ဆွေမျိုး ဂုဏ်သိန် စည်းစိမ်ဥစ္စာ စသော သမ္ပတ္တိတို့ တစ်ခုခု ပျက်စီးသည့်အခါတို့၌ ပြင်းစွာဖြစ်သော ဒေါသကို “ဥပါယာသ”ဟု ခေါ်၏။ ရိုးရိုးဒေါသဖြစ်သောအခါ စိတ်ဆိုး၏။ သတ်ဖြတ်ချင်၏။ ဤဥပါယာသဟုခေါ်သော ဒေါသဖြစ်သောအခါ၌ကား လွန်စွာ စိတ်ပူပန်၏။ ပူပန်သော စိတ်၏ အပူဓာတ်သည် နှလုံးသွေးကို အရှိန်ဟပ်သဖြင့် နှလုံးသွေးမှ ဖြာ၍ကျသော သွေးများသည် အကြောသို့လျှောက်ကာ တစ်ကိုယ်လုံး ထူပူပြီးလျှင် မေ့မြော၍ပင် သွားတတ်၏။ အပူလုံးဆို့ကာ တက်သွားတတ်သည်။
ဆွေမျိုးတစ်ယောက်ပျက်စီးရာ၌ ငိုသံထွက်လာသော ပရိဒေ၀သည် အလွန်အမင်း ပြင်းထန်လာသောအခါ မငိုနိုင်တော့ဘဲ တက်သွား၏။ ထိုထက်သွားခြင်းကား ဥပါယာသဒေါသ၏ စနက်ပင်တည်း။ ထို့ကြောင့် ဥပါယာသသည် သောကပရိဒေ၀ တို့ထက် အပူပြင်းလေသည်။ သောက၏ ပူပုံသည် ဆီချက်ရာ၌ အိုးအတွင်းမှာ ကျက်နေခြင်းနှင့် တူ၏။ ပရိဒေ၀၏ငိုသံ အပြင်သို့ လျှံပုံသည် ဆီကျက်၍ ဝေတက်လျှံလာခြင်းနှင့် တူ၏။ ဥပါယာသ၏ ပူလောင်ပုံကား ကျန်သမျှဆီတွေ ကုန်ခန်းအောင် ကျက်နေခြင်းနှင့် တူသည်။
ဥပါယာသ ဖြစ်တတ်သူများ
ဤဥပါယာသသည် စိတ်အားငယ်တတ်သူနှင့် သူတစ်ပါးကို ယုံကြည်အားကိုးနေသူများ၌ အဖြစ်များ၏။ အများအားဖြင့် မိန်းမသားတို့၌ ဖြစ်တတ်ကြ၏။ မိန်းမသားတို့၏စိတ်သည် များသောအားဖြင့် ယောက်ျားတို့ စိတ်လောက် မကြီးမားလှချေ။ ရုပ်အနေကလည်း အင်အားနည်းပါသည်။ စိတ်ကို ကြီးမားအောင် ပြုပြင်တတ်သော အသိဉာဏ် ဗဟုသုတများလည်း မရှိရှာကြ။ သူတစ်ပါးတို့ကိုလည်း အားကိုးလေ့ရှိကြ၏။ ထို့ကြောင့် ထိုသူများ သန္တာန်၌ သောကဖြစ်လျှင် ပရိဒေ၀လည်း ဖြစ်တော့၏။ ထိုသောက ပရိဒေ၀ ဥပါယာသအဖြစ်သို့ တိုးတက်ကာ မကြာခင် မေ့မြောသွားရရှာလေသည်။ (ယောက်ျားများပင် ခန္ဓာကိုယ်အားနည်းသောအခါ စိတ်ဆင်းရဲမခံနိုင်သည်မှာ မျက်မြင်ပင် ဖြစ်သည်။ ထို့ကြောင့် တစ်စုံတစ်ယောက် ကွယ်လွန်၍ ပူဆွေးဒုက္ခရောက်သောအခါ ထိုဒုက္ခကို ခံနိုင်အောင် အားရှိသော အစားအသောက်ကို စားသောက်မိအောင် ကြိုးစားကြပါ။) သို့ဖြစ်၍ များစွာသော ယောက်ျားမိန်းမတို့၌ ဒုက္ခတစ်ခု တွေ့ကြုံရသောအခါ ပထမဖြစ်သော သောကပရိဒေ၀မီးကိုပင် အမြန်ဆုံး ငြိမ်းအောင် ငြှိမ်းသင့်ကြပေသည်။ (“သောပရိဒေ၀ ငြိမ်းအေးရန် အကြောင်းများကို ပြခဲ့ပြီ။) ဤမျှသော စကားအစဉ်ဖြင့် ဒေါသနှင့် စပ်၍ ပြဖွယ်အချက်များ ပြီးပေပြီ။
♣ ဒုက္ခ ဒေါမနဿအကြောင်းကိုဒီမှာ ♣ နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။
မေတ္တာရိပ်မှ စာစီဓမ္မဒါနပြုပါသည်။
No comments:
Post a Comment