Video

Thursday, 13 November 2014

ဣဿာအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၁၈)

 
 
" ဣဿာအကြောင်း"


ငြူစူခြင်း၊ မနာလိုခြင်း သဘောတို့သည် “ဣဿာ”ပင်တည်း။
ထို့ကြောင့် “ဣဿာလျှံမူ၊ လွန်ငြူစူ၏” ဟုဆိုခဲ့သည်။ သူတစ်ပါးလှကြောင်း၊ ဥစ္စာပေါကြောင်း၊ ပညာတတ်ကြောင်း၊ အကျင့်ကောင်းကြောင်း စသော ဂုဏ်သတင်းများ ပြောပြလာလျှင် မနာလိုခြင်း (နားမထောင်လိုခြင်း) နားမထောင်လိုရုံသာမကတော့ဘဲ “ဇီးကွက်လောက်တော့ ငှက်တိုင်းလှရဲ့၊ သည်လိုယုန်တော့ ချုံတိုင်းရှိရဲ့” စသည်ဖြင့် နူတ်ခမ်းစူကာ၊ ပါးစပ်ရွဲ့ကာ၊ မျက်စောင်းထိုးကာနှင့် ပြောဆိုကဲ့ရဲ့တတ်ခြင်းသည် ဣဿာသဘောချည်းတည်း။ [ကျေးရွာသားတို့ ကဲ့ရဲ့ရာ၌ကား “ဒီထန်းသီးမူတ်မျိုးတော့ ဘယ်ထန်းပင်အောက်မဆို ကောက်လို့ ရနိုင်တယ်”ဟု ဆိုလေ့ရှိ၏။]


“ကိုယ့်ထက်သာ မနာလို၊ အကြံတူ ရန်သူ၊ အလုပ်တူ ငြူစူ”ဟု ဆိုရိုးရှိသည့်အတိုင်း ဤဣဿာသည် အလုပ်တူ၍ ကိုယ့်ထက်သာနေသူ၏ အပေါ်မှာ ဖြစ်တတ်သည်။ ငါးပိသည်က ရွှေသည်၏ အပေါ်မှာ ဣဿာဖြစ်ဖို့ ခဲယဉ်းသော်လည်း ရွှေသည် အချင်းချင်း၊ ငါပိသည် အချင်းချင်း၊ ရဟန်းသံဃာ အချင်းချင်း၊ ဓမ္မကထိက အချင်းချင်း၊ စာချဘုန်းကြီး အချင်းချင်း၊ ဆရာတော် အချင်းချင်း အတင်းပြောကာ ဣဿာဖြစ်တတ်ကြသည်။

သူ၏ ကံစွမ်း၊ ဉာဏ်စွမ်း၊ ၀ီရိယစွမ်းကြောင့် မိမိထက်သာလွန်၍ တိုးတက်နေသူကို အတင်းအဖျင်းပြောကာ ဣဿာဖြစ်မူကြောင့် ထိုသူမှာ အကျိုးမယုတ်ဘဲ မိမိမှာသာ ပညာရှိတို့ အထင်သေးခံရမည့်အပြင် ဘ၀သံသရာ၌လည်း ယခုထက် အောက်ကျဖို့ အကြောင်း မကောင်းသော တရားတစ်မျိုးဖြစ်၍ စင်စစ် ပယ်ရှားထိုက်လှပေသည်။



"မြဂူကို မနာလိုသော ၀က်များ"


ဟိမ၀န္တာတောင် မြဂူအတွင်း၌ ခြင်္သေ့တစ်စီး အောင်းနေ၏။ ထိုဂူ၏ မနီးမဝေးမှာလည်း ၀က်အများနေကြသည်။ ထိုဝက်တို့သည် မြဂူအတွင်းက ခြင်္သေ့ကို မြင်နေရသဖြင့် အမြဲကြောက်ရွံ့ကာ မြဂူ၏ အရောင်းကိုပင် အပြစ်မြင်နေကြ၏။ အခါတစ်ပါး၌ ထိုဝက်အများ တိုင်ပင်ကာ ရွှံ့ညွန်ထဲ၌ လူးပြီးလျှင် ထိုညွန်ဖြင့် မြဂူကို (အရောင်မှိန်သွားအောင်) ပွတ်တိုက်ကြလေရာ မြဂူမှာ အရောင်မညိုးဘဲ တိုး၍ ပြောင်လာလေသည်။

ထို့အတူ မိမိထက်သာသူကို မနာလို၍ အပြစ်ပြောလျှင် မိမိမှာသာ အနေခက်၍ အထက်တန်းရောက်ပြီးသူမှာ တိုး၍သာ ပြောင်ဖွယ်ရှိလေသည်။



"အတ္တုက္ကံသန ပရ၀မ္ဘန"

စကားပြောသောအခါ ဖြစ်စေ၊ စာရေးသောအခါ ဖြစ်စေ မိမိကိုယ်ကို မြှောက်၍ (ဂုဏ်ဖော်၍) ပြောဆိုရေးသားခြင်းကို “အတ္တုက္ကံသန”ဟုခေါ်၏။ [အတ္တ = မိမိကိုယ်ကို + ဥက္ကံသန = ချီးမြှောက်ခြင်း]

သူတစ်ပါးကို ရူတ်ချ၍ (အပြစ်တင်၍) ပြောဆိုရေးသားမူကို “ပရဝမ္ဘန”ဟုခေါ်၏။ [ပရ=သူတစ်ပါးကို + ၀မ္ဘန = ရူတ်ချခြင်း]

ထိုတွင် အတ္တုက္ကံသန အမူ၌ မိမိဂုဏ်ကို သာယာသော လောဘနှင့် အထင်ကြီးသော မာနများ ဖြစ်တတ်၏။ ပရဝမ္ဘန အမူ၌ကား ယခုပြနေသော ဣဿာနှင့် မလိုမုန်းထားသော ဒေါသသဘော ဖြစ်တတ်လေသည်။


"ဂုဏ်ဖော်ပုံ"

စကားပြောဆိုရာ၊ စာရေးသားရာတို့၌ မိမိတတ်သိနားလည်ကြောင်း၊ မိမိဥစ္စာပေါများကြောင်း၊ အမျိုးအဆွေကြီးကြောင်း၊ ဘီအေ, အမ်အေအောင်ကြောင်း၊

ယခုအခါ အောက်ကျ၍နေရစေကာမူ ရှေးအခါတုန်းက ရွှေထီးဆောင်းခဲ့ရဖူးကြောင်း၊ (ဘုန်းကြီးဖြစ်လျှင်) ဘုန်းကံကြီးကြောင်း၊ မိမိ၏ ဒကာ ဒကာမတို့ ပစ္စည်းဥစ္စာ ပေါများကြောင်း၊ ရာထူးကြီးကြောင်း၊ မိမိစာမေးပွဲအောင်ကြောင်း၊ တရားဟောကောင်းကြောင်း၊ စာချကောင်းကြောင်း၊ ရွှေငွေဖြစ်ကြောင်း စသည်ဖြင့် (ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ) ဂုဏ်ဖော်တတ်ကြလေသည်။

ဤသို့ ဂုဏ်ဖော်ကြရာဝယ် အဆင်အခြင်နည်းပါးသူတို့အပေါ်မှာ အထိုက်အလျောက် အကျိုးရှိမည် ဖြစ်သော်လည်း စဉ်းစားသူတို့ကမူ “ဤသူဟာ အူကြောင်ကြောင်ကြီးပဲ”ဟု အထင်သေးတတ်ကြသည်။

သို့ဖြစ်၍ စကားပြောရာ၊ စာရေးရာတို့၌ ဂုဏ်ဖော်ခြင်းဟူသော အတ္တုက္ကံသန အမူကို သတိပြု၍ ရှောင်သင့်ပေသည်။


"ဂုဏ်ဖော်သင့်သောအခါ"

တစ်ခါတစ်ရံ ဂုဏ်ဖော်သင့်သောအချက်များလည်း ရှိတတ်သေး၏။ ထိုအချက်များကား မိမိဂုဏ်ကို ဖော်မပြောလျှင် မိမိအလုပ်ကိုဖြစ်စေ၊ မိမိစကား မိမိတရားကိုဖြစ်စေ သူတစ်ပါးတို့က အထင်သေးဖွယ်ရှိသော အချက်တည်း။

ထိုကဲ့သို့ အချက်များ၌ကား မိမိဂုဏ်ကို ထိုက်သလို ထုတ်ဖော်ရပေမည်။ ထိုကဲ့သို့ မိမိအလုပ် မိမိစကားကို လေးစားစေလို၍ ဂုဏ်ဖော်ခြင်းကား မာနမဟုတ်ပါ။ မိမိအလုပ် မိမိစကားကို တွင်ကျယ်အောင် အမွှမ်းတင်တတ်၊ စီစဉ်တတ်သော အသိလိမ္မာပင် ဖြစ်ပါသည်။


 "ရူတ်ချမူ"


သူတစ်ပါးကို ရူတ်ချတတ်သော ပရဝမ္ဘန အမူလည်း သတိမထားတတ်သူ၏ စာအရေးအသား၊ စကားအပြောအဆိုများ၌ တွေ့ရတတ်သည်။ ကြားရသူတိုင်းက အထင်အမြင်သေးအောင်၊ နိမ့်ကျသွားအောင် သူတစ်ပါးကို ရူတ်ချခြင်းသည် ယုတ်မာဆိုးရွားလှ၏။

သို့သော် တကယ်ယုတ်မာသူကို အများလူတို့က ဖြစ်စေ၊ မိမိနှင့် ရင်းနှီးသူတို့ကဖြစ်စေ အထင်ကြီးနေရာ၌ကား တိုင်းသူပြည်သားတို့ (မိမိနှင့်စပ်သူတို့)အထင် မှားရလေအောင် အခါအခွင့်အလိုက် ရူတ်ချထိုက်ပေသည်။

သို့သော် ထိုသို့ အများက အထင်ကြီးနေသူကို အပြစ်ပြ၍ ရူတ်ချရာဝယ် သက်သေခံ မရလျှင် မိမိကိုပင် ရင်းနှီးသူတို့ကပါ အထင်မှားတတ်သောကြောင့် သတိထား၍ ရူတ်ချသင့်မှ ရူတ်ချပါလေ။


ကြားဖူးသည်မှာ- ကျောင်းဒကာနှင့် ကျောင်းအမတို့သည် မိမိတို့ ဘုန်းကြီးကို ရဟန္တာလောက်ပင် ကြည်ညိုနေကြ၏။ အခါတစ်ပါးသော် အလှူတစ်လှူ၌ သံဃာစဉ်ရာတွင် မိမိတို့ ဘုန်းကြီးကို မမြင်ရသော ကျောင်းဒကာသည် “ဘုန်းကြီးနေမကောင်းဘူး” ထင်၍ ကျောင်းသို့သွားလေသည်။

ထိုအခါ မီးတင်းကုပ်မှာ မီးခိုးထွက်နေသည်ကို မြင်၍ ချောင်းကြည့်မိရာ ဘုန်းတော်ကြီး ကိုယ်တိုင် ကြက်ဥကြော်နေသည်ကို မြင်ရသဖြင့် ကြက်သီးထကာ စိတ်မချမ်းမသာနှင့် ကျောင်းမအကို ပြန်ပြောလေရာ ကျောင်းအမက “ငါ့ကျောင်းဒကာ စိတ်ဖောက်ပြန်လာပေါ့”ဟု စိုးရိမ်၍ “အရပ်ကတို့ ကြကြပါဦး၊ ကျုပ်တို့ ကျောင်းဒကာ ဘာဖြစ်လာမှန်းမသိပါဘူး”ဟု အော်လေရာ ကျောင်းဒကာသည် လွန်စွာရှက်၍ သက်သက် အရူးပျောက်သလိုလုပ်၍ ရောက်လာသူတို့အား ဘာမှမဖြစ်ကြောင်း ပြောပြရလေသည်။

ထို့နောက် အိပ်ရာဝင်မှ တစ်ခါ ပြောပြန်လေရာ ရှေးနည်းအတိုင်း ကျောင်းအမက အော်မည် လုပ်ပြန်သောကြောင့် ကျောင်းအမကို တောင်းပန်ကာ နောက်နောင်အခါ ဘုန်းကြီး ကြက်ဥကြော်စားသော အမူမှန်ကို ဘယ်သူကိုမျှ မပြောဝံ့တော့ချေ။


ဤသို့လျှင် တချို့အပြစ်များကို ပြောပြရာ၌ ပြောဆိုသူကိုပင် အရူးအထင်ခံရတတ်သောကြောင့် အခါအခွင့်ကို ကြည့်ကာ ပြောသင့်မှ ပြောဆိုရပေမည်။


သို့ရာတွင် မိမိအိမ်သား အိမ်သူစသော အလွန်ရင်းနှီးနေသူတို့ကိုကား (မယုံချင်နေပေစေ) ယုတ်မာသူကို အထင်ကြီးနေလျှင် ကြိုတင်၍ သတိပေးထားခြင်းသာ အမြော်အမြင်ကြီးရာ ရောက်သဖြင့် ထိုယူတ်မာသူ၏ အပြစ်ကို ပြောထားသင့်ပေသည်။

အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။ 


♣ ဥပါယာသအကြောင်းကိုဒီမှာ ♣  နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။




မေတ္တာရိပ်မှ စာစီဓမ္မဒါနပြုပါသည်။ 


No comments:

Post a Comment

Gold price estimated