Video

Wednesday, 12 November 2014

အနောတ္တပအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ-၆)

မကြောက်လန့်ခြင်း သဘောသည် အနောတ္တပ္ပတည်း။ ထို့ကြောင့် “အနောတ္တပ္ပမူ=မလန့်ဟူ၏” ဆိုခဲ့ရပေသည်။ အကုသိုလ် ဒုစရိုက်တွေသည် မီးတောက်မီးလျှံတွေနှင့် တူ၏။ အနောတ္တပကား ပိုးပရန်နှင့် တူလေသည်။ ချဲ့ဦးအံ့ - မီးတောက်မီးလျှံသည် ကြောက်မက်ဖွယ် အလွန်ကောင်း၏။ သို့သော် “ပိုးပရန်”ဟုခေါ်သော ပိုးကောင်ကလေးကား ထိုမီးလျှံကို ကြောက်ရွံ့ဖွယ်ဟုမထင်ဘဲ ရဲရဲကြီး တိုးကြလေသည်။ ထို့အတူ အကုသိုလ်ဒုစရိုက်များသည် ဘေးဒုက္ခအမျိုးမျိုးကို ဖြစ်စေတတ်သည့်အတွက် ကြောက်မက်ဖွယ်ကောင်းလှပါသည်။

သို့သော် ထိုဘေးဒုက္ခတွေကို မောဟက ဖုံးကွယ်ထားသည့်အတွက် အနောတ္တပ္ပက ကြောက်လန့်ဖွယ်ကို မမြင်တော့ဘဲ ရဲရဲကြီး ပြုဝံ့လေသည်။ အကုသိုလ် ဒုစရိုက်များနှင့် စပ်၍တွေ့ရတတ်သော ဘေးတို့ကား -
၁။ အတ္တာနုဝါဒဘေး။ သူတစ်ပါးက “ငါ့ကို လူကြီးလူကောင်း၊ သူတော်ကောင်း” ဟု အထင်ကြီးကြသော်လည်း ငါ့အကြောင်းငါသာသိ၏။ ငါသည် သူတို့ထင်သလို ကောင်းသော သူတော်ကောင်းမဟုတ်ချေ။ မကောင်းမူ ဒုစရိုက်များကို ခိုးကြောင်ခိုးဝှက် ပြုလုပ်လေ့ရှိသော လူယုတ်မာ တစ်ယောက်ဖြစ်သည်”ဟု မိမိကိုယ်ကို မိမိပြန်၍ စွပ်စွဲကဲ့ရဲ့ခြင်း မိမိကိုယ်တိုင် မကြည်ညိုနိုင်ခြင်း ဘေးတည်း။ (အတ္တ=မိမိကိုယ်ကို + အနုဝါဒ=စွပ်စွဲခြင်း)


၂။ ပရာနုဝါဒဘေး။ “အကုသိုလ် ဒုစရိုက်များကို ပြုနေသော လူယုတ်မာပဲ”ဟု သူတစ်ပါးတို့က စွပ်စွဲကဲ့ရဲ့ခြင်း၊ အထင်သေး မြင်သေး ခံရခြင်း ဘေးတည်း။ (ပရ=သူတစ်ပါးတို့က + အနုဝါဒ=စွပ်စွဲခြင်း)


၃။ ဒဏ္ဍဘေး။ အကုသိုလ်ကိုပြုလျှင် ယခုဘ၀မှာပင် “သူ့ကိုသတ်မိ၍ ကိုယ့်ကိုလည်း အသတ်ခံရခြင်း။ သူ့ဥစ္စာခိုးမိ၍ ဥစ္စာရှင်၏ ရိုက်နှက် သတ်ပုတ်ခံရခြင်း။ သူ့အိမ်ရာကို ပြစ်မှားမိ၍ အသတ်ခံရခြင်း။ မူပြစ်ထင်ရှားသဖြင့် ထောင်ကျရခြင်း”စသော ဒုက္ခဘေးရန် အပြစ်ဒဏ် အမျိုးမျိုး ခံကြရခြင်း ဘေးတည်း။

၎။ ဒုဂ္ဂတိဘေး။ အကုသိုလ် ဒုစရိုက်ကို ပြုထားမိသည့် အတွက် သေခါနီးမှ အကြီးအကျယ် နောင်တရ၍ နောက်ဘ၀၌ အပါယ်လေးပါးတည်းဟူသော မကောင်းသော ဂတိသို့ ရောက်ရမည့်ဘေးတည်း။
အကုသိုလ်ကို ပြုမိထားလျှင် လူပါး လူနပ် လူလည်ဖြစ်၍ ရှေ့ဘေးကြီး ၃-ပါးမှ လွတ်အောင် တိမ်းရှောင်နိုင်စေကာမူ နောက်သံသရာအရေး ဒုဂ္ဂတိဘေးမှ လွတ်အောင်ကား ရှောင်နိုင်ရန် ခဲယူဉ်းလှသောကြောင့် အကုသိုလ်ဒုစရိုက်မှန်က အလွန်ကြောက်ရွံ့ ထိတ်လန့်ဖွယ် ကောင်းလှ၏။ သို့သော် အနောတ္တပ္ပ ၀င်လာသောအခါ နဂိုက ဒုစရိုက်ကို ကြောက်ရွံ့တတ်သော သူတော်ကောင်းများပင် ဤမျှလောက် ကြောက်ဖွယ်ကောင်းသော ဒုစရိုက်အမူကို မကြောက်မရွံ့ ရဲဝံ့စွာ ပြုမိကြလေတော့သည်။

ဟရိတစ၀တ္ထုမှတ်ချက်
ဤနေရာ၌လည်း အလောင်းတော်ကြီး ဟရိတစ ရှင်ရသေ့၏ အမူသွားကိုပင် ထပ်မံ၍ စဉ်းစားသင့်ပေသည်။ ရှင်ရသေ့၏ အမူဝယ် ကြောက်ရွံ့ဖွယ် များလှ၏။ မိမိကိုယ်ကို မိမိမကြည်ညိုနိုင်သော အတ္တာနုဝါဒ ဘေးမှာ ပြောဖွယ်ရာ မရှိပြီ။ “ဘုရင်၏ ဆရာတော် အရှင်ရသေ့က မိဖုရားကို ပြစ်မှားသတဲ့”ဟူသော သတင်းဆိုးကြီးကား ဘုရင်မရှိတုန်းဝယ် တစ်မြို့လုံးပျံ့နှံ့နှင့် လေသောကြောင့် သူတစ်ပါးတို့၏ အစွပ်စွဲ အကဲ့ရဲ့ ခံရခြင်း ဟူသော ပရာနုဝါဒဘေးလည်း လက်ငင်းဒိဋ္ဌိ တွေ့ကြုံလျက် ရှိပေပြီ။

ထိုရှင်ဘုရင်သာ အာနန္ဒာအလောင်း ပါရမီဖြည့်ဖက် သူတော်ကောင်း မဟုတ်ပါမူ မိမိကြင်ယာတော်ကို စော်ကားသည့်အတွက် ရသေ့အသက်ကို မြက်တစ်ပင်လောက်မျှ ပမာဏပြုမည်မဟုတ်။ ရှင်ဘုရင်က သူတော်ကောင်းဖြစ်၍သာ ဒဏ္ဍဘေးမှ သီသီကလေး လွတ်ခဲ့ရသည်။ ထိုမျှလောက် အသက်ဘေးနှင့် အရေးတကြီး နီးကပ်နေသော ကာမမူကိုပင် အနောတ္တပ ၀င်လာသည့်အတွက် မည်သူ့ကိုမျှ ထီမထင်တော့ဘဲ ပြုရဲလေတော့သည်။ ဤ အနောတ္တပနှင့်အတူ ဖြစ်သောစိတ်ကို “အနောတ္တပ္ပစိတ်”ဟု ခေါ်သည်။

ရွာဝက်သည် မစင်ကို မရွံသကဲ့သို့ အရှက်မရှိသော သူသည် မကောင်းမူကို မရွံ။ ပိုးပရန်ကောင်သည် မီးလျှံကို မကြောက်သကဲ့သို့ သြတ္တပ မရှိသူသည်လည်း မကောင်းမူမှ မကြောက်။ (ဋီကာကျော်)

 
အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။ 
♣ အဟိရိကအကြောင်းကိုဒီမှာ ♣  နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

မေတ္တာရိပ်မှ စာစီဓမ္မဒါနပြုပါသည်။ 

No comments:

Post a Comment

Gold price estimated