ဘုရားရှင်မြတ်အား ပန်း၊ ဆီမီး၊ သစ်သီးဆွမ်းတို့ဖြင့် ပူဇော်ကြလေ့ ရှိပါသည်။ ဂုဏ်တော် (၉) ပါး၊ ဗုဒ္ဓနုဿတိဖြင့် ဂုဏ်တော်နှင့် ပုံတော်ကိုပါ ကြည်ညိုပူဇော်တတ်ကြပါသည်။
ထို့အတူ သံဃာတော် အရှင်သူမြတ်အပေါင်းအားလည်း ဗုဒ္ဓရှင်တော်မြတ်အား ပူဇော်သကဲ့သို့ အာရုံပြု ကြည်ညိုပူဇော်တတ်ကြပါသည်။
သို့သော် ဂုဏ်တော်သာရှိ၍ ပုံတော်မရှိသော “ဓမ္မ” ကို ဘယ်လို ပူဇော်ကြမည်နည်း။
ဘုရားရှင်နှင့် သံဃာတို့ကို ပူဇော်သကဲ့သို့ ပူဇော်ရန်မဖြစ်နိုင်ပါ။ ဓမ္မကို ဘယ်လိုပူဇော်ရမည်ကို ဗုဒ္ဓရှင်တော်မြတ်က ဤကဲ့သို့ မိန့်ကြားခဲ့ဘူးပါသည်။
“ချစ်သားတို့ နောက်လေးလမျှ လွန်လျှင် ငါဘုရား ပရိနိဗ္ဗာန်စံဝင်တော်မည်” ဟု မိန့်ခဲ့ပါသည်။
ပုထုဇဉ်ရဟန်းအများက ၀မ်းနည်း၍ ငိုယိုကြပါသည်။
ထိုရဟန်းများထဲမှ ရဟန်း “ဓမ္မရာမ” သည် ကျန်ရဟန်းများကဲ့သို့ မငိုယိုတော့ပဲ ဘုရားရှင် သက်တော်ထင်ရှားရှိစဉ် ကာလတွင်ပင် ငါကိလေသာကုန် အောင် တရားကျင့်၍ ဘုရားရှင်အား ကျေးဇူးဆပ် ပူဇော်တော့မည်ဟု ဆုံးဖြတ်လိုက်ပြီး နာကြားဖူးသမျှ တရားတော်များကို ဆင်ခြင်၍ တစ်ပါးတည်း တရားအားထုတ်နေလိုက်ပါသည်။
ဘုရားအနီးအပါးမှ ရှောင်ထွက်သွားခဲ့သော “ဓမ္မရာမ” ရဟန်းကို ကျန်ရဟန်းများက အမျိုးမျိုး ကဲ့ရဲ့ကြပြီး ဘုရားရှင်အား လျှောက်ထားကြပါသည်။
ဘုရားရှင်က “ဓမ္မရာမ” ရဟန်းအား အကြောင်းရင်းကို မေးမြန်းခဲ့ရာ -
“ဘုရားရှင် သက်တော်ထင်ရှားရှိစဉ် ကာလအတွင်း ကိလေသာ ကုန်ခမ်းအောင် တရားကျင့်သည် ဖြစ်ကြောင်း “ဓမ္မရာမ” ရဟန်းက ပြန်လည်လျှောက်ထားခဲ့ပါသည်“
ဤတွင် ဘုရားရှင်တော်မြတ်က သာဓု သုံးကြိမ်ခေါ်ပြီး ငါဘုရား၌ ချစ်မြတ်နိုးသော ရဟန်းသည် “ဓမ္မရာမ” ကဲ့သို့ တရားကို ကျင့်ရာ၏။
ပန်း၊ နံ့သာ၊ ဆီမီးတို့ဖြင့် ပူဇော်ခြင်းသည် ငါဘုရားအား ပူဇော်သည် မမည်နိုင်သေး။
ယခုကဲ့သို့ ငါဘုရား ဟောကြားထားသော တရားတော်များအတိုင်း ကျင့်ကြံနေမှုသည်သာ -
- ငါဘုရားအား ထိုက်ထိုက်တန်တန် ပူဇော်သည်မည်၏
- ငါဘုရား၏ သံဃာကိုလည်း ပူဇော်သည်မည်၏
- ငါဘုရား၏ တရားတော်ကိုလည်း ပူဇော်သည်မည်၏
ဟူ၍ ဖြစ်ပါသည်။
“ဓမ္မံ ပူဇေမိ” သည် ဆိုရုံ ရွတ်ရုံမျှဖြင့် အကျိုး မပြီးမြောက်နိုင်ပါ။
ဓမ္မံပဿတိ မယံပဿတိ
(တရားကိုမြင်လျှင် ငါဘုရားကိုလည်း မြင်၏)
ဓမ္မမိတ်ဆွေမှကျေးဇူးပြုသည်။
No comments:
Post a Comment