တောင်းတသောဆုသည် အမှန်တကယ်ရရှိတတ်ကြောင်း စာပေအထောက်အထား၊ လက်တွေ့အ ထောက်အထားများအရ အတည်ပြုနိုင်ပါသည်၊၊
လူတို့တွင် “ဘ၀တစ်ခုတွင် ရင့်ကျက်ပြီးသူ၊ ဘ၀များစွာအတွက် ရင့်ကျက်ပြီးသူ”ဟု နှစ်မျိုးရှိကြောင်းကို မှတ်သားရပါမည်၊၊ ဘ၀တစ်ခုတွင် ရင့်ကျက်ပြီးသူတို့သည် ဘ၀တစ်ခုကောင်းစားမှုကိုဆုတောင်းလေ့ ရှိပြီး၊ ဘ၀များစွာအတွက် ရင့်ကျက်ပြီးသူများမှာမူ ဘ၀မှလွတ်မြောက်ရေးကို ဆုတောင်းလေ့ရှိကြောင်းကို တွေ့ရသည်၊၊
“ဘ၀တစ်ခုတွင် ရင့်ကျက်ပြီးသူ”ဟူသည် စာရေးသူအရှင်အပါအ၀င် စာဖတ်သူအများကို ရည်ညွန်းပါသည်၊ “ဘ၀များစွာတွင် ရင့်ကျက်ပြီးသူ”ဟူသည်မှာ တရားအမြင်ကိုရရှိပြီးသူများကို ရည်ညွှန်းပါသည်၊၊
အရှင်၏ ယ္ခုစာတမ်းတွင် ဘ၀တစ်ခုတွင် ရင့်ကျက်ပြီးသူတို့၏ မဆုံးနိုင်သည့်နေ့စဉ်ဆုတောင်းများ ကိုအသေးစိတ် မဖော်ပြတော့ဘဲ၊ ဘ၀များစွာအတွက် ရင့်ကျက်ပြီးကြသောသူတို့၏ အတုယူဖွယ် “ဆုတောင်း”ပုံများကိုဖော်ပြမည် ဖြစ်ပါသည်၊၊
ငါးရာ့ငါးဆယ် ဇာတ်တော်များတွင် “ကဏှဇာတ်”ဟူ၍ ရှိပါသည်၊၊ ကဏှရသေ့ကြီးတရားကျင့်ရာ သစ် ပင်အရိပ်သို့ သိကြားမင်းရောက်လာပြီး၊ “အရှင်ရသေ့ အလိုရှိသောဆုကိုတောင်းဆိုပါ”ဟု ဆုဖြင့်ဖိတ် မန်သောကြောင့် “ကဏှရသေ့”သည် အရှင်သိကြားမင်း သင်ပေးနိုင်မည်ဆိုက ပေးပါဟုအစချီပြီး မှတ် သားအတုယူဖွယ် ဆုခြောက်မျိုးကို တောင်းဆိုလိုက်ပါသည်၊၊
(၁) ငါသည် ဘ၀ဆက်တိုင်း ဒေါသမရှိသူ ဖြစ်ပါရစေ၊၊
(၂) ငါသည် ဘ၀ဆက်တိုင်း လောဘမရှိသူ ဖြစ်ပါရစေ၊
(၃) ငါသည် ဘ၀ဆက်တိုင်း စိတ်မနာတတ်သူ ဖြစ်ပါရစေ၊၊
(၄) ငါသည် ဘ၀ဆက်တိုင်း အချစ်မရှိသူ ဖြစ်ပါရစေ၊၊
(၅) ငါသည် ဘ၀ဆက်တိုင်း အနာရောဂါမရှိသူ ဖြစ်ပါရစေ၊၊
(၆) ငါသည် ဘ၀ဆက်တိုင်း သူတစ်ပါးကို ဒုက္ခမပေးတတ်သူ ဖြစ်ပါရစေ၊၊
ကဏှရသေ့ကြီး၏ ဆုတောင်းခြောက်မျိုးကို သုံးသပ်ကြည့်လျင် ဘ၀တစ်ခုချမ်းသာရန်အတွက် တစ်စုံတစ်ရာဆုတောင်း မပါသည်ကို တွေ့ရပေမည်၊၊ စာဖတ်သူတို့နေ့စဉ်တောင်းဆိုတတ်သည့် ဆုများနှင့် များစွာပင်ကွာခြားနေသည်ကို တွေ့ရသည်၊၊ အတုယူသင့်သည့် မှတ်သားဖွယ်ဆုတောင်းများ ဖြစ်ပါသည်၊၊
“ကဏှ”ဟူသော ပါဠိအမည်မှာ “အမည်း=Black”ဟု မြန်မာပြန်ဆိုရပါသည်၊၊ ဇာတ်လမ်းအမည်သည် “အမည်းဇာတ်”ဟု နာမည်ခေါ်ဆိုထားသော်လည်း ကဏှရှင်ရသေ့တောင်းသောဆုများမှာ မည်မျှဖြူ စင်သန့်ရှင်းသည်ကို စာဖတ်သူသိပြီးအတိုင်းပင် ဖြစ်ပါသည်၊၊ လောကတွင် တစ်ခါတရံဂုဏ်နှင့်ဒြပ် ထပ်တူမကျသည့် သဘောပင်ဖြစ်သည်၊၊
ယနေ့ခေတ်တွင်လည်း “ကဏှဇာတ်”မှဆုတောင်းများကဲ့သို့ အတုယူသင့်သည့် ဆုတောင်းများကို တောင်းဆိုသွားကြသည့် ဆရာတော်ကြီးများနှင့်၊ လူပုဂ္ဂိုလ်များစွာပင် ရှိပါသည်၊၊ ထိုအထဲမှ “ဒီပဲယင်း ဆရာတော်ကြီး”၏ ဆုတောင်းဆယ်မျိုးကို “အလင်းစက်”စာဖတ်သူသို့တင်ပြလိုပါသည်၊၊
ဒီပဲယင်းဆရာတော်ကြီးသည် တတိယရွှေကျင်သာသနာပိုင်ဖြစ်ပြီး၊ “ပရမတ္ထစက္ခုကျမ်း၊”အပါအ၀င် ကျမ်းပေါင်းများစွာကို သာသနာတော်အတွက်ရေးသားခဲ့သည့် ကျမ်းပြုဆရာတော်ကြီးတစ်ပါး ဖြစ်ပါသည်၊၊ ဆရာတော်ကြီး၏ဘွဲ့တော်အမည်မှာ “ဘဒ္ဒန္တဥာဏ၀ရ”ဖြစ်ပါသည်၊၊
ဆရာတော်ကြီးသည် သူ၏“ပရမတ္ထစက္ခုကျမ်း”နိဂုံးတွင် အောက်တွင်ဖော်ပြမည့် “ဆု(၁၀)မျိုး”ကို တောင်းဆိုခဲ့ပါသည်၊၊
(၁) ငါသည် သူတစ်ပါးအကျိုးကိုလိုလားသူ ဖြစ်ပါရစေ၊၊
(၂) သူတစ်ပါးတို့သည်လည်း ငါ့အကျိုးကိုလိုလားကြပါစေ၊၊
(၃) ငါသည် သူတစ်ပါး၏ ဆင်းရဲဒုက္ခကို မနှစ်သက်သူ ဖြစ်ပါရစေ၊၊
(၄) ငါ၏ဆင်းရဲဒုက္ခကိုလည်း သူတစ်ပါးတို့က မလိုလားကြပါစေနှင့်၊၊
(၅) ငါသည် အခြားသတ္တ၀ါများကို ညှင်းဆဲတတ်သူ မဖြစ်ပါရစေနှင့်၊၊
(၆) ငါ့အားလည်း အခြားသတ္တ၀ါတို့က မညှင်းဆဲကြပါစေနှင့်၊၊
(၇) ငါသည် သူတစ်ပါး၏ရန်သူ မဖြစ်ပါရစေနှင့်၊၊
(၈) သူတစ်ပါးသည်လည်း ငါ၏ရန်သူ မဖြစ်ပါစေနှင့်၊၊
(၉) သတ္တ၀ါအပေါင်းသည် လမ်းကောက်ကိုရှောင်ရှား၍ လမ်းဖြောင့်ကိုလျောက်လှမ်းနိုင်ကြပါစေ၊၊
(၁၀) ငါသည်လည်း လမ်းကောက်ကိုရှောင်ရှား၍ လမ်းဖြောင့်ကိုလျောက်လှမ်းနိုင်သူ ဖြစ်ပါရစေ၊၊
အထက်တွင် တင်ပြခဲ့သည်များမှာ ဒီပဲရင်းဆရာတော်ကြီး၏ ကျမ်းပြုဆုတောင်းများ ဖြစ်ပါသည်၊၊ ဆရာတော်ကြီး၏ ဆုတောင်းဆယ်မျိုးကို သုံးသပ်ကြည့်လျင် ဆရာတော်ကြီးသည် လောကီစည်းစိမ် နှင့် ဘ၀ခံစားမှုတစ်စုံတရာကို ဆုမတောင်းဘဲ လူသားတို့အတွက်ကောင်းကျိုးများကိုသာ ဆုတောင်း ခဲ့သည်ကို အတုယူ၊ လေးစားဖွယ် လေ့လာရပါသည်၊၊
ငါးရာ့ငါးဆယ်ဇာတ်တော်မှာပင် အခြားထင်ရှားသည့် ဆုတောင်းနှင့်ပတ်သက်၊ ဆက်စပ်သောဇာတ် လမ်းတစ်ခုမှာ “အကိတ္တိဇာတ်”ဖြစ်ပါသည်၊၊ အကိတ္တိဇာတ်လမ်းသည်လည်း အထက်တွင်တင်ပြခဲ့သော “ကဏှဇာတ်”နှင့် အသွားဆင်တူပင်ဖြစ်ပါသည်၊၊ သို့သော် ဆုတောင်းပုံခြင်းကား ကွာခြားပါသည်၊၊
“အကိတ္တိ”ဟူသော ပါဠိအမည်မှာ “အ+ကိတ္တိ=မထင်ရှားသူ၊ အထင်ရှားခြင်း”ဟူ၍ မြန်မာအဓိပ္ပါယ် သက်ရောက်ပါသည်၊၊ သို့သော် ဇာတ်လမ်းတွင်ပါဝင်သော အကိတ္တိရသေ့၏ဆုတောင်းများမှာ ကမ္ဘာ ကျော်ဆုတောင်းများဟူ၍ပင် ခေါ်ဆိုထိုက်လှပါသည်၊၊
အကိတ္တိရှင်ရသေ့၏ မှတ်သား၊ အတုယူဖွယ်ဆုတောင်းများမှာ - - -
(၁) လောဘမရှိသူ ဖြစ်ရပါလို၏၊၊
(၂) ဒေါသမရှိသူ ဖြစ်ရပါလို၏၊၊
(၃) လူမိုက်ကို ဘ၀ဆက်တိုင်း မတွေ့မမြင်ရပါစေနှင့်၊၊
(၄) လူမိုက်အကြောင်း ဘ၀ဆက်တိုင်း မကြားရပါစေနှင့်၊၊
(၅) လူမိုက်နှင့် ဘ၀ဆက်တိုင်း မိတ်ဆွေမဖြစ်ရပါစေနှင့်၊၊
(၆) လူမိုက်နှင့် ဘ၀ဆက်တိုင်း စကားမပြောရပါစေနှင့်၊၊
(၇) လူမိုက်အား ဘ၀ဆက်တိုင်း မနှစ်သက်ရပါစေနှင့်၊၊
(၈) ပညာရှင်ကို ဘ၀ဆက်တိုင်း တွေ့မြင်ရပါစေ၊၊
(၉) ပညာရှင်အကြောင်း ဘ၀ဆက်တိုင်း ကြားရပါစေ၊၊
(၁၀) ပညာရှင်နှင့် ဘ၀ဆက်တိုင်း မိတ်ဆွေဖြစ်ရပါစေ၊၊
(၁၁) ပညာရှင်နှင့် ဘ၀ဆက်တိုင်း စကားပြောခွင့်ရပါစေ၊၊
(၁၂) ပညာရှင်ကို ဘ၀ဆက်တိုင်း နှစ်သက်သူဖြစ်ရပါစေ၊၊
(၁၃) နံနက်အာရုဏ်တက်အချိန်တွင် ဆွမ်းဘောဇဉ်များ အလိုအလျောက်ဖြစ်ပေါ်လာပါစေ၊၊
(၁၄) သီလရှိသောအလှူခံပုဂ္ဂိုလ်မြတ်များ လာရောက်အလှူခံကြပါစေ၊၊
(၁၅) ဆွမ်းဘောဇဉ်များသည် လှူ၍မကုန်ခမ်းသည် ဖြစ်ပါစေ၊၊
(၁၆) လှူစဉ် စိတ်ကြည်လင်ပါရစေ၊၊
(၁၇) လှူပြီးနောက်တွင် နောင်တမရသည် ဖြစ်ရပါစေ၊၊
(၁၈) သိကြားမင်းသည် ငါ၏အထံသို့နောက်မလာပါစေနှင့်၊၊

အကိတ္တိရှင်ရသေ့၏ ဆုတောင်းများကို ခြုံငုံလေ့လာလျင် ရသေ့ကြီး၏စိတ်ဓာတ်နှင့် အကျင့်မြင့်မြတ်ပုံကို တွေ့မြင်ရမည်ဖြစ်ပါသည်၊၊
ဖော်ပြခဲ့ပြီးသည် သူတော်သူမြတ်သုံးဦး၏ ဆုတောင်းများတွင် ဘ၀အတွက်ရလိုသည်ကို ဆုတောင်း သည်ထက် မရလိုသည်များကိုသာ ဆုများအဖြစ်တောင်းဆိုကြသည်ကို တွေ့ရသည်၊၊ ယနေ့ လူတို့နေ့ စဉ်တောင်းဆိုနေကြသော ဆုများနှင့်များစွာခြားနားသည်ကို တွေ့ရပါမည်၊၊
ဆုတောင်းများတွင်လည်း အေးချမ်းမှုအရိပ်အယောင်များကို ခံစားတွေ့မြင်ရသည်၊၊ မိမိဘ၀တွင် ဖြစ်ချင်သည်၊ ရလိုသည်များထက် ကမ္ဘာလောကရှိလူအများ၊ သတ္တ၀ါအများ၏ချမ်းသာမှု၊ အကျိုးစီးပွားများကိုအလေးပေး ဆုတောင်းတတ်ကြည်သည်ကို အတုယူဖွင်တွေ့ရသည်၊၊ အတုယူသင့်သည် အရှင်ထင်မြင်မိပါသည်၊၊
ပါဠိစာပေတွင် ဤကဲ့သို့သောအေးချမ်းသည့် ဆုတောင်းများရှိသကဲ့သို့ အလွန်ရက်စက်သည့်ဆုများစွာကို တောင်းကြသူများကိုလည်း များစွာမှတ်တမ်းတင်ထားပါသည်၊၊ ရက်စက်ကြမ်းကြုပ်သည့် ဆုတောင်းများ ဖြစ်သည့်တိုင် ထိုဆုများကိုတောင်းဆိုသူများ၏ စိတ်ဓာတ်ပြင်းထန်မှု၊ လုံ့လပယောဂကြီးမှုတို့ကြောင့် ဆုတောင်းများသည်လည်း အံ့သြဖွယ်ပြည့်ဝသည်များကို နိကာယ်ကျမ်းကြီးများတွင် ဖော်ပြထားပါသေးသည်၊၊
ဖော်ပြခဲ့ပြီးသည့် များစွာသောဆုတောင်းများကို လေ့လာသိမှတ်ပြီး၊ စာဖတ်သူအနေဖြင့် မိမိဘ၀နှင့် မိမိပတ်ဝန်းကျင်ပါ ငြိမ်းအေးချမ်းသာသည့်ဆုများကို ရွေးချယ်တောင်းဆိုတတ်ပြီဟု အရှင်ယူဆပါ သည်၊၊
မိမိချမ်းသာလျင် ကောင်းသည်၊ မိမိ မိသားတစ်စုချမ်းသာလျင် ပို၍ကောင်းသည်၊ မိမိနေသည့်နိုင်ငံ ချမ်းသာလျင် ပို၍ပို၍ကောင်းသည်၊ တစ်ကမ္ဘာလုံးချမ်းသာလျင်ကား အကောင်းဆုံးဟုအရှင် ယူဆပါသည်၊၊ စာဖတ်သူအနေဖြင့် တစ်ကမ္ဘာလုံးရှိလူတို့ချမ်းသာစေမည့် ဆုထူးဆုမြတ်များကို တောင်းဆို ရရှိကြပါစေဟု “အလင်းစက်အရှင်” ဆုမွန်ပြုအပ်ပါသည်၊၊
(မှတ်ချက်/ ကဏှဇာတက၊၊ အကိတ္တိဇာတက၊ ဇာတကပါဠိတော်နှင့် အဋ္ဌကထာများ၊ ပရမတ္ထစက္ခုကျမ်း၊ ရွှေကျင်နိကာယသာသနာဝင်၊ ဥပရိပဏ္ဏာသအဋ္ဌကထာ၊ အနုပဒ၀ဂ်၊ သင်္ခါရူပပတ္တိသုတ္တ၀ဏ္ဏာနာ၊တို့ကို ကိုးကားပါသည်၊၊)

မေတ္တာဖြင့် - - -
အရှင်ကေ၀လ(အလင်းစက်)
မကုဋာရာမ-မြန်မာကျောင်းတိုက်၊
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊
Wish (ဆုတောင်းခြင်း) by Ashin Kevala (အရှင်ကေ၀လ(အလင်းစက်))

ဝိဝဋ္ဋနိဿိတ ဆုတောင်း - မဟာစည်ဆရာတော်ဘုရားကြီး


ဣဒံ မေ ပုညံ အာသဝက္ခယာဝဟံ ဟောတု။

မေ-အကျွန်ုပ်၏၊ ဣဒံ ပုညံ-ဤကောင်းမှုသည်၊ အာသဝက္ခယာဝဟံ-အာသဝေါတရားတို့၏ ကုန်ရာဖြစ်သော မဂ်ဖိုလ်နိဗ္ဗာန်ကို ရွက်ဆောင်သည်၊ (အာဝဟံ-ရွက်ဆောင်သည်၊ ‘ဝဟ’ဆိုတာ ဆောင်တာ၊ ဆောင်တယ်ဆိုတာက ဒီကနေပြီး ဟိုဆောင်သွားတာလည်း ရှိတယ်၊ ‘အာဝဟ’ဆိုတာက ဟိုက ဆောင်လာတဲ့ အဓိပ္ပာယ်)၊ အာသဝက္ခယာဝဟံ-အာသဝေါတရားလေးပါးတို့၏ ကုန်ရာ ကုန်ကြောင်းဖြစ်သော နိဗ္ဗာန်ကို ရွက်ဆောင်သည်၊ ဟောတု-ဖြစ်ပါစေသတည်း။

ဒီအဆိုကလည်း မှန်မှန်ကန်ကန် ရတဲ့ ပုဂ္ဂိုလ် အင်မတန် ရှားတယ်။
ဒီက နားထောင်ကြည့်နေတယ်။
ဒီလိုပါပဲ၊ တချို့ ဆရာကြီး သမားကြီးဖြစ်တဲ့ ပုဂ္ဂိုလ်တွေကလည်း ‘အာသဝက္ခယံ ဝဟံဟောတု’လို့ ‘ဝဟံ-ဝဟန္တော-ရွက်ဆောင်သည်’ ဘာညာနဲ့ အနက်ဆောင်ပေးလိုက်သေးတယ်။
ဒါတွေက မဟုတ်တဲ့ ဟာတွေပဲ။

‘အာသဝက္ခယာဝဟံ’ အာသဝက္ခယ နဲ့ အာဝဟ ကို သမာသ်ပုဒ်တွဲထားတယ်။

“ညာတော အတ္ထော သုခါဝဟော”တဲ့။
ညာတော-သိအပ်သော၊ အတ္ထော-အနက်သည်၊ သုခါဝဟော-ချမ်းသာကို ဆောင်တတ်၏ တဲ့၊ ဒီလို ရှိတယ်။

“စိတ္တံ ဒန္တံ သုခါဝဟံ”။
စိတ္တံ-စိတ်သည်၊ ဒန္တံ-ဆုံးမပေး၍ ယဉ်ကျေးသည်ရှိသော်၊ သုခါဝဟံ-ချမ်းသာကို ဆောင်တတ်၏ တဲ့၊ မဂ်ဖိုလ်နိဗ္ဗာန်ချမ်းသာကို ဆောင်တတ်၏ တဲ့။

သုခါဝဟံ-တဲ့၊ ဒုက္ခာဝဟံ-တဲ့၊ ဖလာဝဟံ-တဲ့ စသည်ဖြင့် အများကြီး ရှိပါတယ်။
အာဝဟတွေ ရှေးပုဒ်နဲ့ တွဲထားတဲ့ သမာသ်ပုဒ်ပဲ။

ဒါပေမယ့် မြန်မာတစ်ပြည်လုံးမှာ ‘အာသဝက္ခယံ’တွေက သိပ်တွင်နေတယ်။
မှန်မှန်ကန်ကန် ရတဲ့ ပုဂ္ဂိုလ်၊ မှန်မှန်ကန်ကန် ပြောဟောတဲ့ ပုဂ္ဂိုလ်က နည်းနည်းပါးပါးတော့ ရှိပါတယ်။ နည်းပါတယ်။

‘အာသဝက္ခယာဝဟံ ဟောတု’ ဆိုရတာ နည်းနည်းတော့ ခက်တယ်။
သူက အရှည်ကြီး ဖြစ်နေတယ်။
‘အာသဝက္ခယံ’ တစ်ပုဒ်၊ ‘ဝဟံ’ တစ်ပုဒ် ဆိုရင်တော့ ဆိုလို့ လွယ်တာပေါ့။
ဒါပေမယ့်လို့ အမှန်အတိုင်းကတော့ ‘အာသဝက္ခယာဝဟံ’ ပါပဲ။

‘ဣဒံ မေ ပုညံ အာသဝက္ခယာဝဟံ ဟောတု’တဲ့။
မေ-ကျွန်ုပ်၏၊ ဣဒံ ပုညံ-ဤကောင်းမှုသည်၊ အာသဝက္ခယာဝဟံ-အာသဝေါတရားလေးပါးတို့၏ ကုန်ရာကုန်ကြောင်းဖြစ်သော မဂ်ဉာဏ်ဖိုလ်ဉာဏ် နိဗ္ဗာန်ကို ရွက်ဆောင်သည်၊ ဟောတု-ဖြစ်ပါစေသတည်း။
ဒါ ဘုန်းကြီးက အမြဲတမ်း ချပေးနေတာပါပဲ။
အမြဲတမ်း ချပေးနေပေမယ်လို့ တချို့က အမှတ်တမဲ့ပဲ။
ကိုယ်ဆိုနေကျ ဆိုချင်လည်း ဆိုမှာပဲ။
ကိုယ်ဆိုနေကျ မဟုတ်ပြန်လည်း ဒီဆရာတော်က တမျိုးပဲ။ ထူးတယ် ဆန်းတယ်လို့ အောက်မေ့တယ်။
ဆန်းတာတော့ မဟုတ်ပါဘူး။
စာပေနဲ့ အညီပါပဲ။
စာပေက ဒီတိုင်း ရှိတာ။

ကဲ ... ကဲ .. ဆိုစမ်းပါဦး။
“ဣဒံ မေ ပုညံ အာသဝက္ခယာဝဟံ ဟောတု”
မေ-ကျွန်ုပ်၏၊
ဣဒံ ပုညံ-ဤကောင်းမှုသည်၊
ဤကောင်းမှုဆိုတာ ဘုရားရှိခိုးရင် ဘုရားရှိခိုးတဲ့ ကောင်းမှုပေါ့။ (၅)ပါးသီလ ဆောက်တည်ရင် (၅)ပါးသီလ ဆောက်တည် ကျင့်သုံးရတဲ့ ကောင်းမှုပေါ့။ ပန်းလှူလို့ရှိရင် ပန်းလှူတဲ့ ကောင်းမှုပေါ့။ ဆီမီးလှူရင် ဆီမီးလှူတဲ့ ကောင်းမှုပေါ့။ ဆွမ်းလှူရင် ဆွမ်းလှူတဲ့ ကောင်းမှု၊ သင်္ကန်းလှူရင် သင်္ကန်းလှူတဲ့ ကောင်းမှု၊ အခုလိုပေါ့။
ဘာကောင်းမှုဖြစ်ဖြစ် ‘ကျွန်ုပ်၏ ဤကောင်းမှုသည်’ဆိုလျှင် မိမိရဲ့ စိတ်ထဲမှာ ရှိနေတဲ့ ဤသင်္ကန်းလှူသော ကောင်းမှု၊ ဆွမ်းလှူရသော ကောင်းမှု၊ ပန်းလှူရသော ကောင်းမှု၊ ရေချမ်းလှူရသော ကောင်းမှု ဒီလိုတော့ ဆိုနိုင်ပါတယ်။
မေ-အကျွန်ုပ်၏၊
ဣဒံ ပုညံ-ဤကောင်းမှုသည်၊
အာသဝက္ခယာဝဟံ-အာသဝေါတရား လေးပါးတို့၏ ကုန်ရာကုန်ကြောင်းဖြစ်သော မဂ်ဖိုလ်နိဗ္ဗာန်ကို ရွက်ဆောင်သည်၊
ဟောတု-ဖြစ်ပါစေသတည်း။

အဲဒါ ဝိဝဋ္ဋနိဿိတ ဆုတောင်းပုံတဲ့။
အဋ္ဌကထာက ပြတာ။ ဘုန်းကြီးက ပြတာ မဟုတ်ဘူး။
သံယုတ်အဋ္ဌကထာ၊ အင်္ဂုတ္တရ်အဋ္ဌကထာမှာ ရှိတယ်။


(မဟာစည်သာသနာ့ရိပ်သာ၊ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်မှ ၂၀၀၈ ခုနှစ်တွင် ပထမအကြိမ် ထုတ်ဝေသော
မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသည့် “သစ္စာလေးပါးတရားတော်” - စာ ၆၄၅-၆၄၇ မှ)
Posted by http://lokachantha.blogspot.com/2009/05/blog-post_3346.html
Wish (ဝိဝဋ္ဋနိဿိတ ဆုတောင်း - မဟာစည်ဆရာတော်ဘုရားကြီး) by Mahasi Sayadaw (မဟာစည်ဆရာတော်ဘုရားကြီး)
http://lokachantha.blogspot.com/2009/05/blog-post_3346.html

အနာဂတ်သာသနာရေး အပိုင်း(၁၃၉) ပွဲလမ်းသဘင်နှင့်ကစားပွဲ



ပွဲလမ်းသဘင်နှင့်ကစားပွဲ
တန်ခိုးကြီးဘုရားဟု ထင်ရှားသော ဘုရားပွဲတိုင်းလိုပင် ဇာတ်ပွဲသဘင်များနှင့် အလောင်းအစား ကစားပွဲများ တွဲဖက်ပါဝင်နေသည်မှာ ဗုဒ္ဓအလိုတော်နှင့် လုံးဝ ဆန့်ကျင်နေသော စနစ်သာတည်း။
          အကယ်၍ ဗုဒ္ဓရှင်တော် သက်တော်ထင်ရှား ရှိနေပါမူ ဇေတ၀န် ကျောင်းတော်အတွင်း၌ ဤကဲ့သို့ ပွဲကျင်းပကာ ဗုဒ္ဓရှေ့တော်ဝယ် မင်းသား မင်းသမီး ဆိုသူတွေ သီဆိုကြ, လူပြက်တွေ ပြက်လုံးထုတ် ကြနှင့် ပူဇော်ခွင့် ရကြပါမည်လော၊ ဘုရားပွဲဟူသည်မှာ ဘုရားကို ရည်မှန်း၍ လှူဒါန်းပူဇော်ရမည့်ပွဲတည်း၊ သို့ပါလျက် ဘုရားကို သတိ မရကြဘဲ ဘုရားကို အနားထား၍ ပျော်ရွှင်ကြခြင်း, ပွဲကြည့်ရာမှ ကစားဝိုင်းမှ ရန်ပွဲဖြစ်ကြသဖြင့် သေကျေကြ, ရုံရောက်၍ ငွေကုန် လူပန်း ဖြစ်ကြခြင်းကား ရိုင်းစိုင်းသော လူမျိုးဖြစ်ကြောင်းကို ၀န်ခံရာ ကျလှ၏။
         
အိန္ဒိယ ဟိန္ဒူလူမျိုးတို့၏ ၀တ်တက်ပွဲ ဘုရားပွဲများ၌ မဟတ္တမ ဂန္ဒီကြီးက ငြိမ်းချမ်းသာယာမှု တရားရေအေး တိုက်ကျွေးကြောင်းကို (သတင်းစာ၌) ဖတ်လိုက်ရသောအခါ ဘုန်းကြီးတို့ ဘုရားပွဲတွေကို ကြည့်၍ ၀မ်းနည်းမိပါတော့သည်၊ ထို့ကြောင့် အနာဂတ်ကာလ၌ ဘုရားပွဲကို အစိုးရနှင့်တကွ ရဟန်းတော် အရှင်မြတ်တို့ ပြုပြင်ပေးရန် လေးနက်စွာ တောင်းပန်ပါသည်။

ဘုရားပွဲပြုပြင်ရေး
ကဆုန်လပြည့်စသည်၌ ဗုဒ္ဓအထိမ်းအမှတ်ပွဲဖြစ်စေ, မိမိတို့ရပ်ရွာ စေတီဆင်းတုတော်ပွဲ ဖြစ်စေ သက်တော်ထင်ရှား မြတ်စွာဘုရားကို ရည်စူးပြုလုပ်ကြရ မည်သာတည်း၊ ထိုအခါ နေရာထိုင်ခင်းကို သပ်ရပ် သားနားစွာ ခင်းကျင်း၍ ၀င်းထိန်နေအောင် ဆီမီးပူဇော်ခြင်း, ပန်းမျိုးစုံပူဇော် ခြင်း, စိမ်းစိုသော သစ်ပင် (ငှက်ပျောပင်, ရွက်လှပင်)များနှင့် သစ်သီး မျိုးစုံ, မုန့်မျိုးစုံများကို (နံနက်ဆက်ကပ်ရန်) ပြင်ဆင်ထားခြင်း, (သား ငါးစသော ဟင်းများ မပါစေရ။)
         
ဤသို့ ပြင်ပြီးလျှင် ပထမအချိန်၌ အမျိုးသမီးများက ဓမ္မစကြာ အနတ္တလက္ခဏ မဟာသမယသုတ် သတိပဋ္ဌာန်စသော တရားတော် များကို သာယာကြည်နူးဖွယ် ရွတ်ဆိုသင့်သည်၊ ဒုတိယအချိန်၌ (ရနိုင်လျှင်) ဓမ္မကထိကအကျော်အမော်တို့ကို ပင့်ဖိတ်၍ ဗုဒ္ဓဂုဏ် တော်တို့ကိုသာ များစွာ ဟောပြောစေသင့်၏၊ ဟထိုဘုရားပွဲ၌ လှူဖွယ် ပစ္စည်းများ မပါစေရ၊“ တတိယအချိန်၌ လူငယ်ပိုင်းက ဗုဒ္ဓဂုဏ် တော်ဖွဲ့ဖြစ်သော တရားဂီတတို့ကို သီဆို၍ စန္ဒရား စသည်တို့ကို (အငှားလိုက် ပိုက်ဆံရ မဟုတ်ဘဲ သဒ္ဓါတရား သက်သက်ဖြင့်) သာယာငြိမ့်ညောင်းစွာ တီးမှုတ်သင့်၏။
          မကြာမီက ၀က်လက်နယ် ညောင်ပင်ကြီးတော ၀ိနည်းစာပြန် ပွဲသို့ သွားခဲ့ရာ သီတင်းသုံးဖော်များနှင့်အတူ နံနက်စောစော ဆွမ်းစားနေတုန်း ဗြုန်းခနဲ အနားလာ၍ ဓာတ်စက်ဖွင့်၏၊ မဖွင့်ဖို့ရန် တားမြစ်မည်ဟု နှုတ်က ထွက်ခါနီး…“မေတ္တာဓာတ်နှင့် ဗုဒ္ဓမြတ်စွာ” ဟူသော အသံကို ကြားရသဖြင့် မတားနိုင်ဘဲ ဂရုစိုက်၍ နားထောင်ရာ အောင်ခြင်းရှစ်ပါးသီချင်းဖြစ်၍ ၀မ်းမြောက်စွာဖြင့် သီချင်းရှင်နှင့် ဓာတ်ပြားကုမ္ပဏီကို ချီးမွမ်းမိပါသည်၊ ထိုသီချင်းမျိုးကား တဏှာ လောဘ ကိလေသာစိတ်ကို မဖြစ်စေဘဲ ကုသိုလ်စိတ်ကိုသာ ဖြစ်စေပါသည်၊ ထို့ကြောင့် ဘုရားပွဲများ၌ ထိုကဲ့သို့ သီချင်းများဖြင့် ဗုဒ္ဓ ဂုဏ်တော်ဖွဲ့နွဲ့ရုံသာမက ထိုကဲ့သို့ အသံကောင်းသော အမျိုးသား အမျိုးသမီးများက ဗုဒ္ဓဂုဏ်တော်ကို ကိုယ်တိုင်နားလည်အောင် လေ့လာ၍ အကျယ်တ၀င့် စကားဖြင့် ပြောကာ ဂီတများကို ရွတ်ဆို တီးမှုတ်သင့်ပါသည်။
          ဤနည်းဖြင့် ညအချိန် ပူဇော်ပွဲကို ရုတ်သိမ်း၍ နံနက်စောစော အရုဏ်တက်၍ သံဃာတော်များကိုပါ ပင့်ပြီးလျှင် ဘုရားအတွက် လည်း တစ်ပွဲစာ သက်သက် ပြင်၍ ဆွမ်းတော်ကပ်ခြင်း, [ထို ဆွမ်းတော်ကပ်ရာ၌လည်း ဗုဒ္ဓဂုဏ်တော်ဖွဲ့များကို တီးမှုတ်နိုင်ပါသည်၊] ဘုရားမှ ပိုလျှံသည်ဟု ယူဆရသော မုန့်များကို အမှန် ဝေယျာဝစ္စပြုသူတို့ စားကောင်းပါ၏၊ သာ၍ ပိုလျှင် ရဟန်းတော် များအား ကပ်လှူခြင်း, ဖုန်းတောင်းယာစကာတို့အား စွန်ကြဲခြင်းတို့ဖြင့် အထူး ကုသိုလ်ရသော ဘုရားပွဲကို နွှဲကြဖို့ရန် တောင်းပန် ပါသည်၊ ယခုအခါ  မန္တလေးမြို့ဝယ် တချို့ ဆွမ်းတော်ကြီးများကို ဘိုးဘွားရိပ်သာများသို့ သွား၍ တစ်ဆင့် လှူဒါန်းကြသည်ဟု ကြားရ၏၊ ကောင်းသောစနစ်ပင် ဖြစ်ပါပေသည်။



သီတင်းကျွတ်ပွဲများအပြစ်

အခါမကောင်းပုံ
မြို့ကြီး မြို့ငယ် အနယ်နယ်တို့၌ သီတင်းကျွတ် သောအခါ ကထိန်ပွဲ ဘုရားပွဲ ဆွမ်းတော်ကြီး လောင်းပွဲ စသည်ဖြင့် ဘာသာရေးဆိုင်ရာ အလှူပွဲတွေ များပြား လှ၏၊ ထိုပွဲများ၌ ဇာတ် အငြိမ့် ရုပ်သေး စသော ပွဲသဘင်များလည်း ပါဝင်ကြ၏၊ ထိုသို့ ဖြစ်ရာ၌ ဘာသာရေးတွင် ပျော်ပွဲရွှင်ပွဲများ ပါဝင်ခြင်း၏အပြစ်ကို ပြခဲ့ပြီ၊ ကထိန်ပွဲစသည် ကျင်းပရာအခါသည် နောက်မိုးကောင်းကောင်း ရွာသွန်းတတ်ရာ ဥတုပြောင်း၍ ဆောင်းဝင်တော့မည့် အချိန်အခါ ဖြစ်၏၊ ထိုကဲ့သို့ ဥတုပြောင်းချိန်၌ကား ရိုးရိုးသားသားနေထိုင်သူတို့ပင် ဖျားနာတတ်ကြသေး၏၊ ကျန်းမာရေး ကျမ်းစာတို့၌ ဥတုပြောင်းမည့် တန်ဆောင်မုန်းလအခါကို“ယမဒါဋ္ဌာ-ယမမင်း၏ အစွယ်ထက်မြက်ရာအခါ”ဟု ခေါ်၏၊ ထိုအခါ၌ ဖျားနာ နေလျှင် သာ၍ ဂရုစိုက်ရမည့်အခါ သေလွယ်တတ်သောအခါဟု ဆိုလိုသည်။
လူဆင်းရဲပရိသတ်
ပွဲကြည့်ကြသူများတွင် မိမိတို့အိမ်၌ သာယာပျော်မွေ့စွာဖြင့် နေထိုင်ကြသော အထက် တန်းစား သားသမီး လူကြီးလူကောင်းများ နည်းပါးလှ၏၊ သူတို့ကား ပွဲဈေးတန်းလျှောက်ရုံသာ လာတတ်ကြလေသည်၊ တစ်ညလုံး မိုးလင်းထိအောင် ပွဲကြည့်သူတို့မှာ အဆင်ခြင် နည်းပါးသူ, မိမိတို့ အိမ်တွင် ပျော်ရွှင်စွာ မနေရသူ လူဆင်းရဲများသာ ဖြစ်တတ်ကြသည်၊ နဂိုကပင် တွေ့ကရာ စား၍ ဖြစ်သလို ကြီးပွားရသော ထိုလူဆင်းရဲ အများသည် တစ်ညလုံး အအေးခံ၍ ကောက်ညှင်းပေါင်း ဗယာကြော် စသော အစာကြေခဲသော အစာများကို စားလျက် ပွဲအရသာကို မြိန်မြိန်ရှက်ရှက် ခံစားပြီးနောက် တချို့မှာ အလုပ် မလုပ်လျှင် စားစရာ မရှိ၍ အလုပ်ဆင်းရတော့၏၊ ညက အိပ်ရေး ပျက်ခဲ့၍ နေ့အချိန်၌ အားရအောင် မအိပ်ရ, တစ်ညလုံးလည်း အအေးမိ၏၊ မိုးအေး ဆောင်းအေးနှင့် လေအေးကလေး ရောထွေး လာသောအခါ အိမ်ကလည်း (တချို့မှာ) ကောင်းစွာ မလုံချေ၊ ထိုသူတွေ၏ ကျန်းမာရေးကား ဘယ်သို့ နေရှာကြမည်နည်း။
မမာမကျန်းဖြစ်လျှင်
ထိုပွဲကြည့်များသော လူဆင်းရဲတစ်စုသည် တကယ်လို့များ မကျန်းမမာဖြစ်ကြပါလျှင် ဆေးဆရာကောင်းကောင်းလည်း မခေါ်နိုင်ကြ၊ ဆွေမျိုးဉာတိ ရင်းနှီးသူတွေ မှိုင်တွေချ၍ သေဖို့သာ ပြင်ကြရတော့သည်၊ ထိုကဲ့သို့ အသေအပျောက် များလာလျှင် “ဘယ်မြို့ ဘယ်ရပ်ကွက်၌ ပလိပ်ကပ်ရောဂါဖြစ်သတဲ့”ဟု ဟုတ်ဟုတ် မဟုတ်ဟုတ် သတင်းဖြစ်လာ၏၊ ထိုအခါ အိမ်ကြီးရှင် ပစ္စည်းရှင်တွေလည်း အလုပ်အကိုင်ထိခိုက်လျက် ရတက်မအေးနိုင်ကြတော့ပြီ၊ လူဆင်းရဲ သားသမီး ဆယ်ယောက် သေနေသော်လည်း မတုန်လှုပ်သော ရပ်သူရွာသားတို့မှာ လူရတတ် သားသမီး တစ်ယောက် ပျက်စီးသောအခါ ကမ္ဘာမီး တောက်မလောက် အကြောက်ပိုကာ ဟိုရွှေ့ သည်ပြောင်းနှင့် ဗလောင်ဆန် ဆူပွက်၍ ပြည်ပျက်သလို ဖြစ်သွားတတ်လေ၏၊ ထို့ကြောင့် “ဘာသာရေးများ၌ အပျော်အပါး ကစားပွဲများ မပါ အောင် အနာဂတ်ကာလ၌ အစိုးရကိုယ်တိုင် ဇိကုတ်၍ နတ်ပြည် တင်ကောင်းပါရဲ့”ဟု မျှော်လင့်ရတော့သည်။
 

အနာဂတ်သာသနာရေး အပိုင်း(၁၃၇) ဘုရားတည်မှု


ဘုရားတည်မှု
ဘုရားစေတီတည်ထားရာ၌ ကုသိုလ်ရသည်ကား မှန်ပါ၏၊ သို့သော် အကျိုးရသင့်သမျှ အပြည့်အစုံ ရဖို့ စဉ်းစဉ်းစားစား တည်ထားသင့်ကြသည်၊ မဟာဝဂ္ဂသံယုတ် ၀ိဟာရ၀ဂ္ဂအဋ္ဌကထာ၌ သမ္မာဒိဋ္ဌိ ဖြစ်ပုံကို ပြရာဝယ် “အပ္ပတိဋ္ဌိတေ ဒိသာဘာဂေ စေတိယ ပတိဋ္ဌာပနံ=စေတီ မတည်ရသေးသောအရပ် (မြို့, ရွာ) တို့၌ စေတီတည်ထားခြင်းကို သမ္မာဒိဋ္ဌိ=အယူမှန်ခြင်း”ဟု ဆို၏၊  စေတီရှိပြီး နေရာ၌ ထပ်၍ တည်ခြင်းကို အဋ္ဌကထာ မလိုလားကြောင်းမှာလည်း ဉာဏ၀ိဘင်္ဂအဋ္ဌကထာ၌… “ဧကသ္မိံ ၀ိဟာရေ ဒွိနံ္န စေတိယာနံပိ လာဘသက္ကာရော ဥဠာရော န ဟောတိ-တစ်ကျောင်း တစ်တိုက်ဝယ် စေတီတော် နှစ်ဆူရှိရာ၌ လာဘ် ပူဇော်မှု မများ (မကောင်း) နိုင်”ဟူသော စကားဖြင့် သိသာ၏။
          ထိုအဋ္ဌကထာစကားကို လက်ရှိအခြေအနေကလည်း ထောက်ခံလျက်ရှိ၏၊ စေတီတော် များပြားသည့်အတွက် မည်သည့်စေတီ တော်မျှ အစောင့်အရှောက် ကျကျနနနှင့် သားနားသပ္ပာယ်အောင်, စေတီတော်ရောက်သွားလျှင် စိတ်ကြည်နူးအောင် ကိုးကွယ်ထား သည်ကို မတွေ့ရ၊ မဟာမြတ်မုနိ, ရွှေတိဂုံ စေတီတော်များ၏ ရင်ပြင်တော်၌သော်မှလည်း လူများ၏ ခြေရာတွေနှင့် ခွေးမစင်, ပန်းအမှိုက်စသည်များကို တွေ့ရပါသေးသည်။
ဖြစ်ချင်တိုင်းဖြစ်နေပုံ
တချို့စေတီတော်ဝင်းအတွင်း၌ စေတီအငယ်,  ဆင်းတုတော် အငယ်တွေ အများအပြား ရှိကြ၏၊ တစ်ဖက်ကို လှည့်၍ ဦးချနေခိုက် များစွာသော စေတီဆင်းတုတော်များကို ကျောပေးထားရာ ရောက်တော့၏၊ နာမည်ကြီးသော ဆင်းတုတော်မှာ ပန်းတွေ ပြည့်နေသော်လည်း ထိုဆင်းတုတော် စေတီတော် အငယ်များ၌ ပန်းတစ်ပွင့်မျှ မရှိကြပေ၊ ကျေးရွာများ၌ ဘိုးဘွား အစဉ်အဆက်က တည်ထားပြင်ဆင်လာသော စေတီတော်များ ရှိတတ်သေး၏။

          သားစဉ်မြေးဆက်တို့ စီးပွားတက်ချိန်၌ ထိုစေတီတော်များ တန်ခိုးတော် ကြီးမား၍ သားစဉ်မြေးဆက်တို့ ဆုတ်ယုတ်သောအခါ ထိုဘိုးဘပိုင်စေတီများလည်း ညိုမည်း ခြောက်သွေ့၍ (ဆင်းရဲသော ကျောင်းဒကာ၏ ဘုန်းကြီးပမာ) အရှိန်အ၀ါ မတောက်နိုင်ကြချေ။
         
ကာလအတော်ကြာလျှင်ကား မြက်သစ်ပင်များ ပေါက်ရောက်ရာ အုတ်ပုံဘ၀သို့ ရောက်၍ တချို့ စေတီများမှာ ဌာပနာ အဖောက် ခံရရုံတွင်မက အုတ်တွေကို လူတို့က အသုံးပြုကာ ဖြစ်ချင်သလို ဖြစ်နေရရှာလေတော့သည်၊ [စစ်အတွင်းက မြို့ပြစေတီတော် ဆင်းတုတော်များ၌ ခြင်ထောင်ကြိုး အချည်ခံရပုံ, စစ်သားများ ထမင်းချက်ရာ၌ ဆင်းတုတော်နှစ်ဆူ၏ ပခုံးတော်ပေါ် တုတ်တန်း တင်၍ ချက်ပုံကို လူအများပင် တွေ့မြင်ကြားသိလိုက်ရပေသည်၊၊]
ပြုပြင်ရေး
အနာဂတ်ကာလ၌ ပုဂ္ဂလိက ဘိုးဘပိုင် ဘုရားစေတီ ဆင်းတုတော်များ အသစ်မတည်ဘဲ ရွာလုံး မြို့လုံး ကိုးကွယ်ဖို့ရာ အဟောင်းစေတီများကို စုပေါင်းပြင်ဆင်၍ ဖြစ်စေ, လုံးလုံး မရှိသေးလျှင် အသစ်တည်၍ ဖြစ်စေ ကြီးကျယ် ခမ်းနားသော စေတီတော် ဆင်းတုတော်ကိုသာ တည်ထားကိုးကွယ် ၍ မဟာရံတံတိုင်း တံခါးပိတ်များဖြင့် သားနားသပ္ပာယ်စွာ ဆင်ပြင် ထားသင့်ပါသည်။
          အဘိုး အဘွားအရွယ်နှင့် သူတော်ကောင်းစိတ်ဓာတ် အထူးရှိသော ငယ်ရွယ်သူတို့လည်း နံနက်နှင့် ညနေပိုင်း၌ စေတီဝင်းသို့ သွားရောက် ဖူးမြော်ကာ မြက်သစ်ပင်တို့ကို ရှင်းလင်းခြင်း, ပန်းပင် စိုက်ခြင်း, ရေလောင်းခြင်းတို့ဖြင့် သက်တော်ထင်ရှား ဘုရားရှိနေ သော ကျောင်းတိုက်လို သဘောထားကာ (စွမ်းနိုင်ပါမူ) ထိုဘုရား ၀င်းအတွင်းမှာပင် ကမ္မဋ္ဌာန်းထိုင်လျက် နောင်သံသရာရေးအတွက် ကြိုးစားသင့်ကြပါသည်၊ [ဆင်းတုတော်များကိုလည်း များသော နေရာမှ လုံးလုံး မရှိသေးသော (ချင်းတောင်ဒေသ စသော) အရပ်များသို့ ပင့်ဆောင် ကိုးကွယ်သင့်ပါသည်။]

အနာဂတ်သာသနာရေး အပိုင်း(၁၃၈) ဆွမ်းတော်ကြီးတင်



ဆွမ်းတော်ကြီးတင်
ဗုဒ္ဓရှင်တော်လက်ထက်၌ ကောသလမဟာရာဇာက တစ်ဖက်, မြို့သူ မြို့သားများက တစ်ဖက် အပြိုင်အဆိုင် ဆွမ်းကျွေးပွဲ လုပ်ခဲ့ကြဖူး၏၊ နောက်ဆုံး၌ ကောသလမဟာရာဇာသည် မလိ’ကာမိဖုရား၏ အကြံပေးချက်အရ သံဃာတော်များ နေထိုင်ဖို့ရာ နေရာထိုင်ခုံ ငါးရာ၏ နောက်၌ ဆင်တစ်စီးစီ ထီးဖြူဆောင်းစေလျက် ရဟန်းတော်များ၏အကြား၌ နန်းတော်သူများကို နံ့သာကြိတ်စေ၍ ထိုနံ့သာတို့ဖြင့် မွမ်းမံခြယ် လှယ်ကာ မည်သူမျှ မတုပနိုင်သော အသဒိသ ဆွမ်းဒါနကြီးကို ပြုဖူးလေသည်။
          ယခုခေတ် ဆွမ်းတော်ကြီးပွဲ ပြင်ဆင်ပုံကား ထိုအလှူမျိုးနှင့်လည်း မတူချေ၊ ထိုအသဒိသဒါနသည် သံဃာတော်များ ဘုဉ်းပေးရသောဒါန ဖြစ်၏၊ ဤဆွမ်းတော်ကြီးများကိုကား သံဃာများ မဘုဉ်းပေးရပါ၊ များစွာသော ဆွမ်းတော်ကြီးများကို ကြည့်လိုက်သော အခါ မုန့်မျိုးစုံတို့၏ အကြား၌ ပန်းကန်ပြားအပြည့် ထည့်အပ်သော ၀က်သားတုံးကြီး, ကြက်ကောင်လုံးကျော် အများအပြားတွေ့ရပေသည်။
ကပ်လှူပြီးစွန့်ပစ်
ထိုလှူဖွယ်များကို  ညဥ့်ဦးက  ရှေ့တော်မှာ ပြင်ဆင်ထား၍ နံနက်စောစော၌ ဆွမ်းတော် ကပ်ကြ၏၊ မိုးလင်းသောအခါ ထိုဆွမ်းတော်ပွဲများကို ကျေးရွာများ၌ (စားချင်သူ စား သဘောထား၍) စွန့်ပစ်ကြ၏၊ မြို့များ၌ကား တချို့ကို စွန့်ပစ်၍ တချို့ကိုကား ပြန်၍ ရောင်းစားကြသည်ဟု ကြားရ၏၊ ထိုဆွမ်းတော်ကြီး၌ မုန့်မျိုးစုံ သီးမျိုးစုံ ပြင်ဆင်ထားသည်မှာ ကြည့်ရှုဖွယ် ကောင်းပါပေ၏။
          ကြက်ကောင်လုံးနှင့် ၀က်သားတုံးကြီးတွေကား (ဗုဒ္ဓသက်တော် ထင်ရှားရှိပါမူ) မည်သည့်နည်းနှင့်မျှ ခွင့်ပြုတော်မူမည် မထင်၊ တချို့လူများ နတ်တင်ပုံနှင့်လည်း ထွေးရောယှက်တင် ရှိလှ၏၊ မြန်မာလူမျိုးတို့ ဗုဒ္ဓကို မကိုးကွယ်ခင်က နတ်တင်နည်းကိုပင် ဗုဒ္ဓကို ကိုးကွယ်သောအခါ နေရာပြောင်းလဲလိုက်ခြင်းမျှသာ ဖြစ်လေရော့ သလားဟုလည်း အဓိပ္ပာယ်ထင်မိ၏။
         
ထို့ပြင် “မုန့်မျိုးစုံ သီးမျိုးစုံကို သံဃာတော်များ မသုံးစွဲရုံမက လူကြီး လူကောင်းများပင် မစားနိုင်ဘူး”ဟူသော ၀ါဒမှာလည်း နတ်တင်ရာမှ စွဲလမ်းလာသောဝါဒပင် ဖြစ်မည်ထင်၏၊ ဘုန်းကြီး ခြောက်နှစ်သား အရွယ်လောက်က ဆွမ်းတော်ကြီး စွန့်နေရာတွင် ၀င်၍ ကောက်ယူနေသည်ကို ဘိုးဖြစ်သူက ကြိမ်းမောင်းမာန်မဲကာ (လက်ဖြင့် မထိကောင်းသလို) ကပျာကယာ အပစ်ခိုင်းလေသည်။

ဆွမ်းကြီးလောင်း
ထိုဘုရားပွဲ၌ ဆွမ်းကြီးလောင်းကြပုံလည်း (ကျေးရွာများအတွက်) ကိုယ့်အိမ်မှ မုန့်လုပ်ကြ ကြော်လှော်ကြ၍ ရှိသမျှ ဟင်းများကို စုပေါင်း ကျွေးမွေး လှူဒါန်း ကြရုံဆိုလျှင် တော်ပါသေး၏၊ ယခုသော် “မည်သည့်ရွာ၌ ဘုရားပွဲ အကြီးအကျယ် ရှိသတဲ့”ဟု ရက်ချိန်းကို သိကြသော အသား ရောင်းသူတို့က ထိုဘုရားပွဲ၌ ကျွေးမွေးလှူဒါန်းဖို့အတွက် နွား ၀က် ကြက်တို့ကို သတ်ဖြတ်ကြလေသည်၊ အရင်းစစ်လိုက်သော် “ဘုရားပွဲ ဆွမ်းကြီးလောင်းမှုကြောင့် သတ္တ၀ါများ သေကြရ၏”ဟု အကြောင်း အကျိုး ဆက်သွယ်နေရကား အကြီးအကျယ် ဆွမ်းလောင်းရာဝယ် နွား ၀က် ကြက် စသော သတ္တ၀ါတို့၏ လတ်ဆတ်သော အသား တို့ကို မပါစေဘဲ သက်သတ်လွတ်ဖြစ်စေ, ငါးကြော် ငါးခြောက်ဟင်း များဖြင့် ဖြစ်စေ လောင်းလှူသင့်၏၊ ဆွမ်း မုန့်များကိုလည်း စားလောက်ရုံ လောင်းလှူသင့်ပါသည်။
          ဗုဒ္ဓရှင်တော်မြတ်သည် ရဟန်း သာမဏေတို့အား အသား စားခြင်းကို မတားမြစ်ပါသော်လည်း ၁-မိမိတို့အတွက် ရည်မှန်း၍ သတ်အပ်သော အသားဟု မျက်မြင်ဒိဋ္ဌဖြစ်ခြင်း၊ ၂-သူများပြောသံ ကြားခြင်း၊ ၃-တောကျေးလက်၌ မိမိရောက်မှ ကြက်သားဟင်း ချက်ကပ်လျှင် “ငါ့အတွက် တမင်တကာ သတ်တာလေလား”ဟု ယုံမှားသံသယဖြစ်ခြင်း ဤသုံးမျိုး မကင်းသောအသားကို မစားရဟု တားမြစ်တော်မူထား၏။
          ထို ဆွမ်းကြီးလောင်းပွဲများ၌ ထိုသုံးမျိုးမှ ကင်းလွတ်သော အသားရဖို့ရာ ခဲယဉ်းလှ၏၊ တချို့ နားလည်သော ဒကာများလည်း ထိုအပြစ်မှ လွတ်အောင် အများရောင်းနေကျ ဈေးကြီးသို့ သွား၍ စုဆောင်းဝယ်ယူကြလေသည်။

အနာဂတ်သာသနာရေး အပိုင်း(၁၃၆) သရဏဂုံတင်


သရဏဂုံတင်
လူတစ်ယောက်၏  နောက်ဆုံး စုတေစိတ်နှင့် ဘ၀သစ် ပဋိသန္ဓေစိတ်သည် လက်ဖျောက် တစ်ချက်တီးချိန်ကို ကုဋေတစ်သိန်းလောက် စိတ်လျှင် တစ်စိတ် လောက်သာ  အချိန် ကြာ၏၊  “ဘ၀ဟောင်းက  စုတေသည်နှင့် တစ်ပြိုင်နက် ဘ၀သစ်မှာ ဖြစ်ရတော့၏”ဟု ဆိုလိုသည်၊ အိမ် အနီးအပါး၌ တစ္ဆေ ပြိတ္တာ ဖြစ်နေရသူများသည် ထိုတစ္ဆေဘ၀မှာပင် အသစ် ဖြစ်ရ၏၊ နတ်ပြည်နှင့် ငရဲပြည်သို့ ရောက်မည့်သူလည်း ထိုခဏအတွင်းမှာပင် ထိုဘ၀သစ်၌ ဖြစ်ပြီးလေ၏။
          ထို့ကြောင့် အလောင်းကောင်ကို သင်္ချိုင်းမှာ ဖြစ်စေ, အိမ်မှာ ဖြစ်စေ သရဏဂုံတင်ကြောင်းကို သေလွန်သူ သိဖို့အရေးမှာ အလှမ်း ဝေးလှချေ၏၊ သိမည်ဆိုလျှင် အိမ်အနီး၌ (သုသာန်၌) တစ္ဆေ ပြိတ္တာ ဖြစ်နေသူလောက်သာ သိခွင့်ရှိသည်။
          ယခုအခါ “သရဏဂုံတင် ဆိုသည်မှာလည်း အထူးအဆန်း မဟုတ်၊ ရိုးရိုးတန်းတန်း သီလပေးခြင်း, လှူဖွယ်ပစ္စည်းကို ရေစက် ချ၍ သေသောသူအား အမျှပေးခြင်းပင်တည်း၊ ထိုတွင် လှူဖွယ် ပစ္စည်းများကို လှူဒါန်း၍ အမျှပေးခြင်းကို ကောင်းသောနည်းလမ်း ဟုပင် ဆိုသင့်ပါ၏၊ ထိုအမျှပေးဝေမှုကို လူ့ပြည် နတ်ပြည် ငရဲနှင့် တောကြီးထဲမှာ ပြိတ္တာဖြစ်နေသူတို့ မသိကြ၊ ၀မ်းမမြောက်နိုင်ကြ၍ ကုသိုလ်အဖို့ကို မရကြသော်လည်း အနီးအပါး၌ ပြိတ္တာ တစ္ဆေ ဖြစ်နေသူမှာ သိနိုင်, ၀မ်းမြောက်စွာ သာဓုခေါ်နိုင်လျှင် ကုသိုလ်အဖို့  ရဖွယ်ရှိပါပေ၏၊ သို့သော် ငိုကြွေးမြည်တမ်းလျက် သောက ပရိဒေ၀ အကုသိုလ်ခြံရံကာ သုသာန်မှာ လှူဒါန်း အမျှဝေခြင်းကား အလှူ့ရှင် များမှာလည်း ကုသိုလ် အရနည်း၏၊ တစ္ဆေ ပြိတ္တာ ဖြစ်နေသူလည်း ထိုငိုနေပုံကို မြင်ရသဖြင့် ၀မ်းမြောက်လှမည် မဟုတ်ပါ။
အသုဘပြုပြင်ရေး
“အားလုံးလူတွေ တစ်နေ့လျှင် ဧကန်သေကြရမည်”ဟူသော ထုံးစံတရားကို မည်သူမဆို နားလည်ပြီး ဖြစ်၏၊ ထို့ကြောင့် ဘယ်နည်းနှင့် သေသေ မထူးဆန်း လှချေ၊ သို့ရာတွင် သေလောက် ကျေလောက် ရောဂါရောက်နေသူ ကို ဆွေမျိုးရင်းများက လူအား ငွေအားဖြင့် တတ်နိုင်သမျှ ကုသ သင့်၏၊ ထိုသို့ ကုသကြပါလျက် သေသွားသူကို “ငါတို့ ၀တ္တရားတော့ အကျေသားပဲ, သူ့ကံက ဒီလိုဖြစ်ဖို့ စီမံလာတော့ ငါတို့တာဝန် မဟုတ်, သူ့ကံပဲ”ဟု ဖြေသိမ့်ကာ ၀မ်းနည်းပူဆွေးမှုတွေကို သက်သာ နိုင်သမျှ သက်သာနိုင်ပါစေ။

          [ကိုယ်ကျင့်အဘိဓမ္မာ၌ ပြထားသော သေခါနီးပြုပြင်ရေးနှင့် သောက ပရိဒေ၀အကြောင်းများကို ကြည့်ရှု၍ လိုက်နာကြပါလေ၊] ထိုသို့ စိတ်သက်သာနိုင်သမျှ သက်သာအောင် ဖြေ၍ အချိန်ရှိသေး လျှင် ထိုနေ့မှာပင် အချိန်မရှိလျှင် နောက်တစ်နေ့၌ (ထုံးစံ မဖျက် လိုလျှင်)  မိမိတို့  ကိုးကွယ်နေကျ  ဆရာသမားကို  အိမ်သို့  ပင့်၍ သရဏဂုံတင်ပါ၊ ထိုသို့ သရဏဂုံတင်ရာ၌ လှူဖွယ်ပစ္စည်းများလည်း မလိုသေးပါ၊ ဆရာသမားကလည်း သူတို့၏ သောက ပရိဒေ၀ လျော့စေနိုင်သော တရားစကားများကို တတ်နိုင်သမျှ ဟောပြသင့်ပါသည်။
ဆွမ်းသွတ်အမျှဝေ
ထို့နောက် (၇-ရက်လည်အောင် မဆိုင်းဘဲ) မိမိတို့ အခွင့်သာသော တစ်ရက် နှစ်ရက် အတွင်းမှာ တတ်နိုင်သမျှ ဆွမ်း, အ၀တ်, ဖိနပ် စသော လှူဖွယ် ၀တ္ထုများကို ပြင်ဆင်၍ (ထိုအချိန် အလှူမျိုး၌ ငွေကို မလှူရ၊) သွားလေသူကို သင်္ချိုင်းတိုင်အောင် သွားရောက် ဖိတ်ခေါ်ပြီးလျှင် သီလသိက္ခာ အရှိဆုံးဟု ယုံကြည်ရလောက်သော ဘုန်းတော်ကြီး တစ်ပါးဖြစ်စေ, သံဃာကိုပင့်၍ သံဃိကဒါနဖြစ်စေ လှူဒါန်းကာ သွားလေသူ၏ နာမည်ကို ခေါ်ယူ အမျှဝေပါ။
          သွားလေသူသည် အိမ်အနီးအပါး၌ ပြိတ္တာဖြစ်နေလျှင် မိမိ အတွက် ပြုသော ထိုအလှူကို ၀မ်းမြောက်စွာ သာဓုခေါ်၍ ကုသိုလ် အဖို့ရလျက် အစားအ၀တ်များ ချက်ချင်း အကျိုးရပါလိမ့်မည်၊ [ရတနာ့ဂုဏ်ရည်၌လည်း ဤအမျှဝေနည်းကို ရေးထားပါသည်၊] ဤပြခဲ့သော နည်းသည် အကုန်အကျလည်း သက်သာ, လိုရာ အကျိုးလည်း အမှန်ပြီးစေနိုင်သောနည်း ဖြစ်ရကား အနာဂတ် ကာလ၌ အသင်းအပင်းဖွဲ့ကာ ဤနည်းကို အမြန်ဆုံးလိုက်နာသင့်ပါသည်။

အနာဂတ်သာသနာရေး အပိုင်း(၁၃၄) ဘုန်းကြီးပျံ ကြာရှည်ထားပြစ်

ဘုန်းကြီးပျံ ကြာရှည်ထားပြစ်
ယခုကာလ၌ ဘုန်းကြီးပျံကို ကြာရှည်ထား လေ့ရှိခြင်း, ကြာရှည်ထားလေ့ မရှိခြင်းဟု နှစ်မျိုးရှိ၏၊ ကြာရှည်ထားခြင်း၌ ရည်ရွယ် ချက်ကား ရပ်ဝေးတပည့်များ လာရောက်မီအောင် စောင့်ဆိုင်း လိုခြင်း, ဒကာ ဒကာမများ၏ ဘုန်းကြီးပျံ၌ ကုန်ကျဖို့ရန် ငွေရှိချိန် ကို စောင့်လိုခြင်းများ ဖြစ်၏၊ ထိုတွင် အဝေးတပည့်များ လာရောက် ၍မှ သင်္ဂြိုဟ်ခြင်းလည်း တစ်နည်းအားဖြင့် ထိုမှရမည့် အကူအညီ တို့ကို မျှော်လင့်ခြင်းပင် ဖြစ်၏၊ ထိုသို့ မဟုတ်ဘဲ “အဝေးတပည့် များ နောက်ဆုံး ကန်တော့ခြင်းဖြင့် ကန်တော့စေလိုသောကြောင့် ထားရပါသည်”ဟု ဆိုလျှင် အလောင်းကို မမီလိုက်ဘဲ ဂုဏ်ကို မှန်း၍ ကန်တော့လျှင်လည်း ပြီးနိုင်ပြီဖြစ်၍ ထိုအကြောင်းလည်း မလုံ လောက်သေးချေ၊ အမှန်မှာ “ပွဲနှင့်လမ်းနှင့် စည်စည်ကားကား ဖြစ်စေလိုသောကြောင့် ကြာရှည် ထားကြသည်”ဟု ထင်စရာ အကြောင်းရှိ၏၊ ထိုသို့ ကြာရှည်ထား၍ စည်စည်ကားကား ကျင်းပ ခြင်း၌ အောက်ပါ အပြစ်များကို တွေ့ရလေသည်။
၁။       အလောင်းကို စောင့်ရှောက်ရမှုကြောင့် ပရိယတ်ကျောင်းတိုက် ဖြစ်လျှင် စာသင်စာချ ပျက်ခြင်း, ပဋိပတ်ကျောင်းတိုက်၌ ပဋိပတ်အကျင့် လစ်ဟင်းခြင်း၊
၂။       ဒကာ ဒကာမတို့ အလုပ်အကိုင် ပျက်၍ အကုန်အကျများခြင်း, ထိုကုန်ကျရာ၌ တချို့ ဒကာ ဒကာမများကား မရှိမဲ့ရှိမဲ့နှင့် သူများနည်းတူဖြစ်အောင် ကြံစည်၍ ထည့်ရခြင်း, တချို့လည်း စိတ်မပါဘဲ  ရပ်ရွာနှင့်  မဆန့်ကျင်အောင်  ထည့်ရခြင်း၊         [ ထို့ကြောင့် “ဘုန်းကြီးသေ ရွာကြေ”ဟု ဆိုကြသည်။]
၃။       ပွဲလမ်းသဘင်တွေ များ၍ ကြည့်ရှုသူတို့မှာ ကျန်းမာရေး ချွတ်ယွင်းတတ်ခြင်း၊
၎။       တာဝန်ဆောင်ပုဂ္ဂိုလ်များဝယ် အလုပ်များသော ရဟန်းငယ် ရှင်ငယ်တို့မှာ အပြင်းအထန် ကျန်းမာရေး ချွတ်ယွင်းတတ်ခြင်း၊ [“နာမည်ကြီးဆရာတော်တစ်ပါး ပျံလွန်တော်မူရာ၌ နောက်ပါ နှစ်ပါး သုံးပါး ခေါ်သွားတတ်သည်” ဟု ပြောစမှတ် ရှိ၏၊ ဆိုလိုရင်းကား… ဆရာတော်ပျံ၌ လုပ်ကိုင်ရသောကြောင့် မကျန်းမာ၍ နှစ်ပါး သုံးပါး ပျံတော်မူတတ်သည်ဟု ဆိုလိုသည်၊၊]

၅။       ၀က် ကြက်စသော သတ္တ၀ါအများလည်း ဘုန်းကြီးပျံကို အကြောင်းပြု၍ သေကျေရခြင်း၊ [ ဆရာတော်တစ်ပါး၏ ဘုန်းကြီးပျံသို့ တပည့်အများ သွားကြရာ ညဥ့်အခါ၌ သဲသောင် ပြင်ထက်တက်၍ နားနေခိုက်ဝယ် ကပ်လာသော လှေကြီး တစ်စင်းပေါ်မှာ သတ်ပြီး ကြက်ကောင်တွေ အပြည့်တင်လာသည်ကို မြင်၍ “ဘယ်သွားမလို့လဲ မေးရာ” “ဆရာတော်ဈာပန သွားမလို့”ဟု ဖြေသည်ကိုကြားခဲ့ရကြောင်း ကိုယ်တွေ့တစ်ဦးက လျှောက်ဖူးသည်။]
၆။       ဘုန်းကြီးပျံကို နာမည်ခံ၍ ဟိုဟိုသည်သည် အလှူခံကာ စီးပွား ရှာလိုသူတို့ မတရားသဖြင့် စီးပွားရှာခွင့်ရခြင်း၊ ဤသို့စသည်ဖြင့်လက်တွေ့အပြစ်တွေ များပြားရကား အောက်ပါစည်းကမ်းချက် အတိုင်း ဘုန်းကြီးပျံကိစ္စကို ပြုပြင်သင့်ကြပါသည်။
ဘုန်းကြီးပျံ ပြုပြင်ရေး
မိမိတို့၏ဆရာသမားကို လေးစားသော တပည့် ဒကာ ဒကာမတို့သည် မကျန်းမာကြောင်းသိလျှင် အစွမ်းကုန် ကြိုးစား၍ (၀ိနည်းတော်နှင့်လည်း ညီစွာ) ကုသသင့်၏၊ အကောင်းဆုံးဆရာနှင့် ဆေး, ဓာတ်စာများကို မိမိတို့ အစွမ်းအားလျော်စွာ ရှာဖွေဆက်ကပ်သင့်၏၊ ထိုဘုန်းတော် ကြီးသည် မနေသာ၍ ပျံတော်မူရစေကာမူ တပည့် ဒကာ ဒကာမတို့ အပေါ်မှာ မေတ္တာများများနှင့် ကျေကျေနပ်နပ် ပျံတော်မူရပေလိမ့်မည်၊ ပျံတော်မူကြောင်း ဧကန်သိရသည့်အခါ၌ကား အချိန်ရှိသေးလျှင် အနီးအပါးရှိ တပည့်များနှင့် ဒကာ ဒကာမတို့သည် နောက်ဆုံး ပူဇော်ခြင်းဟု သဘောထား၍ မိမိတို့အိမ်မှာ အသင့်ရှိသော ဆီနံ့သာတုံးဖြင့် အမြန်ဆုံး မီးသင်္ဂြိုဟ်သင့်၏၊ အချိန်မရှိလျှင်ကား တစ်ညဥ့်မျှ ထား၍ နောက်တစ်နေ့တွင် ကိစ္စပြီးစေသင့်၏။
          ကြီးကျယ်သော ဆရာတော်ဖြစ်၍ ခပ်လှမ်းလှမ်းမှတပည့်များ နေ့ချင်း ရက်ချင်း မရောက်နိုင်ပါမူ သုံးရက်မျှ ထားသင့်ကြ၏၊ ထို့ထက် ပို၍ကား မည်သည့်နည်းနှင့်မျှ မထားသင့်ပေ၊ အရှင်သာရိပုကြာ, အရှင်မောဂ္ဂလ္လာန်စသော ရဟန္တာကြီးများ ပရိနိဗ္ဗာန် စံတော်မူရာမှာပင် နေ့ချင်း ညချင်း ပြီးစေပုံကို အတုယူသင့်ပါသည်၊ ဗုဒ္ဓရှင်တော်ပရိနိဗ္ဗာန် စံတော်မူရာ၌ကား ပြင်ဆင်၍ မပြီးနိုင်သောကြောင့်သာ မီးမသင်္ဂြိုဟ်ရသေးခင် ခုနစ်ရက်မျှ ကြာသွားပါသည်။

အနာဂတ်သာသနာရေး အပိုင်း(၁၃၅) လူအသုဘ


လူအသုဘ
ဤ မြန်မာပြည်၌ လူသေ အလောင်းကောင်ကို အမွှန်းတင်ကာ ငွေကုန်လူပန်း စီစဉ်ကြသည်မှာ စိတ်ပျက်ဖွယ်ရာ ကောင်းလှလေ၏၊ တချို့မှာ ဆေးဖိုးဓာတ်စာ ငါးကျပ် တစ်ဆယ်မျှ အကုန်မခံနိုင်ကြသဖြင့် မသေတန်ဘဲနှင့် သေရပြီးနောက် အလောင်းကောင်ဘ၀ရောက်မှ ကျန်ရစ်သူတို့က မရှိမဲ့ရှိမဲ့ ကြံဆောင်၍ တစ်ဆယ် နှစ်ဆယ်မက အကုန်အကျခံပြီး သင်္ဂြိုဟ်ကြရ၏၊ ထိုအလောင်းကို သုံးရက်ထက်မနည်း အိမ်မှာ ထားလိုကြသေး၏၊ [ထိုသို့ ထားရာ၌ ဘိုးဖြစ်သူထံမှ အကြောင်း ပြချက်ကို ကြားသိရဖူးသည်မှာ “သေသေချင်းတော့ ဆွေမျိုးများက မပစ်ရက်ကြသေးဘူး, သုံးရက်လောက်ကြာ၍ ပုပ်နံလာသောအခါ ကျမှ ပစ်နိုင်ကြတယ်၊ ဒါကြောင့် ကျန်ရစ်သူများ ပစ်ခွာနိုင်အောင် သုံးရက် ငါးရက် စသည် ထားကြတယ်” ဟူ၏။]
          ထိုသို့ ထားရုံတွင် မပြီးသေး၊ ဆွေမျိုး မိတ်ဆွေတွေ လာသမျှ အတွက် ကွမ်း ဆေး လက်ဖက်စသော စားသောက်ဖွယ်ရာများကိုပါ အသုဘအိမ်၌ စီစဉ်ထားရ၏၊ ချမည့်နေ့၌ကား မင်္ဂလာပွဲပမာ အချို့က ဖြီးလိမ်းဝတ်ဆင်၍ လာကြသေး၏၊ တတ်နိုင်သလောက် ကျွေးကြရ, လက်ဖက်ရည်တိုက်ရသည်မှာလည်း အလှူဒါနပွဲကလေး တစ်မျိုး ဖြစ်နေ၏၊ ပုပ်နေသော အလောင်းကို မနံအောင် သေတ္တာထဲမှာ လှောင်၍ အနီးအပါး၌ ပျော်ပျော်ရွှင်ရွှင် စားသောက် ရယ်မောနေကြသော လူလယ်ကောင်ဝယ် အလောင်းရှင်များက လည်း အသံကုန်ဟစ်ကာ ငိုကြရှာ၏၊ ““စားသောက်ရယ်မောနေသူများက ငိုသူများကို အားမနာလို့လား, ငိုသူများက ရယ်ကာမောကာ စားကြသောက်ကြတာကို မသဒ္ဓါလို့လား”” စဉ်းစားစရာ ဖြစ်တော့၏၊ မည်သို့ပင် ဖြစ်စေ ထိုဖြစ်နေပုံကို လောကမျက်စိဖြင့် ကြည့်ကြည့်, ဘာသာရေးမျက်စိဖြင့် ကြည့်ကြည့် ယဉ်ကျေးမှု မရှိပါ။
သွားလေသူသဘောကျ မဟုတ်နိုင်
ဘုန်းကြီးပျံ အသုဘကို ရက်ကြာကြာ ထားရာ၌ အခြားအကျိုးမရှိစေကာမူ သွားလေသူက သဘောကျမည် ဆို လျှင် တော်ပါသေး၏၊ ယခုသော် သွားလေသူကလည်း ထိုကဲ့သို့ ကြာကြာထားသည့်အတွက် နှစ်သက်လှမည် မဟုတ်ချေ၊ ထင်ရှား စေအံ့-မိမိ၏ လက် ခြေစသော ကိုယ်အင်္ဂါတစ်ခုခု၌ အနာပေါက်၍ နံနေလျှင် ထိုအနာကို လူစိမ်း မမြင်စေလိုဘဲ တတ်နိုင်သမျှ ဖုံးကြရ၏၊ “အသုဘ”ဟူသော စကားသည် မတင့်မတယ် ရွံစဖွယ်ဟူသော အဓိပ္ပာယ်ကို ပြ၏၊ သို့ဖြစ်လျှင် တစ်ကိုယ်လုံး မတင့်မတယ် ရွံစဖွယ် တုံးကြီး ဖြစ်နေပါလျက် ရက်ကြာကြာ အပုပ်ခံ၍ လူတွေအား ပြနေ ခြင်းကို အဘယ် သွားလေသူ ကျေနပ်နိုင်အံ့နည်း။

          တချို့က “ဆရာသမားကို ကြာကြာထား၍ ပူဇော်လိုပါသည်” ဟု ပြောကြသေး၏၊ ထိုသူတို့၏ အိမ်, ကျောင်းသို့ တစ်လှည့်စီ ပို့ထားလျှင် သူတို့ ပူဇော်ချင်မည်လော၊ ဘုန်းကြီးအတွက် စပ်မိတိုင်း ပြောသောစကားကား “ငါသေလျှင် ကြာရှည် မထားဘဲ သူတစ်ပါး မမြင်ရာရောက်အောင် အမြန်ဆုံး စွန့်လိုက်ကြ”ဟုပင်တည်း၊ အားလုံးသွားလေသူများလည်း ဘုန်းကြီးလိုပင် သဘောတူ ဖြစ်ပါလိမ့်မည်။
သုသာန်ပို့ပုံ
ယခုကာလ၀ယ်  အသုဘကို  ကြာရှည် ထား၍ သုသာန်သို့ ပို့ကြသောအခါ… ရွာနီးချုပ်စပ်မှ ဘုန်းတော်ကြီးများကို သရဏဂုံတင်ရန် ပင့်ကြရသေး၏၊ ဆေးဖိုး ၀ါးခ မတတ်နိုင်၍ သေရစေကာမူ သရဏဂုံတင် ကိုယ်တော်များ အတွက် လှူဖွယ်နည်းလျှင် မျက်နှာပျက်ရမလို ဖြစ်၏၊ တတ်နိုင်သူ တို့ကမူ တစ်ရာအထိ (တစ်ရာတန်အထိ) လှူဒါန်း၍ သရဏဂုံ တင်ကြ၏၊ ထိုလှူဒါန်းသော ဆွေမျိုးများမှာ “ဘာကို ရည်မှန်းရမည်”ဟု သတိရကြဟန်မတူ၊ သူတို့ သတိရနေသည်ကား နောက်ဆုံး ဌာန၌ အားရပါးရ ငိုသံပေးလျက် နှုတ်ဆက်လိုက်ရန်ပင် ဖြစ်ဟန် တူ၏၊ ထိုသို့ ငိုကြွေး နှုတ်ဆက်ပြီးနောက် အိမ်ပြန်ရောက်သောအခါ ကြွေးယူ၍ အသုဘချလိုက်ရသူတို့မှာ ကြွေးအတွက် စိတ်လေးလာ ကြရတော့၏၊ ပစ္စည်းများများ ကျန်ရစ်သူအတွက် အမွေစကား ပြောခြင်းဖြင့် ဆွေမျိုးရင်းချာတွေ စိတ်ဝမ်းကွဲဖို့ လမ်းထွင်ကြလေ၏။တစ်ခုလပ် မုဆိုးဖို/မတို့ကလည်း မိမိတို့ နေရေးထိုင်ရေး အတွက် တွေးကြလေ၏၊ မနေ့တစ်နေ့က အိမ်ပေါ်မှ ဆင်းသွားသော အလောင်းကောင်တော့ “အ၀ိဒူရေ လူသေမြှုပ်တဲ့ သုသာန်မြေမှာ တစ္ဆေချင်း စကားပြော၍ တသောသောနေလေပြီ”ဟု ယူဆကြလေ သလားမသိ၊ ထို့ကြောင့်တချို့မှာ အလောင်းကောင်နေစရာ အုတ်ဂူ လုပ်၍ ထိုဂူအတွင်းမှ သူကြိုက်တတ်သော အ၀တ်အစားများကို ထည့်သွင်းပြီးမှ ဂူပေါက်ကို ပိတ်ကြ၏၊ တချို့ကား ထိုဂူနားသို့ တစ်နှစ် တစ်ခါ သွား၍ အစာကျွေးတတ်ကြသေး၏၊ သေတဲ့သူသည် ထိုဂူ၌ တစ္ဆေဖြစ်နေလျှင် အကျိုးရှိ၏၊ သို့မဟုတ်လျှင် အချည်းနှီးပင်။

"လောကမှာငွေ(သို့) အမျိုး ဘာသာ သာသနာကာကွယ်ချင်သူများအတွက်"



ငွေဆိုတဲ့ အရာကို လူတွေအားလုံးက ဒုတိယဘုရားသခင်လို့ သတ်မှတ်ထားကြပါတယ်။ ငွေရှိရင်
ဘာမဆိုဖြစ်နိုင်တယ်။ လုပ်သမျှတင့်တယ်တယ်။ ငွေနဲ့ပြီးမြောက်လို့ရတဲ့ အရာတွေ လောကကြီးမှာ အများကြီးရှိပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် ငွေဟာ မျက်နှာပွင့်ဆေး၊ ချစ်ဆေးတစ်မျိုးဆိုရင်လည်း မှားမယ်မထင်ပါဘူး။ ဒါကြောင့်မို့ လူမျိုးခြား ဘာသာခြားတွေဟာ မျက်နှာပွင့်ဆေး၊ ချစ်ဆေးတစ်မျိုးဖြစ်တဲ့ ငွေကိုမရ-ရအောင် ရှာဖွေစုဆောင်းကြပါတယ်။ ငွေကြေးဥစ္စာပြည့်စုံလာတဲ့ အခါမှာလည်း ရှာဖွေစုဆောင်းမှု ဝီရိယက ရပ်တန့်မနေဘဲ ဆထက်ကြီးပွားတိုးတက်အောင် ကြိုးစားကြပါတယ်။
ဒါဟာ ဗုဒ္ဓဘာသာမြန်မာလူမျိုးတိုင်း အားကျအတုယူသင့်တဲ့နည်းလမ်းပဲဖြစ်ပါ တယ်။ ငွေကြေးချမ်းသာကြွယ်ဝအောင် လုပ်ဖို့ကိစ္စဟာ ကိုယ့်ဘဝကြီးပွား တိုးတက်ရေးအတွက် သာမက မြန်မာလူမျိုးနဲ့ ဗုဒ္ဓဘာသာ မကွယ်ပျောက်အောင် ကာကွယ်တဲ့ နေရာမှာလည်း အထူးအရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေတယ်ဆိုတာကိုလည်း သဘောပေါက်ထားဖို့ လိုပါတယ်။ လူမျိုးခြား ဘာသာခြားတွေဟာ ငွေကြေးကိုရအောင်ကြိုးစားရှာပြီး အဲဒီငွေကြေးနဲ့ပဲ မြန်မာမိန်းကလေးတွေကို မက်လုံးပေးအရယူကြပါတယ်။ ငွေကြေးဟာ လူတွေရဲ့ သည်းချေကြိုက်ဖြစ်တဲ့အတွက် အချို့မြန်မာမိန်းကလေးတွေဟာ ငွေကြေးရဲ့ လှည့်စားမှုအောက်မှာ အလူးအလိမ့်ခံရပြီး လူမျိုးခြားဘာသာခြားတွေရဲ့ မယားဘဝရောက်သွားကြပါတယ်။ 

အဲဒီငွေကို ဘယ်သူကပေးတာလဲဆိုရင် မြန်မာကပဲပေးတာပါ။ ဘာလို့လဲဆိုတော့ ဘာသာခြား လူမျိုးခြားဆိုင်တွေကို ရှောင်ကြဉ်ကောင်းမှန်းမသိ၊ သိအောင်လည်းမလေ့လာ။ မလေ့လာတော့မသိ၊ မသိတော့ ဘာသာခြားဆိုင်မှန်းသိသိကြီးနဲ့ အမျိုးမစစ် ဘာသာမချစ်သူတွေက အားပေးလိုက်ရော။ အားပေးလိုက်တော့ သူတို့မှာ အမြတ်စွန်းတွေရကြ။ ရကြတော့အဲဒီငွေနဲ့ပဲ မြန်မာနဲ့ မြန်မာဗုဒ္ဓ ဘာသာဝင်တွေပြန်ပြီး ဒုက္ခပေးကြတာဖြစ်ပါတယ်။ ပြုပြင်စရာ ပြင်ဆင်စရာများပင်ဖြစ်၏။
ဒီနေရာလေးမှာ အဓိကထားပြီး ပြောချင်တာက မြန်မာမျိုးဆက်သစ်လူငယ်တွေကိုပါပဲ။
ယနေ့လူငယ် ဖြစ်နေကြပေမယ့် နောင်ဝယ်လူကြီးတွေဖြစ်လာကြမှာ မလွဲမသွေဖြစ်ပါတယ်။ အခုခေတ် ဗုဒ္ဓဘာသာ မြန်မာလူငယ်တွေဟာ များသောအားဖြင့် အမျိုးသားရေး၊ ဘာသာရေး၊ စီးပွားရေးထက် အပျော်အပါး အသောက်အစား၊ အလောင်းကစားဘက်ကို ပိုပြီးခုံမင်နေကြတာကို တွေ့ရပါတယ်။ အမျိုးသားရေးဆို တာလည်း ဘာမှမသိ၊ ဘာသာရေးဆိုတာလည်းဗလာနတ္ထိ၊ စီးပွားရေးဆိုတာလည်း ဦးနှောက်ထဲမှာ မရှိဆိုတဲ့ လူသားပါပဲ၊ လူမျိုးခြား ဘာသာခြားလူငယ်တွေမှာတော့ အဲဒီလိုမဟုတ်ပါဘူး။ အမျိုးသားရေးစိတ်ဓာတ်ကလည်း ထက်သန်၊ ဘာသာရေးစိတ်ဓာတ်ကလည်းပြည့်ဝ၊ စီးပွားရေးဦးနှောက်ကလည်း ရှိနေကြတာတွေ့ရပါတယ်။ ဒီလိုလူငယ် လူရွယ်ကတည်းက အစစအရာရာ ကွာခြားနေကြမယ်ဆိုရင် အသက်အရွယ်ရလာတဲ့အခါတွေမှာလည်း အဘက်ဘက်က ကွာခြားသွားမှာ သေချာပါတယ်။ ဒါကြောင့်မို့ ဗုဒ္ဓဘာသာမြန်မာလူငယ်တိုင်း အမျိုးသားရေးသတိ၊ ဘာသာရေးသတိ၊ စီးပွားရေးမျက်စိ တွေအားလုံးဖွင့်ထားကြဖို့ လိုအပ်လာပါပြီ။ အပျော်အပါး၊ အသောက်အစား၊ လောင်းကစားမှုတွေဟာ အမျိုးသားရေးဘက်ကပဲ ကြည့်ကြည့်၊ ဘာသာရေးဘက်ကပဲကြည့်ကြည့်၊ စီးပွားရေးဘက်ကပဲကြည့်ကြည့် ဘယ်နေရာမှ အနစ်မရှိပါဘူး။ လူမျိုးခြား ဘာသာခြား လူငယ်လူရွယ်တွေက သူတို့အမျိုးသားရေး၊ ဘာသာရေး၊ စီးပွားရေးတွေကို တက်တက်ကြွကြွ လုံ့လဝီရိယရှိရှိနဲ့ ကြိုးစားနေကြတဲ့အချိန်မှာ ဗုဒ္ဓဘာသာမြန်မာလူငယ်တွေက အီးယောင်ဝါးလုပ်နေကြမယ်ဆိုရင် နောင်တစ်ချိန်မှာ အဘက်ဘက်က နောက်ကျကျန်နေခဲ့နိုင်ပါတယ်။ တစ်ချို့ရှိပါသေးတယ်။ ခါးထောင်းတစ်ခြား၊ ဖင်တစ်ခါးသူတွေ၊ ကိုယ့်အမျိုးသားရေး ၊ ဘာသာရေး၊ စီးပွားရေးကို တက်တက်ကြွကြွ လုပ်ဆောင်ခြင်း၊ ထိုအမျိုးသားရေး ဘာသာရေး၊ စီးပွားရေးကို လေးလေးနက်နက်မတွေးခေါ်ဘဲ သူများဘာသာရေး၊ လူမျိုးရေး စီးပွားရေးအတွက် တွေးခေါ်ပေးတဲ့ပုံစံများ၊ (ဥပမာ) ဗုဒ္ဓဘာသာဝင်ဆိုင်တွေမှာဈေးဝယ်ပါ၊ ဗုဒ္ဓဘာသာအချင်းချင်း စည်းလုံးညီညွတ်စွာပေါင်းသင်းပါ၊ ဗုဒ္ဓဘာသာအချင်းချင်း အိမ်ထောင်ပြုကြပါလို့ တိုက်တွန်းနေသူများကိုပင် အမြင်ကျဉ်းတယ်။ လူမျိုးရေး ဘာသာရေးခွဲခြားတယ်ဆိုပြီး အသားထဲကထွက်တဲ့ လောက်ကောင်လို သူတစ်ပါး ဘာသာ၊ လူမျိုး စီးပွားရေးကိုထည့်တွက်ပေးသလိုလို လုပ်နေ၊ ပြောနေတာတွေက ကိုယ့်ဘာသာ၊ ကိုယ့်လူမျိုး၊ ကိုယ့်စီးပွားရေးကိုထည့်မစဉ်းစားဘဲ သူတစ်ပါးအကျိုးဖြစ်ထွန်းဖို့၊ (တစ်နည်းပြောရရင်) ကိုယ့်ဘာသာ၊ ကိုယ့်လူမျိုး၊ ကိုယ့်စီးပွားရေးပျက်အောင် လုပ်ဆောင်နေခြင်းမျိုးသာဖြစ်ပါတယ်။ ဒီလောက်ထိ ဦးနှောက်အဆန်ချောင်ခြင်းမျိုး၊ တွေးခေါ်မှုဆိုင်ရာ ဥာဏ်ဖျင်းမှုမျိုးမဖြစ်သင့်တာအမှန်ပင်ဖြစ်၏။
တစ်ချိန်တုန်းက မြန်မာနိုင်ငံရဲ့အမျိုးသားရေး၊ ဘာသာရေးဟာ တစ်ကောင်တည်းပြေးနေ တဲ့ မြင်းလို မောင်ရင်ရပ်နား၊ ရေငတ်ရင်သောက်၊ နေပူရင်အရိပ်မှာ အေးအေးဆေးဆေး နားနေလို့ရပါတယ်။ အခုချိန်မှာတော့ အဲသည်လို မဟုတ်တော့ပါဘူး။ ကိုယ်ကရှေးကနေ ဦးဆောင်ပြီး ပြေးနေရတယ်ဆိုပေမယ့် ကိုယ့်ကိုကျော်တက်ပြီး ပန်းဝင်ဖို့ကြိုးစားနေတဲ့ ပြိုင်မြင်းတွေက လည်း ရှိနေကြပြီးဖြစ်တဲ့အတွက် သူပြိုင် ကိုယ်ပြိုင် အနိုင်ကြဲနိုင်မှ တော်ရာကျပါတယ်။ ဒါကြောင့်မို့ မြန်မာလူမျိုးတိုင်း အရာရာကို မေ့မေ့လျှော့လျှော့ ပေါ့ပေါ့ဆဆ လျှစ်လျှူရှုမနေသင့်ပါဘူး။ လုပ်သင့်လုပ်ထိုက်တာတွေကို သွက်သွက်လက်လက် ထက်ထက်မြက်မြက်နဲ့ လုပ်ကိုင်ပြီး မျက်စိကိုဖွင့် နားကိုစွင့်ထားကြဖို့ပါပဲ။
အပျော်အပါး
အမျိုးသားရေး ဘာသာရေးကို ကာကွယ်တဲ့နေရာမှာ ငွေဟာ အရေးကြီးသလို အချိန်ဆိုတာလည်း အရေးကြီးပါတယ်။ ပျောက်သွားတဲ့ ပတ္ထမြားကိုပြန်ရှာလို့ ရနိုင်ပေမယ့် ကုန်လွန်သွားတဲ့ တစ်စက္ကန့်ကိုတော့ ဘယ်လိုနည်းမှ ပြန်ရှာလို့မရနိုင်ပါဘူး။ အချိန်ဟာ ကိုယ်အသုံးချတတ်ရင် အသုံးချတတ်သလောက် တန်ဖိုးရှိပါတယ်။ ဒီလိုတန်ဖိုးရှိတဲ့အချိန်တွေကို အပျော်အပါးတွေနဲ့ အချိန်မကုန်မိကြဖို့ လိုအပ်ပါတယ်။ အပျော်အပါးကို လိုက်စားနေတဲ့အချိန်ဟာ မိမိစီးပွားဥစ္စာကို ဖျက်ဆီးနေတဲ့ အချိန်ပဲဖြစ်ပါတယ်။ အပျော်ရဲ့နောက်မှာ အပါးဆိုတာပါ-ပါတယ်။ အပါးဆိုတာ အချိန်ကို ကုန်ပါးခြင်း၊ ကုန်ပါးသွားခြင်းကို ဆိုလိုပါတယ်။ အပျော်အပျက်ဆိုတာလည်း ဒီအတိုင်းပါပဲ။ အပျော်ရဲ့နောက်မှာ အပျက်ဆိုတာ တစ်ခါတည်း ကပ်ပါနေပါတယ်။ လူတစ်ယောက်မှာ အပျော်ဘက်ကို ခုံမင်လာပြီဆိုရင် ပစ္စည်းဥစ္စာမှန်သမျှ ဖျက်စီးဖို့ အကြောင်းဖန်လာပြီလို့သာ မှတ်ရပါမယ်။ အလွန်ပျော်ရာမှ အပျော်လွန်ပြီး ပစ္စည်းဥစ္စာပျက်စီးကြရပါတယ်။
မြန်မာလူမျိုးတွေဟာ အလွန်ပျင်းတတ်ကြတဲ့အတွက် အပျော်ကိုရအောင် ရှာကြပါတယ်။ အပျော်လွန်ကြတဲ့အခါ ပျက်စီးခြင်းကို ရောက်ရပါတယ်။ အပျော်ဆိုတာ အချိန်ကုန်အလုပ်ပျက်ခြင်းရဲ့ အကြောင်းခံဖြစ်ပါတယ်။ အချိန်ပျက်လို့ အလုပ်မဆက်မိတဲ့အခါ ဝင်ငွေမတက် စီးပွားရေးပျက်ကြပါတယ်။ ယခုအချိန်မှာ ဧည့်သည်တခြားလူမျိုးတွေက အိမ်ရှင်တွေဖြစ်ပြီး အိမ်ရှင်မြန်မာတွေက ကျွန်ဖြစ်နေရတဲ့ အခြေနေမျိုးကြုံနေရတာဟာ အချိန်ကုန် အလုပ်ပျက် အပျော်ဖက်ခြင်းကြောင့်သာ ဖြစ်ပါတယ်။ ဒီလိုသာ စီးပွားရေးချွတ်ခြုံကျပြီး တစ်စတစ်စ နိမ့်ကျလာမယ်ဆိုရင် လူမှုရေးတွေမှာလည်း မျက်နှာငယ်ရမယ်။ လူမှုရေးတွေမှာ မျက်နှာငယ်ရမယ်ဆိုရင် ဘာသာရေးဘက်မှာလည်း မှေးမှိန်လာမယ်။ အဲဒီအခါ သမီးကိုပေါင်နှံ၊ သားကိုကျွန်ခံစေပြီး တစ်ပြုံကြီး ဒေဝါလီခံရမယ့်ကိန်း ဆိုက်ပါတော့မယ်။ ဒီလိုပြောလိုက်လို့ ဘာသာခြားတွေကို အထင်ကြီးစေတာမျိုးမဟုတ်ဘဲ သီတဂူဆရာတော်ဘုရားကြီးပြောသလို ဧည့်သည်က အိမ်ရှင်ကို ရိုက်ပြီး အိမ်လုမယ့်အနေအထားမျိုးကြိုးပမ်းနေတဲ့ ဘာသာခြားတို့ရဲ့ ခြေလှမ်းများကို ဥပမာဆောင်ပြီး ပြောပြခြင်းသာဖြစ်ပါတယ်။
ထင်ရှားအောင်ပြောရရင် တစ်ချိန်က မြန်မာနိုင်ငံမှာ စီးပွားရေးချွတ်ခြုံကျခဲ့ဖူးလို့ ချစ်တီးကုလားတွေထံမှာ ချစ်သမီးတွေပေါင်နှံ သိမ်းပိုက်ခံရတာတွေကို အမှတ်ရစေချင်ပါတယ်။ စီးပွားရေးပျက်စီးမှုကြောင့် အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ရမည့်အရေးကို မေ့လျော့ပြီး ဒီအတိုင်းသာ အပျော်အပါးတွေ များနေကြဦးမယ်ဆိုရင် မြန်မာလူမျိုးနဲ့ ဗုဒ္ဓဘာသာတွေဟာ အနှေးနဲ့အမြန်တခြားဘာသာ လူမျိုးတွေ လက်ထဲကို ပျော်ဝင်သွားမှာကို စိုးရွံ့မိပါတယ်။ ဗုဒ္ဓဘာသာမြန်မာလူဦးရေ တဖြည်းဖြည်း ပါး၍ပါး၍သွားပြီး မျိုးတုံးပျောက်ကွယ်သွားခဲ့မယ်ဆိုရင် နောင်လာမယ့် မျိုးဆက်သစ်ရင်သွေးငယ်တို့၏ အနာဂတ်ဟာ ရင်လေးစရာအမှန်ပင်ဖြစ်ပါတယ်။ ဘာသာ သာသနာ လူမျိုးကို ချစ်တယ်၊ ကာကွယ်ချင်တယ်ဆိုရင် အပျော်အပါးနဲ့ အချိန်ကုန်နေခြင်းကို အထူးရှောင်ကြဉ်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။
အသောက်အစား
အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ဖို့အတွက် အပျော်အပါးမမက်ဖို့တင်မဟုတ်ဘူး။ အသောက်အစား မဖက်ဖို့လည်း အရေးကြီးပါတယ်။ အသောက်အစားကြောင့် စီးပွားရေးပျက်ရုံတင်မကပါဘူး။ ဘဝပါ ပျက်တတ်ပါတယ်။ လက်ရှိဗုဒ္ဓဘာသာ မြန်မာလူမျိုးတစ်ရပ်လုံးကို အထိရောက်ဆုံး ပျက်စီးစေတဲ့ အရာတွေထဲမှာ အသောက်အစားဖြစ်တဲ့ အရက်အမျိုးမျိုးဟာလည်း ထိပ်ဆုံးကပါဝင်နေပါတယ်။ အရက်ကြောင့် ဗုဒ္ဓဘာသာဝင်အချင်းချင်း အပြန်အလှန်လေးစားချစ်ခင်မှု၊ စည်းလုံးညီညွတ်မှုကို များစွာထိခိုက်ပျက်စီး စေနိုင်ပါတယ်။ ကျန်းမာရေးဘက်ကကြည့်မယ်ဆိုရင်လည်း အရက်ကြောင့် အသည်းတွေကျွမ်း၊ ဝမ်းတွင်းကလီစာတွေကျွမ်း၊ အသဲကင်ဆာဖြစ်ပြီး သေဆုံးသွားကြတာတွေ၊ နောက်ပြီး အရက်မူးပြီး အေးတဲ့နေရာတွေမှာ အိပ်မိလို့ အအေးပတ်၊ လေဖြတ်ပြီးသေဆုံးသွားကြတဲ့သူတွေ အများကြီးပါပဲ။
အရက်ဟာ ဘာသာရေးရှုထောင့်ကကြည့်မယ်ဆိုရင်လည်း ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင် အဆိပ်ရည်နဲ့ နှိုင်းယှဉ်ပြီး ဟောတော်မူခဲ့ပါတယ်။ နောက်ပြီး ပစ္စုပ္ပန်တမလွန်နှစ်တန်သော ဆိုးကျိုးတွေကို အမျိုးမျိုးပြပြီး အရေးတကြီးတားမြစ်ထားတဲ့ သုရာမေရယကံကို ကျူးလွန်ခြင်းဖြစ်တဲ့အတွက် ဘာသာရေးဘက်မှာလည်း အနိမ့်ဆုံးအဆင့်ကိုရောက်သွားတာဖြစ်ပါတယ်။ စီးပွားရေးဘက်ကကြည့်ရင်လည်းနေ့စဉ်အရက်ဖိုးကုန်ရတာက တစ်မျိုး၊ စီးပွားရေးစိတ်မဝင်စားတော့ဘဲ မူးရူးနေလို့ ဝင်ငွေမရှိတာက တစ်မျိုး၊ ကျန်းမာရေးချွတ်ယွင်းလို့ ဆေးဖိုးကုန်ရတာက တစ်မျိုးနဲ့ ရေရှည်မှာ စီးပွားရေးကို များစွာထိခိုက်ပျက်စီးနိုင်ပါတယ်။ တစ်နိုင်ငံလုံး တစ်နှစ်တစ်နှစ်ကို အရက်ရဲ့ ပယောဂကြောင့် သေချင်းဆိုးနည်းအမျိုးမျိုးနဲ့ သေရတဲ့ ဗုဒ္ဓဘာသာဝင်တွေကို တိတိကျကျ စာရင်းကောက်ပြီး ဖော်ပြမယ်ဆိုရင် ကြောက်ခမန်းလိလိနှုန်းကို တွေ့ရပါလိမ့်မယ်။
လူမျိုးခြား ဘာသာခြားကို ကာကွယ်တဲ့နေရာမှာ ဗုဒ္ဓဘာသာဝင်တွေဟာ မူးရူးနေလို့ လုံးဝမဖြစ်ပါဘူး။ ဗုဒ္ဓဘာသာမြန်မာလူမျိုးတိုင်း၊ အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ချင်တယ်ဆိုရင် ဒီအရက်အမျိုးမျိုးကို ကိုယ်တိုင်လည်းမသောက်သင့်သလို ရောင်းလည်းမရောင်းချသင့်ပါဘူး။ ကိုယ့်ပတ်ဝန်းကျင်က ဗုဒ္ဓဘာသာဝင်တွေကိုလည်း အရက်ကိုလုံးဝ မသောက်သုံးကြဖို့ အရက်ရဲ့ဆိုးကျိုးတွေကို နားလည်သဘောပေါက်အောင် ရှင်းပြပြီး တားမြစ်ပိတ်ပင်ပေးကြဖို့ လိုအပ်ပါတယ်။ အားလုံးသိတဲ့အတိုင်း မြန်မာရာဇဝင်၌ တောင်ငူဘုရင်တပင်ရွှေထီးသည် ရဲစွမ်းသတ္တိနှင့် ပြည့်စုံ၏။ ဘုန်းတန်ခိုးတေဇော် အာနုဘော်ရှိ၍ အုပ်ချုပ်ရေးစွမ်းရည်တို့နှင့် လည်း ပြည့်စုံ၏။ ဤသို့အရည်အချင်းများစွာ ရှိပါသော်လည်း ထန်းရည်ကို အလွန်ကြိုက်နှစ်သက် သူဖြစ်သည်။ နောင်အခါ မိစ္ဆာဒိဋ္ဌိအယူရှိသူ ဗရင်ဂျီကုလား တစ်ယောက် နှင့်ပေါင်းမိ၍ ထန်းရည်ထက် သာလွန်ယစ်မူးစေသော စပျစ်ဝိုင်ခေါ် စပျစ်နှင့်ပျားရည်ရောစပ်ပြုလုပ်ထား သည့်အရက်ကို သောက်မိပြီး လျှင် အလွန်စွဲလမ်း သွားလေသည်။ မသောက်ရမနေနိုင် ဖြစ်လာသည်။နေ့စဉ်စပျစ်စိမ်ရည်ကိုသာ သောက်သုံးမှီဝဲ လျက် နေလေတော့သည်။
တပင်ရွှေထီးသည် သေရည်ကိုသာ စွဲစွဲမြဲမြဲသောက်သုံး၍ တိုင်းပြည်အုပ်ချုပ်မှုအဝဝကို လျစ်လျှူရှုထား သည်။ထိုတာဝန်ကို ဘုရင့်နောင်က ယူထားရ၏။ညီတော်သီဟသူ၊စောလကွန်းအိမ်နှင့် သမိန်စောထွက် တို့က တပင်ရွှေထီး၏ သက်တော်စောင့်ရာထူးကို ယူကာ တာဝန်ယူ စောင့်ရှောက်နေကြသည်။ ဘုရင့်နောင် ညီတော်သီဟသူနှင့် စောလကွန်းအိမ်တို့ တိုက်ပွဲသွားစဉ် စစ်တောင်းစား သမိန်စောထွတ်သည် လက်ဝဲ၊ လင်္ကျာ ဓားမှူးတို့နှင့် ပူးပေါင်း ကြံစည်၍ တပင်ရွှေထီးမင်းတရား စက်တော်ခေါ်စဉ် လက်ဝဲဓားမှူးက လုပ်ကြံသတ်ဖြတ်သဖြင့် သက်တော်(၃၅)နှစ်အရွယ်တွင် နတ်ရွာစံ ကံတော်ကုန်လေသည်။
ဤသို့လုပ်ကြံခံရခြင်းမှာ သေရည်သေရက်သောက်ခြင်းကြောင့်ဟု ဆိုမည်ဖြစ်သော်လည်း “အရင်းစစ် အမြစ်မြေက” ဆိုသကဲ့သို့ တပင်ရွှေထီးသည် မူလဓာတ်ခံကပင် ရက်စက်တတ်သော ဒုစရိုက် ဥာဉ်ရှိသူ ဖြစ်သည်။သို့အတွက် မိစ္ဆာဒိဋ္ဌိစရိုက်ရှိသော ဗရင်ဂျီကုလားနှင့်လွယ်ကူစွာ ပေါင်းဖော်မိ၍ လူမိုက်လက်သုံး သေရည်ကို အဖော်အဖြစ် စွဲစွဲလမ်းလမ်း သောက်သုံးပေါင်းဖော်မိခြင်းဖြစ်၏။ တပင်ရွှေထီးသာ အရက်ကို အဖော်မပြုပါက ယင်းသို့ ဘုန်းလက်ရုံးသတ္တိနှင့် ပြည့်စုံသူကို လုပ်ကြံရန်မဆိုထားဘိ စိတ်ကူးဖြင့်ပင် ကြံစည်ဝံ့မည်မဟုတ်ပေ။ယခုမူ လုမိုက်နှင့်လူမိုက်အဖော်ဖြစ်သော အရက်ကိုပေါင်းသင်းမိသဖြင့် ငယ်ငယ် ရွယ်ရွယ်နှင့်ပျက်စီးရလေသည်။
အိမ်ထောင်ရေးဘက်ကကြည့်မယ်ဆိုရင်လည်း လင်လုပ်သူက အရက်သောက် မူးရူးနေပြီး ဇနီးနဲ့သားသမီးတွေ ရဲ့ စားဝတ်နေရေးကို စိတ်ဝင်စားခြင်းမရှိဘဲ မူးလာရင် ဇနီးနဲ့သားသမီးတွေကို ရိုက်နှက်ညှဉ်းဆဲတဲ့အတွက် မိသားစုအားလုံး သောကပူလုံး ကြိမ်မီးအုံသလို ဖြစ်ကြပါတယ်။ တစ်ချို့တွေဆိုရင် အရက်ကြောင့် အိမ်ထောင်ရေး အဆင်မပြေမှုတွေဖြစ်ပြီး လင်မယားကွဲကြတဲ့အထိ ဖြစ်ကြရပါတယ်။ ဒါကြောင့်မို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတိုင်း အမျိုးဘာသာ သာသနာကိုအမှန်တကယ်ချစ်တယ်။ ကာကွယ်ချင်တယ်ဆိုရင် အဖက်ဖက်က ဆိုးကျိုးတွေကိုဖြစ်စေ
တတ်တဲ့ အရက်သေစာများကို မသောက်သုံးကြပါနဲ့လို့ အနူးအညွတ်တောင်းပန်ချင်ပါတယ်။
အလောင်းအစား
အမျိုးဘာသာ သာသနာကို ကာကွယ်ဖို့အတွက် အသောက်အစား မဖက်ရုံတင်မကသေးပါဘူး။ အလောင်းအစားမျိုးစုံကိုလည်း မဖက်ကြဖို့ အရေးကြီးပြန်ပါတယ်။ အလောင်းအစားမျိုးစုံဆိုတာ ယခုခေတ် လုပ်စားနေကြတဲ့ ချဲထိုးခြင်း၊ ချဲဒိုင်ခံခြင်း၊ နှစ်လုံးထီထိုး၊ နှစ်လုံးဒိုင်ခံခြင်း၊ ဖဲရိုက်ခြင်း၊ ဖဲဒိုင်ခံခြင်း၊ ဘောလုံးပွဲဒိုင်ခံခြင်းစတဲ့ အလောင်းကစားမျိုးစုံကို ဆိုလိုခြင်းဖြစ်ပါတယ်။အမျိုးဘာသာ သာသနာကို ကာကွယ်ဖို့အတွက်နဲ့ လောင်းကစားမျိုးစုံနဲ့ ဘာဆိုင်သလဲလို့ စောဒကတက်စရာ ပါပဲ။ လောင်းကစားမျိုးစုံဟာ မိသားစုစီးပွားရေးတိုးတက်ဖို့ထက် ပျက်စီးဖို့ကပိုပြီး များပါတယ်။ လောင်းကစားကြောင့် ဆင်းရဲမွဲတေသွားတာ ဘဝပျက်သွားတာပဲရှိပါတယ်။ ချမ်းသာသွားတဲ့ သူတွေကတော့ အတော့်ကိုရှားပါတယ်။
နောက်ပြီး လောင်းကစားမျိုးစုံဟာ ကိုယ့်ဗုဒ္ဓဘာသာတွေအချင်းချင်း တစ်ယောက်အိတ်ထဲကငွေကို တစ်ယောက်က အချောင်နှိုက်ယူဖို့ အပြန်အလှန်ကြိုးစားနေကြခြင်း၊ တစ်ယောက်ပိုင်တဲ့ငွေကို တစ်ယောက်က အလဟသတ်ဖြစ်အောင် အပြန်အလှန်လုပ်နေကြခြင်းဖြစ်ပါတယ်။ လောင်းကစားနဲ့ ပတ်သတ်ပြီး ကြံဆ၊ တွက်ကြ၊ ထိုးကြတဲ့အချိန်ဟာ တိုင်းပြည်အတွက်၊လူမျိုးအတွက်၊ ဘာသာအတွက် ကိုယ့်စီးပွားရေးအတွက် ဘာတစ်ခုမှ အကျိုးဖြစ်ထွန်းမလာပါဘူး။ တန်ဖိုးရှိတဲ့ အချိန်တွေနဲ့ အမျိုးဘာသာ သာသနာအတွက် ဖြစ်ပေါ်လာမယ့် အကြံကောင်း၊ ဥာဏ်ကောင်းတွေတောင် ဆုတ်ယုတ်ပျက်စီးစေပါတယ်။ ကိုယ့်ဗုဒ္ဓဘသာသာအချင်းချင်း၊ တစ်ယောက်အိတ်ကပ်ထဲက ငွေကို တစ်ယောက်က အချောင်ရအောင် ဘယ်လိုနှိုက်ရကောင်းမလဲဆိုတဲ့ အကြံအစည်ဟာလည်း မကောင်းတဲ့ အကြံအစည်တွေဖြစ်တဲ့အတွက် လူတစ်ယောက်ရဲ့ ပင်ကိုယ်စွမ်းရည်သတ္တိတွေကို ဆုတ်ယုတ်လျော့ပါးပျက်စီးစေပါတယ်။
ဒီထက်ပိုပြီးရှင်းအောင်ပြောရရင် ဒီလိုလောင်းကစားမှုမျိုးတွေ ကျူးလွန်နေကြတာဟာ ကိုယ့်ဗုဒ္ဓဘာသာ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် မွဲပြာကျအောင် အပြန်အလှန် လုပ်နေကြခြင်း ဖြစ်ပါတယ်။ နှစ်လုံးတိုက် သုံးလုံးတိုက် ဝယ်ရောင်းလုပ်နေကြတဲ့ သူတွေဟာလည်း နှစ်ဦးနှစ်ဖက် အပြန်အလှန် မွဲပြာကျအောင်လုပ်ဖို့ သဘောတူစာချုပ်များ ချုပ်နေကြခြင်းနှင့်တူပါတယ်။ ဒီလောင်းကစားမှုမျိုးစုံရဲ့ လက်ချက်ကြောင့် လောင်းကစားလုပ်သူတွေရဲ့ လက်တွေ့ဘဝကိုကြည့်မယ်ဆိုရင်လည်း အလုပ်အကိုင်ပျက်၊ ဆွဲကြိုးပြုတ်၊ လက်စွပ်ပြုတ်၊ အိမ်ပေါင်ခြံပေါင်၊နောက်ဆုံးလမ်းဘေးရောက် ဘဝပျက်တဲ့အထိဆိုတော့ အမျိုး ဘာသာ သာသနာကိုကာကွယ်ဖို့နေနေသာသာ ကိုယ့်ကိုယ်ကိုတောင် အနိုင်နိုင်ရုန်းကန်ရမည့် အနေအထားဆိုတော့ ဗုဒ္ဓဘာသာအတွက် အင်အားလျော့နည်းစေပါတယ်။
နောက်ပြီး လောင်းကစာလုပ်ရာက ရန်ပွဲတွေဖြစ်ပြီး လူသတ်မှုဖြစ်တာတွေ၊ ဖမ်းဆီးအရေးယူ ခံရပြီး ထောင်ကျခံရတာတွေ၊ စီးပွားရေးအဆင်မပြေဖြစ်ပြီး အိမ်ထောင်ရေး ပြိုကွဲသွားကြတာတွေ၊ ဘုရားပွဲ ကထိန်ပွဲစတဲ့ ဘာသာရေးပွဲကို အကြောင်းပြုပြီး လောင်းကစားမျိုးစုံလုပ်ခြင်းအားဖြင့် ဘာသာရေးပွဲရဲ့ အနှစ်သာရကို ဖျက်ဆီးခံရတာတွေဟာ ဒီလောင်းကစားကြောင့်ပင်ဖြစ်၏။ နောက်ပြီး ဗုဒ္ဓဘာသာဝင်အချင်းချင်း လေးစားချစ်ခင်မှု၊ စည်းလုံးညီညွတ်မှု၊ စီးပွားရေးအဆင်မပြေမှု၊ ဘာသာရေးပျက်စီးယိုယွင်းမှုစတဲ့ မကောင်းတဲ့ လက္ခဏာတွေကို တွေ့ရမှာဖြစ်ပါတယ်။ စည်းလုံးညီညွတ်မှု ကွဲပြားပြီဆိုလျှင် “နွားကွဲရင် ကျားဆွဲတယ်” ဆိုသလို ဆွဲမည့်ကျားက မြန်မာနိုင်ငံထဲကိုရောက်နေပြီဖြစ်၏။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်များအနေနဲ့ ကိုယ့်ဗုဒ္ဓဘာသာ မြန်မာလူမျိုးအချင်းချင်း တစ်ယောက်ကိုတစ်ယောက် မွဲတေပြာကျအောင် လုပ်နေကြတဲ့ ဒီလောင်းကစားမျိုးစုံသာ ဆက်လက်ရှင်သန်နေဦးမယ်ဆိုရင် အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်တဲ့နေရာမှာ အထူးလိုအပ်ချက်တစ်ရပ်ဖြစ်တဲ့ ဗုဒ္ဓဘာသာမြန်မာလူမျိုးများ ဘက်စုံဖွင့်ဖြိုးတိုးတက်ရေးအတွက် အနှောင့်အယှက်ဖြစ်စေတတ်တဲ့ အပျော်အပါး၊ အသောက်အစား၊ အလောင်းကစားများကို မကျူးလွန်မိဖို့ အထူးသတိထားက အမျိုး ဘာသာ သာသနာအဓွန့်ရှည် တည်တံ့အောင် မျက်စိကိုဖွင့် နားကိုစွင့်ကာ ညီညီညွတ်ညွတ် စည်းစည်းလုံးလုံး၊ အားသွန်ခွန်စိုက်နဲ့ နယ်ချဲ့လက်ပါး အမျိုးယုတ်များ၏ရန်ကို တွန်းလှန်ကာကွယ်ကြပါလို့ တိုက်တွန်းလိုက်ရပါသည်။

ဖိုးပညော(သပိတ်ကျင်း)၏ လောကမှငွေဆိုတဲ့ ပိုစ့်လေးကို ဖြည့်စွက်ရေးသားထားသည်။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

“ဗုဒ္ဓါနုဿတိဘာဝနာပွားများပုံနှင့် ပွားများရခြင်းအကျိုး”


 

လူတို့သည် နံနက်အိပ်ရာထချိန်မှစ၍ ညအိပ်ရာဝင်ချိန်အထိ သားမယားကိစ္စ၊ စီးပွားရေးကိစ္စ၊ လူမှုရေးကိစ္စ၊ တို့၌သာ စိတ်သက်ဝင်နစ်မြုပ်နေမှုများက များ၏။ ထိုကိစ္စတို့ကို ကြံစည်တွေးတောမှု၊ အောက်မေ့အမှတ်ရ နေမှုများကသာများ၏။ စင်စစ်ထိုအာရုံများသည် လောဘ၊ ဒေါသတို့ကျက်စားရာ အာရုံများသာဖြစ်ကြ၏။ သို့အတွက်ထိုလူတို့၏ စိတ်သည် ညစ်နွမ်းပြီး၊ နောက်ကျိနေပြီး ကြည်လင်ရွှင်ပြမှုလည်း မရှိကြပေ။ စစ်မှန်သော စိတ်ချမ်းသာမှုကိုလည်း မခံစားရပေ။

ဗုဒ္ဓါနုဿတိစသည်၌ ဘုရားစသော အာရုံတို့သည်ကား စိတ်ကြည်လင်ရွှင်ပျဖွယ်ရာ(ပဿဒနီယ) အာရုံများဖြစ်ကြ၏။ စိတ်ပူလောင်မှုကိုဖြစ်စေတတ်သော အာရုံများမဟုတ်ကြ။ ထိုအာရုံများကို အောက်မေ့အမှတ်ရနေပါက စိတ်ကြည်လင်ရွှင်ပျလာပြီး စစ်မှန်သော စိတ်ချမ်းသာမှုအကျိုးနှင့် အခြားကောင်းကျိုးများစွာကိုလည်း ခံစားကြရ၏။ ထို့ကြောင့် ဗုဒ္ဓါနုဿတိစသော ဘာဝနာများကို တတ်စွမ်းသမျှ အချိန်ရသမျှပွားများအားထုတ်သင့်ကြပေသည်။
ရှေ့အနုဿတိခြောက်ပါးတို့အနက် ဤ၌ ဗုဒ္ဓါနုဿတိဘာဝနာပွားများပုံကိုသာ ဖော်ပြမည်ဖြစ်၏။ ဗုဒ္ဓါနုဿတိဟူသည် ဘုရားရှင်၏ ဂုဏ်တော်တို့ကို အဖန်ဖန်အောက်မေ့နေမှု၊ အမှတ်ရနေမှုဖြစ်သည်။ ဘုရားရှင်၏ ဂုဏ်တော်(၉)ပါးရှိသည့်အနက် ဤ၌ “အရဟံ” ဂုဏ်တော်ပွားများပုံလေးကို တင်ပြပါမည်။ ဒီ တစ်ခုရပါက ကျန်သော မြတ်စွာဘုရားဂုဏ်တော်များကို အစားထိုးကာ အာရုံပြုတတ်မည်ဖြစ်၏။
ဗုဒ္ဓ့ါနုဿတိဘာဝနာပွားများမည့်သူသည် ရှေးဦးစွာ မိမိခန္ဓာကိုယ်ကို သန့်ရှင်းအောင် ကိုယ်လက်သုတ်သင်ရ၏။ သန့်ပြန့်သော အဝတ်ကို ဝတ်ရ၏။ ဥဒ္ဒိဿရုပ်ပွားတော်ကိုလည်း ကြည်ညိုဖွယ်ဖြစ်အောင် ပြင်ဆင်ထားရ၏။ မင်းကွန်းဆရာတော်ဘုရားကြီး၊ သီတဂူဆရာတော်ဘုရားကြီး ၊ ဖြူးဆရာတော်ဘုရားကြီးစတဲ့ ဆရာတော်ဘုရားကြီးတို့သည် တရားဟောပလ္လင်တက်ပြီး တရားဟောတိုင်း သန့်ပြန့်သော သင်္ကန်းများဝတ်ရုံခြင်း၊ ခံတွင်း၊ ကိုယ်လက်စသည်တို့ကို စင်ကြယ်အောင်ဆေးကြောသုတ်သင်ပြီးမှ တရားဟောလေ့ရှိကြောင်းသိရ၏။ မြတ်စွာဘုရားဂုဏ်တော်များ၊ တရားတော်များကိုဟောကြားပြသည့် အချိန်တွင် ထိုကဲ့သို့ သန့်ရှင်းမှုမျိုးလိုအပ်သည်ဟုမိန့်တော်မူဖူး၏။ ပြီးမှ အောက်ပါအတိုင်း စိတ်တည်ငြိမ်အောင် ထားပြီး ဖြည်းဖြည်းရွတ်ဆိုပွားများရမည်။

၁။ အရဟံ- လွန်ကဲထူးမြတ်သော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်၊ ဝိမုတ္တိဂုဏ်၊ ဝိမုတ္တိဥာဏဒဿနဂုဏ် တို့နှင့် ပြည့်စုံတော်မူသောကြောင့် လူနတ်ဗြဟ္မာသတ္တဝါအပေါင်းတို့၏ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား။
၂။ အရဟံ- ဝါသနာနှင့်တကွ တစ်ထောင့်ငါးရာကိလေသာအညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်တော်မူ ပေသော မြတ်စွာဘုရား။
၃။ အရ-ဟံ- လောဘ၊ ဒေါသ၊ မောဟ အစရှိသော ကိလေသာ ရန်သူတို့ကို ပယ်သတ်တော်မူပေသော မြတ်စွာဘုရား။
၎။ အရ-ဟံ - သံသရာစက်၏ အထောက်အကန့်တို့ကို ချိုးဖျတ်တော်မူပြီးသော မြတ်စွာဘုရား။
၅။ အ-ရဟံ- မျက်နှောက်မျက်ကွယ် အချင်းခပ်သိမ်းစင်ကြယ်၍ စိတ်ကွယ်ရာမရှိတော်မူသော မြတ်စွာဘုရား။
ဘုရားရှင်၏ ပုံတော်ကို မနောအာရုံတွင် ထင်ရှားပေါ်လာအောင် အာရုံယူပြီး အထက်ပါအနက်အဓိပ္ပါယ်ငါးမျိုးကို ဖြည်းဖြည်းချင်း ရွတ်ဆိုပွားများရပါမည်။ ပုတီးစိပ်ပွားများလိုပါလျှင် ထိုငါးပုဒ်မှ ပုတီးတစ်လုံးချပါ။


ဗုဒ္ဓာနုဿတိပွားရခြင်းအကျိုး
ဗုဒ္ဓါနုဿတိဘာဝနာပွားများရခြင်းအကျိုးကား များလှစွာ၏။ ရာဂ ဒေါသ မောဟ ကိလေသာများသည် စိတ်၏ အညစ်အကြေးများဖြစ်ကြ၏။ သတ္တဝါတို့၏ ပင်ကိုယ်စိတ်သည် ပြိုးပြိုးပြက်အရောင်ထွက်၏။ သို့သော် ထိုရာဂစသော စိတ်အညစ်အကြေးများကြောင့် ညစ်နွမ်းနောက်ကျိပြီး အရောင်မထွက်ရခြင်းဖြစ်၏။ ဗုဒ္ဓါနုဿတိဘာဝနာပွားများနေသူသည် ထိုဘာဝနာပွားများနေခိုက်တွင် ဘုရားရှင်၏ ဂုဏ်တော်များကို အာရုံပြု၍ သဒ္ဓါတရားများတဖွားဖွားဖြစ်ပေါ်လျက်ရှိ၏။ ထိုသဒ္ဓါတရားသည် ကြည်လင်ခြင်းလက္ခဏာရှိ၏။ စကြာမင်း၏ ပတ္တမြားရတနာကိုထည့်လိုက်သောအခါ ရုတ်ချည်းအနယ်ထိုင်ကျသွားပြီး ကြည်လင်လာ၏ ထို့အတူသဒ္ဓါတရားဖြစ်ပေါ်လာသောအခါ ထိုယောဂီ၏ စိတ်သည် နီဝရဏအနောက်အကျိများ အနယ်ထိုင်ကျသွား၍ ကြည်လင်တောက်ပလာ၏။ ကိုယ်ရောင်ကိုယ်ဝါများပင် ထွက်လာနိုင်၏။ သာဓကကား ကျောင်းဒကာကြီး အနာထပိဏ်သူဌေးပင်ဖြစ်၏။
အနာထပိဏ်သူဌေးကြီးသည် အရောင်းအဝယ်ကိစ္စဖြင့် ရာဇဂြိုလ်ပြည်သို့ ရောက်ခိုက် ရာဇဂြိုလ်သူဌေးထံမှ “ဗုဒ္ဓ” ဟူသော စကားသံကိုကြားရသောအခါ ကြက်သီးမွှေးညှင်း တဖျန်းဖျန်းထကာ ဘုရားရှင်ထံတော်သို့ ချက်ချင်းသွားရောက်ဖူးမြော်ချင်စိတ်များ တဖွားဖွားဖြစ်ပေါ်လာ၏။ သို့သော် ညအချိန်မတော်ဖြစ်နေ၍ သွားချင်စိတ်ကို မျိုသိပ်အောင့်ထားပြီး ဘုရားရှင်ကိုအောက်မေ့အမှတ်ရလျက် အိပ်ရာဝင်ခဲ့၏။ ညနှစ်ချက်ခန့်တွင် မိမိခန္ဓာကိုယ်မှထွက်ပေါ်သော ကိုယ်ရောင်ကိုယ်ဝါတို့ကြောင့် နံနက်မိုးလင်းပြီထင်မှတ်၍ အိပ်ရာမှထကာ ဘုရားရှင်ထံသွားလေ၏။

ဗုဒ္ဓါနုဿတိဘာဝနာပွားများသူ၏ သဒ္ဓါတရားသာဖြစ်ပေါ်လာသည်မဟုတ်သေး။ ပါမောဇ္ဇခေါ် နုသောပီတိ၊ ထိုမှအားကြီးလာသော အခါ ရင့်သောပီတိလည်း ဖြစ်ပေါ်လာ၏။ ထိုပီတိအလွန်အားကြီးလာသောအခါ ထိုပီတိအဟုန်ကြောင့် ခန္ဓာကိုယ်ကြီးပင် ကောင်းကင်ထက်မြောက်တက်သွားနိုင်၏ ဤပီတိကို ဥဗ္ဗေဂါပီတိဟုခေါ်၏။ ဤဥဗ္ဗေဂါပီတိအဟုန်ကြောင့် ပုဏ္ဏဝလ္လိက၌နေသော မဟာတိဿမထေရ်နှင့် ဝတ္တကာလကရွာ၌နေသော အမျိုးသမီးငယ်တစ်ယောက်သည် ကောင်းကင်ထက် မြောက်တက်ဖူး၏။
ထို့ပြင် ဗုဒ္ဓါနုဿတိဘာဝနာပွားများသူသည် ဘုရားရှင်၌လည်း ရိုသေကိုင်းရှိုင်းလာ၏။ သတိ၊ ပညာတရားများလည်းအားကောင်းလာ၏။ 

ကိုယ်စိတ်နှစ်ပါးလည်းဆင်းရဲကင်းကွာ ငြိမ်းအေးလာ၏။ ကြောက်မက်ဖွယ်အရာများကိုလည်း မကြောက်မရွံ့တော့ပေ။ဆင်းရဲဒုက္ခကိုလည်း သည်းခံနိုင်စွမ်းရှိလာ၏။ ဘုရားရှင်နှင့် အတူနေရသကဲ့သို့ဖြစ်၏။ မကောင်းမှုပြုဖို့ အခွင့်ကြုံလာလျှင်လည်း ဘုရားရှင်ကို မြင်ယောင်တတ်လာ၍ အရှက်အကြောက်ဝင်လာကာ မပြုဝံ့တော့ပေ။ အထက်မဂ်ဖိုလ်ကို ထိုးထွင်းမသိခဲ့သော် နတ်ရွာသုဂတိရောက်ရလေ၏ စတဲ့အကျိုးတရားများစွာကိုရရှိနိုင်ကြောင်း တင်ပြလိုက်ရပါသည်။
ကျမ်းကိုး။ အဘိဓမ္မတ္ထသင်္ဂဟ၊ အဘိဓမ္မာရှင်းတမ်း။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
(ဗုဒ္ဓါနုဿတိဘာဝနာပွားများပုံနှင့် ပွားများရခြင်းအကျိုး) by Ashin Vimala (အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်))

"အိမ်တွင်းသာသနာ ပြုပေးကြပါ"



သာသနာဆိုတဲ့စကားလုံးကို အားလုံးတရင်းတနှီးကြားဘူးကြမယ်ထင်ပါတယ်။ သာသနာဆိုတဲ့စကားလုံးကို လူအများစုက ရဟန်းသံဃာတွေနဲ့ပဲသက်ဆိုင်တယ်လို့ ယူဆထားကြပါတယ်။ တကယ်တော့ သာသနာဆိုတာ အဆုံးမကိုပြောတာပါ။ ဗုဒ္ဓသာသနာဆိုရင်ဖြင့် ဘုရားရဲ့အဆုံးမလို့ဆိုရမယ်ပေါ့။ အချို့ဆရာတော်ကြီးတွေက ဗုဒ္ဓဘာသာလို့ပြောတာထက် ဗုဒ္ဓသာသနာလို့ပြောတာကို ပိုပြီးနှစ်သက်တော်မူကြပါတယ်။ ဒါမှလည်း ဗုဒ္ဓသာသနာဝင်လို့ ဆိုလိုက်ရင်.. ဗုဒ္ဓရဲ့အဆုံးမကို ထဲထဲဝင်ဝင်သက်ဝင်ယုံကြည်သူလို့ တခါထဲအဓိပ္ပါယ် ပေါက်သွားစေဖို့အတွက် ဆရာတော်ကြီးတွေနှစ်ချိုက်မိတယ်လို့ ကျွန်တော့်ကတော့ အဲ့ဒီ့လို ယူဆမိပါတယ်။

တကယ်တော့ ဗုဒ္ဓသာသနာဆိုတဲ့ ဗုဒ္ဓဆုံးမခဲ့တဲ့အဆုံးမတွေဟာ ဗုဒ္ဓဘာသာဝင်တစ်ခုထဲနဲ့တင် သက်ဆိုင်တာမဟုတ်ပါဘူး။ ဗုဒ္ဓဆုံးမခဲ့တဲ့ အဆုံးမတွေဟာ ဗုဒ္ဓဘာသာဝင်တွေအတွက်ပဲ သီးသန့်ကိုးကွယ်နိုင်အောင် လိုက်နာကျင့်ကြံနိုင်အောင် ဟောပြဆုံးမပေးခဲ့တဲ့ အဆုံးမတွေမဟုတ်ပါဘူး။ သတ္တ၀ါတွေအားလုံးအတွက် အမြဲတမ်းမဖောက်မပြန် မှန်ကန်တဲ့ အမှန်တရားတစ်ခုဖြစ်တဲ့ ဓမ္မဆိုတဲ့လမ်းမှန်ပေါ်ကို သတ္တ၀ါတွေအားလုံး လျောက်လှမ်း နိုင်စေဖို့အတွက် ဗုဒ္ဓက ဟောပြဆုံးမပေးခဲ့တာပါ။

ဒ့ါကြောင့်ဗုဒ္ဓဆုံးမပေးခဲ့တဲ့အဆုံးမတွေဟာ သတ္တ၀ါတွေအားလုံးနဲ့ သက်ဆိုင်နေပါတယ်။ ကျွန်တော်အရင်ကရေးခဲ့တဲ့ပိုစ့်တွေထဲမှာ ဗုဒ္ဓဘာသာဟာ အခြားဘာသာဝင်တွေနဲ့ လုံးဝခြားနား တယ်လို့ ဖော်ပြရေးသားခဲ့ဘူးပါတယ်။ ဒါဟာ အခြားဘာသာတွေကို ထိပါးစော်ကားလိုတဲ့စိတ်နဲ့ ရေးသားလိုခြင်း မဟုတ်ပါဘူး။ ဗုဒ္ဓရဲ့အဆုံးမတွေကို လိုက်နာကျင့်ကြံနေကြတဲ့ ဗုဒ္ဓဘာသာဝင် တွေအတွက် ဗုဒ္ဓရဲ့အဆုံးမတွေကို ထဲထဲဝင်ဝင်သိစေချင်တဲ့ဆန္ဒနဲ့ နှိုင်းယှဉ်ဖော်ပြပေးခြင်းသာ ဖြစ်ပါတယ်။ ဒီလိုဘာလို့နှိုင်းယှဉ်ပြောရလဲဆိုရင် ယခုခေတ်လူငယ်တွေအနေနဲ့ သာသနာဆိုတဲ့စကားလုံးကို အတော်လေးပဲ မျက်ကွယ်ပြုလာကြတဲ့အတွက်ပါ။

 ဘုရားဆိုတာ ဘာမှန်းမသိ၊ တရားဆိုတာဘာမှန်းမသိ၊ သံဃာဆိုတာဘာမှန်းမသိနဲ့ အတော်လေးကိုရင်လေးစရာပါ။ အချို့ဆို ဗုဒ္ဓဘာသာဝင်ဆိုတဲ့အဓိပ္ပါယ်ဟာ ဘာလဲဆိုတာတောင် မသိကြတော့ပါဘူး။ အဲဒီအဓိပ္ပါယ်ကို မသိရင်ဖြင့် ဘုရားဘာလို့ကန်တော့ရလဲ.. သံဃာဘာလို့ကန်တော့ရလဲဆိုတဲ့ အသိတရားတွေကတော့ ပိုဝေးသွားပြီပေါ့။ ကျေးဇူးတရားဆိုတာ နားမလည်ရင် တန်ဖိုးထားမှုဆိုတာလည်း လုံးဝမရှိတော့ပါဘူး။ တန်ဖိုးမထားတတ်ဘူးဆိုရင်ဖြင့် တန်ဖိုးရှိတဲ့သာသနာဟာ အနှေးနဲ့အမြန်ကွယ်ပျောက်ရပါလိမ့်မယ်။ ဒီလိုလူငယ်တွေသာသနာနဲ့ ဝေးကွာလာရခြင်းဟာ မိဘတွေရဲ့လမ်းညွှန်ပြသမှု လျော့နည်းလာမှု မှာလည်း အခြေခံတစ်ရပ်အနေနဲ့ ပါဝင်ပါတယ်။ မိဘကလည်း မိရိုးဖလာ၊ သားသမီးကလည်း မိရိုးဖလာဆိုရင်ဖြင့် သာသနာဟာ အနှေးနဲ့အမြန်ပျောက်ကွယ်မှာပါပဲ။ မိဘတွေအနေနဲ့သားသမီးကို ဘုရားကန်တော့ခိုင်းယုံ၊ ရှင်ပြုပေးလိုက်ယုံနဲ့ တာဝန်ကျေပြီလို့အများစုက ယူဆထားကြပါတယ်။

တရားအလုပ်ကိုလေ့လာရင်ကိုပဲ သာသနာ့ဘောင်ဝင်ပြီး ရဟန်းသံဃာဖြစ်သွားမှာကိုပင် အလွန်အမင်းစိုးရိမ်နေကြတဲ့ပုံပါ။ ကိုယ့်သားကိုယ့်သမီး တရားစာအုပ်လေးဖတ်ရင်တောင် တရားဆိုတာအသက်ကြီးမှလုပ်ရတာဆိုပြီး ပေးမဖတ်တဲ့မိဘတွေ ရှိကြပါသေးတယ်။ ဒီတော့ လူငယ်တွေအနေနဲ့ သာသနာနဲ့ဝေးကွာလာကြရတာဟာ ဘာမှမဆန်းပေဘူးပေါ့။ ပြီးတော့ ဘုန်းကြီးကျောင်းဆိုတာကိုလည်း တစ်နှစ်နေလို့တစ်ခါ အလှူအတန်းလေးလုပ်တုန်း၊ သာရေးနာရေးလေးလုပ်တုန်းပဲ ရောက်ဖြစ်တော့ လူငယ်တွေအနေနဲ့ ဘုန်းကြီးကျောင်းဆိုတာ ဆွမ်းချိုင့်ပို့ယုံပဲလို့ ထင်မိကြတော့တာပါပဲ။ သွားလှူ သွားကန်တော့ရင်း ကုသိုလ်ရတာလောက်သိပြီး ဘာမှမသိရင်ဖြင့် သာသနာတော်ကို ဘယ်လိုလေးလေးနက်နက် ထောက်ပံ့ကြည်ညိုတတ်ကြမှာပါလဲ။

ရဟန်းသံဃာတွေနဲ့အနေဝေးရင်ဖြင့် ရဟန်းသံဃာတွေရဲ့တန်ဖိုးလည်း သိနားလည်နိုင်ကြမှာ မဟုတ်သလို တန်ဖိုးလည်း ထားတတ်ကြမှာ မဟုတ်ပါဘူး။ ဒါမို့လို့လည်း ဘုရားရှင်က လူပုဂ္ဂိုလ်တွေအနေဖြင့် သံဃာတော်တွေကို မနီးမဝေးအမြဲထိတွေ့ပြီး ဆည်းကပ်ပူဇော်တတ်ရမယ်လို့ ဟောပြဆုံးမပေးခဲ့တာပါ။ ရှေးယခင်အချိန်တုန်းကဆိုရင် မူလတန်းကျောင်းတောင် မတက်ရသေးဘူး ဘုန်းကြီးကျောင်းပို့ပြီး ဗုဒ္ဓဘာသာဝင်တွေအတွက် အခြေခံသိသင့်တာတွေ၊ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမားတွေရဲ့ ကျေးဇူးတရားတွေကို အရင်ဆုံးနားလည်တန်ဖိုးထားတတ်အောင် သူ့အရွယ်နဲ့သူ့အဆင့်တန်တဲ့ အသိဥာဏ်ရရှိစေအောင် ဘုရားသားတော်တွေက ဆုံးမပြုပြင် ပေးခဲ့ကြပါတယ်။ ဒါကြောင့်လည်း ရှေးယခင်ကဗုဒ္ဓဘာသာဝင်တွေဟာ ဘုန်းကြီးကျောင်းထွက်တွေ အများဆုံးဖြစ်ပြီး အင်မတန်မှလည်း ယဉ်ကျေးသိမ်မွေ့ကြသလို ငါးပါးသီလဆိုတဲ့ အခြေခံ စောင့်ထိန်းရမယ့် ကိုယ်ကျင့်တရားကိုလည်း ခါးဝတ်ပုဆိုးကဲသို့ လုံခြုံအောင် စောင့်ထိန်းလိုက်နာ လာခဲ့ကြပါတယ်။

 ဒီလိုဘုရားအဆုံးမကို အနီးကပ် ဆည်းပူးလေ့လာခွင့်ရပြီး လိုက်နာကျင့်ကြံလာခဲ့ကြတဲ့အတွက်လည်း အင်မတန်မှ ယဉ်ကျေးလိမ်မာပြီး အသိဥာဏ်ပြည့်ဝတဲ့ အမျိုးကောင်းသား အမျိုးကောင်းသမီးတွေ ထွန်းကားလာခဲ့ကြတာပါပဲ။ ဒါဟာ ဗုဒ္ဓရဲ့အဆုံးမနဲ့ နီးစပ်ခွင့်ရကြလို့ပါပဲ။ ယခင်ကဆိုရင် သင်ကြားရမယ့်ဘာသာရပ်တွေထဲမှာ (၁၀)ဆောင်တွဲဆိုတဲ့ ဗုဒ္ဓဘာသာဝင်တွေ သိသင့်တဲ့အခြေခံအချက်တွေကို ထည့်သွင်းဆုံးမပေးခဲ့တဲ့အထိကို လုပ်ဆောင်ခဲ့ကြပါတယ်။ ဒါ့ကြောင့်လည်း ဗုဒ္ဓအဆုံးမနဲ့ အမြဲထိတွေ့ခွင့်ရတဲ့သူတွေများပြားခဲ့ရပြီး အင်မတန်မှနူးညံ့သိမ်မွေ့ပြီး အင်မတန်မှ အလေးထားတန်ဖိုးထားအပ်တဲ့ စံပြပုဂ္ဂိုလ်တွေ ပေါ်ထွက်လာခဲ့ကြရတာပါ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုတဲ့ကိစ္စရပ်တွေမှာ ဗုဒ္ဓရဲ့အဆုံးမကိုအခြေခံပြီး ကျင့်သုံးလိုက်နာခဲ့တဲ့ အတွက်လည်း အရှေ့တောင်အာရှမှာ မြန်မာဆိုရင် အားလုံးကတန်ဖိုးထား လေးစားခဲ့ကြရတာပါပဲ။ ဒါဟာဘာလို့လည်းဆိုတော့ ကိုယ်ကျင့်တရားကိုအခြေခံပြီး ယဉ်ကျေးမှုထုံးတမ်းအစဉ်လာတွေကို ဗုဒ္ဓရဲ့အဆုံးမနဲ့အညီ ကျင့်ကြံလိုက်နာခဲ့ကြတဲ့ အမျိုးကောင်းသားအမျိုးကောင်းသမီးတွေ များစွာပေါ်ထွက်လာခဲ့တဲ့အတွက်ပါပဲ။ ဒါတွေဟာ အင်မတန်မှကို ဂုဏ်ယူစရာ တန်ဖိုးထားစရာဖြစ်တဲ့အပြင် အမြတ်တနိုးတန်ဖိုးထားပြီး လိုက်နာကျင့်သုံးသင့်တဲ့ အလေ့အကျင့် ကောင်းတွေပါပဲ။ ဒီလိုမျိုး အလေ့အကျင့်ကောင်းတွေ ပြန်လည်ဖြစ်လာဖို့အတွက်ဆိုရင် ကျွန်တော်တို့တွေအနေနဲ့လည်း ယခုအချိန်မှာ လူငယ်တွေကို ဘုရားအဆုံးမနဲ့ထိတွေ့ခွင့်ရဖို့၊ နီးစပ်အောင်လုပ်ပေးဖို့ဟာ အင်မတန်မှ လိုအပ်လှပါတယ်။ မိဘတွေအနေနဲ့တော့ အဓိကအခန်းကဏ္ဏအနေနဲ့ ပါဝင်တာပါပဲ။ မိဘအနေနဲ့ ကိုယ်ကသာ မိရိုးဖလာဗုဒ္ဓဘာသာဝင် ဖြစ်ချင်ဖြစ်နေပါစေလေ.. ကိုယ့်သားသမီး ကိုယ့်မျိုးဆက်ကိုတော့ မဖြစ်စေရဘူးဆိုတဲ့ စိတ်လေးနဲ့လုပ်သွားမယ်ဆိုရင်ကို ဗုဒ္ဓရဲ့သာသနာဟာ နေလိုလလို ထွန်းတောက်လာမှာပါ။

ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုတဲ့အတိုင်းပါပဲ.. နောင်တစ်ချိန်မှာ လူကြီးဖြစ်လာမယ့် ယနေ့လူငယ်တွေကို သူတို့တွေငယ်ရွယ်စဉ်အခါထဲက ဗုဒ္ဓရဲ့အဆုံးမတွေနဲ့ထိတွေ့ခွင့်ရအောင် စွမ်းဆောင်ပေးဖို့ လိုအပ်လှပါတယ်။ မိဘတွေအနေနဲ့ ယခင်ကလို ဘုန်းကြီးကျောင်းပို့ပြီး ရဟန်းသံဃာတော်တွေနဲ့နီးစပ်အောင် မလုပ်ပေးနိုင်ဘူးဆိုရင်တောင်.. နွေရာသီအားလပ်ရက်တွေမှာ ဆရာတော်ဘုရားတွေ ဦးစီးဖွင့်လှစ်ပေးတဲ့ ဗုဒ္ဓဘာသာအခြေခံသင်တန်းကျောင်းတွေ၊ ယဉ်ကျေးလိမ်မာသင်တန်းကျောင်းတွေ၊ တစ်ပါတ်တရားစခန်း ၁၀ရက်တရားစခန်းတွေကို ၀င်ရောက်စေပြီး ဗုဒ္ဓရဲ့အဆုံးမတွေနဲ့ နီးစပ်အောင် လုပ်ဆောင်ပေးသင့်ပါတယ်။ ဒါက ကလေးလူငယ်တွေ အားလပ်ရပ်တွေမှာ အချိန်ကိုအကျိုးရှိစွာအသုံးချစေပြီး ဗုဒ္ဓရဲ့အဆုံးမနဲ့ ထိတွေ့နိုင်အောင် မိဘတွေဘက်က စွမ်းဆောင်ပေးဖို့အတွက်ပါပဲ။ နွေရာသီကျောင်းပိတ်ရက်လို အားလပ်ရက်မျိုးမရှိခဲ့ရင်လည်း နေ့စဉ်ပုံမှန် ည(၇)နာရီထိုးလို့ ကိုရီးယားကားကို မိသားစုအားလုံး ၀ိုင်းအုံကြည့်နေမယ့်အစား တရားလေးတစ်ပုဒ်လောက်ဖွင့်ပြီး မိဘနဲ့သားသမီး အပြန်အလှန် ဆွေးနွေးဆုံးမပေးရင်ဖြင့် အဲ့ဒီ့မိသားစုလေးဟာလည်း အင်မတန်မှကို အေးချမ်းနေမှာပါ။

ညအိပ်ရာဝင်ခါနီးတိုင်းလည်း မိသားစုဝင်တွေ စုပေါင်းပြီး ဘုရားကန်တော့တာတို့၊ ဘုရားရဲ့အဆုံးမလေးတွေ ဇတ်တော်လေးတွေကို မိဘတွေအနေနဲ့ သိသလောက်မှတ်သလောက် ပြောပြဆုံးမပြီး အလေ့ကျင့်ကောင်းလေးတွေ လုပ်ပေးမယ်ဆိုရင်ဖြင့် ကိုယ့်ရဲ့သားသမီးတွေဟာ မုချမသွေ အမျိုးကောင်းသား အမျိုးကောင်းသမီးလေးတွေ ဖြစ်လာမှာပါ။ အဲ့ဒီလိုအိမ်တွင်းမှာ ဘုရားအဆုံးမလေးနဲ့အညီ လုပ်ဆောင်နေမယ်ဆိုရင် မိဘနဲ့သားသမီး၊ သားသမီးနဲ့မိဘခြားမှာရှိတဲ့ ဆက်ဆံရေးတွေဟာ အင်မတန်မှကို အေးချမ်းနေမှာပါ။ မိမိကိုယ်တိုင်လည်းအေးချမ်း၊ မိသားစုလည်းအေးချမ်း၊ ပတ်ဝန်းကျင်လည်းအေးချမ်းနဲ့ အင်မတန်မှကို ပီတိဖြစ်စရာပါပဲ။ ဒီလိုလုပ်ဆောင်ခြင်းဟာ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး ဟောပြဆုံးမပေးတဲ့ အိမ်တွင်းသာသနာပြုပေးခြင်းနဲ့ ထပ်တူပါပဲ။ တစ်ဦးတစ်ယောက်ခြင်း မိသားစုတစ်စုခြင်းကနေ အဲ့ဒီ့လိုပြင်ဆင်လုပ်ဆောင်သွားကြမယ်ဆိုရင် အားလုံးကောင်းမွန်လာနိုင်မယ်ဆိုတာဟာ မုချမသွေပါပဲ။ အဓိကကတော့ တစ်ဦးတစ်ယောက်ခြင်း၊ မိသားစုတစ်စုခြင်းကနေစဖို့ပါပဲ။

မျိုးစေ့တစ်စေ့ဟာ ထိန်းသိမ်းစောင့်ရှောက်ပေးတဲ့ ဥယျာဉ်မှူးကောင်းတစ်ယောက်ရှိရင် အင်မတန်မှကို တန်ဖိုးရှိလာတဲ့ အပင်မျိုးလေးတွေဖြစ်လာစေနိုင်ပါတယ်။ ဒါ့ကြောင့် ဥယျာဉ်မှူးကောင်းနဲ့တူတဲ့ မိဘတွေ ဥယျဉ်မှူးကောင်းတစ်ယောက်လို ထိန်းသိမ်းစောင့်ရှောက် သွန်သင်ဆုံးမပေးနိုင်တဲ့ ဆရာသမားတွေအနေနဲ့ ကိုယ့်မျိုးစေ့လေးတွေကို တန်ဖိုးထားပြီး ထိန်းသိမ်းစောင့်ရှောက် ပြုပြင်ပေးဖို့ဟာ အင်မတန်မှ လုပ်ဆောင်ပေးသင့်တဲ့အရာပါ။ ဒီလိုဆုံးမပေးမယ်ဆိုရင်ဖြင့် ဗုဒ္ဓရဲ့အဆုံးမကို အခြေခံသိရှိထားတဲ့ သားသမီးဟာ ဘယ်နေရာရောက်ရောက် ဘယ်ကိုပဲသွားသွား ပူပန်နေစရာဆိုတာလည်း မလိုတော့ပါဘူး။ မိဘဆရာသမားတွေအနေနဲ့ လမ်းမှန်တစ်ခုကို ချပြပေးလိုက်မယ်ဆိုရင် လမ်းဆိုးတွေအားလုံးကို သူ့အနေနဲ့ရှောင်တတ်သွားမှာပါ။

အဓိကကတော့ လမ်းမှန်ပေါ်လျောက်တတ်အောင် လျောက်နိုင်အောင် တွန်းပို့ပေးဖို့ပါပဲ။ ဒီလိုမျိုးတွန်းပို့လုပ်ဆောင်နိုင်ဖို့အတွက် အဓိကအနေဖြင့် မိဘတွေအနေနဲ့ အိမ်တွင်းသာသနာ ပြုနိုင်အောင် ကြိုးစားလုပ်ဆောင်ကြဖို့ဟာ အဓိကပါပဲ။ ဒီလိုအိမ်တွင်းသာသနာပြုပေးခြင်းဖြင့် သာသနာတော်ကို ထဲထဲဝင်ဝင်ထောက်ပံ့ကြည်ညိုတတ်တဲ့ အမျိုးကောင်းသား အမျိုးကောင်းသမီး တွေ မုချမသွေပေါ်ပေါက်လာမှာပါ။ ဒီလိုပေါ်ပေါက်လာရင်ဖြင့် ဗုဒ္ဓရဲ့သာသနာဟာလည်း နေလိုလလို ထွန်းတောက်လာမယ်ဆိုတာ မလွဲပြန်ပါဘူး။ ဗုဒ္ဓသာသနာထွန်းတောက်ဖို့ အိမ်တွင်းသာသနာပြုခြင်းဖြင့် စွမ်းနိုင်သလောက် လုပ်ဆောင်ပေးကြပါလို့ ဆန္ဒပြုရင်း။


မှတ်ချက်။      ။ (Forward) မေလ်းမှတဆင့်မျှဝေခြင်းဖြစ်သည်။ စာရေးသူအမည်မပါ၍ မဖော်ပြနိုင်ခြင်းကို ခွင့်လွှတ်ပါရန်။
(အိမ်တွင်းသာသနာ ပြုပေးကြပါ) by Unknown (Unknown)

“ သီလ ” လုံးဝမကျိုးတဲ့ ဆောက်တည်နည်း။


ဗုဒ္ဓဘာသာဝင် တစ်ယောက်အတွက် ဒါန၊ သီလ၊ ဘာဝနာသည် အရေးကြီးပါသည်။ ဒါန၊
သီလ၊ ဘာဝနာ သုံးပါးထဲတွင် ဘယ်တရားက အရေးကြီးဆုံးလဲ ? ။
ရဟန်းတော်တွေအတွက် ဒါနမပြုလို့ အာပတ်သင့်စေဆိုတဲ့ သိက္ခာပုဒ် မရှိသလို ၀ိပဿနာ
ဘာဝနာ မပွားလို့ အာပတ်သင့်စေဆိုတဲ့ သိက္ခာပုဒ်လည်း မရှိပါဘူး။ ဒါပေမယ့် သီလဖေါက်ဖျက်
ရင်တော့ အာပတ်သင့်စေဆိုတဲ့ သိက္ခာပုဒ်တွေက အသင့်ရှိနေပါတယ်။

ဒီလိုပါပဲ၊ လူတွေအနေနဲ့လည်း ဒါနမပြုလို့ အပြစ်သင့်စေ၊ ၀ိပဿနာဘာဝနာ မပွားလို့ အ
ပြစ်သင့်စေဆိုတဲ့ သိက္ခာပုဒ် မရှိပါဘူး။ ဒါပေမယ့် သီလဖေါက်ဖျက်လို့ကတော့ အပြစ်သင့်မှာပါ။
“ သီလလုံခြုံနေရင် ပြီးတာပါပဲ၊ ဒါနမပြုလည်း ကိစ္စမရှိပါဘူး၊ ၀ိပဿနာမပွားလည်း ကိစ္စ
မရှိပါဘူး။ ” လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒါန၊ သီလ၊ ဘာဝနာမှာ “သီလ” က အရေးကြီးဆုံးလို့
ဆိုလိုတာပါ။ အကြောင်းကြောင်းကြောင့် ဒါနနဲ့ ဘာဝနာကို မလုပ်နိုင်သေးရင်တောင် “သီလ” ကို
တော့ သတိထား အထူးစောင့်ထိန်း ရမှာပါ။

ကိုယ်ရဲ့ခင်ပွန်း၊ ဇနီးမယား၊ သားသမီး၊ မိဘ၊ ရာထူး၊ အာဏာ၊ ပစ္စည်းဥစ္စာ၊ ငွေကြေးတွေ
ကတော့ ကိုယ်နဲ့မမြဲ မနေနိုင်ပါဘူး။ ဒီသဘောလေးကို အာရုံပြုပြီး “သီလ”ကတော့ ငါရဲ့အားကိုး
ရာ အစစ်ပဲ။ ငါနဲ့ မခွဲမခွာ သေတဲ့အထိ လိုက်လာမယ့် အားကိုးရာပဲ။ “ငါ သီလကို ကြိုးစားစောင့်
ထိန်းသင့်တယ်။” လို့ မကြာမကြာ ဆင်ခြင်ပေးပြီး စောင့်ထိန်းသင့်ပါတယ်။

ခန္ဓာရှိနေတဲ့အတွက် စားဝတ်နေရေး ရှိနေတဲ့အတွက် သက်ရှိသက်မဲ့ လောကီပစ္စည်းတွေ
ကတော့ လိုအပ်နေတာပါပဲ။ ဒါပေမယ့် ကိုယ်က အားကိုးရာ အတုနဲ့အစစ်ကို ခွဲခြားပြီး သိနေဖို့လို
ပါတယ်။ သီလမှာလည်း ဟီနသီလ၊ မဇ္ဈိမသီလ၊ ပဏီတသီလဆိုပြီး ရှိပါတယ်။
သူတစ်ပါးအထင်ကြီးအောင် ထင်ရှားကျော်ကြားဖို့အတွက် ဆောက်တည်တဲ့ သီလက ဟီန
သီလ=ခပ်ညံ့ညံ့သီလပါ။ ကောင်းမှုအကျိုးကို လိုလားတောင့်တပြီး ဆောက်တည်တဲ့ သီလက မဇ္ဈိ
မသီလ=အလယ်အလပ်သီလပါ။ တရားရဲ့မြင့်မြတ်မှုကိုသာ နှလုံးသွင်းပြီး မဂ်ဖိုလ်နိဗ္ဗာန်ကို ရဖို့
အတွက် ဆောက်တည်တဲ့ သီလကတော့ ပဏီတသီလ=မြင့်မြတ်တဲ့သီလပါ။

“သီလ” လုံးဝမကျိုးတဲ့ ဆောက်တည်နည်း ရှိပါတယ်။ မင်းကွန်းဆရာတော်ဘုရားကြီးက
“မဟာဗုဒ္ဓ၀င်” မှာ ရေးထားပါတယ်။ “သီလ”ကို တစ်နေ့လုံး မဆောက်တည်နိုင်သေးရင်တောင်
ညမှာ တစ်နိုင်တစ်ပိုင် ဆောက်တည်ဖို့ အသေအချာ ရေးထားပါတယ်။

ညပိုင်း အိပ်နေတဲ့အချိန်မှာ သီလကမကျိုးပါဘူး။ စာထဲမှာ..ကာလကို ပိုင်းဖြတ်ပြီး စောင့်
ထိန်းတဲ့ ကာလပရိယန္တသီလဆိုတာ ရှိပါတယ်။ ဥပမာ..ကိုယ်က ညမှာ ၁၁ နာရီအိပ်ပြီး၊ မနက် ၅
နာရီ အိပ်ရာထတယ် ဆိုပါစို့။ ဒီတော့ ညအိပ်ရာဝင်ခါနီးမှာ ရှစ်ပါးသီလ၊ သို့မဟုတ် ကိုးပါးသီလ
ယူလိုက်ပြီး “ဘုရားတပည့်တော် ည ၁၁ နာရီကနေ၊ မနက် ၅ နာရီအထိ သီလဆောက်တည်ပါ၏”
လို့ ကာလပိုင်း ဖြတ်ပြီး စောင့်ထိန်းလိုက်ရုံပါ။

လောကီထဲမှာ နေနေကြလို့ လောကီအကျိုးတွေနဲ့လည်း မကင်းနိုင်ကြလို့ လောကီကျိုး
တွေအကြောင်း ထည့်ပြောနေကြရတာပါ။ အမှန်တော့ သီလရဲ့အမြင့်ဆုံး အကျိုးသတ္တိဟာ နိဗ္ဗာန်
အထိ ပို့ပေးနိုင်ပါတယ်။ သီလရဲ့အကျိုး အဆက်ဆက်တွေကို စာထဲမှာ အ၀ိပ္ပဋိသာရ၊ ပါမောဇ္ဇ၊ ပီ
တိ၊ ပဿဒ္ဓိ၊ သုခ၊ သမာဓိ၊ ယထာဘူတ၊ နိဗ္ဗိဒါ၊ ၀ိရာဂ၊ ၀ိမုတ္တိ၊ လို့ ဒီလိုပြထားပါတယ်။

ဒီပါဠိရဲ့ အနက်မြန်မာပြန်ကို တည်တောဆရာတော်ဘုရားကြီးက==
* သီလရှိတော့ စိတ်ကြည်၊
စိတ်ကြည်တော့ ၀မ်းမြောက်၊
ဝမ်းမြောက်တော့ နှစ်သက်၊
နှစ်သက်တော့ ငြိမ်းအေး၊
ငြိမ်းအေးတော့ချမ်းသာ၊
ချမ်းသာတော့တည်ကြည်။
တည်ကြည်တော့ အမြင်မှန်၊
အမြင်မှန်တော့ ငြီးငွေ့၊
ငြီးငွေ့တော့ မဂ်မြင်၊
မဂ်မြင်တော့ဖိုလ်ရောက်၊
ဖိုလ်ရောက်တော့ နိဗ္ဗာန်ဝင်။ တဲ့။

ကိုယ်ဖြည့်ကျင့်နေတဲ့ သီလဟာ လောကီအကျိုးသက်သက်တင် မဟုတ်ပါဘူး။ မဂ်ဖိုလ်
နိဗ္ဗာန်အထိ ပို့ပေးနိုင်တဲ့ သတ္တိရှိပါတယ်။“ ငါရဲ့သီလဟာ မဂ်ဖိုလ်နိဗ္ဗာန်အထိ ပို့ပေးနိုင်တယ်” ဆို
တဲ့ အသိကလည်း ရင်ထဲမှာ အစဉ်သဖြင့် ရှိနေဖို့ လိုပါတယ်။
ဘ၀မှာ မသိလို့ဘဲ မှားခဲ့မှားခဲ့၊ သိလို့ပဲ မှားခဲ့မှားခဲ့၊ အပြစ်ကို အပြစ်မှန်းသိပြီး နောင်စောင့်
စည်းလိုတဲ့စိတ်နဲ့ သီလသိက္ခာပုဒ်တွေကို ပြန်ဆောက်လိုက်ရင် သီလဖြူစင်သူ ဖြစ်သွားပါတယ်။ အဲ
ဒီလိုမှမဟုတ်ဘဲ မှားခဲ့တဲ့အတူတူ မထူးပါဘူးလေဆိုပြီး ဆက်ကာဆက်ကာ မှားနေမယ် ဆိုရင်
တော့ မသင့်တော်ပါ။

ဒါကြောင့် တရားချစ်ခင် သူတော်စင်တို့ကလည်း တကယ်တော့ ဗုဒ္ဓဘာသာဝင်တစ်ယောက်
ဘ၀မှာ နိဗ္ဗာန်ရဖို့က အဓိကပါ ဆိုတာကို သိရှိနားလည် သဘောပေါက်ကြပြီး “သီလ”ကို တစ်ပိုင်
တစ်နိုင် ဆောက်တည်ကြကာ ချမ်းသာသုခပြည့်ဝသော မြတ်နိဗ္ဗာန်ကို ရရှိကြပါစေကုန်သတည်း။
{ ရဝေနွယ်(အင်းမ)၏ မြင့်မြတ်သူတို့ရဲ့ အလုပ်ကို ကိုးကားရေးသားပါသည်။ }
ပိုစ့်ရေးသူ...ဦးသိန်းဝေ။။။

Gold price estimated