Video

Wednesday, 11 March 2015

အဘိဓမ္မာမြတ်ဒေသနာ ဒုတိယတွဲ အပိုင်း(၁၂) {သတိထားရမယ့် အချက်တစ်ခု၊ အပိုင်း(က)}




သတိထားရမယ့် အချက်တစ်ခု (က)
                   စာမျိုးစုံဖတ်တဲ့ ပုဂ္ဂိုလ်ဟာ တစ်ခါတစ်ရံကျတော့ အန္တရာယ်ရှိတယ်၊ အန္တရာယ်ဆိုတာ အတွေးမျိုးစုံနဲ့ ရေးထားတဲ့ စာတွေပေါ့။ ဘာသာတရားကို လေ့လာတယ် ဆိုတဲ့နေရာမှာ မှန်ကန်တဲ့ တင်ပြချက်တွေကို လေ့လာရင် အကြောင်းမဟုတ်ဘူး။ မမှန်မကန် ဟောပြောချက်တွေကို လေ့လာမိလို့ မိမိက စာလည်း မစုံသေးဘူး, အတွေးအခေါ် ရင့်သန်မှုလည်း မရှိသေဘူးဆိုရင် လွဲမှားသွားနိုင်သေးတယ်။ 
ဒါလည်း သတိထားရမယ့် အချက်တစ်ခုပဲ၊ စာမစုံသေးရင် အရှိကို မှတ်ထားဖို့လိုသေးတယ်၊ တကယ့်မူရင်းကျမ်းက  ဘယ်လိုဆိုတယ်ဆိုတာ မှတ်သားထားရမယ်။ သဘောမကျသေးရင် သဘောကျအောင် ကြံစည်ရမယ်၊ ဒီလိုမှ မဟုတ်ရင် မှန်ကန်တဲ့ လမ်းကြောင်းက လွဲထွက်သွားနိုင်တယ်။ အဲဒီတော့ ရူပဆိုတဲ့ စက္ခုဝိညေယျာ မျက်စိဖြင့် မြင်ပြီးတော့ သိရတဲ့ရုပ် ဆိုတာကို ရှိတယ်ပေါ့။
  
                 ဘုန်းကြီးတို့တတွေလည်း အကယ်၍ မျက်စိပျက်သွားပြီ ဆိုလို့ရှိရင် ကိုယ့်ရဲ့မျက်စိနဲ့ မြင်ပြီးတော့ ကြည့်လို့ရတဲ့ ရုပ်မျိုး ကိုယ့်မျက်စိမှာလာပြီး ထင်ဟပ်တာ မရှိသည့်အတွက်ကြောင့် ကိုယ့်မှာ စက္ခုဝိညာစ်စိတ်ဖြစ်ဖို့ အခွင့်အလမ်း မရှိတော့ဘူးပေါ့။ ဒါကြောင့် ရူပဆိုတဲ့ အဆင်းရုပ်ကလေးဟာ မျက်စိနဲ့ မြင်ရတဲ့ အဆင်းရုပ်ကလေးတဲ့၊ သနိဒဿန-မြင်အပ်တဲ့သဘောနဲ့တကွ ဖြစ်တဲ့ရုပ် လို့ အဘိဓမ္မာမှာ ဒီလိုဆိုထားတယ်၊ အဲဒီမျက်စိနဲ့ မြင်ရတဲ့ အဆင်းအာရုံကလေးကို ရူပါရုံလို့ ခေါ်တယ်။
                   နောက်တစ်ခုက သဒ္ဒါရုံ - အသံရုပ်ကလေး၊ ရူပါရုံဆိုတဲ့ အဆင်းရုပ်သည် နေရာတကာမှာ ရှိတယ်၊ ရုပ်အားလုံးမှာ ဖွဲ့စည်းပါဝင်နေတယ်၊ ရုပ်ပိုင်းလေ့လာတဲ့အခါတုန်းက ရုပ်ဟာ unity of eight ပဲ၊ အနည်းဆုံး ရုပ်ရဲ့ unit ဟာ ၈-ခုနဲ့ ဖွဲ့စည်းထားတာ။ စာပေက အဋ္ဌာကလာပ်ရုပ် ၈-ခုလို့ ဒီလိုပြောတာနော်၊ အဲဒီအထဲမှာ ရူပဆိုတဲ့ အဆင်းရုပ်ကလေး ပါတယ်ပေါ့။ နည်းနည်းမှတ်မိအောင် ပြန်ပြောရမယ်ဆိုရင် မဟာဘုတ် ၄-ပါး ရှိတယ်၊ မျက်စိနဲ့ မြင်လို့ရတာလေးက ရသ၊ နှာခေါင်းနဲ့ သိလို့ ရတာလေးက ဂန္ဓ၊ လျှာနဲ့သိလို့ ရတာလေးက ရသ၊ နောက်ပြီးတော့ အဆီသြဇာလို့၊ အဲဒါတွေ ပေါင်းလိုက်တဲ့အခါ အဝိနိဗ္ဘောဂရုပ် ၈-ခု ဖြစ်တယ်။ indivisible ခွဲလို့ မရဘူးလို့ ဆိုလိုတယ်၊ ရုပ်ဆိုတာ အနည်းဆုံး ဒီ ၈-ခု ပေါင်းနေတာ။
                   ဘာဖြစ်လို့ ၈-ခုလို့ ပြောတာတုန်းဆိုတော့ function တွေ မတူဘူးပေါ့၊ အဲဒီ သဘောဘောကိုကြည့်ပေါ့။ အနံ့နဲ့အရသာ တူမှ မတူတာ၊ အနံ့က ဘာတုန်းဆိုရင် ဃာနဝိညာဏ်စိတ်ဖြင့်သာ သိရတယ်၊ ဃာနပသာဒဖြင့်သာ ရယူနိုင်တယ်။ 
အရသာကျတော့ နှာခေါင်းနဲ့သိလို့ ရသေးလား၊ လျှာနဲ့ထိ၍ ဇိဝှါဝိညာဏ်စိတ်နဲ့မှ သိနိုင်တယ်၊ သဏ္ဍာန်ချင်းက ကွာသွားတယ်လေ၊ အဲဒီလို သူ့ရဲ့ ပုံပန်းသဏ္ဍာန်ချင်း မတူညီတဲ့ အချက်ကလေးတွေကို ကြည့်ပြီး ကိစ္စလေးတွေ သဘာဝလေးတွေ လက္ခဏာလေးတွေ (characteristic) က တစ်ခုစီ တစ်ခုစီမို့ ရုပ်၈-ခုလို့ ပြောတာ။ မတူညီတဲ့ သဘာဝလေးတွေကို ကြည့်ပြီးတော့ ပြောတာ။
                   အဲဒီရုပ် ၈-ခုထဲမှာ ဒီရူပဆိုတဲ့ အဆင်းရုပ်က ပါနေတယ်၊ သို့သော် သဒ္ဒဆိုတဲ့ အသံရုပ်က မပါဘူး၊ အဋ္ဌကလာပ် ရုပ်၈-ခုထဲမှာ အသံရုပ်မပါဘူး၊ ဒါဖြင့် သဒ္ဒဆိုတဲ့ အသံရုပ်က ဘယ်မှာရောက်နေတာတုန်း ဆိုတော့ သဒ္ဒဆိုတဲ့ အသံရုပ်က ပစ္စုပ္ပန်အကြောင်းကို ငဲ့ပြီးတော့မှ ဖြစ်ပေါ်လာတဲ့ရုပ် ဖြစ်တယ်၊ ဖွဲ့စည်းထားလို့ရတဲ့ရုပ်မျိုး မဟုတ်ဘူး။
                   ဒါနဲ့ပတ်သက်ပြီးတော့ Germany နိုင်ငံ မြို့နားက World House ဆိုတဲ့ နေရာမှာ  အဘိဓမ္မာသင်တန်း ၂-ကြိမ်း ပို့ချဖူးတယ်၊ အဲဒီလို ပို့ချတုန်းက အဘိဓမ္မာသင်တန်း လာတက်တဲ့ ဂျာမန် တစ်ယောက်က ဒီအဋ္ဌကလာပ်ရုပ် ၈-ခုထဲကို ဘာလို့ သဒ္ဒ မပါတာတုန်း ဆိုပြီးတော့ argument လုပ်ဖူးတယ်။ သဒ္ဒရုပ် ပါသင့်တယ်တဲ့။ သူက ဘာနဲ့သွားရောတုန်းဆိုတော့ cassette တို့ ဘာတို့ အသံဖမ်းပြီးတော့၊ အသံတွေ ရှိနေတယ်ပေါ့။ အဲဒါကြောင့် မို့လို့ ရုပ်တွေ ဖွဲ့စည်းတဲ့အထဲမှာ အသံရုပ်လည်း ရှိရမယ်လို့ သူက ယူဆတယ်။
                   အဲဒါကို ဘုန်းကြီးတို့က ဥပမာနဲ့ ရှင်းပြရတယ်၊ စောင်းဥပမာနဲ့ ရှင်းပြတယ်, စည် ဥပမာနဲ့ ရှင်းပြတယ်, piano တို့ ဒါတွေနဲ့ ရှင်းပြတော့ မင်း piano ထဲမျာ အသံရှနေသလားဆိုတော့ သူစဉ်းစားလာတယ်၊ တီးခတ်တဲ့အခါကျမှ အသံပေါ်လာတာ၊ ဒီထဲမှာ အသံကို stored လုပ်ထားတာ မရှိဘူး။ အဲဒီတော့ လူရဲ့တီးခတ်မှုကြောင့် ဖြစ်လာတယ်၊ မီးခြစ်ထဲမျာ မီးမရှိဘူး၊ possibility အနေနဲ့သာ ရှိနေတာ၊  အကြောင်းဆုံစည်းတဲ့အခါ ကျမှ ပေါ်လာတာ။ အသံဟာလည်းပဲ ထို့အတူပဲ။ 
မီးခြစ်ဘူးက ခြစ်လိုက်လို့ မီးတောက်ကလေး ပေါ်လာသလိုပဲ အသံကလည်း စိတ်ဆိုတဲ့ အကြောင်း, ဥတုဆိုတဲ့အကြောင်း တစ်ခုခုနဲ့ ရိုက်ခတ်လိုက်မှ ပေါ်လာတာပါလို့ ရှင်းပြရတယ်။ နောက်ပိုင်းမှာ သူသဘောကျသွားတယ်၊ စာပေဆိုင်ရာ မေးခွန်းတွေပဲ မေးတော့တယ်၊ ခုနက cassette တို့ radio တို့ဆိုတဲ့ အသံတွေက ဖမ်းထားပြီးတော့ ပြန်လွှင့်တဲ့ အသံတွေ၊ ဒါတွေက secondary တွေပဲ။ primary မဟုတ်ဘူး၊ ဖြစ်ပြီးတော့မှ ထိန်းထားတဲ့ အသံတွေ ဖြစ်တယ်၊ မူလက ရှိနေတဲ့ အသံ မဟုတ်ဘူး၊ ခုနက အဆင်းတို့ ဘာတို့ဆိုတာ မူလက ရှိနေတာ။
                   အဲဒီတော့ အသံဆိုတာ အဘိဓမ္မာမှာ သဒ္ဒေါ စိတ္တော တုဇောစိတ် ဥတု ၂-မျိုးကြောင့် ဖြစ်တယ်ဆိုတော့ စိတ်ကြောင့် ဖြစ်တဲ့ အသံရှိတယ် - စိတ္တဇသဒ္ဒ၊ ဥတုကြောင့်ဖြစ်တဲ့ အသံရှိတယ် - ဥတုဇသဒ္ဒ၊ အဲဒီလို စိတ် ဥတု ဆိုတဲ့ ပစ္စုပ္ပန် အကြောင်းတရားတွေကို အမှီပြုပြီးတော့ အသံဆိုတာ ထွက်ပေါ်လာတာပဲ၊ ဘယ်နေရာကို ကြည့်လိုက် ကြည့်လိုက် အသံထွက်နိုင်တဲ့နေရာဆိုရင် သူ့အင်အားအလိုက် ဖြစ်တာပဲ၊ သံချောင်း တစ်ချောင်းနဲ့ တစ်ချောင်း တီးလည်း အသံထက်တာပဲ၊ သံချောင်းနဲ့ နံရံတစ်ခု ခေါက်လည်း အသံထွက်တာပဲ၊ အဲဒီလို အသံဆိုတာ တစ်ခုနဲ့ တစ်ခု ရိုက်ခတ်လို့ ပေါ်လာတဲ့အရာမျိုး ဖြစ်တယ်လို့ဆိုတော့ သဘောပေါက်သွားတယ်။ အဲဒီလို ထွက်လာပြီးတော့မှ ထိန်းလို့ရတယ်ပေါ့၊ ထွက်လာပြီးတော့ ထိန်းထားလို့ရှိရင် ဥတုဇသဒ္ဒ လို့ ခေါ်တယ်။
                   အေး ကောင်းပြီ - သဒ္ဒဆိုတဲ့ ရုပ်ဟာ to be heard ကြားလို့ရတယ်၊ can heard နားထောင်လို့ရတယ်၊ နားနဲ့ပဲ ဆက်သွယ်ပြီးတော့ သောတဝိညာဏ်စိတ်နဲ့ပဲ သိနိုင်တယ်၊ ကျန်တဲ့စိတ်နဲ့ သိလို့မရဘူး၊ ခုနက မြင်လို့ရတာနဲ့ တခြားစီ ဖြစ်သွားပြီပေါ့။
                   နောက်အာရုံတစ်ခုက ဃနပသာဒ လို့ဆိုတဲ့ နှာခေါင်းကို အသုံးချပြီး သိရတဲ့အာရုံမျိုး၊ အဲဒါကို ဂန္တာရုံ-အနံ့အာရုံပေါ့၊ အဲဒီအနံ့အာရုံက ဃာနပသာနဲ့ ဆက်သွယ်ပြီးတော့မှ ဃာနဝိညာဏ်စိတ်နဲ့ပဲ သိနိုင်တယ်၊ ဂန္ဓာရုံက စက္ခုဝိညာဏ်စိတ်နဲ့ သိရတဲ့ အဆင်း အာရုံနဲ့လည်း မတူဘူး၊ မတူဘူး ဆိုတာကိုလည်း ကိုယ့်ဟာကို လက်တွေ့ကြည့်လို့ရတာပဲ။ နေ့စဉ်နဲ့အမျှ ကြုံတွေ့နေတာပဲ၊  အနံ့ရတယ်ဆိုရင် နှာခေါင်းနဲ့ပဲ သိရတာ။ မျက်လုံးနဲ့ကြည့်လို့ ရတာမှ မဟုတ်တာ၊ နှာခေါင်းနဲ့ရှူကြည့်မှ အနံ့ဆိုတာ သိတာလေ။
                   ထို့အတူပဲ ရသာရုံတဲ့၊ လျှာနဲ့ ထိတွေ့ပြီးတော့မှ ဇိဝှာစိညာဏ်စိတ်နဲ့သာ သိလို့ရတဲ့ အာရုံမျိုး၊ ဒါလည်း ခုနဟာတွေနဲ့ မတူဘူး၊ ထူးခြားတယ်၊ ရသာရုံဆိုတာ ဥပမာ-မျက်စိနဲ့မှတ်ထားတဲ့ သညာနဲ့တော့ ကြည့်လို့ရတာပေါ့၊ ဆားမြင်လိုက်ရင် ငန်မှာပဲ ဆိုတာ၊ ဒါက အတွေ့အကြုံနဲ့သိတာ၊ သံပုရာသီးမြင်ရင် ချဉ်မှာပဲ လို့ဆိုပြီး အတွေ့အကြုံနဲ့ သိနေတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ချဉ်တဲ့သံပုရာသီးတွေချည်း တွေ့တာကိုး၊ ငြုပ်သီးမြင်တာနဲ့ စပ်နေပြီ၊ ဇီးဖြူသီးမြင်တာနဲ့ သွားရေကျကုန်ပြီ၊   
 ဘာဖြစ်လို့တုန်းဆိုတော့ အတွေ့အကြုံနဲ့ ပြောနေတာ၊ အဲဒါတွေက အတွေ့အကြုံနဲ့ တွေးကြည့်ပြီး ဖြစ်တဲ့ဟာတွေနော်၊ ဒါကြောင့်မို့ ရသာရုံဆိုတာ တစ်ခါမှ မစားဖူးတဲ့ အစာအာဟာရဆိုရင်, တစ်ခါမှ မမြင်ဖူးတဲ့ အသီးဆိုရင် ဒါလေးက ကောင်းတယ် မြည်းကြည့်ပါလားဆို မြည်းကြည့်မှ သိတာ မဟုတ်လား၊ မျက်စိနဲ့ ကြည့်ရုံနဲ့ အရာသာကို မသိနိုင်ဘူးတဲ့၊ ဒါလည်း အင်မတန်ထင်ရှားတဲ့ အချက်ပဲ။
                   နောက် ဖောဋ္ဌဗ္ဗာရုံ၊ ဖောဋ္ဌဗ္ဗာရုံဆိုတာ ခန္ဓာကိုယ်ကို လာထိပြီးတော့မှ သိရတဲ့ဟာတွေ၊ ဖောဋ္ဌဗ္ဗာရုံဆိုတာ ပထဝီ ဆိုတဲ့ ခက်မာမှု နူးညံ့မှု, မာတယ် ပျော့တယ်ဆိုတဲ့ သဘော၊ ကြမ်းတမ်းတယ် နူးညံ့တယ်ဆိုတဲ့ သဘော၊ တစ်စုံတစ်ခုကို စမ်းကြည့်လို့ ပျော့သလား မာသလား သိချင်လို့ရှိရင် လူရဲ့ intention အတိုင်းပဲ ပျော့တယ် မာတယ်ကို သိတယ်ပေါ့။ ဒါ ပထဝီကို စမ်းတယ်လို့ ပြောတယ် - အဲဒါ ဖောဋ္ဌဗ္ဗာရုံပဲ၊ ကိုယ်နဲ့ပဲ စမ်းသပ်ကြည့်ရတာ၊ မျက်စိကနေ ကြည့်လို့မရဘူး၊ တစ်ခါတလေ ပန်းကလေးက လှ တယ်ဆိုရင် သြော် ဒီပန်းကလေးက ပျော့ပျော့လေးလား ပန်းအစစ်လား ပလတ်စတစ် ပန်းကြီးလား ဆိုတာ ကိုင်ကြည့်ရသေးတာ၊ ကိုင်ကြည့်ရင် လက်ရဲ့ အကူအညီနဲ့ သိသွားတယ်၊
ဒါကတော့ အစစ်၊ ဒါကတော့ ပိုးစလေးပဲ လို့ ပြောလို့ရတာပေါ့၊ အဲဒီတော့ တစ်ခါတလေ မျက်စိက ဆုံးဖြတ်လို့မရဘူး၊ ကာယပသာဒနဲ့ သိရမယ့် ကိစ္စကျတော့ ခန္ဓာကိုယ်နဲ့ ထိကြည့်မှပဲ သိတော့မယ်၊ အဲဒီတော့ အပျော့လား အမာလား သိချင်လို့ရှိရင်တော့ ပထဝီ ဆိုတဲ့ သဘောကို တွေ့လိမ့်မယ်။ တစ်ဖန်ပူသလား အေးသလားကို သိချင်တယ်ဆိုရင် တေဇောဆို တွေ့ရလိမ့်မယ်။ လှုပ်ရှားမှု တွန်းကန်မှု ရှိသလား ဆိုတာကို သိချင်လို့ရှိရင် ဝါယောရဲ့ သဘောကို သိရတယ်လို့ဆိုတော့ ပထဝီရယ် တေဇောရယ် ဝါယောရယ် ဟောဒီ ၃-မျိုးဟာ ကာယပသာဒနဲ့ ဆက်သွယ် ထိပြီးတော့မှ ကာယဝိညာဏ်စိတ်နဲ့ သိရတဲ့အရာတွေ ဖြစ်တယ်၊ ဒါလည်း အာရုံတစ်ခုပဲ။
***ဒေါက်တာနန္ဒမာလာဘိဝံသ၏ အဘိဓမ္မာမြတ်ဒေသနာ(ဒုတိယတွဲ) ၈၂-၈၈ မှ ပူဇော်ပါသည်။
*** ဆက်ရန်***  သတိထားရမယ့် အချက်တစ်ခု အပိုင်း(ခ) ကို ဆက်လက်ပူဇော်ပါမည်။

No comments:

Post a Comment

Gold price estimated