Video

Wednesday, 11 March 2015

အဘိဓမ္မာမြတ်ဒေသနာ ဒုတိယတွဲ အပိုင်း(၉) {မနေဒွါရ အရ} အပိုင်း(ခ)


မနောဒွါရ အရ အပိုင်း(ခ)
                   အဲဒီစိတ်တွေဟာ စက္ခုဒွါရိကစိတ် = စက္ခုဒွါရ၌ ဖြစ်သောစိတ် လို့ဆိုတယ်။ သို့သော် စက္ခုဒွါရ၌ ဖြစ်တယ်ဆိုပေမယ့် စက္ခုဝတ္ထုကို မှီတယ်လို့ ဒီလိုပြောတာ မဟုတ်ဘူးနော်၊ ဆိုလိုတဲ့ အဓိပ္ပါယ်က စက္ခုဒွါရ၌ ဖြစ်တယ်ဆိုတာ စက္ခုဒွါရ မျက်စိတံခါးကနေ ဝင်ရောက်ဆက်သွယ်တဲ့ အာရုံနဲ့အလုပ်လုပ်တဲ့ စိတ်တွေလို့ ဒီလိုအဓိပ္ပါယ်ရတယ်။ အဲဒီအဓိပ္ပါယ်က ပိုပြီးတော့ ရှင်းလင်းမှုရှိတယ်။ ဒီဒွါရမှာ ဖြစ်တယ်ဆိုရင် မျက်လုံးပေါ်မှာ ဖြစ်တယ်လို့ ထင်နေလိမ့်မယ်၊ မျက်လုံးနဲ့ဖြစ်တာ မဟုတ်ဘူး၊ ဒီစိတ်တွေအားလုံးဟာ အာရုံနဲ့ဆက်သွယ်တာ၊ ဆက်သွယ်လို့ သူတို့ပေါ်လာတာ၊ ပေါ်လာပြီးတော့ အာရုံနဲ့ အလုပ်လုပ်ကြတာ၊ လူရဲ့စိတ်ဟာ အာရုံတစ်ခုဖြစ်ရင် ထိုအာရုံနဲ့ အလုပ်လုပ်တာပဲလေ၊  မျက်စိက တစ်ခုခုမြင်လိုက်ရင် အဲဒီ မြင်တဲ့အာရုံနဲ့ အလုပ်,လုပ်တယ်၊ နားက အသံလေးတစ်ခုကြားရင် အဲဒီ အသံအာရုံနဲ့ အလုပ်လုပ်တာ မဟုတ်လား၊ (အဖြေမတွေ့မချင်း လိုက်နေတာလေ၊ ဘာသံပါလိမ့် ဘာသံပါလိမ့်နဲ့  သွားနေမှာပဲ၊ မကျေနပ်မချင်း၊ အနံ့ဆိုလည်း ဘာအနံ့ပါလိမ့်နဲ့ လိုက်နေမှာပဲ၊ အာရုံနဲ့ အလုပ်လုပ်နေတယ်လို့ပြောတာ) ပြီးသွားလို့ရှိရင် နောက်အာရုံတစ်ခု ပြောင်းသွားပြန်ရော။
    
               ဒါကြောင့်မို့ သုတ္တန်ထဲမှာ မြတ်စွာဘုရားကဟောထားတယ်- စိတ်က မျောက်နဲ့ တူတယ်တဲ့၊ မျောက်က ဒီသစ်ကိုင်း ဆွဲလိုက် ဒီသစ်ကိုင်း လွှတ်လိုက်၊ ဟိုသစ်ကိုင်း ဆွဲလိုက်, ဟိုသစ်ကိုင်း လွှတ်လိုက်၊ နောက်ထပ်သစ်ကိုင်းတစ်ခု ဆွဲလိုက်နဲ့ ငြိမ်တယ်ကို မရှိဘူး၊ သစ်ကိုင်းတစ်ခုကနေ  သစ်ကိုင်းတစ်ခု ကူးနေတယ်၊ စိတ်ကလည်း အဲဒီအတိုင်းပဲ၊ အမြင်အာရုံကနေ အကြားအာရုံရောက်သွားလိုက်၊ အကြားအာရုံကနေ အနံ့အာရုံ ရောက်သွားလိုက်နဲ့၊ သို့သော် လျင်မြန်စွာ သွားနေသည့်အတွက်ကြောင့် လူတွေကတော့ တစ်ပြိုင်နက် ဖြစ်နေတယ်လို့ ထင်နေကြတာ။
                   တယ်လီဗွီးရှင်းကြည့်ရင်း မျက်စိကလည်းကြည့်တယ်၊ နားကလည်း နားထောင်တယ်၊ ပါးစပ်ကလည်း ပဲလှော်ဝါးနေတယ်၊ ဒီထဲမှာ စကားက ပြောလိုက်သေးတယ်၊ တစ်ပြိုင်နက်လို ဖြစ်နေတာ၊ တစ်ခုမှ မလွတ်အောင် အင်မတန်မှ မြန်တယ်၊ တစ်ခုမှ မလွတ်လိုက်ဘူးလို့ ထင်တယ်၊ ဇာတ်လမ်း လွတ်သွားတယ်လို့ မရှိဘူးလေ၊ မျက်စိကလည်း ကြည့်နေတယ်၊ ပဲလှော်ကလည်း ဝါးရင်း, စကားကလည်း ပြောရင်း, အသံလည်း နားထောင်တယ်၊ သို့သော် လွတ်မသွားဘူး၊ အကုန်သိလိုက်တယ်၊ ဘာဖြစ်လို့လဲဆိုရင် စိတ်ကအလွန်မြန်လို့ အာရုံတွေကိုဖမ်းယူနိုင်တာ၊ ဖမ်းယူတာ အင်မတန်မှ မြန်တယ်၊ သိတဲ့စိတ်က အင်မတန်မှ မြန်လို့ အဲဒီလိုဖြစ်တာ။
                   ဥပမာအားဖြင့် ဘောလုံးကစားတဲ့လူလိုပေါ့၊ လက်ထဲမှာ ဘောလုံးလေး ၁၀-လုံး၊ ဟိုဘက် ၅-လုံး၊ ဒီဘက် ၅-လုံး မြှောက်ပြီးတော့ ဖမ်းတာ၊ ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်က တစ်လုံးမှ အောက်မကျအောင် ဖမ်းနိုင်တယ်၊ မကျွမ်းကျင်တဲ့ပုဂ္ဂိုလ်က ၁-လုံးထဲထောင်မှ ခဏခဏပြုတ်ကျနေမှာပဲ၊ စိတ်ကလည်းပဲ အတူတူပဲ၊ အာရုံတွေကို အကုန်လုံးဖမ်းပြီး တင်ပြိုက်နက်လို ဖြစ်နေတာ၊ သို့သော်တစ်ခုပြီး မှ တစ်ခုဖြစ်တယ်လို့ မှတ်ရမယ်။
                   မြင်နေတဲ့အချိန်မှာ မကြားလိုက်ဘူး၊ ကြားနေတဲ့အချိန်မှာ မမြင်လိုက်ဘူး၊ တစ်ခုစီ။ သို့သော် အဲဒီအပိုင်းအခြားလေးကို မသိလိုက်ဘူး၊ ဘယ်လို မသိလိုက်တာလဲဆိုရင် လူတွေဟာ ကိုယ့်ဟာကိုယ် မသိလိုက်တာတွေ အများကြီးရှိတယ်၊ လူတွေဟာ မျက်တောင်လေးတွေ ခတ်နေကြတယ်၊ မျက်တောင်ခတ်လိုက်တဲ့ အချိန်အတွင်းမှာ မမြင်ရဘူး၊ ဘယ်သူပဲဖြစ်ဖြစ် သေချာစဉ်းစားကြည့်၊ မျက်တောင်ခတ်လိုက်တဲ့အချိန်မှာ မှောင်သွားတာပဲ၊ မျက်တောင်ခတ်လိုက်တာဟာ မျက်စိပိတ်လိုက်တာပဲလေ၊ သို့သော် စိုက်ကြည့်နေရင်းနဲ့ မျက်တောင်ခတ်နေပေမယ့်လို့ မြင်ကွင်းပျောက်သွားတယ်လို့ ရှိမှမရှိဘဲ။  မြင်ကွင်း မှောင်သွားတာကို မသိလိုက်ဘူ၊ ဘာဖြစ်လို့ မသိလဲဆိုရင် မြန်လွန်းအားကြီးလို့ မသိတာ၊ မျက်တောင်ခတ်တဲ့အချိန်မှာ  မျက်စိက ပိတ်သွားပြီ၊ ပိတ်သွားတာနဲ့ မမြင်ရဘူး။ သို့သော် အလွန်တိုတောင်းသည့်အချိန်လေး ဖြစ်သွားသည့်အတွက် မြင်ကွင်းပျောက်တာ မဖြစ်ဘူး၊ နို့မို့ဆိုရင် ကိုယ့်မျက်လုံးဖြဲထားဖို့ပဲရှိတယ်၊ မြင်ကွင်းတွေ လွတ်သွားမှာစိုးလို့။
                   အဲဒီမှာ စက္ခုဒွါရိကစိတ် စက္ခုဒွါရမှာ ဖြစ်တဲ့စိတ် ဆိုတာဟာ မျက်စိတံခါးက ဝင်လာတဲ့ အာရုံတွေကို ဖမ်းယူနိုင်တဲ့စိတ်၊ သိနိုင်တဲ့စိတ်လို့ ဒီလို ဆိုလိုတယ်နော်။ စက္ခုဒွါရ၌ ဖြစ်တယ်ဆိုတာ အဲဒီ စိတ်တွေထဲမှာ လိုက်ကြည့်မယ်ဆိုရင် မျက်စိက မြင်လာတဲ့ အာရုံတစ်ခုတည်းနဲ့ ဆိုင်တဲ့ စိတ်က စက္ခုဝိညာဏ်စိတ် ၁-ခုတည်းပဲ ရှိတယ်၊ ကျန်တဲ့စိတ်တွေက ဒိပြင်မှာလည်း ပါတယ်လို့ ဒီလိုမှတ်ရမယ်၊ စက္ခုဒွါရ တစ်မျိုးတည်းမှာဖြစ်တဲ့ စိတ်ဆိုရင် စက္ခုဝိညာဏ်ဒွေး ဒီနှစ်ခုပဲရှိတယ်၊ ကျန်တောတွေက ဒိပြင်တံခါးက ဝင်လာတဲ့ အာရုံတွေကိုလည်း ဖမ်းယူနိုင်တဲ့စိတ်တွေ ဖြစ်နေတယ်။
                   အဲဒါကိုပဲ သင်္ဂြိုလ်မှာခွဲထားတာ - ဧကဒွါရိကစိတ္တာနိ - တစ်ဒွါရ၌သာ ဖြစ်တဲ့စိတ် ဆိုပြီးတော့၊ စက္ခုဝိညာဏ်ဒွေးက စက္ခုဒွါရ၌သာ ဖြစ်တယ်၊ သောတဝိညာဏ်ဒွေးက သောတဒွါရ၌သာ ဖြစ်တယ်၊ ဃာနဒွါရ၌သာဖြစ်တယ်၊ ဇိဝှါဝိညာဏ်ဒွေးက ဇိဝှါဒွါရ၌သာဖြစ်တယ်၊ ကာယဝိညာဏ်ဒွေးက ကာယဒွါရ၌သာ ဖြစ်တယ်၊ သူ့ဆိုင်ရာ ဒွါရတစ်ခုစီမှာသာ ဖြစ်တယ်၊ ကျန်တဲ့ဒွါရ တွေမှာ မဖြစ်နိုင်ဘူးလို့ဆိုတာ။
                   တချို့ စိတ်တွေက mind door လို့ ခေါ်တဲ့ မနောဒွါရ တစ်မျိုးတည်းမှာ ဖြစ်တဲ့စိတ်တွေရှိတယ်၊ စက္ခုဒွါရမှာ မဖြစ်ဘူး၊ သောတဒွါရမှ မဖြစ်ဘူး၊ ဃာနဒွါရမှာ မဖြစ်ဘူး၊ ဇိဝှါဒွါရမှာ မဖြစ်ဘူး၊ ကာယဒွါရမှာ မဖြစ်ဘူး၊ ဥပမာအားဖြင့် မဂ်စိတ်ဖိုလ်စိတ်တွေတို့ ဈာန်စိတ်တွေတို့ဆို မဖြစ်ဘူး။ စိတ်တံခါး မနောဒွါရ တစ်ခုတတည်းမှာသာ ဖြစ်တယ်၊ နောက် ပဉ္စဒွါရာဝဇ္ဇန်းတို့ သမ္ပဋိစ္ဆိုင်းတို့ကျတော့ စက္ခုဒွါရ သောတဒွါရ ဃနာဒွါရ ကာယဒွါရ ဆိုတဲ့  ၅-မျိုးကနေပြီးတော့ ဆက်သွယ်လာတဲ့ အဲဒီတံခါးဝတွေက ဆက်သွယ်လာတဲ့ အာရုံကို သိနိုင်တယ်လို့ပြောတာနော်၊ ဒီဒွါရမှာ ဖြစ်တယ်ဆိုတာ ဒီဒွါရက ဝင်လာတဲ့ အာရုံကို သိနိုင်စွမ်းရှိတယ်ပေါ့။
                   ဒီတော့ စိတ်တိုင်းစိတ်တိုင်းဟာ ဒွါရတိုင်းမှ ဝင်လာတဲ့ အာရုံကို မသိနိုင်ဘူး၊ ဆိုပါစို့ - ကြားတဲ့အသံကို စက္ခုဝိညာဏ်စိတ်က သိနိုင်စွမ်း မရှိဘူး၊ အဲဒီအချိန်မှာ သူမဖြစ်ဘူး၊ ကိုယ့်သန္တာန်မှာ စိတ်တွေက တစ်ခါတည်း ဖြစ်နေတယ်လို့ ဒီလို မအောက်မေ့နေနဲ့နော်၊ အကြောင်းတိုက်ဆိုင်တဲ့အခါမှာ ဖြစ်လာတယ်လို့ မှတ်ရမယ်။ ဒါက ဒွါရနဲ့ ပတ်သက်ပြီးတော့ မှတ်စရာလေးတွေပေါ့။
                   အဲဒီမှာ ဒွါရဝိမုတ်စိတ် ၆-ဒွါရမှ လွတ်သောစိတ်ဆိုတာ ရှိတယ်၊ ဥပမာ-တစ်ဒွါရ၌သာ ဖြစ်သောစိတ်, နှစ်ဒွါရမှာ ဖြစ်သောစိတ်, ၅- ဒွါရမှာ ဖြစ်သောစိတ်, ၆- ဒွါရမှာ ဖြစ်သောစိတ်၊ သင်္ဂြိုဟ်မှာ အဘိဓမ္မာသင်တဲ့ ပုဂ္ဂိုလ်တွေ အဲဒီလိုခွဲတယ်၊ ရံခါ ၆- ဒွါရမှာ ဖြစ်တယ်၊ ရံခါ  ၆-ဒွါရမှ လွတ်တယ်၊ ဒွါရဝိမုတ်စိတ် အမြဲတမ်း ဒွါရကလွတ်နေတဲ့စိတ်ဆိုပြီးတော့ ဒီလို ခွဲတယ်နော်။ အဲဒါတွေက သရုပ်အနေနဲ့ ထပ်ပြီတော့ခွဲတာ၊ applied method မှာ ဒါတွေကို နားလည်သင့်တယ်။ အဲဒီမှာ နားလည်ရမှာက ဒွါရဝိမုတ်စိတ်၊ ဘာဖြစ်လို့ ဒွါရကလွတ်သလဲဆိုရင် ဒီတံခါးတွေကနေ ဆက်သွယ်လာတဲ့ အာရုံနဲ့ အလုပ်မလုပ်လို့ပြောတာ၊ ဒါကို ဒွါရဝိမုတ်စိတ်လို့ ပြောတာနော်။
                   အဲဒါ ဘာစိတ်တွေလဲဆိုရင် အမြဲတမ်း ဒွါရကနေ လွတ်နေတဲ့ စိတ်က မဟဂ္ဂုတ်ဝိပါတ်စိတ် ၉-ခုကို ပြောတာ၊ ရူပါဝစရဝိပါက် စိတ် ၅-ခု, အရူပါဝစရဝိပါက်စိတ် ၄-ခု အားလုံးပေါင်းလိုက်ရင် ၉-ခု၊ အဲဒီ ၉-ခုကလူတွေနဲ့ မဆိုင်ဘူးနော်၊ စာအနေနဲ့သာ သင်တာ၊ လူ့ဘဝနဲ့ ဘာမှမဆိုင်ဘူး၊ အဲဒါဗြဟ္မာတွေရဲ့ သန္တာန်မှာ ဖြစ်တဲ့စိတ်၊ အဲဒီ ဝိပါက်စိတ်တွေဆိုတာ သူတို့က ပဋိသန္ဓေကိစ္စ, ဘဝင်ကိစ္စ, စုတိကိစ္စဆိုတဲ့ လုပ်ငန်းကိုသာ လုပ်သည်အတွက်ကြောင့် ပြင်ပက ဝင်လာတဲ့ အာရုံနဲ့ ဆက်သွယ်မှု ဘယ်တော့မှ မလုပ်ဘူး၊ မလုပ်သည့်အတွက်ကြောင့် သူတို့က တံခါးက ဝင်လာတဲ့ အာရုံနဲ့ ဆက်သွယ်မှု မရှိလို့ door free လို့ခေါ်တယ်၊ တံခါးက လွတ်နေတယ် ဆိုတဲ့စိတ်တွေ၊ အမှန်ကတော့ သူတို့ကိုယ်တိုင် ကိုက တံခါးပဲလေ။
                   နောက် မဟာဝိပါက်စိတ် ၈-ခုကတော့ ရံခါ ၆-ဒွါရမှာဖြစ်ပြီး ရံခါ ၆-ဒွါရက လွတ်တယ်။ ဆောင်ရွက်တဲ့ကိစ္စတွေမှာ သူ ပဋိသန္ဓေကိစ္စ, ဘဝင်ကိစ္စ, စုတိကိစ္စ တောင်ရွက်တဲ့အချိန်မှာဆိုရင် တံခါးကနေ ဆက်သွယ်လာတဲ့ အာရုံနဲ့ ဆက်သွယ်ပြီး အလုပ်မလုပ်ဘူး၊ ဆိုလိုတာက ပဋိသန္ဓေစိတ်တို့, ဘဝင်စိတ်တို့, စုတိစိတ်တို့ဆိုသည်မှာ ဒီတံခါးက ဆက်သွယ်လာတဲ့ အာရုံတွေနဲ့ အလုပ်မလုပ် စိတ်တွေလို့ ပြောရမယ်။ ဒါကြောင့်မို့ သူတို့ကို ဒွါရဝိမုတ်စိတ်လို့ ခေါ်တာနော်။
                   ဒွါရဝိမုတ်တိဆိုတာ ဒွါရက လွတ်တယ်လို့ သာမန်အဓိပ္ပါယ် ပြောရပေမယ့်လို့ ဘယ်လို ဆိုလိုတာတုန်းဆိုရင် ဒီတံခါးကနေ ဝင်လာတဲ့ အာရုံတွေနဲ့ အလုပ်မလုပ်ဘူးလို့ ဒီလို ဆိုလိုတယ်။ ဆက်သွယ်မှု မလုပ်ဘူးလို့ပြောတာ။ ဒါကြောင့်မို့လို့ အိပ်နေတဲ့ အချန်မှာ ဘဝင်စိတ် ဖြစ်နေလို့ရှိရင် ဟောဒီ တံခါးကနေ ဆက်သွယ်လာတဲ့အာရုံနဲ့ အလုပ်မလုပ်ဘူး၊ ဘဝင်စိတ်တွေဟာ အာရုံအသစ်နဲ့ အလုပ်မလုပ်ဘူး၊ သူက ဒါဖြင့် ဘယ်သူနဲ့အလုပ်လုပ်တာတုန်းဆိုရင် ကံရဲ့ အရှိန်နဲ့၊ ကံက ပေးထားတဲ့၊ ကံကြောင့်ထင်လာတဲ့ ကံ ကမ္မနိမိတ် ဂတိနိမိတ်ဆိုတဲ့ အတိတ်ဘဝက ရယူထားတဲ့ အာရုံနဲ့ပဲ အလုပ်လုပ်တယ်။ အဲဒါနဲ့ပဲ သူက သွားနေတယ်၊ ခုပစ္စပ္ပုန်မျက်စိကမြင်တဲ့ အဆင်းအာရုံ၊ နားကကြားတဲ့ အသံအာရုံ၊ နှာခေါင်းကနံတဲ့ အနံ့အာရုံ၊ လျှာကရတဲ့ အရသာအာရုံ၊ ခန္ဓာကိုယ်က ထိတေ့ရတဲ့ အထိအတွေ့အာရုံတွေနဲ့ သူက လုံးဝအဆက်အသွယ်မရှိဘူး၊ အဲဒါတွေနဲ့ ဆက်သွယ်လိုက်ရင်လည်း သူပြတ်သွားတယ်၊ ဒါကြောင့် သူတို့ကို ဒွါရဝိမုတ်စိတ်လို့ ပြောတာ၊ တော်ကြာ ဒွါရထဲ မပါလို့ ဒွါရဝိမုတ်စိတ်လို့ ထင်နေမယ်။ အဲဒီ အဓိပ္ပါယ်မျိုးပြောတာ မဟုတ်ဘူး၊ တံခါးကနေ ဆက်သွယ်လာတဲ့အာရုံနဲ့  အလုပ်မလုပ်တဲ့ စိတ်တွေကို ဒွါရဝိမုတ်စိတ်လို့ ခေါ်တယ်။ တံခါးကနေ ဝင်လာတဲ့ အာရုံနဲ့ ဆက်သွယ်ပြီး ဖြစ်တဲ့စိတ်မှ ဒွါရ ၆-ပါးမှာ ဖြစ်တယ်, ဒွါရ ၅-ပါးမှာ ဖြစ်တယ်, ဒွါရ ၁-ပါးမှာ ဖြစ်တယ်လို့ ဒီလိုပြောတာ၊ ဒါက ဒွါရနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ။
                   နောက်တစ်ခါ ဝတ္ထုရုပ်၊ ဝတ္ထုရုပ်ဆိုတာက စိတ်ရဲ့မှီရာ စိတ်ရဲ့ဖြစ်ရာ ဌာနတွေ၊ မနေ့က ပြောသလို စည်သံကသည် စည်က ဖြစ်တာ, စည်တီးတဲ့တုတ်က ဖြစ်တာမဟုတ်ဘူး၊ စောင်းသံသည် စောင်းကြိုးနဲ့ စောင်းအိုးကနေ ဖြစ်တာ, စောင်းတီးတဲ့ လက်က ဖြစ်တာ မဟုတ်ဘူး၊ အဲဒီလိုပဲ ဝတ္ထုရုပ်ကို မှီပြီးတော့ဖြစ်တဲ့ စိတ်လေးတွေ။
                   စိတ်အစဉ်နဲ့ ပြောမယ်ဆိုရင် အာရုံတစ်ခု ဆက်သွယ်လာတဲ့ အခါမှာ မထမဆုံးပေါ်လာတာ ပဉ္စဒွါရာဝဇ္ဇန်းစိတ်ပဲ၊ တံခါးဖွင်ပေ့းတဲ့စိတ်၊ အဲဒီ ပဉ္စဒွါရာဝဇ္ဇန်းစိတ်က ဘယ်သူ့ကို မှီသလဲ ဆိုောတ့ ဟဒယဝတ္ထုရုပ်ကို မှီတယ်၊ အဲဒီ ပဉ္စဒွါရာဝဇ္ဇန်းစိတ် ချုပ်သွားတဲ့အခါ သူ့နောက်မှာ ဆက်ပေါ်လာတဲ့စိတ်က စက္ခုဝိညာဏ်စိတ်၊ အဲဒီ စက္ခုဝိညာဏ်စိတ်က ဘယ်သူ့ကို မှီဖြစ်သလဲဆိုတော့ စက္ခုဝတ္ထုကို မှီဖြစ်တယ်။
***ဒေါက်တာနန္ဒမာလာဘိဝံသ၏ အဘိဓမ္မာမြတ်ဒေသနာ(ဒုတိယတွဲ) ၆၄-၇၁ မှ ပူဇော်ပါသည်။
*** ဆက်ရန်***  မနောဒွါရ အရ(ဂ) ကို ဆက်လက်ပူဇော်ပါမည်။

No comments:

Post a Comment

Gold price estimated