Video

Thursday, 27 November 2014

ဗြဟ္မစိုရ်လေးပါး အကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၃၀)

ဤပြခဲ့သော မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ၄-ပါးကို ပါဠိလို “ဗြဟ္မ၀ိဟာရ”၊ မြန်မာလို “ဗြဟ္မစိုရ်” တရားလေးပါး ဟုခေါ်သည်။ (ဗြဟ္မ = မြတ်သော + ၀ိဟာရ = နေခြင်း။) “သတ္တ၀ါတို့အပေါ်၌ မေတ္တာပွား၍ ဖြစ်စေ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတို့တွင် တစ်ပါးပါး ပွား၍ဖြစ်စေ နေခြင်းသည် မြင့်မြတ်သော နေခြင်းဖြစ်သည်”ဟု ဆိုလိုသည်။ ထိုကဲ့သို့ ပွားများ၍ နေထိုင်ခြင်းသည် ဒေါသစိတ် အဘိဇ္ဈာ ဣဿာစိတ်တို့ဖြင့် နေခြင်းကဲ့သို့ ခြောက်ခြောက်သွေ့သွေ့ မဟုတ်ဘဲ စိုစိုပြည်ပြည် ရှိနေသောကြောင့် “ဗြဟ္မစိုရ်”ဟု ခေါ်ဟန်တူသည်။ (အချို့က “ဗြဟ္မစရိယ”ဟူသော ပါဠိကို “ဗြဟ္မစို”ဟု မြန်မာပြန်ထားကြောင်း ပြောကြ၏။)။

မေတ္တာပွား

မေတ္တာစိတ်ကို မိမိသန္တာန်၌ အထပ်ထပ် ဖြစ်စေနိုင်လျှင် မိမိမှာ မေတ္တာစိတ်တွေ တိုးပွားများပြားနေ၏။ ဤသို့ မေတ္တာစိတ်တွေ တိုးစေ၊ ပွားစေ၊ များစေခြင်းကို “မေတ္တာပွားသည်”ဟု ခေါ်၏။ “ပွားစေ”၌ စေကိုဖြုတ်၍ “မေတ္တာပွား”ဟု ခေါ်ကြသည်။


မေတ္တာပို့

တစ်စုံတစ်ယောက်ကို ရည်မှန်း၍ “ချမ်းသာပါစေ” အာရုံပြုနေသောအခါ မိမိ၏ မေတ္တာသည် ထိုသူနှင့် ဆက်သွယ်လျက် ရှိ၏။ ထိုအခါ မိမိ၏ မေတ္တာကို ထိုသူအထံ ရောက်အောင် ပို့နေသကဲ့သို့ ဖြစ်သောကြောင့် မေတ္တာပွားခြင်းကိုပင် “မေတ္တာပို့သည်”ဟု ယခုကာလ သုံးစွဲကြသည်။

အများသုံးနေသော မေတ္တာပို့နည်း
ပါဠိ - “သဗ္ဗေ သတ္တာ အဝေရာ ဟောန္တု၊
အဗျာပဇ္ဇာ ဟောန္တု၊
အနီဃာ ဟောန္တု၊
သုခီအတ္တာနံ ပရိဟရန္တု”။

မြန်မာ- ၁။ သတ္တ၀ါအားလုံး ဘေးရန် ကင်းကြပါစေ။
၂။ ဒေါမနဿကင်းကွာ စိတ်ချမ်းသာကြပါစေ။
၃။ ဒုက္ခကင်းကွာ ကိုယ်ချမ်းသာကြပါစေ။
၎။ ချမ်းသာခြင်းရှိ၍ မိမိကိုယ်ကို အသက်ရှည်အောင် ဆောင်ရွက်နိုင်ကြပါစေ။

အမှန်မေတ္တာပို့နည်း

သတ္တာဝါအများကို ဖြစ်စေ၊ တစ်ယောက်ယောက်ကို ဖြစ်စေ ရည်စူး၍ ထိုသူ၏ စီးပွားချမ်းသာကို လိုလားမှသာ ထိုသူ့အထံသို့ မေတ္တာပို့ရာ ရောက်၏။ တွေးချင်ရာတွေး၊ ကြံချင်ရာ ကြံပြီးလျှင် မိမိနူတ်တက်ရနေသော “အဝေရာ ဟောန္တု” စသည်ကို ရွတ်ဆိုနေသော်လည်း အမှန်မေတ္တာပို့ရာ မရောက်။ ထို့ကြောင့် မိမိနားလည်သော (ဆိုလိုရင်းအဓိပ္ပာယ်မှာ မိမိစိတ်မှာ ပေါ်မလာသော) ပါဠိဖြင့် “အဝေရာ ဟောန္တု” စသည်ဆို၍ ပို့ခြင်းထက် မြန်မာလိုပို့ခြင်းကသာ လိုရင်းကျဖွယ်ရှိသည်။ ထို့ကြောင့် မိမိမေတ္တာပို့လိုသူ၏ နာမည်သွင်းပြီးလျှင် ----

“ငါ၏မိခင်သည် ဘေးရန်ကင်းကွာ၊ စိတ်ချမ်းသာ၍၊ ကိုယ်ပါခံ့ကျန်း၊ လွန်ရွှင်လန်းလျက်၊ ချမ်းမြေ့သာချို၊ မိမိကိုယ်လျှင်၊ အသက်ရှည်အောင်၊ ရွက်ဆောင်နိုင်ပါစေ”ဟု--- စိတ်ပါလက်ပါ ရွတ်ဆို၍ ပိုသင့်သည်။

ဖခင်ကိုပို့ရာ၌ “ငါ၏ဖခင်သည်”၊ ဆရာကိုပို့ရာ၌ “ငါ၏ဆရာသည်” ဟု ပြောင်းလဲ၍ဆိုပါ။ သတ္တ၀ါအားလုံးကို သိမ်းကျုံး၍ပို့ရာ၌ “သတ္တ၀ါဟူသမျှ”ဟု ဆိုပါ။ ဤနည်းကား ပါဠိအတိုင်း တိုက်ရိုက် မြန်မာပြန်ခြင်းတည်း။ ဤပို့နည်းကို ရှည်သေးသည်ဟု ထင်လျှင်လည်း “ငါ၏ မိခင်သည် ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာပါစေ”“ငါ၏ ဆရာသမားတို့သည်…. ငါ၏ ဆွေမျိုးတို့သည်” စသည်ဖြင့်ဆို၍ စိတ်ဝင်စားစွာဖြင့် ပို့ကြပါလေ။

ကရုဏာပို့နည်း

ကရုဏာ၏ သဘောကား ဆင်းရဲနေသူကို မြင်ရကြားရသောအခါ ထိုဒုက္ခမှ လွတ်စေလိုခြင်း၊ ကယ်ဆယ်လိုခြင်း သဘောဖြစ်၏။ ထို့ကြောင့် ကရုဏာပို့ရာ၌ ပါဠိလို “ဒုက္ခာမုစ္စန္တု” မြန်မာလို “ယခုရောက်ရှိနေသော ဒုက္ခမှ လွတ်မြောက်ကြပါစေ”ဟု ပို့ရသည်။ ဆင်းရဲဒုက္ခမှ လွတ်မြောက်၍ ချမ်းသာသို့ ရောက်စေလိုခြင်းသာ ကရုဏာအစစ်ဖြစ်၏။ “ဆင်းရဲချိန် တိုပါစေတော့”ဟူသော သဘောဖြင့် “မြန်မြန်သေပါစေ”ဟု တချို့ဆုတောင်းခြင်ကား ကရုဏာပို့ရာ မရောက်သည့်အပြင် ဗျာပါ၏ဒုစရိုက်ပင် ဖြစ်သေးသည်။ ဤကရုဏာလည်း ဆင်းရဲသူကို စိတ်မှန်း၍ ပို့မှသာ ကရုဏာအစစ်ဖြစ်သည်။ နူတ်မှရနေ၍ “ဒုက္ခာ မုစ္စန္တု”ဟု ဆိုရုံမျှဖြင့် ကရုဏာ မဖြစ်နိုင်ပါ။

မုဒိတာပို့နည်း

“မုဒိတာ”ဟူသည် ချမ်းသာနေသူကို မြင်ရကြားရသောအခါ ၀မ်းမြောက်ဝမ်းသာ ဖြစ်ခြင်း။ ထိုရရှိနေသော စည်းစိမ်ချမ်းသာမှ လက်မလွတ်စေလိုခြင်းတည်း။ ထို့ကြောင့် မုဒိတာ ပို့ရာ၌ ပါဠိလို “ယထာလဒ္ဓသမ္ပတ္တိတော မာဝိဂစ္ဆန္တု”၊ မြန်မာလို “ရရှိနေသော စည်းစိမ်မှ လက်မလွတ်ပါစေသတည်း”ဟု ပို့ရသည်။ ဤမုဒိတာ အစစ်ဖြစ်သည်။ နူတ်လွတ်ရ၍ “ယထာလဒ္ဓသမ္ပတ္တိတော မာဝိဂစ္ဆန္တု” ဆိုရုံမျှဖြင့် မုဒိတာ မဖြစ်ပါ။

ဥပေက္ခာပို့နည်း

ဥပေက္ခာပို့ရာ၌ ပါဠိလို “ကမ္မဿကာ” မြန်မာလို “ကံသာလျှင် ကိုယ်ပိုင် ဥစ္စာရှိသည်။ ကောင်းလည်း သူ့ကံ၊ ဆိုးလည်း သူ့ကံ”ဟု ပို့ရသည်။ ဆိုလိုရင်းကား - ငါက ချမ်းသာအောင် မေတ္တာပို့သော်လည်း သူ့ကံရှိမှ ချမ်းသာမည်။ ငါက သနားသော်လည်း သူ့ကံရှိမှ ဒုက္ခက လွတ်မည်။ သူချမ်းသာနေသည်ကို ငါက ၀မ်းမြောက်၍ ဤစည်းစိမ်ချမ်းသာမှ မလွတ်စေလိုသော်လည်း သူ့ကံရှိမှ ဤစည်းစိမ်နှင့် ဤအသက် မြဲနိုင်မည်။ သို့ဖြစ်၍ ငါကြောင့်ကြ စိုက်ဖွယ်မလို “ကမ္မဿကာပဲ”ဟု ဆိုလိုသည်။

အချုပ်မှတ်ဖွယ်

ဤမေတ္တာ စသော ဗြဟ္မစိုရ်တရား ၄-ပါးသည် တစ်ပါးနှင့်တစ်ပါး သတ္တ၀ါတို့အပေါ် အာရုံပြုပုံချင်း မတူကြချေ။ မေတ္တာသည် သတ္တ၀ါကို ချစ်စရာအနေအထားဖြင့် အာရုံပြု၏။ ကရုဏာက သနားစရာ အနေအားဖြင့်လည်း အာရုံပြု၏။ မုဒိတာကား ၀မ်းမြောက်စရာ အနေအားဖြင့်လည်း အာရုံပြု၏။ ဥပေက္ခာမှာ လျစ်လျူရူစရာ အနေအားဖြင့် အာရုံပြု၏။ ထို့ကြောင့် သတ္တ၀ါအများကိုဖြစ်စေ၊ တစ်ယောက်ယောက်ကိုဖြစ်စေ တစ်ချိန်တည်း၌ ဗြဟ္မစိုရ် ၄-ပါးလုံးကို အာရုံပြု၍ မဖြစ်နိုင်။ သို့ဖြစ်၍ တကယ်စူးရှအောင်ပြုရာ၌ မေတ္တာပို့ဖြစ်လျှင် မေတ္တာသံပါအောင် “အဝေရာဟောန္တု” မှစ၍ “သုခီ အတ္တာနံ ပရိဟရန္တု” တိုင်အောင် ၄-မျိုးကို (ပါဠိလို ဖြစ်စေ-မြန်မာလိုဖြစ်စေ) အသုံးပြုရသည်။

ထို့အတူ ကရုဏာ စသည်တို့ကိုလည်း သူနှင့်ဆိုင်ရာ ပါဠိလို၊ သို့မဟုတ် မြန်မာလိုဆို၍ ပို့ရသည်။ တကယ်စူးရှအောင် ပို့ခြင်းမဟုတ်ဘဲ မိမိရနေခြင်းကို ရွတ်ဆိုနေခြင်း “သဗ္ဗေ သတ္တာ” ကစ၍ “ကမ္မဿကာ” တိုင်အောင် ရွတ်သော်လည်း အထူးစိစစ်ဖွယ် မလိုတော့ပါ။ သို့ရာတွင် ယခုအခါ “ဗုဒ္ဓဘာသာဝင်”ဆိုသူတို့၏ ဘာသာရေးအလုပ်များ၌ ၀တ်ကျေတမ်းကျေ လုပ်သူတွေကများရကား ဘာသာရေးလေးစားသော နောင်လာနောက်သားတို့က စနစ်တကျဖြစ်အောင် ပြုပြင်ထိုက်ကြပေသည်။


အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

♣ကရုဏာ မုဒိတာ ဥပေက္ခာတို့ အကြောင်းကိုဒီမှာ ♣  နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။


မေတ္တာရိပ်မှ စာစီဓမ္မဒါနပြုပါသည်။

အမောဟ (ပညာ) အကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၂၇)


အမောဟဟူသည် ဉာဏ်ပညာတည်း။ ထို့ကြောင့် “ပညာဉာဏ်မူ၊ အမောဟဟူ၏”ဟုဆိုခဲ့သည်။ မောဟက ဖုံးလွှမ်းကွယ်ကာ ထားသောအရာဟူသမျှကို ဤဉာဏ်ပညာဟု ခေါ်သော အမောဟက မဖုံးကွယ်နိုင်အောင် စွမ်းနိုင်သမျှ ထုတ်ဖော်ပြသဖြင့် အမှန်ကိုသိရလေသည်။ သို့ဖြစ်၍ မောဟနှင့် အမောဟသည် “ခင်ပုတ်နှင့် ကျီး”ကဲ့သို့ ကမ္ဘာ့ရန်သူကြီးများပေတည်း။


"ပညာစစ်"

ဤဉာဏ်ပညာသည် ပညာစစ် ပညာတုဟု နှစ်မျိုး ရှိ၏။ ထိုတွင် ကံ ကံ၏ အကျိုးကို သိတတ်သော ဉာဏ်၊ စာပေကျမ်းဂန်၏ အဓိပ္ပာယ်မှန်ကို နားလည်သောဉာဏ်၊ ၀ိပဿနာဉာဏ်၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်များနှင့် ဘုရားရှင်၏ သဗ္ဗညုတဉာဏ် တိုင်အောင် အပြစ်ကင်းသော အသိအလိမ္မာ ဉာဏ်ဟူသမျှ ပညာ အစစ်ပင်တည်း။
“ပါးနပ်သူ”ဟု ခေါ်ရသူတို့ သန္တာန်ဝယ် တစ်ဖက်သားကျလောက်အောင် ဟန်ပန်လေသံ ဆောင်တတ်၊ ပြောတတ် ဟောတတ်သောဉာဏ်၊ အခိုးအ၀ှက်ဉာဏ်၊ အလှည့်စားဉာဏ်၊ ပရိယာယ် မာယာဉာဏ်များ ရှိ၏။ ထိုဉာဏ်မျိုးသည် ပညာစစ်မဟုတ်၊ လိမ်လည် လှည့်ပတ်တတ်သော “၀ဉ္စနာ ပညာတု” ဖြစ်သည်။ (၀ဉ္စနာ = သူတစ်ပါးကို လှည့်စားနိုင်သော + ပညာ = အသိ)

ပရမတ္ထ သဘောအားဖြင့် တဏှာပြဋ္ဌာန်းသော အကုသိုလ်တည်း။ ထို့ပြင် သတ်နည်း ဖြတ်နည်း တိုက်ခိုက်နည်း လက်နက်ကောင်းကောင်း လုပ်နည်းများကို နားလည်သော ဉာဏ်များလည်း ရှိသေးသည်။

ထိုဉာဏ်များလည်း ပညာစစ်မဟုတ်၊ နောက်၌ ပြမည့် “၀ိတက်”ခေါ်သောအကြံကောင်းသော အကုသိုလ်သာ ဖြစ်သည်။


သို့သော် ထိုပြခဲ့သော ပညာအတုများသည် ထူထိုင်းဖျင်းအသူတို့မှာ မရှိ၊ ပင်ကိုက ပညာအစစ်အမှန် ဓာတ်ခံပါသူ၊ အတွေ့အကြုံ အကြားအမြင် (ဗဟုသုတ) များသူတို့၌သာ ဖြစ်နိုင်ပေသည်။ အစစ်အမှန် ပညာဉာဏ်က ပညာအတုအား ပကတူပနိဿယခေါ် ပဋ္ဌာန်းပစ္စည်းဖြင့် ကျေးဇူးပြုသည်ဟု ဆိုလိုသည်။

ထို့ကြောင့် ပင်ကိုက ဉာဏ်ထက်မြတ်သူတို့မှာ ကောင်းသောလုပ်ငန်း ကုသိုလ်လမ်း၌ အမြင့်ဆုံးအတန်းသို့ ရောက်အောင် စွမ်းနိုင်ကြသကဲ့သို့ မကောင်းလုပ်ငန်း အကုသိုလ်လမ်း၌လည်း ကမ်းကုန်လမ်းကုန် အစွမ်းကုန် ဆိုးသွမ်းနိုင်ကြလေသည်။


"ဇာတိနှင့် ပညာပ၀တ္တိပညာ"


အစစ်ဖြစ်သော ပညာသည် ဇာတိပညာ-ပ၀တ္တိဟု ၂-မျိုးရှိ၏။ ပဋိသန္ဓေတည်နေစဉ်ကပင် အလောဘ၊ အဒေါသ၊ အမောဟ ၃-မျိုး ပါလာသူကို “တိဟိတ် ပုဂ္ဂိုလ်” ဟုခေါ်သည်။ “ပဋိသန္ဓေစိတ်မှာ အလောဘ စသော ဟိတ် ၃-ပါးရှိသူ”ဟု ဆိုလိုသည်။ ထို တိဟိတ်ပုဂ္ဂိုလ်၏ အမောဟ ခေါ် ပညာသည် ဇာတိပညာ (၀မ်းတွင်းပါပညာ) တည်း။


ထိုဇာတိ ပညာပါသူသည် ကလေးဘ၀ကပင် ပြောပြ၍ နားလည်လွယ်၏။ တောင်တောင် ဤဤ ကြံစည်တတ် တွေးတောစဉ်းစားတတ်၏။


ပဋိသန္ဓေပညာ မပါခဲ့ဘဲ ပ၀တ္တိအခါကျမှ (ဖွားမြင်လာမှ) မိကောင်းဖကောင်းတို့ သင်ပြခြင်း၊ အရွယ်ရောက်၍ စာပေသင်ခြင်း၊ ကြီးရင့်သည့်အခါ ပညာရှိထံ မေးမြန်းလေ့ စုံစမ်းလေ့ရှိခြင်း၊ ဗဟုသုတ ရှာမှီးခြင်း စသည်တို့ကြောင့် တတ်သိနားလည်လာသော ပညာသည် ပ၀တ္တိပညာမည်၏။


ထို့ကြောင့် ဇာတိပညာမပါသူသည် ပ၀တ္တိပညာမည်၏။ ထို့ကြောင့် ဇာတိပညာမပါသူသည် ပ၀တ္တိပညာဖြစ်အောင် ထူထောင်နိုင်သေး၏။ ဇာတိပညာ ပါလာသည့်အပြင် (ပြခဲ့သောနည်းဖြင့်) ပ၀တ္တိပညာကိုလည်း ရပြန်ပါမူ အထက်တန်း ရောက်သူတို့တွင် ပါဝင်နိုင်သည်။


"ဇာတိပညာရှိအောင် ပျိုးထောင်နည်း"


ပဋိသန္ဓေက ဉာဏ်ဓာတ်ပါလာခြင်းသည် လောကီ၌သာ အကျိုးများသည် မဟုတ်သေး။ တရားအားထုတ်ရာ၌လည်း အကျိုးများ၏။ ပဋိသန္ဓေ ပညာရှိသူသာ တရားအားထုတ်၍ ပေါက်နိုင်၏။ ထို့ကြောင့် ဖြစ်လေရာဘ၀တို့၌ ပဋိသန္ဓေပါ ပညာရှိဖြစ်အောင် ယခုဘ၀ကပင် ထူထောင်သင့်ကြသည်။


ထူထောင်နည်း တချို့ကား---
ပထမဆုံး အသိအလိမ္မာ ဉာဏ်ပညာ ထက်မြက်သူ ဖြစ်ချင်ရမည်။ ထိုသို့ ဖြစ်ချင်သည့်အတိုင်းလည်း အသိအလိမ္မာ ဉာဏ်ပညာ တိုးပွားအောင် ရေးသားအပ်သော ကျမ်းစာတို့ကို စိတ်ပါလက်ပါ ကြည့်ရူရမည်။ ပညာရှိနှင့် ဆက်ဆံ၍ ထိုသူ့အထံမှ အကြံဉာဏ်ကောင်းများကို မေးမြန်းမှတ်သားရမည်။ ဤမျှလောက် ကြိုးစားလျှင်ပင် ပ၀တ္တိဉာဏ် တိုးပွား၍ အရာရာ၌ စဉ်းစားတတ်သူ ဖြစ်လာပါလိမ့်မည်။

ထိုအခါ နောင် သံသရာအတွက် ဉာဏ်ပညာ အထုံပါလောက်ပေပြီ။
သို့သော် အားမရသင့်သေးပါ။


ဉာဏ်ပညာ ပွင့်လင်းအောင် အ၀တ်အစား အိပ်ရာနေရာမှ စ၍ တစ်ကိုယ်လုံး အမြဲသန့်သန့်ရှင်းရှင်း ရှိစေရမည်။ ဒါနစသော ကုသိုလ်ပြုတိုင်း “ဉာဏ်ပညာ ထက်မြက်သူ ဖြစ်ရပါလို၏”ဟု စိတ်ကလည်း ညွတ်ရမည်။ နူတ်ကလည်း ရွတ်ဆိုဆုတောင်းရမည်။ ရဟန်းသံဃာ လှူဒါန်းရာ၌လည်း “စာပေကို သင်ယူနိုင်၊ ပို့ချရေးသားနိုင်ပါစေ”ဟု စိတ်စေတနာ ဖြစ်စေရမည်။ တတ်နိုင်ပါမူစာသင်ကျောင်းတိုက် တည်ထောင်၍ စာပို့ချနိုင်သော ပုဂ္ဂိုလ်ကို ကိုးကွယ်ကာ စာပို့ချနိုင်အောင်လည်း ထောက်ပံ့ရမည်။


လူစာသင်ကျောင်းများကိုလည်း ထောက်ပံ့ရမည်။ တိုင်းသူပြည်သားတို့ ပညာတိုးပွားအောင် ကူညီရမည်။ မိမိတတ်သိသမျှကို သူတစ်ပါးအား ပြောပြချင်စိတ်၊ နားလည်စေချင်စိတ် ရှိရမည်။ ဤသို့ စသည်ဖြင့် ပညာဘက်၌ စိတ်ထက်သန်သူသည် ဘ၀သံသရာဝယ် ကြီးကျယ်သော ပညာရှင် ဖြစ်နိုင်ပါသည်။ ဤကား နောက်ဘ၀ အဆက်ဆက်၌ ဇာတိပညာ (၀မ်းတွင်းပါပညာရှိ) ဖြစ်အောင် ပျိုးထောင်နည်းပေတည်း။

 
"သဒ္ဓါနှင့် ပညာ ကွာခြားပုံ"


သဒ္ဓါ၏ သဘောတရားကား စွန့်ကြဲပေးကမ်း လှူဒါန်းရလျှင်ပြီးရော၊ နောင်သံသရာမှာ ချမ်းချမ်းသာသာ ဖြစ်ဖို့ရာ အရေးကြီး၏။ အမျိုးဘာသာသာသနာ ကြီးပွားရေးကို လေးလေးနက်နက် သတိမထားတတ်။

ပညာ၏ သဘောကား အမျိုးဘာသာ သာသနာ ပညာရေးကို လေးလေးနက်နက် စဉ်းစားပြီးလျှင် အကျိုးရှိလောက်မှ လှူသည်။ အကြောင်းကောင်းလျှင် အကျိုးကောင်းမည်ဟု (ကံ-ကံ၏အကျိုး) ယုံကြည်ပြီးဖြစ်၍ နောက်ဘ၀၌ အကျိုးရဖို့ အရေးကို အထူးတလည် တွေးမနေတော့ပြီ။


ဤသို့လျှင် သဒ္ဓါနှင့် ပညာသည် အခြေတည်က စ၍ပင် ကွာခြားချင်တိုင်း ကွာလာသည်။ မြန်မာနိုင်ငံကို သဒ္ဓါမျက်စိ၊ ပညာမျက်စိဖြင့် တစ်မျိုးစီ ကြည့်ကြပေလိမ့်မည်။ သို့ရာတွင် အစုံကြည့်ခြင်း မဟုတ်ဘဲ တစ်ဖက်စီခွဲ၍ အလွန်အကဲ ကြည့်ခြင်းကား သဒ္ဓါလည်းမကောင်း၊ ပညာလည်းမကောင်းပင်။ နှစ်ဖက်စုံ ကြည့်တတ်မှသာ ကောင်းပါသည်။ “သဒ္ဓါလွန်တော့ တဏှာ၊ ပညာလွန်တော့ မာယာ”ဟု ကျမ်းလာဆိုရိုး ရှိပါသည်။


အမှာ ။ ။ သဒ္ဓါမျက်စိ ပညာမျက်စိဖြင့် တစ်ဖက်စီ ကြည့်ကြပုံ၊ ၂-ဖက်စုံ ကြည့်ကြပုံကို စုံစုံလင်လင်ရေးရလျှင် ကျမ်းစာတစ်စောင်ဖြစ်အောင် ရေးမှသာ လုံးလောက်ဖွယ် ရှိသောကြောင့် ဤနေရာ၌ မရေးဘဲ လျစ်လျူရူရတော့မည်။


"တိုက်တွန်းချက်"


အို၊ အမျိုးသားတို့ အသိအလိမ္မာ ဉာဏ်ပညာဟူသည် အစစ်ဖြစ်စေ၊ အတုဖြစ်စေ မိမိ၌ ဓာတ်ခံရှိဖို့ အရေးကြီးလှပေသည်။ လူတို့ အသက်ရှင်ဖို့ အရေး၌ နှလုံးသည်းပွတ်သည် အရေးအကြီးဆုံး ဖြစ်သကဲ့သို့ လောကသံသရာနှစ်ဖြာ ကြီးပွားရေး၌လည်း ဉာဏ်ပညာသည် အရေးအကြီးဆုံး နှလုံးသည်းပွတ်ပင် ဖြစ်၏။


ဒါန သီလစသော ပါရမီအားလုံး၏ အကျိုးကို ဉာဏ်ပညာရှိသူသာ အဆုံးတိုင် သိနိုင်၍ ဉာဏ်ပညာကြောင့်သာ ထိုပါရမီများ ပြည့်ဝကြပေသည်။


လောက၌လည်း အိမ်တွင်းရေး ငြိမ်းချမ်းမူသည် သမီးခင်ပွန်း ၂-ယောက်၏ အသိအလိမ္မာ ဉာဏ်ပညာအပေါ်မှာ တည်သည် မဟုတ်လော။ သားရေး၊ သမီးရေး၊ စီးပွားရေး၊ ကြီးပွားရေးတို့၌လည်း ဉာဏ်ပညာရှိမှ ၀ီရိယ အကျိုး နားလည်၍ လုံ့လစိုက်ကာ သာသာယာယာ ရှိစေနိုင်သည်။


ပရိသတ် ဗိုလ်ပုံတို့၏ အလယ်မှာလည်း “ပညာရဲရင့်သူတို့သာ ပွဲလယ်တင့်”နိုင်ကြသည်။ ဘူးလုံး နားမထွင်း အဖျာင်း အအ ပညာပိုင်းက အောက်တန်းကျနေသူတို့မှာာ စည်းစိမ်ရှင်ပင် ဖြစ်သော်လည်း အထက်တန်းသို့ မတက်လှမ်းနိုင်ကြပါ။


ကမ္ဘာကို လွှမ်းမိုး၍ အုပ်စိုးနိုင်သော သတ္တိမှာ ဤပညာအရည်အချင်းသာတည်း။ ဓနရှင်တို့မှာ ထိုပညာရှင်တို့ကို ကူညီကြသဖြင့် ကြီးပွားရေး၌ ဝေစုရသူများသာ ဖြစ်လေသည်။ အသေးအဖွဲရန်ပွဲကလေးမှစ၍ တိုင်းနိုင်ငံချင်း စစ်ခင်းသည်အထိ ပညာရှိတို့ဘက်က အောင်ပွဲရစမြဲဖြစ်သည်။


စတုဓမ္မ ဇာတ်တော်၌ ဂင်္ဂါမြစ်အတွင်း သူ့နယ်ဖြစ်သော စစ်တလင်းမှာပင် အလောင်းတော် မျောက်မင်းက ၀ဉ္စနာပညာဖြင့် လှည့်စား၍ မိကျောင်းကို အနိုင်ရခဲ့ဖူးလေသည်။ (ဤ၀တ္ထု၌ လှည့်စားတတ်သော ဉာဏ်သည် ပညာအတုသာဖြစ်၏။ သို့သော် လောကီကြီးပွားရေး၌ ဤပညာအတုလည်း များစွာ အသုံးကျသည်ပင်။)


မဟော်သဓာတ် ဇာတ်တော်၌လည်း မရေမတွက်နိုင်လောက်အောင် မြားမြောက်လှစွာသော စစ်တပ်တို့ဖြင့် ချဉ်းကပ်လာသော ကေ၀ဋ်ပုဏ္ဏားနှင့် စူဠဏီမင်းကို အလောင်းတော်၏ ပညာအစွမ်းဖြင့် ကျီးခြောက်သလို ခြောက်လှန့်၍ ခံ့ခံ့ကြီး အောင်ပွဲဆင်ခဲ့ရပေသည်။


ပညာဘက်၌ အလိုက်အစားနည်းခဲ့သော ဤမြန်မာနိုင်ငံကိုလည်း ရေနံတွင်း ကျောက်တွင်းနှင့် သစ်တောများကို သွားရည်ယိုသော ၀ဉ္စနာပညာရှင်တို့က သူငယ်နှပ်စားကလေးကို လှည့်စားသလို သိမ်းယူသွားသည်မှာ သူတို့၏ ပညာစွမ်းပင်ဖြစ်သည်။


ယခုအချိန်တိုင်အောင် ကူးသန်းရောင်းဝယ်မူ၌ ဉာဏ်မျက်စိစူးရှသော နိုင်ငံခြားသားတို့က ငါတို့ အမျိုးသား အမျိုးသမီးတွေကို ကလေးလို သဘေားထား၍ ပစ္စည်းရော လူပါ အညွှန့်ခူးချင်တိုင်း ခူးနေကြသည့်အပြင် အောက်တန်းစားဟု ထင်ရသော နိုင်ငံခြားသား လက်လီ ကုန်သည်လေးများကလည်း ထထကြွကြွ ၀ီရိယဖြင့် စားပေါက်စားလမ်းကို အစွမ်းကုန် နိုက်နေကြသည်။

ငါတို့ အမျိုးသားတွေက “ဖိုးသူတော် ကျပ်တစ်လုံးနှင့် ညောင်ပင်ကုန်းမှာ အိပ်ပျော်နေကြတုန်းပင်”။
အို… အမျိုးသားတို့ ပညာတတ်နည်းပါးသော နိုင်ငံဟူသမျှသည် အဘက်ဘက်က အောက်တန်းကျမည်မှာ ဗေဒင်မေးနေစရာမလိုတော့ပါ။


အမျိုးကို ချစ်ခင်ကြသော ကျောင်းဆရာကြီးများကလည်း စွမ်းနိုင်သမျှ နည်းကောင်းလမ်းမှန်များကို ညွှန်ပြကြပါ။ ကျောင်းသူကျောင်းသားတို့ကလည်း စိတ်ပါလက်ပါ ကြိုးစားကြပါ။ ဓနရှင် လူကြီးလူကောင်းနှင့် သံဃာတော် အပေါင်းကလည်း ပညာရေး တိုးတက်အောင် အဘက်ဘက်က အားပေးကြပါ။


ဤသို့ တစ်နိုင်ငံလုံး ကြိုးစားမှသာ ယခုဘ၀၌ နာလန်ထူပြီးလျှင် သံသရာ အဆက်ဆက်လည်း ထက်မြက်သော ဇာတိပညာရှင်များ ဖြစ်နိုင်ကြပါလိမ့်မည်။
 
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။
♣ အဒေါသအကြောင်းကိုဒီမှာ ♣  နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။


မေတ္တာရိပ်မှ စာစီဓမ္မဒါနပြုပါသည်။ 

ကရုဏာ, မုဒိတာ, ဥပေက္ခာတို့ အကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၂၉)

"ကရုဏာအကြောင်း"


ဆင်းရဲသော “ဒုက္ခိတသတ္တ၀ါ”များကို မြင်ရ ကြားရသောအခါ ဖြစ်ပေါ်လာသော သနားကြင်နာမူကို “ကရုဏာ”ဟု ခေါ်သည်။ ထို့ကြောင့် “သနားကရုဏာ”ဟု ဆိုခဲ့သည်။ ထိုသို့ ကရုဏာ ဆင်းရဲမူကို သက်သာနိုင်သမျှ သက်သာအောင် စောင့်ရှောက်လို၏။ ကူညီထောက်ပံ့လို၏။ ထိုသို့ မကူညီနိုင်လျှင် များစွာ စိတ်ထိခိုက်၏။ ရင်ထဲမှာ ပူလောင်သလို ဖြစ်၏။ ဤသို့ စိတ်ကို ထိခိုက်ခြင်းကား ကရုဏာအစစ်မဟုတ်ပါ။

ကရုဏာအရင်းခံ၍ သူတော်ကောင်း သန္တာန်မှာ ဖြစ်တတ်သော ဒေါမနဿ အကုသိုလ် ကလေးမျှသာ ဖြစ်သည်။ ဤအကုသိုလ်ကလေးကား ယုတ်မာဆိုးရွားလှသည် မဟုတ်ပါ။ ဒုက္ခိတသတ္တ၀ါကို မြင်လျှင် သူတော်စင်တို့ သန္တာန်၌ ဖြစ်လေ့ရှိသော သဘောထုံးစံပင်တည်း။


"ကရုဏာအတု"

တစ်ခါတစ်ရံ မိမိနှင့် သက်ဆိုင်သူများ ဆင်းရဲသည်ကို မြင်ရ ကြားရ၍ ကရုဏာအစစ်သဖွယ် ကယ်ဆယ်ချင်သော သဘောများဖြစ်၏။ ထိုအခါ ကရုဏာအစစ် လိုလိုနှင့် သောကဖြစ်တတ်လေသည်။ ကရုဏာအစစ်သည် သနားကြင်နာသော်လည်း စိတ်ကို မပူပန်စေတတ်၊ ကရုဏာအတုကား ပူပူပန်ပန် ရှိလေသည်။


"ပုဂ္ဂိုလ်ထူးများ၏ စိတ်ထား"

သူတော်ကောင်းအခေါ်ခံရသူ ယခုလူတို့တွင် တကယ်သနားစရာ ဒုက္ခိတသတ္တ၀ါကို မြင်ရမှသာ ကရုဏာ ဖြစ်နိုင်ကြ၍၊ တကယ်ချစ်စရာ ဆွေမျိုးဉာတိ စသူတို့အပေါ်၌သာ မေတ္တာဖြစ်နိုင်ကြ၏။

အထက်တန်း ပါရမီကို ဖြည့်တော်မူကြသော အလောင်းအလျာနှင့် ပါရမီရင့်ပြီး သူတော်ကောင်းကြီးတို့ကား (မိမိ၏ သားသမီးကလေးများ ဆင်းရဲနေသောအခါ မိဘတို့၌ ပြင်းပြစွာ ကရုဏာ ဖြစ်သကဲ့သို့) သတ္တ၀ါဟူသမျှတို့ အပေါ်တွင် မတော်တဆ ကျရောက်မည့် အပါယ်ဘေး၊ ၀ဋ်ဆင်းရဲဘေးတို့ကို မြော်တွေးတော်မူကာ ကရုဏာသက်တော်မူကြသည်။ (ချစ်စရာမကောင်းသော သားကလေးကိုပင် မိဘ၏ မေတ္တာက အလျှော့မပေးဘဲ လေးလေးပင်ပင် ချစ်ခင်သကဲ့သို့) သတ္တ၀ါအားလုံးကိုလည်း သိမ်းကျုံး၍ ချစ်ခင်သော မေတ္တာစွမ်းဖြင့် လွန်စွာ ချစ်ကြည်တော်မူကြပေသည်။

ထိုကဲ့သို့ ဖြူစင်မြင့်မြတ်သော မေတ္တာ ကရုဏာ ဓာတ်ခံသည် ပါရမီတော် ဖြည့်စဉ်ကပင် ကိုယ်တော့်သန္တာန်၌ အနှစ်တည်ကာ အမြူတေအလား ကြီးမားခိုင်ခံ့စွာ ပါလာခြင်းကြောင့် ဘုရားဖြစ်တော်မူခါနီး၌ အကြီးအကျယ် နှောင့်ယှက်လာသော မာရ်နတ်အပေါ်ဝယ် မပြယ်သောမေတ္တာဖြင့် ရူစားတော်မူနိုင်သည့်အပြင် အသက်ကို ရန်ရှာနေသော ရှင်ဒေ၀ဒတ်အပေါ်မှာပင် ကရုဏာ သက်တော်မူနိုင်ပေသည်။

ထို့ကြောင့် ယခုအခါ သူတော်စင် ဖြစ်လိုသူတိုင်း အလောင်းတော်၏ စိတ်ထားပုံကို အတုယူကာ “သူတော်မှ ငါကောင်းမည်”ဟု သဘောမထားကြဘဲ “သူ တော်တော် မတော်တော် ငါတော်မည်”ဟု အဓိဋ္ဌာန်ပြုလျက် မည်သည့်အပေါ်ဖြစ်ဖြစ် မေတ္တာစစ် ကရုဏာစစ်ဖြစ်အောင် သတိထားနိုင်ကြပါစေသတည်း။


"မုဒိတာအကြောင်း"

ပြည့်စုံ ကြွယ်ဝ ချမ်းသာသူများကို မြင်ရကြားရသောအခါ ၀မ်းမြောက် ခြင်းသဘောတရားသည် မုဒိတာတည်း။ ထို့ကြောင့် “၀မ်းသာ-မုဒိ”ဟု ဆိုခဲ့ပေသည်။

ချဲ့ဦးအံ့ - ဥစ္စာစည်းစိမ် ဂုဏ်သိမ်ဘက် ဖြစ်စေ၊ အမျိုးအဆွေ၊ အဆင်း၊ ကျန်းမာခြင်း၊ ပညာတတ်ခြင်း စသည်တို့တွင် တစ်မျိုးမျိုးဘက်ကဖြစ်စေ သမ္ပတ္တိဆိုက်နေသူကိုမြင်ရ ကြားရသောအခါ အဘိဇ္ဈာ ဣဿာအားကြီးသူတို့၌ မတရားလိုချင်မူ၊ မနာလိုမူ၊ မစားရသည့်အမဲ သဲနှင့်ပက်လိုမူ စသော အယုတ်တမာတရားတွေ ဖြစ်တတ်သော်လည်း စိတ်ထားဖြူလွင့် သူတော်စင်တှို့၌ကား “တော်ပါ ပေတယ်၊ တော်ပါပေတယ်၊ သာဓု သာဓု၊ ရှေးကောင်းမူကြောင့် ယခုလို ချမ်းသာတာပါပဲ”ဟု မုဒိတာ အစစ်ဖြစ်နိုင်ကြပေသည်။


"မုဒိတာအတု"


တစ်ခါတစ်ရံ၌ကား မိမိနှင့်စပ်သူတို့ သမ္ပတ္တိဆိုက်နေသည်ကို မြင်ရ၍ ၀မ်းသာအားရ ဖြစ်တတ်ကြသည်။ ထိုအဖြစ်ကား မုဒိတာနှင့် ဆင်တူရိုးမှား တဏှာလောဘ မကင်းသော နှစ်သက်ခြင်း ပီတိ သောမနဿများတည်း။ နှစ်သက်ရုံတွင် သာမက အလွန်အမင်း အားရလှ၍ မျက်ရည်ပင် ကျလာတတ်ပါသေးသည်။ ဤကဲ့သို့ ဖြစ်ခြင်းကို “မုဒိတာတု”ဟု မှတ်ပါ။ သို့သော် ထိုသို့ ဖြစ်တိုင်းလည်း မုဒိတာအစစ်မဟုတ်ဟု မဆိုလို။ အခါများစွာပင် မုဒိတာအစစ်လည်း ဖြစ်ပါပေလိမ့်မည်။


"ဥပေက္ခာအကြောင်း"


သတ္တ၀ါတို့အပေါ်၌ လျစ်လျူရူခြင်းသဘောသည် ဥပေက္ခာတည်း။ ထို့ကြောင့် “ရှုသည်လျစ်လျူ၊ ပေက္ခပြုလော့”ဟု ဆိုခဲ့သည်။ (ဤဥပေက္ခာကို အဘိဓမ္မာကျမ်းများ၌ “တတြမဇ္ဈတ္တတာ စေတသိက်”ဟု ခေါ်သည်။)

လျစ်လျူရူ ဟူသည် မေတ္တာကဲ့သို့ ချစ်လည်းမချစ်၊ ကရုဏာကဲ့သို့ သနားလည်းမသနား၊ မုဒိတာကဲ့သို့ ၀မ်းလည်းမမြောက်၊ ဒေါသကဲ့သို့ မုန်းလည်းမမုန်းဘဲ “မကောင်းလည်း သူ့ကံ၊ ကောင်းလည်း သူ့ကံ”ဟု ကမ္မသကာ ချထားခြင်းတည်း။ [ကမ္မ = မိမိပြုအပ်သော ကံသာ + သက = မိမိဥစ္စာဖြစ်သည်”ဟု သဘောထားခြင်း]

ယခုကာလ၌ ပြောဆိုဆုံးမ၍ မရသော တပည့်သားသမီးများကို “လျစ်လျူရူထားသည်”ဟု ပြောကြ၏။ ထိုသို့ လျစ်လျူရူခြင်းကား တပည့်(သို့မဟုတ်)သားသမီးကို စိတ်၌ ထည့်၍ မစဉ်းစားတော့ဘဲ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ နေချင်သလို နေပစေဟု ပစ်စလက်ခတ်ထားခြင်းတည်း။ ထိုပစ်စလက်ခတ် ထားခြင်းသည် ဤနေရာ၌ ပြနေသော ဥပေက္ခာမျိုးမဟုတ်။

ဤဥပေက္ခာ၏ လျစ်လျူရူခြင်းကား စိတ်ထဲမှာထည့်၍ စဉ်းစားပါသေးသည်။ သို့ရာတွင် အမုန်းဘက်သို့လည်း မရောက်စေ၊ အချစ်ဘက်သို့လည်း မရောက်စေဘဲ အလယ်အလတ် စိတ်ထား၍ ရှုစားနိုင်သော သဘောတည်း။ ဤဥပေက္ခာသည် သာမန်လူတို့၌ ဖြစ်နိုင်ပါ၏။

ဈာန်ရအောင် ရူသော ဥပေက္ခာကား မေတ္တာ၊ ကရုဏာ၊ မုဒိတာ တစ်ပါးပါးဖြင့် တရားပေါက်ပြီးသူ၌သာ တိုးတက်အားထုတ်မှ ဖြစ်နိုင်ပါသည်။

အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။
♣ မေတ္တာအကြောင်းကိုဒီမှာ ♣  နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။


မေတ္တာရိပ်မှ စာစီဓမ္မဒါနပြုပါသည်။

အဒေါသအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ-၂၆)


မခက်ထန် မကြမ်းတမ်းခြင်း သဘောသည် အဒေါသတည်း။ ထို့ကြောင့် “အဒေါသတွက်၊ မခက်မထန်”ဟု ဆိုခဲ့သည်။ ဤအဒေါသသည်လည်း ဒေါသကို ဆန့်ကျင်ဘက်ပြုကာ ကမ္ဘာကြေသော်လည်း ဥဒါန်းမကျေနိုင်သော မြွေနှင့်တောက်တဲ့ကဲ့သို့ ဖြစ်သည်။ ဒေါသသမားတွေ ကြမ်းတမ်းသလောက် အဒေါသသမားများက ချိုသာသည်။ စိတ်နေသဘောထား အေးမြသဖြင့် သူတစ်ပါးက ဒေါနှင့်မောနှင့် ပြောသည်ကိုပင် သည်းခံခြင်း အအေးဓာတ်ဖြင့် ငြိမ်းစေနိုင်ကြ၏။


စိတ်ဓာတ်သာ အေးသည်မဟုတ်၊ ဒေါသသမားတို့၏ မျက်နှာ အနေလည်း ငွေစန္ဒာလမင်းအသွင် ကြည်လင်လှပ၍ ပသာဒရှိသည့်အပြင် ချိုသာသော စကားအသုံးအနူန်းတို့ကြောင့် တွေ့ရသူတိုင်း မမုန်းနိုင်အောင် ကျက်သရေကို ဆောင်လျက်ရှိကြပေသည်။ အဒေါသ ဓာတ်ခံသည် သို့လောက်ပင် အကျိုးကြီးမား၏။ တစ်လောကလုံး၏ အနှစ်သက်ဆုံးသော မေတ္တာဟူသည်လည်း ဤအဒေါသပင်ဖြစ်ပေသည်။


"အလောင်းတော်၏ အလောဘ အဒေါသ"

ရှေးသရောအခါ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းသည် မိဖုရားခေါင်ကြီး နတ်ရွာစံသဖြင့် မိဖုရားငယ် အသစ်မြှောက်ကာ အရွယ်ရောက်သော သားတော် မဟာပဒုမမင်းသားကို အိမ်ရှေ့ထားလေသည်။ အခါတစ်ပါးဝယ် သူပုန်များထ၍ ဘုရင်ကိုယ်တိုင် နှိမ်နင်းရန် ထွက်ခွာသွားစဉ် အိမ်ရှေ့မင်းသားက ထီးနန်းကို စောင့်ရှောက်ရစ် ရလေသည်။
သူပုန်ရန် ငြိမ်းအေး၍ ခမည်းတော်မြို့ဝင်ခါနီး၌ နန်းတော်ကြီးနှင့်တကွ တစ်မြို့လုံး တန်ဆာဆင်ပြီးနောက် အကျိုးအကြောင်း သံတော်ဦးတင်ဖို့ရန် မိထွေးတော်အထံသို့ သွား၍ “ပြုဖွယ်ကိစ္စရှိက အမိန့်ပေးပါရန်” သံတော်ဦး တင်လေသော် မင်းသား၏ ရုပ်အဆင်းအင်္ဂါကို စွဲလမ်းရင်းရှိသော မိဖုရားက မင်းသား၏ လက်ကိုဆွဲ၍ သလွန်ပေါ်သို့ တက်ဖို့ရန် ညွှန်ပြလေရာ မင်းသားက ဖယ်ရှားလေသည်။

၃-ကြိမ် တိုင်အောင် တိုက်တွန်းပါသော်လည်း မင်းသားက ပယ်မြဲပယ်နေလေရာ “ကောင်းပြီ၊ အလိုသို့ မလိုက်တဲ့ မင်းသားကို မင်းတရားလာမှ သိစေ့မယ်”ဟု “ငဖယ်လန်က ပြောင်းပြန်” သူကပင် မာန်လိုက်လေသေးသည်။ မင်းသားက “ပြုချင်သလိုသာ ပြုတော့” ဟုပြော၍ ထွက်သွားသောအခါ သူ့အပြစ်ကို ကာကွယ်ဖို့ရာ သူ့ကိုယ်သူ ကုတ်ဖဲ့၍ တကယ့်ကို မင်းသား၏ အစော်ကားခံရလေအောင် အားငယ်ဟန် ဆောင်နေလေသည်။


ဘုရင်မင်းသည် မြို့တော်သို့ ရောက်လျှင်ရောက်ချင်းပင် သူ့မိဖုရားကို မမြင်၍ မေးမြန်းရာ မိဖုရား အခြွေအရံတို့က မကျန်းမာကြောင်းကို သံတော်ဦးတင်ကြသဖြင့် မိဖုရားအဆောင်သို့ ကြွရောက်လေသည်။

ထိုအခါ မိဖုရားကလေးက ကုတ်ဖဲ့ထားသော အရာများကိုပြလျက် အိမ်ရှေ့မင်းသားက သူ့အားအတင်းကြံပုံ၊ သူက အလိုမပါသောကြောင့် ကုတ်ဖဲ့ပုံပါ (မည်သည့် ဆရာထံမှ နည်းမခံရဘဲ) ၀မ်းတွင်းပါ မိန်းမဉာဏ်ဖြင့် သူကြံထားသမျှ အားလုံးကို ရိုက်ကြီးတငင် သံတော်ဦးတင်လေသည်။


ထိုအခါဘုရင်သည် လွန်စွာ ရာဇမာန်ရှသဖြင့် “မယားထိက ဓားကြည့်”ဟူသော ပြောရိုးစကားနှင့်ညီစွာ ဘာကိုမျှ မစဉ်းစားတော့ဘဲ မင်းသားကို ချက်ချင်းပင် တောင်ထိပ်မှ ပစ်ချရန် အမိန့်ပေးလေသည်။ ထို့နောက် တိုင်းပြည်က ချစ်ကြည်နေသော မင်းသားကို ပြည်သူတို့က အင်အားဖြင့် အတင်းလုမည် စိုးသောကြောင့် အာဏာသားများနှင့်အတူ ကိုယ်တိုင်ထွက်၍ တောင်ထိပ်ပေါ်မှ ပစ်ချလေသည်။ သို့သော် မင်းသား၏ မေတ္တာတန်ခိုးကြောင့် တောင်စောင့်နတ် ကယ်မသဖြင့် အသက်ချမ်းသာရာ ရတော်မူလေသည်။


"၀တ္ထုမှတ်ချက်"

ဤ၀တ္ထုဝယ် မိဖုရားနှင့် မင်းသားတွေ့ခန်း၌ မိဖုရားမှာ တဏှာလောဘစိတ် ပြင်းထန်နေ၏။ မင်းသားမှာ မလိုချင်မူ အလောဘစိတ် ထင်ရှားသည်။ ထို့နောက် မိဖုရား၌ သူ့အပြစ်ကို ကွယ်ကာသော မာယာစိတ်၊ ရှင်ဘုရင်ထံ ကြံဖန်၍ သံတော်ဦးတင်သော မာယာစိတ်(မုသာဝါဒကံ) ဖြစ်၏။ ရှင်ဘုရင်၌ ကြားသည်က စ၍ တောင်ပေါ်မှ ပစ်ချသည်အထိ ပြင်းပြသော ဒေါသစိတ်များ ဖြစ်နေ၏။

မင်းသား၌ကား မိဖုရားကလေးကို မတပ်မက်သော အလောဘစိတ်၊ မိဖုရားနှင့် ရှင်ဘုရင်အပေါ်၌ ရန်ငြိုးမထားသော အဒေါသစိတ်၊ သည်းခံနိုင်သော ခံန္တီစိတ်၊ မေတ္တာထားနိုင်သော မေတ္တာစိတ်၊ အဒေါသစိတ်များ ဖြစ်သည်။ ဤ၀တ္ထု၌ မင်းသားကလေးသည် ဘုရားအလောင်း မိဖုရားကား စိဉ္စမာန ခေါ်သော စိဉ္စမာန၀ိကာအလောင်း၊ ရှင်ဘုရင်ကား ရှင်ဒေ၀ဒတ်အလောင်းတည်း။


"ကာလ၀ိပါက် နောက်ပိုးတက်"

ထိုသို့သော ကိစ္စများ ဖြစ်ပျက်ပြီးနောက် မင်းသားကလေးကို နဂါးမင်းဆောင်ယူ၍ နဂါးပြည်၌ တစ်နှစ်စံစေသည်။ ထို့နောက် လူ့ပြည်သို့ပြန်၍ ရသေ့ရဟန်းပြုသောအခါ မုဆိုးနှင့်တွေ့သောကြောင့် ဘုရင့်အထံသို့ သံတော်ဦးတင်လေရာ ရှင်ဘုရင် ထွက်တော်မူလာ၍ အဖြစ်မှန်ကို သိသောအခါ သားတော်ကို ပြန်၍ခေါ်သော်လည်းမရ၊ မိဖုရားကိုလည်း မိမိကိုမှားယွင်းအောင် ပြုသည့်အတွက် စိတ်နာလှသောကြောင့် “ကာလ၀ိပါက် နောက်ပိုးတက်ရန်”တောင်ထိပ်မှ ပစ်ချသည်ကို မိဖုရားကလေးခံလျက် နတ်ရွာမစံဘဲ တလူးလူးတလဲလဲနှင့် ငရဲခံရလေသည်။

 
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။ 
♣ အလောဘအကြောင်းကိုဒီမှာ ♣  နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။


မေတ္တာရိပ်မှ စာစီဓမ္မဒါနပြုပါသည်။ 
 

ဟိရိနှင့်သြတ္တပ္ပတို့အကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ-၂၄)

 
မကောင်းမူဒုစရိုက်ကို ပြုရမည်မှ ရှက်ခြင်းသဘောသည် ဟိရိဖြစ်၍ ကြောက်လန့်ခြင်းသဘောကား သြတ္တပ္ပဖြစ်သည်။
ထို့ကြောင့် “ဒုစရိကို-ဟိရိရှက်စွ၊ လန့်သြတ္တနှင့်”ဟု ဆိုခဲ့သည်။

ဤဟိရိ သြတ္တပ္ပ ၂-ပါးတို့တွင် မိမိ၏ ဂုဏ်သိက္ခာကို စောင့်ရှောက်လေ့ရှိသူတို့၌ ဟိရိတရား ထင်ရှားသကဲ့သို့ ဆရာ မိဘ ဆွေမျိုး စသူနှင့် အခြားလူများကို လေးစားသူ၌ သြတ္တပ္ပတရား ထင်ရှားပေသည်။


ချဲ့ဦးအံ့။ “ငါသည် အမျိုးကောင်း တစ်ယောက်ဖြစ်၏။ ငါ့လို အမျိုးကောင်းသူက မကောင်းမူပြုနေလျှင် (ဥပမာ - တံငါလုပ်နေလျှင်) ရှက်စရာ ဖြစ်လိမ့်မည်”ဟု မိမိအမျိုးဂုဏ်ကို စောင့်ထိန်းသောအားဖြင့် မကောင်းမူကို ပြုရမည်မှ ရှက်၏။

ပညာတတ်သူကလည်း “ငါ့လို ပညာရှိတစ်ယောက်က အောက်ကျသော မကောင်းမူပြုလျှင် (သူ့ဥစ္စာ မတရားယူလျှင်) ရှက်စရာ ဖြစ်တော့မည်။”

အသက်ကြီးသူကလည်း “ငါ့လို အဘိုးကြီးက မကောင်းမူကို ပြုနေလျှင် (လိမ်နေလျှင်) ရှက်စရာကြီး ဖြစ်တော့မည်” ဤသို့ စသည်ဖြင့် မိမိမှာ ရှိသော ဂုဏ်တစ်ခုခုကို လေးစားသူ၌ ဟိရိတရား ထင်ရှားလေသည်။


ငါတစ်ယောက်က မကောင်းမူပြုလိုက်လျှင် ငါ့မိ ငါ့ဖ ငါ့ဆွေ ငါ့မျိုး (ငါ့ဆရာသမား) သူတစ်ပါးတို့၏ အကဲ့ရဲ့ကိုခံရ၍ “တံတွေးခွက် ပက်လက်မျော”ကာ “ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်” ရှာကြလိမ့်မည်။

ဤသို့ စပ်ဆိုင်သူများကို ငဲ့ညှာတတ်သူ၌ ဒုစရိုက်မှ ကြောက်လန့်တတ်သော သြတ္တပ္ပတရား ဖြစ်လေသည်။ မိမိဂုဏ်သိက္ခာကိုလည်း မငဲ့၊ ဆရာသမား မိဘဆွေမျိုး များကိုလည်း မငဲ့၊ ရွဲ့ချင်တိုင်းရွဲ့သူ၌ကား ဟိရိ သြတ္တပ္ပ ၂-မျိုးလုံးကင်း၍ ဒုစရိုက်အမူတွေ ပြည့်တင်းနေလေတော့သည်။


ထို့ကြောင့် ဤဟိရိနှင့် သြတ္တပ္ပ တရား ၂-ပါးသည် ကမ္ဘာသူ ကမ္ဘာသား လူအများကို သားနှင့်အမိ မောင်နှင့်နှမ စသည် ခြားနားအောင် စောင့်ရှောက်တတ်သောကြောင့် “လောကပါလ = ကမ္ဘာစောင့်တရား”ဟု လည်းကောင်း၊ ဖြူစင်သန့်ရှင်း အပြစ်ကင်းအောင် ပြုတတ်သောကြောင့် “သုက္ကဓမ္မ = ဖြူစင်သောတရား”ဟုလည်းကောင်း နာမည်ရသည်။

လူ့လောက၌ ဤတရားနှစ်ပါးသာ မရှိပါမူ တိရစ္ဆာန်တို့နှင့် မထူးခြားဘဲ မှားချင်တိုင်းမှား၍ မကြားကောင်းမနာသာ ဖြစ်ရာ၏။ ယခုအခါမှာပင် ဟိရိသြတ္တပ္ပကင်းသူတို့နှင့် ပေါင်းသင်းဆက်ဆံ၍ နေကြရသဖြင့် အ၀တ်အစား အနေအထိုင် အသွားအလာမှစ၍ လျှပ်ပေါ်လော်လည်ကာ အမြင်မတော်စရာတွေ များလှချေပြီ။

ဤအတိုင်းသွားးလျှင် မကြာခင် အမြီးပေါက်ကြလိမ့်မယ်။


"ဟိရိသြတ္တပ္ပအတု"

ရှက်မူ ကြောက်လန့်မူကို ဟိရိသြတ္တပ္ပဟု ဆိုသော်လည်း တွေ့ကရာ ရှက်ကြောက်မူတွေကို ဟိရိသြတ္တပ္ပအစစ်ဟု မမှတ်ရ။ ဒုစရိုက်မကောင်းမူကိုပြုရမည်မှ ရှက်ခြင်း ကြောက်ခြင်းကိုသာ ဟိရိသြတ္တပ္ပအစစ်ဟု မှတ်ရမည်။

ထို့ကြောင့် ဥပုသ်စောင့် တရားနာ ဘုရားသွားရမှာကို ရှက်မူ (အစာပြတ်၍ ငတ်သေရမည်ကို မရှက်၊ အလုပ်လက်မဲ့နှင့် တေလေလုပ်ရမည်ကို မရှက်ဘဲ) အောက်ကျသည်ဟု ထင်သော အလုပ်တစ်ခုခုကို လုပ်ရမည်ကို ရှက်မူ၊ ယောက်ျားနှင့် မိန်းကလေးတို့ အချင်းချင်း တွေ့သောအခါ ရှက်နေမူများသည် ဟိရိအစစ်မဟုတ်၊

ပရိယာယ် မာယာများခြင်း၊ ဟန်ကြီးပန်ကြီး လုပ်ခြင်းသာ ဖြစ်၏။ အဘိဓမ္မာ အလိုအားဖြင့် တဏှာသဘောပင်တည်း။


"မရှက် ၄-ပါး"

လောကီအကျိုးစီးပွားကို ပြသော နီတိ ကျမ်းများ၌ ----
၁။ ရောင်းဝယ်ဖောက်ကား အတိုးအပွားပေးသောအခါ၊
၂။ ဆရာအထံ ချည်းကပ်၍ အတတ်ပညာသင်သောအခါ၊
၃။ အစာစားသောအခါ၊
၎။ သမီးခင်ပွန်းအချင်းချင်း ရင်းရင်းနှီးနှီး ပျော်မွေ့သောအခါ
ဤအခါများ၌ အရှက်ကို ဖယ်ထားရမည်ဟု ညွှန်ပြလျက်ရှိသည်။


[ထိုအရှက်မရှိမူများ၌ ကုသိုလ်ဖြစ်မဖြစ်ကို ပြောလိုရင်းမဟုတ်၊ မိမိအကျိုးရှိမည့်အရာ၌ မရှက်ရဟု ပြောလိုရင်းဖြစ်သည်။]


ထို့ပြင် တရားရုံးစသည်တို့၌ တရားသူကြီးကို ကြောက်ခြင်း၊ ရထား သင်္ဘော မြို့ပြတို့၌ တောသူတောင်သားတို့ အိမ်သာမသွားဝံ့အောင် ကြောက်ခြင်း၊ လူတစ်ယောက်နှင့် တစ်ယောက်ဖြစ်စေ၊ ခွေးစသော တိရစ္ဆာန်များကိုဖြစ်စေ၊ တစ္ဆေကိုဖြစ်စေ ကြောက်ရွံ့ခြင်း၊ မရောက်ဖူးသော အရပ်သို့ ခရီးသွာားရမည်ကို ကြောက်ရွံ့ခြင်း၊ ယောက်ျားကလေး မိန်းကလေးများ အရေးရောက်က ကြောက်နေကြခြင်း၊ ဆရာမိဘ လူကြီးသူမတို့ကို ကြောက်ခြင်း၊ ထိုသူတို့ရှေ့၌ စကားမပြောဝံ့အောင် ကြောက်ခြင်း၊ ဤသို့စသော ကြောက်ခြင်းများလည်း သြတ္တပ္ပအစစ်မဟုတ်၊ သတ္တိညံ့ဖျင်းမူ (တရားသဘောအားဖြင့်) ဒေါမနဿပြဋ္ဌာန်းသော အကုသိုလ်စုပင် ဖြစ်သည်။


"အလယ်အလတ်"

ဤပြခဲ့သော စကားအစဉ်ကို ကြည့်၍ အကုသိုလ် မဖြစ်သော ကိစ္စ၌ မရှက်သင့်၊ မကြောက်သင့်ဟု နားလည်ကြပြီ။ သို့သော် မရှက်မကြောက်ဘဲ လူမိုက်အားကိုး ရဲရမည်ဟု မဆိုလို။ ထိုလူမိုက်အားကိုး အရဲမျိုးသည် တစ်ဖက်သားကို မလေးစားသော အဂါရ၀ ဒေါသ မာနတရားများ ဖြစ်၍ မိုက်ရူးရဲသော မောဟ ဒေါသတို့သာ အဖြစ်များသည်။

ထို့ကြောင့် မရှက်သင့် မကြောက်သင့်သော ကိစ္စတို့၌ ဆင်ကန်းတောတိုး သဘောမျိုးဖြင့် အကျိုးမရှိသော မိုက်ရူးရဲနှင့် ဆရာမိဘ လူကြီးသူမတို့၌ မရိုသေ မလေးစားမူ အဂါရ၀မျိုး မဖြစ်စေဘဲ အလိမ္မာဉာဏ်ဖက်၍ မိမိ၏ စိတ်ဓာတ်ကို ပြုပြင်ကာ ကျက်သရေ မင်္ဂလာရှိသော အလယ်အလတ် မရှက်မကြောက်ခြင်းမျိုးကိုသာ အလိုရှိထိုက်ကြပါသည်။


[အဘေတဗ္ဗမှိ ဘာယန္တိ၊ ဘာယိတဗ္ဗေ န ဘာယရေ = လောက၌ လူတို့သည် မကြောက်ရမည့်နေရာ၌ ကြောက်ကြ၏။ ကြောက်ရမည့် မကောင်းမူ၌ကား မကြောက်ကြ။ (တရားတော်)]
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။ 


♣ သတိအကြောင်းကိုဒီမှာ ♣  နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။


မေတ္တာရိပ်မှ စာစီဓမ္မဒါနပြုပါသည်။ 
 

အလောဘအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ-၂၅)

မလိုချင်မူသဘောသည် အလောဘတရားတည်း။ ထို့ကြောင့် “အလောဘလျှင်၊ မလိုချင်တည်း”ဟု ဆိုခဲ့သည်။ ဤအလောဘ၏ မလိုချင်မူသည် လောဘနှင့် ပြောင်းပြန်ဖြစ်၏။ မီးနှင့်ရေပမာ ကမ္ဘာ့ရန်ဘက်ကဲ့သို့ ဖြစ်ရကား လောဘ၏ လိုချင်အပ်သော အရာမှန်သမျှကို အလောဘက မလိုချင်ချည်းဖြစ်သည်။ မျက်မြင်အားဖြင့် လောဘသမားနှင့် အလောဘသမားတို့ ကွာခြားပုံကို သတိပြုပါ။

"လောဘဘုန်းကြီး"

လောဘသမားသည် ဘုန်းကြီးဖြစ်လျှင် ပစ္စည်းလာဘ်ကို လိုချင်၏။ မိမိကို လှူချင်လာအောင် ဆွယ်တရားဟော၏။ ရပြန်လျှင်လည်း ထိုပစ္စည်းကို မလှူရက် မပေးရက်၊ အလွန်မက်မော၏။

ထိုပစ္စည်းရမူကို အကြောင်းပြု၍ “အာဂ---ငါပဲ”ဟု စိတ်ကြီးဝင်လိုက်သေး၏။ လှူဒါန်းနိုင်သော ဒကာ ဒကာမများကို အောက်ကျို့၍ ဆက်ဆံရသဖြင့် မိမိ၏ အောက်ကျပုံကိုကား သတိမရရှာချေ။


"လောဘလူ"

လောဘသမား လူပုဂ္ဂိုလ်များသည် ဤနည်းပင်တည်း။ ပစ္စည်း ဥစ္စာကို (တရားသည် မတရားသည် မစိစစ်နိုင်တော့ဘဲ) မရမက ရှာဖွေလေ့ရှိ၏။ ရပြန်လျှင်လည်း တင်းမတိမ်နိုင်၊ “ရလေလိုလေ အိုတစ္ဆေ”သာ ဖြစ်၏။ တစ်သက်လုံး အချိန်ရှိသမျှ စု၍ရသော ပစ္စည်းတွေကို “ငါ့ဟာ ငါ့ဟာ”ဟု လွန်စွာစွဲလမ်းစဉ် သေမင်းငင်သောအခါ ပြိတ္တာဘောင်သို့ ထိုဥစ္စာများကပင် ပို့ဆောင်တတ်လေသည်။ လောဘသည် ဤအခြေအနေရောက်အောင် ဆိုးရွားလှချေတကား။


"အလောဘဘုန်းကြီး"

အလောဘကား ဤသို့မဟုတ်။ ဘုန်းကြီးဖြစ်လျှင် ပစ္စည်ကို မခင်မင်။ အဆင်သင့်ရသည်ကို မသာယာ။ ဒကာဒကာမတို့က ကုသိုလ်လိုချင်၍ စွန့်ကြဲလိုက်သော စာလုံးစားပေါက် ကလေးများကို ဧရာမ လာဘ်လာဘကြီးဟု ထင်နေကြရာ၌ ဘုရားသားတော်အနေနှင့် စဉ်းစား၍ မကြည့်သေးဘဲ ယောက်ျားကောင်းတစ်ယောက်အနေနှင့် စဉ်းစားကြည့်ရုံမျှဖြင့် ရှက်ဖွယ်ကောင်းလှပြီဟု အယူရှိဟန်တူ၏။

“ယောက်ျားကောင်း”ဟူသည် မိမိကသာ သူတစ်ပါးတို့အား ပေးကမ်းစွန့်ကြဲသင့်သည်ဟု သဘောထားဟန်လက္ခဏာရှိသည်။ ထို့ကြောင့် အလောဘဓာတ်ခံ ရှိသူသည် ဘုန်းကြီးဖြစ်မူ ပစ္စည်း လာဘ်လာဘကို မက်မောခြင်းမရှိ။


"အလောဘလူ"

လူဖြစ်ပြန်လျှင်လည်း မလွှဲသာ၍ ပစ္စည်းဥစ္စာကို ရှာနေရစေကာမူ မတရားသဖြင့် ရှာဖွေခြင်းမရှိ။ လောကီအာရုံ ကာမဂုဏ်ကိုလည်း လိုက်စားလေ့မရှိ။ ပစ္စည်းရှာရာ၌ ဆင်းရဲသားတို့အပေါ် သနားညှာတာလေ့ ရှိ၏။ စွန့်ကြဲပေးကမ်း လှူဒါန်းလေ့ရှိ၏။

လှူပြန်လျှင်လည်း တွန့်ဆုတ်တွန့်ဆုတ် မဟုတ်။ မုတ္တစာဂီ = လူကောင်းသူကောင်း ပီပီ လွတ်လွတ်ကျွတ်ကျွတ် စွန့်လေ့ရှိ၏။ ရွှေအိမ်ရွှေနန်းကိုသော်မှလည်း ပြတ်ပြတ်တောက်တောက် စွန့်ခွာ၍ ရိပ်သာပင်နန်း ကျောင်းသင်္ခမ်း၌ ရွှင်လန်းမွေ့လျော် စံပျော်နိုင်ကြပေသည်။


ဤသို့လျှင် လောဘသမားနှင့် အလောဘသမားတို့ ကျောချင်းကပ်၍ ပြေးကြသကဲ့သို့ သဘောထားချင်း ဝေးလှလေရကား မိမိကိုယ်ကို ပါရမီရှင် သူတော်စင်ဟု အထင်ရောက်နေကြသူတို့သည် ပြခဲ့သော သဘောထားကို စဉ်းစား၍
“လောဘသမားလော၊ အလောဘသမားလော”ဟု စစ်ကြောကြည့်ကြပါကုန်။ လောဘသမား ဖြစ်နေသေးလျှင် ယခုဘ၀က အမြန်ပြင်ကြပါ။

အလောဘသမားဘက်သို့ ပါဝင်နိုင်သူ ဖြစ်က အခြေခံ အတော်ကောင်းပြီးဖြစ်၍ ရှေ့သို့ အဆင့်ဆင့် တိုးတက်ဖို့ရာ အဘက်ဘက်၌ သတိထားလျက် အလောဘသမား အစစ်ဖြစ်အောင် အားထုတ်ကြပါကုန်။


အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။ 
♣ ဟိရိသြတ္တပ္ပအကြောင်းကိုဒီမှာ ♣  နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။


မေတ္တာရိပ်မှ စာစီဓမ္မဒါနပြုပါသည်။ 

သတိအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ-၂၃)

အောက်မေ့ခြင်း အမှတ်ရခြင်း သဘောသည် သတိတရားတည်း။
ထို့ကြောင့် “အောက်မေ့-သတိ”ဟု ဆိုခဲ့သည်။ ဤအောက်မေ့မူ၊ အမှတ်ရမူသည် အလွန်များပြား၏။ ရှေးကကုသိုလ်ကောင်းမူ တစ်ခုခု ပြုခဲ့၏။ ယခု ထိုကုသိုလ်ကို ပြန်၍ အမှတ်ရ၏။

တရားစကား ပြောဟောနေသည့်အခါ၊ ဆုံးမသြ၀ါဒ ပေးနေသည့်အခါ မှတ်မိနားလည်အောင် သတိထား၍ နားထောင်၏။ ကမ္မဋ္ဌာန်းနှလုံးသွင်းသည့်အခါ အာရုံပျောက်မသွားအောင် စူးစူးစိုက်စိုက်နှင့် နှလုံးသွင်း၏။


နက်ဖြန်ပြုရမည့် ကုသိုလ်၊ သို့မဟုတ် နောက်အတော်ကြာမှ ပြုရမည့် ကုသိုလ်ကို ကြိုတင်၍ အမှတ်ရ၏။ မိမိဆောက်တည်အပ်သော သီလသိက္ခာပုဒ်များ မကျိုးမပေါက်ရအောင် သတိထား၏။ လောဘ၊ ဒေါသ၊ မာန်မာန စသည်မဖြစ်ရအောင် သတိထား၏။ ဆရာသမား၏ အဆုံးအမကို သတိရ၏။

ဤသို့ စသည်ဖြင့် ကုသိုလ်ကောင်းမူဆိုင်ရာ ကိစ္စစုကို အမှတ်ရနေခြင်းသာ သတိအစစ်ဖြစ်၏။ ဤသတိအစစ်ကို “အပ္ပမာဒ = မမေ့မလျော့ခြင်း”ဟုလည်းခေါ်၏။

ထို့ကြောင့် ဘုန်းကြီးများ သီလပေးသည့်အခါ “အပ္ပမာဒေန သမ္ပာဒေထ = မမေ့မလျော့သော သတိတရားဖြင့် ကုသိုလ်ကိစ္စတို့ကို ပြည့်စုံကြစေလော့”ဟု တိုက်တွန်းရိုး ရှိကြပေသည်။

ဘုရားရှင်လည်း “သတိဉ္စခွာဟံ ဘိက္ခဝေ သဗ္ဗတ္ထိကံ ၀ဒါမိ = ဘိက္ခုတို့၊ သတိကို အရာရာ၌ လိုလားထိုက်၏”ဟု ဟောတော်မူသည်။

[သဒ္ဓါစသည်မှာ လွန်နေတတ်သော်လည်း သတိကား လွန်သွားသည်ဟူ၍ မရှိ။ နေရာတိုင်းမှာ သတိပါစေရမည်ဟု ဟောတော်မူလိုရင်း ဖြစ်သည်။] ပရိနိဗ္ဗာန်စံတော်မူခါနီး၌လည်း “အပ္ပမာဒေန သမ္ပာဒေထ”ဟု မိန့်တော်မူ၏။


"သတိအတု"

ဆွေမျိုးကို အောက်မေ့မူ၊ သမီးခင်ပွန်းချင်း ကွဲကွာနေသည့်အခါ အောက်မေ့မူ၊ သူငယ်ချင်း ချိန်းချက်ထာသည်ကို အမှတ်ရမူ၊ မိမိအား ဂရုစိုက် အရေးပါလိုက်သည်ကို အမှတ်ရမူ၊ ဤသို့ စသည်ဖြင့် တဏှာပေမဆိုင်ရာ အမှတ်ရမူများ ရှိ၏။

ထို့ပြင် မိမိအား နှိပ်စက်ဖူးသူကို လက်စားချေရန် အမှတ်ရ နေမူ၊ သတ်ချိတ် ဖြတ်ချိန်ကို အမှတ်ရနေမူ၊ သွားလာရာ၌ ဘေးရန်အန္တရာယ်ကို သတိထားမူ၊ ဤသို့ စသည်ဖြင့် ဒေါသ ဒေါမနဿဆိုင်ရာ အမှတ်ရမူများလည်း ရှိသေး၏။

ထိုအမှတ်ရမူများ၌ သတိအစစ် မဟုတ်ပါချေ။ နောက်ပြမည့် အမှတ်အသားကောင်းသော သညာသဘော၊ စဉ်းစားကြံစည်တတ်သော ၀ိတတ်သဘောသာ ဖြစ်သည်။


အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။ 
♣ သဒ္ဓါအကြောင်းကိုဒီမှာ ♣  နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။


မေတ္တာရိပ်မှ စာစီဓမ္မဒါနပြုပါသည်။ 

သဒ္ဓါအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ-၂၂)

" သဒ္ဓါအကြောင်း "


ယုံကြည်ခြင်းသဘောတရားသည် သဒ္ဓါတည်း။ ထို့ကြောင့် “ယုံကြည်တတ်လေ့၊ သဒ္ဓါငွေ့တည်း”ဟု ဆိုခဲ့ပေသည်။ “ယုံကြည်”ဟူရာ၌ ယုံအတွက် အဓိပ္ပာယ်တစ်ရပ်၊ ကြည်အတွက် အဓိပ္ပာယ်တစ်ရပ် ၂-မျိုးခွဲ၍ မှတ်ရမည်။


ဒိဋ္ဌိသည် ကံတရားမရှိ၊ ကံ၏ကောင်းကျိုးဆိုးကျိုးမရှိ။ လွန်ခဲ့သောကာလက မိမိတို့ ဖြစ်ခဲ့ရသော ဘ၀ဟောင်းဟူ၍ မရှိ၊ ယခုဘ၀သေလျှင် နောက်ထပ်ဖြစ်ဖို့ ဘ၀သစ်လည်း မရှိ။ ဤဘ၀ ထိုဘ၀ ဓမ္မအားလုံးကို သိနိုင်သော လူဘုရားမရှိ၊ တရားမရှိ၊ သံဃာမရှိ။ ဤသို့ စသည်ဖြင့် ယူမှား၏။ ထိုကံစသည်ကို လုံးဝမယုံချေ။

ဝိစိကိစ္ဆာမှာ မယုံတစ်ဝက် ယုံတစ်ဝက်နှင့် ယုံမှားသံသယဖြစ်နေ၏။ ဤသဒ္ဓါကား “ကံ-ကံ၏အကျိုးစသော အရာစုကို ဧကန်ရှိ၏”ဟုယုံသည်။ ဤ ယုံသောသဒ္ဓါကို “သဒ္ဓါဓိမောက္ခ = ယုံသောအားဖြင့် ဆုံးဖြတ်ခြင်းသဘော”ဟုလည်း ကျမ်းဂန်တို့၌ ဆို၏။ ဤသို့ အမှန်ရှိသော အကြောင်းအရာ၌ ယုံခြင်းကိုသာ သဒ္ဓါအစစ် ကုသိုလ်ဖြစ်သည်ဟု မှတ်ပါ။


"ကြည်ပုံ"

စွန့်ကြဲပေးကမ်း လှူဒါန်းနေရာသောအခါ၊ သီလဆောက်တည်၍ ကမ္မဋ္ဌာန်း စီးဖြန်းသောအခါ၊ ထိုထို အကုသိုလ်ဆိုင်ရာ ကိစ္စကို ပြုနေရသောအခါ စိတ်၌ ကြည်လင်သော သဒ္ဓါဖြစ်နေ၏။ နောက်ကျုသော ရေခွက်၌ ပတ္တမြားရတနာကို ထည့်လိုက်သောအခါ အနယ်အမူန်တွေ အောက်ကျ၍ ရေသည် ကြင်လင်လာသကဲ့သို့ စိတ်၌ ပတ္တမြားရတနာနှင့် တူသော သဒ္ဓါဖြစ်ပေါ်လာသောအခါ ၀ိစိကိစ္ဆာစသော ကိလေသာ အနောက်အကျု ကင်းကွာ၍ စိတ်ကြည်လင်လာပေသည်။ ထိုကဲ့သို့ စိတ်ကို ကြည်လင်အောင် ပြုနိုင်သော သဘောကား ဤသဒ္ဓါပင်တည်း။


ထို့ကြောင့် တချို့ တိရစ္ဆာန်များနှင့် ကလေးသူငယ် စသူတို့မှာ ကံ-ကံ၏အကျိုး စသည်ကို နားမလည်၍ ယုံသဒ္ဓါဖြစ်ဖို့ ခဲယဉ်းသော်လည်း လူကြီးများ ပြုမူပုံကို အတုလိုက်၍ ဘုရားသံဃာကို ရှိခိုးနေသောအခါ၊ သူတစ်ပါးကို ပေးကမ်းနေသောအခါ၊ သူတစ်ပါး အကျိုးဆောင်နေသောအခါများ၌ စိတ်ကိုကြည်လင်စေနိုင်သော ကြည်သဒ္ဓါကား ဖြစ်နိုင်ကြပေသည်။

မိစ္ဆာအယူရှိသူများလည်း ဆေးရုံအတွက်၊ သူအိုရုံအတွက်၊ နူနာရုံအတွက်၊ မိဘမရှိသော ကလေးများအတွက်၊ ကောင်းသော ပညာရေးအတွက် ပေးကမ်းစွန့်လှူကြရာ၌ ကြည်သဒ္ဓါအစစ် ကုသိုလ်ဖြစ်ကြပေသည်။


အမှာ။ ။ဤ သဒ္ဓါအစစ်ရှိသူ၏ အပြုအမူများကို ပိုမို၍ နားလည်ဖို့ရာ စရိုက်အခန်းမှာလာမည့် သဒ္ဓါစရိုက်၏ အကြောင်းကို ဆက်လက်၍ ကြည့်ရူပါကုန်။



"သဒ္ဓါအတု"

ဤပြခဲ့သော သတိထား၍ စဉ်းစားပြီးလျှင် သဒ္ဓါတရားအစစ်ဟူသည် အပြစ်ကင်း၍ သန့်သန့်ရှင်းရှင်း ယုံကြည်ခြင်း၊ မှန်ကန်သော အကြောင်းအရာများကို ယုံခြင်းဟု နားလည်လောက်ပါပြီ။

ဘုရားက ရောင်ခြည်တော် မလွှတ်ပါဘဲ “ရောင်ခြည်တော်လွှတ်သည်”ဟု ဘုရားကို မှီစားနေသူတို့က လိမ်ပြောသည်ကို ယုံမူ၊ ဓာတ်တော် အစစ်မဟုတ်ဘဲ ဓာတ်တော်အစစ်ဟု ပြောသည်ကို ယုံမူ၊ မိစ္ဆာအယူရှိသူများ၏ မိမိတို့ အယူဝါဒကို ယုံမူ စသော အလွဲအမှားယုံမူများသည် သဒ္ဓါအစစ် မဟုတ်ပါချေ။ ရိုအညံ့ဖျင်း အသိဉာဏ်ကင်းသော မောဟ အကုသိုလ်သာ ဖြစ်သည်။

ထို့ပြင် အပြောကောင်း၊ အသံကောင်း၊ ရုပ်ကောင်း၊ အကျိုးဆောင်ကောင်း၊ ဆေးကောင်း ၀ါးကောင်း စသော အကောင်းရှိသည့် ရသေ့ရဟန်းကို “ကြည်ညိုလှပါသည်”ဟု ပြောဆိုကြသော မိန်းမများနှင့် ယောက်ျားအချို့၏ ကြည်ညိုမူလည်း သဒ္ဓါအစစ်မဖြစ်နိုင်။ ရင်းနှီးမူ တဏှာပေမ မကင်းသော မောဟပင်တည်း။ ထိုကဲ့သို့ သဒ္ဓါအတုမျိုးကို ကျမ်းစာတို့၌ “မုဒ္ဓပ္ပသန္န”ဟု ဆို၏။ [မုဒ္ဓ=ဖျင်းအသော + ပသန္န= ကြည်ညိုမူ]။

* ယော ဗလ၀တိယာ သဒ္ဓါယ သမန္နဂတော အ၀ုသဒညာဏော သော မုဒ္ဓပ္ပသန္နာ ဟောတိ န အဝေစ္စပသန္နော၊ တထာဟိ အ၀တ္ထုသိံ္မ ပသီဒတိ၊ သေယျထာပိ တတ္ထိယာ။ (ဧကနိပါတ် အင်္ဂုတ္တရဋီကာ)


သတိပေးချက်။ ။ ယခုခေတ် အညာအဖြန်း ပေါများသောခေတ် ဖြစ်၏။ ဘာသာခြားတို့၌ တရားဆန်းတွေ ပေါများနေသည့်အပြင် ဗုဒ္ဓဘာသာ


ဆိုသူတို့အတွင်းမှာလည်း တရားအဆန်း၊ ကမ္မဋ္ဌာန်းအဆန်း၊ ဆေးဝါးအဆန်းတို့ဖြင့် မျိုးမျိုးဖြန်းကာ ပြခဲ့သော မုဒ္ဓပ္ပသန္န သမားရိုးရှာသူများကို လှည်စား ဖြားယောင်းလျက်ရှိသည်။ ထို ပုဂ္ဂိုလ်များကို လှူဒါန်းပေးကမ်းနေရာ၌ သဒ္ဓါပေးမဟုတ်။ တဏှာ အချစ်ပေး၊ အဖျင်းအနပေးသာ များလေသည်။

ထိုအဆန်းအပြား ဉာဏ်သမားတွေကို ပညာရှိ ပုဂ္ဂိုလ်များက “အရေးမစိုက်လောက်ဘူး”ဟု သဘောထားကြသည့်အတွက် ထိုအဆန်းသမားတွေ အိမ်ဦးတက်လျက် ရှိကြလေပြီ။ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ တရားဘက်ဆိုင်ရာဝယ် မိန်းမတွေသာ ခေါင်းဆောင်လုပ်နေကြ၏။ ထို့ကြောင့် ဘယ်ကိစ္စမဆို ယုံသင့် မယုံသင့် နိုင်းချင့်ဖို့ရာ ဘာသာရေးနှင့်ဆိုင်သော အသိဉာဏ်အလိမ္မာကို ယခု လက်ရှိ အခြေအနေထက် တိုးပွားအောင် (မိန်းမတွေကစ၍) ကြိုစားသင့်ကြပါသည်။


"သဒ္ဓါနှင့်ပေမ ရောနှောပုံ"


ယခုကာလ အချို့သော သူတော်ကောင်းများ၌ သဒ္ဓါနှင့်ပေမ ရောနှောနေသည်ကိုလည်း တွေ့ရ၏။ အနေအထိုင်နှင့် အပြောအဟော အဆုံးအမ ကောင်းမွန်သော ပုဂ္ဂိုလ်အပေါ်တွင် အနေအထိုင်နှင့် အပြောအဟောအတွက် ကြည်ညို၏။ သဒ္ဓါတရားဖြစ်၏။ မိမိကို သွန်သင်ဆုံးမသည့်အတွက် ဆွေမျိုးရင်းချာကဲ့သို့ ချစ်ခင်၏။ ဤသို့ ဖြစ်ရာ၌ ကြည်ညိုခြင်းသဘောသည် သဒ္ဓါ၊ ချစ်ခင်ခြင်းသဘောသည်ကား ပေမတည်း။ ဘုရားရှင်ကို ကြည်ညိုသော ၀က္ကလိသည်ပင် ဘုရားရှင်ကို ချစ်ခင်ကြည်ညို၏။ ဆန္နအမတ်ဟု အများသိကြသော ငယ်ကျွန်ရင်း ဆန္နမထေရ်လည်း ဘုရားရှင်အပေါ်မှာ သခင်ချစ် ချစ်နေရှာသည်။

ထိုသို့ ဖြစ်ရာ၌ သဒ္ဓါသဘောက ကုသိုလ်အစစ်ဖြစ်သော်လည်း သံယောဇဉ်ပေမမှာ အကုသိုလ်သာတည်း။ ထိုသံယောဇဉ်အတွက် ပုဂ္ဂိုလ်ခင်၍ တရားမင်းကာ အသိအလိမ္မာနှင့် ကုသိုလ်ပါရမီ တိုးပွားပါမူ “အကုသလော ဓမ္မော၊ အကုသိုလ်တရားသည်။ ကုသလဿဓမ္မဿ၊ ကုသိုလ်တရားအား။ ဥပနိဿ ပစ္စယေန၊ ပကတူပ နိဿယ ခေါ်သော ပဋ္ဌာန်းပစ္စည်းတစ်မျိုးဖြင့်။ ပစ္စယော၊ ကျေးဇူးပြုနိုင်၏” ဟူသော ပဋ္ဌာန်းပါဠိတော်နှင့်အညီ အကုသိုလ်ကလေးက များစွာသော ကုသိုလ်အား ကျေးဇူးပြုဖို့ အကြောင်း အကောင်းပင်ဖြစ်၏။

ထိုကဲ့သို့ အကောင်းဖြစ်အောင်လည်း ဆရာသမားဖြစ်သူက စေတနာရင်းဖြင့် ဟောပြောဆုံးမ၍ တပည့်ဖြစ်သူကလည်း ဟောပြောသမျှ လိုက်နာမှ အကျိုးပေးမည်။
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

ထိနမိဒ္ဓ၊ ဝိစိကိစ္ဆာတို့ အကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၂၁ )

"ထိနမိဒ္ဓအကြောင်း"

စိတ်ရောကိုယ်ပါ သွက်လက်ခြင်း မရှိဘဲ ထိုင်းတိုင်းတိုင်း ဖြစ်ခြင်းကို “ထိန”ဟု လည်းကောင်း၊ မိုင်းတိုင်းတိုင်း ဖြစ်ခြင်ကို “မိဒ္ဓ”ဟုလည်းကောင်း ခေါ်၏။

ထို့ကြောင့် “ထိုင်းခြင်း ထိန၊ မိုင်း မိဒ္ဓနှင့်”ဟု ဆိုခဲ့သည်။ ဤစေတသိက်နှစ်ပါးသည် အတူ ဖြစ်ရိုးတည်း။ ဤ ၂-ပါးဖြစ်သည့်အခါ လုံ့လ၀ီရိယကင်း၍ ပျင်းရိသလို ဖြစ်နေ၏။ ဆိုင်ရာ အလုပ်ကိစ္စ၌ ထက်ထက်သန်သန် မရှိဘဲ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေ၏။ ဤ ၂-ပါးဖြစ်ပုံသည် အိပ်ပျော်ခါနီးအခါ၊ တရားနာရင်း ငိုက်သည့်အခါတို့၌ ထင်ရှား၏။


အိပ်ချင်တိုင်းလည်း ထိန မိဒ္ဓ မဟုတ်။ တချို့ အိပ်ချင်မှုမှာ အလုပ်အကိုင် ပင်ပန်းသဖြင့် ခန္ဓာကိုယ် ညိုးနွမ်းမူကြောင့် ဖြစ်ရလေသည်။ ထိုအိပ်ချင်မူမျိုးကား ရဟန္တာများ၌လည်း ဖြစ်ရလေသည်။
နေပူမိသဖြင့် ညိုနွမ်းသောသစ်ပင်များလည်း တွန့်ကာရူံ့ကာ အိပ်ချင်လာသကဲ့သို့ ဖြစ်ကြရလေသည်။

ထို့ကြောင့် အိပ်ချင်တိုင်း ထိနမိဒ္ဓ မဟုတ်။ ထိုထိုကိစ္စတို့၌ စိတ်နှင့် စေတသိက်များ ထက်ထက်သန်သန် မရှိလှဘဲ တွန့်ဆုတ်ခြင်း၊ ထိုင်းမိုင်းခြင်းကိုသာ ထိနမိဒ္ဓဟု မှတ်ပါ။ ယခုကာလ၌လည်း အလုပ်အကိုင်ပျင်း၍ ထိုင်းမိုင်းနေသူကို “တယ်…..ထိနမိဒ္ဓ အားကြီးတဲ့လူ”ဟု ပြောစမှတ်ပြုကြသည်။


"၀ိစိကိစ္ဆာအကြောင်း"

ဘုရားစသည်တို့၌ ယုံမှားခြင်းသဘောသည် “၀ိစိကိစ္ဆာ”တည်း။ ထို့ကြောင့် “ဘုရား စသည့်၊ ယုံမှား ဘိမူ၊ ၀ိစိကိစ္ဆာ”ဟုဆိုခဲ့သည်။ “ယုံမှား”ဟူသည် လုံးလုံး မယုံကြည်ခြင်းမျိုးလည်း မဟုတ်၊ စိတ်ချလက်ချ မယုံကြည်ဘဲ “မယုံတစ်ဝက်၊ ယုံတစ်ဝက်” ဆိုသလို ဖြစ်နေခြင်းမျိုးတည်း။ ဤ၀ိစိကိစ္ဆာ၏ မယုံမူများကား -----


၁။ အလုံးစုံကို အကုန်သိသော ဘုရားဆိုတာ ဟုတ်ပါ့မလား။

၂။ ထိုတရားအတိုင်း ကျင့်လျှင် နတ်ရွာ နိဗ္ဗာန် ရနိုင်သည်ဆိုတာ ဟုတ်မှဟုတ်ပါ့မလား။

၃။ (ကောင်းမွန်စွာ ကျင့်သော သံဃာကို ကြည့်၍) ကောင်းမွန်စွာကျင့်သော သံဃာ ဟုတ်မှ ဟုတ်ရဲ့လား။

၎။ ငါတို့ ကျင့်ကြံစောင့်ရှောက်အပ်သော သီလ သီက္ခာပုဒ်များ အကျိုးရှိမှ ရှိပါ့မလား။

၅။ ငါတို့ ရှေးရှေးဘ၀က ဖြစ်ခဲ့မှ ဖြစ်ခဲ့ဖူးရဲ့လား။ (ယခုဘ၀မှ ထာဝရဘုရား ဖန်ဆင်းလို့ ဖြစ်ရတာလေလား)

၆။ နောက်၌ ရောက်ဖို့ရာ ဘ၀ရှိသေးတယ်ဆိုတာ ဟုတ်ပါ့မလား။ (ယခုဘ၀သေလျှင် ပြီးချင်ပြီးနေမလား)။


၇။ ပြုသမျှ ကောင်းမူ မကောင်းမူသည် ကုသိုလ်ကံ အကုသိုလ်ကံ အဖြစ်ဖြင့် ခန္ဓာအစဉ်၌ သတ္တိကျန်ရစ်တယ်ဆိုတာ ဟုတ်နိုင်ပါ့မလား။ (ကံကိုမယုံကြည်ပုံ)


၈။ ထိုကံ၏ အကျိုးများ ရလိမ့်မည်ဆိုတာ ဟုတ်ပါ့မလား။ (ကံ၏ အကျိုးကို မယုံကြည်ပုံ)


၉။ အ၀ိဇ္ဇာကြောင့် သင်္ခါရဖြစ်ခြင်း အစရှိသော အကြောင်းအကျိုးစပ်ပုံသည် ဟုတ်မှဟုတ်ပါ့မလား။ (ပဋိစ္စသမုပ္ပါဒ်ကို မယုံကြည်ပုံ)။

ဤသို့ ဘုရားစသည်၌ မယုံကြည်ခြင်းကိုသာ ၀ိစိကိစ္ဆာဟု မှတ်ပါ။ ဤ၀ိစိကိစ္ဆာကို “သံသယဖြစ်ခြင်း”ဟုလည်း ဆိုကြသည်။


"၀ိစိကိစ္ဆာအတု"

စာအဓိပ္ပာယ်ကိုဖြစ်စေ၊ တစ်စုံတစ်ခု အမူကိစ္စကို ဖြစ်စေ၊ ခရီးသွားရာ၌ လမ်းကိုဖြစ်စေ “ဟုတ်မှဟုတ်ပါ့မလား၊ ပြုလို့တော်ပါ့မလား” စသော ယုံမှားသံသယများ ဖြစ်တတ်၏။ ရဟန္တာများပင် ၀ိနည်းတော်ဆိုင်ရာ၌ “ဤအမူဟာ အပ်မှအပ်ပါ့မလား”ဟု ယုံမှားတော်မူကြသေး၏။ ဤယုံမှားသံသယကား ၀ိစိကိစ္ဆာမဟုတ်။

တချို့အရာ၌ စဉ်းစားကြံစည်တတ်သော ဉာဏ်၊ တချို့အရာ၌ အကြံသက်သက် ၀ိတက်သဘောသာ ဖြစ်၏။ ဧကန် ယုံထိုက်သော ဘုရားစသည်တို့ကို မယုံသင်္ကာဖြစ်နေရာ၌သာ ၀ိစိကိစ္ဆာအစစ်ဖြစ်သည်။ ဤသို့ ၀ိစိကိစ္ဆာ ဖြစ်သောအခါ ပညာရှိများအထံ မေးမြန်းရမည်။ သို့မှသာ ၀ိစိကိစ္ဆာ ကင်းကွာလျက် ဘုရားစသည်တို့၌ ယုံကြည်မူ၊ သဒ္ဓါတရား ဖြစ်ပေါ်လာနိုင်ပေမည်။

နိဂုံး

ဤ ပြခဲ့ပြီးသော စကားစဉ်အားဖြင့် စိတ်ကို မကောင်းအောင် ခြယ်လှယ်တတ်သော အကုသိုလ်စေတသိက်များကို နိဂုံးအုပ်ပါတော့မည်။ ပြခဲ့သော အကုသိုလ်တို့သည် သူသူကိုယ်ကိုယ် သန္တာန်၌ တွေ့မြင်နိုင်သော စေတသိက်များ ဖြစ်၏။ တစ်ကမ္ဘာလုံး ထိုတရားဆိုးများ သောင်းကျန်းလျက် ရှိသောကြောင့်သာ ဒုက္ခအဖုံးဖုံးကို နေ့စဉ်နှင့်အမျှ တွေ့ကြုံ ကြားသိနေကြရလေသည်။


ဤသို့ စိတ်ဆိုးစိတ်ယုတ်မာ ဖြစ်အောင် ခြယ်လှယ်တတ်သော အကုသိုလ်တရားစုကို သိသာထင်ရှား အများနားလည်အောင် ကြိုးကြိုးစားစားရေးသားပြုစု ဤကောင်းမူကြောင့် ငါ့သန္တာန်၌ အကုသိုလ်တရား နည်းပါးသည်ထက် နည်းပါးပါစေ။ ငါ၏ အဆက်အသွယ် ကြီးကြီးငယ်ငယ်တို့လည်း စိတ်ကောင်းရှိသူတွေသာ ဖြစ်ကြပါစေ။ ဤကျမ်းကို ကြည့်ရှုသူ အများလူလည်း စိတ်ကောင်းရှိသူတွေ ဖြစ်ကြပါစေ။


အကုသိုလ်မျိုး၊ စိတ်ယုတ်ဆိုးကို၊ ကြိုးကြိုးစားစား၊ ရေးသည်အားကြောင့်၊ အများလူပေါင်း၊ စိတ်ယုတ်ပြောင်း၍၊ စိတ်ကောင်းရစေ၊ ငါ့အနေမူ၊ ဘဝေဘ၀၊ ဖြစ်သမျှ၌၊ ပါပညစ်ညမ်း၊ အပြစ်သွမ်းတို့၊ ကုန်ခန်းပျောက်လွင့်၊ စိတ်ကောင်းတင့်၍ ငါနှင့်ဆက်သွယ်၊ ကြီးကြီးငယ်လည်း၊ ငါ့နှယ်နည်းတူ၊ စိတ်ကောင်းယူသည်။ နိဗ္ဗူထုတ်ချောက် ရောက်ရန်သောဝ်။

စိတ်ကို မကောင်းအောင် ခြယ်လှယ်သော အကုသိုလ် စေတသိက်များ ပြီး၏။




အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။
♣ ကုက္ကုစ္စအကြောင်းကိုဒီမှာ ♣  နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။


မေတ္တာရိပ်မှ စာစီဓမ္မဒါနပြုပါသည်။ 
 

ကုက္ကုစ္စအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၂၀ )

 

" ကုက္ကုစ္စအကြောင်း"


နောင်တတစ်ဖန် ပူပန်ခြင်းသဘောသည် “ကုက္ကုစ္စ”တည်း။ ထို့ကြောင့် “ကုက္ကုစ္စကား၊ နောင်တစ်ဖန်၊ ပူပန်ထန်ပြင်း”ဟု ဆိုခဲ့သည်။ ချဲ့ဦးအံ့-ဤကုက္ကုစ္စ၏ နောင်တရမူသည် အကုသိုလ်ပြုပြီးမှ “ပြုမိတာ မှားလေစွ”ဟုလည်းကောင်း၊ ကုသိုလ် မပြုခဲ့မိ၍ “မပြုမိတာ မှားလေစွ”ဟု လည်းကောင်း နောင်တရခြင်း ၂-မျိုးရှိ၏။


"နောင်တရပုံ"

“ဒု-သ-န-သော”ဟု အများပြောကြသော သူဋ္ဌေးသားလေးယောက်သည် လူ့ဘ၀၌ ကုသိုလ်ကောင်းမူ ပြုလုပ်ဖို့ရာ ပစ္စည်းအလုံးအလောက် ရှိကြပါလျက် ကုသိုလ်ကောင်းမူ ပြုရမည့်အစား မိစ္ဆာစာရ ကာမမူ အကုသိုလ်ကိုသာ ပြုမှားခဲ့ကြလေသည်။ ထို့နောက် “လောဟကုမ္ဘီ” သံရည်ပူငရဲ၌ကျကာ အနှစ် ၆-သောင်းကြာမှ ပေါ်လာ၍


“ငါတို့သည် ပစ္စည်းဥစ္စာပေါများသော လူ့ဘ၀တုန်းက မှီခိုအားထား ကိုးစားလောက်သော ကုသိုလ်များကို မပြုမိဘဲ မှားယွင်းစွာ အသက်မွေးခဲ့ကြတယ်နော်”ဟု ပြောလိုသော စကားများကို စုံလင်စွာ မပြောနိုင်ဘဲ“ဒု”ဟူသော အသံနက်ကြီးကို ဟစ်အော်ကာ မြုပ်သွားရှာလေ၏။ ဤသူ၌ ကုသိုလ်ကောင်းမူ မပြုမိခဲ့၍ နောင်တရသော ကုက္ကုစ္စဖြစ်သည်။


အခြားတစ်ယောက်ကလည်း “ငါတို့၏ ငရဲခံနေရသော ဒုက္ခသည် ဆုံးတော့မှာ မဟုတ်ပါဘူး၊ လူ့ဘ၀တုန်းက မကောင်းမူကို ငါတို့ ပြုခဲ့ကြတယ်နော်”ဟု ပြောလိုရင်း စကားဆုံးအောင် မဟနိုင်ဘဲ “န”ဟု အသံနက်ကြီးဖြင့် ဟစ်အော်ကာ မြုပ်သွားရှာလေသည်။ ဤသူကား အကုသိုလ်ကို ပြုမိခဲ့၍ နောင်တရသည်။


ဤကဲ့သို့ နောင်တရမူ၊ နောက်တစ်ဖန် ပူပန်မူသည် “ဒု-သ-န-သော”တို့ ကဲ့သို့ နောက်ဘ၀ကျမှသာ ဖြစ်သည်မဟုတ်ပါ။ ယခုဘ၀မှာလည်း ထိုသို့ ပူပန်တတ်ကြပါသည်။ အလွန်အမင်း ပူပန်လာသောအခါ စိတ်ထဲတွင်သာမက ချွေးကျလာအောင် ခန္ဓာကိုယ်ပါ ပူပန်လာတတ်သည်။



"နောင်တ မရသင့်ပုံ"

အကုသိုလ်ကိုပြုပြီးမှ နောင်တတစ်ဖန် ပူပန်နေခြင်းကြောင့် ပြုပြီး အကုသိုလ် ကင်းပျောက်သွားမည် မဟုတ်။ ကုက္ကုစ္စအကုသိုလ် အသစ်ပင် တိုးလာပါသေး၏။

ထို့ကြောင့် နောင်တတစ်ဖန် ပူပန်မနေဘဲ ပြုပြီးသမျှ အကုသိုလ်များ နောင်အခါ အကျိုးပေးခွင့် မရအောင် ထိုအကုသိုလ်မျိုး နောက်ထပ် မဖြစ်စေရန် သတိထား၍ ရှောင်ကြဉ်ရမည်။

ထိုကဲ့သို့ လွန်ပြီးသော အကုသိုလ်မျှိုး “ငါ့မှာ နောင်အခါမဖြစ်စေရ”ဟု စိတ်ပါလက်ပါ အဓိဋ္ဌာန်ပြု၍ စောင်စည်းသူအတွက်မှာ ပြုပြီး အကုသိုလ်(သိပ်မကြီးကျယ်လျှင်) အကျိုးမပေးဘဲ ပပျောက်သွားတတ်ကြောင်းကို (မဟာဝဂ္ဂသံယုတ်)၌ ဟောတော်မူသည်။



"အချိန်ရှိခိုက် လုံ့လစိုက်"

ငယ်ရွယ်စဉ်အခါသည် ပညာ၊ ဥစ္စာ၊ ကုသိုလ် ဤ ၃-မျိုးကို မိမိဉာဏ်ရှိသလောက်၊ လိုချင်သလောက် ရှာရမည့်အခါ၊ ရှာဖို့ရန် အခွင့်အလမ်းသာသောအခါ ဖြစ်၏။ “မိုးကုန်မှ ထွန်ချ”လျှင် အကျိုးရ နည်းရုံသာမက လုံးလုံးမရဘဲ ရှိတတ်သည်။

သို့ရာတွင် အချိန်နှောင်းမှ သတိရသော်လည်း “ကုသိုလ်ကို မပြုမိတာ မှားပေါ့”ဟု နောင်တမဖြစ်စေသင့်။ အချိန်နှောင်းမှ သတိရခြင်းသည် လုံးလုံး သတိမရကြသူများစွာသော လူတို့ထက် အပုံကြီးသာပါသေးသည်။


တမ္ဗဒါဋ္ဌိကမည်သော အဘိုးကြီးသည် အရွယ်ကောင်းတုန်းက သေဒဏ်ကျသူများကို သတ်ဖြတ်ရသောအလုပ်ဖြင့် ဘုရင့်အမူကို ထမ်းလာခဲ့၏။ ကောင်းစွာ မသတ်နိုင်သော အဘိုးကြီး အရွယ်ရောက်မှ သူသတ်ရာထူးက ထွက်၏။

 သေခါနီးဆဲဆဲမှာ အရှင်သာရိပုတ္တရာနှင့်တွေ့၍ တရားနာရာတွင် သူလုပ်ခဲ့သော အပြစ်နှင့် ယခုတရားသည် အလွန်ကွာခြား၍ နေသောကြောင့် တရားတော်၌ စိတ်မ၀င်စားနိုင်ဘဲ ရှိလေသည်။


ထိုအခါ အရှင်သာရိပုတ္တရာက သိတော်မူ၍ “ဒါယကာ အသင်သတ်ချင်လို့ သတ်တာလား၊ အသက်မွေးမူအတွက် မလွှဲသာ၍ ရှင်ဘုရင်က ခိုင်းလို့ သတ်ရတာလား”ဟု မေးတော်မူလေရာ “တပည့်တော် သတ်ချင်လို့ မဟုတ်ပါ၊ ရှင်ဘုရင်က ခိုင်းလို့ သတ်ရပါကြောင်း”ဟု လျှောက်လေလျှင် “သည်လိုဆိုလျှင် အပြစ်ရှိသေးသလား”ဟု ပရိယာယ်ဖြင့် မေးတော်မူပြီး နောက်ဆက်လက်၍ တရားဟောတော်မူသောအခါ “ငါ့မှာ အပြစ်ရှိပုံ မရဘူး”ဟု စိတ်သက်သာပြီးလျှင် တရားကို စိတ်စိုက်နာရင်း “စူဠသောတာပန် (သောတာပန်အငယ်=သောတာပန်အတု)” ဖြစ်ကာ မကြာခင် စုတေ၍ နတ်ပြည်သို့ ရောက်ရလေသည်။ [ဤ၀တ္ထု၌ ရှင်ဘုရင်က ခိုင်း၍ သတ်ရသော်လည်း ခိုင်းသူရော သတ်သူပါ အပြစ်ရှိ၏။ သို့သော် စိတ်သက်သာရာရအောင် ပရိယာယ်ဖြင့် မေးတော်မူခြင်းဖြစ်သည်။]


မှတ်ချက်။ ။ ထိုအဘိုးကြီး၌ ပါဏာတိပါတ အပြစ်တွေ များစွာရှိနေသည်ကား မှန်၏။ သို့သော် ထိုအပြစ်တွေအတွက် ကုက္ကုစ္စ မဖြစ်အောင် ပရိယာယ်ဆောင်၍ မေးတော်မူလိုက်ရာ ကုက္ကုစ္စ ငြိမ်းအေးသွားလေသည်။

ကုက္ကုစ္စ ငြိမ်းအေးပြီးမှ တရား၌ စိတ်စိုက်သော ကုသိုလ်ကြောင့် နတ်ပြည်သို့ ရောက်ရလေသည်။ သို့ဖြစ်၍ မည်သူမဆို ပြုခဲ့ပြီးသောာ အကုသိုလ်အတွက်လည်း မပူပန်ရ။ ကုသိုလ်ကို မပြုခဲ့ရသေး၍လည်း နောင်တမဖြစ်ကြစေဘဲ ပြခဲ့သောနည်းဖြင့် အကုသိုလ် အသစ်မဖြစ်အောင်သာ ကြိုးစားလျက် သတိရသော အရွယ်ကစ၍ ကုသိုလ်ကို အားထုတ်သင့်ကြပေသည်။
 

အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။ 

မစ္တရိယအကြောင်းကိုဒီမှာ ♣  နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။



မေတ္တာရိပ်မှ စာစီဓမ္မဒါနပြုပါသည်။ 

မစ္ဆရိယအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၁၉ )


" မစ္ဆရိယအကြောင်း "


ဝန်တိုခြင်းသဘောသည် “မစ္ဆရိယ”တည်း။ ထို့ကြောင့် “ပြောထူမစ္ဆေ ၀န်တိုလေသတဲ့”ဟု ဆိုခဲ့သည်။ ယခုကာလ၌ မလှူရက်၊ မပေးကမ်းရက်သော သူကို မစ္ဆရိယရှိသူဟု ခေါ်ကြသည်။ မစ္ဆရိယကား မလှူချင် မပေးချင်မူမျိုးမဟုတ်၊ သူတစ်ပါးတို့အား မရစေချင်သော သဘောသာတည်း။

ထို့ကြောင့် မလှူချင်မပေးချင်မူတို့မှာ မိမိပစ္စည်းကို တွယ်တာသော လောဘသဘောသာ ဖြစ်သည်။ မိမိပစ္စည်းကို ဖြစ်စေ၊ အခြားပစ္စည်းကို ဖြစ်စေ၊ ဂုဏ်ကိုဖြစ်စေသူ တစ်ပါးမရစေလိုသော သဘောကိုသာ ၀န်တိုမူ မစ္ဆရိယသဘောဟု မှတ်ပါ။ ဤမစ္ဆရိယကို ကျမ်းဂန်တို့၌ ၅-မျိုးပြ၏။

       ၁။ အာဝါသမစ္ဆရိယ = မိမိနေရာ၊ ကျောင်း၊ အိပ်ရာ၊ နေရာ၌ ၀န်တိုမူ။ သံဃာအများနှင့် သက်ဆိုင်သော သံဃိကကျောင်း၊ အိပ်ရာ၊ နေရာကို မိမိရသည့်အခါ ထိုကျောင်းသို့ အခြား သံဃာတော်များကို မလာစေလိုခြင်းမျိုးတည်း။


       သို့သော် မကောင်းဆိုးရွားသော ရဟန်းများ မလာစေလိုခြင်းကား မစ္ဆရိယ မဟုတ်ပါ။

        ဤ အာဝါသမစ္ဆရိယ ရှိသူသည် သေသောအခါ ထိုကျောင်း၌ပင် ပြိတ္တာ ဖြစ်နေတတ်သည်။ သို့မဟုတ် သံအိမ်ငရဲ၌ ကျက်ရတတ်သည်။


        ၂။ ကုလမစ္ဆရိယ = မိမိအမျိုးနှင့် ဒကာ ဒကာမများကို ၀န်တိုမူ။ မိမိဆွေမျိုးကို ဖြစ်စေ၊ ဒကာ ဒကာမမျိုးကို ဖြစ်စေ၊ အခြားသံဃာများ မလာစေလို၊ မဆက်ဆံစေလိုခြင်းတည်း။

        သို့သော် သဒ္ဓါတရားကို ဖျက်ဆီးမည့် ယုတ်မာဆိုးရွားသော ရဟန်းများနှင့် မဆက်ဆံစေလိုခြင်းမှာ မစ္ဆရိယ မဟုတ်ပါ။

       ဤ ကုလမစ္ဆရိယ ရှိသူသည် မိမိ ဒကာ ဒကာမတို့၌ သူများ ဆက်ဆံနေသည်ကို မြင်တွေ့ရသောအခါ ၀မ်းထဲ၌ ပူပူလောင်လောင် ဖြစ်၍ သွေးအန်တတ်၏။ ၀မ်းလျှောတတ်၏။ အူအပိုင်းပိုင်း ပြတ်တတ်၏။ သို့မဟုတ် နောက်ဘ၀၌ လာဘ်လာဘ ပါးရှားတတ်သည်။

       ၃။ လာဘမစ္ဆရိယ = ပစ္စည်း လာဘ်လာဘကို ၀န်တိုမူ သူတစ်ပါးတို့အား ပစ္စည်း လာဘ်လာဘ မရစေလိုခြင်းတည်း။

       သို့သော် ရရှိသော လာဘ်လာဘကို မတရားသုံစွဲမည့် ရဟန်းကို မရစေလိုဘဲ တရားသဖြင့် သုံးစွဲရသော ရဟန်းတို့ကို ရစေလိုခြင်းမှာ လာဘမစ္ဆရိယ မဟုတ်ပါ။

       ဤ လာဘမစ္ဆရိယ ရှိသူသည် ဘင်ပုပ်ငရဲ၌ ကျက်၍ ဘင်ပုပ်ကို စားနေရတတ်၏။ [ဤ လာဘမစ္ဆရိယကြောင့် အပြစ်ရသော လောသကတိဿဝတ္ထုကို ကံအခန်း၌ ပြအံ့။]


        ၄။ ၀ဏမစ္ဆရိယ = ကိုယ်အဆင်း ဂုဏ်သတင်း ၂-မျိုးလုံး၌ ၀န်တိုမူ။ မိမိထက် အဆင်းလှမည်ကို ၀န်တိုမူ၊ မိမိထက် ဂုဏ်ကြီးမည်ကို ၀န်တိုမူသည် ၀ဏ္ဏမစ္ဆရိယပင်တည်း။

        ဤ ၀ဏ္ဏမစ္ဆရိယ ရှိသူသည် ဘ၀သံသရာဝယ် ရုပ်အဆင်း ဆိုးရွားတတ်၏။ ဂုဏ်သတည်းလည်း ညံ့ဖျင်းတတ်သည်။


        ၅။ ဓမ္မမစ္ဆရိယ = မိမိတတ်သိသောတရား(အတတ်ပညာ)ကို ၀န်တိုမူ။ ဓမ္မမစ္ဆရိယ ရှိသူသည် မိမိတတ်သိသော အတတ်ပညာ၊ စာပေပညာ၊ လက်မူပညာ၊ နူတ်မူပညာများကို သူတစ်ပါး တတ်သိမှာ စိုးသောကြောင့် မေးလာလျှင် ကောင်းမွန်စွာ မပြောလိုခြင်း၊ ရေးကူးထားသော ပညာကို မပြလိုခြင်း၊ စာချသောအခါ မိမိလိုတတ်မည်စိုး၍ အကုန်မပြောလိုခြင်း ဖြစ်တတ်သည်။

       သို့သော် စာပေ တတ်ပြီးနောက် ထိုစာကို မတရားသုံးစွဲမည့်သူ၊ သာသနာကို ဖျက်ဆီးမည့်သူတို့အား ပြောမပြခြင်းတို့မှာ မစ္ဆရိယ မဟုတ်ပါ။ ဤ ဓမ္မမစ္ဆရိယ ရှိသူသည် ဖြစ်လေရာ ဘ၀တိုင်း၌ အဖျင်း အအ ဖြစ်တတ်၏။ သို့မဟုတ် ပြာပူငရဲ၌ ကျက်ရတတ်သည်။



"စဉ်းစားဖွယ်"

        ကျမ်းဂန်လာ မစ္ဆရိယ ၅-ပါးကို စဉ်းစားလျှင် သူတစ်ပါး လှူဒါန်းမှ နေထိုင်စားသောက်ရသော ရဟန်းများ၊ သီလရှင်များ၌ အဖြစ်များဖွယ်ရှိ၏။ ယခု မျက်မြင်အားဖြင့်လည်း ထိုသူများ၌ ဤမစ္ဆရိယ သောင်းကျန်းလျက်ရှိသည်။

        လူအများ၌လည်း ကိုယ့်ထက် အိမ်ကောင်းရာကောင်းရှိမှာစိုးခြင်း၊ ကိုယ့်ထက်ဆွေမျိုး ဉာတိပေါမှာစိုးခြင်း၊ ကိုယ့်ထက်ဥစ္စာပေါမှာစိုးခြင်း၊ ကိုယ့်ထက်ရောင်းဝယ်ကောင်းမှာ စိုးခြင်း၊ ကိုယ့်ထက်လှမှာစိုးခြင်း၊ ကိုယ့်ထက်ဂုဏ်ကြီးမှာစိုးခြင်း၊ ကိုယ့်ထက်တတ်သိမှာ စိုးခြင်း စသောအားဖြင့် အများပင် ဖြစ်တတ်ပါသည်။ ထိုသဘောများကား မစ္ဆရိယပင်တည်း။

         ထိုသို့ မစ္ဆရိယ ဖြစ်သည့်အတွက် ထိုအဖြစ်ခံရသူမှာ အကျိုးမယုတ်ဘဲ မိမိမှာ စိတ်ယုတ်မာရှိကြောင်း ထင်ရှားရကား ဤမစ္ဆရိယကို ၀ါသနာနှင့်တကွ အမြစ်ပါပြုတ်အောင် ကြိုးစား၍ ဖြုတ်သင့်ကြပေသည်။

         ဤကဲ့သို့ တရားသိသော ဘ၀၌သော်မှ မစ္ဆရိယကို မတားလျှင် ပြိတ္တာဖြစ်ဖို့သာ ပြင်ကြပါတော့။




အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။ 


ဣဿာအကြောင်းကိုဒီမှာ ♣  နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။





မေတ္တာရိပ်မှ စာစီဓမ္မဒါနပြုပါသည်။ 

Gold price estimated