ကျက်သရေမင်္ဂလာ အဖြာဖြာရှိစေရန်
ကုသိုလ်ကောင်းမှူဟူသမျှတို့ တွင် ၀ိပဿနာ ဘာဝနာ ကုသိုလ်သည် အကောင်းဆုံးဖြစ်၏။
ဗုဒ္ဓရှင်တော်မြတ်သည် ကုသိုလ်ကောင်းမှူလုပ်သူ ပုဂ္ဂိုလ်အပေါင်းတို့တွင် ၀ိပဿနာ ဘာဝနာကို
ပွားများသော ပုဂ္ဂိုလ်အားသာလျှင် ချီးမွမ်းတော်အမူဆုံးဖြစ်၏။
ဝိပဿနာ ဘာဝနာကား အဂ္ဂသာဝက မဟာသာဝကများနှင့်တကွ ဗုဒ္ဓမြတ်စွာ ကိုယ်တော်တိုင်
သဘောတူ ချီးမွမ်းတော်မူခဲ့ကြဖူးသည်။ဝိပဿနာ ဘာဝနာကို သဘောတူချီးမွမ်းတော်မူခဲ့ကြပုံကို
မူလပဏ္ဏာသ ပါဠိတော် ပဟာယမက ၀ဂ် မဟာဂေါသိင်္ဂသုတ်`၌ လာသည်ကို အတိုချုပ်သဘော
အားဖြင့် ဖော်ပြပေအံ့။
အခါတစ်ပါး`၌ အရှင်သာရိပုတ္တရာ အရှင်မြတ်က အရှင်အာနန္ဒာအား မေးတော်မူသည်မှာ
ဤ အင်ကြင်းတောကြီးသည် အပွင့်တို့ ဖြင့် တတောလုံး ကြည့်ရှူတင့်တယ် မွေ့ လျော်ဖွယ်ရာ
ဖြစ်လျှက်ရှိ၏။ ထိုမျှ လှပတင့်တယ် ပင်လုံးကျွတ်ပွင့်ကုန်သော အင်ကြင်းတောကြီးကို ပို၍
ကျက်သရေမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံရန် အဘယ်ကဲ့သို့ ပြုရသော် ကောင်းမည်ထင်သနည်းဟု
မေးတော်မူ၏။
(၁)ထိုအခါ အရှင် အာနန္ဒာ က - “အရှင်ဘုရား အစ၏ ကောင်းခြင်း ၊ အလယ်၏ ကောင်းခြင်း၊
အဆုံး၏ ကောင်းခြင်းနှင့်ပြည့်စုံသော တရားတော်တို့ ကို ဟောပြောနာကြားပြီးကာ ၀ိပဿနာ
ဘာဝနာ ကို အားထုတ်ကြပါက ဤ လှပ တင့်တယ် ပျော်မွေ့ ဖွယ်ဖြစ်သော အင်ကြင်းတောကြီး
သည် ပို၍ပင် ကျက်သရေ မင်္ဂလာကို ဆောင်ဖွယ်ဖြစ်ပါသည် ဘုရား” ဟု လျှောက်ထား၏။
(၂)ထို့ နောက် အရှင်ရေ၀တ ကိုမေးတော်မူသောအခါ-- အရှင် ရေ၀တ က--“ သမထ ကို
အားထုတ်ကာ ဈာန်ဝင်စားပြီးလျှင် ၀ိပဿနာ ဘာဝနာကို ကြိုးစားအားထုတ်နေကြပါလျှင်
ဤ လှပ တင့်တယ် မွေ့ လျော်ဖွယ် ဖြစ်သော အင်ကြင်းတောကြီးသည် ပို၍ တင့်တယ်
မင်္ဂလာရှိဖွယ်ဖြစ်ပါသည် ဘုရား ” ဟု လျှောက်ထား၏။
(၃)ထို့ နောက် အရှင်အနုရုဒ္ဓါ မထေရ်မြတ်ကို မေးတော်မူသောအခါ အရှင်အနုရုဒ္ဓါ
မထေရ်မြတ်က- “ဒိဗ္ဗစက္ခု အဘိညာဉ်ဖြင့် သတ္တ၀ါ အနန္တ ၏ ဆင်းရဲဒုက္ခ ကိုခွဲခြမ်း
စိတ်ဖြာ ကြည့်ရှူ၍ သံဝေဂ ဖြစ်ကာ ၀ိပဿနာ ဘာဝနာ ကို ပွားများရသော်
ဤ အင်ကြင်းတောကြီးသည် ပိုမိုသာယာကာ ကျက်သရေကိုတောင်မည် ဖြစ်ပါသည်
ဘုရား ” ဟု လျှောက်ထား၏။
(၄) ထို့ နောက် အရှင်မဟာကဿပ ကို မေးတော်မူသောအခါ “ တင်ကိုဆောင်လျှက်
ဝိပဿနာ ဘာဝနာ တရားအားထုတ်ကြပါလျှင် ဤ ပင်လုံးကျွတ်ပွင့်နေသော အင်ကြင်း
တောကြီးသည် ပို၍ ကျက်သရေ မင်္ဂလာ ရှိဖွယ်ရာပါ ဘုရား ” ဟု လျှောက်ထား၏။
(၅)ထိုမှ တဖန် ရှင်မောဂ္ဂလာန် အလှည့်တွင် အရှင် မောဂ္ဂလာန် ကိုယ်တော်မြတ်ကြီးက
လျှောက်ထားသည်မှာ-“ ဤ အင်ကြင်းတောကြီး`၌ အဘိဓမ္မာ တရားကို ဆွေးနွေးမေးမြန်း
ဖြေဆိုကြပြီးကာ ၀ိပဿနာ ဘာဝနာကို ကြိုးစားအားထုတ်ကြပါမူကား ပို၍ တင့်တယ်
မွေ့လျော်ဖွယ်ဖြစ်ပါသည် ဘုရား ” ဟု လျှောက်ထား၏။
(၆)ထို့နောက် အရှင်သာရိပုတ္တရာ မထေရ်အား မေးလျှောက်ကြသည်မှာ “တပည့်တော်တို့ ကား
မိမိ တို့ ဆန္ဒ ကို ဖြေဆိုခဲ့ပြီးလေပြီ။ အရှင်သာရိပုတ္တရာ မထေရ်မြတ်၏ ဆန္ဒက အဘယ်ပါနည်း” ဟု
မေးကြကုန်၏၊။ ထိုသောအခါ အရှင်သာရိပုတ္တရာမထေရ်က ဖြေဆိုတော်မူသည်မှာ “ စိတ်၏ အလိုသို့ 
မလိုက်ပဲ သီလ သမာဓိ `၌ တည်ရှိနေလျှက် ၀ိပဿနာ ဘာဝနာကို အားထုတ်ရသော် ဤ ပင်လုံး
ကျွတ် လှပသာယာစွာ ပွင့်နေသော အင်ကြင်းတောကြီးသည် သာ၍ပင် တင့်တယ် မွေ့ လျော်ဖွယ်
ဖြစ်ရာ၏။” ဟု ဖြေဆိုတော်မူ၏။
ထိုအခါ ဤမျှ နှင့် မတင်းတိမ်သေးပဲ ဘုရားရှင်ထံသို့ သွားရောက်ကာ မိမိတို့ အသီးသီး မည်ကဲ့သို့ 
ပြုကြလျှင် ဤ အလွန်တင့်တယ် မွေ့ လျော်ဖွယ်ဖြစ်သော အင်ကြင်းတောကြီးသည် ပိုမို၍ ကျက်သရေ
မင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံမည်ဖြစ်ကြောင်း ထင်မြင်ချက်များကိုတင်လျှောက်ကြ၍ “ ရှင်တော်မြတ်
ဘုရားကကော အဘယ်သို့  အမိန့် တော်မြတ် မှတ်တော်မူမည်ကို သိလိုလှပါသည်ဘုရား ” ဟု
မြတ်စွာဘုရားရှင်အား မေးလျှောက်ကြကုန်၏။
မြတ်စွာဘုရားရှင်က မိန့်တော်မူသည်မှာ- “ သင်ချစ်သားတို့  ထင်တိုင်းလည်းကောင်းလှပေ၏။
ငါ ဘုရား၏ အလိုကား အကြင်ရဟန်းသည် ဆွမ်းစားပြီးသောအခါ တစ်နေရာရာတွင် တင်ပျဉ်ဖွဲ့
ခွေ နေပြီးနောက် ငါသည် တရားကို အားထုတ်အံ့။ အာသဝေါတရားမကုန်လျှင် ဤ နေရာမှ
မထ ပြီ ” ဟူ၍ ၀ိပဿနာ ဘာဝနာကို အားထုတ်ကာ နေကြခြင်းသည် ဤ ပင်လုံးကျွတ်ပွင့်
လျှက်ရှိသော အင်ကြင်းတောကြီးကို ပို၍ လှပတင့်တယ် မွေ့ လျော်ဖွယ် ကျက်သရေ မင်္ဂလာ
အဖြာဖြာနှင့် ပြည့်စုံစေမည် ” ဟုအောက်ပါ အတိုင်း ဘုရားရှင် မိန့် တော်မူ၏။
မူလပဏ္ဏာသ ပါဠိတော်၊ မဟာဂေါသိင်္ဂသုတ် ၊နှာ-၂၈၁)
န တာဝါဟံ ဣမံ ပလ္လင်္ကံ ဘိန္ဒိဿာမိ၊ ယာဝ မေ နာနုပါဒါယ အာသဝေဟိ စိတ္တံ ၀ိမုစ္စဿတီတိ။
“ မေ၊ငါ၏။ စိတ္တံ၊စိတ်သည်။ ယာဝ၊ အကြင်မျှလောက် ကာလပတ်လုံး၊ အနုပါဒါယ၊ခန္ဓာငါးပါးတွင်
တစ်ပါးသောခန္ဓာကိုမျှ တဏှာ၊မာန၊ဒိဋ္ဌိ တို့ ဖြင့် (ငါ၏ခန္ဓာ ငါ ငါ၏ ကိုယ် ဟူ၍ မစွဲယူပဲ )။
အာသဝေဟိ၊ အာသဝေါတရားလေးပါးတို့ မှ။ န ၀ိမုစ္စိဿတိ၊ မလွတ်မြောက်သေး။
တာဝ၊ ထိုမလွတ်မြောက်သေးသမျှ ကာလ ပတ်လုံး။ အဟံ၊ ငါသည်။ ဣမံ ပလ္လင်္ကံ၊
ဤဖွဲ့ခွေနေသော ထက်ဝယ်တင်ပျဉ်ကို။ န ဘိန္ဒိဿာမိ၊ မဖျက်တော့အံ့။ ဣတိ၊ ဤသို့ ။
စိတ္တံ၊ စိတ်ကို။ နိက္ခိပိတွာ၊ချ၍။ နိသီဒတိ၊နေ၏။ ” ဟု ဘုရားရှင် မိန့် တော်မူ၏။
ဤသို့လျှင် အဂ္ဂသာဝက မဟာ သာဝက များနှင့် တကွ မြတ်စွာဘုရားကိုယ်တော်တိုင်
ဝိပဿနာ ဘာဝနာ တရား ပွားများအားထုတ်ခြင်းသည် အကောင်းဆုံးအမွန်မြတ်ဆုံး၊
သာယာမွေ့ လျော်ဖွယ် အရှိဆုံး၊ ကျက်သရေ မင်္ဂလာ အဖြာဖြာ အတိုးတက်ဆုံး ဟူ၍
တစ်နေရာတည်းတွင် တစ်သဘောတည်း ချီးမွမ်း မိန့် တော်မူခဲ့ကြလေပြီ။
ဤ`၌ သိရန်မှာ---------
(၁)အရှင်သာရိပုတ္တရာ ကိုတော်မြတ်ကြီးသည် ပညာ အရာ`၌ ဧတဒဂ်ရ လက်ယာတော်ရံ
ဖြစ်တော်မူ၏။
(၂)အရှင်မဟာမောဂ္ဂလာန် ကိုယ်တော်မြတ်ကြီးသည် တန်ခိုးကြီးသော အရာ`၌
ဧတဒဂ်ရ လက်ဝဲရံဖြစ်တော်မူ၏။
(၃)အရှင်မဟာ ကဿပ မထေရ်မြတ်ကြီးသည် ဓူတင်ကို ကျင့်ဆောင် ဟောပြောတော်မူ
ရာ`၌ ဧတဒဂ်ရ လက်ယာရံ ဖြစ်တော်မူ၏။
(၄) အရှင်အနုရုဒ္ဓါ မထေရ်မှာ ဒိဗ္ဗစက္ခု အဘိညာဉ် အရာ`၌ ဧတဒဂ်ရ လက်ယာရံ
ဖြစ်တော်မူ၏။
(၅) အရှင်ရေ၀တ မထေရ်မှာ အရည ကင် ဓုတင်ဆောင်သော အရာ`၌ ဧတဒဂ်ရ
လက်ယာရံ ဖြစ်တော်မူ၏။
(၆) အရှင်အာနန္ဒာ မထေရ်မှာကား ဗဟုသုတ၊သတိမန္တ၊ဂတိမန္တ၊ ဓိတိမန္တ၊ ဥပဋ္ဌာက
ဤ ငါးဌာန `၌ ဧတဒဂ် ရတော်မူ၍ လက်ယာရံ ဖြစ်တော်မူ၏။
ဝေါဟာရ ရှင်းလင်းချက်များ။
ဓူတင်=ကိလေသာတရားဆိုးများကို ခါထုတ်ပစ်တတ်သောအကျင့်။
ဒိဗ္ဗစက္ခု =နတ်မျက်စိကဲ့သို့  ဖုံးလွှမ်းကွယ်ဝှက်နေသော အရာဝတ္ထု
ဝေးသော အရာဝတ္ထုများကို မြင်နိင်သော မျက်စိ။
အရညကင်ဓုတင်=အရညကင်+ဓုတင်၊လူသူဝေးရာ အရပ်`၌ တောရ ဆောက်တည်သော
ဓုတင် အကျင့်။
♦ သတိမန္တ=သတိ+မန္တ၊ သတိ= အောက်မေ့ အမှတ်ရကြောင်း သတိတရား+
မန္တ=ရှိခြင်း၊ သတိတရားရှိသောသူ။ သတိနှင့်ပြည့်စုံသူ။
♦ ဂတိမန္တ=ဂတိ+မန္တ၊ဂတိ=ဥာဏ်ပညာ+မန္တ=ရှိခြင်း။ ဥာဏ်ပညာရှိသောသူ။
♦ ဓိတိမန္တ=ဓိတိ+မန္တ၊ ဓိတိ=လုံ့ လ၀ီရိယ+မန္တ=ရှိခြင်း။ လုံ့ လ ရှိသောသူ။
♦ ဥပဋ္ဌာက=အလုပ်အကျွေးပြုသူ ။ပြုစု လုပ်ကျွေးသောသူ။
ကျက်သရေ မင်္ဂလာ အဖြာဖြာနှင့်ပြည့်စုံကြစေရန် ၀ိပဿနာ ဘာဝနာကို
အခါ မလပ် သတိချပ်၍ ကျင့်ကြံ ကြိုးကုတ် အားထုတ်
သစ္စာသိအောင် လုပ်နိုင်ကြပါစေ
No comments:
Post a Comment