စိတ်၏ပျံ့လွင့်ခြင်း၊ မငြိမ်သက်ခြင်းသဘောသည် ဥဒ္ဓစ္စတည်း။ ထို့ကြောင့် “မှတ်ယူပျံ့လျက်-မငြိမ်သက်ထ-ဥဒ္ဓစ္စနှင့်”ဟု ဆိုခဲ့သည်။ “ပျံ့လွင့်” ဆိုသည်ကား ပြာပုံပေါ်သို့ ခဲကျသောအခါ ပြာတွေလွင့်တက်သကဲ့သို့ အာရုံတစ်ခုခုအပေါ်၌ ငြိမ်သက်စွာ မတည်နိုင်ဘဲ ဟိုအာရုံရောက်လိုက် သည်အာရုံရောက်လိုက် ဖြစ်နေခြင်းတည်း။ ထိုဥဒ္ဓစ္စနှင့် အတူတကွဖြစ်သော စိလည်း စိတ်လေ စိတ်လွင့်ဖြစ်၍ ဥဒ္ဓစ္စအားကြီးနေသောအခါ ကိုယ်ခန္ဓာလည်း မငြိမ်မသက် ဖြစ်နေရကား လူလေလူလွင့် လူပေါ်ကြော့ ဖြစ်တတ်လေသည်။
နန္ဒထေရ် စိတ်မတည်ပုံ
နန္ဒထေရ် စိတ်မတည်ပုံ
ဇနပဒကလျာဏီနှင့် လက်ထပ်မင်္ဂလာ ပြုမည့်ဆဲဆဲမှာ နန္ဒမင်းသားကို ဘုရားရှင် ခေါ်လာ၍ ရဟန်းပြုပေးလေရာ ရဟန်းတရား၌ ငြိမ်သက်စွာ မတည်နိုင်ဘဲ စိတ်လွင့်ပါး၍ ဇနပဒကလျာဏီ အထံသို့ မကြာခဏ စိတ်ရောက်သွားလေသည်။ ဤ၀တ္ထု၌ ရဟန်းတရားဝယ် ငြိမ်သက်စွာ မတည်ခြင်းမှာ ဥဒ္ဓစ္စ သဘောပင်တည်း။
ဥဒ္ဓစ္စ သတ္တိညံ့ပုံ
ဤဥဒ္ဓစ္စသည် သူ့ပင်ကို သဘောအားဖြင့် မည်သည့်အာရုံ၌မျှ တည်တည်တံ့တံ့ မရှိ။ ဟိုအာရုံရောက်လိုက်၊ သည်အာရုံရောက်လိုက်နှင့် ပျံ့လွင့်နေရကား မကောင်းတရား အကုသိုလ်တရားဟု ဆိုရစေကာမူ မည်သည့် ဒုစရိုက်ကိုမျှ ထိထိမိမိ မပြုသောကြောင့် လောဘ ဒေါသ စသည်တို့ကဲ့သို့ အပါယ်ချနိုင် လောက်အောင် သတ္တိမကြီးမားချေ။
အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။
No comments:
Post a Comment