ဖြစ်သည်ဟု ခန့်မှန်းကြသည်။ မြန်မာနိုင်ငံအလယ်ပိုင်း၏ ရာသီဥတုနှင့်ကိုက်ညီပြီး၊ ခန်းခြောက်ဒေသမှာပင် ကောင်းမွန်စွာပေါက်ရောက်နိုင်စွမ်း ရှိသည်။ ဘုန်းကြီးကျောင်း၊ ရေကန်၊လယ်ကွင်း ဝန်းကျင်တို့တွင် ထန်းပင်များအား အတန်းလိုက်စီပြီး စိုက်ထားလေ့ ရှိသည်။ ထန်းမှထွက်ရှိသည့် ထန်းလျက်ဖြင့် မုန့်အချိုပွဲများကို ပြုလုပ်ကြသကဲ့သို့ ယမကာ အဖျော်ကို ထန်းရည်ဖြင့် ပြုလုပ်ရသည်။ ရှေးမြန်မာတို့သည် မြေ အရောင်းအဝယ် ပြုပြီးသည့်အခါတွင်လည်းကောင်း၊သားသမီးများ အိမ်ထောင်ချသည့်အခါ အခမ်းအနားတွင်လည်းကောင်း အများသိစေရန် ဖိတ်ကြားပြီး အမဲ၊ ကြက်၊ ဝက်နဲ့ သေရည်ပါတဲ့ စားသောက်ပွဲကြီး ပေးလေ့ရှိကြောင်း ပုဂံခေတ်ဆိုင်ရာ ကျောက်စာအထောက်အထားများအရ သိရှိရသည်။ ထိုသို့သောအခမ်းအနားများတွင် သေရည်နှင့်အတူ ထန်းရည်မှချက်လုပ်သည့် ယမကာ အဖျော်ကိုလည်း သောက်ကြကြောင်း အထောက်အထားများ တွေ့ရပါသည်။
ထို့အပြင်ထန်းရွက်ကိုလည်း အိမ်အမိုး၊ရဟန်းဆောင် ယပ်တောင်စသည်ဖြင့် အသုံးချကြသေးသည်။ ပေရွက်ကဲ့သို့ပင် ထန်းရွက်ပေါ်၌လည်း စာရေးနိုင်သည်။ ထန်းပင်စည်မှ ဖြစ်သော ထန်းလုံးဖြင့် အိမ်၊အဆောက်အဦး၊ကာကွယ်ရေး အတွက် ခံတပ် စသည်ဖြင့် ဆောက်လုပ်အသုံးချကြပါသေးသည်။ ဆည်ဖို့ရာ၌လည်း ထန်းလုံးများကို ဆည်ပိတ်ရာတွင် သုံးပြန်သည်။ တန်ခူးလသည် ခရစ်ပြက္ခဒိန်အရ မတ်လနှင့်ဧပြီလများအတွင်း ကျရောက်ပါသည်။ ကံ့ကော်ပန်း (Mesua ferrea)သည် တန်ခူးလ၏ အထိမ်းအမှတ်ပန်း ဖြစ်သည်။
ကျင်းပသောပွဲတော်
သင်္ကြန်ပွဲတော်
မြန်မာ သင်္ကြန်အား ပန်းချီဖြင့် သရုပ်ဖော်စဉ်
သင်္ကြန်ဟူသော စကားသည်သင်္ကန္တဟူသော ပါဠိ မှဆင်းသက်၍ ရွတ်ဆိုသောအခါ သက္ကတ၌ရှိသော ရရစ်သံဖြင့် ရွတ်ဆိုရသော စကားဖြစ်သည် ။ အဓိပ္ပါယ်မှာ ကူးပြောင်းခြင်းဖြစ်၏ ။ ဤကမ္ဘာမြေကြီးသည် နေကိုဗဟိုပြု၍ မိဿ ရာသီမှစ၍ ပြိဿ ၊ မေထုန် ၊ ကရကဋ် ၊ သိဟ် ၊ ကန် ၊ တူ ၊ ဗြိစ္ဆာ၊ ဓနု ၊ မကာရ ၊ ကုမ် ၊မိန် ဟူသော ရာသီခွင်တို့သို့ အစဉ်လိုက် ကူးပြောင်း လှည့်လည်ပြီးနောက် သူရိယသိဒ္ဓန္တကျမ်း အလို ၃၆၅ ရက် ၊ ၆ နာရီ ၊ ၁၂မိနစ် ၊ ၃၇စက္ကန့် ပြည့်သောအခါ ၊ တနင်္ဂနွေ ရ၀ိဖုဋဂြိုဟ်စင်သည် မိဿရာသီအစ သုညအင်္သာသို့ဝင်၏ ။ သို့ရာတွင် နှစ်မကူးသေးချေ ။ ဗေဒင်တွက်ရိုးကျမ်း များ၌ ရ၀ိဖုဋဂြိုဟ်စင် နှင့် ရ၀ိမဓျဂြိုဟ်သွမ်း ဟူ၍ နှစ်မျိုးနှစ်စား ခွဲခြားပြသည် ။ ထို့ကြောင့် မိဿရာသီသို့ ထိုဂြိုဟ်နှစ်မျိုးနှစ်စား ရောက်သော အချိန်ကာလသည်လည်း ကွဲပြားသည် ။ မိဿရာသီသို့ တနင်္ဂနွေ ရ၀ိဖုဋဂြိုဟ် ၀င်ရောက်ရှိပြီး၍ ၂ရက် ၊ ၄နာရီ ၊ ၄မိနစ် ၊ စက္ကန့် ၄၀ ကြာမှ တနင်္ဂနွေ ရ၀ိမဓျဂြိုဟ်သွမ်း ရောက်ရှိ၏ ။ ထိုကဲ့သို့ ကွာခြားသော နှစ်ရက်ကျော် ကာလသို့ ဝင်သောအခါကျမှသာ အတာတက်၍ နှစ်သစ်ကူးပြီဟု အသိအမှတ် ပြုကြ၏ ။ ဤသင်္ကြန်ပွဲတော်တွင် မြန်မာတိုင်းရင်းသားတို့သည် ပျော်ရွှင်စွာ ရေပက်ကစားကြသည် ။ သင်္ကြန်ရေပက် ဖျန်းခြင်းသည် လေးနက်မွန်မြတ်သော အဓိပ္ပါယ်ရှိသည် ။ ရေသည် မေတ္တာဓာတ်ကို တင်စားသည် ။ ရေကစား ကြသည်မှာ ရေလိုအေး၍ ပန်းလိုလန်းပါစေ ဟူသောမေတ္တာဓာတ်ဖြင့် ကစားခြင်းဖြစ်သည်။
မြို့ကြီးများတွင် များစွာသော ရေပန်းများဖြင့် ခေတ်သစ် မြန်မာ သင်္ကြန်ရွှင်မြုးကြစဉ်
သင်္ကြန်ပွဲ သည်မြန်မာ့တို့၏ ရိုးရာပြက္ခဒိန် အစဆုံးလဖြစ်သော တန်ခူးလတွင် ကျင်းပသည် ။ တန်ခူးလသည် အင်္ဂလိပ်ပြက္ခဒိန်မှ ဧပြီ (April) လနှင့်တိုက်ဆိုင်သည် ။ သင်္ကြန်ပွဲကို မြန်မာ့နှင့် ယဉ်ကျေးမှု့ချင်းဆက်စပ်နေသော လော (Laos) နိုင်ငံ ၊ ကမ္ဗောဒီးယား (Cambodia) နိုင်ငံ နှင့် ထိုင်း (Thailand) နိုင်ငံတို့တွင် အလားတူပင် ဧပြီလ၌ သင်္ကြန်ပွဲတော်ကို ဆင်နွှဲကြသည် ။ သို့ရာတွင် မြန်မာနိုင်ငံ၏ သင်္ကြန်ပွဲတော်သည် ယင်းပွဲတော်တို့ထက် ကြီးကျယ်၍ ရှေး အင်းဝခေတ် ကပင်လျှင် အင်္ဂလိပ် စသောတိုင်းတစ်ပါးသားတို့က နှစ်သက်ဖွယ်ရာမှတ်တမ်းတင်ခဲ့ကြသည်။
သင်္ကြန်သည် မြန်မာ့ယဉ်ကျေးမှု စစ်စစ်မဟုတ်။ ဟိန္ဒူယဉ်ကျေးမှုကို မွေးစားထားခြင်း ဖြစ်သည်။ သင်္ကြန်သည် မင်္ဂလာ ၁၂ ပါးထဲမှ တစ်ပါး ဖြစ်ပါ၏။ ဤ မင်္ဂလာ ၁၂ ပါးသည်ပင် ဟိန္ဒူယဉ်ကျေးမှု ဖြစ်ပါ၏။ ကုလားတို့သည် ကလေးတစ်ဦးမွေးပါက နေပြ မင်္ဂလာ၊ လပြ မင်္ဂလာ၊ ကွမ်းခွံ့ မင်္ဂလာ၊ ထမင်းခွံ့ မင်္ဂလာ၊ ပုခက်တင် မင်္ဂလာ၊ နားထွင်း မင်္ဂလာ၊ နာမည်ပေး မင်္ဂလာ စသဖြင့် ပြုပါ၏။ မင်္ဂလာ ၁၂ ပါးအကြောင်း သိလိုလျှင် မာမာအေး၏ မင်္ဂလာ ၁၂ ပါးသီချင်း ကို နားဆင်ကြည့်ပါ။
“ရ၀ိန္ဒု ဒဿန- နေလပြတဲ့ မင်္ဂလာ အညီ၊ ကဏ္ဍ၀စ္ဆ နားကို သ ခြင်း ပြုပါသည် ----- ”
ပြောင်းရွှေ့ခြင်းသည်ပင် သင်္ကြန်
သင်္ကြန်ဟူသည်မှာ ပါဠိဘာသာ “သင်္ကန္တ” သက္ကဋဘာသာ “သင်္ကြန်” ဟူသော မြန်မာဝေါဟာရသည့် ပြောင်းရွှေ့ခြင်းအနက်ကို ဆောင်ပေသည်။
အဘယ်သို့ ပြောင်းရွှေ့ခြင်းအနက်ကို ဆောင်သနည်းဟူမူ အချင်း ယူဇနာ (၅၀) လုံးဝန်း ယူဇနာ (၁၅၀) ရှိ၍ အတွင်းကားရွှေ၊ အပကားဖလ်အတိပြီးသော ဘာဏုရာဇာမည်သော တနင်္ဂနွေဂြိုဟ်မင်းသည် န၀င်းတလုံးမှန၀င်း တလုံး၊ နက္ခတ်တလုံးမှ နက္ခတ်တလုံး၊ တရာသီမှ တရာသီသို့ အစဉ်လိုက် ပြောင်းရွှေ့လာခဲ့ခြင်းပင်ဖြစ်သည်။ ယင်းပြောင်းရွှေ့ခြင်းကိုပင် သင်္ကန္တ- သို့မဟုတ် သင်္ကြန္တ-ဟု ခေါ်ခြင်းဖြစ်ရာ၊ တနှစ်အဖို့တွင်၊ န၀င်းအားဖြင့် (၁၀၈) န၀င်းဖြစ်၍ သင်္ကြန် (၁၀၈) ကြိမ်၊ နက္ခတ် (၂၇) လုံးဖြစ်၍ သင်္ကြန် (၂၇) ကြိမ်၊ (၁၂) ရာသီဖြစ်၍ သင်္ကြန် (၁၂) ကြိမ် ရှိသည်ဟု ဆိုနိုင်ပေသည်။ ယင်းသို့ဆိုနိုင်သော်လည်း ထိုသင်္ကြန်တို့မှာ သာမညရွှေ့ပြောင်းခြင်းတည်းဟူ သော စူဠသင်္ကြန်တို့သာ ဖြစ်ပေသည်။ မဟာသင်္ကြန်ကား မဟုတ်ပေ၊ (၂) ရာသီနက္ခတ်တို့သို့ ရွှေ့ပြောင်း ချဉ်းကပ်ခြင်း သင်္ကြန်ကလေးများသည် တနင်္ဂနွေဂြိုဟ်မှာသာမဟုတ် ဂြိုဟ်တိုင်းပင်ရှိ၏။ ယင်းသို့ရှိသော်လည်း လူတိုင်းသည် တနင်္လာစသော ဂြိုဟ်တို့ကို မထားမူ၍၊ တနင်္ဂနွေဂြိုဟ်ကိုသာ တိုင်းထားပြီးလျှင် နှစ်၊လ၊ ရက်တို့ကို သားကြသောကြောင့် တနင်္ဂနွေဂြိုဟ် ရွှေ့ခြင်းဖြင့်သာ သင်္ကြန်ကို အသိအမှတ်ပြုကြပေသည်။
နက္ခတ်စက်ဝန်း
ေဿဝဏီနက္ခတ်မှစ၍ ရေ၀တီနက္ခတ်များရှိသော (၂၇) လုံးသောနက္ခတ်တို့သည် အာကာသကောင်းကင်တွင် စက်ဝန်းပုံပြု၍ အ၀ိုင်းလိုက် လှည့်လည်လျက်ရှိရာ၊ ယင်းစက်ဝန်းပုံကြီးသည် ယူဇနာသုံးသန်းကျော်ရှိသည်ဟု ဆိုပေသည်။ ယခုလူ့ပြည်မှ မြင်ရသည်မှာ နက္ခတ်စက်ဝန်းကြီး၏ ဂ-ပုံတပုံမျှသာဖြစ်၍ အရှေ့မှအနောက်သို့ အတန်းလိုက် ရွေ့လျားနေသည်ဟု ထင်ရပေသည်။ ယင်းစက်ဝန်းပုံ နက္ခတ်ဝိုင်းကြီးမှ နက္ခတ်တလုံး-တလုံးကို တပတ်ဟု ခေါ်ဆိုသည့် ပါဒ-သဒ္ဒါသည် အပိုင်းအပုံကို ဟောသည်၊ နက္ခတ် (၂၇) လုံးဖြစ်၍ ပတ်ပေါင်း (၁၀၈) ပတ်ရှိသည်။ ယင်း (၁၀၈) ပတ်ကိုပင် (၁၂) ပိုင်းပြု၍ ပိုင်းခြားလိုက်ပြန်သော်- တဘို့ တဘို့၌ (၉) ပတ်စီ အညီအမျှရလေသည်။ ယင်း (၉) ပတ်ကို ဗေဒင်ခေါ်အားဖြင့် န၀င်းဟုခေါ်သည်။ (၉) ခုအရေအတွက်ဟု ဆိုလိုသည်။ ဤ (၉) လုံးတပုံ၊ (၉) လုံး တစုကိုပင် ပါဠိဘာသာအားဖြင့် ရာသီဟုခေါ်သည်။ အစုအပုံဆိုလိုသည်။ ယင်းသို့အားဖြင့် တရာသီလျှင် (၉) ပတ် န၀င်း (၉) လုံးကျဖြင့် တဆယ့်နှစ်ရာသီအတွက် (၁၀၈) န၀င်းပင်။ သို့မဟုတ် ပတ်ပေါင်း (၁၀၈) ပတ် ဖြစ်လေတော့သည်။
နေနှင့်နက္ခတ်အသွားပြိုင်
တနင်္ဂနွေဂြိုဟ်မင်းသည် စက်နာရီ (၂၄) မိနစ်နှင့် ညီမျှသော မြန်မာ (၁) နာရီတွင် ယူဇနာငါးသောင်းနှုန်း ကျဖြင့်သွားသည်ဟု သူရိယောဂ္ဂမဒီပနီကျမ်းနှင့် သာရတ္ထဒီပနီမည်သော ၀ိနည်းဋီကာကျမ်းကြီးတွင် ပါရှိသည်။ ဇာတ်နိပါတ်များတွင်လည်း နေမင်းအသွား လျှင်မြန်ပုံ ဟောကြားတော်မူချက်ရှိပေသည်။ ယင်းနေမင်း၏ အသွားနှုန်းထက်ပင် နက္ခတ်ရာသီစက်ဝန်းကြီးက မြန်သေးသည်ဆိုရကား.. နာရီ (၆၀) လျှင် (တရက်လျှင်) တအင်္သာ နေမင်းက ကျန်ရစ်ခဲ့၏။ ယူဇနာ (၅,၀၀၀) ကျော် ရာသီစက်ဝန်းက ရှေ့သို့ ခရီးလွန်သွားသည်ဟုလို။ ထို့ကြောင့် န၀င်း တလုံးလျှင် (၃) ရက်၊ နာရီ (၂၀) သာ လိုက်နိုင်၍၊ န၀င်းလေးလုံးဟူသော နက္ခတ်တလုံး (၁၃) ရက်၊ နာရီ (၂၀) ရှိလျှင်-နက္ခတ် တလုံးကို ပြောင်း၍ လိုက်ရပြန်သည်။ ရက် (၃၀) ရှိလျှင် (၂) လုံးတပတ်၊ န၀င်း (၉) လုံးဟုသော တရာသီမှ ပြောင်း၍ လိုက်ရပြန်သည်။ ဤသို့လျှင် နေမင်းကနှေး၍ ရာသီစက်နက္ခတ်က မြန်လေသဖြင့် မိဿရာသီ၊ အဿဝနီနက္ခတ် ပထမပတ်၌ (၃) ရက် နာရီ (၂၀)၊ ဒုတိယ ၎င်း (၃) ရက်၊ နာရီ (၂၀) စသည်ဖြင့် (၁၂) ရာသီ (၁၀၈) န၀င်းလျှင် အကြမ်းစားအားဖြင့် ရက်ပေါင်း (၃၆၀) ကျော်ရှိသော .. မိန်ရာသီ၊ ရေ၀တီနက္ခတ် စတုတ္ထပတ်မှ ပထမလှည့်လည်ရင်း၊ မိဿရာသီ၊ အဿဝနီ နက္ခတ် ပထမပတ်သို့ ပြန်လည်ရောက်ရှိလာသည်ကို (၁၀၈) န၀င်း၊ နက္ခတ် (၂၇) လုံး၊ (၁၂) ရာသီပြည့်ဖြစ်၍ ပြောင်းလာကြသောကြောင့် ပတ်ပြပြည့်၊ နက္ခတ်ပြည့် ရာသီပြည့်ဖြစ်၍ “မဟာသင်္ကြန်” ဟု ခေါ်ဆိုကြလေသည်။
နှစ်တပတ်လည်- ရက်ပေါင်း
ဤသို့ တဆယ့်နှစ်ရာသီစက်ဝန်းတွင် တနင်္ဂနွေဂြိုဟ်တည်ဟူသော နေမင်းလှည့်လည်ခဲ့၍၊ နှစ်တပတ်လည်သော ရက်ပေါင်းသည် မကာရန္တစသော ဗေဒင်ကျမ်းများအလိုအားဖြင့် (၃၆၅) ရက်၊ (၆) နာရီ၊ (၁၂) မိနစ်၊ (၃၆) စက္ကန့်၊ (မြန်မာနာရီစစ်စစ်ဖြင့်ဖွဲသော .. (၃၆၅) ရက်၊ (၁၅) နာရီ၊ (၃၀) ဗီဇနာ၊ (၃၁) ခရာ၊ အနုခရာ (၂၄) ဖြစ်သည်။) အင်္ဂလိပ် နက္ခတ်အရာကြီးတို့အလိုအားဖြင့် (၃၆၅) ရက်၊ (၅) နာရီ၊ (၄၀) မိနစ်၊ (၄၆) စက္ကန့်ရှိ၏။ ထိုသို့ရှိသောကြောင့် နှစ်တပတ်လည်သောအခါ မြန်မာနာရီပေါင်းက အင်္ဂလိပ်နာရီပေါင်းထက် တနှစ်လျှင် (၂၃) မိနစ်နှင့် စက္ကန့် (၅၀) အမြဲ ပိုလွန်လျက် ရှိလေသည်။ (၄) နှစ်လျှင် တကြိမ်ကျ အင်္ဂလိပ်ရက် နှစ်အဖြစ်နှင့် တရက်တိုး၍ထားသော်လည်း မြန်မာအချိန်ကပင် ပိုလွန်လျက်ရှိသေး၏။ သို့အတွက် တနှစ်၏ ရက်ချင်းအချိန်ချင်း မြန်မာနဲ့ အင်္ဂလိပ်ကွားခြားလျက် ရှိသဖြင့် မဟာသင်္ကြန်ကျသောရက်သည် အင်္ဂလိပ်ရက် တရက်အပေါ်တွင် အမြဲမတည်နိုင်ချေ။
မြန်မာသင်္ကြန်ကျရက်နှင့် ဧပြီ (၁၃)
မြန်မာသက္ကရာဇ် ၁၁၀၁ ခုနှစ်လောက်တွင် ဧပြီလ (၁၀) ရက်နေ့၌ မဟာသင်္ကြန်ကျသောရက်နှင့် တိုက်ဆိုင်ခဲ့၏။ ထို့နောက် ၁၁၆၂ ခုနှစ်လောက်တွင် ဧပြီလ (၁၁) ရက် သက္ကရာဇ် ၁၂၂၀ ပြည့်လောက်တွင် ဧပြီလ (၁၂) ရက်၊ ၁၂၆၃ ခုနှစ်လောက်ကစ၍ ဧပြီလ (၁၃) ရက်နေ့၌ မဟာသင်္ကြန်ကျသော ရက်များနှင့် တိုက်ဆိုင်ခဲ့ရာ၊ လွန်ခဲ့သည့် ၁၃၁၅ ခုနှစ်ထိ ဖြစ်တော့သည်။ ဧပြီလ (၁၃) ရက်နေ့ မဟာသင်္ကြန်ကျခဲ့သော နှစ်ပေါင်းမှာ (၅၀) ကျော်ကြာရှည် ခဲ့သဖြင့် မြန်မာသင်္ကြန်ကျမည့်ရက်ကို မြန်မာရက်အားဖြင့် ရုတ်တရက် မပြောနိုင်စေကာမူ အင်္ဂလိပ်ရက်အားဖြင့် (၁၃) ဂဏန်းကိုမူကား… လူတိုင်းပင် နှုတ်တက်ရနေကြပေတော့သည်။
(၁၃) မှ (၁၄) သို့
သို့ရာတွင် ယခုနှစ် အဖို့တွင်ကား နှုတ်တက်ရနေကြသော် ဧပြီလ (၁၃) ရက်တွင် တရက်တိုး၍ (၁၄) ဂဏန်းဖြင့် အသစ်ပြင်မှတ်ကြရပေတော့မည်။ အဘယ်ကြောင့်ဆိုသော် မြန်မာသင်္ကြန်ကျမည့်ရက်ကို မဟာသင်္ကြန်စာများက…
“ဇေယတု။ ။ အချင်းယူဇနာ (၅၀) ။ လုံးဝန်းယူဇနာ (၁၅၀) ။ အတွင်းက ရွှေကား။ အပကားဖလ်အတိပြီးသော။ ရောင်ခြည်တထောင်ဆောင်သော် ဘာနုရာဇာမည်သော် တနင်္ဂနွေဂြိုဟ်မင်းသည် တပေါင်းဖြစ်သော မိန်ရာသီ။ ရေ၀တီနက္ခတ် အ၀သာန်န၀င်းလက်ထက်မှသည် တန်ခူးဖြစ်သော မိဿရာသီ။ အဿဝဏီနက္ခတ်၊ အာဒိန၀င်း ထက်သို့ မြန်မာသက္ကရာဇ် ၁၃၁၆ ခု၊ နှောင်းတန်ခူးလပြည့်ကျော် (၆) ရက်၊ (၄) ဟူးနေ့၊ ညဥ့် (၃) ချက်တီးကျော်၊ (၇) ရက် ကြာသတေးနေ့သို့အ၀င် (၂) နာရီ၊ တပတ်၊ (၉) ဗီဇနာ၊ (၃) ပြန်၊ (၂) ခရာ၊ ကုန်လတ်၊ ဓနုစန်း၊ (၂) လာ ဟောရက်၊ သောကြာတရင်း၊ အင်္ဂါန၀င်း၊ ဗဗကရိုဏ်းနှင့် ယှဉ်၍ လက်စီးနက္ခတ် (၂၄) လုံး၊ ပတ်ပြည့်၊ (၁၁) ဃဋီလက်စီးလျက် ဇေဌနက္ခတ်၊ (၂၃၇) အံသာ၊ (၃၆) လိတ္တာ မွန်းတည့်သောအချိန်၊ အင်္ဂလိပ်သက္ကရာဇ် ၁၉၅၅ ခု၊ ဧပြီ (၁၄) ရက်၊ ကြသပတေးနေ့၊ ညဥ့်စက်နာရီ (၃) နာရီ၊ (၅၀) မိနစ်၊ (၂၄) စက္ကန့် စံချိန်တော်အားဖြင့် (၃) နာရီ၊ (၅၃) မိနစ်၊ (၂) စက္ကန့် အချိန်တွင် တနင်္ဂနွေဂြိုဟ်မင်းသည် ရွှေအဆင်းတူသော အ၀တ်တန်ဆာတို့ကို ၀တ်ဆင် လျက် သိန္ဓောမြင်းကို စီး၍ ရေချမ်းအိုးကို ပိုက်လျက် အနောက်ကသည် အရှေ့မြောက်ထောင့်သို့ ပြောင်းဝင်၏။” ဟူ၍ သင်္ကြန်ကျမည့်ရက်သည် မြန်မာ တန်ခူးလပြည့်ကျော် (၆) ရက်၊ အင်္ဂလိပ် ဧပြီလ (၁၄) ရက်နေ့ဖြစ်ကြောင်း ဖော်ပြထားခြင်းကြောင့် ဖြစ်ပေသည်။
ဤတွင် အနှစ် (၅၀) ကျော်မျှ အင်္ဂလိပ်တို့၏ အယူအဆဖြင့်သာမဟုတ် မြန်မာတို့၏ အယူအဆဖြင့်လည်း နိမိတ် မကောင်းသော ဂဏန်းအရေအတွက်ဟု မှတ်ယူထားကြသည့် ဧပြီလ (၁၃) ရက်မှ လွတ်ကြရပေတာ့မည်။ အချို့အယူသီးတို့က မြန်မာနှစ်သစ်မင်္ဂလာကို အင်္ဂလိပ်တို့က နှိမ်ချသည့်အနေဖြင့် တမင်စီစဉ်ထားသလိုလို ယူဆထားကြပေသည်။ မန္တလေးမြို့မှ ပညာရှိဦးကျော်ရန် ၁၂၉၃ ခုနှစ်လောက်က မဟာသင်္ကြန်ကျမည့်ရက်ကို တွက်ချက်နှိုင်းယှဉ်ပြီးလျှင် ၁၃၀၁ ခုနှစ်လောက်ကစ၍ ဧပြီလ (၁၄) ရက်နေ့နှင့် ဆုံ၍ မဟာသင်္ကြန်ကျလိမ့်မည်ဟု တင်ကြိုရေးသားခဲ့ဖူးသေးသည်။
မဟာသင်္ကြန်ကျမည့်ရက်သိလိုက
ဤဆောင်းပါးတွင် ဖော်ပြထားသည့် အင်္ဂလိပ်ရက်နှင့် မြန်မာသင်္ကြန်ကျမည့်ရက်များ နှိုင်းယှဉ်ချက်သည် ဆရာကြီး ဦးကျော်ရန် ဆောင်းပါးမှ ကောက်နှုတ်ဖော်ပြချက်ဖြစ်ပါသည်။ ဤတွင် မဟာသင်္ကြန်ကျမည့်ရက်ကို အလွယ်တကူ တွက်ယူနိုင်သော အကြမ်းနည်းမှာ လွန်ခဲ့သောနှစ် သင်္ကြန်တက်သောရက်ကစ၍ ရေတွက်လျှင်၊ (၃၆၄) ရက်စေ့ ရောက်သောနေ့လည် လာမည့်နှစ်၌ မဟာသင်္ကြန်ကျမည့်ရက်ဖြစ်ကြောင်း သိနိုင်ပေသည်။ နေ့အတွက်ကိုကား လွန်ခဲ့သောနှစ်က အတာနေ့ဟု ဆိုအပ်သော သင်္ကြန်တက်သည့်နေ့တွင် တခုနှုတ်၍ သို့မဟုတ် တရက်သည် ၁၃၁၆ ခုနှစ်အတွက် သင်္ကြန်စာကို ပြန်ကြည့်လျှင် ၁၃၁၅ ခုနှစ် နှောင်းတန်ခူး (၁၂) ရက်နေ့သည် ညဥ့် (၂) ချက်တီးကျော် (၁၃) ရက်သောကြာနေ့တွင် မဟာသင်္ကြန်တက်ခဲ့သောကြောင့် ထိုသင်္ကြန်တက်သည့် သောကြာနေ့တွင် တရက်နောက်ဆုတ်၍ ရေတွက်က ကြာသပတေးနေ့ကျသဖြင့် ယခုနှစ် မဟာသင်္ကြန်ကျသည့် နေ့သည် နှောင်းတန်ခူးလပြည့်ကျော် (၆) ရက်နေ့ ညဥ့် (၃) ချက်တီးကျော် (၇) ရက် ကြသပတေးနေ့အ၀င်တွင် မဟာသင်္ကြန်ကျပေကြောင်း အလွယ်တကူ တွေ့ရမည်ဖြစ်ပေသည်။ အတိအကျအားဖြင့်မူကား လွန်ခဲ့သည့်နှစ် မဟာသင်္ကြန်ကျသော နေ့ရက်ချိန်မှ (၃၆၅) ရက် (၆) နာရီ (၁၂) မိနစ် (၃၆) စက္ကန့် စေ့ရောက်လျှင် လာမည့်နှစ်၌ မဟာသင်္ကြန်ကျမြဲဖြစ်ကြောင်း ဖြစ်ပေသည်။
အတာစားခြင်းဟူသည်ကား
ဤတွင် မဟာသင်္ကြန်နှင့် တွဲဖက်၍ အတာ- အတာစားခြင်းဟူသော အမည်ဝေါဟာရများလည်း သင်္ကြန်စာများတွင် ပါရှိမြဲဖြစ်ပေရာ၊ ယင်းအတာကို ဤသို့ သိရှိအပ်ပေသည်။ “အတာ” ဟူသည် လောကီအလို ဒဏ်သင့်ခြင်းဖြစ်သည်။ အတာရက်မှာ သင်္ကြန်အတက်ရက်နှင့် သက်ဆိုင်၍ ထိုနေ့သားသမီးများ အတာစားကြရသည်။ ယခုနှစ်အဖို့ရာတွင် မြန်မာသက္ကရာဇ် ၁၃၁၆ ခု၊ နှောင်းတန်ခူးလပြည့်ကျော် (၉) ရက် စနေနေ့တွင် အတာတက်မည်ဖြစ်ရာ၊ အတာစားခြင်းနှင့် ပတ်သက်၍ သင်္ကြန်စာများက ထိုသို့ တက်သောအခါ စနေသား၊ စနေသမီးတို့သည် ကောင်းမွန်ထူးခြား၊ ၀တ်စားသာရွှင်၊ တန်းဆာဆင်လျက်၊ ဘုန်းအင်သကျ၊ မြတ်ဇနိနှင့်၊ ဓမ္မသင်္ဃာ၊ ဆရာမိဘ၊ ဘိုးကဘွားစုံ၊ ပူဇော်တုံမှ မွှေးထုံနံ့သာ၊ ကိုယ်မှပြုပြင်၊ ၀တ်ဆင်တန်ဆာ အံ့ရာဖြင့်ညီ၊ ကောင်းချီးစုံစေ့၊ ရွှင်ပျော်မွေ့လျက်၊ ချိုမြက်ရသာ၊ ရှေ့မှာခင်းကျင်း၊ ဖြည့်တင်းအတာ၊ ဂြဟဇာပွင့်ရာ၊ အနောက်တောင်ထောင့်အရပ် သို့ မျက်နှာမူ၍၊ အုန်းညွန့်ကို ပန်ဆင်ပြီးလျှင် အတာစားကုန်ရာသည်။ အတာစားရသော အကျိုးကား … အတာကမ္မံ၊ ကရောန္တဿ မဟာပုညံ မဟပ္ပလံ၊ မဟိဒ္ဓိကံ မဟာတေဇံ၊ မဟာသုခံ လဘိဿတိ၊ ဝေရီဇေယံ၊ သုမင်္ဂ- ဟုလာသောကြောင့် ခပ်သိမ်းသော အန္တရာယ်ကင်းပျောက်၍ ကောင်းကျိုးချမ်းသာ မင်္ဂလာအပေါင်းတို့နှင့် ပြည့်စုံကုန်ရာသည်။ ဟူ၍ နှိုးဆော်တိုက်တွန်းထားပေသည်။
ဤအတာစားခြင်းနှင့် ပတ်သက်၍ အကျိုးပြုတရားများကို တရားစာအချို့၌ ကောသလမင်းကြီးအား ဘုရားရှင် ကိုယ်တော်တိုင် ထုတ်ဖော်ဟောကြားတော်မူခဲ့လေဟန် ရေးသားထားသော်လည်း၊ ကေသလသုံယုတ်စသော ခိုင်ခံ့သောပါဠိတော်ကြီးများ၌ မပါမရှိဟု သိရပေသည်။ သို့ရာတွင် နှစ်ဦးအခါတွင် ကုသိုလ်နှင့် ယှဉ်သော မင်္ဂလာယူမှုဖြစ်၍၊ ပြုသင့်ပြုထိုက်သော ကိစ္စရပ်ဟုဆိုရပေမည်။ ယခုအခါ၌ ယင်းသို့သော စနစ်တကျ အတာစားမှုများ တိမ်ကောပပျောက် သလောက်ဖြစ်နေသော်လည်း၊ ဒန်း၊ အုန်းညွန့်၊ သပြေစသည်တို့ဖြင့် စိုက်ထိုးအပ်သော “အတာအိုး” များတည်ထားမှုကား တည်မြဲနေပေသေးသည်။ ယင်းအတာအိုးကိုကား သင်္ကြန်ကို စောင့်သည့်အနေဖြင့် သင်္ကြန်မကျမီကပင် ကြိုတင်ပြင်ဆင်ထားရသည်။ သင်္ကြန်ကျသည်နှင့် တပြိုင်နက် အတာအိုးမှ ရေကိုသွန်၍ သင်္ကြန်ပန်းကို အိမ်ဦးဝင်းထရံစသည်တို့၌ ထိုးစိုက်က ဆိုတောင်းဆုယူ ပြုကြလေသည်။
ဦးခေါင်းဆေးလျှော်ခြင်း
ထိုပြင် သင်္ကြန်အခါတွင် ပြုသင့်ပြုထိုက်သော ကိစ္စတရပ်ရှိပေသေးသည်။ ယင်းသည်မှာ ဦးခေါင်းဆေးလျှော်ခြင်း ဖြစ်သည်။ ဦးခေါင်းဆေးလျှော်ခြင်းသည် မိမိတို့ ကိုယ်အင်္ဂါတွင် အမြင့်မြတ်ဆုံးဖြစ်သော ဦးခေါင်းဆံပင်ဖျား၌ နောက်နှစ်ကတင်ရှိ ပါလာခဲ့သော ချေးညှော်အညစ်အကြေးများကို ကူးပြောင်းလတံ္တ့သော နှစ်တနှစ်ဦးဘက်ဆီိသို့ မပါစေရန်အတွက်ဟု အယူရှိကြပေသည်။ နိမိတ်မင်္ဂလာယူခြင်းပင်ဖြစ်သော်လည်း စိတ်၏ သန့်ရှင်းမှု၊ ကိုယ်၏ သန့်ရှင်းမှုဟု အကျိုးပြုရာရောက်၍ ပြုသင့်ပြုထိုက်သော ကိစ္စပင်ဖြစ်သည်။
သင်္ကြန် (၃) မျိုး
ဤဦခေါင်းဆေးလျှော်ရာ၌လည်း အတာစားခြင်းကိစ္စမှာကဲ့သို့ စနစ်တကျဖြစ်စေရန် သင်္ကြန်စာများက ဖော်ပြကြပေသေးသည်။ သင်္ကြန်သည် ဗသျှုသင်္ကြန်၊ အာရာမသင်္ကြန်၊ သာမန္တသင်္ကြန်ဟူ၍ သုံးမျိုးရှိရာ ဗသျှုသင်္ကြန်မှာ သင်္ကြန်မ၀င်မီ ဆေးရ၍၊ အာရာမသင်္ကြန်မှာ ၀င်ဆဲဆေးရပြီးလျှင်၊ သာမန္တသင်္ကြန်ကား သင်္ကြန်ဝင်၍ တနာရီလွန်မှ ဆေးလျှော်ရသည်ဟု သင်္ကြန်ဝင်တွက်ရိုးကျမ်းများက ဖော်ပြကြပေသည်။ ယခုနှစ် သင်္ကြန်မှာ သင်္ကြန်တွက်ရိုးများအရ “သမန္တ” သင်္ကြန်ကျသဖြင့် သင်္ကြန်စာများ၌ “သင်္ကြန် (၃) ပါးတွင် သမန္တသင်္ကြန်ဖြစ်သောကြောင့် အင်္ဂါသားသမီး၊ ကြသပတေးသားသမီးတို့ကို ချန်လှပ်၍ ကြွင်းသော (၅) ရက် သားသမီးတို့သည် သင်္ကြန်ကျပြီးနောက် တနာရီသို့ ရောက်လျှင် (၂၄) မိနစ်လွန်သော် မိမိတို့ ဂြဟပတိအရပ်သို့ သွား၍ ဂြဟဇာပွင့်ရား အရှေ့တောင်ထောင့်အရပ်သို့ တနာရီသို့ မျက်နှာမူပြီးလျှင် ရတနာသုံးပါး သိကြားဗြဟ္မာ စတုလောကပါလ သာသနာတော်စောင့် သမာဒေ၀နတ်ကောင်း နတ်မြတ်၊ မိဘဘိုးဘွား ဆရာသမားတို့အား တိုင်ကြားပသပူဇော်ပြီးလျှင် သစ်ပင်ရင်း၌ ဦးခေါင်းဆေးကုန်ရာသည်။ အင်္ဂါသားသမီး၊ ကြသပတေးသားသမီးတို့မှာ အကြတ်နေ့ နံနက် မိမိတို့ ဂြဟပတိအရပ်သို့ သွား၍ ဂြဟဇာပွင့်ရာ တောင်ရပ်သို့ မျက်နှာမူ၍ ဦးခေါင်းဆေးကုန်ရာ သည်။ ဦးခေါင်းဆေးပြီးလျှင် ဆောင်ရာသောပန်းကား တနင်္ဂနွေ ကံ့ကော်၊ တနင်္လာ နေဇာ၊ သောကြာ ဒန်း၊ စနေ အုန်းညွန့်တို့ကို ပန်ဆောင်ကုန်ရာသည်။ ဦးခေါင်းဆေးရာသော အကျိုးကား (သင်္ကန္တံ သတ္တရုဘယံ ၀ိနဿန္တု) ဟူ၍ လာသောကြောင့် အပြစ်ခပ်သိမ်းကင်းပျောက်၍ ကောင်းကျိုးများစွာ ရောက်ကုန်ရာသည်” ဟု ဖော်ပြထားပေသည်။ စလေဆရာကြီးဦးပုည၏ မိဿရာသီ တန်ခူးလဘွဲ့တေးထပ်၌ “တည့်သုံးဘ၀ါးရိပ် ဆာယာမှာ၊ တူမကွာ မောင်မယ်နွှဲလို့၊ မြတ်သည့်ပွဲ သင်္ကြန်တော် တီးခြိမ့်ခြိမ့်ကြော်။ ထီးကမ္ဗုရိပ်ပျော်ငယ်၊ ခေါင်းလျှော်တော်မူမြဲထင့်လေး။ ။ ဟု စပ်ဆိုထားခြင်းဖြင့်လည်း ရှေးပဒေသရာဇ်ခေတ်က နန်းတွင်းသူ နန်းတွင်းသားများ တခမ်းတနားပင် သင်္ကြန်တော် ခေါင်းဆေးမင်္ဂလာ ပြုလုပ်ခဲ့ပုံကို မျှော်မှန်းနိုင်ပေသည်။
ရေဖျန်းသဘင် ကစားခြင်းအစဉ်
ဤမဟာ သင်္ကြန်ကူးပြောင်းခြင်းသည် အာပေါဓာတ် မိုးနက္ခတ် ရေရာသီ ငါးကြင်းရုပ် အမှတ်အသားရှိသော မိန်ရာသီိမှ ဆိတ်ရုပ်သဏ္ဌာန်၊ ဆိတ်တို့၏ သဘောပူသော မိဿရာသီတို့ တနင်္ဂနွေဂြိုဟ်မင်း ကူးပြောင်း ၀င်လာခြင်းဖြစ်၍ ကူးပြောင်းသော ရာသီအိမ်အားလျော်စွာ သင်္ကြန်ရေတို့ဖြင့် ဆီးကြိုကြခြင်းဖြင့် ရေဖျန်းသဘင် ပျော်ရွှင်ကစားခြင်းတည်းဟူသော အတာသဘင် သည် ဖြစ်ပေါ်ခဲ့ရပေသည်။
သာသနာဝင်ကျမ်းများအရ ကပ္ပီလ၀တ်ပြည် သာကီဝင်မင်းမျိုးတို့ ရေဖျန်းသဘင် ကစားကြခြင်းသည် အတာသဘင်၏ သမိုင်းစဉ် တွင် ရှေးအကျဆုံးသော မှတ်တမ်းတရပ်ဖြစ်ပေသည်။ ထိုသည့် နောက် မဟာရာဇ၀င်တွင် ဖော်ပြပါရှိသော ပုဂံပြည်နရသီဟပတေ့၊ တရုတ်ပြေးမင်းလက်ထက် ကျင်းပခြင်းသည် ဒုတိယမြောက်ဖြစ်၍ မြန်မာပြည်အတွက်ဆို လျှင် ရှေးအကျဆုံးတွေ့ရသော အတာသဘင်မှတ်တမ်း ဖြစ်ပေသည်။
မန်မာတို့၏ ထီိးမူနန်းရာ အစဉ်လာယဉ်ကျေးမှုများသည် သာကီဝင်မင်းတို့၏ ထုံးတမ်းစဉ်လာမှ သက်ဆင်းခဲ့သည် သာများ၍ ဤရေဖျန်းသဘင်ကျင်းပခြင်းလည်း ထိုသို့ပင် မှတ်ယူရမည်ဖြစ်ပေသည်။ တရုတ်ပြေးမင်းလက်ထက် ရေဖျန်းသဘင် ကစားပုံမှာ နန်းတော်ကသည် မြစ်ဆိပ်သို့တိုင်အောင် တလျှောက်တည်း တဲဆောက်ပြီးသော် လူမမြင်သာအောင် ကာရံပြီးသော် နန်းတော်က မိဖုရား မောင်းမတို့နှင့် တကွ တဲတန်းဥမင်ထဲကို ကြွသွား၍ ရေဆိပ်မှာ ရေကစားခြင်း ဖြစ်လေသည်။ ဤတရုတ်ပြေးမင်းလက်ထက် ကျင်းပခဲ့သော ပုဂံခေတ်သင်္ကြန်နှင့် ပတ်သက်၍ ယခုကမ္ဘာ့ငြိမ်းချမ်းရေးစတာလင်ဆုရ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ မစ္စတာ မောင်မှိုင်းအမည်ဖြင့် စီရင်ရေးသားခဲ့သော “မျောက်ဋီကာ” ကျမ်းကြီး၌ “သြော် ပြန်လှန်ဆပြန်တော့၊ သင်္ကြန်ကျချိန်ပေါ့၊ ယမန်သမယဆီက ပုဂံသမ္မတ ရှင်ဘုရင် သားမြွာဘာပါတဲ့၊ ဆောင်းမှနွေအလည် ဘုန်းရောင်တော်ပြနေကြ၊ မောင်မရွေ့ညီ၊ မဟေသီသုံးထောင်ကျော်မျှရယ်နှင့်၊ သည်လနွေရသီမှာဖြင့်၊ ဆွေကလျာမဒီတွေကို ချစ်စိတ်စမ်းလိုတဲ့ တအားရယ်နှင့်၊ ဧရာဝတီမြစ်ဆိပ်ကမ်းတခိုသို့ သွားပါလို့၊ ရွှေနန်းစဉ်အလာ ရေဖျန်းမင်္ဂလာ ကစားစဉ်က” ဟူ၍ လေးချိုးကြီးဖြင့် မှတ်တမ်းတင် ဖော်ပြခဲ့ပေသည်။ စင်စစ် ဤတခေတ် ရေဖျန်းသဘင် ပွဲတော် မင်္ဂလာသည် မူလရည်ရွယ်ရင်းဖြစ်သော် ပျော်ရွှင်ချမ်းမြေ့ခြင်း သဘောသို့ မသက်ရောက်တော့ဘဲ ၀မ်းနည်းပူဆွေး ဖွယ်ရာဖြင့် နိဂုံးချုပ်လိုက်ရသည်မှာ ယဉ်ကျေးမှု ပျက်ပြားချွတ်ယွင်းခဲ့ခြင်း၏ အကျိုးသက်ရောက်မှုပင် ဖြစ်တော့သည်။
အတာသဘင်ကို ယဉ်ကျေးဖွယ်ရာ ဆင်နွှဲကြစေ
ယင်းကြောင့်လည်း နောက်မင်းအဆက်ဆက်တို့ လက်ထက်၌ ပြည်သူတို့အား အခါ (၃) ရက်အတွင်း ထုံးစံရှိသည့် အတိုင်း နံနက် ညနေအချိန်တွင်သာ ရေကြည်ရေအေး၊ အမွှေးအထုံရည်များနှင့် ယဉ်ကျေးဖွယ်ရာ ပက်ဖျန်းကစား ကြရမည့်အကြောင်းကို မြို့တွင်းမြို့ပြင် ရပ်စုကွက်စုများ၌ သင်္ကြန်မကျမီကပင် တင်ကြို၍ မောင်းကြေးနင်းခပ်ကာ သတိပေးခဲ့ကြပေသည်။
ဆီသည့် ရွာစား “လက်ျာရွှေတောင်” ဘွဲ့ရ ဦးအောင်ကြီးဆို “သာစွလေ” အစချီသော (၁၂) ရာသီဘွဲ့လူတား မိဿရာသီ တန်ခူးလဘွဲ့တွင် “ကောင်းကင်မိုးလ၊ စိတ္တရနှင့်၊ မိဿရာသီ၊ အညီခါကျော်၊ နှစ်ဦးပေါ်က၊ ကံ့ကော်ရင်ကတ်၊ ပင်တိုင်းညွတ်မျှ၊ ပွင့်ဝတ်ဝေေ၀၊ တောင်လေသုတ်ဖြူး၊ လတန်းခူးမူ၊ မြူးထူးပျော်ရွှင်၊ တာသဘင်ဝယ်၊ ဆင်ယင်တုပ၊ လှရရတည့်၊ ငြိမ့်မျှစောင်းငြင်း၊ အဲသီချင်းနှင့် ထုံသင်းနံ့သာ၊ ရေသီဒါငယ်၊ စမ္ပာကရမက်၊ ပန်းပေါင်းဖက်၍၊ ရွှေခွက်အပြည့်၊ မွှေးမျိုးထည့်မှ၊ လည်လှည့်ဆူလှယ်၊ ကင့်စံပပယ်လျက်၊ ပြုံးရယ်ရွှင်အား၊ စံပျော်ပါးသည်၊ ကစားထုံရည်ဖျန်းတည့်လေး။ ပွင့်လင်းစည်သည်၊ ရွှေပြည်ရွှေဝနန်းတည့်လေး။” ဟူ၍ စပ်ဆိုခဲ့ခြင်းဖြင့် ရှေးခတ်မြန်မာတို့ အတာသဘင်ကို ယဉ်ကျေးသိုက်မြိုက်စွာ ဆင်နွှဲခဲ့ပုံကို သိနိုင်ပေသည်။ ရတနာပုံ မန္တလေးခေတ်သို့ ရောက်သည့်အခါ၌ကား အတာသဘင်၏ ယဉ်ကျေးမှုစံချိန်သည် အထွတ်အထိပ်သို့ တိုင်လေတော့သည်။ ယင်းအကြောင်းကို ထိုခေတ်က စပ်ဆိုသီရေးခဲ့သည့် ကဗျာ၊ လင်္ကာများတွင်လည်းကောင်း၊ ရာဇ၀င်တော်ကြီ၌လည်းကောင်း တွေ့မြင်ဖတ်ရှုနိုင်ပေသည်။
သင်္ကြန်တွင်း ရှောင်သင့်ရာရာ
အထူးသဖြင့် ဤသင်္ကြန်အခါတွင် ရှောင်ကြဉ်သင့် ရှောင်ကြဉ်ထိုက်သည့်ကိစ္စများကိုလည်း သင်္ကြန်တွက်ရိုးကျမ်း များ၌ ဖော်ပြထားပေရာ၊ ယင်းသည့်အချက်များကို မဟာသင်္ကြန်စာများကလည်း အကျဉ်းချုပ်၍ တဖန်တင်ပြကြ ပြန်သည်။ သင်္ကြန်စာများတွင် ဖော်ပြပါရှိသည့် ရှောင်ကြဉ်ရမည့် အချက်စုတို့မှာ-
“အိမ်ရာမမှား၊ သားငါးသုတ်သင်၊ သစ်ပင်ခုတ်မြစ်၊ ပုတ်ခတ်ငိုကြွေး၊ ကိုယ်သွေးထုတ်ခြင်း၊ ဆီနနွင်းက၊ သောက်ခြင်းသေစာ၊ ဥစ္စာထုတ်သွင်း၊ အောင်တမန်စေလွှတ်ခြင်း၊ ဤ (၁၀) ပါးသော အမှုတို့ဖြစ်ပေသတည်း” သင်္ကြန်တွက်ရိုးများ၌ ဤ (၁၀) ပါးသော အမှုတို့ကို လူမဆိုထားဘိ သိကြားမင်းသော်လည်း ရှောင်ကြဉ်ရာ၏ဟု ပညတ်ချက်ထုတ်ထားရာ၊ တကယ်လည်းရှောင်ကြဉ်သင့်သော အချက်များဖြစ်ကြသဖြင့် ရှောင်သင့်သည်ကို ရှောင်၍ ဆောင်သင့်သည်ကို ဆောင်ကြပြီးလျှင် နှစ်သစ်ဘက်သို့ မင်္ဂလာယူပြီး ကူးပြောင်းနိုင်ကြပါစေသတည်း။
No comments:
Post a Comment