မနောဒွါရ အရ အပိုင်(ဂ)
နောက်ဆက်လာတဲ့ သမ္ပဋိစ္ဆိုင်းစိတ်ကျတော့ ဘယ်သူ့ကို မှီသလဲဆိုတော့ ဟဒယဝတ္ထုကို မှီတယ်၊ နောက် သန္တီရဏစိတ်ကလည်း ဟဒယဝတ္ထုကိုမှီတယ်၊ ဝုဋ္ဌောစိတ်ကလည်း ဟဒယဝတ္ထုကို မှီတယ်၊ ဇောစိတ်တွေကလည်း ဟဒယဝတ္ထုကိုပဲ မှီတယ်၊ တဒါရုံကလည်း ဟဒယဝတ္ထုကိုပဲ မှီတယ်။ အဲဒီ စိတ်ဖြစ်စဉ်ထဲမှာ စက္ခုဝတ္ထုကို မှီဖြစ်တဲ့စိတ်ကလေးဟာ စက္ခုဝိညာဏ်စိတ် တစ်ခုတည်းပဲရှိတယ်၊ အဲဒီတော့ စက္ခုဝိညာဏ်စိတ်လေးတစ်ခုပဲ စက္ခုဝတ္ထုကို မှီပြီးတော့ ဖြစ်လာတယ်။ ကျန်စိတ်တွေက ဟဒယဝတ္ထုကို မှီပြီးတော့ ဖြစ်တယ်။ ဒီနေရာမှာ ဝတ္ထုနှစ်ခုက ဆက်သွယ်နေတယ်ဆိုတာ ထင်ရှားတယ်နော်။ အာရုံတစ်ခုမှာ ဖြစ်လာတဲ့ အခါ ဆက်သွယ်မှု ရှိနေတယ်ဆိုတာ ထင်ရှားတယ်။
ထို့အတူပဲ သောတဝိညာဏ်စိတ် ၂-ခုက သောတဝတ္ထုကို မှီပြီး ဖြစ်တယ်၊ ဃာနဝိညာဏ်စိတ် ၂-ခုက ဃနဝတ္ထုကိုမှီပြီးဖြစ်တယ်၊ ဇိဝှါဝိညာဏ်စိတ် ၂-ခုက ဇိဝှါဝတ္ထုကို မှီပြီးဖြစ်တယ်၊ ကာယဝိညာဏ်စိတ် ၂-ခုက ကာယဝတ္ထုကို မှီပြီဖြစ်တယ်၊ ကာယဝိညာဏ်စိတ် ၂-ခုက ကာယဝတ္ထုကို မှီပြီးဖြစ်တယ်၊ ကျန်တဲ့ စိတ်တွေ အားလုံးက ဟဒယဝတ္ထုကို မှီပြီးဖြစ်တယ်၊ ဘုံဘဝနဲ့တွက်လိုက်မယ်ဆိုရင် အရူပဘုံမှာဖြစ်တဲ့ အရူပဝိပါတ်စိတ် ၄-ခုက ဘယ်ဝတ္ထုရုပ်ကိုမှ မမှီဘူး၊ ဘာဖြစ်လို့လဲဆိုရင် သူ့မှာ မှီစရာ ရုပ်မရှိဘူး၊ ဝတ္ထုရုပ်ကို မမှီဘဲနဲ့ ဖြစ်တယ်လို့ ဒီလို နားလည်ရမှာပေါ့။ သရုပ်အနေနဲ့ နားလည်အောင် အဘိဓမ္မတ္ထ သင်္ဂဟကျမ်းကို ဆက်လက်လေ့လာ မှတ်သားမှ ပိုပြီးရှင်းမယ်၊ အခုဟာက နာလည်းရုံ apply လုပ်ပြီးတော့ ပြတာ။
ကြိုတင်ပြီးတော့ ဖြစ်နေတဲ့ စက္ခုပသာဒဝတ္ထုရုပ်လေးကို မှီပြီးတော့ စက္ခုဝိညာဏ်စိတ်လေးက ပေါ်ရတာ၊ သူနဲ့ ပြိုင်တူဖြစ်တာ မဟုတ်ဘူး၊ စက္ခုဝတ္ထုလေးက ကြိုတင်ပြီးတော့ ဖြစ်တာ၊ ကြိုတင်ဖြစ်လာတဲ့ စက္ခုဝတ္ထုလေးကိုမှီပြီးတော့ စက္ခုဝိညာဏ်စိတ်က ဖြစ်ရတယ်၊ နောက် ပဉ္စဒွါရာဝဇ္ဇန်းစိတ်က ဟဒယဝတ္ထု ရုပ်ကို မှီပြီးတော့ ဖြစ်တယ်ဆိုတာလည်းပဲ သူနဲ့ ပြိုင်တူဖြစ်တဲ့ ဟဒယဝတ္ထုကို မှီတာ မဟုတ်ဘူး၊ ခုနက သဘောပေါက်ဖို့ရာက စက္ခုဝတ္ထု, သောတဝတ္ထု, ဃနဝတ္ထု, ဇီဝှါဝတ္ထု, ကာယဝတ္ထုတွေကိုလည်း ကံက ထုတ်လွှတ်ပေးနေတာလို့ မှတ်ပါ။ စက္ကန့်မလပ် အသစ်တွေ ဖြစ်နေတာ၊ အဲဒီအသက်ဖြစ်နေတဲ့ မြောက်များစွာသော ဝတ္ထုရုပ်တွေထဲမှာ ပြိုင်တူဖြစ်တာတွေလည်း ရှိတယ်, ကြိုတင်ဖြစ်တာတွေလည်း ရှိတယ်, နောက်ကျပြီး ဖြစ်တာတွေလည်း ရှိတယ်၊ အဲဒီ ထဲမှာမှ ကြိုတင်ဖြစ်တာကိုသာ မှီတာဖြစ်သောကြောင့် ပုရေဇာတပစ္စယော၊ မှီရာအနေနဲ့ပဲ ကျေးဇူးပြုလို့ နိဿယပစ္စယော၊ ရှိနေတုန်း ကျေးဇူးပြုလို့ အတိပစ္စယော၊ မကင်းကွာခင် ကျေးဇူးပြုလို့ အဝိဂတပစ္စယောတဲ့၊ ဒီသတ္တိတွေနဲ့ ဘုရားဟောထားတာ။
မျက်စိမှာလာပြီး ပေါ်လာတဲ့ အဆင်းအာရုံလေးကျတော့ အာရမ္မဏပစ္စယော၊ အဲဒီ အာရမ္မဏပစ္စယော ကလည်းပဲ သူစတင် မွေးဖွားတဲ့အချိန် ချက်ချင်းကြီး ဒီစိတ်ထဲမှာ ပေါ်လာတာ မဟုတ်ဘူး၊ စက္ခုဝိညာဏ်စိတ်က ရူပါရုံကို မြင်တယ်ဆိုတာ ချက်ချင်းကြီးမြင်တာ မဟုတ်ဘူး၊ ရူပါရုံလေးက ဘယ်အချိန်က မွေးဖွားလိုက်တာတုန်းဆိုတော့ မျက်စိ- စက္ခုပသာဒနနဲ့ ရူပါရုံလေး ဆုံလိုက်တဲ့အချိန်ဟာ အတီတဘဝင်ဖြစ်တဲ့ အချိန်လေးနဲ့ သွားကိုက်နေတယ်၊ အတီတဘဝင်စိတ်လေး ဥပါဒ်တဲ့ အချိန်နဲ့ သွားကိုက်နေတယ်ဆိုတော့ စက္ခုဝိညာဏ်စိတ်က မဖြစ်နိုင်သေးဘူး အဲဒီအချိန်မှာ၊ အာရုံလေးနနဲ့ မျက်စိနဲ့ ဆုံလိုက်တဲ့အချိန်မှာ အာရုံလေးမွေးဖွားပြီလို့ ဒီလိုမှတ်ရမယ်နော်၊ ရူပါရုံလေး မွေးဖွားလိုက်ပြီ၊ မွေးဖွားလိုက်ပြီးရင် အတီတဘဝင်စိတ်တစ်ခု လွန်သွားမယ်၊ ဘဝင်္ဂစလနစိတ်တစ်ခု လွန်သွားမယ်၊ နောက် ဘဝင်္ဂုပစ္ဆေဒ တစ်ခုလွန်သွားမယ်၊ ပြီးပြီဆိုတဲ့အခါကျမှ ပဉ္စဒွါရာဝဇ္ဇန်းစိတ် ဖြစ်တယ်၊ ဖြစ်ပြီးတော့မှ စက္ခုဝိညာဏ်စိတ်က အဲဒါကို အာရုံပြုရတာ ဖြစ်သောကြောင့် သူမဖြစ်နှင့်ခင်က ကြိုတင်ဖြစ်နေတာ ဖြစ်သောကြောင့် အဲဒီ အာရမ္မဏပစ္စယော ဟာလည်းပဲ ပုရေဇာတ အာရမ္မဏပစ္စည်းဖြစ်တယ်၊ ကြိုတင်ပြီးတော့ ဖြစ်နေတဲ့ အာရုံကို အာရုံပြုရတာ၊ ပြီးတော့ အဲဒီအဆင်းအာရုံလေးရှိနေတုန်း ကျေးဇူးပြုတာ ဖြစ်သောကြောင့် အတိပစ္စယော၊ မပျောက်ကွယ်ခင်ကျေးဇူး ပြုတာဖြစ်သောကြောင့် အဝိဂတ္တပစ္စယော၊ ပဋ္ဌာန်းပစ္စည်းအနေနဲ့ ဒီလိုဆက်သွားနေတာနော်။
ဒီတော့ အကြောင်းအကျိုး ဆက်သွယ်မှုဆိုတာ အလွန်ပင်ဆန်းကြတယ်၊ ဒါတွေက တကယ်ကြည့်မယ်ဆိုရင် လူတွေရဲ့ ဘဝနဲပလည်း ဆက်စပ်နေတယ်၊ လူတွေရဲ့ဘဝနဲ့ ဆက်စပ်နေသော်လည်း အလွန်သိဖို့ခက်တယ်၊ အလွန်သိဖို့ခက်တယ်ဆိုတာ လူနဲ့နီးပြီးတော့ လူက ဘာလို့မသိလဲ?
ရှေးတုန်းက ဆရာတော်ကြီးတစ်ပါးတဲ့။ ရေကန်နားမှာ တံမြတ်စည်းလှည်းနေတယ်၊ အမတ်ကြီး တစ်ယောက်က ဆရာတော်ကြီးနား ရောက်လာတယ်၊ ရောက်လာပြီးတော့ “အရှင်ဘုရား- ဒီရေကန် ဘယ်နှစ်ပေနက်တုန်း” မေးတယ်၊ ဆရာတော်ကြီးက “ငါမသိဘူး” တဲ့၊ အဲဒီတော့ “အရှင်ဘုရားနဲ့ နီးလို့ သိလိမ့်မယ် လို့ ထင်လို့ တပည့်တော်က မေးတာပါ” ဆိုတော့ “ နီးတိုင်းသိရရင် မင်းမှာ နှုတ်ခမ်းမွှေး ဘယ်နှစ်ပင်ရှိတုန်း” တဲ့။
လူတွေမှာက အဲဒီလို မဟုတ်ဘူးလား၊ နီးပေမယ့်လို့ သိချင်မှ သိတာ၊ ဒီတရားတွေက လူတွေရဲ့ သန္တာန်မှာ ဖြစ်တယ်ဆိုတော့ အလွန်နီးတဲ့ တရားတွေပဲ။ သို့သော် သိလားဆိုတော့ မသိဘူး ဘာလို့မသိလဲဆိုတော့ အလွန်နက်နဲတယ်၊ ကိုယ်နဲ့နီးပြီးတော့ မသိတာတွေ အများကြီးပဲ၊ ဒါကြောင့်မို့ သိအောင် ကြိုးစားကြရမယ်လို့ ဒီလိုပြောတာ။
အဲဒီတော့ စိတ်ဖြစ်ပုံနဲ့ ပတ်သက်ပြီးောတ့ အဓိကက အာရုံ ၆-ပါးရယ်၊ (အာရုံ ၆-ပါး နက်ဖန်ခါကျတော့ ထပ်ပြောမယ်၊) အခု ဒွါရ ၆-ပါးနဲ့ ဝတ္ထုရုပ် ၆-ပါး အကျဉ်းအားဖြင့် ထပ်ပြီးတော့ ပြေတယ်၊ အာရုံနဲ့ စိတ်နဲ့ ဘယ်လိုအလုပ်လုပ်တယ်၊ စိတ်ရဲ့ လုပ်ဆောင်ချက်တွေဟာ ဘာတွေရှိသလဲ ဆိုတဲ့ သဘောကို အာရမ္မဏသင်္ဂဟနဲ့ ကိစ္စသင်္ဂဟ နှစ်ခုတွဲဖက်ပြီးတော့ ပြောမယ်၊ သရုပ်တွေကိုတော့ သိပ်မပြောပါဘူး၊ မပြောဘူးဆိုတာ သရုပ်က စာအုပ်ကို ဖတ်လို့ရတယ်လေ၊ အဓိပ္ပါယ်က စာအုပ်ဖတ်ရင် နားလည်ချင်မှ နားလည်မှာပေါ့၊ ဒါကြောင့်မို့လို့ apply လုပ်တဲ့နည်း, အဓိပ္ပါယ်နားလည်ဖို့ အဓိကထားပြီးတော့ ဟောတာဖြစ်ပါတယ်။
ဒါကြောင့်မို့ တရားချစ်ခင် သူတော်စင်ပရိသတ်တို့သည် ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ စိတ်တရားဟာ မိမိတို့ရဲ့ သန္တာန်မှာ ဖြစ်သော်လည်း အလွန်သိဖို့ ခက်သည့်အတွက်ကြောင့် အလွန်လေးနက်တဲ့ တရားဖြစ်တယ်၊ ကိုယ်နဲ့နီးလျက်နဲ့ မသိတဲ့တရားတွေ ကို သိရှိအောင် ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။
***ဒေါက်တာနန္ဒမာလာဘိဝံသ၏ အဘိဓမ္မာမြတ်ဒေသနာ(ဒုတိယတွဲ) ၇၁-၇၆ မှ ပူဇော်ပါသည်။
*** ဆက်ရန်*** စိတ်၏ အာရုံများနှင့် ဆောင်ရွက်မှုကိစ္စများ ကို ဆက်လက်ပူဇော်ပါမည်။
No comments:
Post a Comment