Video

Wednesday, 11 March 2015

အဘိဓမ္မာမြတ်ဒေသနာ ဒုတိယတွဲ အပိုင်း(၄) {ဝတ္ထုနဲ့ အာရုံဆုံခြင်း}




ဝတ္ထုနဲ့ အာရုံဆုံခြင်း
                   ဝတ္ထုနဲ့ အာရုံ ဆုံလိုက်တာနဲပ တစ်ပြိုင်နက် စိတ်ကလေျးွှေ ပေါ်လာတယ်။ ဒါက အဓိကအကြောင်းတစ်ခုကိပြောတာ။ ဒိပြင် အကြောင်းတွေလည်း ရှိသေးတယ်၊ အာရုံနဲ့ ဝတ္ထု ဆုံစည်းခြင်းသည် ဒါ common condition, common cause အားလုံးနဲ့ ဆိုင်တဲ့အကြောင်းအရာတစ်ခု။
                   အဲဒီတော့ ဘယ်စိတ်တွေ ဘယ်လိုပေါ်လာတာလဲ ဆိုတာကြည့်၊ ဥပမာ- မျက်စိနဲ့မြင်စရာ အာရုံလေးနဲ့ ဆုံလိုက်ပြီ ဆိုလို့ရှိရင် ပဉ္စဒါရာဝဇ္ဇန်း ကစပြီး မြင်သိစိတ်တွေ ဖြစ်သွားတယ်၊ အမြင်အာရုံပေါ်မှာ ဖြစ်တဲ့စိတ်ကို စက္ခုဝိညာဏ်စိတ်လို့ ပြောတာ၊ သို့သော် အမြင်အာရုံပေါ်မှာ အလုပ်လုပ်တဲ့စိတ်က စက္ခုဝိညာဏ်စိတ် တစ်ခုတည်း မဟုတ်ဘူး၊ စက္ခုဝိညာဏဝီထိစိတ်တွေ အားလုံးဟာ အမြင်အာရုံပေါ်မှာ အလုပ်လုပ်တယ်၊ နားလည်အောင်ပြောရမယ် ဆိုရင် မျက်စိကို အမြင်အာရုံလေး လာဆုံလိုက်တာနဲ့ တစ်ပြိုင်နက် ထိုပေါ်လာတဲ့ အာရုံလေးကို တံခါးဖွင့်ပေးတဲ့စိတ်က ပဉ္စဒါရာဇ္ဇန်းစိတ် attention လုပ်လိုက်တာ၊ Attention လုပ်ပြီးရင် ပျောက်သွားပြီ၊ သူ့တာဝန် ပြီးသွားပြီ။
                   စိတ်တွေက အံ့သြစရာတော့ ကောင်းတယ်၊ စိတ်တစ်ခုနဲ့ တစ်ခု ပျက်သွားတာ မသိလိုက်ဘူး၊ ပဉ္စဒါရာဝဇ္ဇန်းစိတ်ဆိုတာ မျက်စိကို အဆင်းအာရုံလေး လာပြီးထိလိုက်တာနဲ့ တစ်ပြိုင်နက် ဖျက်ကနဲဆို တံခါးဖွင့်ပေးလိုက်တာ၊ attention လုပ်လိုက်တာ၊ အဲဒီလို ဖွင့်ပေးလိုက်မှ စက္ခုဝိညာဏ်စိတ်က မြင်လိုက်တာ၊ မြင်ပြီး စက္ခုဝိညာဏ်စိတ်က ပျက်သွားတယ်၊ နောက် သမ္ပဋိစ္ဆိုင်းစိတ် ကနေ အာရုံ လက်ခံလိုက်တယ်၊ခံယူလိုက်တယ်၊ ခံယူပြီးပျက်သွားတယ်၊ နောက် သန္တီရဏစိတ် က စုံစမ်းလိုက်တယ်၊ စုံစမ်းပြီး ပျက်သွားတယ်၊ ဝုဋ္ဌောစိတ် က အာရုံကို ပိုင်းခြား ဆုံးဖြတ်လိုက်တယ်၊ ဆုံးဖြတ်ပြီးတာနဲ့ ပျက်သွားတယ်။
                  
အဲဒီအာရုံရဲ့ အရသာပေါ်မှာ တွေးပြီးသိနိုင်တာက ဇောစိတ် ဖြစ်တယ်၊ ဇော တောင်မှ ပထမအကြိမ်ဖြစ်တဲ့ ဇောတော့ မဟုတ်သေးဘူး၊ မနောဒါရမှာ ဆက်တိုက်လိုက်လာတဲ့ ဝီထိစိတ်တွေနဲ့မှ သိတာ၊ ပဉ္စဒါရဝီထိကတော့ initialize လုပ်တာပဲရှိတယ်၊ ဘယ်လို နားလည်ရတုန်းဆို လျှပ်စစ်မီးမရှိတဲ့ နေရာတွေမှာ အင်ဂျင်စက် နှိုးရတယ် မဟုတ်လား၊ အင်ဂျက်စက် နှိုးလိုက်တဲ့အခါ generator လေးဟာ တစ်ပတ်ပြီတစ်ပတ် အပတ်ပေါင်းများစွာ လည်ပြီးမှ မီးပွင့်လာတာ။
                   အဲဒါလိုပဲ စိတ်လေး တစ်လုံးနှစ်လုံးဖြစ်ရုံနဲ့ အာရုံကို မသိနိုင်ဘူး၊ repeatedly အကြိမ်ကြိမ်ဖြစ်တော့မှ သိတာ။ အဲဒါကြောင့် စိတ်တွေက အများကြီးဖြစ်ရတာ၊ သိပ်လည်းမြန်တယ်၊ တစ်ခုတည်း လို့ ထင်ရလောက်အောင်ကို မြန်တယ်။ ကလေးငယ်တွေ မီးကို ကိုင်ပြီး မြန်မြန်ရမ်းတဲ့အခါ ဘေးက ကြည့်တဲ့လူက မီးဝိုင်းကြီးလို့ ထင်ရတယ်၊ တကယ်တော့ မီးဝိုင်းကြီးမဟုတ်ဘူး၊ အချို့တွေမှာ လျှပ်စစ်မီးကို စက်ဘီးသဏ္ဍာန်မျိုးဆင်ထားတာရှိတယ်၊ သွားနေတယ်လို့ ထင်ရတယ်၊ မဟုတ်ဘူး၊ တစ်ခုပြီးတစ်ခု တောက်နေတော့ လည်နေတယ်လို့ ထင်ရတယ်၊ တကယ်တော့ လည်နေတာ မဟုတ်ဘူး။ အဲဒါမျိုးလို illusion ဖြစ်သွားလောက်အောင် လျင်မြန်တဲ့ နှုန်းရှိတယ်။
                   ဒီတော့ တံခါးဖွင့်ပေးတဲ့ attention စိတ် ပြီးသွားရင် မြင်တဲ့စိတ်၊ မြင်တဲ့စိတ်ပြီးရင် လက်ခံတဲ့စိတ်၊ လက်ခံတဲ့စိတ်ပြီးရင် စူးစမ်းတဲ့စိတ်၊ စူးစမ်းတဲ့စိတ်ပြီးရင် သတ်မှတ်တဲ့စိတ်၊ သတ်မှတ်တဲ့စိတ် ပြီးသွားတာနဲ့ တစ်ပြိုင်နက် အာရုံကို ခံစားတဲ့ ဇောစိတ်ဖြစ်တယ်၊ ဇောစိတ်တွေက ၇-ကြိမ်လောက် repeatedly ထပ်ဖြစ်ပြီးတဲ့ နောက်မှာ တဒါရုံ လို့ခေါ်တဲ့ အာရုံကို စမြုံ့ပြန်တဲ့ စိတ်မျိုးပေါ့၊ အဲဒါကို ဆက်ခံတဲ့ စိတ်မျိုးပေါ့ retentive အင်္ဂလိပ်လို၊ အချို့ကတော့ registration လို့ ပြန်တယ်၊ ဒီမှာတော့ retentive ဆိုတဲ့ အဓိပ္ပါယ်က ပိုပြီးနီးစပ်တယ်၊ ဇောရဲ့ အရှိန်နဲ့ လိုက်သွားတဲ့ အကျိုးစိတ်ပဲ၊ အမှန်တော့ ဘဝင်စိတ်ကိုပဲပြေတာ၊ ပိဋ္ဌိဘဝင်္ဂ ခေါ်တယ်၊ အဲဒီလိုစိတ်တွေ ဖြစ်သွားလို့ရှိရင် ခုနက အာရုံရဲ့သက်တမ်းက ကုန်သွားပြီ။ မျက်စိနဲ့ဆုံတဲ့ ရူပါရုံသက်တမ်းက ကုန်ပြီ။
                   ဥပမာ-မျက်စိနဲ့ဆုံလိုက်တဲ့ ရူပါရုံလေးဟာ သူ့ရဲ့သက်တမ်းရှိတယ်၊ မဆုံမီက ရူပါရုံရဲ့ သက်တမ်းကိုပြောတာ မဟုတ်ဘူး၊ မျက်စိနဲ့ လာဆုံတဲ့ ရူပါရုံပန်းပွင့်လေးရဲ့ သက်တမ်းဟာ ဘယ်လောက်ရှိတုန်း၊ စိတ် ၁၇-ချက်နဲ့ ညီမျှတဲ့ သက်တမ်းရှိတယ်၊  စိတ် ၁၇-ချက်ပြည့်ရင် သူရဲ့ သက်တမ်းကုန်ပြီ၊  ပန်းအိုးထဲမှာ ရှိတဲ့ ပန်းကိုပြောတာ မဟုတ်ဘူးနော်၊ နောက်ထပ် ထပ်ကြည့်, နောက်ထပ် ထပ်မြင်တာ၊ တစ်ခါမြင်တဲ့ ရူပါရုံရဲ့ သက်တမ်းက အဲဒီလောက်ပဲရှိတယ်၊ တစ်နာရီ စိုက်ကြည့်လည်း သူရဲ့ သက်တမ်းဟာ ဒီလိုပဲသွားနေမှာပဲ၊ သူရဲ့ သက်တမ်းက ၁၇-ချက်၊ ခဏငယ်နဲ့ ဖြစ် တည် ပျက်နဲ့ ပြောမယ်ဆိုရင် ၅၁-ချက်။
                   အဲဒီလို သက်တမ်းကုန်တာနဲ့ နောက်ထပ်မြင်တာ နောက်ထပ်မှတ်, နောက်ထပ်မြင်တာ နောက်ထပ်မှတ်၊ ဒီလို အာရုံနဲ့ဝတ္ထု ဆုံစည်းတာကို အကြောင်းပြုပြီး စိတ်ဆိုတာ ဖြစ်ပေးလာရတာတဲ့။ ထာဝရရှိနေတဲ့ အရာ မဟုတ်ဘူး၊ ဆိုပါစို့ - မျက်စိပိတ်ထားရင် မြင်သိစိတ်ဖြစ်ရဲ့လား၊ နားက  အသံမကြားရင် ကြားသိစိတ် ဖြစ်ရဲ့လား၊ မဖြစ်ဘူး၊ ဖြစ်တယ်ဆိုရင် နားထဲမှာပဲ အမြဲကြားနေမှာပေါ့၊ အဲဒီလိုသိနေတာမှ မရှိဘဲ၊ နှာခေါင်းက အနံ့မရဘဲ နံသိစိတ်ဆိုတာ ဖြစ်ပ့ါမလား၊ မဖြစ်ဘူး။
                   ကောင်းပြီ၊ မျက်စိနဲ့ ရူပါရုံ ဆုံလိုက်လို့ မြင်သိစိတ်လေး ဖြစ်လာတယ်ဆိုတာ အဲဒီ မြင်သိစိတ်လေးဟာ ဘယ်နေရာက ဖြစ်လာသလဲဆိုရင် မျက်လုံးက ဖြစ်တာ၊ အရပ်ပြောပြောရင် မျက်လုံးထဲက ဖြစ်တာ၊ စက္ခုဝတ္ထုကို မှီပြီးဖြစ်တယ်လို့ ပြောတာနော်၊ ရူပါရုံက ဖြစ်လာလားဆို မဟုတ်ဘူး၊ အဆင်းအာရုံနဲ့ ဝတ္ထုဆုံလိုက်တဲ့အခါမှာ မြင်သိစိတ်လေးပေါ်လာတယ်၊ အဲဒီ မြင်သိစိတ်လေးသည် ဘယ်နေရာက ပေးလာတုန်းဆို ဟောဒိ စက္ခုဝတ္ထုက ပေါ်လာတယ်လို့ ပြောတာ၊ စက္ခုဝတ္ထုကို မှီပြီးဖြစ်တာ၊ ဘာကြောင့် အဲဒီလို ပြောလဲဆို မျက်စိကန်းနေရင် မြင်သိစိတ် မလာတော့ဘူး၊ အမှီမရှိရင် မဖြစ်ဘူးလို့ပြောတာ။
                   ကြားသိစိတ်လေးကလည်း သောတပသာဒကို မှီပြီးဖြစ်တယ်၊ နံသိစိတ်လေးကလည်း ဃနပသာဒကို မှီပြီးဖြစ်တယ်၊ လျက်သိစိတ်လေးကလည်း ဇိဝှါပသာဒကို မှီပြီးဖြစ်တယ်၊ ထိသိစိတ်ကလည်း ကာယပသာဒကို မှီပြီးဖြစ်တယ်။ ကျန်တဲ့စိတ်တွေက ဘာကိုမှီပြီး ဖြစ်တုန်းဆို ဟဒယဝတ္ထုကို မှီပြီးဖြစ်တယ်၊ ဘာဖြစ်လို့တုန်းဆို သူတို့က မျက်စိမြင်တာနဲ့လည်း မဆိုင်ဘူး၊ နားနဲ့ ကြားတာနဲ့လည်း မဆိုင်ဘူး၊ ဆက်ပြီးတော့ တွေးတဲ့အတွေးတွေ၊ မြင်သိစိတ်ဖြစ်တာဟာ မျက်စိကပဲ ဖြစ်နိုင်တာ၊ စက္ခုဝိညာဏ်စိတ်သည် စက္ခုဝတ္ထုကို မှီ၏လို့ဒီလိုအဘိဓမ္မာသင်တဲ့လူတွေသင်ရတာ၊applied လုပ်တာ၊ဝတ္ထုရုပ်-ပါးမှာ စက္ခုဝိညာဏ်စိတ်သည် စက္ခုဝတ္ထုကို မှီ၏သောတဝိညာဏ်စိတ်သည် သောတဝတ္ထုကို မှီ၏၊ ဃနဝိညာဏ်စိတ်သည် ဃနဝတ္ထုကိုမှီ၏၊ ဇိဝှါဝိညာဏ်စိတ်သည် ဇိဝှါဝတ္ထုကို မှီ၏၊ ကာယဝိညာဏ်စိတ်သည် ကာယဝတ္ထုကို မှီ၏၊ လို့ ဒီလိုပြောတာ။
                   ဖြစ်ပေါ်တဲ့နေရာကို ရည်ညွှန်းတာော်၊ စည်သံလေး ဘယ်က ဖြစ်တုန်းဆို စည်ကဖြစ်တာ၊ စောင်းသံလေး ဘယ်ကဖြစ်တုန်းဆို စောင်းကြိုး စောင်းအိုးက ဖြစ်တာ၊ လက်ကလာတာ မဟုတ်ဘူး၊ တုတ်ကလာတာ မဟုတ်ဘူးလို့ ဒီလိုဆိုလိုတာ၊ ပန်းပွင့်လေးကို မင်လို့ မြင်သိစိတ်လေးဆို၇င် ပန်းပွင့်က ဖြစ်လာတာမဟုတ်ဘူး၊ အဲဒီတော့ ခုနကပြောတာနဲပ ရောမသွားနဲ့၊ ခုနက ပြေတာ ဒီစတ်ကလေးဟာ မျက်စိထဲမှာ ရှိနေတာ မဟုတ်ဘူး၊ သို့သော် ဖြစ်တဲ့အခါကျတော့ မျက်စိကို မှီပြီးဖြစ်တာ၊ ဒီလိုပြောတာ။
                   ဆိုပါတော့ - စည်သံသည် စည်ထဲမှာ ရှိတာမဟုတ်ဘူး၊ သို့သော် တုတ်နဲ့ရိုက်လိုက်၊ တီးလိုက်တဲ့အခါမှာ အသံထွက်လာတယ်၊ အဲဒီအသံသည် စည်ကို မှီပြီးတော့ဖြစ်တာ၊ စည်မပါဘဲ အဲဒီအသံ ဖြစ်ပါ့မလား၊ မဖြစ်ဘူး၊ သို့သော် စည်ထဲမှာ ရှိနေတာလားဆိုတော့ မရှိဘူး၊ ဒီလိုပြောရမယ်။
                   စက္ခုဝိညာဏ်စိတ်သည် စက္ခုပသာဒရုပ်မှာ ရှိနေတာလား ဆိုရင် မရှိဘူး၊ ရူပါရုံနဲ့ ဆုံမိတဲ့အခါမှသာ ပေါ်လာတာ၊ ပြီးရင် ပျက်သွားတာ၊ သောတဝိညာဏ်စိတ်ဟာလည်း အသံနဲ့ နားဆုံလိုက်တဲ့အခါ ဘွားကနဲ့ ပေါ်လာတာ၊ ပြိးရင် ပျက်သွားတာ၊ ဃာနဝိညာဏ်ဟာလည်း ထို့အတူပဲ နှာခေါင်းနဲ့ အနံ့၊ ဇိဝှါဝိညာဏ်စိတ်ကလည်း အရသာနဲ့ လျှာ၊ ကာယဝိညာဏ်စိတ်ကလည်း ဖောဋ္ဌဗ္ဗာရုံနဲ့ကိုယ် ဆုံလိုက်တဲ့အခါ ပေါ်လာတာ။
                   သို့သော် ဒီနေရာမှာ သတိထားရမှာက မှီဖြစ်ရာကိုသာ ဝတ္ထုရုပ် ၆-ပါးလို့ ပြောတာ၊ ဆုံစည်းတာကိုတော့ ဟဒယဝတ္ထုနဲ့ ဓမ္မာရုံ ဆုံတယ်လို့ မပြောဘူး၊ မနဉ္စ ဓမ္မဉ္စ ပဋိစ္စ ဥပ္ပဇ္ဇတိ မနောဝိညာဏံ ဟောတဲ့အတိုင်း မနနဲ့ ဆုံတယ်လို့ ပြောရမယ်၊ ဟဒယနဲ့ ဆုံတယ်လို့ မပြောဘူး၊ ဒါကို သတိထားရမယ်။
                   အာယတန ၆-ပါး ရေတွက်တဲ့အခါ interal, externa အတွင်းအာယတန ၆-ခု, အပြင်အာယတန ၆-ခု၊ အဲဒီ အတွင်းအာယတ ၆-ခုလို့ ပြောတဲ့အခါမှာ စက္ခု၊  သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ၊ မန၊ ဒီမှာ ဟဒယ မဟုတ်ဘူး၊ ဘာဖြစ်လို့လဲလို့မေးရင် နှလုံးသားကက်သက်က စိတ်ကို ဖြစ်စေနိုင်တဲ့ အနေအထားမရှိဘူး၊ အားလုံးဟာ ဘဝင်စိတ်ဆိုတဲ့ အခြေခံစိတ်မရှိရင် စိတ်ဆိုတာ မပေါ်နိုင်ဘူးဆိုတဲ့ အဓိပ္ပါယ်ကို ထင်ရှားစေတယ်၊ ဒါကြောင့်မို့ အဋ္ဌသာလိနီအဋ္ဌကထာမှာ အာရုံတစ်ခုဟာ တံခါးနှစ်ပေါက်စီမှာ အမြဲတမ်း ထင်တယ်လို့ဆိုတာ
                   ဆိုပါစို့ - ဝတ္ထုရုပ် ၆-ပါးရှိသလို ဒွါရလည်း ၆-ပါး ရှိတယ်၊ တံခါး ၆-ခု ရှိတယ်၊ အဲဒီတံခါးဟာ စိတ်ရဲ့ တံခါးလို့ ပြောလို့ရပေမယ့် ပိုပြီးသဘာဝကျတာတော့ အာရုံရဲ့တံခါးလို့ ပြောရမယ်၊ အာရုံဝင်တဲ့ တံခါး ၆-ခု ရှိတယ်၊ ဆိုပါစို့ - ရူပါရုံဝင်လာတဲ့ တံခါးပေါက်က စက္ခုပသာဒ၊ အသံရဲ့ ဝင်ရာတံခါးပေါက်က သောတ၊ အနံ့ဝင်ရာတံခါးပေါက်က ဃာန၊ အရာသာရဲ့ ဝင်ရာ တံခါးပေါက်က ဇိဝှါ၊ ဇောဋ္ဌဗ္ဗာရုံရဲ့ ဝင်ပေါက်က ကာယ၊ ကျန်တဲ့ အာရုံဝင်ရာ တံခါးပေါက်က ဘဝင်စိတ်၊ ဘဝင်စိတ်ကို မနလို့သုံးတယ်၊ ဒါကြောင့်မို့ ကျမ်းစာတွေမှာ မနောဒါရ mind door စိတ်တံခါးဆိုတာ ဘဝင်စိတ်ကို ပြောတာပါတဲ့။
                   ဒီတော့ စိတ်ဖြစ်လာဖို့ လိုအပ်တဲ့ အခြေအနေတွေကို ပြောရမယ်ဆိုရင် ဝတ္ထုရုပ် ၆-မျိုးကို လေ့လာရမယ်၊ အာရုံ ၆-မျိုးကို လေ့လာရမယ်၊ ပြီးတော့ ဒွါရ ၆-မျိုးကို လေ့လာရမယ်၊ အဲဒီ ဝတ္ထုရယ် အာရု့ရယ် ဒွါရကနေပြီး ဆက်သွယ်မိသွားပြီ ဆိုရင် ခုနက စိတ် ကလေးတွေ ပေါ်လာတာ။
                   ဆိုပါစို့ - ရူပါရုံဆိုတဲ့ အာရုံသည် eye door ကနေ ဝင်လာပြီး စက္ခုဝတ္ထုကို လာထိခိုက်တယ်၊ အဲဒီအချိန်မှာ စက္ခုဝိညာဏ်စိတ်ပေါ်လာတာ၊ ထိုရူပါရုံနဲ့ အလုပ်လုပ်တဲ့ စိတ်တွေလည်း ပေါ်တယ်ပေါ့၊ ထို့အတူပဲ အသံက ear door ကနေ ဝင်လာပြီး သောတပသာဒကို လာထိုခိုက်တယ်၊ ထိခိုက်တဲ့အခါ သောတဝိညာဏ်စိတ်ပေါ်လာတယ်၊ အဲဒီအတိုင်း အနံ့က ဃာနပသာဒကို လာထိခိုက်လို့ ဃနဝိညာဏ်စိတ် ဖြစ်ပေါ်လာတယ်၊ အရသာက ဇိဝှါပသာဒကို လာထိခိုက်လို့ ဇိဝှါဝိညာဏ်စိတ် ဖြစ်ပေါ်လာတယ်၊ ဇောဋ္ဌဗ္ဗရုံက ကာယပသာဒကို လာထိခိုက်လို့ ကာယဝိညာဏ်စိတ် ဖြစ်ပေါ်လာတယ်။
                   နောက် ဟဒယဝတ္ထုနဲ့ ပတ်သက်တာကျတော့ မျက်စိနဲ့ မြင်တာလည်း မဟုတ်ဘူး၊ နားက ကြားတာလည်း မဟုတ်ဘူး၊ နှာခေါင်းက အနံ့ရတာလည်း မဟုတ်ဘူး၊ စိတ်သက်သက်နဲ့ တွေးပြီးတော့ယူတာ၊ ရှိတာလည်း ဖြစ်တယ်, မရှိတာလည်း ဖြစ်တယ်၊ တွေးယူတာဆိုတော့ အရှိချည်းပဲ မဟုတ်ဘူး၊ မရှိတာလည်း တွေးတောတာပဲလေ၊ မနက်ဖြန်မရှိဘူး၊ မနက်ဖြန်အကြောင်းတွေးလို့ မရဘူးလား၊ မနက်ဖြန် အကြောင်းကို မရှိသေးပေမယ့် မနက်ဖြန် ဘယ်သူလာမယ်ဆို တွေးပြီးလုပ်လို့ရတာပဲ၊ သို့သော် လာချင်မှ လာမှာပေါ့၊ မနက်ဖန်အကြောင်းလည်း တွေး, ဟိုနောက်နှစ်အကြောင်းလည်း တွေးလို့ရတာပဲလ၊ အဲဒီလို တွေးတာတွေကျတော့ mind door ကနေ ဝင်လာတာ၊ mind door က ဝင်ပြီး စိတ်ဖြစ်တာကတေ့ ခုန ဟဒယကနေ ဖြစ်တာ၊ ဟဒယကို မှီပြီးတော့ စိတ်ကဖြစ်တယ်။
                   အဲဒါကြောင့်မို့လို့ ဒွါရ ၆-ပါးမှာ မနောဒါရ ပါတယ်၊ ဝတ္ထုရုပ်ကျတော့ မနောဒါရ မပါဘူး၊ အာရုံ ၆-ပါး, ဝတ္ထုရုပ် ၆-ပါး၊ အဲဒါတွေ ပေါင်းဆုံလိုက်တဲ့အခါ စိတ်ကလေး ဖြစ်လာတာပါလို့ - အဲဒါ စိတ်ဖြစ်ပေါ်လာပုံပဲ၊ အကျဉ်းအားဖြင့် စိတ်ဖြစ်ပေါ်လာပုံကို သိသာမြင်သာအောင် ပြောပြတာ။
                   ဒီတော့ ဘဝင်စိတ်ဆိုတဲ့ အခြေခံစိတ်ကလေး မရှိဘဲနဲ့ ကျန်တဲ့စိတ်တွေ မဖြစ်ဘူး၊ အဋ္ဌသာလိနီအဋ္ဌကထာမှာ အာရုံတွေဟာ ဆိုပါစို့ - မျက်စိက မြင်ရတဲ့ အဆင်းအာရုံသည် တံခါးနှစ်ခုမှာ တစ်ပြိုင်နက်တည်း ထင်လာတယ်၊ နှစ်ခုဆိုတာ eye door ကိုလည်း ရောက်လာတယ်၊ mind door ကိုလည်း ရောက်လာတယ်၊ ဘဝင်လှုပ်တယ်ဆိုတာ အဲဒါကြောင့် ပြောတာ၊ အာရုံတစ်ခုဟာ ဒွါရနှစ်ခုကနေ ဝင်လာတယ်၊ ဝင်ပေါက်မရှိဘဲနဲ့ ဘယ်လိုလုပ်မှ ဝင်လို့မရဘူး ဟုတ်ရဲ့လား၊
ဝင်ပေါက်ဆိုတာရှိတယ်၊ လူ့ခန္ဓာကိုယ်မှာလည်း ထို့အတူပဲ၊ အာရုံက ဝင်ပေါက်တွေက ဝင်လာတဲ့အခါ အာရုံဝင်လာသည့်အတွက်ကြောင့် အပြင်ဘက်နဲ့ အတွင်းဘက် ဆက်သွယ်ရမယ်၊ ဆိုပါတော့ - အိမ်အပြင်ဘက်ကလူ အိမ်ထဲရောက်ချင်ရင် တံခါးကို အသုံးမပြုရဘူးလား၊ ပြုရတယ်၊ တံခါးပေါက်ကပဲ ဝင်ရမယ်၊ အဲဒီလိုပဲ အာရုံဆိုတဲ့ အပြင်ကအရာ အိမ်ထဲကို ဝင်လာတယ်ဆိုရင်  ဒီတံခါးကပဲ ဝင်ရမှာပဲ၊ မျက်စိက အမြင်လိုက်တဲ့ အဆင်းအာရုံလေး တစ်ခုသည် eye door မှာလည်း ပေါ်လာတယ်၊ mind door မှာလည်း ပေါ်လာတယ်၊ မျက်စိကိုလည်း ထိရမယ်၊ ဘဝင်စိတ်ကိုလည်း ထိရမယ်၊ အဲဒီနှစ်ခုရှိမှ၊ တစ်ပြိုင်နက် ဖြစ်လာလို့ ဘဝင်စိတ်ဟာ ပြတ်သွားတယ်ဆိုတာ အဲဒါကြောင့် ပြတ်သွားတာတဲ့။
                   ဘုန်းကြီးတို့ မနှစ်ကတုန်းက မလေးရှားမှာ အဘိဓမ္မာသင်တန်း ပို့ချတုန်းက သင်တန်းသားထဲ Bulgaria ဘုန်းကြီးတစ်ပါး ပါတယ်။ ထူးထူးခြားခြားပဲ၊ Bulgaria ဆိုတာ ကြားဖူးကြလိမ့်မယ်၊ Rumania တို့၊ Bulgaria တို့ဆိုတာ အရင်တုန်းက ကွန်မြူနစ် နိုင်ငံတွေပေါ့၊ သူ့စကားက တော်တော်နားထောင်ရခတ်တယ်၊ အသံက ကုလားသံနဲ့တူတယ်၊ သူက ခေတ်သိပ္ပံနည်းအရ ဒီအာရုံကနေပြီး မြင်သိစိတ် ဖြစ်လာပုံအထိ ဆက်သွယ်ပုံကို  ကွန်ပြူတာနဲ့ပြတာ၊
လူ့ရဲ့ မျက်စိမှာ ရှေ့က မြင်စရာအာရုံလေး ဝင်လာနဲ့တစ်ပြိုက်နက် မျက်လုံးထဲလေးတင် မဟုတ်ဘူး, သူက အာရုံကြောကနေသွားပြီး ဦးနှောက်နောက်ဘက်ထဲထိ ရောက်အောင်သွားတယ်၊ နောက်စေ့နားမှာ အကွက်တစ်ကွက်ရှိတယ်၊ အဲဒီ အကွက်ထိအောင် အလင်းတန်းလေးက သွားတယ်၊ အဲဒီရောက်မှ မြင်တာတဲ့၊ ဒီကြားထဲမှာ block ဖြစ်နေရင် မမြင်ရဘူး၊  သြော် mind door ဆိုတာ အဲဒါများ ဖြစ်နေမလားလို့ ဘုန်းကြီးတို့ စဉ်းစားကြည့်တယ်၊ 
ဒီကြားထဲ ပိတ်နေလို့ရှိရင် မြင်တယ်ဆိုတာ မဖြစ်နိုင်ဘူး၊  မျက်စိကတော့ အကောင်းကြီး၊ သို့သော် သွားတဲ့အာရုံကြောလေးက တစ်နေရာရာမှာ ဥပမာ-နားထင်လောက် ပိတ်နေတယ်ဆိုရင် အဲဒီလူဟာ မြင်တယ်လို့ မပြောဘူး၊ မျက်စိကတော့အကောင်း, ဒါပေမဲ့ မမြင်ဘူး၊  မျက်စိကနေ ဝင်လာတဲ့ အလင်းတန်းလေးဟာ လူရဲ့နောက်စေ့နားမှာ ခေါင်းနောက်ပိုင်း သွားပြတယ်၊ အဲဒီကျမျ မြင်တယ်ဆိုတာ ဖြစ်တယ်။ ဒါ သိပ္ပံနည်းက ပြောတာ။
                   ဒီတော့ သိပ္ပံနည်းနဲ့ မြတ်စွာဘုရား ဟောထားတာတွေ အင်မတန်မှ ကိုက်ညီတယ်။ သူတို့ဟာက ရုပ်ကိုတော့  ရှာလို့တွေ့နိုင်တယ်ပေါ့၊ နာမ်တရားကိုတော့ မြတ်စွာဘုရားလို ဘယ်လိုလုပ် ရှာလို့တွေ့မလဲ၊ ရုပ်တောင်မှ သူတို့ရှာတွေ့ရင် အတုံးအခဲပဲ တွေ့မယ်၊ အသေးစိတ်ကို တွေ့ဖို့ မလွယ်ဘူးပေါ့၊ ရုပ်တောင်မှ အကုန်တွေ့ဖို့ မလွယ်ဘူး။
                   မြတ်စွာဘုရားကျတော့ analyze လုပ်တဲ့နေရာမှာ အကြွင်းအကျန်မရှီအောင် analyze လုပ်နိုင်တာ၊ အဲဒီလု စွမ်းရည် သတ္တိချင်းတော့ မတူဘူးပေါ့၊ နာမ်ဆိုတာကျတော့ သူတို့ Psychology ဆိုတာ တကယ့် Psychology မှ မဟုတ်တာ။
                   ဘုန်းကြီးတို့ဆီ လာလာပြီးတော့ မသိတာလေးတွေ မေးနေတဲ့, ယခု ရန်ကုန်မှာနေတဲ့ ပြင်သစ်လူမျိုး မစ္စတာဖလောရင့်ဆိုတာ တစ်ခါတုန်းက လျှောက်တယ်၊ အဘိဓမ္မာကို Psychology လို့ ပြန်တာ သူက သဘောမကျဘူး၊ ဘာလို့လဲဆိုတော့ Psychology ဆိုတာ ဘာမှ မပါဘူးတဲ့၊ Psychology ဆိုတာ ဘာမှ မဟုတ်ဘူး၊ ဒီအဘိဓမ္မာက အလွန်လေးနက်တာ Psychology မဟုတ်ဘူးတဲ့၊ သူက အဲဒီလို ပြောသွားတယ်။
                   နယ်သာလန်နိုင်ငံမှာ သင်တန်းသွားပို့ချတုန်းက မစ္စတာဟင့်ခ် ဆိုတဲ့ ပါမောက္ခတစ်ယောက် သင်တန်းလာတက်တယ်၊ သူ့အဖေက Psychologist၊ Psychology ပါမောက္ခကြီး၊ သူငယ်ငယ်တုန်းက သူ့အဖေက ပြောဖူးတယ်၊ စာမျက်နှာ တစ်ထောင်လောက်ရှိတဲ့ Psychology နဲ့ ပတ်သက်တဲ့ စာအုပ်ကြီးမှာ Psychology အကြောင်းရေးထားပေမယ့် ဣဿာ ဆိုတဲ့ jealousy အကြောင်း ရေးထားတာ မတွေ့ရဘူး တဲ့။
                   ဒီတော့ ဗုဒ္ဓမြတ်စွာဟောကြားတာက အလွန်ပြီးပြည့်စုံတယ်၊ လူ့ရဲ့သဘာဝ အရေးကြီးတာတွေ၊  လူ့ခန္ဓာကိုယ်ထဲက ဖြေရှင်းပစ်ရမယ့် purify လုပ်ပစ်ရမယ့် သန့်ရှင်းပစ်ရမယ့် စိတ်ရဲ့ အညစ်အကြေးတွေကို မချန်ချွင်းအေင် ဟောထားတာ။ အဲဒီ ညစ်နွမ်းနေတဲ့ စိတ်ရဲ့ အင်အားစုတွေကိုလည်း ဖယ်ရှားပစ်ဖို့အတွက် ဖြူစင်စေနိုင်တဲ့ စွမ်းအားတွေကိုလည်း မြတ်စွာဘုရားက ထည့်ပြီး ပြည့်ပြည့်စုံစုံ ဟောထားတာ။
                   ဒါကြောင့် စိတ်ဖြစ်ပုံနှင့် စပ်၍ စိတ်ဟာ ဘယ်လိုဘယ်ပုံ ဖြစ်လာသလဲ၊ စိတ်ဟာ အရှိတရားလား အဖြစ်တရားလားလို့ ဆိုရင် အဖြစ်တရားပါ, အကြောင်းတရားကြောင့် ဖြစ်တာပါ၊ ဘာ့ကြောင့်ဖြစ်တာတုန်းဆိုတော့ အခုပြောခဲ့တယ် - ဝတ္ထုနဲ့အာရုံ ဆုံစည်းမိလို့ဖြစ်တယ်၊ ဝတ္ထုနဲ့အာရုံက ဘယ်လိုလုပ် ဆုံမိလဲဆိုရင် door ကနေ ဝင်လာတာ, တံခါးခြောက်ပေါက်ကနေ ဝင်လာတာ၊ ဆိုင်ရာ ဆိုင်ရာ တံခါးပေါက်ကနေ ဝင်လာပြီ ဆုံစည်းပြီး စိတ်ဖြစ်ပေါ်တာဆိုတာ ဘုန်းကြီးတို့ ဒီနေ့ အကြမ်းဖျဉ်းအားဖြင့် ဟောပြောပြသဖြင်း ဖြစ်ပါတယ်။
                   အဲဒီမှာ အသေးစိတ်သိဖို့ကတော့ ဆိုင်ရာဆိုင်ရာ အဘိဓမ္မာကျမ်းတွေ လေ့လာဖို့ လိုပါတယ်၊ ဆိုပါစို့ - ရူပါရုံကို အာရုံပြုတဲ့ စိတ်က ဘယ်လောက်ရှိသလဲ, သဒ္ဒါရုံကို အာရုံပြုတဲ့စိတ်က ဘယ်လောက်ရှိသလဲ စသည်ဖြင့်၊ အာရုံ ၆-ပါးဆိုတာ ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗရုံ၊  ကျန်အာရုံ အားလုံးသည် ဓမ္မာရုံလို့ ခေါ်တယ်၊ ဓမ္မာရုံဆိုတာ ကျန်တဲ့အာရုံတွေကို အကုန်လုံးပေါင်းပြီး ဓမ္မဆိုတဲ့ စကားလုံးကို ဆိုလိုက်တာ။
                   ဓမ္မ ဆိုတဲ့ စကားလုံးကို ဘာလို့ သုံးသလဲဆို သတ္တဝါ မဟုတ်ဘူး  ဆိုတဲ့ အဓိပ္ပါယ်ကို ပြောတာ၊ လူတွေထင်နေတဲ့ ဇီဝဆိုတာ မဟုတ်ဘူး၊ သတ္တဆိုတာ မဟုတ်ဘူး၊ တကယ့် nature, the  law of nature ဓမ္မဆိုတဲ့ စကားလုံးကို အဲဒီ အဓိပ္ပါယ်နဲ့သုံးတာ၊  မြတ်စွာဘုရားက လောကမှာ ရှိတဲ့ သတ္တဝါတွေဟာ ကိုယ့်ကိုယ်ကို သတ္တသညာ မပျောက်ဘူးတဲ့၊ illusion ဖြစ်နေကြတယ်၊ တကယ် သတ္တဝါလို့ ထင်နေကြတယ်၊
အဲဒါတွေ ပျောက်စေရန်အတွက် မြတ်စွာဘုရားက ဓမ္မဆိုတဲ့ စကားလုံးကို သုံးတယ်၊ ဓာတု ဆိုတဲ့ စကားလုံးကို သုံးတယ်၊ ဓာတု ဆိုတာ တကယ့်ကို သူ့သဘာဝအတိုင်း သူဆောင်တဲ့အရာ၊ ထင်နေတဲ့ သတ္တဝါဆိုတာ မဟုတ်ဘူး၊ အသက် ဆိုတာ မဟုတ်ဘူး၊  ခိုင်မြဲတဲ့အရာဆိုတာ မရှိဘူးဆိုတာကို ထင်ရှား ပေါ်လွင်စေလိုလို့ သုံးတယ်။
                   ခုနက ဓမ္မာရုံလို့ ပြောတဲ့ အာရုံတွေဟာလည်း သဘာဝအာရုံတွေ အားလုံး၊ စိတ်နဲ့သိလို့ရတဲ့ အာရုံတွေအားလုံး၊ ရှိတာရော  မရှိတာရော အကုန်လုံးကို ဓမ္မာရုံလို့ ခေါ်တယ်။ မျက်စိနဲ့ မြင်ရတာက ရူပါရုံ၊ နားနဲ့ ကြားရတာက သဒ္ဒါရုံ၊  နှာခေါင်းနဲ့ နံတာက ဂန္တာရုံ၊ လျှာနဲ့ လျက်သိတာက ရသာရုံ၊ ခန္ဓာကိုယ်နဲ့ ထိပြီးတော့ သိတာက ဖောဋ္ဌဗ္ဗာရုံ၊ ကျန်အာရုံတွေ မှန်သမျှဟာ အခုပြောခဲ့တဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်တို့နဲ့ ဆက်သွယ်မှုမပြုဘဲနဲ့ စိတ်နဲ့ သိရတယ်၊ အဲဒါတွေ အားလုံးကို ဓမ္မာရုံလို့ ခေါ်တာ၊ အာရုံ ၆-ပါး ဝတ္ထုရုပ် ၆-ပါး ဒွါရ ၆-ပါး ဆုံမိခြင်းကြောင့် စိတ်ဖြစ်တယ်။ အကြောင်းတရားကို အမှီပြုပြီး စိတ်ဖြစ်တယ်ဆိုတာကို အကျဉ်းချုပ် perspective view အနေနဲ့ ဘုန်းကြီးတို့ ဟောကြားတာ ဖြစ်ပါတယ်။
                   ဒါကြောင့် တရားချစ်ခင် သူတော်စင်ပရိသတ်တို့သည် စိတ်ဆိုတဲ့ သဘာဝတရားဟာ အဖြစ်တရားသာ ဖြစ်တယ်၊ ဆိုင်ရာ ဆိုင်ရာ အကြောင်းကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်သည် ဆိုင်ရ ဆိုင်ရာ အကြောင်းတရားတွေက မမြဲသလို ဖြစ်ပေါ်လာတဲ့  စိတ်လေးဟာလည်း မမြဲဘူးလို့ဆိုတဲ့ ဓမ္မအသိဉာဉ်ကို ကိုယ်စီ ကိုယ်စီ ရရှိအောင် ကြိုးစားနိုင်ကြပါစေသတည်း။
*ကောက်နှုတ်ချက်* အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ (Ph.D) အဘိဓမ္မာ မြတ်ဒေသနာ (ဒုတိယတွဲ) (စာ ၂၅- ၃၈)  မှ ကောက်နှုတ်ရေးသား ပူဇော်ပါသည်။
ဆက်လက်၍ အခန်း(၂) စိတ်ဖြစ်ပုံကို လေ့လာခြင်း(၂)ကို တင်ပြပါမည်။

No comments:

Post a Comment

Gold price estimated