သတ္တ၀ါတွေဟာ ကံတရားကိုယ်စီနဲ့ ခရီးသွားနေကြတာဖြစ်တယ်။ သူလဲ သူ့ကံနဲ့ သူ၊ ကိုယ်လဲ ကိုယ့်ကံနဲ့ကိုယ် ကံကိုယ်စီ ပါနေကြတယ်။ ကိုယ်ပြုတဲ့ကံက ကိုယ့်ထံသာ ပြန်လာလိမ့်မယ်။ ကောင်းတဲ့ကံကလဲ ပြန်လာမှာပဲ။ မကောင်းတဲ့ကံကလဲ ပြန်လာမှာပဲ။ အချိုပင်စိုက်ရင် အချိုသီး သီး၍ အချဉ်ပင်စိုက်ရင် အချဉ်သီးသီးသလို။ ဒါက ဘုရား ပေးတဲ့ဥပမာ။ (ယာဒိသံ ၀ပတေ ဗီဇံ၊ တာဒိသံ ဟရတေ ဖလံ။) ဒါကြောင့် ဘုရားရှင်က ကံနဲ့ စပ်လို့ မိန့်တော်မူတာက ကိုယ်လုပ်ခဲ့သမျှ ကိုယ်ပြန်တွေ့နေရတာပါပဲတဲ့။ (ယာနိ ကရောတိ ပုရိသော၊ တာနိ အတ္တနိ ပဿတိ။)
ဒါပေမယ့် ကံသဘောတရားက ဆန်းကြယ်တယ်။ အခုလုပ်တယ်။ အခုတွေ့ချင်မှတွေ့ရတာ။ ချက်ချင်းလက်ငင်း အကျိုးပေးတာမျိုးလဲရှိ၊ မပေးတာမျိုးလဲရှိတယ်။ ယခုဘ၀မှာတင် ချက်ချင်း အကျိုးပေးတာမျိုးကျတော့ ဒိဋ္ဌဓမ္မလို့ ဆိုပါတယ်။ နောက်နောက်ဘ၀တွေ အကျိုးပေးတာမျိုးကျတော့ ဥပပဇ္ဇ၊ အပရာပရိယဆိုတဲ့ကံတွေပေါ့။ ဘာမှ အကျိုးမပေးတော့ဘူးဆိုရင်တော့ အဟောသိကံ ဖြစ်သွားတယ်။ အခုဘ၀အကျိုးပေးတဲ့ကံရယ် နောက်ဘ၀အကျိုး ပေးမယ့်ကံရယ် ဒါလိုရင်းပါပဲ။ ကံတစ်ခုလုပ်လိုက်တဲ့အခါမှာ ယခုဘ၀အကျိုးပေးတဲ့ကံလဲ ပါသွားတယ်။ ဒုတိယဘ၀ အကျိုးပေးမယ့်ကံ၊ တတိယဘ၀မှ နိဗ္ဗာန်မရမီ ကြားကာလမှာ အလျဉ်းသင့်သလို အကျိုးပေးမယ့်ကံတွေလဲ ပါသွားတာပါပဲ။ အကျိုးပေးချိန်တန်လို့ အကျိုးမပေးတော့ဘူးဆိုရင်တော့ အဟောသိကံ ဖြစ်သွားတာပေါ့။
အဘိဓမ္မာနည်းကျကျ ဇောတွေနဲ့ ပိုင်းခြားပြောရမယ်ဆိုရင် ပထမဇောစေတနာက ယခုဘ၀ အကျိုးပေးတယ်။ သတ္တမဇောစေတနာက ဒုတိယဘ၀အကျိုးပေးတယ်။ အလယ်ဇောငါးချက်စေတနာက တတိယဘ၀မှ နိဗ္ဗာန်မရမီ ကြားကာလမှာ အကျိုးပေးတယ်။ ယခုဘ၀အကျိုးပေးရမယ့် ပထမဇောစေတနာက ယခုဘ၀အကျိုးမပေးတော့ဘူး ဆိုရင် အဟောသိကံ၊ သတ္တမဇောစေတနာက ဒုတိယဘ၀အကျိုးမပေးတော့ဘူးဆိုရင် သူလဲ အဟောသိကံ၊ အလယ်ဇောငါးချက်စေတနာက တတိယဘ၀မှ နိဗ္ဗာန်မရမီကြားကာလမှာ အကျိုးပေးခွင့်မရလိုက်ဘူးဆိုရင် သူလဲ အဟောသိကံဖြစ်သွားတယ်။ ကံတစ်ခုဖြစ်ပြီဆိုရင် ဇောခုနှစ်ချက် ကျတာပဲ။ ဒါပေမယ့် ဇောတိုင်းကတော့ ကံတွေမဟုတ်ပါဘူး။ လောကီကုသိုလ်ဇော၊ အကုသိုလ်ဇောတွေကသာလျှင် ကံအဖြစ် တာဝန်ယူသွားတာပါ။ ဒါက အဘိဓမ္မာအခြေခံရှိသူတွေ နားလည်အောင်ပြောလိုက်တာပါ။
အများနားလည်အောင်ပြောရရင် ကုသိုလ်စေတနာ၊ အကုသိုလ်စေတနာ အခြေခံလုပ်တဲ့ အလုပ်တွေမှန်သမျှဟာ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ကံဖြစ်သွားတယ်။ ကိုယ်နဲ့လုပ်လုပ်၊ နှုတ်နဲ့ပြောပြော၊ စိတ်နဲ့ကြံကြံ အားလုံးဟာ ကံတွေပါပဲ။ ဒါကြောင့် သတ္တ၀ါတွေဟာ အချိန်နဲ့အမျှ ကံတွေကို ဖန်တီးနေကြတယ်။ ကံမပြုလုပ်တဲ့နေ့ဆိုတာ မရှိဘူး။ ကိုယ့်စေတနာအပေါ်မူတည်ပြီး ကောင်းတဲ့ကံ၊ ဆိုးတဲ့ကံဆိုတာတွေ အလိုလို ကွဲပြားသွားတယ်။ ဒါကြောင့် သတ္တ၀ါတွေမှာ ကံတရားကိုယ်စီရှိကြတယ်လို့ မှတ်ရမယ်။ ကိုယ်ပြုတဲ့ကံသာလျှင် ကိုယ်ပိုင်ဥစ္စာပဲ။ ကောင်းတဲ့ဥစ္စာကို ပိုင်အောင်လုပ်မလား၊ မကောင်းတဲ့ဥစ္စာကို ပိုင်အောင်လုပ်မလား၊ ဒါပဲ စဉ်းစား ဆုံဖြတ်။ ကံသာလျှင် ကိုယ့်ရဲ့ အမွေပဲ။ ကောင်းမွေရချင်လား ဆိုးမွေရချင်လားပေါ့။ ကံသာလျှင် အကြောင်းပဲ။ ကောင်းတဲ့အကြောင်း ထားခဲ့မလား၊ ဆိုးတဲ့အကြောင်းထားခဲ့မလား။ ကံသာလျှင် ဆွေမျိုးပဲ။ ကောင်းတဲ့ဆွေမျိုးနဲ့နေချင်လား၊ မကောင်းတဲ့ဆွေမျိုးနဲ့ နေချင်လား။ ကံသာလျှင် အားကိုးအားထားရာပဲ။ ကောင်းတာကို အားကိုးမလား၊ မကောင်းတာကို အားကိုးမလား။ နောက်ဆုံးတော့ ကိုယ်ပြုတဲ့ကံတွေရဲ့ ကောင်းမွေ ဆိုးမွေတွေကို ခံကြရစမြဲပါပဲ။
စူဠကမ္မ၀ိဘင်္ဂသုတ်မှာ သုဘလုလင်က ဘုရားရှင်ကို သူသိချင်တာလေးတွေ မေးလို့ ဘုရားရှင်ဖြေကြားချက်လေးတွေ ဒီမှာ အလျဉ်းသင့်လို့ပြောပြမယ်။ သတ္တ၀ါတွေ တစ်ယောက်နဲ့တစ်ယောက် မတူတာဟာ ကံတွေ မတူကြလို့တဲ့။ အကျယ်ချဲ့ပြောရရင်
၁။ သူ့အသက်သတ်တဲ့ပုဂ္ဂိုလ်တွေ သေရင်ငရဲကျမယ်၊ ငရဲမကျဘဲ လူဖြစ်လာရင် အသက်တိုမယ်။ အသက်သတ်ခြင်းမှ ရှောင်ကြဉ်ရင် နတ်ပြည်ရောက်မယ်၊ နတ်ပြည်မရောက်ဘဲ လူဖြစ်လာရင် အသက်ရှည်မယ်။
၂။ သတ္တ၀ါတွေကို ညှင်းဆဲနှိပ်စက်တဲ့ပုဂ္ဂိုလ်တွေ သေရင် ငရဲကျမယ်၊ ငရဲမကျဘဲ လူဖြစ်လာရင် အနာရောဂါများမယ်။ ညှင်းဆဲနှိပ်စက်ခြင်းမှ ရှောင်ကြဉ်ရင် နတ်ပြည်ရောက်မယ်၊ နတ်ပြည်မရောက်ဘဲ လူဖြစ်လာရင် အနာရောဂါကင်းမယ်။
၃။ ဒေါသ အဃာတကြီးတဲ့ပုဂ္ဂိုလ်တွေ သေရင်ငရဲကျမယ်၊ ငရဲမကျဘဲ လူဖြစ်လာရင် အရုပ်ဆိုးမယ်။ ဒေါသမကြီးဘဲ မေတ္တာနဲ့နေရင် နတ်ပြည်ရောက်မယ်၊ နတ်ပြည်မရောက်ဘဲ လူဖြစ်လာရင် ရုပ်ရည်အဆင်းလှပမယ်။
၎။ မနာလိုခြင်း ငြူစူခြင်း ဣဿာအားကြီးတဲ့ပုဂ္ဂိုလ်တွေ သေရင်ငရဲကျမယ်၊ ငရဲမကျဘဲ လူဖြစ်လာရင် ဘုန်းတန်ခိုး၊ အရှိန်အစော်၊ အကျော်စောမဲ့မယ်။ ဣဿာ ကင်းမယ်ဆိုရင် နတ်ပြည်ရောက်မယ်၊ နတ်ပြည်မရောက်ဘဲ လူဖြစ်လာရင် ဘုန်းတန်ခိုး အရှိန်အစော်ကြီးမယ်၊ ထင်ပေါ်ကျော်စောမယ်။
၅။ အလှူအတန်း အပေးအကမ်းနဲတဲ့ပုဂ္ဂိုလ်တွေ သရင် ငရဲကျမယ်၊ ငရဲမကျဘဲ လူဖြစ်လာရင် စည်းစိမ်ဥစ္စာနဲ ဆင်းရဲမယ်၊ အလှူအတန်း အပေးအကမ်း ရှိတဲ့ပုဂ္ဂိုလ်တွေ နတ်ပြည်ရောက်မယ်၊ နတ်ပြည်မရောက်ဘဲ လူဖြစ်လာရင် ချမ်းသာမယ်။
၆။ မာနထန်ပြင်းတဲ့ပုဂ္ဂိုလ်တွေ သေရင် ငရဲကျမယ်၊ ငရဲမကျဘဲ လူဖြစ်လာရင် နိမ့်ကျတဲ့အမျိုးမှာ ဖြစ်မယ်၊ မာနကင်းတဲ့ပုဂ္ဂိုလ်တွေ သေရင် နတ်ပြည်ရောက်မယ်၊ နတ်ပြည်မရောက်ဘဲ လူဖြစ်လာရင် အဆင့်အတန်းမြင့်တဲ့ မျိုးရိုးမှာ ဖြစ်မယ်။
၇။ ကုသိုလ်မှန်း အကုသိုလ်မှန်းသိအောင် ဆည်းပူးလေ့လာမထားတဲ့ပုဂ္ဂိုတွေ သေရင် ငရဲကျမယ်၊ ငရဲမကျဘဲ လူဖြစ်လာရင် ပညာနဲမယ်၊ ဉာဏ်ထိုင်းမယ်၊ ဆည်းပူးလေ့လာထားတဲ့ပုဂ္ဂိုလ်တွေ သေရင် နတ်ပြည်ရောက်မယ်၊ နတ်ပြည်မရောက်ဘဲ လူဖြစ်လာရင် ပညာကြီးမယ်၊ ဉာဏ်ကောင်းမယ်။
ဒါဟာ ဘုရားရှင်က သုဘလုလင်ကို ကံအကြောင်း ထင်လွယ်မြင်လွယ်အောင် နားလည်အောင် ချဲ့ဟောခဲ့တဲ့ တရားတော်ပါ။ အကုသိုလ်ကံရဲ့ ဆိုးကျိုးနဲ့ ကုသိုလ်ကံရဲ့ ကောင်းကျိုးကို နှိုင်းယှဉ်ဟောတော်မူခဲ့တာပါပဲ။ ဒါဟာ ဘုရားရှင်က သဘောတရားလောက် ထောက်ပြတော်မူခဲ့တာပါ။ ဒါထက်လဲ အကျယ်ချဲ့ပြီး ကိုယ်ကိုယ်တိုင် သိနားလည်ထားရပါမယ်။
ကမ္မံ သတ္တေ ၀ိဘဇတိ- တဲ့။ သတ္တ၀ါတွေကို ကံတရားက စီမံနေတာ။ ကံတရားက တစ်ယောက်နဲ့ တစ်ယောက် မတူအောင် ခွဲခြားထားတာ။ အချို့ အသက်တို၊ အချို့ အသက်ရှည်။ အချို့ ရောဂါများ၊ အချို့ ရောဂါနဲ။ အချို့ ရုပ်ဆိုး၊ အချို့ ရုပ်လှ။ အချို့ မထင်ပေါ်၊ အရှိန်အ၀ါနဲ၊ အချို့ ထင်ပေါ်ကျော်ကြား၊ အရှိန်အ၀ါကောင်း။ အချို့ချမ်းသာ၊ အချို့ဆင်းရဲ။ အချို့ အမျိုးယုတ်၊ အချို့ အမျိုးမြတ်။ အချို့ဉာဏ်ကောင်း၊ ပညာတတ်၊ အချို့ ဉာဏ်ထိုင်း၊ ပညာမတတ်။ စသည်ဖြင့် ဒီလိုတွေ မတူအောင်ဖြစ်နေကြတာဟာ အခြားကြောင့်မဟုတ်ဘူး၊ ကိုယ်ပြုခဲ့တဲ့ကံအတိုင်း ဖြစ်နေကြတာပါပဲ။ မှန်ထဲမှာ ကိုယ်က ပြုံးပြရင် ပြုံးပြုံးလေးပေါ်ပြီး မဲ့ပြရင် မဲ့မဲ့ကြီးပေါ်သလို ကိုယ်လုပ်ခဲ့တဲ့ကံတွေရဲ့ အကျိုးတွေ ပြန်ပေါ်နေတာပါပဲ။ ဒါလောက်ဆိုရင် ကိုယ့်ဘ၀နဲ့ ကိုယ့်ကံကို အကဲခတ်နိုင်လောက်ပါပြီ။ ကိုယ့်ဘ၀မှာ ဘာတွေ ညံ့နေလဲဆိုတာ သုံးသပ်ဆင်ခြင်ရပါတယ်။ ညံ့နေတာလေးတွေ တွေ့ရင် အဲဒီဟာကွက်ကို သတိထားပြီး ပြန်ဖြည့်ဖို့လိုပါတယ်။ ရုပ်ဆိုးနေရင် အတိတ်က ဒေါသကြီးခဲ့လို့။ ဒါဆို ဒီဘ၀ ဒေါသလျှော့၊ မေတ္တာပွား။ ဒီဘ၀ ရောဂါများနေရင် အတိတ်က သတ္တ၀ါတွေ ညှင်းဆဲအားကြီးလို့။ ဒီဘ၀ သတ္တ၀ါတွေကို အထူးစောင့်ရှောက်ပေါ့။
အတိတ်ကံက ပဋိသန္ဓေနဲ့ တွဲပေးလိုက်တဲ့အကျိုးကိုတော့ ပြင်လို့မရတော့ဘူး။ ဥပမာ နိမ့်ကျတဲ့မျိုးရိုးမှာ အတိတ်ကံက ပို့လိုက်တာ၊ ကိုယ်က မြင့်မြတ်တဲ့သူကို မိဘတော်ချင်လို့ မရတော့ဘူး။ ဒါက အတိတ်ကပို့လိုက်တဲ့ကံကိုး။ ဒါပေမယ့် (ပ၀တ္တိကာလ) မွေးဖွားပြီးနောက်မှ ပေါ်လာမယ့် အကျိုးပေးမယ့် အတိတ်ကံတွေလဲရှိတယ်။ အဲဒီကံမျိုးတွေကျတော့ ပစ္စုပ္ပန်ကံနဲ့ ပြန်ထိန်းလို့ရတယ်။ ကံဆိုတာက လူတိုင်းလူတိုင်းမှာ အများကြီးရှိနေကြတာပါ။ ကောင်းတာတွေရော မကောင်းတာတွေရောပဲ။ ဒီဘ၀ကောင်းနေပေမယ့် အတိတ်ဘ၀က မကောင်းတာတွေလဲ လုပ်ခဲ့မိတတ်တာ ဘယ်သူမှ မငြင်းပယ်နိုင်ပါဘူး။ သို့သော် ကံဆိုတာ ရေများရေနိုင် မီးများ မီးနိုင်ဆိုတဲ့သဘောရှိတယ်။ ဒီဘ၀ အကုသိုလ်တော ထဲမှာပျော်နေရင် အတိတ်အကုသိုလ်ကံတွေက အကျိုးပေးခွင့်သာနေမယ်။ ဒီဘ၀ ကုသိုလ်များများလုပ်နေရင် အတိတ်က အကုသိုလ်ကံတွေက အကျိုးပေးချိန်တန်နေပေမဲ့ အကျိုးမပေးနိုင်တော့ဘူး။ ကုသိုလ်ကံတွေကပဲ အကျိုးပေး ခွင့်သာနေမယ်။
တစ်ချက် သတိထားရမှာက အကျိုးပေးကို တားလို့မရနိုင်တဲ့ကံတွေလဲ ရှိနေတတ်တယ်။ ဘယ်လိုပင် ကုသိုလ် လုပ်လုပ် အတိတ်အကုသိုလ်ကံအကျိုးပေးက ပြင်းထန်လွန်းတော့ တားဆီးလို့မရနိုင်ဘဲ ဆိုးကျိုးတွေ လာပေးတတ် တာတွေပေါ့။ ဘယ်လိုပင် အကုသိုလ်တွေ မကောင်းမှုတွေ တစ်ဘ၀လုံးလုပ်နေနေ အတိတ်က သူ့ရဲ့ကုသိုလ်ကံတွေက အားကြီးလွန်းတော့ ဒီဘ၀မှာ ကြီးပွားချမ်းသာနေတာတွေပေါ့။ အတိတ်ကလုပ်ခဲ့တဲ့ ကုသိုလ်ကံအားက ကောင်းလွန်းနေတော့ အတိတ်ကုသိုလ်ကံရဲ့အကျိုးပေးကို ဒီဘ၀လုပ်နေတဲ့အကုသိုလ်ကံက မတားဆီးနိုင်တော့ဘူး။
ဒါကြောင့် အကုသိုလ်ကံတွေကပင် မတားဆီးနိုင်လောက်အောင် ကောင်းတဲ့ကုသိုလ်ကံတွေကို များများလုပ်ထားရင် ဘ၀မှာ အင်မတန်အားကိုးရတယ်။ အကုသိုလ်ကံတွေ နဲနိုင်သမျှနဲအောင် ကြိုးစား၊ ကိုယ့်ဘ၀ ကံပိုင်းဆိုင်ရာ လိုကွက် ဟာကွက်လေးတွေ တွေ့ရင် တတ်နိုင်သလောက် ဖြည့်ဆည်း။ အထူးသဖြင့် အကုသိုလ်ကံက တားဆီးလို့မရတဲ့ ကုသိုလ်ကံမျိုးတွေဖြစ်အောင် များများလုပ်ထားဖို့လိုပါတယ်။ စေတနာအားကောင်းတဲ့ ကုသိုလ်ကံမျိုးတွေ၊ သဒ္ဓါအား ကောင်းတဲ့ ကုသိုလ်ကံမျိုးတွေ၊ ဉာဏ်ပါတဲ့ ကုသိုလ်ကံမျိုးတွေသာ များများလုပ်ထားလိုက်ပါ၊ အကျိုးပေး ချိန်တန်လာရင် ဘယ်အကုသိုလ်ကံကမှ တားဆီးလို့မရအောင် ကောင်းကျိုးတွေပေးပါလိမ့်မယ်။
No comments:
Post a Comment