Video

Monday, 10 November 2014

စိတ်အကြောင်း (ကိုယ့်ကျင့်အဘိဓမ္မာ-၂)

 
အာရုံကို သိတတ်သော သဘောသည် စိတ်
ငါတို့သည် ဟိုဟာသိ သည်ဟာသိနှင့် အချိန်ရှိသမျှ အာရုံတွေကို သိနေကြသည်။ ထိုသို့ အာရုံတွေကို သိတတ်သော သဘောကို “စိတ်” ဟုခေါ်သည်။ “သိ” ဆိုသော်လည်း ဉာဏ်ဖြင့်သိသော အသိမဟုတ်၊ အာရုံကို ရအောင် ယူနိုင်ခြင်းကိုပင် “အသိ” ဟုခေါ်သည်။

အာရုံ ၆-ပါး၊ အသိ ၆-မျိုး ၁။ အဆင်း အရောင်ဟူသမျှ = ရူပါရုံ ၂။ အသံ ဟူသမျှ = သဒ္ဒါုရုံ ၃။ အနံ့ ဟူသမျှ = ဂန္ဓာရုံ ၄။ အရသာ ဟူသမျှ = ရသာရုံ ၅။ အတွေ့ ဟူသမျှ = ဖောာဋ္ဌဗ္ဗာရုံ ၆။ ကြွင်းသော သိဖွယ်ဟူသမျှ = ဓမ္မာရုံ

ရူပါရုံကို မြင်သောအခါ၊ မြင်သိ - သိသောစိတ် ဖြစ်၏။ သဒ္ဒရုံကို ကြားသောအခါ၊ ကြားသိ - ကြားသောစိတ်၊ ဂန္ဓာရုံကို နံသော၊ မွှေးသောအခါ နံသိ၊ မွှေးသိ - သိသောစိတ်၊ ရသာရုံကို အရသာခံသောအခါ၊ အရသာသိ - သိသောစိတ်၊ တစ်စုံတစ်ခုကို တွေ့ထိရသောအခါ၊ အတွေ့အထိ သိ - သိသောစိတ်၊ တစ်စုံတစ်ခုကို တွေ့ထိရသောအခါ၊ အတွေ့အထိ သိ - သိသောစိတ်၊ ထိုအာရုံငါးပါးနှင့်တကွ ကြွင်းသော အကြောင်းအရာတွေကို သိသောအခါ ဆိုင်ရာကို သိသောစိတ်များ ဖြစ်ကြလေသည်။ ဤသို့ ဆိုင်ရာအာရုံကို ရအောင်ယူနိုင်ခြင်းသည် စိတ်၏ သိခြင်းပင်တည်း။

စိတ်၏အခြင်းအရာ
စိတ်သည် အဝေးသို့လည်း သွားနိုင်၏။ တစ်ပါးတည်းသာ လှည့်လည်လေ့ရှိ၏။ ခန္ဓာကိုယ် အထည်ဒြပ်လည်းမရှိ။ ခန္ဓာကိုယ်ဝယ် ဟဒယ လိုဏ်ဂူ၌ အများအားဖြင့် ဖြစ်လေ့ရှိ၏ဟု ဓမ္မပဒပါဠိတော်၌ ဟောတော်မူသည်။ ထိုသို့ ဟောတော်မူသည့်အတိုင်း စိတ်၏အခြင်းအရာကို ထင်ရှားအောင် ပြပါဦးမည်။


အဝေးလည်းသွား
စိတ်သည် ခြေဖြင့် လျှောက်သွားနိုင်သကဲ့သို့ အဝေးအရပ်ရောက်အောင် သွားနိုင်သည် မဟုတ်။ သို့သော် အလွန်ဝေးသောအရပ်ကို လှမ်း၍ အာရုံပြုနိုင်ရကား အဝေးရောက်အောင် သွားသကဲ့သို့ ထင်ရပေသည်။ ဥပမာ - မန္တလေးမှနေ၍ ရန်ကုန်ရှိ အာရုံများကို အာရုံပြုရာ၌ စိတ်သည် ရန်ကုန်သို့ ရောက်သွားသည်မဟုတ် မန္တလေးမှာ ဖြစ်လျက်ပင် ရန်ကုန်သို့ လှမ်း၍ အာရုံပြုနိုင်သည်။ ထိုသို့ အဝေးအာရုံကို ယူနိုင်သည့်အတွက် “အဝေးလည်းသွား”ဟု ဆိုရပေသည်။

တစ်ပါးတည်းလည်း
စိတ်သည် အလွန်အဖြစ်အပျက် မြန်၏။ လက်ဖျစ် တစ်ချက် တီးခန့် အချိန်မှာပင် စိတ်ပေါင်း ကုဋေတစ်သိန်းမက ရှေ့နောက် ဆက်၍ ဖြစ်ပျက်နိုင်၏။ ထိုမျှလောက် အဖြစ်အပျက် မြန်သည့်အတွက် စိတ် ၂-မျိုး ၃-မျိုး တစ်ပြိုင်နက်ဖြစ်၍ အာရုံ ၂-ခု ၃-ခုကို တစ်ခါတည်း ယူနိုင်သည်ဟု ထင်ရလေသည်။ စင်စစ်မှာ ၂-စိတ် ၃-စိတ် ပြိုင်၍ ဖြစ်ရိုးမရှိ၊ တစ်စိတ်ပြီးမှ တစ်စိတ် ဖြစ်၍ အာရုံတစ်ခုကို ယူပြီးမှ တခြားအာရုံတစ်ခုကို ဆက်၍ ယူရသည်။

မွှေးကြိုင်စွာ ပန်းနံ့သာ ခြယ်လှယ်ထားသော ဖဲမွေ့ရာပေါ်မှာထိုင်လျက် ချိုချဉ်စားရင်း က၍ သီဆိုနေသူကို ကြည့်ရူနားထောင်ရာ၌ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့ အာရုံ ၅-မျိုးလုံးပင် အနီးအပါးတွင်ရှိ၏။ ထိုအခါ စိတ်သည် ထိုအာရုံ ၅-မျိုးလုံးပင် အနီးအပါးတွင်ရှိ၏။ ထိုအခါ စိတ်သည် ထိုအာရုံ ၅-မျိုးလုံးကို တစ်ပြိုင်နက်မသိ၊ မိမိအနှစ်သက်ဆုံး အာရုံတစ်ခုခုကို စိတ်တစ်မျိုးဖြင့် ရှေ့ဦးစွာ သိပြီးမှ အခြားအခြားသော အာရုံများကို တစ်ခုပြီးတစ်ခု ဆက်၍ဆက်၍ သိသည်။

ဤသို့လျှင် စိတ်သည် ၂-ပါး၊ ၃-ပါး (အများအပြား) ပြိုင်၍ ဖြစ်ရိုးမရှိ၊ တစ်ခုတည်းသာ ဖြစ်ရိုးရှိသောကြောင့် “တစ်ပါးတည်းလည်”ဟု ဆိုရပေသည်။

ဆက်ဦးအံ့ - “လည်” ဆိုသော်လည်း အဝေးသို့ လှည့်လည်သည်မဟုတ်။ အဝေးအာရုံကို ယူနိုင်သောကြောင့် “လည်=လှည့်လည်”ဟု ဆိုရပေသည်။ အာရုံတစ်ခုကို စိတ်က ယူရာ၌လည်း ထိုအာရုံကို စိတ်တစ်စိတ်တည်းက အပြီးအစီးသိအောင် မယူနိုင်။ အာရုံတစ်ခုကို သိထိုက်သမျှ သိအောင် စိတ်ပေါင်း အတော်များစွာ ဆက်ကာဆက်ကာ ဖြစ်ရသည်။ ထိုသို့ ဆက်၍ဆက်၍ အတော်များစွာဖြစ်ရသော်လည်း လက်ဖျစ်တစ်ချက်တီး အချိန်မှာ ကုဋေသိန်းပေါင်းများစွာ ဖြစ်ပျက်နိုင်သောကြောင့် လူအပေါင်းတို့က မြင်-မြင်ချင်း၊ ကြား-ကြားချင်း၊ မွှေး-မွှေးချင်း၊ ထိ-ထိချင်း သိသည်ဟု မှတ်ထင်ကြသည်။

ကိုယ်ထည်မရှိ
စိတ်မှာ အထည်ကိုယ်ဒြပ် အထင်အရှားမရှိ။ ထို့ကြောင့် စိတ်ကို ဖြူသည်၊ မည်းသည်၊ ပိန်သည်၊ ၀သည်ဟု မမဆိုနိုင်၊ အာရုံကို သိနိုင်သော သဘော သတ္တိမျှသာ ထင်ရှားရှိသည်။

ဂူအောင်းဘိ
မြင်သိ - သိသောစိတ်သည် မျက်လုံးအတွင်းမှာ ဖြစ်၏။ ကြားသိ - သိသောစိတ်သည် နားအတွင်းမှာ ဖြစ်၏။ နံသိ - သိသော စိတ်သည် နှာခေါင်းအတွင်းမှာ ဖြစ်၏။ အရသာသိ - သိသော စိတ်သည် လျှင်အတွင်းမှာ ဖြစ်၏။ ဤသို့လျှင် အချို့အချို့သောစိတ်များ မျက်လုံး စသောအရပ်၌ ဖြစ်သော်လည်း များစွာသော စိတ်တို့ကား ရင်ချိုင့်အတွင်းရှိ ဟဒယနှလုံးအိမ်မှာ ဖြစ်ကြသည်။ ဤသို့ လိုဏ်ဂူနှင့်တူသော နှလုံးအိမ်မှာ အဖြစ်များသောကြောင့် စိတ်ကို “ဂူအောင်းသည်”ဟု ဆိုရပေသည်။

အချုပ်မှာ - စိတ်ဟူသည် ပုံသဏ္ဌာန်မရှိ၊ အာရုံကို ရအောင်ယူခြင်း၊ အာရုံကိုသိခြင်း သဘောသတ္တိသာတည်း။ ထိုကဲ့သို့ အာရုံယူရာ၌ မိမိဖြစ်ရင်းစွဲ ဟဒယလိုဏ်ဂူအတွင်းမှ တစ်ဆံခြည်မျှ အပြင်မထွက်ကြဘဲ အလွန်ဝေးသော အာရုံကို လှမ်း၍ယူနိုင်ကြသည်။ ထိုသို့ ယူရာ၌ ၂-စိတ် ၃-စိတ် အပြိုင်တူပူးပေါင်း၍မဖြစ်၊ တစ်စိတ်ပြီးတစ်စိတ် စီကာစဉ်ကာ ဖြစ်သည်ဟု မှတ်ပါ။

ဆောင်
၁။ အာရုံ တစ်ခုခု၊ ရအောင်ပြု၊ မှတ်ရူစိတ်သိပုံ။
၂။ အဝေးလည်းသွား၊ တစ်ပါးတည်းလည်၊ ကိုယ်ထည်မရှိ၊ ဂူအောင်းဘိ၊ စိတ်၏ခြင်းရာစုံ။
စိတ်ကောင်းစိတ်ဆိုး ရောနေပုံ
စိတ်တို့သည် အလွန်အဖြစ်အပျက် မြန်သောကြောင့် ၅-မိနစ် လောက်အတွင်းမှာပင် စိတ်ကောင်းစိတ်ဆိုး (ကုသိုလ် အကုသိုလ် စိတ်) ရောနှောလျက် ဖြစ်တတ်သည်။ နံနက်စောစော အိမ်ပေါ်မှ ဘုရားရှိခိုးလျက် ကုသိုလ်စိတ်ဖြစ်နေစဉ် အိမ်အောက်ထပ်မှ ရောင်းဝယ်မူကိစ္စဖြင့် ခေါ်သံကြား၍ လောဘစိတ်ဖြစ်ရ၏။ ဘုရားအာရုံပြုနေစဉ် မခံချင်စဖွယ် ပြောလာသဖြင့် ဒေါသစိတ် ဖြစ်ရ၏။
ရောင်းမူ၊ ၀ယ်မူ၊ လောဘကိစ္စ ပြုတုန်းမှာပင် လှူချင်တန်းချင်သည့်အခါ (လှူမည်တန်းမည်ဟု ကြံမိသည့်အခါ) သဒ္ဓါစိတ် “ကုသိုလ်စိတ်” ဖြစ်၏။ တစ်စုံတစ်ခု အလိုမကျ ဒေါသဖြစ်နေတုန်းမှာ ဆရာသမားတို့၏ အဆုံးအမကို သတိရ၍ သတိစိတ် “ကုသိုလ်စိတ်” ဖြစ်ပြန်၏။ တဏှာပေမ လောဘစိတ်ဖြင့် သမီးခင်ပွန်း စကားပြောနေစဉ် စကားပြောမတည့်၍ ဒေါသစိတ်ဖြစ်လေရာ တစ်ယောက်ယောက်က ကျေနပ်အောင် ချော့သဖြင့် စိတ်ပျော့၍ လာသောအခါ လောဘစိတ် ဖြစ်ပြန်၏။ ဤသို့ စသည်ဖြင့် စိတ်တို့၏ ပြောင်းလဲပုံ လျင်မြန်သောကြောင့် စိတ်ဖြစ်တိုင်း ဖြစ်တိုင်း မိမိစိတ်ကို “စိတ်ကောင်းလား၊ စိတ်ဆိုးလား”ဟု ခွဲခြား၍ သိအောင် သတိထားပြီးလျှင် မိမိစိတ်ကို စိတ်ကောင်းများများဖြစ်အောင် ပြုပြင်ကြပါကုန်။

ရုပ်ချင်းကွဲသလို စိတ်ချင်းကွဲပုံ
လူတို့မှာ တစ်ယောက်နှင့်တစ်ယောက် ရုပ်ချင်းမတူကြသကဲ့သို့ ထို့အတူ စိတ်ချင်းလည်း မတူကြချေ။ ထုံထိုင်းသောရုပ် သွက်လက်သောရုပ် ကွဲပြားသကဲ့သို့ ထုံထိုင်းရိုးအသောစိတ် သွက်လက် ထက်မြက်သောစိတ်ဟုလည်း ကွဲပြားလျက်ရှိ၏။ ထိုကဲ့သို့ ကွဲပြားရာ၌ အလှဘက် အသွက်ဘက်မှာ အဆင့်ဆင့်သာ၍ ပြိုင်ဘက်ကင်းလောက်အောင် လှသူ၊ သွက်သူများလည်းရှိ၏။ အဆိုးဘက်၊ အထိုင်းဘက်မှာလည်း အဆက်ဆက် အောက်ကျလျက် တစ္ဆေပြိတ္တာတမျှ ဆိုးဝါးသူများလည်း ရှိကြလေသည်။

ထို့အတူ စိတ်ချင်းကွဲပြားရာ၌လည်း စိတ်ကောင်း စိတ်ထက်ဘက်၌ အဆက်ဆက်တန်းတက်ကာ ပြိုင်ဘက်ကင်းလောက်အောင် စိတ်ကောင်းသူ၊ ထက်မြက်သူများရှိကြ၍ စိတ်ယုတ်မာဘက်၊ စိတ်ထိုင်းဘက်၌လည်း ဆက်ဆက်ဆိုးကာ ကြောက်မက် စက်ဆုပ်ဖွယ်ကောင်းအောင် ယုတ်မာသူ၊ သုံးမဖြစ်အောင် ထိုင်းမိုင်းသူများလည်း ရှိကြလေသည်။

စိတ်ကိုပြင်၍ရနိုင်ပုံ
တော၌မွေး၍ တောသွေးပါသော တောသူတောသားသည် မြို့ကြီးပြကြီးသူတို့၏ ၀တ်ပုံ၊ စားပုံ၊ နေပုံကို အလုံးစုံ အတုယူ၍ ကိုယ်ကျန်းမာရေး စိတ်ချမ်းသာရေးကိုယ်ပါ လိုက်စားပြီး ပြုပြင်လိုက်က မကြာခင် ရုပ်တစ်မျိုး ပြောင်းကာ ၁-နှစ် ၂-နှစ်လောက်ကြာလျှင် ရှေးကတွေ့နေကျ လူအများပင် အထင်မှားလောက်အောင် ရုပ်အဆင်းပြောင်းလာနိုင်၏။ ဤသို့ အပြောင်းအလဲ နှေးသဖြင့် အပြင်ခက်သော ရုပ်အဆင်းသည်ပင် ပြင်တတ်သူ ပြင်ချင်၍ ပြင်ဆင်နေလိုက်က တစ်မျိုးတစ်ဖုံ ပြောင်းနိုင်သေး၏။
အပြောင်းအလဲ အလွန်မြန်၍ အင်မတန် ပြုပြင်လွယ်သော စိတ်ကို တကယ်ပြင်လိုလျှင် အဘယ်မှာ ပြင်မရဘဲ ရှိမည်နည်း။ နေ့စဉ်နှင့်အမျှ မိမိစိတ်ဖြစ်ပုံကို သတိထား၍ မတော်တရာစိတ်တို့ကို နှိမ်နင်းသွားပါလျှင် မကြာခင် စိတ်ကောင်းရှိသူ ဖြစ်ကာ ၂-နှစ် ၃-နှစ်လောက်ကြာသောအခါ ကိုယ့်စိတ်ကိုပင် ကြည်ညိုချင်လာအောင် စိတ်ကောင်း ဖြစ်လာပါလိမ့်မယ်။
စိတ်ကိုပြင်သင့်သော အကြောင်းများ
မိမိ၏စိတ်နေစိတ်ထားကို ကောင်းအောင်ပြုပြင်ဖို့ရာ အကြောင်းများစွာ ရှိပေသည်။ မိမိစိတ်ထား မကောင်းသေးသော အချက်၊ ယုတ်မာနေသော အချက်များကို မိမိသာအသိဆုံး ဖြစ်၏။ ထိုကဲ့သို့ စိတ်ယုတ်မာရှိနေသော သူသည် လောကီဂုဏ်အတွက် အထက်တန်း၌ ရောက်နေသော်လည်း စိတ်အနေအထားအားဖြင့် အောက်တန်းအစားပင်ဖြစ်သေး၏။ စိတ်နေစိတ်ထား အောက်တန်းစားဖြစ်နေသော ဂုဏ်ကြီးရှင်သော်လည်း နောက်နောင်ဘ၀တို့၌ အောက်ကျနောက်ကျ ဖြစ်ရလတ္တံ့။
ထိုကဲ့သို့ တန်းလျှောရမည့် အရေးကို တွေးမိခြင်းကြောင့်လည်း စိတ်နေစိတ်ထား ကြီးမားမြင့်မြတ်အောင် ပြုပြင်ထိုက်ပေသည်။ စိတ်ဆိုးစိတ်ယုတ်ရှိသူသည် ကိုယ့်ကိုယ်ကိုလည်း မကြည်ညိုနိုင်၊ မိတ်ဆွေချင်း ညီအစ်ကို မောင်နှမသားချင်း သမီးခင်ပွန်းချင်း၊ ဆရာဒကာချင်း၊ အပေါင်းအသင်း ရင်းနှီးသူချင်းကလည်း သူ၏ ယုတ်မာကြောင်းကို သိလျှင် ချစ်ခင်နိုင်၊ အားရနိုင်၊ ကြည်ညိုနိုင်ကြမည်မဟုတ်။ ဤသို့ ရင်းနှီးသူများ အထင်သေးမည်ကို စိုးသောကြောင့်လည်း မိမိစိတ်ထားကို ဖြူစင်ဖြောင့်မတ် မြင့်မြတ်အောင် ပြင်ဆင်ထိုက်ကြပေသည်။


ထို့ပြင် စိတ်ဆိုးစိတ်ယုတ်မာ ရှိနေသူသည် ဒါနပြုပြု၊ သီလဆောက်တည် ဆောက်တည်၊ ဘာဝနာကမ္မဋ္ဌာန်းစီးဖြန်း စီးဖြန်း မည်သည့်ကုသိုလ် လုပ်ငန်း၌မဆို ရိုးသားဖြူစင်လိမ့်မည်ဟူ၍ မမှတ်ထင်ထိုက်။ ထိုစိတ်ရင်းမကောင်းသူ၏ ကုသိုလ်ကံများကား အကျိုးပေး စင်စင်ကြယ်ကြယ် မရှိတတ်ချေ။ ဤသို့နောက်နောင် ဘ၀ အရေးဝယ် ပြုသမျှ ကုသိုလ်၏ အကျိုးပေး မစင်ကြယ်မည်စိုးသောကြောင့်လည်း မိမိစိတ်ကို ဖြူစင်ကောင်းမြတ်အောင် ပြုပြင်ထိုက်ကြပေသည်။


ထို့ပြင် စိတ်ဆိုးစိတ်ယုတ်မာ ရှိနေသူသည် ယခုတစ်ဘ၀တာ ယုတ်မာမည်မဟုတ်၊ ဖြစ်တိုင်းဖြစ်တိုင်းသော စိတ်ယုတ်မာများက တစ်သန္တာန်လုံး (တစ်ကိုယ်လုံး) ထုံမွမ်နေရကား နောက်နောက်ဘ၀ပေါင်းများစွာသို့လည်း စိတ်ယုတ်မာ အဆက်ဆက် ဓာတ်သတ္တိ ကူးစက်နေသောကြောင့် ထိုသူကို ရင့်မာသော ပါရမီရှင်ဟု ဆိုဖို့ရန် ခဲယဉ်းလေသည်။ ထို့ကြောင့် မိမိကိုယ်ကို ပါရမီရှင်များစာရင်း မပါဝင်မည်စိုး၍လည်း ယုတ်မာဆိုးရွားသော စိတ်များကို အမြန်ဆုံး ပြင်ထိုက်ကြသည်။ ဤသို့လျှင် မိမိ၏ စိတ်နေစိတ်ထားကို မကောင်းကောင်းအောင် ပြုပြင်သင့်သောအကြောင်းအရာတွေ များစွာရှိပေသည်။
မိလိန္ဒမင်း စိတ်ကိုပြုပြင်ပုံ
မိလိန္ဒမင်းကြီးသည် အရှင်နာဂသိန်ထံ ပြဿနာများ အထိုက်အလျောက် မေးပြီးနောက် သာသနာတော်ဝယ်လွန်စွာ အရေးကြီးသော ပြဿနာတို့ကို မေးဖို့ရန် အကြံဖြစ်လာသောအခါ ထိုပြဿနာများကို မမေးသေးဘဲ ၇-ရက်ပတ်လုံး မိမိစိတ်ကို သမာဓိရအောင် ထိန်းသိမ်းစောင့်စည်းနေပုံမှာ သူတော်ကောင်းတို့ အတုယူစရာ ကောင်းလှပါသည်။
စောင့်စည်းပုံကား = နံနက်စောစော အိပ်ရာထပြီးလျှင် ကိုယ်လက်စင်ကြယ်အောင် ရေချိုး၍ ၀တ်ရိုးဝတ်စဉ် အ၀တ်တန်ဆာများကို မ၀တ်တော့ဘဲ ဖန်ရည်ဆိုးသော အ၀တ်ဝါကို ၀တ်ဆင်ကာ ဦးခေါင်းလည်း ခေါင်းတုံးအသွင် မှတ်ထင်လောက်အောင် ခေါင်းစွပ်လျက်(ရဟန်းမဟုတ်သော်လည်း) ရဟန်းဟုပင် မှတ်ထင်ရလောက်အောင် ကြံဆောင်ဝတ်ဆင်ပြီးနောက် ၈-ပါးသော အချက်များကို ၇-ရက်လုံးလုံး မပျက်ပြားအောင် စိတ်၌ စွဲမြဲစွာ ဆောက်တည်လေသည်။ ထို ၈-ပါးကား -


၁။ ၇-ရက်အတွင်း မင်းကိစ္စကို မပြုတော့ပြီ။
၂။ ရာဂစိတ်ကို မဖြစ်အောင် စောင့်စည်းမည်။
၃။ ဒေါသစိတ်ကို မဖြစ်အောင် စောင့်စည်းမည်။
၎။ မောဟစိတ်ကို မဖြစ်အောင် စောင့်စည်းမည်။

၅။ ကျေးတော်၊ ကျွန်တော်၊ အလုပ်သမား၊ အမူတော်ထမ်း များအပေါ်၌ သော်လည်းကောင်း စိတ်ကို နှိမ့်ချ၍ မာန်မာနမဖြစ်အောင် စောင့်စည်းမည်။
၆။ ကိုယ်မူ၊ နူတ်မူများ ထူးခြားစွာ စောင့်စည်းမည်။

၇။ မြင်ရ၊ ကြားရ၊ တွေ့ရ၊ သိရသမျှသော အာရုံများအတွက် အကုသိုလ်မဖြစ်အောင် မျက်စိ၊ နားစသော ဣနြေ္ဒများကို စောင့်စည်းမည်။


ဤရှစ်ပါးသော အချက်ကို ၇-ရက်လုံး စောင့်သုံးလျက် ၈-ရက်မြောက်နေ့၏ နံနက်အခါဝယ် နံနက်စာ စောစောစား၍ ဣနြေ္ဒကြီးမားလှသော ရဟန်းတော်ကဲ့သို့ စက္ခုနြေ္ဒချပြီးလျှင် စကားပြော ဆင်ခြင်ကာ အရှင်နာဂသိန်အထံသို့ ကြည်လင်ရွှင်ပျ အေးမြသော စိတ်ဓာတ်ဖြင့် ချဉ်းကပ်လျက် လေးနက်စွာသော ပြဿနာများကို မေးလျှောက်လေသည်။

အတုယူဖွယ်


ဤမိလိန္ဒမင်းကြီး၏ ၇-ရက်လုံးလုံး စိတ်ပြုပြင်ပုံကို အတုယူလျက် သူတော်ကောင်းဘက်က အထက်တန်း ရောက်သော အမျိုးသား အမျိုးသမီးများသည် မိမိနေအိမ်မှာပင် တစ်နေ့ တစ်ရက် တစ်နံနက် စသည်ဖြင့် ရက်ပိုင်းခြား၍ မိမိသန္တာန်၌ ဖြစ်လေ့ရှိသော အကုသိုလ်စိတ်များ မဖြစ်ရလေအောင် မကြာမကြာ အထူးစောင့်စည်းသင့်ပေသည်။ ဤသို့ စောင့်စည်းဖန်များလျှင် အကုသိုလ်စိတ် အထူးနည်းပါးသော သူတော်စင်အဖြစ်သို့ တက်ရောက်၍ သဒ္ဓါထူး ပညာထူး ပေါ်ပေါက်လာလိမ့်မည်။ ရက်ပေါင်း အတော်ကြာအောင် နဂိုဖြစ်တတ်သော အကုသိုလ်စိတ်များလည်း မဖြစ်ဘဲ ရှိပါလိမ့်မည်။

“ဤလောကကြီးကို စိတ်သည် ဆောင်ကြဉ်းအပ်၏။
ဤလောကကြီးကို စိတ်သည် ဆွဲငင်အပ်၏။
သတ္တ၀ါအားလုံးပင် စိတ်တည်းဟူသော တရားတစ်ခု၏ အလိုသို့ လိုက်နေရသည်။” (တရားတော်)



“ဓာတ်မရိုက်ခင်၊ ကောင်းစွာပြင်မှ၊ ပုံတွင်ကျန၊ ရုပ်သွင်လှသို့၊ မုချမှန်စွာ၊ သံသရာ၏၊ ကမ္ဘာရပ်ခွင်၊ ဓာတ်အပြင်၌၊ စိတ်စဉ်ကျန၊ ရုပ်သွင်လှ၍၊ ခေမမြို့နန်း၊ အရောက်လှမ်းဖို့၊ ပြင်စမ်းစေချင်၊ စိတ်အစဉ်ကို၊ ပြင်ဆင်လေကွဲ့၊ နေ့စဉ်တဲ့။”

အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။
♣ မေတ္တာရိပ်မှ ဓမ္မဒါနပြုပါသည်။

No comments:

Post a Comment

Gold price estimated