လိုချင်မူသဘောသည် လောဘတည်း။ ထို့ကြောင့် “လောဘသဘော လိုချင်ဟော“ဟု ဆိုခဲ့သည်။
“လိုချင်” ဆိုသော်လည်း ကာမဂုဏ်ဆိုင်ရာ လိုချင်မူမျိုးကိုသာ လောဘဟု ဆိုသည်။ နိဗ္ဗာန်ကို လိုချင်မူ၊ တရားကို လိုချင်မူ၊ စာပေတတ်ချင်မူ၊ ဆင်းရဲသူများကိုပေးကမ်းလို၍ ပစ္စည်းဥစ္စာကို လိုချင်မူ စသော ကောင်းသောအရာ၌ လိုချင်မူမျိုးကား လောဘမဟုတ်။ နောက်၌ ပြမည့် ဆန္ဒသဘောသာ ဖြစ်ပေသည်။
(လောဘ၏ အခြားနာမည်များ)
ဤလောဘကို “ပေမ” ဟုလည်းကောင်း၊ “တဏှာ”ဟုလည်းကောင်း၊ “ရာဂ”ဟုလည်းကောင်း၊ “သမုဒယ”ဟုလည်းကောင်း အမျိုးမျိုး နာမည်တပ်၍ ပြောဆိုသုံးနူန်းကြ၏။
ပေမ ဟူသော အမည်ကို သားသမီး မောင်နှမ ညီအစ်ကို သမီးခင်ပွန်း စသော အိမ်သူ အိမ်သားချင်း ဆွေမျိုးသားချင်း ချစ်ခင်မူနှင့် ဆွေလိုမျိုးလို ချစ်ခင်မူတို့ သုံးနူန်းကြရသည်။
ပေမ-ဟူသော စကား၌ “ချစ်ခင်ခြင်း”ဟု အဓိပ္ပာယ်ရ၏။ ဤချစ်ခြင်းမျိုးကိုပင် “သံယောဇဉ်”ဟုလည်း တစ်မျိုး ခေါ်ကြသေး၏။ သံယောဇဉ်ဟူသော စကား၌ “ကြိုး”ဟု အဓိပ္ပာယ်ရသည်။ ကြိုးဖြင့် ချည်နှောင်ထားသကဲ့သို့ တစ်ယောက်နှင့် တစ်ယောက်ကို မခွဲနိုင် မခွာရက်နိုင်အောင် ချည်နှောင်ခြင်းဟု ဆိုလိုသည်။
အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့ ဤငါးပါးကို လူအများတို့ လိုလားအပ်သောကြောင့် “ကာမဂုဏ်ငါးပါး”ဟုခေါ်၏။ (ကာမ=လိုလားအပ်သော + ဂုဏ=အနှောင်အဖွဲ့) ထမင်းဆာ ရေငတ်သကဲ့သို့ ထိုကာမဂုဏ်အာရုံများကို သာမန် လိုချင်ရုံသာမကဘဲ ကတ်ကတ်သတ်သတ် ငတ်ခြင်းကို “တဏှာ”ဟု သုံးစွဲရုံသာမက၊ မိန်းမယောက်ျား တစ်ဦးဦး၌ မရမက တွယ်ကပ်နေသူကို “တဏှာရူး”ဟုလည်း ခေါ်ကြလေသည်။
တဏှာဟူသော စကား၌ “တပ်မက်ခြင်း၊ ငတ်ခြင်း”ဟု အဓိပ္ပာယ်ရ၏။ ထိုကာမဂုဏ် အာရုံငါးပါးတို့တွင် အတွေ့အာရုံ “မေထုန်မူ”ကို အလွန်လိုလားရာ၌ “ရာဂ”ဟု သုံးစွဲကြပြန်သည်။ ရာဂဟူသော စကား၌ “ငြိမ်ကပ်ခြင်း၊ စွဲလမ်းခြင်း”ဟု အဓိပ္ပာယ်ရပြန်သည်။ (ရာဂ=အ၀တ်ကို ဆိုးရည်ဖြင့်ဆိုးသောအခါ စွဲကပ်သကဲ့သို့ တစ်ယောက်အပေါ်၌ စွဲလမ်းနေသော လောဘ) (ဤကား စာသုံးမဟုတ်၊ လောကသုံး ကိုလိုက်၍ ခွဲခြင်းတည်း)
သစ္စာလေးပါး ခွဲခြားခန်း၌ကား ဤလောဘကို “သမုဒယ”ဟု သုံးနူန်းပြန်သည်။ သမုဒယ ဟူသောစကား၌ “ဒုက္ခဖြစ်ကြောင်း ဒုက္ခလောင်း”ဟု အဓိပ္ပာယ်ရပြန်၏။
ပြခဲ့သော ပေမ၊ တဏှာ၊ ရာဂ ဟုခေါ်ဆိုရသည့် လောဘမကင်းနိုင်သောကြောင့်သာ သံသရာ၌ ဆင်းရဲဒုက္ခနှင့် ယှဉ်တွဲ၍ တ၀ဲလည်လည်နေကြရသည်။
ယခုအခါ သူသူငါးငါ တွေ့နေကျဖြစ်သော ဒုက္ခကြီးငယ် အသွယ်သွယ်သည် ဤတဏှာလောဘ သမုဒယကြောင့်သာ ဒုက္ခဖြစ်ရကား “လောဘကြီးလျှင် ဒုက္ခကြီး၏။ လောဘငယ်လျှင် ဒုက္ခငယ်၏။
လောဘမရှိလျှင် စိတ်ကို လောဘစိတ်၊ တဏှာစိတ်၊ သံယောဇဉ်စိတ်ဟုခေါ်၍ လူကိုလည်း “လောဘကြီးသူ၊ တဏှာကြီးသူ၊ ရာဂကြီးသူ၊ သံယောဇဉ်အားကြီးသူ”ဟု ခေါ်ဝေါ်ရလေသည်။
(တဏှာလောဘ နောက်မဆုတ်ပုံ)
ဤတဏှာပေမ သမုဒယ သံယောဇဉ်ဟု ခေါ်ရသော လာဘသည် တရားသဖြင့် မထိန်းနိုင်ဘဲ သူ့အလိုဆန္ဒအတိုင်းသာ ဦးစားပေးလိုက်ပါမူ မည်သည့်အခါမှ နောက်ဆုတ်မည် မဟုတ်။
နွားကလေး၏ ပေါက်ခါစ ဦးချိုသည် ကြီးလေ ရှည်လေ ဖြစ်သကဲ့သို့ ပဋိသန္ဓေကပင် မျိုးစေ့ပါလာခဲ့သော ဤတဏှာလောဘသည်လည်း အရွယ်ကြီးလေ လောဘကြီးလေပင် ဖြစ်၏။
ထိုကဲ့သို့ လောဘကို မတားဆီးနိုင်သူ ဇရာအိုကြီးတို့အတွက် “ယောင်ကြီးလျှင်ငိုက်၊ လူကြီးလျှင်မိုက်”ဟု ပြောစမှတ်ပြုကြသည်။
(ဆားငန်ရေသောက်)
ဖွားမြင်သည်ကစ၍ မိဘချစ်ရ၊ ဆွေမျိုးဉာတိချစ်ရနှင့် ချစ်လက်စတီထွင်ကာ အတော်ကြာလျှင် ကစားဖော်ချင်းချစ်ရ၊ မိတ်ဆွေချင်းချစ်ရ စသည်ဖြင့် ၀မ်းတွင်းပါ ဓမ္မတာတရားက အချစ်ကို လမ်းပြနေသောကြောင့် ရေငတ်ငတ်ရှိ၍ ဆားငန်ရေကို သောက်လိုက်ရာ သောက်ပြီးခါမှ သာ၍ငတ်၊ ငတ်သည့်အတွက် ထပ်၍သောက်၊ သောက်လေငတ်လေ ဖြစ်သကဲ့သို့ ကာမဂုဏ် အာရုံတွေကို ငတ်ငတ်ရှိ၍ လိုက်စားခါမှ သာ၍ငတ်ပြီးလျှင် အပြစ်မမြင်နိုင်ဘဲ ချစ်ပင်လယ်ထဲ၌ ၀ဲလှည့်၍ နေကြရလေတော့သည်။
“အချစ်အချစ်၊ ချစ်တိုင်းချစ်၍၊ ချစ်လေချစ်လေ၊ ချစ်မပြေတည်း၊ ဆားငန်ရေနောက်၊ ငတ်တိုင်းသောက်က၊ သောက်လေသောက်လေ၊ ငတ်မပြေသို့၊ ပေမအရာ၊ တဏှာဖွဲ့ရစ်၊ ထိုအချစ်လည်း၊ အပြစ်မမြင်၊ အဆင်ခြင်ဘဲ၊ ချစ်လျှင်ပျော်နိုး၊ ချစ်စပျိုးသည်၊ ချစ်ရိုး ချစ်စဉ် ချစ်လမ်းတည်း။ (ရှေးပညာရှိပျို့)
(လောဘသက်သက်အပါယ်ချပုံ)
လောဘသည် ကုသိုလ် အထောက်အပံ့မရဘဲ သူ့ချည်းသက်သက် စဉ်းစားလျှင် သေးငယ်သော လောဘပင် အပါယ်ချနိုင်၏။ ဥပမာ - ကျောက်ခဲမှန်လျှင် အငယ်ဆုံး ကျောက်မူန့်ကလေးသည်ပင် ရေမှာနစ်ရသကဲ့သို့တည်း။
ထို့ကြောင့် စုတေခါနီး၌ သမီးခင်ပွန်းအပေါ် စွဲလန်းမူ၊ သမီးသားနှင့် စီးပွားဥစ္စာ တစ်စုံတစ်ရာကို စွဲလမ်းမူကြောင့် ပြိတ္တာဖြစ်ရသူတွေ များလေသည်။
ငါတို့ဘုရား လက်ထက်တော်၌ ရဟန်းတော်တစ်ပါးကား သင်္ကန်းသစ်ကလေးကို စွဲလမ်းသွားသည့်အတွက် သင်္ကန်မှာလာ၍ သန်းဖြစ်ရလေသည်။ ၇-ရက်လည်မှ သန်းဘ၀က ကျွတ်လွတ်သတဲ့။
ကုသိုလ်အကူအညီရလျှင် အပါယ်မချပုံ
တစ်ယောက်နှင့် တစ်ယောက် ချစ်ခင်မူခေါ် တဏှာပေမ ဖြစ်နေကြသော်လည်း ကုသိုလ်ကောင်းမူ အကူအညီရလျှင် အပါယ်သို့ မချနိုင်ချေ။
ဥပမာ-ကျောက်ခဲသည် သူ့ချည်းသက်သက်ဆိုလျှင် ရေ၌ နစ်သော်လည်း လှေအကူအညီရလျှင် ရေမနစ်ဘဲ လှေ၏အလိုကျ လှေပေါ်မှာ ပါရသကဲ့သို့တည်း။ ထို့ကြောင့် ဇာတ်ဝတ္ထုတို့၌ တဏှာပေမ မကင်းသူချင်းရင်းနှီးစွာ အကျိုးပေးလျက် ပါရမီဖြည့်ဖက်များ ဖြစ်ကြလေသည်။
(ဆုံးဖြတ်ချက်)
ပြခဲ့ပြီးသော ဇာတ်လမ်းတွင် ပါဝင်သော အရှင်တို့ကား စင်စစ်သူတော်ကောင်းများ ဖြစ်ကြသည်။ သူတော်ကောင်းနှင့် အဆင့်ဆင့် ပေါင်းလိုခြင်းမှာ တမင်တကာ ဆုတောင်းရသော ကုသိုလ်ဆန္ဒကောင်းပေတည်း။ ထိုအရှင်တို့သည် ပါရမီကို ကြိုးစားနေသော သီလရှိသူများလည်း ဖြစ်ကြသည်။
ကျမ်းဂန်တို့၌ “သီလရှိသူမှာ တောင့်တတိုင်း ပြည့်စုံနိုင်သည်။ ဆန္ဒရှိလျှင် ဘယ်အရာမဆို ပြီးစီးနိုင်သည်”ဟု အဆိုရှိ၏။ ထို့ကြောင့် ထိုအရှင်တို့၌ တစ်ယောက်နှင့်တစ်ယောက် မကွဲကွာအောင် တွယ်တာသော တဏှာပေမ ရှိကြမည် ဖြစ်သော်လည်း ကြီးမားသော ကုသိုလ်ဆန္ဒကြောင့် အလောင်းအလျာတို့ အလိုကျအောင် ပြုသမျှ ကုသိုလ်ကံတွေက တွဲဖက်၍ စီမံသဖြင့် ဥမကွဲသိုက်မကွာ ပါရမီဖြည့်ဖက်များ ဖြစ်ကြရပေသည်။
ဣဇ္ဈတိ ဘိက္ခဝေ သီလ၀တော စေတောပဏိဓိ ၀ိသုဒ္ဓတ္တာ = ရဟန်းများတို့ - သီလရှိသူမှာ (သူ၏ တောင့်တမူက စင်ကြယ်သည့် အတွက်) စိတ်တောင့်တတိုင်း ပြည့်စုံနိုင်သည်။(ပါဠိတော်)
(နကုလပိတာနှင့် နကုလမာတာ)
ဘုရားရှင်လက်ထက်တော်အခါဝယ် “နကုလပိတာ”ဟုထင်ရှားသော သူကြွယ်နှင့် “နကုလမာတာ”ခေါ် သူကြွယ်ကတော်တို့သည် ရှေးရှေးဘ၀များစွာကပင် မကွဲမကွာ ဖြစ်လာကြ၍ ယခုဘ၀၌ ဘုရားရှင်ကို ပထမဆုံး ဖူးမြင်ရသည့် အချိန်ကပင် သောတာပန်များ ဖြစ်ခဲ့ကြလေသည်။
ထိုဇနီးမောင်နှံ ၂-ဦးလုံးပင် ဘ၀ပေါင်းများစွာက ဘုရားအလောင်း၏ မိဘများအဖြစ် ဦးကြီး၊ မိကြီး၊ ဦးလေး၊ ဒေါ်လေး အဖြစ်ဖြင့် အတူနေခဲ့ကြရသောကြောင့် ဘုရားရှင်ကိုသားအသွင်ချစ်ခင်ကာ လွန်စွာအကျွမ်းဝင်ကြရကား လျှောက်လိုရာကို ခြွင်းချက်မရှိ လျှောက်လေ့ရှိကြသည်။ ထို့ကြောင့် အခါတစ်ပါး၌ သူကြွယ်က လျှောက်သည်မှာ -----
“တပည့်တော်သည် နကုလမာတာကို ငယ်ရွယ်စဉ်ကပင် သိမ်းပိုက်ခဲ့ပါသည်။ သူ့ကို သိမ်းပိုက်ခဲ့သောအခါမှစ၍ အခြားတစ်ယောက်ကို ကိုယ်ထိလက်ရောက် မဆိုထားဘိ စိတ်နှင့်မျှ မပြစ်မှားမိပါ။ နကုလမာတာကို ယခုဘ၀မှာလည်း အမြဲကြည့်နေချင်၊ သံသရာမှာလည်း အမြဲမြင်လိုပါသည်”
ထိုစကားကို နကုလမာတာ ကြားလျှင် အားကျမခံ သူ့စိတ်ရင်းကို လျှောက်သည်မှာ ----
“တပည့်တော်မသည် ငယ်ရွယ်စဉ်အခါကပင် နကုလပိတာ၏ အိမ်သို့ လိုက်ပါခဲ့ရပါသည်။ ထိုအခါမှစ၍ အခြားသူကို စိတ်မျှမကူးမိပါ။ နကုလပိတာကို ယခုဘ၀မှာလည်း အမြဲကြည့်နေချင် သံသရာမှာလည်း အမြဲတွေ့မြင်လိုပါသည်”
ထို သမီးခင်ပွန်း ၂-ဦးတို့၏ စကားကို ဘုရားရှင်က ပြန်၍ မိန့်တော်မူသည်မှာ -----
“ယခုဘ၀၌ စိတ်တူသဘောတူ ကြည်ဖြူကြသော သမီးခင်ပွန်းတို့သည် နောက်နောင်ဘ၀၌ မကွဲမကွာ ဖြစ်လိုကြလျှင် တစ်ယောက်နှင့်တစ်ယောက် သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာတို့ အရာရာ တူစေကြရမည်”
အိမ့်ရှင်က သဒ္ဓါတရား ကောင်းသကဲ့သို့ အိမ်သူကလည်း သဒ္ဓါတရား ကောင်းရမည်။
အိမ့်ရှင်က သီလစင်ကြယ်သကဲ့သို့ အိမ်သူကလည်း သိလစင်ကြယ်စေရမည်။
တစ်ယောက်ယောက်က စွန့်ကြံပေးကမ်း လှူဒါန်းလိုလျှင် မတားမြစ်ရ၊ “မယ်ကလှူမူ မောင်ကြည်ဖြူ၊ မောင်ကလှူဒါန်း မယ်ရွှင်လန်း” ဖြစ်စေရမည်။ အသိအလိမ္မာ ဉာဏ်ပညာချင်းလည်း အရာရာတူစေရမည်ဟု ဟောတော်မူလိုရင်းဖြစ်၏။
ဤအဓိပ္ပာယ်ကို ရည်ရွယ်၍ ပဉ္စာဝုဓပျို့၌ - ----
“လူ့မြေရပ်ခွင်၊ အိမ့်ရှင်အိမ်သူ၊ မြတ်ရည်တူလျက်၊ ဆုယူညီမျှ လှူဒါနနှင့်၊ သီလမယိုင်၊ သဒ္ဓါပြိုင်မူ၊ ဘုန်းလိုင်ကျော်ကြား၊ မိုးနတ်သားနှင့်၊ ဆွေဝါးအနီး၊ နတ်သမီးသို့၊ ကောင်းချီးအံ့ရာ၊ စုမိရှာလျက်၊ သံသာနောင်လည်း၊ ချစ်စည်းမပြေ၊ ရှည်ကြာလေ၏။” ဟူသတည်း။
(၀တ္ထုမှတ်ချက်)
ဤ၀တ္ထု၌ သောတာပန် ဖြစ်ပြီးသော ဇနီးမောင်နှံတို့ အပြန်အလှန်ချစ်ခင်ကြပုံကို ပထမစဉ်းစားသင့်၏။
ထိုကဲ့သို့ လုံလုံလောက်လောက် ချစ်ခင်ကြသည့်အတွက် မိမိတို့ အချင်းချင်းမှလွဲ၍ အခြားသူနှင့် ဖောက်ပြားဖို့ရန် စိတ်မျှမကြံမိကြ။
ထိုမျှလောက် စိတ်ထားစင်ကြယ်ကြသဖြင့်လည်း ပိုမို၍မြတ်နိုးကာ တစ်သံသရာလုံး မခွဲမခွာလိုဘဲ အမြဲတွေ့မြင်လိုကြပေသည်။
ဤကဲ့သို့ တွေ့မြင်လိုကြရာ၌ လောဘအရင်းခံသော ဆန္ဒပင် ဖြစ်လင့်ကစား ထိုသူတော်စင်တို့၏ တဏှာပေမလောဘသည် သူတို့ချင်း မကွဲကွာအောင် ချည်နှောင်ပြီးလျှင် ပြုပြုသမျှ ကုသိုလ်အပေါင်းက ကောင်းမြတ်ရာသို့ ပို့ဆောင်ပေးလိမ့်သတည်း။
အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။
No comments:
Post a Comment