Video

Wednesday, 11 March 2015

အဘိဓမ္မာမြတ်ဒေသနာ ဒုတိယတွဲ အပိုင်း(၁၃) {သတိထားရမယ့် အချက်တစ်ခု၊ အပိုင်း(ခ)}



သတိထားရမည့်အချက်တစ်ခု အပိုင်း(ခ)
                   နေ့စဉ်နဲ့အမျှ လူတွေဟာ ဒီအာရုံတွေနောက် လိုက်နေကြတာ၊ လူတွေရဲ့စိတ်ဟာ ဘယ်အာရုံနဲ့ ပျော်နေတုန်းဆိုတော့ အမြင်အာရုံနဲ့ ပျော်တယ်၊ အသံအာရုံတွေနဲ့ ပျော်တယ်၊ အသံဆိုတာ အမျိုးစုံလုပ်ပြီး ပျော်တယ်လေ။ ရိုးရိုးတန်းတန်း အသံမှာ မပျော်ရတဲ့အခါကျတော့ Hip Hop ဆိုတဲ့ အသံနဲ့ ပျော်တယ်၊ လူ့စိတ်ဟာ တော်တော်ဆန်းတယ်၊ ဂျိမ်းဂျိမ်း ဆိုတာမှ နားထောင်ချင်တယ်၊ အဲဒီလို လူရဲ့စိတ်ဟာ မျက်စိနဲ့မြင်ရတဲ့ အာရုံနဲ့ ပျော်တယ်၊ အမျိုးမျိုးကြည့်တယ်၊ အမျိုးမျိုး ဖန်တီးယူတယ်၊ ကြည့်လေ - ဒီဇိုင်းတွေ ထုတ်လုပ်လို့ကို မလောက်ဘူး၊ ဘာဖြစ်လို့ဆုန်းဆိုတော့ ဒီအဆင်ကလေးက လှတယ်၊ ဒီအကွက်ကလေးက လှတယ်၊
 ဒီ ဒီဇိုင်းကလေးက လှတယ်နဲ့ ဆိုပြီးတော့ ဒီဇိုင်းလှတာကို လိုက်ရှာပြီးတော့ မျက်စိက ကြိုက်တြ့အရောင်လုက်ရှာနော၊ အရောင်ဆို အမျိုးမျိုးစပ်ပြီးတော့၊ ဒီအရောင်က အနီရဲကြီး, မကြိုက်ဘူး၊ အနီလေးနဲ့ ဘာလေးနဲ့ စပ်ထားမှ၊ စပ်တဲ့ အရောင်တွေ လိုက်ရှာ၊ ဆုံးကို မဆုံးနိုင်ဘူး၊ ဒီအာရုံတွေပေါ်မှာ လိုက်စားနေပုံကိုကြည့်၊ အသံဆိုရင်လည်း အမျိုးမျိုး၊ ရိုးရိုးအသံဆိုရင် နားမထောင်ချင်ဘူး၊ ခုန ဂျောင်းဂျောင်းဂျိမ်းဂျိမ်း အသံဆိုရင် တစ်ကိုယ်လုံးတောင် လှုပ်လာလိမ့်ဦးမယ်၊ ခေါင်းကလေးတွေငြိမ့်၊ ခေါင်းငြိမ့်ရုံတင် မကဘူး၊ တစ်ကိုယ်လုံးတောင် ရမ်းထွက်လာတယ်။

                   ထို့အတူပဲ ရသာရုံနဲ့ ပတ်သက်ပြီးတော့ အမျိုးမျိုးသော အစားတွေ တီထွင်ကြတယ်၊ ဟို ဟိုတယ်က တစ်မျိုး၊ ဒီ ဟိုတယ်က တစ်မျိုး၊ ဒီစားသောက်ဆိုင်က တစ်မျိုး၊ ဟို စားသောက်ဆိုင်က တစ်မျိုး၊  အိမ်က ထမင်းဟင်းနဲ့ မလုံလောက်လို့ ကြေးအိုးတို့ ဘာတို့ ဒါတွေကလည်း တစ်မျိုး၊ အဲဒီလို ရသာရုံ နောက်လိုက်ရ၊  ရသာစုံ အမျိုးမျိုးကို ခံစားတာ၊ လူ့ရဲ့စိတွေ ဆန်းပြားပုံကို ပြောပါတယ်၊ အာရုံတွေနဲ့ သွားလာပုံကိုကြည့်၊ ဖောဋ္ဌဗ္ဗာရုံ ဆိုလို့ရှိရင်လည်း ဝတ်ထားတဲ့အဝတ်ရဲ့ နူးညံ့မှု အေးမှု အထိအတွေ့ကောင်းမှု၊ နေရာထိုင်ခင်းတွေ ဆိုလို့ရှိရင်လည်း settee တို့ အိပ်ရာတို့ ဆိုဖာတို့ ကောင်းတာ မကောင်းတာ၊ ဒါတွေကို ကြည့်ပြီး လူတွေက ခန္ဓာကိုယ်နဲ့ထိတွေ့ အာရုံခံစားမှု ဆိုတာတွေနဲ့ အချိန်ကုန်နေတယ်ဆိုတာ စဉ်းစားကြည့်လိုက်စမ်းပါ။
                   တစ်ကမ္ဘာလုံးဟာ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗရုံနောက် လိုက်နေတယ်ဆိုတာ မထင်ရှားဘူးလား။ အမျိုးအမည်တွေ ဘယ်လောက်ပြောပြော ဒီ ၅-မျိုးပဲ မဟုတ်လား၊ ဒီ ၅-မျိုးပဲ ရှိတာပဲ။ နာမည်တွေ ဘယ်လိုပေးထားထား မဆုံးနိုင်အောင်၊ Super Market ထဲဝင်လိုက်လို့ နာမည်တွေ ဘယ်လိုပေးနေ ပေးနေ ချုံ့ကြည့်လိုက်လို့ရှိရင် ဟောဒီအာရုံ ၅-ပါးပဲ။
                   နောက်ထပ်အာရုံတွေ ကျန်သေးလားလို့ဆိုရင် ကျန်သေးတယ်၊ ဓမ္မာရုံ တဲ့၊ ကျန်တာတွေကို ဓမ္မာရုံ ဆိုပြီးတော့ မြတ်စွာဘုရားက စုပြီး သဘာဝအာရုံအနေနဲ့ ဟောထားတာ။ ဘာဖြစ်လို့တုန်းဆိုရင် မျက်စိနဲ့လည်း မြင်လို့မရဘူး၊ နားနဲ့လည်း နားထောင်ပြီးတော့ ကြည့်လို့မရဘူး၊ နှာခေါင်းနဲ့လည်း နမ်းရှူကြည့်လို့မရဘူး လျှာနဲ့လည်း လျှက်ကြည့်လို့ မရဘူး၊ ခန္ဓာကိုယ်နဲ့လည်း ထိပြီးတော့ ကြည့်လို့မရဘူး၊ ဒီလိုအာရုံမျိုးတွေကလည်း ရှိသေးတယ်၊ ဒီအာရုံတွေကို အားလုံး ဓမ္မာရုံဆိုပြီးတော့ အကုန်ထည့်ထားတယ်၊ ပေါင်းလိုက်တော့ အာရုံ ၆-ပါး ပေါ့။
                   ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံဆိုတဲ့ အာရုံ ၅-ပါး ကတော့ များသောအားဖြင့် လောဘ ဒေါသ မောဟ ဖြစ်စရာ အာရုံတွေချည်းပဲ များပါတယ်။ ကာမဂုတ်အာရုံ လို့ခေါ်တယ်၊ ကာမဂုဏ် အာရုံတွေပဲများတယ်၊ ဓမ္မာရုံဆိုတဲ့ အထဲမှာတော့ အင်မတန်လေးနက်တဲ့ သဘာဝတရားတွေ ပါနေတယ်။
                   ဥပမာ - နိဗ္ဗာန်ဆိုတာ ဒီဓမ္မာရုံထဲမှာပါတယ်၊ စိတ်နဲ့ သိရတယ်၊ နိဗ္ဗာန်ဆိုတာ မျက်စိနဲ့ မြင်လို့မရဘူး၊ နားနဲ့ နားထောင်ကြည့်လို့ မရဘူး၊ နှာခေါင်းနဲ့ နမ်းရှူကြည့်လို့ မရဘူး၊ လျှာနဲ့ လျှက်ကြည့်လို့မရဘူး၊ ခန္ဓာကိုယ်နဲ့ ထိကြည့်ချင်လို့မရဘူး၊ အင်မတန် သိမ်မွေ့တဲ့စိတ် အင်မတန်အဆင့်မြင့်တဲ့ အသိဉာဏ်ဦးစီးတဲ့ စိတ်နဲ့သာ သိနိုင်တယ်၊ အဲဒီအာရုံတွေ အားလုံးကို ဓမ္မာရုံလို့ ခေါ်တယ်။
                   စာပေအရကြေပာမယ်ဆိုရင် ဓမ္မာရုံကို ၆-အုပ်စု ခွဲပြီး ပြေထားတယ်၊ ဒါမှတ်လို့လါယ်အောင် ပြောတာပါ၊ ပသာဒရုပ် ၅-ခု၊ သုခုမရုပ် ၁၆-ခု၊ ပသာဒရုပ် ၅-ခုဆိုတာ အာရုံတွေ လာထိရာ ဖြစ်တဲ့ မျက်စိအကြည်၊ နားအကြည်၊ နှာအကြည်၊ လျှာအကြည်၊ ကိုယ်အကြည်ဆိုတဲ့ အကြည်နဲ့ ပတ်သက်တဲ့ ရုပ်တွေ၊  သူခုမရုပ်ဆိုတဲ့ သိမ်မွေ့ပြီး တွေ့ထိစမ်းသပ်လို့မရတဲ့ သိဖို့ခက်ခဲ့တဲ့ရုပ် ၁၆-ခု ရယ်၊ အဲဒါတွေဟာ ဓမ္မာရုံပဲ။
 . . . .
                   နောက်တစ်ခုက -  စိတ်အားလုံးဟာ ဓမ္မာရုံထဲမှာပါတယ်၊ စိတ်ကလည်း စိတ်ရဲ့အာရုံ ဖြစ်တယ်ဆိုတာကို သတိထားပါ၊ ရှေ့စိတ်ကို နောက်စိတ်က သိနိုင်တယ်၊ ဟို မဖြစ်ပေါ်သေးတဲ့ စိတ်တွေ ဖြစ်ပြီးသားစိတ်တွေ, သူတစ်ပါးစိတ်တွေ - စိတ်ကိုလည်း စိတ်က ပြန်ပြီး အာရုံပြုတယ်၊ စိတ်အားလုံးဟာလည်း ဓမ္မာရုံထဲမှာ ပါတယ် ဆိုတာကို မှတ်ထားပါ။ စေတသိက်တွေကိုလည်း စိတ်က အာရုံပြုလို့ ရတယ်၊ အဲဒါကြောင့် စေတသိက်ဟာလည်း ဓမ္မာရုံထဲမှာ ပါတယ်၊ နိဗ္ဗာန်ခန္ဓာ ၅-ပါး ချုပ်ငြိမ်းလို့ ဒုက္ခဇာတ်သိမ်းသွားတဲ့ အငြိမ်းဓာတ်နိဗ္ဗာန်ကလည်း စိတ်နဲ့သိနိုင်တာဖြစ်လို့ စိတ်ရဲ့ အာရုံပဲ။ အာရုံ ၆-ပါးထဲက ဓမ္မာရုံထဲမှာထည့်ထားတယ်။ နောက်ဆုံးလောကီလူတွေ အများအသိအမှတ်ပြုပြီး ခေါ်ဝေါ်ထားတဲ့ ပညတ်အမျိုးမျိုးပေါ့၊ အဲဒီပညတ်အမျိုးမျိုးဟာလည်း အာရုံ ၆-ပါးထဲ ဓမ္မာရုံထဲမှာ ပါတယ်၊ ဒါ စိတ်ရဲ့ အာရုံတွေ ဆိုတာပဲ၊ ဒီစိတ်ရဲ့ အာရုံ ၆-ပါးကို ပဋ္ဌာန်း ၂၄-ပစ္စည်းမှာ အာရမ္မဏပစ္စယော လို့ ဟောတာပါ၊ အဲဒီ အာရုံ မပါဘဲနဲ့ ဘယ်တော့မှ စိတ်မဖြစ်ဘူး၊ စိတ်ရှိနေရင် အာရုံရှိတယ်ဆိုတာ မှတ်သားထားရမယ်။
                   နောက်ဆုံး အိပ်နေတဲ့အချိန်မှာတောင် စိတ်ရှိတယ်၊ စိတ်ရှိတဲ့အတွက်ကြောင့် အဲဒီအိပ်နေတဲ့စိတ်မှာလည်း အာရုံရှိတယ်လို့ သိရတယ်။ တစ်ချို့က unconsciousness ဆိုပြီးတော့ ပြောကြတယ်။ ဒါဗုဒ္ဓဘာသာအသုံးတော့မဟုတ်ဘူး၊ unconsciousness - မသိစိတ် ဆိုပြီးတော့ ပြောကြသေးတယ်၊ အဲဒါ တခြားအဓိပ္ပါယ်နဲ့ ပြောကြတာ၊ အဘိဓမ္မာနဲ့ သက်ဆိုင်တဲ့ ဝေါဟာရတော့မဟုတ်ဘူး၊ မသိစိတ်ဆိုတဲ့ စကားလုံးက၊ မသိစိတ်ဆိုတာ တစ်ခါတစ်ရံ ကျတော့ လူက အသိရှိရှိ သတိရှိရှိလုပ်တာ မဟုတ်ဘဲနဲ့ မသိစိတ်က လုပ်နေတယ်လို့ ဒီလို လူတွေက ပြောလေ့ရှိတယ်။
                   စိတ်ဆိုတဲ့နေရာမှာ မသိစိတ်ဆိုတာ မရှိဘူး၊ စိတ်မှန်ရင် သိတာချည်းပဲ၊ အာရုံကို သိတာချည်းပဲ၊ အာရုံကို သတိတက်တဲ့ သဘောကို စိတ်လို့ခေါ်တာ၊ အာရုံမရှိဘဲ စိတ်မဖြစ်ဘူး၊ စိတ်ရှိလျက်နဲ့ အာရုံ မသိဘူးဆိုတဲ့ အာရုံမဲ့စိတ်ဆိုတာ ဘယ်မှာမှ မရှိဘူး၊ အာရုံနဲ့စိတ်သာရှိတယ်၊ စိတ်ဟာ အမှီမရှိဘဲ ဖြစ်ကောင်းဖြစ်မယ်၊ အာရုံမရှိဘဲနဲ့ ဘယ်တော့မှမဖြစ်ဘူး။
                   အဘိဓမ္မာသမိုင်းမှာ အာရုံမဲ့စိတ် ရှိတယ်ဆိုတဲ့ အယူအဆတစ်ရပ်ပေါ်ခဲ့ဖူးတယ်။ အဲဒါကို တားမြစ်လို၍ အာရမ္မဏံ စိန္တေတီတိ စိတ္တံလို့ ဆိုတာ။ အာရမ္မဏ ဝိဇာနန လက္ခဏာအရစိတ်မှန်ရင် အာရုံကိုသိတဲ့ လက္ခဏာရှိတယ်လို့ ပြောတဲ့နေရာမှာ အာရုံကိုသိတယ်လို့ ပြောလိုက်သဖြင့် အာရုံမရှိဘဲနဲ့ စိတ်ဖြစ်နိုင်တယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေရဲ့ အယူအဆကို တားမြစ်တယ်လို့ ဋီကာကျော်ကျမ်းမှာ ဆိုထားတာရှိတယ်။
                   ဒါကြောင့်မို့ အာရုံမဲ့စိတ်ဆိုတာ ဘယ်တော့မှမရှိဘူး၊ အာရုံနဲ့ စိတ်သာရှိတယ်။ ကိုယ့်စိတ်ကလေးက တစ်ခါတစ်ရံကျတော့ ကမ္မဋ္ဌာန်းထိုင်နေတဲ့ ပုဂ္ဂိုလ်တွေ ကြုံရင်ကြုံတက်တယ်၊ ထွက်လေ ဝင်လေ မှတ်ပြီးတော့ ကမ္မဋ္ဌာန်းထိုင်၊ သမာဓိကလေး ရလာတဲ့အခါကျတော့ ထွက်လေဝင်လေက ရပ်သွားသလို ကိုယ့်ရဲ့သမာဓိစွမ်းအားတွေ ဝီရိယစွမ်းအားတွေက နည်းသည့်အတွက်ကြောင့် ထွက်လေ ဝင်လေလေးက ပျောက်သွားတော့ စိတ်လေးက သူလုပ်ကိုင်နေကျ အာရုံလေး မရှိတော့ဘဲ အာရုံမဲ့စိတ်လို့ တချို့က ထင်ကြတယ်။ မဟုတ်ဘူး၊ အဲဒီ မရှိတာကိုပဲ သိနေတာဟာ စိတ်ရဲ့ အာရုံပဲ။
                   ထွက်လေဝင်လေလေး ရပ်နေတာကို သိနေတာကိုက သူ့ရဲ့ အာရုံတစ်ခုပဲ၊ အဲဒီတော့ အာရုံမဲ့စိတ် ဆိုတာ မရှိဘူး၊ အာရုံနဲ့ ကင်းပြီးတော့ ဖြစ်တဲ့စိတ်လည်း လုံးဝမရှိဘူး။ ဒါကြောင့် စိတ်ဟာ ဟောဒီ အာရုံ ၆-မျိုးထဲက တစ်မျိုးမျိုးနဲ့ မကင်းမကွာဖြစ်လို့ အာရမ္မဏပစ္စယော လို့ မြတ်စွာဘုရားက ဒီလိုဟောထားတာ ဖြစ်တယ်။
***ဒေါက်တာနန္ဒမာလာဘိဝံသ၏ အဘိဓမ္မာမြတ်ဒေသနာ(ဒုတိယတွဲ) ၈၈-၉၃ မှ ပူဇော်ပါသည်။
*** ဆက်ရန်***  သတိထားရမယ့် အချက်တစ်ခု အပိုင်း(ဂ) ကို ဆက်လက်ပူဇော်ပါမည်။

No comments:

Post a Comment

Gold price estimated