Video

Monday 10 November 2014

စေတသိက်အကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ-၃)


စေတသိက်က စိတ်ကိုခြယ်လှယ်ပုံ 
စိတ်အကြောင်းကို ပြရာဝယ် “စိတ်ကောင်း, စိတ်ဆိုး”ဟု ပြခဲ့ပါပြီ။ သို့သော် စိတ်သည် အာရုံကို သိဖို့ရန်ကိစ္စ တစ်ခုသာ ရှိသောကြောင့် သူ့ချည်းသက်သက် အကောင်းအဆိုး မကွဲပြားနိုင်ချေ။ စေတသိက်အမျိုးမျိုးနှင့် အတူဖြစ်ရသောကြောင့် ထိုစေတသိက်အများ၏ အကောင်းအဆိုး လိုက်၍ စိတ်သည်လည်း စိတ်ကောင်း စိတ်ဆိုး ဖြစ်ရပေသည်။ “စိတ်ကောင်းစိတ်ဆိုး ၂-မျိုးကွဲဖို့ရန် ယှဉ်ဖက် စေတသိက်များက ခြယ်လှယ်၍ ထားကြသည်”ဟု ဆိုလိုသည်။

ဥပမာ-ရေသည် ပင်ကိုအနေအားဖြင့် အရောင်တစ်မျိုးတည်းသာ ရှိသော်လည်း ဆေးနီ၊ ဆေးဝါ၊ ဆေးပြာ၊ ဆေးနက်တို့နှင့် ရောစပ်မိသောအခါ၌ ရေနီ၊ ရေ၀ါ၊ ရေပြာ၊ ရေနက် ဖြစ်ရတော့သကဲ့သို့တည်း။ ထို့ကြောင့် စိတ်ကောင်းစိတ်ဆိုးဟု နားလည်ဖို့ရာ စေတသိက်တို့၏ အကြောင်းကိုလည်း ဆက်လက်၍ လေ့လာသင့်ကြပေသည်။


(ဆောင်) စိတ်၏တံတွာ၊ ဓမ္မတာကား၊ ကြုံရာအာရုံ၊ ရမိရုံသာ၊ ဖုံဖုံကောင်၊ ဆိုး၊ မကွဲရိုးတည်း၊ တစ်မျိုးတွဲဖက်၊ စေတသိက်တွက်ကြောင့်၊ သက်သက်ဆိုး၊ ကောင်း၊ အရောင်ပြောင်း၍၊ မကောင်းလည်းစိတ်၊ ကောင်းလည်းစိတ်ဟု၊ ခွဲစိတ်စမြဲ၊ ဥဒါန်းကဲသည်။ စိတ်လည်းစေတသိက်ကြောင့် သာကိုး။

စိတ်ကိုမကောင်းအောင် ခြယ်လှယ်သော အကုသိုလ် စေတသိက် ၁၄-ပါး
၁။ မောဟ
၂။ အဟိရိက
၃။ အနောတ္တပ္ပ
၎။ ဥဒ္ဓစ္စ
၅။ လောဘ
၆။ ဒိဋ္ဌိ
၇။ မာန
၈။ ဒေါသ
၉။ ဣဿာ
၁၀။ မစ္ဆရိယ
၁၁။ ကုက္ကုစ္စ
၁၂။ ထိန
၁၃။ မိဒ္ဓ
၁၄။ ၀ိစိကိစ္ဆာ

(ဆောင်) မသိတတ်ဘိ-မောဟသိလော့၊ အဟိရိက-မရှက်စွတည့်၊ နောတ္တပ္ပမူ-မလန့်ဟူ၏။ မှတ်ယူပျံ့လျက်-မငြိမ်သက်ထ-ဥဒ္ဓစ္စနှင့်၊ လောဘသဘော-လိုချင်ဟော၍၊ မှားသောအမြင်-ဒိဋ္ဌိတွင်သား၊ မာနကားမူ-ထောင်လွှားကြွတက်၊ ဒေါသတွက်ကြောင့်-ခက်ခက် ထန်ထန်၊ ဣသာလျှံမူ-လွန်ငြူစူ၏၊ ပြောထူမစ္ဆေ-၀န်တိုလေသတဲ့၊ တစ်ထွေမှတ်ကြ-ကုက္ကုစ္စကား၊ နောင်တ တစ်ဖန်-ပူထန်ပြင်း၊ ထိုင်းခြင်းထိန၊ မိုင်း မိဒ္ဓနှင့်၊ ဗုဒ္ဓစသည့်၊ ယုံမှားဘိမူ-၀ိစိကိစ္ဆာ၊ ဆယ့်လေးဖြာသည်၊ မှန်စွာ အကုသိုလ်ချည်းတည်း။
(ကုသလ-ကုသိုလ်၏ + အ-ဆန့်ကျင်ဘက်။ အကုသလ-ကုသိုလ်၏ + ဆန့်ကျင်ဘက်)


အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

မေတ္တာရိပ်မှ ဓမ္မဒါနပြုပါသည်။

 

No comments:

Post a Comment

Gold price estimated