Video

Wednesday 11 March 2015

အဘိဓမ္မာမြတ်ဒေသနာ ဒုတိယတွဲ အပိုင်း(၁၄) {သတိထားရမယ့် အချက်တစ်ခု၊ အပိုင်း(ဂ)}



သတိထားရမည့်အချက်တစ်ခု အပိုင်း(ဂ)
ကောင်းပြီ၊ စိတ်ဟာ အာရုံတွေနဲ့ ဖြစ်ပေမယ့် စိတ်တိုင်း စိတ်တိုင်းဟာ အာရုံအားလုံးကို ရယူနိုင်စွမ်းမရှိပါဘူး၊ သူလက်လှမ်းမှီသလောက်ပဲ သူ ယူလို့ရတယ်၊ လူတွေရဲ့ ပကတိ မျက်စိလိုပဲ၊ မျက်စိရှိပေမယ်လို့ မျက်စိရှိတိုင်း အကုန်လုံး မြင်နိုင်စွမ်းရှိတာ မဟုတ်ဘူး၊ တစ်ဦးနဲ့တစ်ဦးလည်း မြင်နိုင်စွမ်းချင်း မတူဘူးပေါ့၊ သူ့အတိုင်းအတာ နယ်ပင်အတွင်းမှာသာ မျက်စိက အမြင်အာရုံတစ်ခုကို ယူနိုင်တယ်၊ နားကလည်း သူ့အတိုင်းအတာ နယ်ပယ်တစ်ခု အတွင်းမှာသာ ဖမ်းယူနိုင်စွမ်းရှိတယ်၊ နှာခေါင်းကလည်း အတိုင်းအတာ အတွင်းမှာရှိတဲ့ အနံ့ကိုသာ ဖမ်းယူနိုင်စွမ်းရှိတယ်၊ အဲဒီတော့ လူတွေ လက်လှမ်းမှီတဲ့ အာရုံတွေ ဆိုတာလည်း ရှိတယ်၊ စိတ်တွေမှာလည်း လက်လှမ်းမမှီတဲ့ အာရုံမပြုနိုင်တဲ့ အာရုံတွေ ရှိနေတယ်။

                   အဲဒါ ဘာနဲ့ နားလည်ရမလဲဆိုလို့ရှိရင် မျက်စိနဲ့မြင်တဲ့ အမြင်အာရုံတစ်ခုဟာ စက္ခုဒွါရဆိုတဲ့ မျက်စိတံခါးက ဝင်လာပြီးတော ဝတ္ထုရုပ်ကို ထိခိုက်လာတယ်၊ ဆက်သွယ်လာတယ်ပေါ့၊ မျက်စိနဲ့မြင်လို့ရတဲ့ အမြင်အာရုံတစ်ခုသည် မျက်စိတံခါးက ဝင်လာပြီး မှီရာဝတ္ထုရုပ်ဖြစ်တဲ့ စက္ခုပသာဒရုပ်မှာ ထင်ဟပ်လာတယ်။ အဲဒီလို ထင်ဟပ်လာတဲ့အခါကျတော့ စက္ခုဝိညဏ်စိတ် ဖြစ်တယ်ပေါ့လေ၊ ဒါ အဓိက စိတ်တစ်ခုထဲကို ပြောတာ အဲဒီ မျက်စိတံခါးကနေပြီးတော့ ဝင်လာတဲ့ မြင်စရာ အာရုံဟာ စက္ခုပသာဒလို့ ဆိုတဲ့ မျက်လုံးပေါ်မှာ ထင်ရှားပေါ်လာတဲ့ အခါမှာ ဖြစ်တဲ့ စိတ်အစဉ်လေးကို အကြမ်းဖျဉ်း ပြောပြထားတယ်။
                   အာရုံအသစ်ကလေးဟာ မိမိရဲ့ မျက်လုံးမှာ ထင်ဟက်လာတာနဲ့ တစ်ပြိုက်နက် အဲဒီ အာရုံအသစ်ကို ဖွင့်ပေးတဲ့ စိတ်ကလေးက ဘယ်သူလဲ၊ တံခါးဖွင့်ပေးလိုက်တဲ့ စိတ်က ပဉ္စဒွါရာဝဇ္ဇန်းစိတ်လို့ ခေါ်တယ်။
                   အဲဒီစိတ်ကလေးက တံခါးဖွင့်ပေးလိုက်တဲ့အခါကျတော့မှ စက္ခုဝိညာဏ်စိတ် က အဲဒီအဆင်းအာရုံလေးကို မြင်တယ်ဆိုတာ ဖြစ်လာတယ်၊ မြင်တယ်ဆိုတဲ့ အဆင်းအာရုံမှာ သမ္ပဋိစ္ဆိုင်း ဆိုတဲ့ စိတ်က လက်ခံလိုက်တယ်၊ သန္တီရဏစိတ်က စူးစမ်းလိုက်တယ်၊ ဝုဋ္ဌောဆိုတဲ့စိတ်က ခွဲခြား သတ်မှတ်လိုကတယ်၊ ပြီးတဲ့အခါကျတော့ ဇောဆိုတဲ့ စိတ်ကျတော့ ထိုအာရုံရဲ့ အရသာတွေကို အရှိန်အဟုတ်ကောင်းကောင်းနဲ့ ခံစားတယ်၊ တဒါရုံဆိုတာ အဲဒီ အာရုံကို ဆက်ပြီးတော့ စမြုံ့ပြန်တယ်။
                   စက္ခုဒွါရမှာ ဖြစ်နိုင်တဲ့ စက္ခုဒွါရိကစိတ်ပေါင်း ၄၆-ခု, ဒီမျက်လုံးတံခါးက ဝင်လာတဲ့ အဆင်းရူပါရုံနဲ့ ဆက်သွယ်ပြီးတော့ အလုပ်လုပ်တဲ့စိတ်တွေဟာ သရုပ်အားဖြင့် ရေတါက်ကြည့်မယ်ဆိုရင် ၄၆-ခု ရှိတယ်၊ အဲဒီ ၄၆-ခုသော စိတ်တို့ဟာ ပစ္စုပ္ပန်ရူပါရုံလို့ ဆိုတဲ့ ဟောဒီရူပါရုံကို မြင်နိုင်စွမ်းရှိကြတယ်၊ သိကြတယ်။ ပစ္စုပ္ပန်ရူပါရုံနဲ့ ဆက်စပ်ပြီးတော့ သိတယ် မြင်တယ်လို့  ဒီလို ပြောရမယ်၊ စာပေအရ ပြောမယ်ဆိုရင် ရူပါရုံကို အာရုံပြုတယ်လို့ ပြောမယ်၊ အာရုံပြုတယ်ဆိုတာ ဒီအာရုံကြောင့် ဖြစ်ကြတယ်လို့ ဆိုလိုတယ်၊ ဒီအာရုံနဲ့ ဆက်သွယ်ပြီးတော့ အလုပ်လုပ်ကြတယ်လို့ ဒီလိုဆိုလိုတယ်။
                   ကောင်းပြီ၊ ဒီနေရာမှာ တစ်ဆက်တည်း နားလည်ဖို့က စိတ်တွေမှာ ဆောင်ရွက်တဲ့ကိစ္စ ၁၄-မျိုးရှိတယ်။ စိတ်ဟာ တစ်ခုနဲ့ တစ်ခု ဆောင်ရွက်မှုချင်း မတူကြဘူး၊ မတူကြသည့်အတွက်ကြောင့် သူ့ဆိုင်ရာ ဆိုင်ရာကိစ္စတွေကို ဆောင်ရွက်ကြတယ်၊ အဲဒီ ၁၄-မျိုးထဲက အခုပြောခဲ့တဲ့ ပဉ္စဒွါရာဝဇ္ဇန်းစိတ်ကလေးကို စ,ကြည့်ရအောင်။
                   ဒါဖြင့် ပဉ္စဒွါရာဝဇ္ဇန်းစိတ်ဟာ သူက ကိစ္စနဲ့ နာမည်ပေးထာတာ၊ သူဆောင်ရွက်တဲ့ ကိစ္စက အာဝဇ္ဇန်းကိစ္စ၊ ပါဠိလို အာဝဇ္ဇန၊ အာဝဇ္ဇန ဆိုတာ ဆင်ခြင်တာ၊ အာရုံဘက်ကို ဦးလှည့်ပေးတာ၊ အာရုံတံခါးကို ဖွင့်ပေးတာ၊ အဲဒါ သူ့ရဲ့ဆောင်ရွက်မှုကိစ္စလေးပဲ၊ သူလုပ်နိုင်တာ ဒါလေးပဲ၊ ဒါပြင် ဘာမှ သူမလုပ်နိုင်ဘူးနော်။
                   မျက်လုံးတံခါးကနေ အဆင်းအာရုံလေးက ဆက်သွယ်ပြီး စက္ခုပသာရုပ်မျာ လာထင်ပြီ ဆိုလိုက်တာနဲ့ တစ်ပြိုင်နက် အဲဒီအာရုံကို စတင်ပြီး ရယူတာ ဘယ်သူတုန်းဆိုရင် ပဉ္စဒွါရာဝဇ္ဇန်းပဲ၊ အဲဒီ ပဉ္စဒွါရာဝဇ္ဇန်းရဲ့ ဆောင်ရွက်မှုကိစ္စက အာဝဇ္ဇန်းကိစ္စ ဆင်ခြင်ပေးခြင်းကိစ္စ၊ သို့မဟုတ် ဦးလှည့်ပေးခြင်းကိစ္စ faced to the object-objest ဘက်ကို မျက်နှာလှည့်လိုက်တာ၊ ဘာဖြစ်လို့လဲဆိုရင် object က အရင်ရောက်လာတဲ့ အခုမှ အသစ်ဝင်လာတာ၊ အသစ်ဝင်လာတဲ့ဘက်ကို ဦးလှည့်ပေးလိုက်တယ်၊ ဝင်လာတဲ့ object ကို အစဆုံး ဦးလှည့်ပြီးတော့ ပေးလိုက်တယ်၊ ဦးလှည့်ပေးလိုက်သည့်အတွက်ကြောင့် ဟောဒီအာရုံနဲ့ ဆက်သွယ်ပြီးတော့ စိတ်တွေဟာ တသီတတန်းကြီး အလုပ်လုပ်ကြတော့မယ်လို့ ပြောတာနော်၊ သူက တံခါးဖွင့်လိုက်တာနဲ့ တစ်ပြိုင်နက် ဟောဒီအာရုံဟာ စိတ်နဲ့ ဆက်သွယ်မိသွားတယ်၊ ပထမဆုံး ဘယ်စိတ်နဲ့ တွေ့သလဲဆိုတော့ စက္ခုဝိညာဏ်စိတ်နဲ့ တွေ့သွားတယ်။
                   ဒါဖြင့် စက္ခုဝိညာဏ်စိတ် ဆောင်ရွက်တဲ့ကိစ္စက ဘာတုန်းဆိုတော့ မြင်ခြင်းကိစ္စ၊ ဒဿနကိစ္စ လို့ ပြောတာ၊ မြင်တယ် ဆိုတဲ့ သဘောလေးတစ်ခုပဲ ရှိတယ်၊ အဲဒိ မြင်ခြင်းကိစ္စကို စက္ခုဝိညာဏ်စိတ်က ဆောင်ရွက်ပြီးလျှင် သူချုပ်သွားရော။
                   ခုနက ပဉ္စဒွါရာဝဇ္ဇန်းစိတ် ကလည်း တံခါးဖွင့်ပေးလိုက်တယ်၊ ဆင်ခြင်ပေးလိုက်တယ်၊ အာရုံလေးဘက်ကို ဦးလှည့်ပေးလိုက်တယ်၊ အာရုံကို တံခါးဖွင့်ပေးလိုက်တယ်၊ ဒါ သူ့တာဝန်ပြီးတာနဲ့ သူက ချုပ်သွားပြီ၊ သူ့အလုပ်က ဒါပဲ၊ ဒီထက်ပိုပြီး သူ ဘာမှ ပိုမလုပ်နိုင်ဘူး။ တစ်ခုစီ တစ်ခုစီ၊ ဒီသဘောကို စဉ်းစားကြည့်ရင်၊ ခု ထမင်းစားတဲ့အခါမှာ ဇွန်းခက်ရင်းနဲ့ စားတာမဟုတ်လား၊ ဇွန်းခက်ရင်းနဲ့ စားတဲ့လူတွေဟာ ဇွန်းက ဘာလုပ်ပေးတာလဲ၊ ထမင်းသယ်ပေးတယ်, ဟင်း သယ်ပေးတယ်၊ ကော်ပြီးတော့ ထမင်းဟင်းကို သယ်လာပေးတာပဲ ရှိတယ်၊ ယူပေးတာတောင် လက်ကယူရတာ၊ ဝါးတာ သူနဲ့ဆိုင်ရဲလား၊ မြိုချတာရော သူနဲ့ဆိုင်ရဲ့လား၊ မဆိုင်ဘူး၊ သူ့အလုပ် သူလုပ်တာ၊ သူ့အလုပ်ပြီးရင် ပြီးရော၊ ဟုတ်ကဲ့လား၊ အဲဒီအတိုင်းပဲ မျက်စိတံခါးကနေ ဝင်လာပြီး ပသာဒရုပ်မှာ ထင်ဟပ်လာတဲ့ ရူပါရုံလေးကို ရှေးဦးစွာ ဆင်ခြင်နှလုံးသွင်းပေးလိုက်တာ သို့မဟုတ် တံခါးဖွင့်ပေးလိုက်တာက သို့မဟုတ် အာရုံဘက်ကို ဦးလှည့်ပေးလိုက်တာက ပဉ္စဒွါရာဝဇ္ဇန်း ဆိုတာ ဦးလှည့်ပေးတာ၊ စိတ်အစဉ်တစ်ခုကို အပြောင်းအလဲ လုပ်ပေးလိုက်တယ်၊ သူက အာရုံအသစ်ဘက်ကို ဦးလှည့်ပေးလိုက်တယ်၊ စိတ်ကို အဲဒီဘက်ကို လှည့်ပေးလိုက်တာ၊ အဲဒီတော့ ပဉ္စဒွါရာဝဇ္ဇန်းစိတ်က လှည့်ပေးပြီးတာနဲ့ တစ်ပြိုင်နက် သူ့ကိစ္စပြီးလို့ သူက ချုပ်သွားတယ်။
                   သူချုပ်လိုက်တာနဲ့ တစ်ပြိုက်နက် သူ့နောက်ကနေ ပေါ်လာလိုက်တာက စက္ခုဝိညာဏ်စိတ်၊ ဒါဘယ်သူ့ကြောင့် ပေါ်လာတာတုန်း၊ ဘယ်သူက ပေါ်ခိုင်းတာတုန်းလို့ ဆိုလို့ရှိရင် စိတ္တနိယာမ လို့ ခေါ်တယ်၊ order of mind (mental order) လို့ ခေါ်တယ်၊ စိတ္တနိယာမအရ ဒီအတိုင်းလာနေတာပဲ။
                   သဘာဝတရားရဲ့ စွမ်းအားလို့ ပြောရမယ်၊ ပဉ္စဒွါရာဝဇ္ဇန်း စိတ်ကလေးက သူချုပ်သွားတာဟာ ချုပ်ရုံချုပ်သွားတာ မဟုတ်ဘူး၊ စက္ခုဝိညာဏ်စိတ်ဖြစ်ဖို့ရာ chance ပေးခဲ့တာ၊ သူပေးခဲ့တဲ့ chance စွမ်းအားကြောင့် စက္ခုဝိညာဏ်စိတ်ကလေးက ဟောဒီ အာရုံကို ဆက်ပြီးတော့ မြင်ခြင်းကိစ္စ ဆောင်ရွက်တယ်။ ပြီးတော့ ဒီ စက္ခုဝိညာဏ်စိတ်ကလေးက ချုပ်သွားတာပဲ၊ သူကနေပြီး မြင်ရုံမြင်သွားတာ၊ ဘာမှ သိတာမဟုတ်ဘူး၊ သူက မြင်ပြီးချုပ်သွားတော့ သူ့ကိစ္စပြီးတော့ ဘယ်သူဆက်လာတုန်းဆိုတော့ ဒီအာရုံလေးက အလုပ်လုပ်လို့ မပြီးသေးဘူးလေ၊ အခုမှ တံခါးဖွင့်ပေးရတာနဲ့၊ သူ့ကို မြင်ရုံလေးပဲမြင်တယ်၊ အဲဒီစိတ်ကလေးကို လက်ခံပြီးတော့ တွေးရဦးမှာ၊ ဒါကြောင့်မို့လို့ လက်ခံပေးတဲ့စိတ်ကို သမ္ပဋိစ္ဆိုင်းစိတ်လို့ ခေါ်တယ်။
                သမ္ပဋိစ္ဆိုင်းစိတ်ရဲ့ ကိစ္စက လက်ခံခြင်းကိစ္စ၊ ဒါကို သမ္ပဋိစ္ဆိုင်းကိစ္စလို့ မြန်မာလို ဘာသာမပြန်တော့ဘဲနဲ့ သမ္ပဋိစ္ဆိုင်းကိစ္စလို့ ဒီလိုပဲ ရေးနေတာပဲ၊ အဘိဓမ္မာဝေါဟာရမှာ သမ္ပဋိစ္ဆန - လက်ခံဆိုတဲ့ စကားလုံးပဲ၊ အမှန်က မြန်မာစကား လက်ခံ ဆိုတာ ပိုလွယ်တယ်၊ လက်ခံခြင်းကိစ္စ၊ အဲဒီတော့ သမ္ပဋိစ္ဆိုင်းစိတ်က လက်ခံဆောင်ရွက်တာနဲ့ တစ်ပြိုင်နက် သူလည်းချုပ်သွားတယ်၊ သူချုပ်သွားတာနဲ့ တစ်ပြိုင်နက် automatic ပဲ နောက်က အကြားအလပ်မရှိအောင် တစ်ခုပြီးတစ်ခု ဆက်ပေါ်နေတယ်။ ဘယ်သူပေါ်လာလဲဆိုရင် သန္တီရဏတဲ့၊ လက်ခံထားတဲ့ အာရုံလေးကို စူးစမ်းဆင်ခြင်မှု ဆိုတဲ့ သန္တီရဏစိတ်ကလေးဟာ ဖြစ်သွားတယ်၊ သူကလည်း စူးစမ်းပြီးတာနဲ့ သူ့ရဲ့ကိစ္စက သန္တီရဏ စူးစမ်းခြင်း စုံစမ်းခြင်းဆိုတာနဲ့ investigation အဲဒီ စူးစမ်းမှုကိစ္စလေး ပြီးသွားတာနဲ့ တစ်ပြိုင်နက် သူကလည်း ချုပ်သွားရော၊ ချုပ်သွားပြီးတဲ့အခါ ဘယ်သူပေါ်လာတုန်းဆိုပြန်တော့ ဝုဋ္ဌောဆိုတဲ့ စိတ်ကလေး ပေါ်လာတယ်။
                   ဝေါဋ္ဌပန-ဝေါဋ္ဌပန ဆိုတာ အာရုံကို သတ်မှတ်ချက်လေး တစ်ခုပေးသွားတယ်။ အဲဒီအာရုံရဲ့ သဘောသဘာဝလို့ သတ်မှတ်ချက်ကလေး ပေးသွားတယ်၊ အဲဒီသတ်မှတ်ချက်ကလေး ပေးသွားလို့ သူ့ကိစ္စလေး ပြီးသွားလို့ရှိရင် သူက ချုပ်သွားပြန်ရော။
                    ချုပ်သွားတဲ့အခါကျတော့မှ ဘယ်စိတ်တွေ ပေါ်လာတုန်း ဆိုတော့ ဇော ဆိုတဲ့စိတ် ပေါ်လာတယ်။ ပါဠိစကားလုံးက ဇဝန၊ ဇဝနကို မြန်မာပြုထားတော့ ဇော၊ ဘာဖြစ်လို့ ဇော ခေါ်တာတုန်းလို့ ဆိုတော့ ဇဝနဆိုတာ မြန်မာပြန်မယ်ဆိုရင်တော့ လျင်မြန်တယ်ဆိုတဲ့ အဓိပ္ပါယ်လေး ပြန်လို့ရတယ်၊ အရှိန်အဟုတ်ဆိုတဲ့ အဓိပ္ပါယ်နဲ့လည်း ပြန်လို့ရတယ်။ အဲဒီနေရာမှာ အဓိပ္ပါယ်ဖွင့်ဆိုတဲ့ အခါမှာ ဇော ကိစ္စ၊ ကိစ္စက ဇော ကိစ္စ။
***ဒေါက်တာနန္ဒမာလာဘိဝံသ၏ အဘိဓမ္မာမြတ်ဒေသနာ(ဒုတိယတွဲ) ၉၃-၉၉ မှ ပူဇော်ပါသည်။
*** ဆက်ရန်***  သတိထားရမယ့် အချက်တစ်ခု အပိုင်း(ဃ) ကို ဆက်လက်ပူဇော်ပါမည်။

No comments:

Post a Comment

Gold price estimated