အခန်း (၇)
စိတ်ဖြူစင်မှု အင်အားစုများ
အပိုင်း(၁)
စိတ်မှာ အညစ်အကြေးတွေ ရောက်နေ့လို့ရှိရင် ဟောဒီ အင်အားစုတွေက စိတ်ကို ဖြူစင်စေနိုင်တယ်၊ စိတ်ဖြူစင်စေတဲ့ အကြောင်းတရားများကို မိမိသန္တာန်မှာ ထူထောင်ပေးခြင်းဖြင့် စိတ်ရဲ့ အညစ်အကြေးတွေ ကင်းစင်သွားနိုင်ပါတယ်၊ ဒီ အင်အားစုတွေဟာလည်း ယှဉ်ဘက်စိတ်တွေရဲ့ အခြေအနေအလိုက် စွမ်းရည်သတ္တိဟာ အဆင့်ဆင့်ရှိတယ်လို့ သဘောပေါက်ထားရမယ်။
ဆိုပါစို့၊ ဖြူစင်စေတဲ့ အင်အားစုတွေထဲမှာ အလောဘဆိုတဲ့ သဘာဝတရားက လောဘကို ပယ်ဖျောက်နိုင်တယ်ဆိုတဲ့ နေရာမှာ အဘိဓမ္မာသင်တဲ့ ပုဂ္ဂိုလ်တွေ သဘောပေါက်ဖို့ရာက ထိုအလောဘသည် ဘယ်စိတ်မှာ ယှဉ်တဲ့ အလောဘလည်း ဆိုတာ ကို ကြည့်ရမယ်။
(၁) မဟာကုသိုလ်စိတ်နှင့် ယှဉ်ပြီး ဒါနကောင်းမှု၊ သီလကောင်းမှု၊ ဘဝနာကောင်းမှုလုပ်တဲ့ အလောဘက လောဘကို ပယ်နိုင်တာ တဒင်္ဂပဲ ပယ်နိုင်တယ်၊ စွမ်းရည်သတ္တိ ဒီလောက် မပြည့်စုံဘူး။
(၂) ဈာန်တရားတွေနဲ့ ယှဉ်တွဲလာပြီး ဆိုလို့ရှိရင် အဲဒီ အလောဘက လောဘကို တော်တော်ဝေးဝေး ဖယ်ရှား ထားနိုင်တယ်၊ လုံးဝနီးနီးလောက် ဖျောက်ထားနိုင်တယ်၊ သူက စွမ်းရည်သတ္တိပိုထက်လာတယ်။
(၃) မဂ်ဆိုတဲ့ လောကုတ္တရာစိတ်နဲ့ယှဉ်တဲ့ အလောဘကျတော့ လောဘကို အကြွင်းအကျန်မရှိအောင် ဖယ်ရှားပစ်နိုင်တယ်လို့ ဒီလို မှတ်ရမယ်၊ မဂ်စိတ်နှင့် ယှဉ်တဲ့ နေရာမှာ လည်းပဲ လောဘရဲ့ သဘောကို အဆင့်ဆင့် ပယ်သွားနိုင်တယ်။
သောတာပတ္တိမဂ်နဲ့ ယှဉ်တဲ့အလောဘက အပါယ်ဘုံကို ကျစေနိုင်တဲ့ လောဘမျိုးကို ဖယ်ရှားနိုင်တယ်၊ သို့သော် အပါယ်ဘုံ မကျေရောက်နိုင်တဲ့ လေဘာမျိုးကိုတော့ မဖယ်ရှားနိုင်သေဘူး၊ ဒါကြောင့်မို့ သောတာပန်ဖြစ်တဲ့ ဝိသာခါတို့ ၇-နှစ်သမီးက သောတပန် ဖြစ်လာပေမယ့် ၁၆-နှစ်သမီးကျတော့ အိမ်ထေင်ပြုသေးတာပဲနော်၊ အဲဒီလောဘမျိုးကို မပယ်နိုင်သေးဘူးလို့ မှန်ရတယ်၊ အပါယ်ကျစေနိုင်တဲ့ လောဘကိုတော့ သူ ဖယ်ရှားပစ်နိုင်တယ်။
သကဒါဂါမိမဂ်နဲ့ ယှဉ်တဲ့ အလောဘကျတော့ ကာမအာရုံတွေကို နှစ်သက်တဲ့ အကြေမ်းစားလောဘကို အားနည်းသွားအောင် ဖယ်ရှားပစ်တယ်၊ အနာဂါမိမဂ်နဲ့ ယှဉ်တဲ့ အလောဘကတော့ ကာမအာရုံလို့ဆိုတဲ့ မျက်စိ၊ နား၊ နှာ၊ ကိုယ်မှာထင်လာတဲ့ အာရုံတွေကို တွယ်တာနေတဲ့ လောဘမျိုး ကို အကြွင်းမဲ့ ဖယ်ရှားပစ်လိုက်တယ်၊ သို့သော် ဈာန်နဲ့ ပတ်သက်ပြီးတွယ်တာတဲ့ လောဘ၊ ဗြဟ္မာဘုံပေါ်မှာ တွယ်တာတဲ့ လောဘမျိုးကိုတော့ မဖယ်ရှားနိုင်သေးဘူး။
အရဟတ္တမဂ် နဲ့ ယှဉ်တဲ့ အလောဘမျိုးကျတော့ လောဘမှန်သမျှကို အကြွင်းအကျန်မရှိ လုံးဝ ပြောင်စင်အောင် ဖယ်ရှားပစ်နိုင်တယ်၊ ဒီလို သဘောပေါက်ထားရမယ်။
သောဘဏစေတသိက်
ဒီကနေ့ “စိတ်ဖြူစင်မှု အင်အားစုများ” လို့ ဆိုတဲ့ သောဘဏစေတသိက်
တွေအကြောင်းကို ဟောမယ်၊ သောဘဏ ဆိုတာ တင့်တယ်တယ်၊ အင်္ဂလိပ်လို Beautiful mental state လို့ ဘာသာပြန်တယ်၊ တင့်တယ်တယ်၊ ကောင်းမြတ်တယ် ဆိုတာက ကောင်းတဲ့ အရည်အသွေးတွေ ရှိလို့ကောင်းတာ၊ ကိုယ်ကြိုက်လို့ ကောင်းတာလို့ ပြောတာ မဟုတ်ဘူး၊ တင့်တယ်ကောင်းမြတ်တဲ့ အရည်အသွေးတွေဟာ ကောင်းကျိုး ချမ်းသာတွေကို ဖြစ်ပေါ်စေတက်လို့ ကောင်းတယ်လို့ ကောင်းကျိုးချမ်းသာတွေကို ဖြစ်ပေါ်စေတက်လို့ ကောင်းတယ်လို့ ပြေတာနော်။ အကျိုးပေးတဲ့အခါ လှလှပပ အကျိုးပေးတက်သောကြောင့် ကောင်းတယ်၊ တင့်တယ်တယ်လို့ ပြောတာ၊ စိတ်ကို သူတို့က ဖြူစင်စေတက်လို့ စိတ်ဖြူစင်မှု အင်အားစုများ ဖြစ်တယ်၊ အကုသိုလ် တရားတွေကို ဖယ်ရှားဖို့ရာရှေ့တန်းကနေ တိုက်ပွဲဝင်နေတဲ့ သဘာဝတရားတွေလို့ မှတ်ရမယ်၊ သဘာဝတရားဟာ သဘာဝချင်းပဲ တိုက်ဖျက်တယ်၊ ဟုတ်ရဲ့လား၊ မီးနဲ့ရေ ဆိုပါတော့ မီးငြိမ်းချင်ရင် ရေကို အသုံးပြုရတယ်ပေါ့၊ ခုခေတ်တော့ အခြားနည်းတွေလည်း ရှိတာပေါ့နော်၊ အဓိက ကတော့ မီးငြိမ်းချင်ရင် ရေနဲ့ပဲ မဟုတ်လား၊ ရေနဲ့မီး ဆိုတာက ဆန့်ကျင်ဘက်ဖြစ်တယ်၊ အဲဒီတော့ သူ့ဟာနဲ့သူ ဖယ်ရှားပစ်ဖို့ရာ အကြောင်းတရားတွေ အကုန်လုံးရှိတယ်။
စိတ်ထဲမှာလည်း သဘာဝသည် အခြားသဘာဝကို တွန်းလှန်တာပဲ၊ ကိုယ်က တွန်းလှန်တက်တဲ့သဘာဝကို ထူထောင်ဖို့လို့တယ်၊ သူ့ဟာသူ အချင်းချင်း တွန်းလှန်သွားတာနော်။
သဒ္ဓါ
ကောင်းပြီ၊ အဲဒီစိတ်ကို ဖြူစင်စေတက်တဲ့ အင်အားစုတွေကို ကျမ်းစာမှာလာတဲ့ အစီအစဉ်အတိုင်း ပြောရရင် နံပါတ်တစ်က “သဒ္ဓါ” တဲ့၊ သဒ္ဓါဆိုတာက ယုံကြည်တာ၊ ယုံတယ်၊ စိတ်ကြည်တယ်၊ ရဲရင့်တယ်၊ ဆုံးဖြတ်နိုင်တယ်၊ ကုသိုလ်ကောင်းမှုဘက်မှာ စိတ်ဝင်စားတယ်ဆိုတဲ့ သဘောတွေ အားလုံးကို သဒ္ဓါလို့ခေါ်တယ်၊ ယုံတာ တစ်ခုတည်းသာ သဒ္ဓါမဟုတ်ဘူး။
ဒါကြောင့်မို့ ဗမာစကားမှာ ‘ယုံ-ကြည်’ လို့ တွဲထားတာ၊ သဒ္ဓါ ဖြစ်လို့ရှိရင် ‘ယုံ’ တယ်၊ စိတ်’ကြည်’တယ်၊ စိတ်သန့်ရှင်းတယ်၊ ကြည်လင်တယ်၊ အေးမြတယ်၊ ကုသိုလ်ကောင်းမှု လုပ်ဖို့ရဲရင့်တယ်၊ ဖျက်လတ်တယ်၊ စိတ်ဝင်စားတယ်၊ ဒါတွေအားလုံးဟာ သဒ္ဓါရဲ့ သွင်ပြင်လက္ခဏာတွေလို့ ပြောတာနော်။
ယုံကြည်ဆိုတော့ ယုံကြည်မှုနဲ့ ပတ်သက်လာလို့ရှိရင် အကန့်အသတ် တစ်ခုတော့ ထားရတယ်၊ ဘယ်ကို ယုံတာလဲ၊ ဟိုလူပြော ဒီလူပြော ယုံသမျှတွေကို သဒ္ဓါလို့ ခေါ်တာလား၊ မဟုတ်ဘူး၊ ယုံတယ်ဆိုတာနဲ့ ပတ်သက်လာလို့ရှိရင် ဟိုဟာယုံ ဒီဟာယုံ၊ လာလိမ်သွားရင်လည်း ယုံသွားတယ် မဟုတ်လား၊ အဲဒါမျိုးက ပညာမဲ့တဲ့သဘောတွေပဲ ဖြစ်တယ်။
ယုံတယ်ဆိုတာ ဘာကိုယုံတာလဲ ဆိုလို့ရှိရင် ကံ,ကံ၏ အကျိုးကို ယုံတယ်၊ ကံ,ကံ၏အကျိုးကို ယုံတယ်ဆိုရာမှာ ဘာလုပ်လုပ် ကိုယ်ပဲ တာဝန်ယူတာ၊ ကိုယ်လုပ်တာ ကိုယ်ရတယ်လို့ လက်ခံတာနော်၊ အင်္ဂလိပ်လိုပြောရင် responsible ပေါ့၊ ကိုယ့်တာဝန် ကိုယ်ယူရတယ်၊ ကိုယ်လုပ်ရင် ကိုယ်နဲ့ပဲ ဆိုင်တယ်လို့ လက်ခံတာ၊ တချို့က အဲဒီလို လက်မခံဘူးလေ။
အဲဒီတော့ ကိုယ်လုပ်ရင် ကိုယ်နဲ့ဆိုင်ရမှာပေါ့၊ သူများအပေါ် သွားမပြောနဲ့နော်၊ ကိုယ်လုပ်တာ ကိုယ်ပဲ၊ အဲဒီလို ကိုယ်လုပ်တာ ကိုယ်နဲ့ဆိုင်တယ်လို့ လက်ခံတာ၊ ဒါ ကံ,ကံ၏အကျိုးကို လက်ခံတာပဲ၊ ကမ္မဿကတာ သမ္မာဒိဋ္ဌိ၊ ကံ,ကံ၏အကျိုးကို ယုံကြည်တဲ့ သဒ္ဓါတရားအပေါ် အခြေခံပြီးဖြစ်တဲ့ သမ္မာဒိဋ္ဌိဉာဏ်လို့ ဆိုရတယ်၊ အဲဒီတော့ ကံ,ကံ၏အကျိုးကို ယုံကြည်မှု လက်ခံမှုသည် အခြေခံ သဒ္ဓါတရားလို့ ဒီလိုပြောရမယ်။
လက်ခံနေရုံလေးနဲ့တော့ အလုပ်မဖြစ်သေးဘူေးနာ်၊ လက်ခံပြီးတဲ့အခါ ရှေ့ဆက်လုပ်ဖို့ လိုတယ်၊ ဒါကြောင့်မို့ သဒ္ဓါဆိုတာ ဗုဒ္ဓဘာသာမှာ အစကလေးပဲ၊ တခြားဘာသာတွေမှာတော့ သိပ်အရေးပါတယ်၊ ဗုဒ္ဓဘာသာမှာ ယုံကြည်မှုသည် တကယ့်ကို အစလေးပဲ ရှိသေးတယ်၊ ယုံကြည်မှုနောက်မှာ ပညာ မလိုက်နိုင်သေးဘူးဆိုရင် ယုံကြည်မှုသည် blind faith လို့ခေါ်တဲ့ မျက်ကန်းယုံကြည်မှုမျိုး ဖြစ်သွားနိုင်တယ်။
အင်္ဂလိပ်လို ပြန်ရင် သဒ္ဓါကို confidence လို့ ပြန်တယ်၊ confidence ဟာ ကိုယ့်ကိုကိုယ် ယုံကြည်တာမျိုး၊ ကိုယ့်အားကိုယ်ကိုးတာမျိုး၊ အဲဒါတင် မကဘူး၊ ကတယ်ကတော့ faith ယုံကြည်တာမျိုး အားလုံးကို သဒ္ဓါခေါ်နိုင်တယ်၊ ကောင်းပြီ၊ ယုံတယ်ဆိုတာ နံပါတ် (၁) ကံ,ကံ၏အကျိုးကို ‘အခြေခံ အားဖြင့်လက်ခံမှု’။
နံပတ် (၂) ကျတော့ အဲဒီထက် အဆင့်မြင့်သွားတယ်၊ ဘာကို လက်ခံတာတုန်းဆိုတော့ မြတ်စွာဘုရားရဲ့ သဗ္ဗညုတဉာဏ်တော်ကြီးကို ယုံတယ်၊ ဒါ ဗုဒ္ဓရဲ့ အရည်အချင်းကို ယုံကြည်တာ၊ ဗုဒ္ဓရဲ့ အရည်အချင်းတွေထဲမှာ ဉာဏ်ဟာ အဓိက မကျဘူးလား၊
အေး ဉာဏ်မရှိလို့ရှိရင် မှားမှားယွင်းယွင်းတွေ ဟောမှာပေါ့၊ အသိပညာ မလုံလောက်တဲ့ ပုဂ္ဂိုလ်က ဟောမယ်ဆိုရင် မှားမှားယွင်းယွင်းတွေ ဖြစ်ကုန်မှာပေါ့နော်၊ မ မှားမှားယွင်းယွင်းတွေ လိုက်နာမိမယ်ဆိုရင် ထင်တဲ့အတိုင်း ဖြစ်မလား၊ လမ်းစဉ်တစ်ခုက မှားနေပြီဆိုရင် ဘယ်လိုမှ အကောင်အထည်ဖော်လို့ ရမှာ မဟုတ်ဘူး၊
အကောင်အထည်ဖော်ရင် ကိုယ်ထင်တဲ့အတိုင်း တစ်ခုမှ ဖြစ်လာမှာ မဟုတ်တော့ဘူးနော်၊ ဒါကြောင့်မို့ မှန်ကန်မှုဆိုတာ အသိဉာဏ် ပြည့်ပြည့်စုံစုံရှိမှ ဖြစ်တာ၊ ဒါလုပ်ရင် ဒါဖြစ်မယ်ဆိုတာ သေသေချာချာ သိတဲ့အသိဉာဏ်မျိုးနဲ့ ဟောမှမှန်တာ။
ဒါကြောင့်မို့ မြတ်စွာဘုရားက အာမခံတယ်၊ “သယံအဘိညာ သစ္ဆိကတွာ ပဝေဒေမိ” သူဟောတဲ့ တရားတွေက ကိုယ်တိုင်သိပြီးမှ ဟောတာတဲ့၊ tradition အနေနဲ့ စာထဲမှာ ပါလို့ ပြောတာမျိုး မဟုတ်ဘူး၊ ဆရာ့ဆရာကြီးတွေ ပြောခဲ့တဲ့ စကားကို မှတ်ထားပြီး ပြောတာမျိုး မဟုတ်ဘူးတဲ့၊
သမိုင်းထဲမှာပါလို့ ပြောတာမျိုး မဟုတ်ဘူး၊ ဘယ် ဖီလိုဆော်ဖာ ဆရာကြီးက ဘယ်လို ပြောတယ်ဆိုတာမျိုးကို ထပ်ဆင့် တင်ပြတာမျိုး မဟုတ်ဘူးတဲ့။ သယံ အဘိညာ - ကံ,ကံ၏ အကျိုးရှိတယ်ဆိုတာ ကိုယ်တိုင်သိတာ၊ ကိုယ်တိုင် သိရုံတင်မကဘူး၊ သစ္ဆိကတွာ- တကယ့်ကို မျက်မှောက်ပြုပြီး ဖြစ်တယ်၊ သိတာလည်း ကိုယ်ကိုယ်တိုင် သိတယ်၊ ကိုယ်တွေ့လည်း ကြုံတယ်။
အဲဒီလို အဆင့်မြင့် သဒ္ဓါကျတော့ မြတ်စွာဘုရားရဲ့ သဗ္ဗညုတဉာဏ်တော်ကြီးကို ယုံကြည်တာ၊ ဒါကြောင့်မို့ စာပေကျမ်းဂန်တွေမှာ မြတ်စွာဘုရားက “သဒ္ဒဟတိ တထာဂတာဿ ဗောဓိံ” တထာတဿ - မြတ်စွာဘုရားရဲ့၊ ဗောဓိံ - အသိဉာဏ်ကို၊ သဒ္ဒဟတိ - ယုံကြည်တယ်၊ လက်ခံတယ်၊ အဲဒါသဒ္ဓါအစစ်နော်၊ ဆင့်မြင်သွားပြီ၊
ဘုရားရဲ့ အသိဉာဏ်ကို လက်ခံတယ်လို့ ဆိုလိုက်တာနဲ့ပဲ ဘုရားဟောတဲ့ တရားကိုလည်း လက်ခံတယ်၊ ဘုရားဟောတဲ့ တရားအတိုင်း လိုက်နာကျင့်ကြံလို့ အောင်မြင်ပေါက်ရောက်နေတဲ့ အရိယာ သံဃာတွေကိုလည်း လက်ခံတယ်ဆိုတဲ့ အဓိပ္ပါယ် မပြီးပေဘူးလား၊ အဲဒါကို “အဆင့်မြင့်သဒ္ဓါ” လို့ ခေါ်တယ်နော်။
အာကာရဝတီ သဒ္ဓါ
အဲဒီ အဆင့်မြင့်သဒ္ဓါဟာ မဂ်နဲ့ ယှဉ်တွဲပြီးလာတဲ့ အခါကျတော့ လုံးဝ ခိုင်မြဲတယ်၊ ဒါကြောင့်မို့ အဲဒီ သဒ္ဓါမျိုးကို အာကာရဝတီ သဒ္ဓါ၊ အာကာရဝတီ သဒ္ဓါဆိုတာက ကျိုးကြောင်းဆီလျော်တဲ့ အကြောင်း လုံလုံလောက်လောက်ရှိတဲ့ သဒ္ဓါလို့ပြောတာ၊ အရင်းမဲ့ ယုံတဲ့ သဒ္ဓါ မဟုတ်ဘူးတဲ့။
** ဆက်ရန် ** {ဒဿနမူလိကာ သဒ္ဓါ၊ ပညာမဲ့ သဒ္ဓါ၊ စိတ်ကြည်မှု၊ ခိုင်မာတဲ့ သဒ္ဓါ၊ သဒ္ဓါရှိသူရဲ့ စိတ်ထား }
*ကောက်နှုတ်ချက်* အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ (Ph.D)
အဘိဓမ္မာ မြတ်ဒေသနာ (ပထမတွဲ) (စာ၂၉၁-၂၉၄) မှ ကောက်နှုတ်ရေးသား ပူဇော်ပါသည်။
No comments:
Post a Comment