Video

Monday, 30 March 2015

ဆဌသင်္ဂီတိပုစ္ဆက မဟာစည်ဆရာတော်ဘုရားကြီး၏ ဩ၀ါဒဆောင်ပုဒ်များ(၇)။

 ***ဓမ္မစကြာလာ တရားဆောင်ပုဒ်များ***
           ==================
၁။  ကုသိုလ်ဆိုင်ရာ၊ အားထုတ်တာ
     သမ္မာဝါယမပါ။
၂။  မူလ ပုဗ္ဗ၊  အရိယ
     သုံးဝ  မဂ္ဂင်မြတ်။

၃။   ဖြစ်ပွားစေလျှင်၊  ဤမဂ္ဂင်
      ပြေးဝင် နိဗ္ဗာနဓာတ်။
၎။   ဖြစ် အို သေရေး၊  စိုးရိမ်ဆွေး
      ငိုကြွေး  ကိုယ်နာကျင်။
၅။   နှလုံးမသာ၊  စိတ်ပြင်းစွာ
      ပူတာ  ဆင်းရဲပင်။
၆။   မုန်းတာနှင့်တွဲ၊  ချစ်တာကွဲ
      ဆင်းရဲ  အမှန်ပင်။
၇။   မရတာလို၊  ဒုက္ခဆို
      တိုတို  ပြောရလျှင်။
၈။   စွဲလန်း နိုင်ရာ၊  ငါးခန္ဓာ
      သစ္စာ  ဒုက္ခပင်။
၉။   ဘ၀တိုင်း ဘ၀၊  တွေ့ကြုံရ
      ဒုက္ခ  ဆင်းရဲတာ။
၁၀။  ဇာတိကင်းက၊  ယင်းဒုက္ခ
       လုံးဝ  မရှိရှာ။
၁၁။  ထို့ကြောင့် အစ၊  ဖြစ်ခြင်းမျှ
       ဒုက္ခ  ဟောမိန့်ပါ။
{မဟာစည် ဆရာတော်ဘုရားကြီး၏ ဓမ္မစကြာ တရားတော် မှကူးယူရေးသားပူဇော်ပါသည်။}
  (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

Sunday, 29 March 2015

မေတ္တာခံယူသူတို့ ချမ်းသာရပုံ ၀ိသာခ မထေရ်ဝတ္ထု


ဒကာ။        ။ မေတ္တာစစ် မေတ္တာမှန်ဖြင့် အပို့ခံရသူမှာ ချမ်းသာသုခရရှိတဲ့ ပုံစံဝတ္ထု ပိဋကတ်တော်မှာ ထင်ရှားတဲ့အကြောင်းများရှိရင် အနည်းငယ် လိုရင်းမျှ ထုတ်ပြပါဆရာတော်၊ မေတ္တာသမားများ အားတက်စရာဖြစ်အောင်ပေါ့ ဘုရား။
    ဆရာ။        ။ အင်း၊ ပိဋကတ်တော်မှာ လာရှိတဲ့ ဝတ္ထုသက်သေတွေ များစွာရှိပါတယ်လေ၊ မေတ္တာကမ္မဋ္ဌာန်းသမားများ မှတ်သားထားကြဖို့ တခုလောက်တော့ ထုတ်ပြပေးပါ့မယ်။


        မဇ္ဈိမတိုက်ပါဋလိပုတ်ပြည်သား ၀ိသာခအမည်ရှိတဲ့     သူကြွယ်တယောက်ဟာ သီရိလံကာဒီပခေါ်တဲ့ သီဟိုဠ်ကျွန်း၌ ဗုဒ္ဓသာသနာတော်     ထွန်းကားတဲ့သတင်းစကားကို ကြားသိရသောအခါ     သီဟိုဠ်ကျွန်းသို့သွားရောက်ကာ တရားအားထုတ်လိုသောကြောင့်     မိမိစည်းစိမ်ဥစ္စာတွေကို သားမယားတို့အားလွှဲအပ်စွန့်လွှတ်လျက်     သီဟိုဠ်ကျွန်းဘက်သို့ ကူးသွားပြီး မဟာဝိဟာရကျောင်းတိုက်ကြီး၌ ရဟန်းပြုကာ     ငါးလပတ်လုံး ရဟန်းတော်များ၏ ကျင့်ဝတ်သိက္ခာ ၀ိနည်းတရားတော်များကို     တတ်ကျွမ်းနားလည်အောင် သင်ကြားပြီးနောက် မဟာဝိဟာရကျောင်းတိုက်ကြီးမှ     ထွက်ခွာလျက် ကမ္မဋ္ဌာန်းတရားပွားများ အားထုတ်နိုင်ရန်     သင့်လျော်မည့်ကျောင်းတိုက်များကို ရှာပြီးလျှင် တကျောင်း တကျောင်း၌     လေးလစီမျှ သင်ကြားပွားများ အားထုတ်ကာ နေလေ့ရှိတယ်တဲ့။
        ထိုမှနောက်၌ ၀ိသာခထေရ်မြတ်သည် စိတ္တလတောင်ကျောင်းသို့     ပြောင်းရွှေ့လျက် မေတ္တာတရား ပွားများအားထုတ်မှုပြုကာ     လေးလမျှကြာသောအခါ တခြားတနေရာ တကျောင်းသို့ ပြောင်းသွားမည်ပြုစဉ်     မြစိမ်းပင်စောင့်နတ်က စောင်းတန်းဦးမှ ထိုင်ကာ ငိုရှာတယ်တဲ့၊ ထိုအခါ     မထေရ်မြတ်က “စောင်းတန်းဦးက ရှိုက်ကာရှိုက် ငိုနေတာ ဘယ်သူလဲ၊     ဘယ်အကြောင်းကြောင့် ငိုတာလဲ”ဟု မေးမြန်းလိုက်တယ် တဲ့။
        “တပည့်တော် မြစိမ်းပင်စောင့်နတ်ပါ ဘုရား၊ အရှင်မြတ်တို့ ဤအရပ်မှ     ကြွသွားတော့မည်ဆို၍ ငိုရပါသည် ဘုရား” ဟုလျှောက်ထားတယ်။
        “ငါ ဤအရပ်၌ နေထိုင်သီတင်းသုံးခြင်းအားဖြင့် အသင်နတ်မင်းတို့မှာ     ဘယ်လိုချမ်းသာသုခမျိုး အကျိုးစီးပွားတွေကို ရရှိခံစားရပါသလဲ”
        “အရှင်မြတ်တို့ ဤစိတ္တလတောင်ကျောင်းသို့ ကြွရောက် သီတင်းသုံးကာ     မေတ္တာ ဘာဝနာတရားတော်များ ပွားစီးပို့သ၍ နေတော်မူသော မေတ္တာဓာတ်     တန်ခိုးတော်ကြောင့် ဤအရပ်၌ ဆိုးသွမ်းကြမ်းတမ်းခက်ထန်သော စကားတို့ဖြင့်     မသင့် မတင့် ရှိကြကုန်သော နတ် ဘီလူး စသည်တို့ဟာ အရှင်မြတ်၏     မေတ္တာဓာတ်ကြောင့် အချင်းချင်း ချစ်ခင်ကြင်နာသော စိတ်ထားရှိကြပါကုန်သည်၊     သင့်တင့်ချမ်းသာ ပျော်ရွှင်စွာ နေထိုင်ကြရပါကုန်သည်၊ အချင်းချင်းလည်း     မေတ္တာတရားရကြကုန်ပါသည်၊ အရှင်မြတ်ဘုရားကြွတော်မူပါက     ထိုနတ်ဘီလူးတို့သည် ကြမ်းတမ်းခက်ထန် ယုတ်မာဆိုးသွမ်းသော စကားတို့ဖြင့်     ငြင်းခုံ ခိုက်ရန်မှု ပြုကြပါလိမ့်မည်၊ ဘုရား” ဟုလျှောက်ထားတယ်။
        “အိမ်း…ငါ သည်အရပ်မှာနေသဖြင့် သင်တို့ချမ်းသာမည်ဖြစ်လျှင်     နောက်ထပ်လေးလ နေပေးဦးမည်” ဆိုကာ လေးလစေ့၍ ကြွမည်ပြုသောအခါ     ထိုမြစိမ်းပင်နတ်က ငိုကြွေးလျှောက်ထားတောင်းပန်ပြန်၍ ၀ိသာခ     မထေရ်မြတ်ဟာ အရပ်တပါးသို့ ကြွမသွားဖြစ်တော့ဘဲ ဤအရပ်မှာပင် ပရိနိဗ္ဗာန်     စံဝင်ရရှာတယ် တဲ့၊ ပိဋကတ်တော်မှာ ဒါမျိုးတွေ များစွာပဲ ရှိပါတယ်။
    ကဲ…အဲဒီဝတ္ထုအကြောင်းအရာကို ထောက်ဆသောအားဖြင့် မေတ္တာပို့သူမှာသာ အကျိုးစီးပွား သုခချမ်းသာတရားတို့ရတာမဟုတ်ပဲ၊ မေတ္တာအပို့ခံရသူတွေမှာလည်း အချင်းချင်း သင့်တင့်ကြကာ ချမ်းသာသုခ ရရှိကြတာတွေကို ယုံကြည်စွာဖြင့် မေတ္တာတရားလည်း ပို့သကြပေါ့၊ သူတပါးပို့သတဲ့ မေတ္တာကိုလည်း ခံယူကြပေါ့၊ ကျေနပ်လောက်ပါပြီနော်။
    ဒကာ။        ။ မှန်ပါ့၊ မေတ္တာပို့သူရဲ့ အကျိုး ၁၁ ပါးနဲ့ မေတ္တာခံယူသူတို့ ရရှိသည့် အကျိုးများကို ယခုလို သိရလို့ ကျေနပ်လှပါတယ်၊ မေတ္တာပွားများ ပို့သပုံများကိုလည်း လူတိုင်းနားလည်စွာ ပို့သ တတ်အောင် နည်းပြပေးပါဦး ဆရာတော်။
    ဆရာ။        ။ မေတ္တာတရား ပွားများပို့သပုံနည်းကတော့ လွယ်လွယ်နဲ့ လူတိုင်းပွားများတတ်ကြဖို့ နယ-နှစ်ပါးနဲ့ပဲ ပြသပေးသွားမည်၊ ဒီမေတ္တာနည်းနှစ်ပါးနဲ့ ပို့သ ပွားများခြင်းဖြင့်ပင် ပို့သသူခံယူသူအားလုံးကုန် အကျိုးသုခတွေနဲ့ ပြည့်စုံပြီးမြောက်နိုင်ပါတယ်။
    မေတ္တာဆိုတာ “သူတပါးတို့၏, သတ္တ၀ါတိုင်း၏ အကျိုးစီးပွား ဖြစ်ထွန်းကြီးထွားမှုကို လိုလားတောင့်တနေမှုဟာ မေတ္တာပဲ” အဲဒီတရားကို ပွားများနေလျှင် စင်ကြယ် မွန်မြတ်သော နေခြင်းဖြစ်၍ ဗြဟ္မ၀ိဟာရ- ဗြဟ္မာတို့၏ နေခြင်း အကျင့်တရားမို့ ယင်းကို ဗြဟ္မစိုရ်တရားလို့လည်း ခေါ်ကြတယ်၊ ကဲ…နားထောင်မှတ်သားပေတော့။
http://www.thamameggin.blogspot.com  မှတဆင့်ခံစားတင်ပြသည်။

Tuesday, 17 March 2015

အနတ္တလက္ခဏသုတ်- မြန်မာပြန်-


  ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ ပူဇေမိ၊ပူဇော်ပါ၏။
ဓမ္မံ၊ တရားတော်မြတ်ကို။ ပူဇေမိ၊ ပူဇော်ပါ၏။
သံဃံ၊ သံဃာတော်မြတ်ကို။ပူဇေမိ၊ ပူဇော်ပါ၏။
* ဗုဒ္ဓေါ မေသရဏံ အညံ နတ္ထိ။
* ဓမ္မော မေ သရဏံ အညံ နတ္ထိ။
* သံဃောမေ သရဏံ အညံ နတ္ထိ။
ဗုဒ္ဓေါ= မြတ်စွာဘုရားသည်။
မေ= ဘုရားတပည့်တော်၏။
သရဏံ= ကိုးကွယ်ရာမည်ပါပေ၏။
အညံ= ဘုရားမှတပါး။
သရဏံ= ကိုးကွယ်ရာသည်။
နတ္ထိ= မရှိတော့ပါချေ။

ဓမ္မော= တရားတော်မြတ်သည်။
မေ= ဘုရားတပည့်တော်၏။
သရဏံ= ကိုးကွယ်ရာမည်ပါပေ၏။
အညံ= တရားမှတပါး။
သရဏံ= ကိုးကွယ်ရာသည်။
နတ္ထိ= မရှိတော့ပါချေ။
သံဃော= သံဃာတော်မြတ်အပေါင်းသည်။
မေ= ဘုရားတပည့်တော်၏။
သရဏံ=ကိုးကွယ်ရာမည်ပါပေ၏။
အညံ= သံဃာမှတပါး။
သရဏံ= ကိုးကွယ်ရာသည်။
နတ္ထိ= မရှိတော့ပါချေ။

-အနတ္တလက္ခဏသုတ်  မြန်မာပြန်-

*၁*အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဗာရာဏသီပြည်
ဣသိပတန မိဂါဝုန်တော၌ ““သီတင်းသုံး””နေတော်မူ၏။
ထိုအခါ မြတ်စွာဘုရားသည် ပဉ္စ၀ဂ္ဂီရဟန်းတို့ကို ““ရဟန်း
တို့””ဟု မိန့်တော်မူ၏။ အသျှင်ဘုရားဟု ထိုရဟန်းတို့သည်
မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏။

*၂*ရဟန်းတို့  ရုပ်သည်  အတ္တမဟုတ်၊ ရဟန်းတို့
ရုပ်သည် အတ္တဖြစ်ခဲ့ငြားအံ့၊ဤရုပ်သည် နာကျင်ခြင်း
ငှါ မဖြစ်ရာ၊ ““ငါ၏ရုပ်သည် ဤသို့ဖြစ်စေ၊ငါ၏
ရုပ်သည် ဤသို့ မဖြစ်စေလင့်””ဟု ရုပ်၌ တောင့်တမှုကို
ရကောင်းရာ၏။ ရဟန်းတို့ ရုပ်သည် အတ္တမဟုတ်သော
ကြောင့် နာကျင်ခြင်းငှာဖြစ်၏။ ““ငါ၏ရုပ်သည်
ဤသို့ဖြစ်စေ၊ ငါ၏ရုပ်သည် ဤသို့ မဖြစ်စေလင့်””ဟု
ရုပ်၌ တောင့်တမှုကို ရလည်းမရ။

*၃*ဝေဒနာသည် အတ္တမဟုတ်၊ ရဟန်းတို့ ဝေဒနာသည်
အတ္တဖြစ်ခဲ့ငြားအံ့၊ ဤဝေဒနာသည် နာကျင်ခြင်းငှါ
မဖြစ်ရာ၊ ““ငါ၏ဝေဒနာသည် ဤသို့ဖြစ်စေ၊ငါ၏
ဝေဒနာသည် ဤသို့ မဖြစ်စေလင့်””ဟု ဝေဒနာ၌
တောင့်တမှုကို ရကောင်းရာ၏။ ရဟန်းတို့ဝေဒနာ
သည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာ
ဖြစ်၏။ ““ငါ၏ဝေဒနာသည် ဤသို့ဖြစ်စေ၊ငါ၏
ဝေဒနာသည် ဤသို့ မဖြစ်စေလင့်””ဟု ဝေဒနာ၌
တောင့်တမှုကို ရလည်းမရ။

*၄*သညာသည် အတ္တမဟုတ်၊ရဟန်းတို့ သညာသည်
အတ္တဖြစ်ခဲ့ငြားအံ့၊ ဤသညာသည် နာကျင်ခြင်းငှါ
မဖြစ်ရာ၊ ““ငါ၏သညာသည် ဤသို့ဖြစ်စေ၊ငါ၏
သညာသည် ဤသို့မဖြစ်စေလင့်””ဟု သညာ၌ တောင့်တ
မှုကို ရကောင်းရာ၏။ ရဟန်းတို့ သညာသည် အတ္တ
မဟုတ်သောကြောင့် နာကျင်ခြင်းငှာဖြစ်၏။ ““ငါ၏သညာ
သည် ဤသို့ဖြစ်စေ၊ ငါ၏သညာသည် ဤသို့
မဖြစ်စေလင့်””ဟု သညာ၌ တောင့်တမှုကို ရလည်းမရ။

*၅*သင်္ခါရတို့သည် အတ္တမဟုတ်၊ ရဟန်းတို့သင်္ခါရ
တို့သည် အတ္တဖြစ်ခဲ့ငြားအံ့၊ဤသင်္ခါရတို့သည် နာကျင်
ခြင်းငှါ မဖြစ်ရာ၊ ““ငါ၏သင်္ခါရတို့သည် ဤသို့ဖြစ်စေ
ကုန်သတည်း၊ ငါ၏သင်္ခါရတို့သည် ဤသို့မဖြစ်စေကုန်
သတည်း””ဟု  သင်္ခါရတို့၌  တောင့်တမှုကို ရကောင်းရာ
၏။ ရဟန်းတို့သင်္ခါရတို့သည် အတ္တမဟုတ်သောကြောင့်
နာကျင်ခြင်းငှာ ဖြစ်ကုန်၏။ ““ငါ၏သင်္ခါရတို့သည်
ဤသို့ဖြစ်စေကုန်သတည်း၊ ငါ၏သင်္ခါရတို့သည် ဤသို့
မဖြစ်စေကုန်သတည်း””ဟု သင်္ခါရတို့၌ တောင့်တမှုကို
ရလည်းမရ။

*၆*၀ိညာဏ်သည် အတ္တမဟုတ်၊ ရဟန်းတို့ဝိညာဏ်
သည် အတ္တဖြစ်ခဲ့ငြားအံ့၊ ဤ၀ိညာဏ်သည် နာကျင်ခြင်း
ငှါ မဖြစ်ရာ၊ ““ငါ၏၀ိညာဏ်သည် ဤသို့ဖြစ်စေ၊ ငါ၏
ဝိညာဏ်သည် ဤသို့ မဖြစ်စေလင့်””ဟု ၀ိညာဏ်၌
တောင့်တမှုကို ရကောင်းရာ၏။ ရဟန်းတို့ဝိညာဏ်
သည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာဖြစ်၏။
““ငါ၏၀ိညာဏ်သည် ဤသို့ဖြစ်စေ၊ ငါ၏၀ိညာဏ်သည်
ဤသို့ မဖြစ်စေလင့်””ဟု ၀ိညာဏ်၌ တောင့်တမှုကို
ရလည်းမရ။

*၇*ရဟန်းတို့  ထိုအရာကို  အဘယ်သို့  မှတ်ထင်
ကုန်သနည်း၊ ရုပ်သည် မြဲသလော မမြဲသလော။
မမြဲပါ အသျှင်ဘုရား။ မမြဲသောရုပ်သည် ဆင်းရဲလော
ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော
ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ရုပ်ကို
““ဤရုပ်သည် ငါ့ဥစ္စာဖြစ်၏၊ ဤရုပ်သည် ငါဖြစ်၏၊
ဤရုပ်သည် ငါ၏ကိုယ် “အတ္တ”တည်း””ဟု ရှုခြင်းငှာ
သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။

*၈*ဝေဒနာသည် မြဲသလော မမြဲသလော။ မမြဲပါ အသျှင်
ဘုရား။  မမြဲသောဝေဒနာသည်  ဆင်းရဲလော  ချမ်းသာ
လော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲ
သော  ဖောက်ပြန်ခြင်းသဘောရှိသော  ဝေဒနာကို  ““ဤ
ဝေဒနာသည် ငါ့ဥစ္စာဖြစ်၏၊ ဤဝေဒနာသည် ငါဖြစ်
၏၊ ဤဝေဒနာသည် ငါ၏ကိုယ်“အတ္တ”တည်း””ဟု ရှုခြင်း
ငှာ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်
ဘုရား။

*၉*သညာသည် မြဲသလော  မမြဲသလော။  မမြဲပါ
အသျှင်ဘုရား။ မမြဲသောသညာသည် ဆင်းရဲလော
ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော
ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော သညာကို
““ဤသညာသည် ငါ့ဥစ္စာဖြစ်၏၊ ဤသညာသည် ငါဖြစ်
၏၊ဤသညာသည် ငါ၏ကိုယ်“အတ္တ”တည်း””ဟု ရှုခြင်းငှာ
သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။

*၁၀*သင်္ခါရတို့သည် မြဲသလော မမြဲသလော။ မမြဲပါ
အသျှင်ဘုရား။ မမြဲသောသင်္ခါရတို့သည် ဆင်းရဲလော
ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော
ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော သင်္ခါရတို့
ကို ““ဤသင်္ခါရတို့သည် ငါ့ဥစ္စာဖြစ်၏၊ ဤသင်္ခါရ
တို့သည် ငါဖြစ်၏၊ ဤသင်္ခါရတို့သည် ငါ၏ကိုယ်
“အတ္တ”တည်း””ဟု ရှုခြင်းငှာ သင့်လျော်ပါမည်လော။
မသင့်လျော်ပါ အသျှင်ဘုရား။

*၁၁*၀ိညာဏ်သည် မြဲသလော မမြဲသလော။ မမြဲပါ
အသျှင်ဘုရား။ မမြဲသောဝိညာဏ်သည် ဆင်းရဲလော
ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော
ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ၀ိညာဏ်ကို
““ဤ၀ိညာဏ်သည် ငါ့ဥစ္စာဖြစ်၏၊ ဤ၀ိညာဏ်သည်
ငါဖြစ်၏၊ ဤ၀ိညာဏ်သည် ငါ၏ကိုယ်“အတ္တ”တည်း””ဟု
ရှုခြင်းငှာ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ
အသျှင်ဘုရား။

*၁၂*ရဟန်းတို့ ထိုသို့ဖြစ်ခြင်းကြောင့် အတိတ် အနာဂတ်
ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်း အပြင်လည်းဖြစ်သော၊
အကြမ်း အနုလည်းဖြစ်သော၊ အယုတ် အမြတ်လည်း
ဖြစ်သော၊ အဝေး အနီးလည်းဖြစ်သော အလုံးစုံသော
ရုပ်ကို ““ဤရုပ်သည် ငါ့ဥစ္စာမဟုတ်၊ ဤရုပ်သည်
ငါမဟုတ်၊ ဤရုပ်သည် ငါ၏ ကိုယ်“အတ္တ” မဟုတ်””ဟု
ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့်
ရှုရမည်။

*၁၃*အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်း
အပြင်လည်းဖြစ်သော၊ အကြမ်း အနုလည်းဖြစ်သော၊
အယုတ် အမြတ်လည်းဖြစ်သော၊ အဝေး အနီးလည်း
ဖြစ်သော အလုံးစုံသော ဝေဒနာကို ““ဤ ဝေဒနာသည်
ငါ့ဥစ္စာမဟုတ်၊ ဤဝေဒနာသည် ငါမဟုတ်၊ ဤ
ဝေဒနာသည် ငါ၏ ကိုယ်“အတ္တ” မဟုတ်””ဟု ဤသို့
ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။

*၁၄*အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်း
အပြင်လည်းဖြစ်သော၊ အကြမ်း အနုလည်းဖြစ်သော၊
အယုတ် အမြတ်လည်းဖြစ်သော၊ အဝေး အနီးလည်း
ဖြစ်သော အလုံးစုံသောသညာကို ““ဤသညာသည် ငါ့
ဥစ္စာမဟုတ်၊ ဤသညာသည် ငါမဟုတ်၊ ဤသညာ
သည် ငါ၏ကိုယ်“အတ္တ”မဟုတ်””ဟု ဤသို့ ဟုတ်တိုင်း
မှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။

*၁၅*အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်း
အပြင်လည်းဖြစ်သော၊ အကြမ်း အနုလည်းဖြစ်သော၊
အယုတ် အမြတ်လည်းဖြစ်သော၊ အဝေး အနီးလည်း
ဖြစ်သော အလုံးစုံသော သင်္ခါရတို့ကို ““ဤသင်္ခါရတို့
သည် ငါ့ဥစ္စာမဟုတ်ကုန်၊ ဤသင်္ခါရတို့သည် ငါမဟုတ်
ကုန်၊ ဤသင်္ခါရတို့သည် ငါ၏ကိုယ်“အတ္တ”မဟုတ်ကုန်””
ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့်
ရှုရမည်။

*၁၆*အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်း
အပြင်လည်းဖြစ်သော၊ အကြမ်း အနုလည်းဖြစ်သော၊
အယုတ် အမြတ်လည်းဖြစ်သော၊ အဝေး အနီးလည်း
ဖြစ်သော အလုံးစုံသော ၀ိညာဏ်ကို ““ဤ၀ိညာဏ်သည်
ငါ့ဥစ္စာမဟုတ်၊ ဤ၀ိညာဏ်သည် ငါမဟုတ်၊ ဤ
ဝိညာဏ်သည် ငါ၏ ကိုယ်“အတ္တ”မဟုတ်””ဟု ဤသို့
ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။

*၁၇*ရဟန်းတို့ဤသို့ ရှုသော အကြားအမြင်ရှိသော
အရိယာတပည့်သည် ရုပ်၌လည်း ငြီးငွေ့၏၊ ဝေဒနာ၌
လည်း ငြီးငွေ့၏၊ သညာ၌လည်း ငြီးငွေ့၏၊ သင်္ခါရ
တို့၌လည်းငြီးငွေ့၏၊ ၀ိညာဏ်၌လည်း ငြီးငွေ့၏၊
ငြီးငွေ့သော် စွဲမက်မှုကင်း၏၊ စွဲမက်မှုကင်းခြင်းကြောင့်
(ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်
မြောက်သော် (ကိလေသာမှ) ““လွတ်မြောက်ပြီ””ဟု အသိ
ဉာဏ်ဖြစ်ပေါ်၏၊ ““ပဋိသန္ဓေ နေမှုကုန်ပြီ၊ အကျင့်မြတ်
ကို ကျင့်သုံးပြီးပြီ၊ပြုဖွယ်(မဂ်)ကိစ္စကို ပြုပြီးပြီ၊
ဤမဂ်ကိစ္စအလို့ငှာ တစ်ပါးသောပြုဖွယ် မရှိတော့ပြီ””ဟု
ဟောတော်မူ၏။

*၁၈*မြတ်စွာဘုရားသည်  ဤစကားကို မိန့်တော်မူ၏၊
ပဉ္စ၀ဂ္ဂီရဟန်းတို့သည် မြတ်စွာဘုရား မိန့်တော်မူသော
စကားကို နှစ်လိုသည်ဖြစ်၍ ၀မ်းမြောက်စွာ ခံယူကုန်ပြီ။
ဤဂါထာမဖက် သက်သက်သော ဒေသနာကို ဟော
တော်မူအပ်သည်ရှိသော် ပဉ္စ၀ဂ္ဂီရဟန်းတို့၏ စိတ်တို့သည်
မစွဲလမ်းမူ၍ အာသဝေါတို့မှ လွတ်မြောက်ကုန်၏။
အနတ္တလက္ခဏသုတ် မြန်မာပြန် ပြီးပါပြီ။

 (သုတ္တံတရားတော်များ စာအုပ်မှတဆင့်တင်ပြပါသည်)

ဇနီးမယား(၇)မျိုးဆိုတာ

မြတ်စွာဘုရားရှင်သီတင်းတော်မူတဲ့ ဇေတဝန်ကျောင်းတော်ကြီးရဲ့ ကောင်းဒါယကာ အနာထပိဏ်သူဌေးကြီးမှာ သုဇာတာဆိုတဲ့ချွေးမတစ်ယောက်ရှိပါတယ်။ထိုသုဇာတာ သတို့သမီးက လင်ဖြစ်သူရဲ့ ပြောဆိုဆုံးမမှုကို မနာခံသလို၊ယောက္ခမဖြစ်သူရဲ့ ဆုံးမ စကားကိုလည်း ကလန်ကဆန်ပြန်လုပ်ပြီး ရန်တွေ့တတ်တယ်

။ယောက္ခမနဲ့ လင်သား ကိုရိုသေရကောင်းမှန်းမသိဘူး။ဇနီးမယားဆိုးတစ်ယောက်လို့ပြောရမှာပါ။ ဒါကြောင့်အနာထပိဏ် သူဌေးကြီင်္းက သူရဲ့ချွေးမဟာ သူ့သားအတွက် ဘယ်လို ဇနီးမယားဖြစ်တယ်ဆိုတာသိလိုတာနဲ့ မြတ်စွာဘုရားရှင်ကို မေးမြန်းလျှောက်ထား ပါတယ်။ မြတ်စွာဘုရားရှင်က သုဇာတာ သင်သည် အဘယ်သို့သော ဇနီးမယားဖြစ်သည်ကို သိစေလိုတာနဲ့ ဇနီးမယား(၇)မျိုးကိုဟောတော်မူပါတယ်။ အဲဒီ(၇)မျိုးက  
(၁) ဝဓာ ဘရိယာ(လူသတ်ကောင်နှင့်တူသောမယား)
မိမိရဲ့လင်သားအပေါ်မှာ သနားငဲ့ညှာ ထောက်ထားခြင်းမရှိ၊အမြဲတန်း ပြစ်မှားတတ်ခြင်း၊ ဆူပူခြင်း၊ဆဲဆိုခြင်း၊ဆောင့်အောင့်ခြင်း၊အရွဲ့တိုက်ခြင်း၊မိမိရဲ့လင်သားမှ တစ်ပါးသော ယောင်္ကျားတို့ကိုချစ်ခင်နှစ်သက် ဖောက်ပြန်ခြင်းမိမလင်သားအပေါ်မချစ်ခင် မနှစ် သက်ခြင်း၊ ငွေနှင့်ဝယ်ထားသော ကျွန်ကို နှိပ်စက်သကဲ့သို့ လင်သားအားနှိပ်စက်သော မယားကို လူသတ်ကောင်နှင့်တူသော မယားလို့ခေါ်ပါတယ်။ထိုမယားမျိုးက မိန်းကလေး အနေနဲ့မဖြစ်အောင် ရှောင်ရမှာဖြစ်သလို ယောင်္ကျားလေးများလည်း မပေါင်းသင်းမိအောင်ရှောင်ကြဉ်ရမှာပါ။

(၂) စောရီ ဘရိယာ(ခိုးသူနှင့်တူသော မယား)။
လင်ယောင်္ကျားသည် အသက်မွေးဝမ်းကျောင်းအတတ်ပညာတစ်ခုခုဖြင့်ရှာဖွေ၍ သော်၎င်း၊ ကုန်သွယ်ခြင်းဖြင့်ရှာဖွေ၍သော်၎င်း၊စိုက်ပျိုးမွေးမြူရေးဖြင့် ရှာဖွေ၍သော်၎င်း၊ ရှာဖွေလို့ရတဲ့ငွေကြေးဥစ္စာကို (လင်ယောင်္ကျားအလုပ်လုပ်ပြီးရှာလို့ရတဲ့ငွေကို) လင်ယောင်္ကျားမသိအောင်ခိုးယူ သုံးဖြုန်းတတ်တဲ့မယားကို သူခိုးနှင့်တူသော မယားလို့ခေါ်ပါတယ်။ထိုမယားမျိုးကိုလည်း မိန်းကလေးအနေနဲ့မဖြစ်အောင် ရှောင်ရမှာ ဖြစ်သလို ယောင်္ကျားလေးများလည်း မပေါင်းသင်းမိအောင်ရှောင်ကြဉ်ရမှာပါ။

(၃)။အယျာ ဘရိယာ(သခင်နှင့်တူသောမယား)
လင်သားအပေါ်ပြုသင့်ပြုထိုက်သည့်အမှုတို့ကိုမပြုမူ၍ ပျင်းရိတတ်ခြင်း၊ အစားကြီးခြင်း၊ လင်ယောင်္ကျားကိုကျွန်လိုသဘောထားပြီး ကြမ်းတမ်း ရုန့်ရင်းစွာ မကောင်းသောစကား တို့နှင့် ပြောဆိုဆက်ဆံတတ်တဲ့ မယားကို သခင်နှင့်တူသော မယားလို့ခေါ်ပါတယ်။ ထိုမယားမျိုးကိုလည်း မိန်းကလေးအနေနဲ့မဖြစ်အောင် ရှောင်ရမှာဖြစ်သလို ယောင်္ကျားလေးများလည်း မပေါင်းသင်းမိအောင်ရှောင်ကြဉ်ရမှာပါ။

(၄) မာတာဘရိယာ(မိခင်နှင့်တူသောမယား)
မိခင်သည် သားသမီးများအပေါ် မေတ္တာ၊ကရုဏာ၊မုဒိတာ၊ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုတရားလေးပါးတို့နှင့်စောင့်ရှောက် ကျွေးမွေးသကဲ့သို့ လင်သားအပေါ် ထိုထိုသော စိတ်စေတနာတို့ဖြင့်ကျွေးမွေးစောင့်ရှောက်သော၊လင်ယောင်္ကျားရှာဖွေထားသော ပစ္စည်းဥစ္စာများကို မဖိတ်မစင်အောင် ထိန်းသိမ်းတတ်တဲ့မယားကို မိခင်နှင့်တူသော မယားလို့ခေါ်ပါတယ်။ထိုမယားမျိုးဖြစ်အောင် မိန်းကလေးများအနေနဲ့ ကြိုးစားရမှာဖြစ်သလို ယောင်္ကျားလေးများအနေနဲ့နှင့်လည်းပေါင်းသင်းထိုက်တဲ့ မယားမျိုးလို့ဆိုရမှာပါ။

(၅) ဘာဂိနီ ဘရိယာ(နှမနှင့်တူသောမယား)
နှမဖြစ်သူသည် မိမိရဲ့ အစ်ကို၊မောင်တို့အပေါ်မှာ ချစ်ခြင်း၊ကြောက်ခြင်း၊ရိုသေခြင်းများ ထားသကဲ့သို့ ဇနီးမယားသည်လည်း လင်သားအပေါ် ချစ်ခြင်း၊ကြောက်ခြင်း၊ရိုသေခြင်း၊ အရှက်သိက္ခာနှင့်ပြည်စုံ၍ လင်သားအား မည်သည့်နည်းနှင့်မျှ လင်သားအား ကလန်ကဆန် ဆန့်ကျင်ဘက်မလုပ်တဲ့မယားမျိုးကိုခေါ်တာပါ။ ထိုသို့သော ဇနီးမယားမျိုးဖြစ်အောင် မိန်းကလေးများအနေနဲ့ အတုယူရမှာဖြစ်သလို ယောင်္ကျားလေးအနေနဲ့လဲ ပေါင်းသင်းဆက်ဆံထိုက်တယ်ဆိုတာသိစေချင်ပါတယ်။

(၆) သခီ ဘရိယာ(အဆွေခင်ပွန်းနှင့်တူသော မယား)
နှစ်ပေါင်းကြာမြင့်စွာဝေးကွာနေတဲ့ မိတ်ဆွေသူငယ်ချင်းကို ရုတ်တရက်မြင်ရလိုက်လျှင် ဝမ်းမြောက်ဝမ်းသာဖြစ်သကဲ့သို့ လင်ယောင်္ကျားအပေါ်မှာလည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခြင်း၊ဝမ်းမြောက်ဝမ်းသာဖြစ်ခြင်း၊အိမ်၌စွဲမြဲစွာနေ၍ အရပ်တစ်ပါးသို့ လင်မသိအောင်မသွားတတ်သော၊သီလစောင့်ထိန်း၍ လင်ယောင်္ကျားမှတစ်ပါးမည်သူ နှင့်မှ ဖောက်ပြန်ခြင်းမရှိခြင်း၊အမျိုးကိုစောင့်ထိန်းပြီး လင်ယောင်္ကျားအား မယားဝတ်တရားငါးပါးနှင့်အညီလုပ်ကျွေးတတ်တဲ့ မယားကိုခေါ်တာပါ။ ထိုသိုသော ဇနီးမယားကောင်းတစ်ဦးဖြစ်ရန် မိန်းကလေးများမှတ်သားနာယူသင့်သလို ယောင်္ကျားလေးများအနေနဲ့လည်း အိမ်ထောင်ဖက်ရွေးချယ်သင့်တဲ့ဇနီးမယား ဖြစ်ပါတယ်။

(၇)။ဒါသီ ဘရိယာ(ကျွန်နှင့်တူသောမယား)
ကျွန်ကောင်းတစ်ယောက်သည် သခင်အား ရိုသေစွာလုပ်ကျွေးပြုသကဲ့သို့ မိမိလင်သား က မိမိကိုဒေါသတရားနှင့်ဆက်ဆံသော်လည်း အမျက်ဒေါသမဖြစ်ခြင်း၊မပြစ်မှားခြင်း၊ ဆဲဆိုသောအကျင့်မရှိပဲသည်းခံတတ်ခြင်း၊လင်အား ချစ်ကြောက်ရိုသေစွာ လင်၏အလိုဆန္ဒကိုလိုက်လျောတတ်သော မယားကိုဆိုလိုတာပါ။ ကျွန်ဆိုးနဲ့တူတဲ့ မယားတော့မဖြစ်စေချင်ပါ။ ကျွန်ဆိုးတစ်ယောက်ကျတော့ ထိုကဲ့သို့မဟုတ်ပဲ သခင်ကွယ်ရာမှာ ထင်သလိုပြုမူတတ်သလို ဇနီးမယားကလည်း ယောင်္ကျားကွယ်ရာမှာ ယောင်္ကျားရှာဖွေထားသောပစ္စည်းဥစ္စာများကို သုံးဖြုန်းတဲ့ မယားတော့မဖြစ်စေချင်ပါ။ ကျွန်မှာ ထိုကဲ့သို ကျွန်ကောင်း၊ကျွန်ဆိုးရှိတယ်ဆိုတာသိစေချင်လို့ နှစ်မျိုးရေးပြလိုက်တာပါ။

ဆိုခဲ့တဲ့ ဇနီးမယား(၇)မျိုးအနက်က အမေနှင့်တူသော ဇနီး၊နှမနှင့်တူသော ဇနီး၊အဆွေခင်ပွန်းနှင့်တူသော ဇနီးများက လင်ယောင်္ကျားနှင့် အသက်ထက်ဆုံး နေထိုင်ခြင်း၊ သီလတရားနှင့်ပြည့်စုံသောကြောင့် သေလွန်သည့်အခါမှာ နတ်ပြည့်သို့ လားရောက်ရကြောင်း၊

သခင်နှင့်တူသောဇနီး၊ခိုးသူနှင့်တူသောဇနီး၊  လူသတ်ကောင်နဲ့ တူသောဇနီးမယားများကတော့ လင်ယောင်္ကျားအပေါ် မရိုမသေ မလေးမစားလုပ်ခြင်း၊ ဆဲဆိုပြစ်မှားခြင်း၊ဖောက်ပြန်ခြင်း၊မထီမျက်မြင်နှိပ်စက်စော်ကားခြင်းတို့ကြောင့်
သီလမရှိတဲ့ဇနီးများဖြစ်ကြတယ်လို့ဆိုရမှာ။ထိုထိုသောဇနီးမယားသေလျှင်
ငရဲသို့လားရောက်ရမည်ဆိုတဲ့အကြောင်းကိုမြတ်စွာဘုရားရှင်က သုဇာတာ
အမျိုးသမီးကိုဟောတော်မူပါတယ်။
ထိုထိုသော ဇနီးမယား(၇)မျိုးထဲမှ “သုဇာတာ” သင်သည်အဘယ်သို့သောဇနီးမယား ဖြစ်ချင်သလဲလို့မေးတော့ သုဇာတာက ကျွန်ကောင်းတစ်ယောက်နှင့်တူသော ဇနီးဖြစ်အောင် ကျင့်ကြံပါမည်ဟုလျှောက်ထား ပါတယ်။ ဒီပိုစ့်လေးကိုဖတ်မှတ်ပြီး မိန်းကလေးများလည်း လူသတ်ကောင်နှင့် တူသောဇနီး၊ခိုးသူနှင့်တူသောဇနီး၊ သခင်နှင့်တူသော၊ ဇနီးမျိုးမဖြစ်အောင် အတုယူရမှာ လိုက်နာရမှာဖြစ်သလို ယောင်္ကျားလေးများအနေနဲ့လည်းမိမိရွေးချယ်မယ့် အိမ်ထောင်ဖက်ကို ထိုခိုးသူနှင့်တူသော၊လူသတ်ကောင်နှင့်တူသော၊သခင်နှင့်တူသော ဇနီးမယားမျိုးကို ရှောင်ကြဉ်ပြီး မိခင်နှင့်တူသော ၊နှမနှင့်တူသော၊အဆွေခင်ပွန်းနှင့်တူသော၊ ကျွန်ကောင်းတစ်ယောက်နှင့်တူသော မိန်းကလေးမျိုးကိုရွေးချယ်ရမည်ဆိုတဲ့ အကြောင်းကို သိစေချင်တာနဲ့ အသိပေးရေးသာလိုက်ရပါသည်။

အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။
အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်၊အိန္ဒိယနိုင်ငံ)

Saturday, 14 March 2015

အရိယာ ပုဂ္ဂိုလ် ဘယ်လိုရှာမလဲ


သောတာပန် အရိယာ သည် ကာမဂုဏ်`၌ တပ်မက်သော ကာမရာဂ ကိုမပယ်နိုင်သေး။ ထို့ ကြောင့်လောကီကာမ ချမ်းသာထက် အဆ ပေါင်းများစွာသာလွန်သော လောကုတ္တရာ ဓမ္မ ဖလ သမာပတ်ချမ်းသာကို ၀င်စား၍ နေနိုင်ပါလျက် အမြဲ မ၀င်စားပဲ ကာမ ဂုဏ်ချမ်းသာကို ခံစားကြသေးသည်။ ဤသည်မှာ မဟာစည်ဆရာတော်ဘုရားကြီး မိန်ဆို့ ချက်ဖြစ်ပါသည်။ မိမိ လေ့လာခဲ့ဖူးသမျှတွင်လည်း ဤကဲ့သို့  ဆရာတော်များ ဆိုမိန့် သည်ကို လေ့လာမှတ်သားခဲ့ရသည်။

 မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါက ကဿပ ရဟန္တာ ကိုယ်တော်မြတ် အား အလုပ်အကျွေးပြုနေသူ ကပ္ပိယ သည် 

** ခုခေတ်မှာ  ရဟန္တာ မစဲတမ်းရှိတယ်လို့ သာ ပြောတယ် ဘယ်လိုပုဂ္ဂိုလ်က ရဟန္တာ မှန်း ကိုမသိပါဘူး ဘုရား** ဟု အရှင် မြတ်ကို လျှောက်တင်ရာ.. ရဟန္တာ ကိုယ်တော်မြတ်က**ကပ္ပိယကြီး ရဟန္တာ ကိုယ်တော်ကို အနား ကပ်ပြီးအလုပ်အကျွေးပြုနေတာ တောင် ရဟန္တာ မှန်း သိဖို့ ခက်ခဲတယ်**ဟူ၍ မိန့် တော်မူဖူး၏။ ဤ သည် တို့ ကိုထောက်ရှူခြင်းအားဖြင့် ရဟန္တာ ကိုပင် မသိနိုင်သောပုထုဇဉ်များသည် ကာမဂုဏ်အာရုံခံစားနေသော သောတာပန် အရိယာကို မည်သို့ မှ မသိနိုင်ကြပေ။ 

ယခုကဲ့သို့ သာသနာတွင်းကာလ သာသနာတော် နေလိုလလိုထွန်းတောက်နေချိန်တွင် သောတာပန် သကဒါဂါမ် တို့  ရှိနေမည်ဖြစ်ပြီး ကာမဂုဏ် အာရုံကိုခံစားနေအုံးမည်  ဖြစ်လေသောကြောင့် မည်သို့ မှ ခွဲခြားသိမြင်နိုင်မည် မဟုတ်ပေ။ သို့သော် အရှင်ကဿပ မထေရ် ကဲ့သို့ ပင် အရိပ်အမြွက်သော်မျှ ပြောပြပါလိမ့်မည်။ အသိပညာ ဗဟုသုတ တို့ ခေါင်းပါးသော သူတို့ သည် အရိပ် အမြွက် မဆိုထားနှင့် အကောင်လိုက် ကိုယ်ထင်ပြသည်ပင် ဘာကောင်မှန်း သိကြမည် မဟုတ်။ အရိယာ တို့ မည်သည်မှာ အရိပ်အမြွက်သော်မျှ ပြောကြပါလိမ့်မည်။ သို့ ပါသောကြောင့် မိမိ အနီး ပတ်ဝန်းကျင် မှ အရိပ်အမြွက်သော်မျှပြောလာသူကို လေ့လာမှတ်သား၍ ဆည်းကပ်ပါမူ အကျိုးထူးတို့ ပေးပေလိမ့်မည်။ စော်ကား မော်ကားပြောဆိုမိပါမူ သာမာန်ထက် အကျိုးများစွာယုတ်ပေလိမ့်မည်။ သတိထားဆင်ခြင်နိုင်ကြစေခြင်းအကျိုးငှါ တင်ပြလိုက်ရခြင်းသာဖြစ်ပါသည်။                         *****တတိယမြောက်သမီးတော်***** I Would like to share this with you. Here You Can Download This Application from PlayStore https://play.google.com/store/apps/details?id=com.abc123ing.myanmardhammayeik

Wednesday, 11 March 2015

အဘိဓမ္မာမြတ်ဒေသနာ ဒုတိယတွဲ အပိုင်း(၁၅) {သတိထားရမယ့် အချက်တစ်ခု၊ အပိုင်း(ဃ)}



သတိထားရမယ့် အချက်တစ်ခု အပိုင်း(ဃ)
                   ဇောကိစ္စကို ဆောင်ရွက်တဲ့ စိတ်ပေါင်းက ၅၅-ခု ရှိတယ်၊ ကုသိုလ်တွေမှန်သမျှ ဇောကိစ္စ ဆောင်ရွက်တယ်၊ အကုသိုလ်တွေ မှန်သမျှမှာ ဇောကိစ္စ ဆောင်ရွက်တယ်၊ နောက်ပြီးတော့ ရဟန္တာသန္တာန်မှာ ဖြစ်ပေါ်တဲ့ ကြိယာ လို့ခေါ်တဲ့ ကုသိုလ်တဖြစ်လဲ ကြိယာစိတ်တွေက ဇောကိစ္စ ဆောင်ရွက်ကြတယ်။ ဖိုလ်စိတ် တွေကလည်း ဇောကိစ္စကို ဆောင်ရွက်ကြတယ်။ ကျန်တဲ့ ဝိပါတ်စိတ်တို့ဆိုတာ ဇောကိစ္စကို မဆောင်ရွက်နိုင်ကြဘူး။ ကြိယာစိတ်တွေထဲ ကလည်း ခုနက အာရုံဘက်ကို ဦးလှည့်ပေးတဲ့စိတ်, အာရုံကို ဆင်ခြင်ပေးတဲ့ အာဝဇ္ဇန်းစိတ်တွေကလည်း ဇောကိစ္စကို မဆောင်ရွက်နိုင်ကြဘူး။
                   ဒါဖြင့် ဇောဆိုတာ ဘာကို ပြောတာတုန်း? ဋီကာကျော်ကျမ်းက ဘယ်လိုအဓိပ္ပါယ် ရှင်းပြတုန်းဆိုရင် ဇောကိစ္စ ဆိုတာ အာရုံပေါ်မှာ ဖြစ်ပေါ်လာတဲ့ အာရုံကို တစ်ကြိမ်ဖြစ်စေ အကြိမ်များစွာ ဖြစ်စေ၊ အရှိန်အဟုန်နဲ့ လျင်မြန်တဲ့ အနေအထားအားဖြင့် ဖြစ်တဲ့သဘောကို ဇောကိစ္စလို့ ဒီလိုရေးတယ်။
              လယ်တီဆရာတော်ကြီးက လျင်မြန်တဲ့အဓိပ္ပါယ် ဆိုတာကို သဘောမကျဘူး၊ သဘောမကျလို့ သူ့ရဲ့ ပရမတဒီပနီထဲမှာ လျင်မြန်တယ်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်ဘူး၊ ဇဝန - ဇောဆိုတာ အရှိန်အဟုန် လို့ အဓိပ္ပါယ်၊ အရှိန်ကောင်းတယ်ပေါ့၊ ကျန်တဲ့စိတ်တွေနဲ့ မတူဘူး၊ အရှိန်ရှိတယ်၊ ဆိုပါစို့- မိုးကြိုးများလိုပဲ အရှိန်အဝါ ပြင်းထန်တယ်ပေါ့၊ ဇောစိတ်ဟာ အရှိန်အဟုတ်ရှိတယ်၊ တစ်ကြိမ်ပဲဖြစ်ဖြစ်၊ နှစ်ကြိမ်ပဲဖြစ်ဖြစ်၊ ဖြစ်တဲ့အကြိမ်က အဓိက မဟုတ်ဘူး၊ နှေးတာ မြန်တာလည်း အဓိက မဟုတ်ဘူး၊ စိတ်ဆိုတာ အနှေးအမြန် အတူတူပဲ၊ ဇောစိတ်က ပိုမြန်တယ်လို့ ဒီလိုဆိုတာ မဟုတ်ဘူး၊ အာရုံနဲ့ ပတ်သက်ပြီေးတာ့ အရှိန်အဟုန် ကောင်းတဲ့စိတ်လို့ - ဒီလိုဆိုတယ်၊ အရှိန်အဟုန်ကောင်းတဲ့ကိစ္စကို ဆောင်ရွက်လို့ - ဇောကိစ္စ
              ကြည့်လေ . . . အာရုံနဲ့တွေ့လိုက်လို့ ခုနက မျက်စိက မြင်တဲ့အာရုံက ကိုယ်နှစ်ခြိုက်တဲ့ အာရုံဆိုလို့ရှိရင် အရှိန်အဟုန်ကောင်းကောင်းနဲ့ တွယ်တာတယ်, တပ်မက်တယ်, လိုချင်တယ် ဆိုတာ ဖြစ်လာတယ်၊ အဲဒါကျတော့ လောဘဇော စောပြီပေါ့၊ ကိုယ်မလိုချင်တဲ့ အာရုံဆိုရင် ဒေါသဇောဆိုတဲ့ မုန်းတီးတယ်, ရွံရှာတယ်ဆိုတဲ့ စိတ်ဓာတ်တွေ ဖြစ်ပေါ်တာပေါ့၊ ဒီလိုဖြစ်လာတယ်။
              ကောင်းတဲ့စိတ်တွေကို ကုသိုလ်ဇောတွေခေါ်တယ်၊ အာရုံကို အမှီပြုပြီးတော့ ကုသိုလ်ဇောတွေ စောလာတယ်၊ ဥပမာ- ပန်းကလေးတစ်ပွင့် မြင်လိုက်တာနဲ့ အဲဒီ ပန်းကလေးဆိုတဲ့ အာရုံပေါ်မှာ ကြည့်ပြီးတော့ တချို့ပုဂ္ဂိုလ်ကျတော့ ပန်းကလေးက လှလိုက်တာ၊ ခေါင်းပေါ်ပန်လိုက်ဦးမယ် သို့မဟုတ် စားပွဲပေါ်အလှထားလိုက်ဦးမယ် ဆိုတဲ့ အတွေးတွေ ဖြစ်လို့ရှိရင် ခံစားဖို့ တွေးတာ ဖြစ်သောကြောင့် လောဘဇော စောတာပေါ့၊ တချို့ကျတော့ အဲဒီလို မဟုတ်ဘူး၊ ပန်းကလေးက လှလိုက်တာ၊ ဘုရားတင်ဦးမှပဲ လို့ စဉ်းစားလိုက်လို့ရှိရင် ကုသိုလ်ဇော စောပြန်ရော၊ ကုသိုလ်စိတ်လေး ဝင်လာတာ၊ အဲဒါ  အရှိန်အဟုန်နဲ့ဖြစ်တဲ့ စိတ်ကလေး- အဲဒီစိတ်က energy ရှိတယ်၊ ဒါ့ကြောင့်မို့ ဇော စိတ်ဟာ အာရုံနဲ့ ပတ်သက်ပြီးတော့ တပ်မက်တာလည်း သူတို့ပဲ၊ မုန်းတီးလာတာလည်း သူတို့ပဲ၊ တပ်မက်မှုကင်းတာလည်း သူတို့ပဲ၊ မုန်းတီးမှုကင်းတာလည်း သူတို့ပဲ။
              ဒီဇောစိတ်တွေက ကုသိုလ် အကုသိုလ် သဘာဝ အားလျော်စွာ အခြားအကြောင်းတွေကို အမှီပြုပြီးတော့ ဇောစိတ်တွေ စောကြတယ်။ ဒီ ဇောစိတ်တွေနဲ့ ယှဉ်ပြီးတော့လာတဲ့ စေတနာတွေက ကံအရာမြောက်သွားကြတယ်၊ ကျန်တဲ့ စေတနာတွေကို ကမ္မပစ္စယော လို့ ဟောပေမယ့်လို့ ကုသိုလ်အကုသိုလ် ဇောစိတ်တွေနဲ့ ယှဉ်တွဲလာတဲ့ စေတနာကသာလျှင် အရှိန်အဟုန်ရှိတယ်၊ အရှိန်အဟုန်ဆိုတာ အကျိုးကို ထုတ်လုပ်တဲ့ စွမ်းရည်သတ္တိတွေ ရှိတယ်ပေါ့၊  အရှိန်ရှိတယ်၊ အဟုန်ရှိတယ်၊  ဇဝနဆိုတာ အရှိအဟုန်ဆိုတဲ့ အဓိပ္ပါယ်ကို ယူရမယ်ပေါ့။ အရှိန်အဟုန် ရှိသည့်အတွက်ကြောင့် ဘဝတစ်ခုကို တည်ဆောက်နိုင်လောက်အောင် စွမ်းရည်သတ္တိတွေထက်တဲ့ စေတနာစွမ်းအားတွေ ဇောစိတ်တွေနဲ့ အတူတူဖြစ်တယ်။
   
              အဲဒီဇောစိတ်တွေ ဖြစ်ပြီးတဲ့နောက်မှာ အရှန်အဟုန်ရှိတဲ့ စိတ်ရဲ့ နောက်ကနေ လိုက်ပြီးတော့ အရှန်အဟုန်ရှိတဲ့ စိတ်ရဲ့ အာရုံကို ဆက်ခံပြီးတော့ ရယူတဲ့စိတ်ကိုတော့ တဒါရုံစိတ်လို့ ခေါ်တယ်။ တဒါရမ္မဏ တ + အာရမ္မဏ ဆိုတာ ဇောစိတ်ရဲ့ အာရမ္မဏ အာရုံကို ယူတဲ့စိတ်လို့ - ဒီလိုအဓိပ္ပါယ်ရတယ်။ ဇောရဲ့ အာရုံကို  ဆက်ခံတဲ့စိတ်လို့ ဒီလိုပြောတာ၊ သူ ယူနေကျအာရုံကို မယူဘဲနဲ့ ဇောရဲ့  အာရုံကို နောက်ကလိုက်ပြီးယူတာ၊ လူတွေက တစ်ခုခုစားပြီးလို့ရှိရင် အရသာ မခံဘူးလား၊ မျိုချပြီးတဲ့နောက် အရသာ မခံနေပေဘူးလား၊ အဲဒါမျိုးလိုပဲ တဒါရုံဆိုတာ အရှိန်အဟုန် နောက်ကနေ လိုက်သွားတဲ့စိတ်ကိုပြောတာ။
              စာပေမှာတော့ ဥပမာပေးထားတယ်၊ အရှိန်နဲ့ ဆန်တက်သွားတဲ့ မော်တော်ဘုတ်ရဲ့နောက်ကို ရေထဲမှာ မျောနေတဲ့ ဗေဒါပင်လို ဟာလေးမျိုးတွေက ရေစီးနောက်မလိုက်ဘဲနဲ့ အဲဒီ မော်တော်ဘုတ်နောက် အရှိန်လေးနဲ့ လိုက်ပါသွားတာမျိုး မရှိဘူးလား၊ အရှိန်ပြင်းလို့ ပါသွားတဲ့ သဘောမျိုးလေးပါပဲ၊ အဲဒါကို တဒါရမ္မဏ လို့ ခေါ်တာပဲ၊ ဆိုတာ ဇောရဲ့ အာရုံကိုပဲ, အာရမ္မဏ က အာရုံပြုတယ်လို့ ပြောတာ။
                   အဲဒီစိတ်က မဟာဝိပါတ်စိတ် ၈-ခုနဲ့ သန္တီရဏ ၃-ခု၊ ပေါင်းလိုက်တဲ့အခါ ၁၁-ခု။ ဒီ အဆင်းအာရုံလေးနဲ့ စပ်ပြီးတေ့ ဖြစ်ပေါ်လာတဲ့စိတ်တွေဟာ ဒါ အာရုံလေးတစ်ခုတည်းပေါ်မှာ စိတ်တွေ အများကြီး အလုပ်လုပ်နေတယ်ဆိုတာကို ပြောတာ၊ ဒါနဲ့တင် အများကြီး အလုပ်လုပ်နေတယ်ဆိုတာကို ပြောတာ၊ ဒါနဲ့တင်ပြီးပြီလားဆိုတော့ မပြီးသေးဘူး၊ ဒီစိတ်နဲ့တင် မပြီးသေးဘူး၊ ဒါမျိုးတွေ နောက်ထပ်, ထပ်ပြီးတော့ ဖြစ်ဦးမယ်၊ ဒီအာရုံလေးနဲ့ ပတ်သက်ပြီးတော့ မနောဒွါရမှာ ထပ်ပြီးတော့ လာဦးမယ်၊ ဘာတွေ လာမှာတုန်းဆိုရင် မနောဒွါရမှာ ထပ်ပြီးတော့ လာဦးမယ်၊ ဘာတွေ လာမှာတုန်းဆိုရင် မနောဒွါရာဝဇ္ဇန်း၊ ဒီအာရုံဘက်ကို ထပ်မံပြီး လှည့်ပေးဦးမယ်။
                   မနောဒွါရာဝဇ္ဇန်းစိတ်ကလေး တစ်ခါ ပေါ်လာပြန်တယ်၊ ပေါ်လာပြီးရင် ဇောစိတ်တွေ ပေါ်လာဦးမယ်၊ တဒါရုံတွေပေါ်လာမယ်၊ နောက်တစ်ခါထပ်ပြီးတော့ ဦးလှည့်ပေးဦးမယ်၊ ဇောစိတ်တွေ ပေါ်မယ်၊ တဒါရုံတွေ ပေါ်မယ်၊ နောက်တစ်ခါ ထပ်ဦးလှည့်ပေးပြန်ဦးမယ်၊ လေးခါလောက် လှည့်လိုက်တဲ့အခါ ကျမှ သြော် - ဒါ ပန်းပဲ ဆိုတာ သိတာ၊ သို့သော် စိတ်ဆိုတာအလွန်လျင်မြန်သည့်အတွက်ကြောင့် ခုမြင်ရင် အခုသိတယ်လို့ ထင်ကြတာ။
                   ကောင်းပြီ အဲဒီထဲမယ် - အဆင်းအာရုံဆိုတဲ့ အာရုံလေးတစ်ခုကို အကြောင်းပြုပြီးတော့ စိတ်တွေဟာ ဘယ်လောက်ဖြစ်သွားရလဲ- စဉ်းစားကြည့်၊ ထုစိတ်တွေနဲ့ ဆက်သွယ်ပြီးတေ့ အလုပ်လုပ်တဲ့ စိတ်တွေဟာ (နံပတ်တစ်) ပဉ္စဒွါရာဝဇ္ဇန်းစိတ်၊ သူ့ရဲ့ကိစ္စကဘာလဲ၊ အာဝဇ္ဇန်းကိစ္စ- ဆင်ငြခ်ပေးခငြ်း၊ အာရုံကို ဆင်ခြင်ပေးခြင်း၊ အာရုံဘက်ကို ဦးလှည့်ပေးခြင်း ဆိုတဲ့ကိစ္စ၊ (နံပါတ် ၂) စက္ခုဝိညာဏ်စိတ်က မြင်ခြင်းကိစ္စ၊  စာပေလို ဒဿနကိစ္စ၊ အမြင်ကိစ္စ၊ (နံပါတ် ၃) သမ္ပဋိစ္ဆိုင်းက လက်ခံတာ၊ လက်ခံတဲ့ကိစ္စ၊ (နံပါတ် ၄) သန္တီရဏ က စုံစမ်းတာ ဖြစ်သောကြောင့် စုံစမ်းခြင်းကိစ္စ၊ (နံပါတ် ၅) ဝုဋ္ဌပနက ခွဲခြားသတ်မှတ်တာ ဖြစ်သောကြောင့် ခွဲခြားသတ်မှတ်ခြင်းကိစ္စ၊ (နံပါတ် ၆-) ဇဝနက အရှိန်အဟုန်ဖြင့် အာရုံနှင့်ဆက်ပြီး အလုပ်လုပ်သောကြောင့် အရှိန်အဟုန်ကိစ္စ၊ (နံပါတ် ၇) တဒါရမ္မဏက ထိုဇောရဲ့ အာရုံကို ဆက်ခံမှုဆိုတဲ့ တဒါရုံကိစ္စ။
                   ဟော . . . ကိစ္စပေါင်း ဘယ်လောက်ရှိသွားပြီလဲ၊ ဒါတွေက စိတ်ရဲ့ ကိစ္စတွေပဲ၊ အာဝဇ္ဇန်းကိစ္စ - ဆင်ခြင်တဲ့ကိစ္စ၊ မြင်ခြင်းကိစ္စ၊ လက်ခံခြင်းကိစ္စ၊ စုံစမ်းခြင်းကိစ္စ၊ ခွဲခြားသတ်မှတ်ခြင်းကိစ္စ၊ အရှိန်အဟုန်ဖြစ်ပေါ်ခြင်းကိစ္စ အာရုံကို ဆက်ခံခြင်းကိစ္စ ပေါင်း ၇-ခု ဖြစ်တယ်။
                   အဲဒီအထဲမှာ အသံအာရုံ ဆိုလို့ရှိရင် ကြားခြင်းဆိုတဲ့ သောတဝိညာဏ်စိတ်လာမယ်၊  ကြားခြင်းကိစ္စ ဖြစ်မယ်၊ အနံ့ဆိုလို့ရှိရင်  နမ်းရှူခြင်းကိစ္စ၊ အရသာ ဆိုလို့ရှိရင် လျက်ခြင်းကိစ္စ၊ ဖောဋ္ဌဗ္ဗာရုံ ဆိုလို့ရှိရင် ထိခြင်းကိစ္စ၊ ဒီကိစ္စတွေ လာလိမ့်မယ်၊ အဲဒီတော့ ခုနထဲမယ် - ကြားခြင်းကိစ္စ- သာဝနကိစ္စ၊ နမ်းရှူခြင်းကိစ္စ - ဃာယနကိစ္စ၊ လျက်ခြင်းကိစ္စ - သာယနကိစ္စ၊ ထိတွေ့ခြင်းကိစ္စ-ဖုသနကိစ္စ၊ ခုနကထဲကို ဒီ ၄-ခု ထည့်လိုက်လို့ရှိရင် ခုနက ၇-ခု၊ အခု ၁၁-ခု ဖြစ်သွားပြီ၊ ဒါ စိတ်ရဲ့ function တွေကို ပြောတာနော်။
                   ကိစ္စ ၁၄-ခုကို စာအတိုင်း ရေးပြနေရင် မမှတ်မိမှာစိုးလို့ အခု ဒါ သူ့ရဲ့ဆောင်ရွက်ချက်တွေကို အာရုံနဲ့ ကြည့်လိုက်လို့ရှိရင် ဒီစိတ်သဘာဝတွေ ပေါ်လာတယ် မဟုတ်လား။
                   ကဲ၊ ကိစ္စ ၁၁-ခု ရှိသွားပြီ၊ ၁၁-ခုထဲမှာ ဘာကျန်နေတုန်းဆိုရင် လူ့ဘဝစလာတဲ့အချိန်မှာ ဟိုဘဝက ဘဝတစ်ခု အပြီးသတ်သွားလို့ လူတစ်ယောက်ဟာ သေသွားလိုက်တာနဲ့ တစ်ပြိုင်နက် အတိတ်ကံက ချက်ချင်း အခွင့်အရေးရပြီးတော့ အကျိုးတစ်ခုကို ထုတ်လုပ်လိုက်တယ်၊ ဘဝတစ်ခုကို ဆက်စပ်ပြီးတော့ ထုတ်လုပ်လိုက်တယ် အဲဒီလို ဆက်စပ်တဲ့ကိစ္စကို ဘာခေါ်တုန်းဆိုရင် ပဋိသန္ဓီကိစ္စတဲ့၊ ဘဝတစ်ခုနဲ့တစ်ခု ပြတ်မသွားအောင် ဆက်ပေးခြင်းကိစ္စ၊ ဟိုဘဝကသေလို့ စုတိဆိုတဲ့ စိတ်လေး ချုပ်လိုက်တာနဲ့ တစ်ပြိုင်နက် စုတိဆိုတဲ့ စိတ်ကလေး မကျမချင်း ကံအသစ်က အခွင့်အရေးမရသေးဘူး၊ စုတိ ဆိုတာလေးလည်းပြီးရော သူ့ရဲ့ကိစ္စတွေလည်း ပြီးရော။
                   နောက်က ကံအသစ်က ဝင်လာပြီး ချက်ချင်း ပဋိသန္ဓေထုတ်လုပ်လိုက်တယ်၊ အဲဒီ စုတိနဲ့ ပဋိသန္ဓေကြားမှာ ပြတ်မသွားအောင်၊ ဘဝတစ်ခုနဲ့တစ်ခု ပြတ်မသွားအောင် ပြန်ပြီးတော့ ဆက်စပ်ပေးတဲ့အတွက်ကြောင့် ပဋိဆိုတာ ပြန်၍၊ သန္ဓိ ဆိုတာ စပ်တာတဲ့၊ ဒါကြောင့်မို့လို့ အင်္ဂလိပ်လို့ ပြန်တဲ့အခါကျတော့ Relinking consciousness – Relinking function- ပြန်ဆက်စပ်တဲ့ကိစ္စ၊ ဒါ ပဋိသန္ဓေကိစ္စ၊ အဲဒီကိစ္စတစ်ခု ထည့်လိုက်မယ်ဆိုရင် ၁၂-ခု ဖြစ်မသွားဘူးလား။
                   တစ်ခါ အဲဒီပဋိသန္ဓေကိစ္စပြီးတဲ့ အခါကျတော့ နောက်ပိုင်းမှာ ဘဝတစ်ခုဟာ စဉ်ဆက်မပြတ်အောင် ဆက်သွယ်ပြီးတော့ ပေးနေတဲ့ စိတ်တွေက ဘဝင်စိတ်လို့ခေါ်တယ်၊ ဘဝင်္ဂ - ဘဝ+အင်္ဂ-ဆက်လက်ဖြစ်ပေါ်နေမှုကို ဆောင်ရွက်နေသောကြောင့် သူတို့ကို ဘဝင်္ဂကိစ္စ လို့ ခေါ်တယ်။
                   နောက်ဆုံးမှာ ကံတစ်ခုရဲ့ အကျိုးတစ်ခုကို လုံးဝရပ်ဆိုင်းပစ်လိုက်ပြီး ဘဝတစ်ခုကို အဆုံးသတ်လိုက်တဲ့ စိတ်ကျတော့ စုတိတဲ့၊ အဲဒါကျတော့ စဝနကိစ္စ၊ ရွေ့လျောခြင်းကိစ္စ၊ ပေါင်းလိုက်တဲ့ အခါကျတော့ ကိစ္စ ၁၄-ခုတဲ့။
                   အဲဒီကိစ္စတွေကို ဘယ်သူက ဆောင်ရွက်တာတုန်းဆိုတော့ ဆိုင်ရာဆိုင်ရာစိတ်တွေက ဆောင်ရွက်တာ။ လူတွေရဲ့ သန္တာန်မှ ဖြစ်နေတဲ့ စိတ်တွေဟာ အလကားနေကြတာ မဟုတ်ပါဘူး၊ ဒို့ တတွေသာ မအားဘဲနဲ့ ထမင်းချက်ရတယ်၊ အဝတ်လျော်ရတယ်၊ ကိုယ့်ကိစ္စတွေ ရှိနေတယ်လို့ထင်တာ၊ စိတ်ကလည်း လုပ်နေရတာပဲ၊ သူ့ကိစ္စသူ လုပ်နေရတာချည်းပဲ၊ အကုန်လုံး၊ ရပ်နားနေရတယ် မရှိဘူး၊ ဆိုင်ရာ ဆိုင်ရာ function တွေကို ဆောင်ရွက်နေရတာ၊ အကုန်လုံး ဘယ်အရာပဲဖြစ်ဖြစ် သူ့ function တွေ သူ ရှိနေတာချည်းပဲ။
                   မော်တော်ကားလေးတစ်စီး ကြည့်လိုက်ဦးမလား၊ ထိုမော်တော်ကား မှာလည်း function တွေ မရှိဘူးလား၊ ရှိတာပဲ၊ Petrol ကလည်း petrol function - လုပ်ရတာပဲ၊ Engine ကလည်း engine function -လုပ်ရတာပဲ၊ Battery ကလည်း battery ရဲ့  function - အလုပ်လုပ်ရတာပဲ၊ Wheel ကလည်း wheel ရဲ့ function ပဲ၊ Body ကလည်း Body function ပဲ၊ Driver ကလည်း driving လုပ်ရတာတဲ့ function ပဲ၊ Function တွေ အကုန်ပေါင်းလိုက်တဲ့ အခါကျမှ အကျိုးတစ်ခု ဖြစ်တာလေ။
                   အခုလည်း စိတ်တွေအားလုံးဟာ ပေါင်းပြီးတော့ အလုပ်လုပ်တာ မပေါ်လွင်ဘူးလား၊  အဲဒီတော့ အနိစ္စသဘောရော မထင်ရှားဘူးလား။ မြင်လိုက်တဲ့ အာရုံလေးတစ်ခုအတွက် လုပ်လိုက်ကြရတာ မနည်းဘူး၊ ဘာနဲ့ ဥပမာတူတုန်းဆိုတော့ ပုရွက်ဆိတ်တွေစုပြီး ထမင်းလုံးလေး ချီသွားသလိုပဲ၊ ပုရွက်ဆိတ်တွေကမှ အကောင်တွေအများကြီး မြင်ရဦးမယ်၊ စိတ်တွေက တစ်ခုပြီးတစ်ခု။ တစ်ခုပြီးတစ်ခု ဖျက်, ဖျက်နဲ့ ကိုယ့်ကိစ္စကိုယ် လုပ်သွားလိုက်ကြတာကြည့်- ရပ်နားရသလားဆိုတော့ ဘယ်တော့မှ ရပ်နားမသွားတယ် မရှိဘူး။
***ဒေါက်တာနန္ဒမာလာဘိဝံသ၏ အဘိဓမ္မာမြတ်ဒေသနာ(ဒုတိယတွဲ) ၉၉-၁၀၇ မှ ပူဇော်ပါသည်။
*** ဆက်ရန်***  သတိထားရမယ့် အချက်တစ်ခု အပိုင်း(င) ကို ဆက်လက်ပူဇော်ပါမည်။

အဘိဓမ္မာမြတ်ဒေသနာ ဒုတိယတွဲ အပိုင်း(၁၃) {သတိထားရမယ့် အချက်တစ်ခု၊ အပိုင်း(ခ)}



သတိထားရမည့်အချက်တစ်ခု အပိုင်း(ခ)
                   နေ့စဉ်နဲ့အမျှ လူတွေဟာ ဒီအာရုံတွေနောက် လိုက်နေကြတာ၊ လူတွေရဲ့စိတ်ဟာ ဘယ်အာရုံနဲ့ ပျော်နေတုန်းဆိုတော့ အမြင်အာရုံနဲ့ ပျော်တယ်၊ အသံအာရုံတွေနဲ့ ပျော်တယ်၊ အသံဆိုတာ အမျိုးစုံလုပ်ပြီး ပျော်တယ်လေ။ ရိုးရိုးတန်းတန်း အသံမှာ မပျော်ရတဲ့အခါကျတော့ Hip Hop ဆိုတဲ့ အသံနဲ့ ပျော်တယ်၊ လူ့စိတ်ဟာ တော်တော်ဆန်းတယ်၊ ဂျိမ်းဂျိမ်း ဆိုတာမှ နားထောင်ချင်တယ်၊ အဲဒီလို လူရဲ့စိတ်ဟာ မျက်စိနဲ့မြင်ရတဲ့ အာရုံနဲ့ ပျော်တယ်၊ အမျိုးမျိုးကြည့်တယ်၊ အမျိုးမျိုး ဖန်တီးယူတယ်၊ ကြည့်လေ - ဒီဇိုင်းတွေ ထုတ်လုပ်လို့ကို မလောက်ဘူး၊ ဘာဖြစ်လို့ဆုန်းဆိုတော့ ဒီအဆင်ကလေးက လှတယ်၊ ဒီအကွက်ကလေးက လှတယ်၊
 ဒီ ဒီဇိုင်းကလေးက လှတယ်နဲ့ ဆိုပြီးတော့ ဒီဇိုင်းလှတာကို လိုက်ရှာပြီးတော့ မျက်စိက ကြိုက်တြ့အရောင်လုက်ရှာနော၊ အရောင်ဆို အမျိုးမျိုးစပ်ပြီးတော့၊ ဒီအရောင်က အနီရဲကြီး, မကြိုက်ဘူး၊ အနီလေးနဲ့ ဘာလေးနဲ့ စပ်ထားမှ၊ စပ်တဲ့ အရောင်တွေ လိုက်ရှာ၊ ဆုံးကို မဆုံးနိုင်ဘူး၊ ဒီအာရုံတွေပေါ်မှာ လိုက်စားနေပုံကိုကြည့်၊ အသံဆိုရင်လည်း အမျိုးမျိုး၊ ရိုးရိုးအသံဆိုရင် နားမထောင်ချင်ဘူး၊ ခုန ဂျောင်းဂျောင်းဂျိမ်းဂျိမ်း အသံဆိုရင် တစ်ကိုယ်လုံးတောင် လှုပ်လာလိမ့်ဦးမယ်၊ ခေါင်းကလေးတွေငြိမ့်၊ ခေါင်းငြိမ့်ရုံတင် မကဘူး၊ တစ်ကိုယ်လုံးတောင် ရမ်းထွက်လာတယ်။

                   ထို့အတူပဲ ရသာရုံနဲ့ ပတ်သက်ပြီးတော့ အမျိုးမျိုးသော အစားတွေ တီထွင်ကြတယ်၊ ဟို ဟိုတယ်က တစ်မျိုး၊ ဒီ ဟိုတယ်က တစ်မျိုး၊ ဒီစားသောက်ဆိုင်က တစ်မျိုး၊ ဟို စားသောက်ဆိုင်က တစ်မျိုး၊  အိမ်က ထမင်းဟင်းနဲ့ မလုံလောက်လို့ ကြေးအိုးတို့ ဘာတို့ ဒါတွေကလည်း တစ်မျိုး၊ အဲဒီလို ရသာရုံ နောက်လိုက်ရ၊  ရသာစုံ အမျိုးမျိုးကို ခံစားတာ၊ လူ့ရဲ့စိတွေ ဆန်းပြားပုံကို ပြောပါတယ်၊ အာရုံတွေနဲ့ သွားလာပုံကိုကြည့်၊ ဖောဋ္ဌဗ္ဗာရုံ ဆိုလို့ရှိရင်လည်း ဝတ်ထားတဲ့အဝတ်ရဲ့ နူးညံ့မှု အေးမှု အထိအတွေ့ကောင်းမှု၊ နေရာထိုင်ခင်းတွေ ဆိုလို့ရှိရင်လည်း settee တို့ အိပ်ရာတို့ ဆိုဖာတို့ ကောင်းတာ မကောင်းတာ၊ ဒါတွေကို ကြည့်ပြီး လူတွေက ခန္ဓာကိုယ်နဲ့ထိတွေ့ အာရုံခံစားမှု ဆိုတာတွေနဲ့ အချိန်ကုန်နေတယ်ဆိုတာ စဉ်းစားကြည့်လိုက်စမ်းပါ။
                   တစ်ကမ္ဘာလုံးဟာ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗရုံနောက် လိုက်နေတယ်ဆိုတာ မထင်ရှားဘူးလား။ အမျိုးအမည်တွေ ဘယ်လောက်ပြောပြော ဒီ ၅-မျိုးပဲ မဟုတ်လား၊ ဒီ ၅-မျိုးပဲ ရှိတာပဲ။ နာမည်တွေ ဘယ်လိုပေးထားထား မဆုံးနိုင်အောင်၊ Super Market ထဲဝင်လိုက်လို့ နာမည်တွေ ဘယ်လိုပေးနေ ပေးနေ ချုံ့ကြည့်လိုက်လို့ရှိရင် ဟောဒီအာရုံ ၅-ပါးပဲ။
                   နောက်ထပ်အာရုံတွေ ကျန်သေးလားလို့ဆိုရင် ကျန်သေးတယ်၊ ဓမ္မာရုံ တဲ့၊ ကျန်တာတွေကို ဓမ္မာရုံ ဆိုပြီးတော့ မြတ်စွာဘုရားက စုပြီး သဘာဝအာရုံအနေနဲ့ ဟောထားတာ။ ဘာဖြစ်လို့တုန်းဆိုရင် မျက်စိနဲ့လည်း မြင်လို့မရဘူး၊ နားနဲ့လည်း နားထောင်ပြီးတော့ ကြည့်လို့မရဘူး၊ နှာခေါင်းနဲ့လည်း နမ်းရှူကြည့်လို့မရဘူး လျှာနဲ့လည်း လျှက်ကြည့်လို့ မရဘူး၊ ခန္ဓာကိုယ်နဲ့လည်း ထိပြီးတော့ ကြည့်လို့မရဘူး၊ ဒီလိုအာရုံမျိုးတွေကလည်း ရှိသေးတယ်၊ ဒီအာရုံတွေကို အားလုံး ဓမ္မာရုံဆိုပြီးတော့ အကုန်ထည့်ထားတယ်၊ ပေါင်းလိုက်တော့ အာရုံ ၆-ပါး ပေါ့။
                   ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံဆိုတဲ့ အာရုံ ၅-ပါး ကတော့ များသောအားဖြင့် လောဘ ဒေါသ မောဟ ဖြစ်စရာ အာရုံတွေချည်းပဲ များပါတယ်။ ကာမဂုတ်အာရုံ လို့ခေါ်တယ်၊ ကာမဂုဏ် အာရုံတွေပဲများတယ်၊ ဓမ္မာရုံဆိုတဲ့ အထဲမှာတော့ အင်မတန်လေးနက်တဲ့ သဘာဝတရားတွေ ပါနေတယ်။
                   ဥပမာ - နိဗ္ဗာန်ဆိုတာ ဒီဓမ္မာရုံထဲမှာပါတယ်၊ စိတ်နဲ့ သိရတယ်၊ နိဗ္ဗာန်ဆိုတာ မျက်စိနဲ့ မြင်လို့မရဘူး၊ နားနဲ့ နားထောင်ကြည့်လို့ မရဘူး၊ နှာခေါင်းနဲ့ နမ်းရှူကြည့်လို့ မရဘူး၊ လျှာနဲ့ လျှက်ကြည့်လို့မရဘူး၊ ခန္ဓာကိုယ်နဲ့ ထိကြည့်ချင်လို့မရဘူး၊ အင်မတန် သိမ်မွေ့တဲ့စိတ် အင်မတန်အဆင့်မြင့်တဲ့ အသိဉာဏ်ဦးစီးတဲ့ စိတ်နဲ့သာ သိနိုင်တယ်၊ အဲဒီအာရုံတွေ အားလုံးကို ဓမ္မာရုံလို့ ခေါ်တယ်။
                   စာပေအရကြေပာမယ်ဆိုရင် ဓမ္မာရုံကို ၆-အုပ်စု ခွဲပြီး ပြေထားတယ်၊ ဒါမှတ်လို့လါယ်အောင် ပြောတာပါ၊ ပသာဒရုပ် ၅-ခု၊ သုခုမရုပ် ၁၆-ခု၊ ပသာဒရုပ် ၅-ခုဆိုတာ အာရုံတွေ လာထိရာ ဖြစ်တဲ့ မျက်စိအကြည်၊ နားအကြည်၊ နှာအကြည်၊ လျှာအကြည်၊ ကိုယ်အကြည်ဆိုတဲ့ အကြည်နဲ့ ပတ်သက်တဲ့ ရုပ်တွေ၊  သူခုမရုပ်ဆိုတဲ့ သိမ်မွေ့ပြီး တွေ့ထိစမ်းသပ်လို့မရတဲ့ သိဖို့ခက်ခဲ့တဲ့ရုပ် ၁၆-ခု ရယ်၊ အဲဒါတွေဟာ ဓမ္မာရုံပဲ။
 . . . .
                   နောက်တစ်ခုက -  စိတ်အားလုံးဟာ ဓမ္မာရုံထဲမှာပါတယ်၊ စိတ်ကလည်း စိတ်ရဲ့အာရုံ ဖြစ်တယ်ဆိုတာကို သတိထားပါ၊ ရှေ့စိတ်ကို နောက်စိတ်က သိနိုင်တယ်၊ ဟို မဖြစ်ပေါ်သေးတဲ့ စိတ်တွေ ဖြစ်ပြီးသားစိတ်တွေ, သူတစ်ပါးစိတ်တွေ - စိတ်ကိုလည်း စိတ်က ပြန်ပြီး အာရုံပြုတယ်၊ စိတ်အားလုံးဟာလည်း ဓမ္မာရုံထဲမှာ ပါတယ် ဆိုတာကို မှတ်ထားပါ။ စေတသိက်တွေကိုလည်း စိတ်က အာရုံပြုလို့ ရတယ်၊ အဲဒါကြောင့် စေတသိက်ဟာလည်း ဓမ္မာရုံထဲမှာ ပါတယ်၊ နိဗ္ဗာန်ခန္ဓာ ၅-ပါး ချုပ်ငြိမ်းလို့ ဒုက္ခဇာတ်သိမ်းသွားတဲ့ အငြိမ်းဓာတ်နိဗ္ဗာန်ကလည်း စိတ်နဲ့သိနိုင်တာဖြစ်လို့ စိတ်ရဲ့ အာရုံပဲ။ အာရုံ ၆-ပါးထဲက ဓမ္မာရုံထဲမှာထည့်ထားတယ်။ နောက်ဆုံးလောကီလူတွေ အများအသိအမှတ်ပြုပြီး ခေါ်ဝေါ်ထားတဲ့ ပညတ်အမျိုးမျိုးပေါ့၊ အဲဒီပညတ်အမျိုးမျိုးဟာလည်း အာရုံ ၆-ပါးထဲ ဓမ္မာရုံထဲမှာ ပါတယ်၊ ဒါ စိတ်ရဲ့ အာရုံတွေ ဆိုတာပဲ၊ ဒီစိတ်ရဲ့ အာရုံ ၆-ပါးကို ပဋ္ဌာန်း ၂၄-ပစ္စည်းမှာ အာရမ္မဏပစ္စယော လို့ ဟောတာပါ၊ အဲဒီ အာရုံ မပါဘဲနဲ့ ဘယ်တော့မှ စိတ်မဖြစ်ဘူး၊ စိတ်ရှိနေရင် အာရုံရှိတယ်ဆိုတာ မှတ်သားထားရမယ်။
                   နောက်ဆုံး အိပ်နေတဲ့အချိန်မှာတောင် စိတ်ရှိတယ်၊ စိတ်ရှိတဲ့အတွက်ကြောင့် အဲဒီအိပ်နေတဲ့စိတ်မှာလည်း အာရုံရှိတယ်လို့ သိရတယ်။ တစ်ချို့က unconsciousness ဆိုပြီးတော့ ပြောကြတယ်။ ဒါဗုဒ္ဓဘာသာအသုံးတော့မဟုတ်ဘူး၊ unconsciousness - မသိစိတ် ဆိုပြီးတော့ ပြောကြသေးတယ်၊ အဲဒါ တခြားအဓိပ္ပါယ်နဲ့ ပြောကြတာ၊ အဘိဓမ္မာနဲ့ သက်ဆိုင်တဲ့ ဝေါဟာရတော့မဟုတ်ဘူး၊ မသိစိတ်ဆိုတဲ့ စကားလုံးက၊ မသိစိတ်ဆိုတာ တစ်ခါတစ်ရံ ကျတော့ လူက အသိရှိရှိ သတိရှိရှိလုပ်တာ မဟုတ်ဘဲနဲ့ မသိစိတ်က လုပ်နေတယ်လို့ ဒီလို လူတွေက ပြောလေ့ရှိတယ်။
                   စိတ်ဆိုတဲ့နေရာမှာ မသိစိတ်ဆိုတာ မရှိဘူး၊ စိတ်မှန်ရင် သိတာချည်းပဲ၊ အာရုံကို သိတာချည်းပဲ၊ အာရုံကို သတိတက်တဲ့ သဘောကို စိတ်လို့ခေါ်တာ၊ အာရုံမရှိဘဲ စိတ်မဖြစ်ဘူး၊ စိတ်ရှိလျက်နဲ့ အာရုံ မသိဘူးဆိုတဲ့ အာရုံမဲ့စိတ်ဆိုတာ ဘယ်မှာမှ မရှိဘူး၊ အာရုံနဲ့စိတ်သာရှိတယ်၊ စိတ်ဟာ အမှီမရှိဘဲ ဖြစ်ကောင်းဖြစ်မယ်၊ အာရုံမရှိဘဲနဲ့ ဘယ်တော့မှမဖြစ်ဘူး။
                   အဘိဓမ္မာသမိုင်းမှာ အာရုံမဲ့စိတ် ရှိတယ်ဆိုတဲ့ အယူအဆတစ်ရပ်ပေါ်ခဲ့ဖူးတယ်။ အဲဒါကို တားမြစ်လို၍ အာရမ္မဏံ စိန္တေတီတိ စိတ္တံလို့ ဆိုတာ။ အာရမ္မဏ ဝိဇာနန လက္ခဏာအရစိတ်မှန်ရင် အာရုံကိုသိတဲ့ လက္ခဏာရှိတယ်လို့ ပြောတဲ့နေရာမှာ အာရုံကိုသိတယ်လို့ ပြောလိုက်သဖြင့် အာရုံမရှိဘဲနဲ့ စိတ်ဖြစ်နိုင်တယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေရဲ့ အယူအဆကို တားမြစ်တယ်လို့ ဋီကာကျော်ကျမ်းမှာ ဆိုထားတာရှိတယ်။
                   ဒါကြောင့်မို့ အာရုံမဲ့စိတ်ဆိုတာ ဘယ်တော့မှမရှိဘူး၊ အာရုံနဲ့ စိတ်သာရှိတယ်။ ကိုယ့်စိတ်ကလေးက တစ်ခါတစ်ရံကျတော့ ကမ္မဋ္ဌာန်းထိုင်နေတဲ့ ပုဂ္ဂိုလ်တွေ ကြုံရင်ကြုံတက်တယ်၊ ထွက်လေ ဝင်လေ မှတ်ပြီးတော့ ကမ္မဋ္ဌာန်းထိုင်၊ သမာဓိကလေး ရလာတဲ့အခါကျတော့ ထွက်လေဝင်လေက ရပ်သွားသလို ကိုယ့်ရဲ့သမာဓိစွမ်းအားတွေ ဝီရိယစွမ်းအားတွေက နည်းသည့်အတွက်ကြောင့် ထွက်လေ ဝင်လေလေးက ပျောက်သွားတော့ စိတ်လေးက သူလုပ်ကိုင်နေကျ အာရုံလေး မရှိတော့ဘဲ အာရုံမဲ့စိတ်လို့ တချို့က ထင်ကြတယ်။ မဟုတ်ဘူး၊ အဲဒီ မရှိတာကိုပဲ သိနေတာဟာ စိတ်ရဲ့ အာရုံပဲ။
                   ထွက်လေဝင်လေလေး ရပ်နေတာကို သိနေတာကိုက သူ့ရဲ့ အာရုံတစ်ခုပဲ၊ အဲဒီတော့ အာရုံမဲ့စိတ် ဆိုတာ မရှိဘူး၊ အာရုံနဲ့ ကင်းပြီးတော့ ဖြစ်တဲ့စိတ်လည်း လုံးဝမရှိဘူး။ ဒါကြောင့် စိတ်ဟာ ဟောဒီ အာရုံ ၆-မျိုးထဲက တစ်မျိုးမျိုးနဲ့ မကင်းမကွာဖြစ်လို့ အာရမ္မဏပစ္စယော လို့ မြတ်စွာဘုရားက ဒီလိုဟောထားတာ ဖြစ်တယ်။
***ဒေါက်တာနန္ဒမာလာဘိဝံသ၏ အဘိဓမ္မာမြတ်ဒေသနာ(ဒုတိယတွဲ) ၈၈-၉၃ မှ ပူဇော်ပါသည်။
*** ဆက်ရန်***  သတိထားရမယ့် အချက်တစ်ခု အပိုင်း(ဂ) ကို ဆက်လက်ပူဇော်ပါမည်။

အဘိဓမ္မာမြတ်ဒေသနာ ဒုတိယတွဲ အပိုင်း(၁၄) {သတိထားရမယ့် အချက်တစ်ခု၊ အပိုင်း(ဂ)}



သတိထားရမည့်အချက်တစ်ခု အပိုင်း(ဂ)
ကောင်းပြီ၊ စိတ်ဟာ အာရုံတွေနဲ့ ဖြစ်ပေမယ့် စိတ်တိုင်း စိတ်တိုင်းဟာ အာရုံအားလုံးကို ရယူနိုင်စွမ်းမရှိပါဘူး၊ သူလက်လှမ်းမှီသလောက်ပဲ သူ ယူလို့ရတယ်၊ လူတွေရဲ့ ပကတိ မျက်စိလိုပဲ၊ မျက်စိရှိပေမယ်လို့ မျက်စိရှိတိုင်း အကုန်လုံး မြင်နိုင်စွမ်းရှိတာ မဟုတ်ဘူး၊ တစ်ဦးနဲ့တစ်ဦးလည်း မြင်နိုင်စွမ်းချင်း မတူဘူးပေါ့၊ သူ့အတိုင်းအတာ နယ်ပင်အတွင်းမှာသာ မျက်စိက အမြင်အာရုံတစ်ခုကို ယူနိုင်တယ်၊ နားကလည်း သူ့အတိုင်းအတာ နယ်ပယ်တစ်ခု အတွင်းမှာသာ ဖမ်းယူနိုင်စွမ်းရှိတယ်၊ နှာခေါင်းကလည်း အတိုင်းအတာ အတွင်းမှာရှိတဲ့ အနံ့ကိုသာ ဖမ်းယူနိုင်စွမ်းရှိတယ်၊ အဲဒီတော့ လူတွေ လက်လှမ်းမှီတဲ့ အာရုံတွေ ဆိုတာလည်း ရှိတယ်၊ စိတ်တွေမှာလည်း လက်လှမ်းမမှီတဲ့ အာရုံမပြုနိုင်တဲ့ အာရုံတွေ ရှိနေတယ်။

                   အဲဒါ ဘာနဲ့ နားလည်ရမလဲဆိုလို့ရှိရင် မျက်စိနဲ့မြင်တဲ့ အမြင်အာရုံတစ်ခုဟာ စက္ခုဒွါရဆိုတဲ့ မျက်စိတံခါးက ဝင်လာပြီးတော ဝတ္ထုရုပ်ကို ထိခိုက်လာတယ်၊ ဆက်သွယ်လာတယ်ပေါ့၊ မျက်စိနဲ့မြင်လို့ရတဲ့ အမြင်အာရုံတစ်ခုသည် မျက်စိတံခါးက ဝင်လာပြီး မှီရာဝတ္ထုရုပ်ဖြစ်တဲ့ စက္ခုပသာဒရုပ်မှာ ထင်ဟပ်လာတယ်။ အဲဒီလို ထင်ဟပ်လာတဲ့အခါကျတော့ စက္ခုဝိညဏ်စိတ် ဖြစ်တယ်ပေါ့လေ၊ ဒါ အဓိက စိတ်တစ်ခုထဲကို ပြောတာ အဲဒီ မျက်စိတံခါးကနေပြီးတော့ ဝင်လာတဲ့ မြင်စရာ အာရုံဟာ စက္ခုပသာဒလို့ ဆိုတဲ့ မျက်လုံးပေါ်မှာ ထင်ရှားပေါ်လာတဲ့ အခါမှာ ဖြစ်တဲ့ စိတ်အစဉ်လေးကို အကြမ်းဖျဉ်း ပြောပြထားတယ်။
                   အာရုံအသစ်ကလေးဟာ မိမိရဲ့ မျက်လုံးမှာ ထင်ဟက်လာတာနဲ့ တစ်ပြိုက်နက် အဲဒီ အာရုံအသစ်ကို ဖွင့်ပေးတဲ့ စိတ်ကလေးက ဘယ်သူလဲ၊ တံခါးဖွင့်ပေးလိုက်တဲ့ စိတ်က ပဉ္စဒွါရာဝဇ္ဇန်းစိတ်လို့ ခေါ်တယ်။
                   အဲဒီစိတ်ကလေးက တံခါးဖွင့်ပေးလိုက်တဲ့အခါကျတော့မှ စက္ခုဝိညာဏ်စိတ် က အဲဒီအဆင်းအာရုံလေးကို မြင်တယ်ဆိုတာ ဖြစ်လာတယ်၊ မြင်တယ်ဆိုတဲ့ အဆင်းအာရုံမှာ သမ္ပဋိစ္ဆိုင်း ဆိုတဲ့ စိတ်က လက်ခံလိုက်တယ်၊ သန္တီရဏစိတ်က စူးစမ်းလိုက်တယ်၊ ဝုဋ္ဌောဆိုတဲ့စိတ်က ခွဲခြား သတ်မှတ်လိုကတယ်၊ ပြီးတဲ့အခါကျတော့ ဇောဆိုတဲ့ စိတ်ကျတော့ ထိုအာရုံရဲ့ အရသာတွေကို အရှိန်အဟုတ်ကောင်းကောင်းနဲ့ ခံစားတယ်၊ တဒါရုံဆိုတာ အဲဒီ အာရုံကို ဆက်ပြီးတော့ စမြုံ့ပြန်တယ်။
                   စက္ခုဒွါရမှာ ဖြစ်နိုင်တဲ့ စက္ခုဒွါရိကစိတ်ပေါင်း ၄၆-ခု, ဒီမျက်လုံးတံခါးက ဝင်လာတဲ့ အဆင်းရူပါရုံနဲ့ ဆက်သွယ်ပြီးတော့ အလုပ်လုပ်တဲ့စိတ်တွေဟာ သရုပ်အားဖြင့် ရေတါက်ကြည့်မယ်ဆိုရင် ၄၆-ခု ရှိတယ်၊ အဲဒီ ၄၆-ခုသော စိတ်တို့ဟာ ပစ္စုပ္ပန်ရူပါရုံလို့ ဆိုတဲ့ ဟောဒီရူပါရုံကို မြင်နိုင်စွမ်းရှိကြတယ်၊ သိကြတယ်။ ပစ္စုပ္ပန်ရူပါရုံနဲ့ ဆက်စပ်ပြီးတော့ သိတယ် မြင်တယ်လို့  ဒီလို ပြောရမယ်၊ စာပေအရ ပြောမယ်ဆိုရင် ရူပါရုံကို အာရုံပြုတယ်လို့ ပြောမယ်၊ အာရုံပြုတယ်ဆိုတာ ဒီအာရုံကြောင့် ဖြစ်ကြတယ်လို့ ဆိုလိုတယ်၊ ဒီအာရုံနဲ့ ဆက်သွယ်ပြီးတော့ အလုပ်လုပ်ကြတယ်လို့ ဒီလိုဆိုလိုတယ်။
                   ကောင်းပြီ၊ ဒီနေရာမှာ တစ်ဆက်တည်း နားလည်ဖို့က စိတ်တွေမှာ ဆောင်ရွက်တဲ့ကိစ္စ ၁၄-မျိုးရှိတယ်။ စိတ်ဟာ တစ်ခုနဲ့ တစ်ခု ဆောင်ရွက်မှုချင်း မတူကြဘူး၊ မတူကြသည့်အတွက်ကြောင့် သူ့ဆိုင်ရာ ဆိုင်ရာကိစ္စတွေကို ဆောင်ရွက်ကြတယ်၊ အဲဒီ ၁၄-မျိုးထဲက အခုပြောခဲ့တဲ့ ပဉ္စဒွါရာဝဇ္ဇန်းစိတ်ကလေးကို စ,ကြည့်ရအောင်။
                   ဒါဖြင့် ပဉ္စဒွါရာဝဇ္ဇန်းစိတ်ဟာ သူက ကိစ္စနဲ့ နာမည်ပေးထာတာ၊ သူဆောင်ရွက်တဲ့ ကိစ္စက အာဝဇ္ဇန်းကိစ္စ၊ ပါဠိလို အာဝဇ္ဇန၊ အာဝဇ္ဇန ဆိုတာ ဆင်ခြင်တာ၊ အာရုံဘက်ကို ဦးလှည့်ပေးတာ၊ အာရုံတံခါးကို ဖွင့်ပေးတာ၊ အဲဒါ သူ့ရဲ့ဆောင်ရွက်မှုကိစ္စလေးပဲ၊ သူလုပ်နိုင်တာ ဒါလေးပဲ၊ ဒါပြင် ဘာမှ သူမလုပ်နိုင်ဘူးနော်။
                   မျက်လုံးတံခါးကနေ အဆင်းအာရုံလေးက ဆက်သွယ်ပြီး စက္ခုပသာရုပ်မျာ လာထင်ပြီ ဆိုလိုက်တာနဲ့ တစ်ပြိုင်နက် အဲဒီအာရုံကို စတင်ပြီး ရယူတာ ဘယ်သူတုန်းဆိုရင် ပဉ္စဒွါရာဝဇ္ဇန်းပဲ၊ အဲဒီ ပဉ္စဒွါရာဝဇ္ဇန်းရဲ့ ဆောင်ရွက်မှုကိစ္စက အာဝဇ္ဇန်းကိစ္စ ဆင်ခြင်ပေးခြင်းကိစ္စ၊ သို့မဟုတ် ဦးလှည့်ပေးခြင်းကိစ္စ faced to the object-objest ဘက်ကို မျက်နှာလှည့်လိုက်တာ၊ ဘာဖြစ်လို့လဲဆိုရင် object က အရင်ရောက်လာတဲ့ အခုမှ အသစ်ဝင်လာတာ၊ အသစ်ဝင်လာတဲ့ဘက်ကို ဦးလှည့်ပေးလိုက်တယ်၊ ဝင်လာတဲ့ object ကို အစဆုံး ဦးလှည့်ပြီးတော့ ပေးလိုက်တယ်၊ ဦးလှည့်ပေးလိုက်သည့်အတွက်ကြောင့် ဟောဒီအာရုံနဲ့ ဆက်သွယ်ပြီးတော့ စိတ်တွေဟာ တသီတတန်းကြီး အလုပ်လုပ်ကြတော့မယ်လို့ ပြောတာနော်၊ သူက တံခါးဖွင့်လိုက်တာနဲ့ တစ်ပြိုင်နက် ဟောဒီအာရုံဟာ စိတ်နဲ့ ဆက်သွယ်မိသွားတယ်၊ ပထမဆုံး ဘယ်စိတ်နဲ့ တွေ့သလဲဆိုတော့ စက္ခုဝိညာဏ်စိတ်နဲ့ တွေ့သွားတယ်။
                   ဒါဖြင့် စက္ခုဝိညာဏ်စိတ် ဆောင်ရွက်တဲ့ကိစ္စက ဘာတုန်းဆိုတော့ မြင်ခြင်းကိစ္စ၊ ဒဿနကိစ္စ လို့ ပြောတာ၊ မြင်တယ် ဆိုတဲ့ သဘောလေးတစ်ခုပဲ ရှိတယ်၊ အဲဒိ မြင်ခြင်းကိစ္စကို စက္ခုဝိညာဏ်စိတ်က ဆောင်ရွက်ပြီးလျှင် သူချုပ်သွားရော။
                   ခုနက ပဉ္စဒွါရာဝဇ္ဇန်းစိတ် ကလည်း တံခါးဖွင့်ပေးလိုက်တယ်၊ ဆင်ခြင်ပေးလိုက်တယ်၊ အာရုံလေးဘက်ကို ဦးလှည့်ပေးလိုက်တယ်၊ အာရုံကို တံခါးဖွင့်ပေးလိုက်တယ်၊ ဒါ သူ့တာဝန်ပြီးတာနဲ့ သူက ချုပ်သွားပြီ၊ သူ့အလုပ်က ဒါပဲ၊ ဒီထက်ပိုပြီး သူ ဘာမှ ပိုမလုပ်နိုင်ဘူး။ တစ်ခုစီ တစ်ခုစီ၊ ဒီသဘောကို စဉ်းစားကြည့်ရင်၊ ခု ထမင်းစားတဲ့အခါမှာ ဇွန်းခက်ရင်းနဲ့ စားတာမဟုတ်လား၊ ဇွန်းခက်ရင်းနဲ့ စားတဲ့လူတွေဟာ ဇွန်းက ဘာလုပ်ပေးတာလဲ၊ ထမင်းသယ်ပေးတယ်, ဟင်း သယ်ပေးတယ်၊ ကော်ပြီးတော့ ထမင်းဟင်းကို သယ်လာပေးတာပဲ ရှိတယ်၊ ယူပေးတာတောင် လက်ကယူရတာ၊ ဝါးတာ သူနဲ့ဆိုင်ရဲလား၊ မြိုချတာရော သူနဲ့ဆိုင်ရဲ့လား၊ မဆိုင်ဘူး၊ သူ့အလုပ် သူလုပ်တာ၊ သူ့အလုပ်ပြီးရင် ပြီးရော၊ ဟုတ်ကဲ့လား၊ အဲဒီအတိုင်းပဲ မျက်စိတံခါးကနေ ဝင်လာပြီး ပသာဒရုပ်မှာ ထင်ဟပ်လာတဲ့ ရူပါရုံလေးကို ရှေးဦးစွာ ဆင်ခြင်နှလုံးသွင်းပေးလိုက်တာ သို့မဟုတ် တံခါးဖွင့်ပေးလိုက်တာက သို့မဟုတ် အာရုံဘက်ကို ဦးလှည့်ပေးလိုက်တာက ပဉ္စဒွါရာဝဇ္ဇန်း ဆိုတာ ဦးလှည့်ပေးတာ၊ စိတ်အစဉ်တစ်ခုကို အပြောင်းအလဲ လုပ်ပေးလိုက်တယ်၊ သူက အာရုံအသစ်ဘက်ကို ဦးလှည့်ပေးလိုက်တယ်၊ စိတ်ကို အဲဒီဘက်ကို လှည့်ပေးလိုက်တာ၊ အဲဒီတော့ ပဉ္စဒွါရာဝဇ္ဇန်းစိတ်က လှည့်ပေးပြီးတာနဲ့ တစ်ပြိုင်နက် သူ့ကိစ္စပြီးလို့ သူက ချုပ်သွားတယ်။
                   သူချုပ်လိုက်တာနဲ့ တစ်ပြိုက်နက် သူ့နောက်ကနေ ပေါ်လာလိုက်တာက စက္ခုဝိညာဏ်စိတ်၊ ဒါဘယ်သူ့ကြောင့် ပေါ်လာတာတုန်း၊ ဘယ်သူက ပေါ်ခိုင်းတာတုန်းလို့ ဆိုလို့ရှိရင် စိတ္တနိယာမ လို့ ခေါ်တယ်၊ order of mind (mental order) လို့ ခေါ်တယ်၊ စိတ္တနိယာမအရ ဒီအတိုင်းလာနေတာပဲ။
                   သဘာဝတရားရဲ့ စွမ်းအားလို့ ပြောရမယ်၊ ပဉ္စဒွါရာဝဇ္ဇန်း စိတ်ကလေးက သူချုပ်သွားတာဟာ ချုပ်ရုံချုပ်သွားတာ မဟုတ်ဘူး၊ စက္ခုဝိညာဏ်စိတ်ဖြစ်ဖို့ရာ chance ပေးခဲ့တာ၊ သူပေးခဲ့တဲ့ chance စွမ်းအားကြောင့် စက္ခုဝိညာဏ်စိတ်ကလေးက ဟောဒီ အာရုံကို ဆက်ပြီးတော့ မြင်ခြင်းကိစ္စ ဆောင်ရွက်တယ်။ ပြီးတော့ ဒီ စက္ခုဝိညာဏ်စိတ်ကလေးက ချုပ်သွားတာပဲ၊ သူကနေပြီး မြင်ရုံမြင်သွားတာ၊ ဘာမှ သိတာမဟုတ်ဘူး၊ သူက မြင်ပြီးချုပ်သွားတော့ သူ့ကိစ္စပြီးတော့ ဘယ်သူဆက်လာတုန်းဆိုတော့ ဒီအာရုံလေးက အလုပ်လုပ်လို့ မပြီးသေးဘူးလေ၊ အခုမှ တံခါးဖွင့်ပေးရတာနဲ့၊ သူ့ကို မြင်ရုံလေးပဲမြင်တယ်၊ အဲဒီစိတ်ကလေးကို လက်ခံပြီးတော့ တွေးရဦးမှာ၊ ဒါကြောင့်မို့လို့ လက်ခံပေးတဲ့စိတ်ကို သမ္ပဋိစ္ဆိုင်းစိတ်လို့ ခေါ်တယ်။
                သမ္ပဋိစ္ဆိုင်းစိတ်ရဲ့ ကိစ္စက လက်ခံခြင်းကိစ္စ၊ ဒါကို သမ္ပဋိစ္ဆိုင်းကိစ္စလို့ မြန်မာလို ဘာသာမပြန်တော့ဘဲနဲ့ သမ္ပဋိစ္ဆိုင်းကိစ္စလို့ ဒီလိုပဲ ရေးနေတာပဲ၊ အဘိဓမ္မာဝေါဟာရမှာ သမ္ပဋိစ္ဆန - လက်ခံဆိုတဲ့ စကားလုံးပဲ၊ အမှန်က မြန်မာစကား လက်ခံ ဆိုတာ ပိုလွယ်တယ်၊ လက်ခံခြင်းကိစ္စ၊ အဲဒီတော့ သမ္ပဋိစ္ဆိုင်းစိတ်က လက်ခံဆောင်ရွက်တာနဲ့ တစ်ပြိုင်နက် သူလည်းချုပ်သွားတယ်၊ သူချုပ်သွားတာနဲ့ တစ်ပြိုင်နက် automatic ပဲ နောက်က အကြားအလပ်မရှိအောင် တစ်ခုပြီးတစ်ခု ဆက်ပေါ်နေတယ်။ ဘယ်သူပေါ်လာလဲဆိုရင် သန္တီရဏတဲ့၊ လက်ခံထားတဲ့ အာရုံလေးကို စူးစမ်းဆင်ခြင်မှု ဆိုတဲ့ သန္တီရဏစိတ်ကလေးဟာ ဖြစ်သွားတယ်၊ သူကလည်း စူးစမ်းပြီးတာနဲ့ သူ့ရဲ့ကိစ္စက သန္တီရဏ စူးစမ်းခြင်း စုံစမ်းခြင်းဆိုတာနဲ့ investigation အဲဒီ စူးစမ်းမှုကိစ္စလေး ပြီးသွားတာနဲ့ တစ်ပြိုင်နက် သူကလည်း ချုပ်သွားရော၊ ချုပ်သွားပြီးတဲ့အခါ ဘယ်သူပေါ်လာတုန်းဆိုပြန်တော့ ဝုဋ္ဌောဆိုတဲ့ စိတ်ကလေး ပေါ်လာတယ်။
                   ဝေါဋ္ဌပန-ဝေါဋ္ဌပန ဆိုတာ အာရုံကို သတ်မှတ်ချက်လေး တစ်ခုပေးသွားတယ်။ အဲဒီအာရုံရဲ့ သဘောသဘာဝလို့ သတ်မှတ်ချက်ကလေး ပေးသွားတယ်၊ အဲဒီသတ်မှတ်ချက်ကလေး ပေးသွားလို့ သူ့ကိစ္စလေး ပြီးသွားလို့ရှိရင် သူက ချုပ်သွားပြန်ရော။
                    ချုပ်သွားတဲ့အခါကျတော့မှ ဘယ်စိတ်တွေ ပေါ်လာတုန်း ဆိုတော့ ဇော ဆိုတဲ့စိတ် ပေါ်လာတယ်။ ပါဠိစကားလုံးက ဇဝန၊ ဇဝနကို မြန်မာပြုထားတော့ ဇော၊ ဘာဖြစ်လို့ ဇော ခေါ်တာတုန်းလို့ ဆိုတော့ ဇဝနဆိုတာ မြန်မာပြန်မယ်ဆိုရင်တော့ လျင်မြန်တယ်ဆိုတဲ့ အဓိပ္ပါယ်လေး ပြန်လို့ရတယ်၊ အရှိန်အဟုတ်ဆိုတဲ့ အဓိပ္ပါယ်နဲ့လည်း ပြန်လို့ရတယ်။ အဲဒီနေရာမှာ အဓိပ္ပါယ်ဖွင့်ဆိုတဲ့ အခါမှာ ဇော ကိစ္စ၊ ကိစ္စက ဇော ကိစ္စ။
***ဒေါက်တာနန္ဒမာလာဘိဝံသ၏ အဘိဓမ္မာမြတ်ဒေသနာ(ဒုတိယတွဲ) ၉၃-၉၉ မှ ပူဇော်ပါသည်။
*** ဆက်ရန်***  သတိထားရမယ့် အချက်တစ်ခု အပိုင်း(ဃ) ကို ဆက်လက်ပူဇော်ပါမည်။

အဘိဓမ္မာမြတ်ဒေသနာ ဒုတိယတွဲ အပိုင်း(၁၁) {(အခန်း - ၃) စိတ်၏ အာရုံများနှင့် ဆောင်ရွက်မှုကိစ္စများ}



(အခန်း - ၃)
စိတ်၏ အာရုံများနှင့် ဆောင်ရွက်မှုကိစ္စများ
                   ဘုန်းကြီးတို့ စိတ်ဖြစ်ပုံကို လေ့လာခဲ့ကြပြီ၊ စိတ်ဆိုတာ အဖြစ်တရား၊ အာရုံနဲ့ ဝတ္ထုတို့ ပေါင်းဆုံမှုကြောင့်  စိတ်တွေဖြစ်ပေါ်လာတယ်၊ အဲဒီလို ဖြစ်ပေါ်လာပြီးနောက် စိတ်တွေဟာ ဘာနဲ့ စခန်းသွားနေသလဲဆိုရင် အာရုံနဲ့ စခန်းသွားနေတယ်။ ဒီလို အာရုံနဲ့ စခန်းသွားတဲ့နေရာမှာ စိတ်တစ်မျိုးစီ တစ်မျိုးစီမှာ ဆောင်ရွက်တဲ့ ကိစ္စတွေလည်း ကွဲပြားခြားနားမှုတွေ ရှိတယ်။ အဲဒီအကြောင်းကို ဒီကနေ့ လေ့လာရမယ် စိတ်ရဲ့အာရုံများနှင့် ဆောင်ရွက်မှုကိစ္စများ တဲ့။
                   စိတ်လို့ ဆိုလိုက်ရင် အဘိဓမ္မာသင်ထားတဲ့ ပုဂ္ဂိုလ်တွေက စိတ် ၈၉-မျိုး, အကျယ် ၁၂၁၊ စေတသိက် -၅၂ ဆိုတာ သဘောပေါက်ပြီးသား ဖြစ်သွားပြီ။ ဒီနေရာမှာ စိတ် -၈၉ စေတသိက်-၅၂ … အားလုံးကို ရည်ညွှန်းပြီးတော့ စိတ်ရဲ့အာရုံများလို့ ပြောတာ၊ အာရုံနဲ့ ဝတ္ထု ပေါင်းဆုံလိုက်သည့် အတွက်ကြောင့် လူတွေရဲ့သန္တာန်မှာ မှီရာဝတ္ထုရုပ်ကနေပြီးတော့ စိတ်တွေဖြစ်ပေါ်လာကြတယ်။ အဲဒီ ဖြစ်ပေါ်လာတဲ့ စိတ်တွေဟာ ဘာနဲ့ အလုပ်လုပ်ကြသလဲ၊ ဘာနဲ့ ဆက်သွယ်နေကြသလဲဆိုတာကို သိဖို့ အင်မတန် အရေးကြီးတယ်။
                   စိတ်ဟာ အာရုံမရှိဘဲနဲ့ ဖြစ်ပေါ်လာရိုး ထုံးစံမရှိဘူး၊ စိတ်မှန်သမျှ ဆိုင်ရာအာရုံ ရှိနေကြတာချည်းပဲ၊ အာရုံမရှိတဲ့ စိတ်ရယ်လို့ မရှိဘူး၊ ဘယ်စိတ်ပဲဖြစ်ဖြစ် ဆိုင်ရာအာရုံလေးတစ်ခု ရှိနေတယ်၊ အဲဒီစိတ်ရဲ့ အာရုံကို လောကရဲ့ အမည်နာမတွေနဲ့ပြောရင် ဆုံးနိုင်မှာ မဟုတ်လို့ မြတ်စွာဘုရားက အမည်နာမ ၆-မျိုးနဲ့ အာရုံ ၆-ပါးလို့ ဒီလို ဟေထားတာ။ အဘိဓမ္မာ သဘောအရ အမည်ပညတ် တင်လိုက်တဲ့အခါ အာရုံက ၆-ပါးပဲရှိတယ်။ စာလိုပြောရင် ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ၊ ဓမ္မာရုံပေါ့ - အာရုံ ၆-မျိုး၊ အာရုံဆိုတဲ့ သဘောကို ရှင်းလင်းပြောခဲ့ပြီ၊ စိတ်ရဲ့ ပျော်မွေ့ဖွယ်ရာ၊ အဲဒီစိတ်ရဲ့ အာရုံပျော်မွေ့ရာက ၆-မျိုး။
                   ရူပါရုံဆိုတာ ဘယ်ဟာကို ခေါ်တာတုန်းဆိုရင် မျက်စိနဲ့ မြင်လို့ရတာ ရူပါရုံ၊ မြန်မာလိုတော့ အဆင်းအာရုံလို့ ပြောရမယ်၊ မျက်စိနဲ့မှ မြင်လို့ရတယ်၊ မျက်စိမှာ ထင်ဟပ်ပေါ်လွင်နိုင်တယ်၊ တခြားနေရာမှာ ထင်ဟပ်ပေါ်လွင်နိုင်ခြင်းမရှိဘူး၊ 
အဲဒီ အာရုံမျိုးကို ရူပါရုံလို့ ဒီလိုသတ်မှတ်တယ်။ ရူပါရုံဆိုတာ ရုပ် ၂၈-ခုထဲက တစ်ခု တည်းသော ရုပ်ကလေးပဲ၊ ရုပ် ၂၈-ပါးလုံးကို မြင်ရတာမဟုတ်ဘူး၊ ရုပ်တည်းခုတည်းပဲ မြင်ရတာ၊ 
ရူပလို့ခေါ်တဲ့ အဆင်းရုပ်ကလေး တစ်ခုပဲမြင်ရတယ်၊ အင်္ဂလိပ်လို ပြန်တဲ့အခါကျတော့ visible object လို့ အဲဒီလိုပြတ်တယ်၊ form လို့လည်း ပြန်ကြတယ်၊ colour လို့လည်း ပြန်ကြတယ်။ ခြုံကြည့်လိုက်မယ်ဆိုရင် ရူပ  ဆိုတာ မျက်စိဖြင့် မြင်လို့ရတဲ့ ရုပ်၊ မျက်စိမှာ ထင်လာလို့ရှိရင် စိတ်ကို ဖြစ်ပွားစေနိုင်တဲ့ မြင်လို့ရတဲ့ရုပ်။
                   တချို့ ပုဂ္ဂိုလ်တွေက ရူပါရုံဆိုတာ အတွေးထဲမှာသာ ရှိတယ်၊ မျက်စိက မြင်တာတွေက အစစ်မဟုတ်ဘူး, အတွေးထဲမှာသာ ရှိတယ်လို့ ယူဆပြီး ရူပါရုံဆိုတာ မရှိဘူး၊ စိတ်ရဲ့ ကြံစည်ချက်ဖန်တီးချက်များသာ ဖြစ်တယ် လို့ ဒီလိုပြောကြတယ်။ မြတ်စွာဘုရားက ရူပါရုံဆိုတာ ရှိတယ်လို့ ဟောထားတယ်။
                   နယ်သာလန်နိုင်ငံမှာ ဘုန်းကြီးတို့ အဘိဓမ္မာ ပို့ချောတ့ Psychology ယူထားတဲ့ Dr တစ်ဦး အဘိဓမ္မာ လာတက်ဖူးတယ်၊ လာတက်တဲ့အခါ စာသင်ဖော် စာသင်ဖက် အချင်းချင်း ဘာပြောတုန်းဆိုတော့ ရူပါရုံဆိုတာ စိတ်ရဲ့ ထင်မြင်ချက်မျှသာ ဖြစ်တယ်၊ စိတ်က ဖန်တီးယူတာ၊ ဥပမာ- ပန်းလို့ ယူလိုက်လို့ရှိရင် ဒါ စိတ်က ဖန်တီးယူတာပေါ့၊ တကယ်မဟုတ်ဘူး၊ စိတ်ရှိလို့သာ ဒါတွေ ရှိနေတယ်၊ ရူပါရုံဆိုတာ မရှိဘူး သူ့အမြင်ကို ပြောတော့ ဘေးကလူတွေက ရှင်းပြပေမယ့် သူလက်မခံဘူး၊ လက်မခံတဲ့အတွက်ကြောင့် ဆရာတော် ဒါကို ရှင်းပြပါဦးလို့ တောင်းဆိုကြတယ်။ မဟုတ်ဘူး၊ စိတ်ကူးတယ်ဆိုတာ နောက်မှ ကူးတာ၊ မျက်စိက မြင်လို့ရတဲ့အရာဆိုတာ ရှိတယ်၊ Can be seen ဒီလို ရှင်းပြခဲ့တယ်။ ရူပါရုံမရှိဘူး ဆိုတာ ပေါ့၊ မြင်လို့ရတဲ့အရာ၊ The objecti can be seen. မြင်လို့ရတဲ့အရာဆိုတာရှိတယ်။ ဘာကြောင့်ရှိတယ်လို့ ပြောလို့ရှိရင် Can be heard ဆိုတာနဲ့ တခြားစီဖြစ်လို့ပဲ။ နားကကြားလို့ရတယ်ဆိုတာနဲ့ မျက်စိက မြငလို့ရတယ်ဆိုတာနဲ့ တူသလား၊ မတူဘူးလား၊ မတူဘူး၊ နားနဲ့မှ ကြားလို့ရတဲ့ Can be heard ကြားလို့တယ်ဆိုတဲ့ အသံရုပ် ရှိသလိုပဲ, Can be seen မျက်လုံးနဲ့သာ မြင်လို့ရတဲ့ရုပ် ရှိတာပေါ့လို့။ မြင်တဲ့စိတ်ကို စက္ခုဝိညာဏ်လို့ ခေါ်တယ်ဆိုတော့မှ သူက တွေးပြီးစဉ်းစားသွားတယ်။
                   ဘယ်အယူအဆတွေက သူ့ကို လွှမ်းမိုးနေသလဲဆိုရင် ယောဂါစာရ system အယူအဆတွေ လွှမ်းမိုးနေတာ၊ ယောဂါစာရ school ဆိုတာ မဟာယန အသိုင်းအဝိုင်းမှာ ရှိတယ်၊ အဲဒီ အယူအဆက ဘာတုန်းဆိုတော့ ဝိညတ္တိ မတြတာ အယူအဆ စိတ်သာ အရှိတရား၊ ကျန်တာတွေက စိတ်က ဖန်တီးထားတာ၊ စိတ်တစ်ခုတည်းကိုပဲ လက်ခံတယ်၊ ရုပ်တွေက စိတ်ရဲ့ဖန်တီးချက်တွေ ဆိုပြီးတော့ လက်မခံဘူး၊ အဲဒီယောဂါစာရကျမ်းအရ ဝိညတ္တိမတြာ ဝိညာဏ်မျှသာရှိတယ်၊ အသိစိတ်မျှသာ ရှိတယ်၊ ကျန်တဲ့ အရာတွေက စိတ်ရဲ့ဖန်တီးချက်မျှသာ ဖြစ်တယ် ဒီလိုယူဆတဲ့ စာတွေကို သူက ဖတ်ထားပြီး အဲဒါနဲ့ ထေရဝါဒအဘိဓမ္မာ သွားရောတယ်။ မျက်စိက မြင်ရတယ်ဆိုတာ တကယ်ရှိတာ မဟုတ်ဘူး၊ အဲဒီလိုပြောတယ်၊ ပြောတော့ အများရဲ့ အယူအဆနဲ့ မတူမညီဖြစ်တယ်။
                   မြတ်စွာဘုရားဟောတဲ့ တာရားတော် ရူပါရုံဆိုတာ ရုပ် ၂၈-ပါး ထဲမှာ ပါဝင်တဲ့ ရုပ်ကလေးတစ်ခုပဲ။ ရူပဆိုတဲ့ အဆင်းရုပ်ကလေးတစ်ခုကိုပြောတာ၊ ကျန်တဲ့ရုပ်တွေကို မျက်စိနဲ့မြင်လို့ရတာ မဟုတ်ဘူး၊ သူ့ကို ရှင်းပြတဲ့အခါကျတော့ ဒီရုပ်ဟာ The material quality can be heard-can be heard ကနေပြီးတော့ ဆန့်ကျင်ဘက် မတူညီတဲ့ The material quality can be seen ကြည့်လို့ရတဲ့ ရုပ်ဆိုတာ ရှိကိုရှိတယ်၊ အသံကိုတော့ သူ မငြင်းရဲဘူးလေ၊ ဘာဖြစ်လို့တုန်းဆိုတော့ အသံရှိတယ်ဆိုတာ ထင်ရှားနေတော့ ငြင်းလို့မရဘူး၊ အနံ့ရှိတယ်ဆိုတာလည်း ငြင်းလို့မရဘူး၊ မျက်စိကမြင်တဲ့ရုပ်တော့ သူကငြင်းတယ်၊ အဲဒီလို ပြောလိုက်တဲ့ အခါကျတော့မှ သူက ဆက်မပြောတော့ဘူး၊ ရပ်သွားတယ်၊ သဘောကျလား မကျလားတော့ မပြောဘူး။
***ဒေါက်တာနန္ဒမာလာဘိဝံသ၏ အဘိဓမ္မာမြတ်ဒေသနာ(ဒုတိယတွဲ) ၇၈-၈၂ မှ ပူဇော်ပါသည်။
*** ဆက်ရန်***  သတိထားရမယ့် အချက်တစ်ခု ကို ဆက်လက်ပူဇော်ပါမည်။

Gold price estimated