Video

Thursday, 27 November 2014

သတိအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ-၂၃)

အောက်မေ့ခြင်း အမှတ်ရခြင်း သဘောသည် သတိတရားတည်း။
ထို့ကြောင့် “အောက်မေ့-သတိ”ဟု ဆိုခဲ့သည်။ ဤအောက်မေ့မူ၊ အမှတ်ရမူသည် အလွန်များပြား၏။ ရှေးကကုသိုလ်ကောင်းမူ တစ်ခုခု ပြုခဲ့၏။ ယခု ထိုကုသိုလ်ကို ပြန်၍ အမှတ်ရ၏။

တရားစကား ပြောဟောနေသည့်အခါ၊ ဆုံးမသြ၀ါဒ ပေးနေသည့်အခါ မှတ်မိနားလည်အောင် သတိထား၍ နားထောင်၏။ ကမ္မဋ္ဌာန်းနှလုံးသွင်းသည့်အခါ အာရုံပျောက်မသွားအောင် စူးစူးစိုက်စိုက်နှင့် နှလုံးသွင်း၏။


နက်ဖြန်ပြုရမည့် ကုသိုလ်၊ သို့မဟုတ် နောက်အတော်ကြာမှ ပြုရမည့် ကုသိုလ်ကို ကြိုတင်၍ အမှတ်ရ၏။ မိမိဆောက်တည်အပ်သော သီလသိက္ခာပုဒ်များ မကျိုးမပေါက်ရအောင် သတိထား၏။ လောဘ၊ ဒေါသ၊ မာန်မာန စသည်မဖြစ်ရအောင် သတိထား၏။ ဆရာသမား၏ အဆုံးအမကို သတိရ၏။

ဤသို့ စသည်ဖြင့် ကုသိုလ်ကောင်းမူဆိုင်ရာ ကိစ္စစုကို အမှတ်ရနေခြင်းသာ သတိအစစ်ဖြစ်၏။ ဤသတိအစစ်ကို “အပ္ပမာဒ = မမေ့မလျော့ခြင်း”ဟုလည်းခေါ်၏။

ထို့ကြောင့် ဘုန်းကြီးများ သီလပေးသည့်အခါ “အပ္ပမာဒေန သမ္ပာဒေထ = မမေ့မလျော့သော သတိတရားဖြင့် ကုသိုလ်ကိစ္စတို့ကို ပြည့်စုံကြစေလော့”ဟု တိုက်တွန်းရိုး ရှိကြပေသည်။

ဘုရားရှင်လည်း “သတိဉ္စခွာဟံ ဘိက္ခဝေ သဗ္ဗတ္ထိကံ ၀ဒါမိ = ဘိက္ခုတို့၊ သတိကို အရာရာ၌ လိုလားထိုက်၏”ဟု ဟောတော်မူသည်။

[သဒ္ဓါစသည်မှာ လွန်နေတတ်သော်လည်း သတိကား လွန်သွားသည်ဟူ၍ မရှိ။ နေရာတိုင်းမှာ သတိပါစေရမည်ဟု ဟောတော်မူလိုရင်း ဖြစ်သည်။] ပရိနိဗ္ဗာန်စံတော်မူခါနီး၌လည်း “အပ္ပမာဒေန သမ္ပာဒေထ”ဟု မိန့်တော်မူ၏။


"သတိအတု"

ဆွေမျိုးကို အောက်မေ့မူ၊ သမီးခင်ပွန်းချင်း ကွဲကွာနေသည့်အခါ အောက်မေ့မူ၊ သူငယ်ချင်း ချိန်းချက်ထာသည်ကို အမှတ်ရမူ၊ မိမိအား ဂရုစိုက် အရေးပါလိုက်သည်ကို အမှတ်ရမူ၊ ဤသို့ စသည်ဖြင့် တဏှာပေမဆိုင်ရာ အမှတ်ရမူများ ရှိ၏။

ထို့ပြင် မိမိအား နှိပ်စက်ဖူးသူကို လက်စားချေရန် အမှတ်ရ နေမူ၊ သတ်ချိတ် ဖြတ်ချိန်ကို အမှတ်ရနေမူ၊ သွားလာရာ၌ ဘေးရန်အန္တရာယ်ကို သတိထားမူ၊ ဤသို့ စသည်ဖြင့် ဒေါသ ဒေါမနဿဆိုင်ရာ အမှတ်ရမူများလည်း ရှိသေး၏။

ထိုအမှတ်ရမူများ၌ သတိအစစ် မဟုတ်ပါချေ။ နောက်ပြမည့် အမှတ်အသားကောင်းသော သညာသဘော၊ စဉ်းစားကြံစည်တတ်သော ၀ိတတ်သဘောသာ ဖြစ်သည်။


အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။ 
♣ သဒ္ဓါအကြောင်းကိုဒီမှာ ♣  နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။


မေတ္တာရိပ်မှ စာစီဓမ္မဒါနပြုပါသည်။ 

No comments:

Post a Comment

Gold price estimated