Video

Wednesday, 11 March 2015

အဘိဓမ္မာမြတ်ဒေသနာ ဒုတိယတွဲ အပိုင်း(၅) {အခန်း - ၂ စိတ်ဖြစ်ပုံကို လေ့လာခြင်းအကြောင်း (၂)}



အခန်း - ၂
 
စိတ်ဖြစ်ပုံကို လေ့လာခြင်းအကြောင်း (၂)
                   မနေ့က စိတ်ဆိုတာ အဖြစ်တရား၊ ဘာဖြစ်လို့ အဖြစ်တရားလို့ ခေါ်တုန်းဆိုရင် အကြောင်းတရားတွေကို မှီပြီး အကြောင်းတရားတွေ ဆုံစည်းမှ ဖြစ်လာတာ ဖြစ်သောကြောင့် အဖြစ်တရားလို့ ပြောခဲ့တယ်။ ဖြစ်ပြီးလို့ရှိရင်လည်း စိတ်ဟာ ချက်ချင်း ချုပ်ပျက်ပြီး သွားလေ့ရှိတယ်၊ စိတ်က အဖြစ်တရားဆိုတော့ အကြောင်းတရားတွေ ဆက်လက်ရှိနေသေးသမျှ ဒီစိတ်ဟာလည်း ဆက်လက် ဖြစ်နေမှာပဲ၊ သံသရာထဲမှာ စဉ်ဆက်မပြတ် အကြောင်းတရားတွေ ရှိနေသည့်အတွက် စိတ်ဟာလည်း ဆက်လက်ဖြစ်ပေါ်နေတမှာပဲ။ ဘဝသံသရာမှာ အကြောင်းတရား ရပ်သွားတာနဲ့ တစ်ပြိုက်နက် စိတ်ဖြစ်မှုဟာလည်း ရပ်တန့်သွားမှာဖြစ်တယ်။
                   အဲဒီအကြောင်းအရာတွေ ရပ်သွားတာနဲ့ စိတ်ဖြစ်မှု ရပ်သွားတယ်ဆိုတာ ဥပမာအားဖြင့် အနာဂါမ် ရဟန္တာ ဖြစ်ပြီး ဈာန်လည်း ရလို့၊ စိတ်ဖြစ်စဉ်ကြီး ခေတ္တခဏ ရပ်နားတဲ့အနေနဲ့ နိရောဓသမာပတ် ဝင်စားလိုက်မယ်ဆိုရင် ၇-ရက် ဝင်စားရင် ၇-ရက် စိတ်ဖြစ်မှုရပ်သွားတယ်။ ဘာ့ကြောင့် ရပ်တန့်သွားလဲဆိုရင် အကြောင်းတရားတွေ မရှိတော့လို့ ရပ်တန့်သွားတာ။ သို့သော် အစဉ်ထာဝရရပ်တန့်တာမဟုတ်ဘူး၊ ခေတ္တခဏ ဘာဝနာစွမ်းအားနဲ့ ရပ်တန့်သွားတယ်လို့ ပြောတာ။
                  
ဘဝတစ်ခုအနေနဲ့လည်း ရပ်တန့်ထားတာရှိတယ်၊ ဘယ်ဘဝမျိုးလဲဆိုရင် အသညသတ္တ (စိတ်မဲ့သတ္တဝါ၊ သညာမဲ့သတ္တဝါ၊ သညာကို ခေါင်းစီးတပ်ပြီးတော့ ပြောတာ၊ သညာမှ မရှိရင် စိတ်လည်းမရှိဘူး, ဝေဒနာလည်း မရှိဘူး, ဖဿလည်း မရှိဘူး၊ ဘာမှမရှိဘူးလို့ ဆိုလိုတယ်) သညာမဲ့သတ္တဝါ၊ အသိမဲ့သတ္တဝါ၊ အဲဒီသတ္တဝါ ဖြစ်နေတဲ့ အချိန်ဆိုလည်း စိတ်အစဉ်ဟာ ခေတ္တခဏ ရပ်တန့်သွားတယ်လို့ ပြောရမယ်၊ ဘာကြောင့် ရပ်တန့်သွားတုန်းဆိုရင် အကြောင်းတွေကို ရပ်လိုက်လို့ အကျိုးပြတ်သွားတဲ့ သဘောပဲ။
                   သံသရာထဲမှာ အကြောင်းတွေက ဆက်လက်ဖြစ်နေသေးသမျှ ကာလပတ်လုံး စိတ်ဟာ ဘယ်တော့မှ ရပ်တန့်သွားမှာ မဟုတ်ဘူး, ဖြစ်နေမှာပဲ၊ ဒါကြောင့်မို့ စိတ်အစဉ်မှာ ဖြစ်နေတဲ့ ကံရားတွေဟာ ဘဝသံသရာမှာ On Line ဖြစ်နေတာ၊ ကံကြမ္မာဘေး ပြေးလို့မလွတ် ဆိုတဲ့အတိုင်း လူတွေရဲ့ စိတ်အစဉ်မှာ ကံဟာ စုမိဆောင်းမိ ဖြစ်သွားပြီး ထိုကံရဲ့ အကျိုးကို ခံစားကြရတယ်၊ လူတစ်ယောက်ရဲ့ စိတ်ဖြစ်စဉ်ထဲမှာ ကံက တည်ရှိတယ်၊ ဒါကြောင့်မို့ အခြားပုဂ္ဂိုလ်ကို လွဲမှားပြီး အကျိုးပေးစရှာမရှိဘူး၊ ကိုယ်လုပ်ရင် ကိုယ့်သန္တာန်မှာပဲ ရှိတယ်။
                   ဒီတော့ မနေ့က စိတ်ဖြစ်ပုံကိုလေ့လာခြင်း ဆိုတဲ့နေရာမှာ မှီရာဝတ္ထုနဲ့အာရုံ ဆုံစည်းမိသွားတဲ့ အခါမှာ စိတ်ဖြစ်တယ်၊ ဘယ်လိုကြောင့် ဆုံစည်းမိသွားသလဲဆိုရင် စိတ်နဲ့ အာရုံတို့ ဆုံစည်းဖို့ရာအတွက် တံခါးပေါက်လေးတွေ ရှိနေတယ်၊ စာပေကျမ်းဂန်အနေနဲ့ ပြောမယ်ဆိုရင် ဝတ္ထု အာရုံ ဒွါရတို့ ပေါင်းဆုံမိခြင်းကြောင့် စိတ်ဖြစ်တယ် လို့ စိတ်ဖြစ်ပုံကို ဒီလိုပြောတာ၊ ဒီကနေ့ အသေးစိတ် ပြောရအောင်။
                   အဲဒီအာရုံနဲ့ စိတ်နဲ့ ဆုံဖို့အတွက် အခုခေတ်လိုဆိုရင် ဆက်သွယ်ရေးလမ်းကြောင်း ရှိရတယ်။ ဗုဒ္ဓမြတ်စွာရဲ့ အဘိဓမ္မာတရားတော်အရ ဆိုရင် ဒွါရ တံခါးလို့ ခေါ်တယ်၊ တံခါးဆိုတာ အတွင်းလူနဲ့ အပြင်လူ ဆက်သွယ်ဖို့ ဂိတ်တံခါးကို သုံးရတာပဲ၊ အတွင်းကရှိတဲ့လူနဲ့ အပြင်ကလူနဲ့ ဆက်သွယ်ချင်ရင် အဲဒီတံခါးကပဲ ဝင်ရတာပဲလေ။ အဲဒါကိုပဲ အပြင်ကလာတဲ့ အာရုံနဲ့ အတွင်းစိတ်တို့ ဆက်သွယ်မိအောင် လူနွေရဲ့ သန္တာန်မှာ တံခါးခြောက်ပေါက်ရှိတယ်။ အဲဒီ တံခါးခြောက်ပေါက်ဆိုတာ တင်စားပြီးတော့ ပြောတာ၊ တကယ့် ပကတိတံခါးဆိုတာ လူနှစ်ယောက်အသုံးချတာ။
ဒွါရဆိုတဲ့ စကားလုံးလေး တီထွင်ထားပုံကိုက ဒွေဇနာ အရန္တိ ဂစ္ဆာန္တိ ဧတ္ထ နှစ်ယောက်သောသူတွေ သွားလာရာ၊ အသုံးပြုရာ လို့ ပြောတာ။ နှစ်ယောက်သောသူ ဆိုတာ ဝင်တဲ့သူနဲ့ ထွက်တဲ့သူ ပေါ့။ တံခါးဆိုတာကို အသုံးပြုတာ ဝင်တဲ့သူနဲ့ ထွက်တဲ့သူကလွဲပြီး ဒိပြင်လူ အသုံးပြုတာရှိသေးလား၊ (မရှိပါဘူးဘုရား)၊ အဲဒီတော့ တံခါးဆိုတာ နှစ်ယောက်သုံးတာပဲ၊ ဝင်တဲ့လူကလည်း ဒီတံခါးကပဲ ဝင်တယ်၊ ထွက်တော့လည်း ဒီတံခါးကပဲ ထွက်တယ်၊ ဒါကြောင့်မို့ ဒွါရ ဆိုတဲ့ စကားလုံးက ဒွိ+အရ ဆိုတဲ့ စားလုံးနှစ်လုံးကို ပေါင်းလိုက်တာ၊ွိဆိုတာ နှစ်ယောက် လို့ အဓိပ္ပါယ်ရတယ်၊ အရ ဆိုတာ အသုံးပြုရာ, သွားရာ လာရာ, ထွက်ဝင်ရာ လို့ ဒီလို အဓိပ္ပါယ်နဲ့ ဒွါရဆိုတဲ့ စကားလုံးလေးကို သုံးတာ။
                   နောက်တစ်နည်းအားဖြင့် ဒွါရဆိုတာ ဖွင့်ဖို့ ပိတ်ဖို့၊ အဓိက ကတော့ ပိတ်ဖို့က အဓိကပဲ၊ ဖွင့်ထားတာက သဘာဝက သဘာဝက သူ့ဟာသူ ဖွင့်ထားပြီးသား၊ တကယ်တော့ တံခါးက ပိတ်ဖို့တပ်ကြတာပဲ၊ ဖွင့်ဖို့တပ်တာမဟုတ်ဘူး၊ ဖွင့်ဖို့ဆိုတာ နဂိုကတည်းက ပွင့်ပြီးသားပဲ မဟုတ်လား၊ အဲဒီ ပွင့်နေတဲ့ဟာကို တံခါးတပ်လိုက်လို့ရှိရင် ပိတ်လို့ရသွားတာပဲ အဓိကက၊ ဒါ့ကြောင့် ဒွါရ သံဝရနေ လို့ ပါဠိကျမ်းဂန် တွေထဲမှာ ဆိုထားတယ်၊ ဒွါရ ဆိုတဲ့ စကားလုံးဟာ ပိတ်ဆို့ခြင်း ဆိုတဲ့ အနက်ကို ဟောတယ်၊ ဒီတော့ တံခါးဆိုတာ ပိတ်ဖို့ဆိုတော့ အပြင်နဲ့အတွင်း ဆက်သွယ်လို့မရအောင် ပိတ်လို့ရတဲ့ အရာမျိုးကို တံခါးလို့ ဒီလိုခေါ်ပြန်တာပေါ့၊  ကောင်းပြီ - တံခါးဆိုတာ တင်စားပြီးတော့ သုံးထားတာ။
                   တံခါးဆိုတာ အာရုံနဲ့ ဝင်ရာထွက်ရာ၊ အာရုံနဲ့ ဝင်လာရာဝင်ပေါက်ကြီး၊ အာရုံက ဝင်လာတဲ့အခါကျမှ စိတ်ဖြစ်ပေါ်လာမှု ဆိုတာ ဖြစ်လာတာ။ သို့သော်လည်းပဲ တစ်ဖက်ကကြည့်မယ်ဆိုရင် အာရုံကဝင်လာသလို စိတ်က အာရုံဆီ ရောက်သွားလို့ရှိရင် စိတ်ကလည်း ဒီတံခါးကပဲ ထွက်တယ်လို့ ပြောလို့မရဘူးလား၊ ရတယ်နော်။ ဒါ့ကြောင့်မို့ လယ်တီဆရာတော်ကြီးက (အာရမ္မဏိက ဆိုတာ အာရုံပြုတက်တဲ့ စိတ်တရားတွေ၊ အာရမ္မဏ ဆိုတာ စိတ်ရဲ့ ပျော်မွေ့ဖွယ်ရာ အာရုံ ဒီတရားနှစ်ခုရဲ့ ဝင်ရာ ထွက်ရာ ဖြစ်သောကြောင့် တံခါး - ဒွါရ လို့ ပရမတ္ထီပနီကျမ်းမှာ ဖွင့်ဆိုထားတယ်။
                   အဘိဓမ္မတ္ထဝိဘာဝနီ ဆိုတဲ့ ဋီကာကျော်ကျမ်းမှာတော့ အဲဒီ အဓိပ္ပါယ်မျိုး မဟုတ်ဘဲနဲ့ အာဝဇ္ဇန်းစသော စိတ်တို့ရဲ့ ဖြစ်ရာအဝဖြစ်သောကြောင့် တံခါးလို့ ဆိုတယ်။ လယ်တီဆရာတော်ကြီးက မကြိုက်ဘူး၊ ဒီအဓိပ္ပါယ်က မဟုတ်ဘူးတဲ့၊ ဘာဖြစ်လိုလဲဆိုရင် စိတ်ချည်းဖြစ်တာမဟုတ်ဘူး၊ အာရုံကလည်းပဲ ဒီတံခါးကဝင်တာပဲတဲ့၊ အဲဒီတော့ လယ်တီဆရာတော်ကြီးရဲ့ အဓိပ္ပါယ်က ပိုပြီးတော့ preactival ကျတာပေါ့၊ လက်တွေ့ပိုကျတယ်။
                   အဘိဓမ္မတ္ထသင်္ဂဟကျမ်းကို ဖွင့်ဆိုတဲ့ကျမ်းဟာ မူလက ၃-ကျမ်းရှိတယ်၊ စာပေလောကမှာ သင်္ဂြိုလ်ဋီကာ ၃-ကျမ်းထဲမှာ ပထမကျမ်းက အဘိဓမ္မတ္ထသင်္ဂဟဝဏ္ဏနာ - ဘိဓမ္မာကျမ်းကို ဖွင့်ဆိုတဲ့ ဋီကာဟောင်း၊ ထို့နောက် အကျဉ်းအားဖြင့် ဖွင့်ဆိုတဲ့ သင်္ခေပဋီကာ၊ အဲဒီ သင်္ခေပဋီကာဆိုတာ မြန်မာပြည်က ဆပ္ပဒ လို့ခေါ်တဲ့ သဒ္ဓမ္မဇောတိပါလ မထေရ်ရေးတာ၊ ပုဂံခေတ်က ရေးခဲ့တဲ့ကျမ်း၊ အဲဒီနောက် ဒီကနေ့ခေတ် စာပေလောကမှာ ဘုန်းကြီးပညာရေး၊ ပရိယတ္တိ ပညာရေးမှာ နာမည်ကြီးပြီး သုံးနေတဲ့ကျမ်းကတော့ အဘိဓမ္မတ္ထဝိဘာဝနီကျမ်း ပဲ၊ အဲဒါကို နာမည်ကျော်ကြားသည့် အတွက်ကြောင့် ပင်းယခေတ်က ဋီကာကျော်လို့ သိကြတယ်၊ စစ်ကိုင်းတောင်မှ ရေငုံဆရာတော်ကြီးဆီ စာလာသင်တဲ့ အရှင်အရိယဝံသ က ဋီကာကျော်ဆိုတဲ့ အဘိဓမ္မတ္ထဝိဘာဝနီကျမ်းရဲ့  အဖွင့်ကို မဏိသာရမဉ္ဇူသာ ဆိုတဲ့ အမည်နဲ့ ရေးတယ်၊ အဲဒီကနေ စပြီးတော့ ဋီကာကျော် ဆိုတဲ့နာမည် ထွက်ပေါ်လာတာ။ ဒီကနေ့ ထိအောင် ဋီကာကျော်လို့ စာသင်သားလောကမှာ အသိများတယ်။
                   အဲဒီ ဋီကာကျော်ကျမ်းရဲ့ ဖွင့်ဆိုချက်အချို့ကို တကယ်စာတက်တဲ့မြန်မာပြည်က ဆရာတော်ကြီးတွေက မကြိုက်ကြဘူး။ အဲဒီထဲမှာ တချို့က မကြိုက်တာကို မကြိုက်ဘူးလို့ပဲပြောတယ်။ လယ်တီဆရာတော်ကြီးကတော့ ပရမတ္ထီပနီ ဆိုတဲ့ သူ့ကျမ်းထဲမှာ မကြိုက်တဲ့အချက်ပေါင်း ၁၄၀-ကျော် ထုတ်နှုတ်ပြီးတော့ မသင့်ဘူး, မကောင်းဘူး ဆိုတဲ့ စကးလုံးတွေ အသုံးပြုပြီး န ယုတ္တံ၊ န သုန္ဒရံ  ဒါ မသင့်ဘူး၊ ဒါ မကောင်ဘူး ဒီအဖွင့်မကောင်းဘူး လို့ ပယ်ချက်ခဲ့တာတွေ ရှိခဲ့တယ်။
                   သို့သော် လယ်တီဆရာတော်ကြီးနဲ့ သဘောမတူတဲ့ ပုဂ္ဂိုလ်တွေလည်းရှိတယ်။ မြန်မာပြည်မှာ ဋီကာကျော်ဘက်က ပြန်ပြီး ချေပကြတဲ့ ပုဂ္ဂိုလ်တွေလည်းရှိတယ်။ သို့သော် တချို့ကိစ္စတွေမှာ ဋီကာကျော်ဆရာထက် လယ်တီဆရာတော်ကြီးရဲ့ အဓိပ္ပါယ်ဖွင့်ဆိုမှုတွေက ပိုပြီး လက်တွေ့ကျတယ်လို့ ပြောရမှာပဲ။ တစ်ချို့ ပညာရှင်တွေက လယ်တီဆရာတော်ကြီးရဲ့ ဖွင့်ဆိုချက်တွေက ပိုပြီး အဓိပ္ပါယ်ရှိတယ်လို့ ဆိုတယ်။
*ကောက်နှုတ်ချက်* အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ (Ph.D) အဘိဓမ္မာ မြတ်ဒေသနာ (ဒုတိယတွဲ) (စာ ၄၀- ၄၅)  မှ ကောက်နှုတ်ရေးသား ပူဇော်ပါသည်။
ဆက်လက်၍ စိတ်ဖြစ်ပုံလေးလာခြင်း အပိုင်း(ခ)ကို တင်ပြပါမည်။

No comments:

Post a Comment

Gold price estimated