Video

Sunday, 31 August 2014

ပဋ္ဌာန်း ​ဒေသနာ​တော်​ နာယူရန်​ ပင့်​ဖိတ်​ခြင်း

အနန္တ စက္ကဝါ​ဠေသု ၊ ဝသန္တ ​ဒေဝတာ ဂဏာ။
ပဋ္ဌာနံ ဓမ္မ ရာဇဿ ၊ သုဏန္တု သုခ ဝဍနံ ။
ပဋ္ဌာန သဝနကာ​လော အယံ ဘဒ္ဒန္တာ ။

အနန္တ စက္ကဝါ​ဠေသု = အဆုံးမထင်​များဖြင်​လှစွာ အနန္တစကြဝဠတို့၌

ဝသန္တ ​ဒေဝတာ ဂဏာ = က္ကုရိယာပထ ၊ မျှတ​နေငြား ၊ နတ်​ဗြဟ္မာ အများတို့သည်

ဓမ္မ ရာဇဿ = တရာမင်းသခင်​ဘုရားရှင်​၏
သုခ ဝဍနံ = ​လောကီ​လောကုတ္တရာ ချမ်းသာနှစ်​မျိုး ပွားတိုး​စေတတ်​​သော

ပဋ္ဌာနံ = နည်းပင်​လယ်​​ခေါ် ပဋ္ဌာန်း တရား​တော်​တို့ကို
သုဏန္တု = အာရုံ တစ်​ပါး စိတ်​မသွား​ဘဲ တရားကိုသာ စူးစိုက်​ စွာဖြင့်​ နာ​တော်​မူကြပါကုန်​​လော

ဘဒ္ဒန္တာ.= စည်း​ဝေးညီညာ ကြွ​ရောက်​လာငြား အို နတ်​ဗြဟ္မာ အ​ပေါင်းတို့

အယံ = ဤခါသမယ ဤကာလကား

ပဋ္ဌာန သဝနကာ​လော = အ​ကြောင်းအကျိုး နည်းမျိုးစုံဆန်း မြတ်​ပဋ္ဌာန်းကို ရွှင်​လန်းကြည်​သာ နာရမည့်​ အချိန်​အခါပါ​ပေတည်း

ဆရာမ ​ဒေါ်ခင်​သန္တာဦး ၏ ပ​ဋ္ဌာန်း​ဒေသနာ​တော်​ မှတ်စု ​စာအုပ်​မှ ကူးယူ​ဖော်​ပြပါသည်​ ။

ပဋ္ဌာန်း အမွှန်း


နီလာ နီလာ နိစ္ဆရန္တိ ၊ ပီတာ ပီတာ စ ရံသိယော ။
လောဟိတာ လောဟိတာ စာဘာ ၊ သြဒါတောဒါတရံသိယော ။

တမှာ တမှာ စ မဉ္ဇိဋ္ဌာ ၊ ပဘာသန္တိ ပဘဿရာ ။
ဧ၀ံ ဆဗ္ဗဏ္ဏရံသီ သော ၊ ဌာတု မေ ဘဂ၀ါ သိရေ ။

ပဋ္ဌာနံ-နက်နဲထူးဆန်း ပဋ္ဌာန်းကျမ်းကို။ သမ္မသန္တဿ-အနုလုံ ပဋိလုံ အစုန်အဆန် အဖန်ဖန် ဆင်ခြင်တော်မူသော ဘုရားရှင်ကိုယ်တော်မြတ်၏။
နီလာ-ဆံတော် မုတ်ဆိတ်တော် မျက်ဝန်းတော်တခို စိမ်းညိုသောအရပ်ဌာနမှ။
နီလာ-ကြာညို ခွါညို, ရတနာအညိုကဲ့သို့ စိမ်းတစိုစို မြသားလိုဖြင့် ညိုမှောင်သော ရောင်ခြည်တော်တို့သည်။
နိစ္ဆရန္တိ-နေ-အထောင်, လ-အထောင်, ဗြဟ္မာနတ်အရောင် ရတနာန၀ရတ် အရောင်တို့ကို ထိပ်ခေါင်က လွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဘွယ်လျှင် အဆန်းတကြယ် ကွန့်မြူးတော်မူကြလေကုန်၏။

ပီတာ စ-သိင်္ဂီရွှေလှော် အရေတော်မှလည်း။
ပီတာ-မဟာလှေကား ရွှေစကားနှင့် ရွှေသားရွှေရည် ထိန်ကြည်သစ်လင်း ပပ၀င်းကုန်သော။
ရံသိယော-၀ါရောင်ဝင်းလျှပ် ရွှေသောရောင်ခြည်ဓာတ်တို့သည်။
နိစ္ဆရန္တိ-နေ-အထောင်, လ-အထောင်, ဗြဟ္မာနတ်အရောင် ရတနာန၀ရတ် အရောင်တို့ကို ထိပ်ခေါင်က လွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဘွယ်လျှင် အဆန်းတကြယ် ကွန့်မြူးတော်မူကြလေကုန်၏။

လောဟိတာ-အာတော်, လျှာတော်, နှုတ်ခမ်းတော်နှင့် ခြေတော်ဘ၀ါး လက်ဘ၀ါး-စသော ကိုယ်တော်အစိတ်အစိတ်မှ။
လောဟိတာ-ခေါင်ရမ်းနှင်းဆီ ကမ္ဗလာနီနှင့် ကြာနီအလား ပတ္တမြားအဆင်းရှိကုန်သော။
အာဘာ-နီရောင်ဝင်းလျှပ် နီသောရောင်ခြည်တော်တို့သည်။
နိစ္ဆရန္တိ-နေ-အထောင်, လ-အထောင်, ဗြဟ္မာနတ်အရောင် ရတနာန၀ရတ် အရောင်တို့ကို ထိပ်ခေါင်က လွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဘွယ်လျှင် အဆန်းတကြယ် ကွန့်မြူးတော်မူကြလေကုန်၏။

သြဒါတာ-စွယ်တော်, သွားတော်, မျက်ဖြူတော်အစုံ ဥဏ္ဏလုံမွေရှင်တော်ဓာတ်မှ။
သြဒါတရံသိယော-စံပယ်ကြက်ရုံး ဇွန်ပန်းကုံးနှင့် ငွေထုံးဘော်ဆိုင် စိန်ပန်းခိုင်အတူ ၀တ်လဲတော်ဘွဲ့ဖြူနှင့် ကြာဖြူပန်းအသွေးကဲ့သို့ ဖြူဖွေးစင်ကြယ်သော ဖြူသောရောင်ခြည်တော်ဓာတ်တို့သည်။
နိစ္ဆရန္တိ-နေ-အထောင်, လ-အထောင်, ဗြဟ္မာနတ်အရောင် ရတနာန၀ရတ် အရောင်တို့ကို ထိပ်ခေါင်က လွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဘွယ်လျှင် အဆန်းတကြယ် ကွန့်မြူးတော်မူကြလေကုန်၏။

တမှာ တမှာ-အထက်ဆံဖျားတော်တလျှောက်မှ အောက်ခြေဖ၀ါးတော်တခို ထိုထို ထိုထို ကိုယ်တော်အစိတ်အစိတ်မှ။
မဉ္ဇိဋ္ဌာစ-ခရမ်းသွေးအရောင် မရမ်းသွေးအရောင် တဝေေ၀ တပြောင်ပြောင် သပြေရောင်အဆင်းကဲ့သို့ ထိန်ဝင်းညိုမောင်းသော ရောင်ခြည်တော်တို့သည်၎င်း။
ပဘဿရာစ-နတ်မီးအရောင် လျှပ်စည်းအရောင် ရတနာမျိုးစုံအရောင် ကြာမျိုးစုံအရောင် ထိန်ပြောင်ဝင်းလက် ကြက်လျှာပြန် စိန်ရောင်ထွက်သကဲ့သို့ ရိုးရိုးရက်ရက် ပြိုးပြိုးပြက်သော ရောင်ခြည်တော်တို့သည်၎င်း။
ပဘာသန္တိ-နေ-အထောင်, လ-အထောင်, ဗြဟ္မာနတ်အရောင် ရတနာန၀ရတ် အရောင်တို့ကို ထိပ်ခေါင်က လွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဘွယ်လျှင် အဆန်းတကြယ် ကွန့်မြူးတော်မူကြလေကုန်၏။

ဧ၀ံ-ဤရောင်ခြည်ခြောက်သွယ် ဂုဏ်တော်အထူးကို ချီးကျူးဖွင့်ဆိုခဲ့သည့်အတိုင်း။ ဆဗ္ဗဏ္ဏရံသီ-အညို-တဖြာ, အ၀ါ-တလီ, အနီ-တဆူ, အဖြူ-တကြောင်း, အမောင်း-တချက်, ပြိုးပြက်ငွါးငွါး ခြောက်ပါးရောင်ဆိုင် အပြိုင်ပြိုင်ကို စိုးပိုင်ရရှိတော်မူပေသော။
ဘဂ၀ါ-ဘုန်းတော်သရဖူ ဆောင်းတော်မူ၍ အောင်သူညွတ်ရုံး အထွတ်ဆုံးလည်း ဖြစ်တော်မူပေထသော။
သော-ထိုသုံးလောကညွန့်ဖူး နိဗ္ဗာန်မှူးဖြစ်တော်မူပေသော ရှင်တော်မြတ်ဘုရားသည်။
မေ-ပဋ္ဌာန်းပစ္စည်း ဆက်သွယ်နည်းဖြင့် ဖွဲ့စည်းကလာပ် ရုပ်နာမ်ဓာတ်ကို စွဲမှတ်သမုတ် အကျွန်ုပ်၏။
သိရေ-ဆံပင်ဂနိုင် ပန်းမြိုင်တောညို စိမ်းစိုနွဲ့နှောင်း ဦးခေါင်းတွင်ခေါ် တောင်ထွဋ်ပေါ်၌။
ဌာတု-ပဋ္ဌာန်းဉာဏ်သွား ဈာန်ကစားလျက် တန့်နား-ကိန်းဝပ်တော်မူလှဲ့ပ သုံးလောက ကေသျှောင် ရွှေဘုန်းခေါင် ကိုယ်တော်မြတ်ကြီးဘုရား။


ဘဂ၀န်ဘုန်းလှိုင် နှုန်းပြိုင်တုကင်း အဘက်ကွာ၍ စကြာမင်းအစစ် ဖြစ်ကြီးဖြစ်တော်မူသော တိဘ၀ပါရဂူ သယမ္ဘူ ရှင်တော်မြတ်ဘုရားသည် ငါးပါးမာရ်နှင် ပလ္လင်ဗွေထွတ် မြေတမွတ်ဝယ် ရွှေဝတ်လွှာမှုံ ကြာပဒုံသို့ အစုံလေးလီ ခိုင်နှင်းဆီကို လှမ်းမှီဆွတ်ချွေ၍ ကရွတ်ခွေဝဋ်စက်မှ လွတ်ထွက်တော်မူပြီးနောက် သတ္တာသတ္တ န၀တာလီ ကိန်းယာယီဖြင့် ခိုမှီပြောင်းစံတော်မူဆဲအခါ ရတနာဃရ သတ္တာဟ၀ယ် ဓမ္မနက်ကျယ် သမုဒ်နယ်သို့ ဆန်းကြယ်နက်ဝှမ်း ပဋ္ဌာန်းကျမ်းကို ထောက်လှမ်းမြူးကွန့် ရွှေဉာဏ်တော်လွန့်လေသော် ရောင်ညွန့်ရောင်စွယ် ရွှေဘုန်းတော်ခြယ်သောကြောင့် သပ္ပါယ်လို့-ရှုမဆုံး မိုးလုံးတပြင် ဝေဟင်အပြန့် မရပ်တန့်ဘဲ မဆန့်နိုင်-တဝေေ၀ ညို-ရွှေ-နီ-ဖြူ အဆူဆူထွေးယှက်လျက် နီမောင်းရောင်ထွက် လျှပ်စည်းတွေလက်သလို ပြိုးပြိုးပြက် တငွါးငွါး ရောင်ခြောက်စုံ ကစားလျက် လောကဓာတ် တိုက်အများကို ဖြန့်လွှားအုပ်ခြုံတော်မူကြ လေကုန်သတည်း။
ရောင်ခြည်တော်ဖူးညွန့် ထွေးယှက်လိမ် လူးလွန့်လျက် မြူးကွန့်တော်မူစေရန် အကြောင်းရင်း သမုဋ္ဌာန် ဧကန်ဧက ပဋ္ဌာနဟု နယထူးဆန်း မြတ်ပဋ္ဌာန်းကို ရွှင်လန်းသော ဉာဏ်ကသိုဏ်း သမာဓိ ဖလ်တံတိုင်းဖြင့် ဌာန်ကရိုဏ်းပီသစွာ စေတနာထွတ်အမြတ်ဖြင့် ရွတ်ဘတ် သရဇ္ဈာယ်တော်မူကြပါကုန်လော။


( ပဋ္ဌာန်းဒေသနာတော်ကြီး သုံးသပ်ရွတ်ဖတ်ရခြင်း အကျိုး )
ပဋ္ဌာန်းဥဒ္ဒေသနှင့် နိဒ္ဒေသတို့ကို သုံးသပ်ရွတ်ဖတ်ခြင်းအားဖြင့် မျက်မှောက်ချက်ခြင်း အခါမလင့် အောက်ပါကောင်းကျိုးများ ရနိုင်ပေသည်။

၁။ ရင်ဆိုင် ကြုံတွေ့နေရသည့် ဘေးအန္တရာယ် အသွယ်သွယ်တို့ကို လွန်မြောက်နိုင်ခြင်း။
၂။ ကျရောက်လတံ့သော ဘေးအန္တရာယ်တို့မှ ကင်းလွတ်နိုင်ခြင်း။
၃။ အပြစ်ကင်း၍ ကောင်းကျိုးပွားသည့် ဆောင်ရွက်ချက် ကိစ္စအ၀၀ကို ပြီးစီးအောင်မြင်နိုင်ခြင်း။
၎။ အပြစ်ရှိ၍ မကောင်းကျိုးဖြစ်စေမည့် ကျူးလွန်ခြင်းတို့မှ ရှောင်နိုင် လွဲနိုင်ခြင်း။
၅။ အချုပ်အားဖြင့် ဆောင်ရွက်သမျှ ကောင်းမြတ်သည့် ကိစ္စခပ်သိမ်းတို့ကို ပြီးငြိမ်းအောင်မြင်နိုင်ခြင်း။
၆။ အဆုံးစွန်သောဘ၀၌ နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း-စသည့် အကျိုးတရားတို့ပင်တည်း။

အထက်ပါ ဖော်ပြချက်တို့ကို ပေါ်လွင်ထင်ရှားစေပါအံ့-
ဘုရားလောင်း သိဒ္ဓတ္ထမင်းသားသည် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့၌ အပရာဇိတ ပလ္လင်ထက်ဝယ် မာရ်ငါးပါးကို အောင်မြင်တော်မူပြီးလျှင် ဘုရားအဖြစ်သို့ ရောက်တော်မူသည်။ အနေကဇာတိ သံသာရံ-အစချီသော ဥဒါန်းကို စိတ်တော်ဖြင့် ကျူးရင့်တော်မူသည်။

ပလ္လင်္ကသတ္တာဟ-
မြတ်ဗုဒ္ဓရှင်တော်ဘုရားသည် အပရာဇိတ ပလ္လင်တော်ထက်ဝယ် ဘုရားဖြစ်ပြီးနောက် ထိုပလ္လင်တော်ထက်၌ပင်လျှင် ဆက်လက်၍ ကဆုန်လပြည့်ကျော် ၁-ရက်နေ့မှ ၇-ရက်နေ့အထိ ၇-ရက်ပတ်လုံး သီတင်းသုံးတော်မူသည်။
ဤသတ္တာဟ ပထမနေ့အခါ၌ ဖလသမာပတ်ကို ၀င်စား၍ နေတော်မူသည်။ ညအခါ၌ကား ဘုရားအဖြစ်သို့ ရောက်အောင် ထောက်ပံ့သည့် ပဋိစ္စသမုပ္ပါဒ် တရားတော်ကြီးကို အနုလုံ, ပဋိလုံ အပြန်အလှန် အဖန်ဖန် သုံးသပ်ဆင်ခြင်တော်မူပြီးလျှင် ယဒါ ဟဝေ-စသော ဥဒါန်းသုံးဂါထာကို အသံမထွက် နှုတ်မမြွက်မူပဲ စိတ်တော်ဖြင့်သာ ကျူးရင့်တော်မူသည်။

ဤနေ့ ညဥ့်ဦးယာမ်၌ ပဋိစ္စသမုပ္ပါဒ် တရားတော်ကြီးကို အစဉ်အတိုင်း အနုလောမနည်းအားဖြင့် ဆင်ခြင်ပြီးလျှင် ယဒါ ဟဝေ-ဟူသော ပထမဂါထာကို ဥဒါန်းကျူးရင့်တော်မူသည်။
မဇ္ဈိမယာမ်၌ ပဋိစ္စသမုပ္ပါဒ်ကို အပြန်အားဖြင့် ပဋိလောမနည်း ဆင်ခြင်တော်မူပြီးလျှင် ယဒါ ဟဝေ-ဒုတိယ ဂါထာကို ဥဒါန်းကျူးရင့်တော်မူသည်။
ပစ္ဆိမယာမ်၌ ပဋိစ္စသမုပ္ပါဒ် တရားတော်ကို အနုလုံ, ပဋိလုံ အပြန်အလှန် ဆင်ခြင်တော်မူပြီးသော် ယဒါ ဟဝေ- တတိယဂါထာကို ဥဒါန်းကျူးရင့်တော်မူသည်။

နောက် ၆-ရက်အတွင်းမှာမူ ဖလသမာပတ် ၀င်စားကာ နိဗ္ဗာန်ချမ်းသာဖြင့် စံနေတော်မူသည်။ သတ္တမမြောက်နေ့ ညဥ့်ဦး ပထမယာမ်အစ၌ ဖိုလ်မှ ထတော်မူပြီးနောက် ညဥ့်သုံးယာမ်ပတ်လုံး ပဋိစ္စသမုပ္ပါဒ် တရားတော်ကြီးကို အနုလုံ, ပဋိလုံ အပြန်အလှန် အဖန်ဖန် သုံးသပ် ဆင်ခြင်တော်မူသည်။

ထိုသို့ ၇-ရက်ပတ်လုံး ရွှေပလ္လင်တော်ထက်၌ စံနေတော်မူသဖြင့် ဤအပရာဇိတ ပလ္လင်တော်ကို ( ပလ္လင်္က သတ္တာဟ )-ဟု ခေါ်ပေသည်။ ( သတ္တာဟ-၇-ရက် )။

အနိမိသ သတ္တာဟ-
ထို့နောက် ပလ္လင်ပေါ်မှ သက်ဆင်းတော်မူပြီးလျှင် ဗောဓိပင်၏အနီး အရှေ့မြောက် ခပ်ယွန်းယွန်း ၁၄-လံကွာ နေရာ၌ ကဆုန်လပြည့်ကျော် ၈-ရက်နေ့မှ ၁၄-ရက်နေ့အထိ ၇-ရက် ထပ်မံ၍ သီတင်းသုံး စံမြန်းတော်မူပြန် သည်။ ဤနေရာကို ဒုတိယသတ္တာဟ-ဟု ခေါ်သည်။

ရှင်တော်ဘုရားသည် ငါသည် ပါရမီတော်များ ဖြည့်ခဲ့သဖြင့် ဤပလ္လင်ထက်၌ မာရ်ငါးပါးကို အောင်မြင်၍ ဘုရားဖြစ်ခဲ့ပြီတကား-ဟု ဆင်ခြင်တော်မူကာ ဖြောင့်ဖြောင့်မတ်မတ် ရပ်တော်မူ၍ အပရာဇိတ ပလ္လင်မြတ်ကို မမှိတ်သော မျက်စိဖြင့် ၇-ရက်ပတ်လုံး ရှုတော်မူပြီးလျှင် စံနေတော်မူသည်။ ထို့ကြောင့်ပင် ဤဌာနကို (အနိမိသ သတ္တာဟ) ဟု ခေါ်တွင်သည်။ ( အ=မ။ နိမိသ=မျက်တောင်ခတ်သည်။ မျက်စိမှိတ်သည်)
( မျက်တောင် မခတ် မျက်စိမမှိတ် )

စင်္ကမ သတ္တာဟ-
ထို့နောက်တဖန် ၇-ရက် ထပ်မံ၍ ကဆုန်လကွယ်နေ့မှ နယုန်လဆန်း ၆-ရက်နေ့အထိ ရွှေပလ္လင်နှင့် အနိမိသ ဌာနအကြား ဗောဓိပင်၏မြောက်ဘက်၌ အရှေ့အနောက် သွယ်တန်းလျက် အတောင် ခြောက်ဆယ်ရှိသော နတ်တို့ဖန်ဆင်းသည့် ရတနာစင်္ကြံတော်၌ လူးလာတုံ့ခေါက် စင်္ကြံကြွကာ သီတင်းသုံး စံမြန်းတော်မူသည်။

အနိမိသ သတ္တာဟဌာန၌ စံမြန်းတော်မူစဉ် နတ်, ဗြဟ္မာတို့၏ စိတ်ထဲ၌ အရှင်ဂေါတမသည် ပလ္လင်တော်၌ တပ်မက်ခြင်း ရှိနေသေးသည်၊ ဘုရားအဖြစ်သို့ ဆုံးခန်းတိုင် ရောက်တော်မမူသေး-ဟု ယုံမှားသံသယ ဖြစ်ကြသည်။ နတ်တို့၏ ယုံမှားသံသယ ဖြစ်နေသည်ကို သိတော်မူ၍ ထိုယုံမှားသံသယကို ပယ်ဖျောက်စိမ့်သောငှါ ရေအစုံ မီးအစုံသော ယမကပြာဋိဟာကို ပြတော်မူသည်။

ရှင်တော်မြတ်ဘုရားသည် စင်္ကြံသွားတော်မူရင်းပင် တရားဆင်ခြင်တော်မူ၍သော်၎င်း, အရဟတ္တ ဖလသမာပတ် ၀င်စား၍သော်၎င်း, စံနေတော်မူသည်။ ထိုသို့ စင်္ကြံသွားလျက် ၇-ရက် စံနေသည့်ဌာနကို ( စင်္ကမ သတ္တာဟ ) ဟု ခေါ်သည်။

ရတနာဃရ သတ္တာဟ-
ထို့နောက် ဗောဓိပင်၏ အနောက်မြောက်ဘက် အတောင် ၄၀-(၁၀-လံ) ကွာဝေးသော အရပ်၌ နတ်တို့ ဖန်ဆင်းအပ်သော ရတနာရွှေအိမ်သို့ ကြွတော်မူ၍ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူပြီးလျှင် နယုန်လဆန်း ၇-ရက်နေ့မှ ၁၃-ရက်နေ့အထိ အဘိဓမ္မာတရားတော်ကို ဆင်ခြင်တော်မူလျက် ၇-ရက်တိတိ သီတင်းသုံး စံနေတော်မူသည်။ ဤသို့ ရှင်တော်ဘုရား ၇-ရက် ရတနာဃရရွှေအိမ်၌ စံနေတော်မူသည်ကို (ရတနာဃရ သတ္တာဟ) ဟု ခေါ်သည်။

ရှင်တော်ဘုရားသည် ဤရတနာဃရ ရွှေအိမ်၌ အဘိဓမ္မာ ၇-ကျမ်းကို သုံးသပ်ဆင်ခြင်တော်မူရာ၌ ရှေးဦး ခြောက်ကျမ်းဖြစ်သော ဓမ္မသင်္ဂဏီ, ၀ိဘင်း, ဓာတုကထာ, ပုဂ္ဂလပညတ်, ကထာဝတ္ထု, ယမိုက်ကျမ်းတို့ကို ဆင်ခြင်တော်မူသောအခါ ရောင်ခြည်တော်များ ထွက်ပေါ်ကွန့်မြူးခြင်း မရှိသေးချေ။


( အတုမဲ့ တန်ခိုးတော် ထင်ပေါ်လာခြင်း )
ပဋ္ဌာန်းဒေသနာတော်ကြီးကို သုံးသပ်ဆင်ခြင်တော်မူသော အခါမှသာ ရှင်တော်မြတ်ဘုရား၏ ကိုယ်တော်မှ ရောင်ခြည်တော် ခြောက်သွယ်တို့သည် ထွက်ပေါ် ကွန့်မြူးလာကာ အနန္တစကြာဝဠာသို့ ပျံ့နှံ့ ထွန်းလင်း လွှမ်းမိုးလေတော့သည်။

ရှင်တော်မြတ်ဘုရား၏ ဉာဏ်တော်အနန္တကို ထင်ရှားပေါ်လွင်စေသည့် အခမ်းအနားကြီး ကျင်းပဘိသကဲ့သို့ ဖြစ်တော့သည်။ ဉာဏ်တော် တန်ခိုးတော်တို့သည် တုမဲ့ကင်း ပြိုင်ဘက်ကင်းသည့် အထွတ်အထိပ်သို့ ရောက်ချေပြီဟု မရေတွက်နိုင်လောက်အောင် များပြားလှသော နတ်, ဗြဟ္မာ, အပေါင်းတို့သည် လှိုက်လှိုက်လှဲလှဲ ကြည်ညိုသဒ္ဓါ လွန်ကြူးစွာဖြင့် ခြေတော်ဦးခိုက် ပူဇော်ကြလေပြီ။

ပဋ္ဌာန်းဒေသနာတော်ကြီးကို သုံးသပ်မှသာ ဉာဏ်တော်အနန္တ, တန်ခိုးတော်အနန္တ, ဖြစ်ကြောင်း ပေါ်လွင်လာပေသည်။ နတ်ပရိသတ် ဗြဟ္မာပရိသတ်တို့ သိလာကြသည်။

မြတ်ဗုဒ္ဓ ရှင်တော်ဘုရားသည် ဘုရားဖြစ်သည်နှင့် တပြိုင်နက် တုဘက်ကင်း ပြိုင်ဘက်ကင်းသည့် ဉာဏ်တော်ရှင် တန်ခိုးတော်ရှင် အထွတ်အထိပ်သို့ ရောက်ခဲ့သည်ကား မှန်၏။ သို့ရာတွင် ပဋ္ဌာန်းဒေသနာတော်ကြီးကို သုံးသပ်တော်မူသည့်အခါမှသာ ထိုသတ္တိများ ပေါ်လွင်လာပေသည်။

( ပဋ္ဌာန်းဒေသနာတော်၏ မျက်မှောက်အကျိုး )
သို့ဖြစ်သောကြောင့် ကောင်းရာမြတ်နိုး၊ ကောင်းအောင်ကြိုးပမ်း-နေသူတို့အတွက် ကောင်းကျိုးတွေ ဖြိုးဝေအောင် တန်ခိုးရှိန်စော် အာနုဘော်တို့ တိုးစေသည့် ပဋ္ဌာန်းဒေသနာတော်ကြီးကို နေ့ညမပြတ် ရွတ်ဖတ် သရဇ္ဈာယ်ကြရပေမည်။

သို့မှသာ မိမိတို့သန္တာန်၌ ကိန်းအောင်းနေသော ဉာဏအား, ကာယအား အစွမ်းသတ္တိတို့ ပေါ်လွင်မည်။ ထွန်းတောက်မည်။ ထက်မြက်မည်။ ပေါ်လွင် ထက်မြက်သည့် ဉာဏ်အား, ကိုယ်အား, စိတ်အားရှိသည့် အတိုင်းလည်း မြော်မှန်းသည့် ကောင်းကျိုးဟူသမျှ အခါမလင့် မျက်မှောက် ချက်ခြင်းပင် ဖြစ်ထွန်းကာ အောင်ပန်း ဆွတ်ခူးနိုင်ကြရပေမည်။

ထို့ကြောင့် ဖြူစင်ကောင်းမြတ်သည့် စေတနာရှင်တို့သည် မိမိတို့မြော်မှန်းသော ကောင်းမြတ်သည့် ကောင်းကျိုးဟူသမျှကို မုချအောင်မြင် ရရှိနိုင်ကြစေရန် ရည်သန်၍ ပဋ္ဌာန်းဥဒ္ဒေသ၊ ပဋ္ဌာန်းနိဒ္ဒေသ ပါဠိတော် တို့ကို ဖြန့်ဖြူးလိုက်ရပေသည်။ ဓမ္မပူဇာ အခါမလပ် ထက်ကြပ်မကွာ ပြုနိုင်ကြပါစေသတည်း။

ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီး၏ ဗုဒ္ဓ၀င် ခုနစ်နေ့ ဘုရားရှိခိုး

၁။ သန္ဓေယူသောနေ့
သုံးလူ့ရှင်ပင်၊ ကျွန်းထိပ်တင်၊ သောင်းခွင်စကြာဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန်မှုကြောင့်၊ ရတုနဂို၊ ရွှန်းရွှန်းစိုသည်၊ ၀ါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည်၊ နတ်လူငြိမ်းဘို့---ကိန်းပါကို။
( မ )။

၂။ ဖွားမြင်တော်မူသောနေ့
သန္ဓေယူခါ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊ ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့ စုံညီ၊ လုမ္ဗိနီ၌၊ မဟီလှိုက်ဆူ၊ ဖွားတော်မူသည်၊ နတ်လူအောင်မြို့---လမ်းပါကို။ ( သိ )။

၃။ တောထွက်တော်မူသောနေ့
ဖွားမြင်မြောက်သော်၊ ဆယ့်ခြောက်နှစ်ရွယ်၊ ပျိုနုနယ်၌၊ သုံးသွယ်ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊ ဆယ့်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊ လေးမျိုးနိမိတ်၊ နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊ ၀ါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊ တောရပ်လှုံသည်၊ စုံမြိုင်ပင်ရိပ်--ခန်းမှာကို။ ( ကြ )။



၎။ ဘုရားဖြစ်တော်မူသောနေ့
တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊ ခါတော်တဖုံ၊ ပွင့်ချိန်ကြုံက၊ ကဆုန်လပြည့်၊ ဆင်မင်းနေ့ဝယ်၊ မြေ့ပရမေ၊ ပလ္လင်ဗွေထက်၊ ရွှေညောင်တော်ကြီး၊ ဗိတာန်ထီးနှင့်၊ မငြီးကြည်ဖြူ၊ နေတော်မူလျက်၊ ရန်မြူခပင်း၊ အမိုက် သင်းကို၊ အရှင်းပယ်ဖျောက်၊ အလင်းပေါက်က၊ ထွန်းတောက်ဘုန်းတော်၊ သောင်းလုံးကျော်သည်၊ သုံးဘော်လူတို့ ---ငြိမ်းပါကို။ ( လျှင် )

၅။ ဓမ္မစကြာ ဟောတော်မူသောနေ့
ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဘွား၊ ဖြန့်ချီသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတသောင်း၊ တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ၀ါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည်၊ တရားနတ်စည်---ရွမ်းတယ်ကို။ ( တွေး )။

၆။ ပရိနိဗ္ဗာန်စံတော်မူသောနေ့
တရားနတ်စည်၊ ဆော်ရွမ်းလည်က၊ သုံးမည်ဘုံသိုက်၊ တသောင်းတိုက်ဝယ်၊ ကျွတ်ထိုက်သသူ၊ နတ်လူဗြဟ္မာ၊ သတ္တ၀ါကို၊ ခေမာသောင်သို့၊ ဖောင်ကူးတို့ဖြင့်၊ ဆောင်ပို့ပြီးခါ၊ ၀ါလေးဆယ့်ငါး၊ သက်ကားရှစ်ဆယ်၊ စုံပြည့်ကြွယ်က၊ ရာလေးဆယ့်ရှစ်၊ သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊ စံနှိုင်းမယုတ်၊ ကုသိနာရုံ၊ အင်ကြင်းစုံ၌၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည်၊ ၀ှမ်းဆူသောင်းလုံး---ကျော်တယ်ကို။ ( ဆ )။

၇။ တေဇောဓာတ် လောင်တော်မူသောနေ့
နိဗ္ဗာန်စံပြီ၊ ရှုမအီသား၊ သိင်္ဂီရွှေလှော်၊ အလောင်းတော်ကို၊ ထိုရော်ကဆုန်၊ လဆုတ်ကြုံ၍၊ ဂဠုန်နေ့ဝယ်၊ ခိုးငွေ့မနှော၊ ဓာတ်တေဇောလျှင်၊ ရှင်စောဉာဏ်စက်၊ ဓိဋ္ဌာန်ချက်ဖြင့်၊ လျှံတက်ကော်ရော်၊ မီးပူဇော်သည်၊ မွေတော်ရှစ်စိတ်---ကြွင်းတယ်ကို။ ( ဦး )။

ထိုခုနစ်နေ့၊ သာချမ်းမြေ့ကို၊ ဆွေ့ဆွေ့ကြည်ဖြူ၊ အာရုံယူလျက်၊ သုံးလူတို့နတ်၊ မြတ်ထက်မြတ်သား၊ ကိုယ်တော်ဘုရားကို၊ သုံးပါးမွန်စွာ၊ ၀န္ဒနာဖြင့်၊ သဒ္ဓါဖြိုးဖြိုး၊ ကျွန်ရှိခိုးသည်၊ ကောင်းကျိုးခပ်သိမ်း---ကြွယ်စေသော်။ ။

၁။ သန္ဓေ-တောထွက်၊-ဓမ္မစက်၊-မိန့်မြွက်သံချို-လ၀ါဆို။
၂။ ဆု-ဖွား-ပွင့်-စံ၊-ဤလေးတန်၊-မှတ်ရန် ကဆုန်လ။

Saturday, 30 August 2014

ပဋ္ဌာန်းရှိခိုး

ပဋ္ဌာန်းဘုရားရှိခိုး

အနန္တ ပစ္စယာ ကိဏ္ဏံ | အနန္တ နယ မဏ္ဏိတံ
ဒေသကံ နန္တ ပဋ္ဌာနံ | ဝ​န္ဒေဟံ နန္တ ဥာဏိကံ

အနန္တ ပစ္စယာ ကိဏ္ဏံ = ​ဟေတု | အာရမဏ္ဏ စသည်​ဖြင့်​လည်း အနန္တပစ္စည်း တရားတို့ဖြင့်​ ချီးမွမ်း​လောက်​ဖွယ်​ တငိ့တယ်​ ထူးဆန်းအံ့မခန်း​အောင်​ ​ရောပြွမ်း​နေ​ပေထ​သော

အနန္တ နယ မဏ္ဏိတံ = အနုလုံ ပစ္စနိက်​ တိက်​ ဒုတ်​များစွာ နည်းအဖြာဖြာ တို့ဖြင့်​ တန်​ဆာ ဆင်​ယင်​ ထား​ပေထ​သော ။

အနန္တ ပဋ္ဌာနံ = ကြီးမားကျယ်​ဝန်း ပဋ္ဌာန်းကျမ်းကြီးကို ။

ဒေသကံ = ​တွေးဆဆင်​ခြင်​ စီစဉ်​မြွက်​ဟ ​ဟောပြတတ်​​ပေထ​သော

အနန္တ ဥာဏိကံ = အဆုံးမရှိ မြင်​သိ​ပေထ သဗ္ဗညုတ ဥာဏသခင်​ ဘုရားရှင်​ကို ။

အဟံ = အကျွန်​သည်​ ။

ဝ​န္ဒေ = ယုံကြည်​မြတ်​နိုးလက်​စုံမိုး​၍ ရှိခိုးပါ ၏ ။

ပဋ္ဌာန်းတရားရှိခိုး 

ဒေသိတာ နန္တ ဥာ​ဏေန အနန္တ ပစ္စယံ နယံ ။
ဝ​န္ဒေဟံ နန္တ ပဋ္ဌာနံ ၊ အနန္တ သုခ ​ဟေတုကံ ။

အနန္တ ဥာ​ဏေန = အဆုံးမရှိ မြင်​သိ​ပေထ သဗ္ဗညုတ ဥာဏသခင်​ ဘုရားရှင်​သည်

ဒေသိတံ = ​တွေးဆဆင်​ခြင်​ စီစဉ်​မြွက်​ဟ ​ဟောပြအပ်​​ပေထ​သော

အနန္တ ပစ္စယံ နယံ = အဆုံးအဖျား ပိုင်းခြား မရ အနန္တပစ္စည်း အနန္တ နည်းရှိ​ပေထ​သော

အနန္တ သုခ ​ဟေတုကံ = အဆုံးမရှိများလှဘိသား ​လောကီ​လောကုတ္တရာ ချမ်းသာဟူသမျှ ရရှိခြင်း၏ အ​ကြောင်းရင်းဖြစ်​​ပေထ​သော

အနန္တ ပဋ္ဌာနံ = ကြီးမားကျယ်​ဝန်း အနန္တ ပဋ္ဌာန်းကျမ်းကြီးကို

အ​ဟံ = အကျွန်​သည်

ဝ​န္ဒေ = ယုံကြည်​မြတ်​နိုးလက်​စုံမိုး​၍ ရှိခိုးပါ၏ ။.

ပဋ္ဌာန်း​ဆောင်​သံဃာရှိခိုး

ဓာရကာနန္တ ပဋ္ဌာနံ ၊အနန္တ ဥာဏသံဝကံ ။
အနန္တံ သံဃံ ဝ​န္ဒေဟံ၊ အနန္တ ပုည ဒါယကံ ။

အနန္တ ပဋ္ဌာနံ ဓရံ =  ကြီးမားကျယ်​ဝန်း  ပဋ္ဌာန်းကျမ်းကြီးကို ကြိုးပမ်းဆက်​လက်​ မ​ပျောက်​ပျက်​​အောင်​ ရွက်​​ဆောင်​​တော်​ မူခဲ့ကြ​ပေထ​သော ၊

အနန္တ ဥာဏသံဝကံ = အဆုံးမရှိ မြင်​သိ​ပေထ သဗ္ဗညုတ ဥာဏသခင်​ ဘုရားရှင်​၏ ရင်​နှစ်​သီးခြား တပည့်​သား ရတနာလည်း ဖြစ်​​တော်​မူ​ပေကုန်​ထ​သော

အနန္တ ပုည ဒါယိကံ = ဒါန သီလ ဘာဝနာ အစဖြာသည့်​ များစွာ​ပေါင်းစု ​ကောင်းမှု အနန္တ ကိုလည်း ​ပေးတတ်​ကုန်​​ပေထ​သော

အနန္တံ သံဃံ = အဆုံးမရှိ များမြတ်​ဘိသည့်​ မုနိရတနာ မြတ်​သံဃာ ကို

အ​ဟံ = အကျွန်​သည်

ဝ​န္ဒေ = ယုံကြည်​မြတ်​နိုးလက်​စုံမိုး​၍ ရှိခိုးပါ၏ ။.

ဆရာမ ​ဒေါ်ခင်​သန္တာဦး ၏ ပ​ဋ္ဌာန်း​ဒေသနာ​တော်​ မှတ်စု ​စာအုပ်​မှ ကူးယူ​ဖော်​ပြပါသည်​ ။

Monday, 25 August 2014

လင် မုဆိုး----- မယား သောတာပန်




သူဌေးသမီးတယောက်သည် အပျိုစင်ဘ၀ကပင် သောတာပန်တည်ခဲ့၏၊ အရွယ်ရောက်သောအခါ ကုက္ကုဋမိတ္တ မည်သော မုဆိုး၏ဇနီးဖြစ်လာပြီး နေ့စဉ် လင်မုဆိုးအတွက် လေးမြားတို့ကို ပြင်ဆင်ပေးရ၏။ ထိုမုဆိုးနှင့် သား ၇-ယောက်ရပြီး ချွေးမ ၇-ယောက်နှင့်အတူ ပျော်ရွှင်စွာနေကြ၏။

တနေ့သော် မြတ်စွာဘုရားသည် -- မုဆိုး ကျော့ကွင်းထောင်ထားသော နေရာအနီး သစ်ပင်ရိပ်တွင် ထိုင်နေတော်မူသည်။ မုဆိုးသည် တနေ့လုံး သားကောင် တကောင်မျှ မရ၍ လှည့်လည်ကြည့်ရှုရာ ဘုရားကို တွေ့မြင်သော်-ဤသူကြောင့် ငါ့ကျော့ကွင်းတွင် သားကောင်တကောင်မျှ မမိခြင်းဖြစ်သည်-ဟု တွေးမိကာ မြတ်စွာဘုရားကို မြားနှင့်ပစ်ရန် လေးကိုတင်၍ ချိန်ရွယ်လေသည်။ သို့သော် လေးကို ပစ်၍မရ၊ ပြန်ချရန် ကြိုးစား သော်လည်း မရဘဲ ဒုက္ခကြီးစွာ ခံစားနေရသည်။

ဖခင် ပြန်မလာ၍ သား ၇-ယောက် လိုက်လာရာ ဖခင်၏ဒုက္ခကို မြင်သောအခါ သူတို့လည်း ဘုရားကို မြားနှင့်ပစ်ရန် ချိန်ရွယ်ကြသည်။ သူတို့လည်း ဒုက္ခရောက်ကြပြန်သည်။


သောတာပန် မယားနှင့် ချွေးမများလည်း ရောက်လာကြပြီး ဘုရားရှင်ကိုတွေ့မြင်ရာ အားလုံးအား ရှိခိုး ကန်တော့ တောင်းပန်စေမှ လေးမြားကို ချနိုင်ကြသည်။ ထို့နောက် ဘုရားရှင်က တရားဟောတော်မူရာ အားလုံး သောတာပန် ဖြစ်သွားကြသည်။

ဤအကြောင်းကို ရဟန်းများက-သောတာပန် မယားသည် သားသတ်ရန် ကိရိယာများ ပြင်ဆင်ပေးပြီး အသက် သတ်စေပါသေးသလား-ဟု အချင်းချင်းပြောနေကြရာ ဘုရားရှင်က-ရဟန်းတို့ သောတာပန်သည် သူ့အသက်ကို မသတ်၊ လင့်အတွက် မယားဝတ္တရားနှင့်အညီ ပြင်ဆင်ပေးခြင်းသာ ဖြစ်ပြီး သေစေလိုသော စိတ်သဘောထား မပါပေ-ဟု အောက်ပါဂါထာကို ဟောတော်မူလေသည်။

( ပါဠိဂါထာ )
ပါဏိမှိ စေ ၀ဏော နာဿ ၊ ဟရေယျ ပါဏိနာ ၀ိသံ ။
နာဗ္ဗဏံ ၀ိသ မနွေတိ ၊ နတ္ထိ ပါပံ အကုဗ္ဗတော ။

( မြန်မာပြန် )
လက်၌ အနာမရှိလျှင် လက်ဖြင့် အဆိပ်ကို ကိုင်ဆောင်နိုင်၏။
အဆိပ်သည် အနာမရှိသော လက်သို့ အစဉ်မလိုက်။
စေတနာမရှိဘဲ ပြုသောသူအား မကောင်းမှုကံမည်သည် မရှိ။

( ဆောင်ပုဒ် )
လက်တွင်အနာ၊ မရှိပါက၊ ပြင်းစွာဆိပ်များ၊ ကိုင်တွယ်ငြားလည်း၊ ကိုင်ထားထိုလက်၊ ဆိပ်မတက်သို့၊
ဖျက်လိုစိတ်သာ၊ ကင်းမဲ့ပါလျှင်၊ ဘယ်မှာအပြစ်၊ ဖြစ်မည်နည်း။

( ပါပ၀ဂ်၊ ကုက္ကုဋမိတ္တနေသာဒ၀တ္ထု )

အသောကကျောက်တိုင်များ


ကမ္ဘာ့သမိုင်းတွင် ထင်ရှားသော အသောကမင်းကြီး(ခေါ်) သီရိဓမ္မာသောကမင်းကြီးသည် ဗုဒ္ဓဘာသာကို အထူးယုံကြည်သက်ဝင်သူ ဖြစ်သည်။ အထူးကိုးကွယ် ဆည်းကပ်သူလည်း ဖြစ်သည်။ သူသည် ဗုဒ္ဓသာသနာထွန်းကားရေးအတွက် အမှတ်အသားအဖြစ် အိန္ဒိယပြည်၌ ကျောက်တိုင်ကြီး ၄-တိုင် စိုက်ထူထားခဲ့သည်။

အသောကမင်းကြီးသည် ကောလိယတိုင်း ရွာမရွာအနီးတွင် ကျောက်တိုင်ကြီးတခု စိုက်ထူခဲ့သည်။
ထိုကျောက်တိုင်ထိပ်ပေါ်တွင် နွားလားဥသဘရုပ်ကို အထွတ်တင်ထားသည်။
အဓိပ္ပါယ်မှာ "ငါသည် တိုင်းပြည်နှင့် သာသနာအတွက် နွားကဲ့သို့ သည်းခံ၍ ရုန်းကန်တော့မည်"ဆိုသော ရည်ရွယ်ချက်ဖြင့် စိုက်ထူခြင်းဖြစ်သည်။

ထို့ပြင် အသောကမင်းကြီးသည် ဗုဒ္ဓဘုရားရှင် ဖွားမြင်တော်မူရာ လုမ္ဗိနီတွင်လည်း ကျောက်တိုင် စိုက်ထူခဲ့သည်။ ထိုကျောက်တိုင်၏ ထိပ်ပေါ်တွင် သိန္ဓောမြင်းရုပ်ကို အထွတ်တင်ထားသည်။ "ငါသည် သာသနာနှင့် လူသားတို့အတွက် မြင်းကဲ့သို့ လျင်မြန်သွက်လက်စွာ ဆောင်ရွက်မည်"ဟူသော ရည်ရွယ်ချက်ဖြင့် မြင်းရုပ်ကို ထားရှိခြင်း ဖြစ်သည်။

ထို့ပြင် အသောကမင်းကြီးသည် သင်္ကဿ မြို့တံခါးဝတွင် ကျောက်တိုင်တခု စိုက်ခဲ့ပြန်သည်။ သင်္ကဿ မြို့သည် မြတ်စွာဘုရားရှင် အဘိဓမ္မာတရား ဟောကြားပြီးနောက် တာဝတိံသာမှ ဆင်းသက်ရာနေရာ ဖြစ်သည်။ ထိုကျောက်တိုင်ထိပ်တွင် ဆင်ရုပ်ကို အထွတ်တင်ထားသည်။ "ငါသည် တိုင်းပြည်နှင့် သာသနာတော်အတွက် ဆင်ကဲ့သို့ ခွန်အားအပြည့်ဖြင့် ဆောင်ရွက်မည်"ဟူသော ရည်ရွယ်ချက်ဖြင့် ဆင်ရုပ်ကို ထားရှိခြင်းဖြစ်သည်။

ထို့ပြင် အသောကမင်းကြီးသည် ဗာရာဏသီ မိဂဒါဝုန်တွင် ကျောက်တိုင်ကြီးတတိုင် စိုက်ထူထားပြန်သည်။ မိဂဒါဝုန်မှာ ဗုဒ္ဓဘုရားရှင်က ပဉ္စဝဂ္ဂီငါးဦးကို ပထမဦးဆုံးသော တရားတော်ဖြစ်သည့် ဓမ္မစကြာတရားတော်ကို ဟော်တော်မူသောနေရာ ဖြစ်သည်။ ထိုကျောက်တိုင်ထိပ်တွင်ကား သီဟရာဇာ ခြင်္သေ့ရုပ် အထွတ်တင်ထားသည်။ "ငါသည် တိုင်းကျိုးပြည်ကျိုး သာသနာအကျိုး သယ်ပိုးရာ၌၄င်း၊ တိုင်းပြည်အန္တရာယ် သာသနာ့အန္တရာယ် အသွယ်သွယ်ကို ကာကွယ်စောင့်ရှောက်ရာ၌၄င်း၊ ခြင်္သေ့ကဲ့သို့ သတ္တိရှိရှိ ပြုလုပ်ဆောင်ရွက်မည်"ဟူသော ရည်ရွယ်ချက်ဖြင့် ခြင်္သေ့ရုပ်ကို ထားရှိခြင်းဖြစ်သည်။

Copy from

Sunday, 10 August 2014

အစစ်ကို ဘာကွယ်နေသလဲ

                         






 ရှေးလူကြီးများက ဘုန်းကြီးကို ပြောဖူးတယ်။
- ဘုရားအစစ်ကို ဆင်းတုတော်တွေက ဖုံးနေတယ်။
- တရားအစစ်ကို အချို့ တရားဟောဓမ္မထိကတွေနဲ့ ကျမ်းစာတွေက ဖုံးနေတယ်။
- သံဃာအစစ်ကို တို့ဘုန်းကြီးတွေက ဖုံးနေတယ်တဲ့။

ဘုန်းကြီးက ဒါတွေ ကိုးကွယ်လို့ အပြစ်ရှိတယ်လို့ မဆိုလိုပါဘူး။ အစစ်ကို ရောက်အောင် အာရုံမပြု

နိုင်လို့ ပြောတာပါ၊ အစစ်ကို အာရုံမရောက်တော့ အကျိုးပေး နည်းတာပေါ့။
 

နောင် လာမယ့်နှစ်ကလေးတွေက ဘာသာကို မယုံတာကအစစ်အမှန်ကို မတွေ့ရလို့ မယုံတာ၊ အစစ်အမှန်ကိုတွေ့ဖို့ကလဲ အဘိုး အဘွားတွေကအရေးကြီးတယ်။

တစ်ခါက ဇာတ်ပွဲတစ်ခုထဲမှာ လူတစ်ယောက်ကရသေ့ ဝတ်ပြီး တပည့်တစ်ယောက်နဲ့ ထွက်ခဲ့ရာ
ဆိုင်းက တီးပေးတော့ ရသေ့ကြီးက ကွေးနေအောင် က, ပြီး မောတော့ ကုလားထိုင်ပေါ် ပစ်ထိုင် လိုက်တယ်။နောက် တပည့်က “တို့ ဆရာကြီးဒါလောက်တောင်
ကြိုးစားတာ ဈာန် မဂ် ဖိုလ်မရတာ နာလိုက် လေကွာ”တဲ့။

ခုလဲ တို့ သာသနာကို ဘာသာခြားတွေက မဖျက်ပါဘူး၊ တို့ ဗုဒ္ဓဘာသာဝင်တွေကပဲ ဖျက်နေတာ၊မပျက်လို့ 

တော်သေးတာပေါ့၊ သာသနာ-ဘာသာဆိုတာ တို့က အချိုး မကျရင် ပျက်တော့မှာ၊ဘုန်းကြီးက ဒါကြောင့် 
ပြောနေတာ၊ ဘုန်းကြီးကလဲ ကိုယ်တော်တို့စိတ် မသိ၊ ကိုယ်တော်တို့ကလဲ ငိုက်ချင်သလို ငိုက်နေကြ၊
မသိ မသိချင်း ဆိုတာတော့ ဘာမှ မဖြစ်ဘူးပေါ့။

[ အမရပူရ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ ]

မီးလွတ်စားခြင်း


 



ဗုဒ္ဓဘာသာများထဲတွင်“မီးလွတ်စားခြင်း” ကို သာသနာတော်အကျင့်ဟု
ထင်မှတ်သူများ ရှိပါသည်။မီးလွတ်စားသော ပုဂ္ဂိုလ်များကိုလည်းသူတော်စင် သူတော်မြတ်အလား သဘောထား ကြည်ညိုကြ၏။“မီးလွတ်စားခြင်း”ဟူသည် မီးဖြင့် ချက်ပြုတ်ကြော်လှော်ထားခြင်းမရှိသော
အစားအစာ၊ သစ်သီးသစ်ဥတို့ကိုသာ စားသုံးခြင်းကို ဆိုလိုပါသည်။
မီးလွတ်စားခြင်းဟူသည်-
 

(၁) သာသနာတော်ကျင့်စဉ် ဟုတ်ပါ၏လော။
(၂) ဘုရားရှင်က ထင်းမီးလွတ်သော အစားအစာကို စားခြင်းသည်
“အကျင့်မြတ်”ဟု ဟောတော်မူခဲ့ပါ၏လော။
(၃) ဗုဒ္ဓအလိုကျ “မီးလွတ်စားနည်း”ရှိပါသလော
စသည် စသည်ဖြင့် ဆန်းစစ်ခြင်း၊ သုံးသပ်ခြင်း ပြုလုပ်ရန် လိုပါသည်။

စင်စစ်သော် သရက်သီးစားခြင်း၊ ငှက်ပျောသီးစားခြင်း၊
သစ်သီးသစ်ဥစားခြင်း စသည် ထင်းမီးလွတ်စားခြင်းသည်
သာသနာတော် ကျင့်စဉ်မဟုတ်ပါ။
ဘုရားရှင်က ထင်းမီးလွတ်စားရန်လည်း ညွှန်ကြားတော်မူခြင်း မရှိခဲ့ပါ။

မြန်မာအဘိဓာန် (စာ-၂၆၉)တွင်မူ
“မီးလွတ်” ဟူသောပုဒ်ကို အောက်ပါအတိုင်း ဖွင့်ဆိုခဲ့ပါသည်။
မီးလွတ် (ကြိယာ) - မီးလောင်ဘေးမှ လွတ်ကင်းသည်။
မီးလွတ် (နာမ်) - မီးဖြင့် စီမံချက်ပြုတ်ခြင်းမပြုဘဲ
အများအားဖြင့် အဓိဌာန်နှင့် စားသောက်သော သစ်သီးသစ်ဥ စသည်၊
ဤသည်မှာ ယေဘုယျအားဖြင့် အများနားလည်ထားသည့်
အတိုင်း ဖွင့်ဆိုထားချက်မျှသာ ဖြစ်၏။
ထေရ၀ါဒ ပိဋကတ်တော်အလိုအရ မဟုတ်ပါ။
ထေရ၀ါဒ ပိဋကတ်တော်တွင် မီး ၇ ပါးကို ဖော်ပြ ဖွင့်ဆိုထားပါသည်။

အင်္ဂုတ္တနိကာယ်၊ သတ္တကနိပါတ်၊ အဂ္ဂိသုတ်၌-
(၁) ရာဂမီး - လိုချင်တပ်မက်ခြင်း။
(၂) ဒေါသမီး - စိတ်ဆိုးစိတ်ပျက်ခြင်း။
(၃) မောဟမီး - အမှန်တရားကို မသိခြင်း။
(၄) အာဟုနေယျမီး -မိဘ ဆရာသမား စသော
ကျေးဇူးရှင်များကို မပြစ်မှားခြင်းကြောင့်
ဆင်းရဲဒုက္ခနှင့် မတွေ့ကြုံရခြင်း။
(၅) ဂဟပတိမီး -အိမ်ရှင် လင်ယောက်ျားကို
မပြစ်မှားမစော်ကားသောကြောင့် အိမ်ထောင်ရှင် အမျိုးသမီးတို့
ဆင်းရဲဒုက္ခ မတွေကြုံရခြင်း။
(၆) ဒက္ခိနေယျမီး - ရဟန်းသံဃာ စသော အလှူခံ
ပုဂ္ဂိုလ်မြတ်များကို မစော်ကားသောကြောင့်
ဆင်းရဲဒုက္ခ မတွေ့ကြုံရခြင်း။
(၇) ထင်းမီး - အစားအသောက်ကို ကျက်အောင်
ချက်ပြုတ် ဖုတ်ကင်သော မီး။

●အထက်ပါ မီး ၇ ပါးတွင်
(၁) ရာဂမီး၊
(၂) ဒေါ်သမီး၊
(၃) မောဟမီး သုံးမျိုးကို ပယ်အပ်၏။
ရှောင်ကျဉ်အပ်၏။ မမှီဝဲအပ်။
ရာဂ၊ ဒေါသ၊ မောဟမီးတို့ တငြီးငြီး တောက်လောင်လျှင်
ဆင်းရဲဒုက္ခများစွာနှင့် ကြုံတွေ့ရပြီး ကွယ်လွန်သော်
ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် စသော
ဘုံသို့ လားရောက်တတ်ပါ၏။
ထို့ကြောင့် ဤမီးသုံးမျိုးမှာ ငြိမ်းစေအပ်၊
မတောက်ပစေအပ် သော မီး ၃ မျိုး ဖြစ်ပါ၏။

●အာဟုနေယျမီး၊ ဂဟပတိမီး၊ ဒက္ခိနေယျမီး ဟူသော
မီး ၃ မျိုးမှာ ဆောင်ထားရမည့် မီးများဖြစ်ပါ၏။
ယင်းမီးသုံးမျိုးကို ကောင်းစွာ အလေးအမြတ်ပြု၍
မြတ်နိုးကော်ရော် ပူဇော်အပ်ပါ၏။

●ထင်းမီးမှာမူ တစ်ခါတစ်ရံ တောက်လောင်စေအပ်၏။
တစ်ခါတစ်ရံ လျစ်လျူရှုထားအပ်၏။
တစ်ခါတစ်ရံ ငြိမ်းစေအပ်၏။
တစ်ခါတစ်ရံ မငြိမ်းပဲ ထားအပ်၏။
ဤသို့လျှင် မြတ်စွာဘုရားက မိန့်တော်မူပါသည်။

သစ်သီးသစ်ဥစားခြင်းသည် ထင်းမီးလွတ်သည် မှန်၏။
သို့သော် အစားအစာအပေါ် သာယာစွဲမက်နေလျှင်
“လောဘမီး” မလွတ်၊
အစားအစာအပေါ် မကြိုက်မနှစ်သက်လျှင်
“ဒေါသမီး”မလွတ်၊
အစားအစာကို ပိုင်းခြားမသိဘဲ တွေဝေနေလျှင်
“မောဟမီး”မလွတ်ပါချေ။
စစ်မှန်သော မီးလွတ်စားခြင်းသည် ဒေါသမီး၊ လောဘမီး၊
မောဟမီးတို့ ကင်းလွတ်စွာ စားသောက်ခြင်းသာ ဖြစ်ပါ၏။

ထင်းမီးလောင်သောကြောင့် ထင်းမီးမလွတ်သော
အစားကို စားသောကြောင့် အပါယ်ငရဲကျခြင်း၊
အကုသိုလ်ဖြစ်ခြင်းတို့ မဖြစ်နိုင်။
လောဘမီး၊ ဒေါသမီး၊ မောဟမီးတို့ကင်းလွတ်မှသာ
အကုသိုလ်မှ ကင်းဝေးလျက် အပါယ်ငရဲမှလည်း
လွတ်မြောက်ပေလိမ့်မည်။

သစ်သီးသစ်ဥ စားရုံမျှဖြင့် မီးမလွတ်နိုင်ကြောင်း
“မြောက်ဥက္ကလာပ ရွှေဥမင်ဆရာတော်ကြီး”က
ဤသို့ မိန့်တော်မူခဲ့ပါသည်။
“မီးလွတ်စားတယ်ဆိုတာ ကြားဖူးကြမှာပေါ့။”
“မှန်ပါ၊ ကြားဖူးပါတယ် ဘုရား”
“မီးလွတ်ဆိုပြီး ဘာတွေ စားကြပါလိမ့်”
“သစ်သီးဝလံများ စားတာပါ ဘုရား”
“အေး အဲဒီ သစ်သီးဝလံတွေ စားလို့ တကယ်ကော
မီးလွတ်ကြရဲ့လား”

မည်သူမျှ မဖြေနိုင်ဘဲ ရှိနေကြပါသည်။
“မှတ်ထားကွယ့်၊
လောဘမီး၊ ဒေါသမီး၊ မောဟမီးဆိုတဲ့ မီးတွေလွတ်အောင်
စားနိုင်မှ တကယ်မီးလွတ်တယ်လို့ခေါ်တယ်၊
သစ်သီးသစ်ဖုတွေ စားရုံနဲ့ မီးမလွတ်နိုင်ဘူးနော်။”

■ကျေးဇူးရှင် အနန်းပင်တောရ ဆရာတော် ဘုရားကြီးကလည်း
မီးလွတ်စားနည်းအမှန်ကို ဤသို့ပင် ညွှန်ပြတော်မူခဲပါသည်။
“စားတဲ့အခါမှာ စားကောင်းတဲ့ အစာဆိုရင်
လောဘဖြစ်လာတတ်တယ်၊
များများစားချင်တယ်၊ ကုန်သွားမှာ စိုးရိမ်တယ်၊
လျှော့ပါးရင် ကုန်သွားမှာ နှမြောတယ်။
မကောင်းတဲ့ အစာဆိုရင်လဲ ဒေါသဖြစ်ရတယ်၊
မကျေနပ်ဘူး၊ စိတ်ဆိုးတယ်၊
ဒေါသကြောင့် စားရင် ပူလောင်ရတယ်။
 

ကောင်းတဲ့ အစာကို လောဘဖြစ်ရာကနေ ကုန်သွားလို့
ဒေါသဖြစ်ရတော့လည်း လောဘကြောင့် ဒေါသဖြစ်ရတယ်၊။
ဒီတော့ လောဘ ဒေါသ မဖြစ်ရအောင် ဆင်ခြင်ပြီး
အသိအမှတ်နဲ့စားရင် မီးလွတ်တာပေါ့။
မီးဖိုက မီးက ပြဿနာမဟုတ်ဘူး။ သူဟာသူ နေတာပါ။
အဲဒီတော့ သတိထားပြီး မီးလွတ်အောင် စားကြ၊
မီးလွတ်အောင် နေကြပေါ့။”

ဤသို့ဆိုလျှင် မီးလွတ်စားသောအကျင့်နှင့် မီးလွတ်စားသော ပုဂ္ဂိုလ်အပေါ်ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်များ
အနေဖြင့် မည်သို့သဘောထားရမည်ဟူသော အချက်မှာ ရှင်းလင်းပြတ်သားသွားပေပြီ။

-【မင်းနန် - မော်ကျွန်း】

Dhamma Dãna Source ►

ဗုဒ္ဓါဘိသေက မင်္ဂလာ (အနေကဇာတင် တယ်ဆိုတာ)




********************* ****************************

တစ်ရက်သောနေ့တွင် စာရေးသူ ဆွမ်းခံသွားရင်း ဓမ္မာရုံတခုမှ ဖွင့်နေသော တရားသံတခုကို ကြားလိုက်ရသည်။ ဓမ္မကထိက ဆရာတော်မှ “လူတွေက အနေကဇာတင်တယ်ဆိုတာ ဘုရားကို အသက်သွင်းနေကြတာ အနေကဇာတင်စရာမလိုဘူး” ဟူ၍ ကြားလိုက်ရသည်။

ဘယ်တရားခွေလဲဆိုတာတော့ တိတိကျကျ မသိတော့ပါ။ သွားရင်းလာရင်း ကြားလိုက်ရခြင်းသာ ဖြစ်ပါသည်။ သုံးလောကထွဋ်ထား တန်ခိုးရှင်ဖြစ်သော ဘုရားကို မည်သူမှ အသက်သွင်းစရာမလိုပေ။
အသက်သွင်းခြင်း လုပ်ငန်းသည် ဗုဒ္ဓဘာသာတို့ရဲ့ လုပ်ငန်းမဟုတ်ပေ။

အနေကဇာတင်ခြင်းကို ဘုရားအား အသက်သွင်းသည်ဟု ဆိုသူများသည် တောင်ပြန် တောထွက် ဘုန်းကြီးများသာ ဖြစ်ပေလိမ့်မည်။ လူပုဂ္ဂိုလ်များအနေနှင့်ကား ထိုသို့သိမည်မဟုတ်ပေ ဆရာဘုန်းကြီး၏ အလွဲအမှားကြောင့် ထိုသို့သိထားသည်ဆိုပါက အမှားကို အမှန်ရောက်အောင်ြ ပုပြင်ရမည်မှာ ဘာသာရေးခေါင်းဆောင် ဘုန်းကြီးများတွင်သာ တာဝန်ရှိသည် မဟုတ်ပါလော။
အနေကဇာတင်ဖို့မလိုဟူ၍ကား မဆိုသင့်ချေ၊



အနေကဇာတင်မှု မတင်မှုသည် ပဓာနကျသည်တော့ မဟုတ်ပေ။ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့
ရုပ်ပွါးတော်ကို မဟာပုရိသလက္ခဏာ ၃၂ ပါးနဲ့ ညီညွတ်စွာ ပီပီပြင်ပြင် ဖြစ်နေပြီးတော့ စိတ်ထဲမှာ ကြည်ညိုဖွယ်ဖြစ်ပြီဆိုရင် ပူဇော်ကြရုံသာဖြစ်၏။ ပူဇော်တိုင်း အကျိုးများနေမည်မှာ အမှန်ပင် ဖြစ်ပေသည်။

ရှေးရှေးဆရာတော် သံဃာတော်များသည် ဘုရားရှင်ကိုယ်တော်မြတ် ဘုရားဖြစ်စရဲ့ နေ့တွေ၊ ညတွေ မှာ အနေကဇာတိသံသာရံ၊ ပဋိစ္စသမုပ္ပါဒ်၊ ယထာဟဝေဂါထာများဖြင့် ဘုရားရှင်ကိုယ်တော်မြတ် တနေ့လုံး
တညလုံး သီတင်းသုံးသွားသော အခြင်းအရာကို ပြန်လည်အောက်မေ့၍ ဗောဓိသတ္တာဟ၊ ပလ္လင်္ကသတ္တာဟကို ကြည်ညိုသောအနေဖြင့် ပူဇော်ကြခြင်း ဖြစ်ပါသည်။

အနေကဇာတင် ရွတ်ဖတ်မှုနှင့် ရည်ရွယ်ချက်

(က) အနေကဇာတိ သံသာရံ၊

သန္ဓာ ၀ိဿံ အနိဗ္ဗိသံ။

ဂဟကာရံ ဂဝေသန္တော၊

ဒုက္ခာ ဇာတိ ပုနပ္ပုနံ။

(ခ) ဂဟကာရက ဒိဋ္ဌော သိ၊

ပုန ဂေဟံ န ကာဟသိ။

သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ၊

ဂဟကူဋံ ၀ိသင်္ခတံ။

ဝိသင်္ခါရ ဂတံ စိတ္တံ၊

တဏှာနံ ခယ မဇ္ဈဂါ။

ဤဂါထာတို့ဖြင့် အစချည်၍ သံဃာတော်များမှ ရွတ်ဖတ်ပူဇော်ပြီးသောအခါ “အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ”

ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ် အနုလောမကို ရွတ်ဆိုတော်မူကြပါသည်။ အဲဒီနောက်မှာတော့ “အ၀ိဇ္ဇာယတွေဝ အသေသ ၀ိရာဂ နိရောဓာ” အစရှိသော ပဋိစ္စသမုပ္ပါဒ် ပဋိလောမကို ရွတ်တော်မူကြပါသည်။

ထို့နောက် “ယဒါ ဟဝေ ပါတု ဘ၀န္တိ ဓမ္မာ” အစရှိသော သုံးဂါထာကို ရွတ်ဆိုတော်မူကြရပါသည်။

ထိုအစီအစဉ်တို့သည်။

၁။ အနေကဇာတိ သံသာရံ၊

၂။ ပဋိစ္စသမုပ္ပါဒ် အနုလောမ နှင့် ပဋိလောမ

၃။ ယဒါ ဟဝေ အစရှိတဲ့ ဥဒါန်း သုံးဂါထာ

ဒီအစီအစဉ်သုံးခုကို ဘုရားရှေ့တော်မှောက်မှာ သံဃာတော်များ လက်အုပ်ချီပြီး ရွတ်ဆိုမှု့သည်
မည်သို့အဓိပ္ပါယ်ရှိသလဲ ဟူမူ .......ဘုရားရှင်ကိုယ်တော်မြတ် မဟာသက္ကရာဇ် (၁၀၃) ခုနှစ် ကဆုန်လပြည့်နေရဲ့ ညနေခင်း၊ ဗောဓိပင်ရင်းမှာ နေမ၀င်မှီ ဒေ၀ပုတ္တမာန်ကို အောင်မြင်တော်မူခဲ့ပါသည်။

ညဦးယံကာလ ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ်နှင့် သန်းခေါင်ယံကာလ ဒိဗ္ဗစက္ခု အဘိညာဉ် တို့ကို ရတော်မူခဲ့ပေသည်။ လင်းအားကြီးကာလ ကဆုန်လပြည့်နေ့ည မကုန်သေးမှီ အချိန်မှာ
“အာသ၀က္ခယဥာဏ်” သို့ ရောက်၍ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပေသည်။

ဘုရားအဖြစ်သို့ရောက်ပြီး လပြည့်ကျော်တရက်နေ့ ကူးသောအချိန် ဗောဓိပင်ရင်းမှာ သီတင်းသုံး
ထိုင်နေတော်မူတဲ့ ဘုရားရှင်သည် ကမ္ဘာအသင်္ချေအနန္တက နှိပ်စက်လာတဲ့ ကိလေသာတွေကို အောင်မြင်ခဲ့ပြီဖြစ်တဲ့ ဘုရားရှင်သည် ၀မ်းသာတော်မူလွန်းလို့ ဥဒါန်းကျူးရင့်တော်မူပါသည်။

ဗုဒ္ဓကျူးရင့်ခဲ့တဲ့ ဥဒါန်း (၂) မျိုး

ဘုရားရှင် ကျူးရင့်တော်မူသော ဥဒါန်းမှာ နှစ်မျိုးရှိပါ၏။

၁။ မနသာ“၀၀တ္ထပိတ”ဥဒါန်း (စိတ်ထဲမှာသာလျှင် ကျူးရင့်သော ဥဒါန်း)

၂။ ၀စသာ ဥဒါန်း (စိတ်ထဲတွင် မကပဲ နှုတ်ကပါ ထုတ်ဖော်၍ ကျူးရင့်သော ဥဒါန်း) ဟူ၍

နှစ်မျိုးရှိပေ၏။

ဥဒါန်းဆိုသည်မှာ အိုးတလုံးထဲ ဆီထည့်(သို့မဟုတ်) ရေထည့်၊ ထည့်ရင်းထည့်ရင်းနဲ့ ပြည့်ပြီးတော့ နှုတ်ခမ်းရောက်လို့ အိုးထဲမှာ မဆန့်ပဲ နှုတ်ခမ်းကနေမဆန့်ပဲ စီးပြီးတော့ လျှံကျသွားတဲ့အခါ အိုးတအိုးလုံး အတွင်းရော အပြင်ပါ ဆီတွေ ရေတွေ စိမ့်ပြီးတော့ စိုနေသကဲ့သို့ ဘုရားရှင်ရဲ့ နှလုံးအိမ်မှာ စိမ့်ပြီးတော့ထားတဲ့ အရဟတ္တမဂ်၊ အရဟတ္တဖိုလ်နဲ့ယှဉ်တဲ့ ပီတိများသည် ကိုယ်တော်ရဲ့ နှလုံးတော်မှာ မဆန့်တော့တဲ့ အတွက်ကြောင့် နှုတ်တော်က လျှံထွက်လာသော
ဝစသာဥဒါန်း၊ နှုတ်တော်က မထွက်သေးခင် စိတ်ထဲမှာပဲ ရွတ်ဆိုနေတဲ့ မနသာဥဒါန်း ဥဒါန်းနှစ်မျိုး ဖြစ်လာပါသည်။

လပြည့်ကျော်တရက်နေ့ အာရုံတက်စကလေးမှာ ဘုရားရှင်ကိုယ်တော်မြတ် စိတ်ထဲမှာ ကျူးရင့်သော ဥဒါန်းသည်“အနေကဇာတိ သံသာရံ” ဂါထာနှစ်ဂါထာဖြစ်ပါတယ်။
ဘုရားရှင် ရင်ထဲ နှလုံးထဲကနေပြီးတော့ ရွတ်ဆိုနေခဲ့တာ လပြည့်ကျော်တရက်နေ့ မနက်ခင်း အာရုံဦး “အနေကဇာတိ သံသာရံ” နဲ့ နေပါတယ်။ တနေ့လုံးလည်းပဲ “အနေကဇာတိသံသာရံ” နဲ့ နေတယ်။ လပြည့်ကျော် တစ်ရက်နေ့ တနေ့လုံး“အနေကဇာတိသံသာရံ” ကို နုတ်ကနေမဆိုပဲနဲ့ စိတ်ထဲမှာ ကျူးရင့်၍ နေတော်မူပါတယ်။ လပြည့်ကျော် တစ်ရက်နေ့ ညဉ့်ဦးယံအရောက်မှာ နုတ်မှ ထုတ်ဖော်၍

အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ၀ိညာဏံ၊ ၀ိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ

သဠာယတနံ၊ သဠာယတနပစ္စယာ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊

တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘ၀ပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊

သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿု ပါယာသာ သမ္ဘ၀န္တိ ဧ၀ မေတဿ ကေ၀လဿ ဒုက္ခက္ခန္ဓဿ

သမုဒယော ဟောတီတိ.. ဟူသော ပဋိစ္စသမုပ္ပါဒ် “အနုလောမ” ကို ကျူးရင့်တော်မူပါတယ်။

ထို့နောက်

အ၀ိဇ္ဇာယတွေဝ အသေသ ၀ိရာဂ နိရောဓာ သင်္ခါရ နိရောဓော၊ သင်္ခါရနိရောဓာ ၀ိညာဏနိရောဓော၊

ဝိညာဏနိရောဓာ နာမရူပ နိရောဓော၊ နာမရူပနိရောဓာ သဠာယတန နိရောဓော၊ သဠာယတန

နိရောဓာ ဖဿနိရောဓော၊ ဖဿနိရောဓာ ဝေဒနာနိရောဓော၊ ဝေဒနာ နိရောဓာ တဏှာနိရောဓော၊

တဏှာ နိရောဓာ ဥပါဒါန နိရောဓော၊ ဥပါဒါန နိရောဓာ ဘ၀နိရောဓော၊ ဘ၀နိရောဓာ ဇာတိနိရောဓော၊

ဇာတနိရောဓာ ဇရာ မရဏံ၊ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿု ပါယာသာ နိရုဇ္ဈန္တိ၊ ဧ၀ မေ တဿ

ကေ၀လဿ၊ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတီတိ ဟူသော ပဋိစ္စသမုပ္ပါဒ် “ပဋိလောမ” ကို

ဆက်လက်၍ ကျူးရင့်တော်မူခဲ့ပေသည်။

ပဋိစ္စသမုပ္ပါဒ် အနုလောမ နှင့် ပဋိလောမ ကို အပြန်ပြန်အလှန်လှန်

ဆင်ခြင်သုံးသပ်တော်မူပြီးသောအခါ

(က) ယဒါ ဟဝေ ပါတု ဘ၀န္တိ ဓမ္မာ၊

အာတာပိနော ဈာယတော ဗြဟ္မဏဿ။

အထဿ ကင်္ခါ ၀ပယန္တိ သဗ္ဗာ၊

ယတော ပဇာနာတိ သဟေတု ဓမ္မာ။

(ခ) ယဒါ ဟဝေ ပါတု ဘ၀န္တိ ဓမ္မာ၊

အာတာပိနော ဈာယတော ဗြဟ္မဏဿ။

အထဿ ကင်္ခါ ၀ပယန္တိ သဗ္ဗာ၊

ယတော ခယံ ပစ္စယာနံ အဝေဒိ။

(ဂ) ယဒါ ဟဝေ ပါတု ဘ၀န္တိ ဓမ္မာ၊

အာတာပိနော ဈာယတော ဗြဟ္မဏဿ။

ဝိဓူပယံ တိဋ္ဌတိ မာရသေနံ၊

သူရိယောဝ သြဘာသယ မန္တလိက္ခံ။………………..ဟူသော

သုံးဂါထာကို ကျူးရင့်တော်မူခဲ့ပါသည်။

ပဋိစ္စသမုပ္ပါဒ် နှင့် ယထာဟဝေ အစရှိသော ဂါထာတို့ကို ဥာဉ့်ဦးယံမှာ နုတ်မြွက်ပြီးတော့ ရွတ်ဆိုကျူးရင့် တော်မူပါတယ်။ ဥာဉ့်အလယ်ပိုင်း မဇ္ဈိမယံမှာလဲ ဒီအတိုင်းပါပဲ။
ဥာဉ့်ရဲ့ နောက်ပိုင်း မိုးသောက်ယံ ကျပြန်တော့လည်း ဒီအတိုင်းပင် လပြည့်ကျော်တရက်နေ့ တညလုံး ဘုရားရှင်ဤကဲ့သို့ နေတော်မူပါသည်။ လပြည့်ကျော်တစ်ရက်နေ့ နေ့နဲ့ည အကုန်၊ လပြည့်ကျော် ၂ ရက်၊ ၃ ရက်၊ ၄ ရက်၊ ၅ ရက်၊ ၆ ရက် ၇ ရက်နေ့ ဤ (၇) ရက်နေ့ ညနေခင်းအထိ ဘုရားရှင်ကိုယ်တော်မြတ် ဖလသမာပတ်နဲ့ချည်း ချမ်းသာစွာ နေတော်မူပါတယ်။
လပြည့်ကျော် ၇ ရက်နေ့ ညပိုင်းအရောက်မှာ မြတ်စွာဘုရားဆင်ခြင်ပုံ တစ်မျိုး
ပြောင်းသွားပြီးတော့ “အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရာ” ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ် “အနုလောမ” ကို ဆင်ခြင်တော် မူပါတယ်။ အဲဒီနောက်မှ ယထာဟဝေ အစရှိတဲ့ ပထမဂါထာကို ဆင်ခြင်တော်မူတယ်။

လပြည့်ကျော် (၁) ရက်နေ့ရဲ့ ဥာဉ့်အလယ်ပိုင်း မဇ္ဈိမယံမှာ အ၀ိဇ္ဇာယတွေဝ အသေသ ၀ိရာဂ နိရောဓာ
ဟူသော ပဋိစ္စသမုပ္ပါဒ် “ပဋိလောမ” ကို ဆင်ခြင်တော်မူတယ်။ ထို့နောက် ယထာဟဝေ ဒုတိယ ဂါထာကို ဆင်ခြင်တော်မူတယ်။ မိုးသောက်ယံမှာ ပဋိစ္စသမုပ္ပါဒ် “အနုလုံ” နှင့် “ပဋိလုံ” ကို အပြန်ပြန်အလှန်လှန် နှစ်ခုစလုံး ဆင်ခြင်တော်မူပြီးတော့ “ယထာဟဝေ” တတိယဂါထာကို ဘုရားရှင် ကျူးရင့်တော်မူပါတယ်။ ဒါကိုပဲ “ပလ္လင်္ကသတ္တာဟ” လို့ခေါ်ပါတယ်။ ဗောဓိပင်ရင်းမှာ တင်ပျဉ်ခွေပြီးတော့နေခဲ့တဲ့ အတွက်ကြောင့်
“ဗောဓိသတ္တာဟ” လို့လဲ ခေါ်ပါတယ်။

ဗုဒ္ဓါဘိသေက ဟု ဆိုသော်လည်း ဘုရားအား ဘိတ်သိတ်သွင်းခြင်း
မဟုတ်ကြောင်း စာဖတ်သူ အများ သိထားသင့်လှပါသည်။ ဘုရားရှင်ကိုယ်တော်မြတ် ဘုရားဖြစ်စရဲ့ နေ့တွေ၊ ညတွေမှာ
အနေကဇာတိသံသာရံ၊ ပဋိစ္စသမုပ္ပါဒ်၊ ယထာဟဝေ ဂါထာတွေနဲ့ ဘုရားရှင်ကိုယ်တော်မြတ် တနေ့လုံး တညလုံး သီတင်သုံးသွားသော အခြင်းအရာကို အောက်မေ့ပြီး
ဗောဓိသတ္တာဟ၊ ပလ္လင်္ကသတ္တာဟကို
ကြည်ညိုတဲ့ အနေနဲ့ သံဃာတော်များမှ “အနေကဇာတိသံသာရံ” ရွတ်ဖတ်ပူဇော်ခြင်းကို
အနေကဇာတင်ခြင်း ဟု ခေါ်ကြပါသည်။

သံဃာတော်များ မပါဘဲ ကိုယ့်ဘာသာကိုယ် ဤအနေကဇာတင်စာများ အလွတ်ကျက်၍
ကိုယ်တိုင် နေ့တိုင်းနေ့တိုင်း ရွတ်နေရင်လည်း အနေကဇာတင်မှု့ ပြီးမြောက်သည်သာ ဖြစ်ပါ၏။ သံဃာတော် အရှင်မြတ်များ ပင့်ပြီး ရွတ်ဆိုသောအခါ ပိုပြီးတော့ ဌာန်ကရိုဏ်းပယတ်
ပီပီပြင်ပြင် ကြည်နူးရန်အလို့ငှါ ဘုရားရှင်ကိုယ်တော်မြတ်၏ ရုပ်ဆင်းတုအသစ် ဖြစ်သစ်စကို ဘုရားရှင်ကိုယ်တော်တိုင် ကျူးရင့်ခဲ့တဲ့ ဥဒါန်းများနှင့် ပြန်လည်ပူဇော်ရန် သံဃာတော်များ
ပင့်ဖိတ်၍ အနေကဇာတင်ကြခြင်း
ဖြစ်ပါသည်။

မဇ္ဈိမရတနာ - အရှင်သာမိ (မုံရွာ)
 

ဘ၀ရဲ့လက်တွဲဖော် ရွေးချယ်သောအခါ



                    
လူတစ်ဦးတစ်ယောက်ကို မိမိဘ၀တစ်သက်လုံးအတွက် ဘ၀လက်တွဲဖော်အဖြစ် ရွေးချယ်သောအခါ...
မိမိတစ်ယောက်တည်းအပေါ် သိပ်ချစ်ပြီး ချစ်နေတုန်းအချိန် အနစ်နာခံမှု၊ ဘာမဆိုလုပ်ပေးမှု၊
ကိုယ်တစ်ယောက်တည်းအပေါ် ချစ်နေတုန်းကောင်းခြင်း၊ယုယခြင်း ၊ ရိုးသားခြင်းလောက်နဲ့
ဘ၀ရဲ့လက်တွဲဖော်ဆိုပြီးရွေးချယ်လို့ မရနိုင်ပါဘူး။

ဘာလို့လဲဆိုတော့... လူဆိုတာမိမိသဘောကျနေတဲ့အချိန်၊
မိမိသိပ်ချစ်နေတဲ့အချိန် ၊ မိမိချစ်နေသောသူကို အရာရာအကောင်းပဲမြင်ပြီး
အရာရာခွင့်လွှတ်လုပ်ပေးတတ်ကြတာ သဘာဝဖြစ်တယ်။

ကိုယ်နဲ့ အဆင်မပြေသောတစ်နေ့ မှာ ကိုယ့်အပေါ်မှာကြမ်းတမ်းသော အပြုအမူ ၊ ရိုင်းစိုင်းသောအပြောအဆို ၊ ရက်စက်သောလုပ်ရပ်တွေနဲ့ ထာဝရ ရန်သူကြီးတွေဖြစ်နေကြတာ လောကမှာမြင်နေကြရမှာပါ။

သို့ကြောင့်... လူတစ်ယောက်ကိုဘ၀အတွက်တစ်သက်လုံး ရွေးချယ်သောအခါ...
ကိုယ်နဲ့ လက်တွဲမဲ့သူက တစ်ခြားသူတစ်ဦးပေါ်
 
●တကယ်ကိုယ်ချင်းစာတရားရှိရဲ့လား၊
●တကယ်စိတ်ကောင်းစေတနာကောင်း
●ပင်ကိုရိုးသားဖြူစင်သောစိတ်ရှိရဲ့လား၊
●စကားပြောတာဆိုတာကအစ
●ရိုးသားယဉ်ကျေးသိမ်မွေ့မှုတကယ်ရှိရဲ့လား ၊
●သဘောထားကြီးမှု ၊ နားလည်ခွင့်လွတ်တတ်မှုရှိရဲ့လား၊
●ကိုယ့်အပေါ်အရမ်းကောင်းတယ်၊သူများပေါ်မှာ ကိုယ်လောက်မကောင်းပေမယ့်
ပုံမှန်စိတ်ကောင်းစိတ်မြတ်ရှိရဲ့လား၊ဒါတွေရှိရဲ့လား ဆိုတာစဉ်းစားရပါလိမ့်မယ်။

ဒီလို သူနဲ့ ဘ၀တစ်သက်လုံးလက်တွဲမှ၊ရေရှည်မှာစိတ်ချမ်းသာမှုရမှာဖြစ်တယ်။
မိမိတစ်ယောက်တည်း အပေါ်ကောင်းတာလောက်နဲ့ ဘ၀မှာလက်တွဲမိရင်တော့ ဘ၀မှာပြင်လို့ မရသော
“နောင်တတရားတွေ” က မိမိကိုစောင့်ကြိုနေလိမ့်မယ်။

ဒါကြောင့် ဘ၀တစ်သက်တာအတွက် လက်တွဲဖော်ကိုကိုယ့်အပေါ်ချစ်မိနေတုန်း ကောင်းခြင်းလောက်နဲ့
မရွေးချယ်ကြပါနဲ့ လို့ တိုက်တွန်းလိုက်ပါတယ်။

မေတ္တာဖြင့်。。。
-【အရှင်ဇနက - မန္တလေးစာသင်သား】
-【Young Buddhist's Association】

အကျိုးရှိစေမည့် သူနာမေးနည်း





ဆွေမျိုး မိတ်သင်္ဂဟထဲက မကျန်းမာသူတစ်ဦးဦးရှိနေလျှင် သူနာမေးသွားခြင်းသည် လူ့ဝတ္တရားပါ။
ကျန်းမာရေး ချို့တဲ့နေချိန်တွင် ၀န်းကျင်အသိုင်းအ၀န်း၏ အသိအမှတ်ပြုမှု ၊ အားပေးကူညီမှုများကို

တောင့်တတတ်ခြင်းသည် လူ့သဘာဝပင်ဖြစ်ပါ၏။

ဝတ္တရားအရ သူနာမေးသွားသည့်အခါ တာဝန်ကျေသဘောထက် စေတနာအပြည့်အ၀ထားပြီး၊
ထိထိရောက်ရောက်ကူညီနိုင်လျှင်မူ ပို၍ကောင်းပါသည်။

သာသနာရေး ရှုထောင့်မှနေ၍ သူနာအတွက် အကျိုးရှိစေမည့် သူနာမေးနည်းကို
လမ်းညွှန်တော်မူခဲ့သော အရှင်သူမြတ်မှာ စစ်ကိုင်းတောင်
“အနောက်ပရက္ကမ ဆရာတော်” ကြီးဖြစ်ပါသည်။

တစ်နေ့ ဆရာတော်ကြီး မကျန်းမာသည့်အခါ တူ၊ တူမများက သတင်းလာမေးပါသည်။
ထိုအခါ ဆရာတော်ကြီးက-ငါ့အတွက် ဥပုသ်စောင့်ကြရဲ့လား၊ ပရိတ် ရွတ်ကြရဲ့လား၊ ငါ့အတွက် ရှင်တော်ဘုရားအား ဆီမီးသက်စေ့၊ ရေသက်စေ့၊ ပန်းသက်စေ့ လှူကြရဲ့လား စသည်ဖြင့် မေးရာ တူ၊ တူမများက -“ဒီလို လုပ်ရမှန်း မသိ၍ မလုပ်ခဲ့မိပါကြောင်း”ပြန်လည်လျှောက်ထားပါသည်။

ထိုအခါ ဆရာတော်ကြီးက
“မင်းတို့ရွာမှာ သူနာ ဘယ်လိုမေးသလဲ”ဟု မေးပြန်ပါသည်။

တူ၊ တူမများကလည်း“တောသဘာဝ သူနာမေးတဲ့အတိုင်း တဘက်ကလေး ပခုံးတင်၊ ဒီတိုင်း သွားတဲ့အခါ သွား၊လက်ထဲအဆင်ပြေလျှင်ရှိတဲ့ မုန့်ပဲ သရေစာလေးနဲ့
သွားမေးကြတဲ့အခါ မေးပါတယ်ဘုရား” ဟု လျှောက်ထားကြပါသည်။

ထိုအခါ ဆရာတော်ဘုရားကြီးက-“အဲ့ဒါ နင်တို့ သူနာမေးတာနဲ့ မတူဘူး။
သူနာ သေမှာလား၊ မသေဘူးလား သွားကြည့်တာနဲ့တူနေတယ်၊ သူနာ သက်သာစေချင်လို့
သူနာသွားမေးတယ်ဆိုရင် မသွားခင်ကတည်းက သူနာအတွက် ရှင်တော်ဘုရားအား ဆီမီး၊ ပန်း၊ ရေချမ်း
သက်စေ့လှူဒါန်းပြီး သူနာရောဂါ ဝေဒနာ ပျောက်ကင်းရန် မေတ္တာပို့ ဆုတောင်းအမျှဝေရမယ်။

သူနာဆီသွားပြီး သူနာအတွက် ရှင်တော်ဘုရားအား ဆီမီး၊ ပန်း၊ ရေချမ်းတို့ကို သက်စေ့လှူဒါန်းခဲ့ပြီ။

အဲ့ဒီကောင်းမှုတွေကြောင့် ဒီရောဂါဝေဒနာ ပျောက်ကင်းပါစေလို့ငါ ဆုတောင်းခဲ့ပါတယ်။ မင်းရဲ့ ရောဂါဝေဒနာ မကြာခင် ပျောက်ကင်းမှာပါဟု ပြောပြီး အားပေးရမယ်။
ဒီလို သူနာမေးမှသူနာ အကျိုးရှိမှာ။ မင်းတို့ မေးတာက သူနာ ဘာအကျိုးမှမရှိဘူး။”

【မင်းနန် - မော်ကျွန်း- ဆရာတော်ကြီးများ၏ ဩဝါဒတော်များပေါင်းချုပ် နှာ ၂၇ ၊ ၂၈ မှ-】

Saturday, 9 August 2014

အံ့ဖွယ် (၈) ဖြာ သာသနာ ...


တချိန်သောအခါ မြတ်စွာဘုရားသည် နဠေရုမည်သော တမာပင်ရင်း၌ သီတင်းသုံးနေတော်မူ၏။ အဲဒီအချိန်ခါမှာ ပဟာရာဒလို့ခေါ်သည့် အသူရိန်ကမြတ်စွာဘုရားထံသို့ ရောက်လာပြီး “မြတ်စွာဘုရား၏ သာသနာတော်မှာ ရဟန်းတော်တွေမွေ့လျော်နေကြတာ အဘယ်အံ့ဖွယ်တွေရှိနေလို့ ပျော်မွေ့နေကြတာလဲ” ဟု သိလို၍မေးလို၍ ရောက်လာခြင်းဖြစ်သည်။သို့ပါသော်လည်း မြတ်စွာဘုရားထံသို့ ရောက်လာသည့်အခါကြတော့ မြတ်စွာဘုရား၏ ဘုန်းတန်ခိုး အာနုဘော်တွေ၊မြတ်စွာဘုရား၏ ဘုန်းကံကြီးမားပုံတွေကို တွေ့မြင်ရသောကြောင့် ရှေးဦးစွာမေးခွန်းများကို မလျှောက်ထားဝံ့ပေဘူး။အဲဒါကို မြတ်စွာဘုရားသိတော်မူသောကြောင့် မြတ်စွာဘုရားက ရှေးဦးစွာမေးတော်မူပါတယ်။“ပဟာရာဒ အသူရိန် …အသူရာတို့သည် သမုဒ္ဒရာ၌ ပျော်မွေ့နေကြသည်။ဘာအံ့ဘွယ်တွေရှိ၍ ပျော်မွေ့နေကြတာလဲ” ဟု မြတ်စွာဘုရားက ရှေးဦးစွာမေးတော်မူတဲ့အခါကျမှ ပဟာရာဒ အသူရိန်က “သမုဒ္ဒရာမှာ အံ့ဖွယ် (၈)မျိုးရှိပါတယ်” ဟု လျှောက်ထားပါတယ်။ (၈)မျိုးကို ဖြေပြီးတဲ့အခါ ပဟာရာဒ အသူရိန်ကမြတ်စွာဘုရားကို လျှောက်ထားပြန်ပါတယ်။“မြတ်စွာဘုရား …မြတ်စွာဘုရား၏ သာသနာတော်ကြီးမှာ မြတ်စွာဘုရား၏ တပည့်သားတွေ သာသနာတော်မှာပျော်မွေ့နေကြတာဘာအံ့ဖွယ်တွေရှိနေလို့ ယခုလို ပျော်မွေ့နေကြတာလဲ ဘုရား ”
ဟုလျှောက်ထားတဲ့အခါ မြတ်စွာဘုရားက “ငါဘုရား၏ သာသနာတော်မှာလည်း အံ့ဖွယ်ရာ(၈)မျိုး ရှိတဲ့အတွက်ကြောင့် ငါဘုရား၏ တပည့်သား ရဟန်းတော်တို့သည်သာသနာတော်မှာ ပျော်မွေ့နေကြတာပဲ” လို့ မြတ်စွာ ဘုရားက ပြန်၍ဖြေကြားလိုက်ပါတယ်။သမုဒ္ဒရာမှာ အံ့ဖွယ်(၈) ဖြာရှိသလို မြတ်စွာဘုရား၏ သာသနာတော်မှာလည်း အံ့ဖွယ် (၈)ဖြာ ရှိတယ်လို့ ဆိုတဲ့ အဓိပ္ပါယ်ကိုမြတ်စွာဘုရားပြန်၍ ဖြေကြားတော်မူတာပါဘဲ။သမုဒ္ဒရာရဲ့ အံ့ဖွယ် (၈)ဖြာနှင့် သာသနာတော်ကြီး၏ အံ့ဖွယ် (၈)ဖြာ တို့ကို ဥပမာနှင့် ဥပမေယျ နှိုင်းယှဉ်၍ပြထားတဲ့ဆောင်ပုဒ်ကို ရှေးဦးစွာ ဖော်ပြပါမည်။ဆောင်ပုဒ်အစဉ်နက်ဝှမ်း ၊ ကမ်းကိုမလွန် ၊ရွံဖွယ်ဆယ်ပစ် ၊ တမည်ဖြစ်ခြင်း ၊မယွင်းမတိုး ၊ ဆယ်မျိုး ရတနာ ၊ရသာဆားတူ ၊ ကြီးသူနေရာ ၊အံ့ရှစ်ဖြာ ။၁။ အစဉ်နက်ဝှမ်းမဟာသမုဒ္ဒရာသည် လက် ၁-သစ်၊ ၂-သစ်က စပြီးတော့ နက်သွားလိုက်တာ ယူဇနာပေါင်း ရှစ်သောင်းလေးထောင်တိုင်အောင် အစဉ်အတိုင်းနက်သွားပါတယ်။အဲဒီလိုပါဘဲ မြတ်စွာဘုရား၏ သာသနာတော်မှာလည်း အကျင့်သိက္ခာတွေဟာ အစဉ်အတိုင်း တဖြည်းဖြည်းနက်နဲ နက်နဲ ၊ သိမ်မွေ့ သိမ်မွေ့ သွားပါတယ်။

၂။ ကမ်းကိုမလွန်သမုဒ္ဒရာရေတွေဟာ ကမ်းပေါ်လျှံတက်သွား၊ လွန်တက်သွားတယ်လို့ မရှိကောင်းသလို မြတ်စွာဘုရား၏သာသနာတော်မှာလည်း မြတ်စွာဘုရား ပညတ်ထားတဲ့ သိက္ခာပုဒ်တွေဟာကမ်းပါးတွေနဲ့တူပါတယ်။ မြတ်စွာဘုရား၏ တပည့်သားသံဃာတော်တွေကအသက်ဟူသောအကြောင်းကြောင့်ပင်မလွန်ကြူးကြပေ။

၃။ ရွံဖွယ်ဆယ်ပစ်သမုဒ္ဒရာကြီးထဲမှာ ဆင်သေကောင်ပုပ်၊ မြင်းသေကောင်ပုပ် အစရှိသော အကောင်ပုပ်တွေကျလာတဲ့အခါသမုဒ္ဒရာလှိုင်း တံပိုးတွေက ကမ်းပေါ်သို့ ပုတ်တင်လိုက်သလို သာသနာတော်မှာလည်းဆင်သေပုပ်၊ မြင်းသေပုပ်တွေနှင့်တူတဲ့ဒုဿီလပုဂ္ဂိုလ်တွေကိုသာသနာတော်ကြီးကအရှည်မထားပါဘူး။သံဃာကအပေါင်းအဖော်မလုပ်တော့ပေဘူး။ သာသနာတော်မှထုတ်ပစ်လိုက်တယ်။

၎။ တမည်ဖြစ်ခြင်းသမုဒ္ဒရာ၌ ရေတွေဟာ ဂင်္ဂါမြစ်မှရေ၊ ယမုံနာမြစ်မှရေ၊ အစိရ၀တီမြစ်မှရေ၊ သရဘူမြစ်မှရေ၊ မဟီမြစ်မှရေတို့သည် သမုဒ္ဒရာထဲသို့ရောက်သွားတဲ့အခါ ခွဲခြားလို့မရတော့ပေဘူး။သမုဒ္ဒရာရေပဲဖြစ်သွားကြသလို မြတ်စွာဘုရားသာသနာတော်မှာလည်း မင်းမျိုး၊ပုဏ္ဏားမျိုး၊ ကုန်သည်မျိုး၊ ဆင်းရဲသားမျိုး စသည်ဖြင့်အမျိုးပေါင်းများစွာမှ သာသနာ့ဘောင်သို့ ၀င်လာကြတဲ့အခါ ဤရဟန်းက မင်း၊ဤရဟန်းက ပုဏ္ဏား၊ ဤရဟန်းက ကုန်သည်၊ဤရဟန်းကသူဆင်းရဲပဲလို့နာမည်အသီးသီးမခွဲခြားတော့ပါဘူး။သာကီဝင်မင်းသား ဘုရားသားတော်ရဟန်းပဲလို့တမည်တည်းဖြစ်သွားပါတယ်။ အဲဒီလို တမည်တည်းဖြစ်သွားတာလည်း မြတ်စွာဘုရား၏သာသနာတော်မှာ အံ့ဖွယ်တမျိုးပါပဲ။

၅။ မယွင်းမတိုးမြစ်တွေမှ ရေစီးဝင်တာများလို့၊ မိုးတွေက သိပ်ရွာလို့ သမုဒ္ဒရာရေတွေ တိုးတက်လာတယ်လို့မရှိသလိုမြတ်စွာဘုရားသာသနာတော်မှာလည်းရေတွက်လို့မရနိုင်လောက်အောင်များတဲ့ရဟန္တာပုဂ္ဂိုလ်တွေ နိဗ္ဗာန်သို့စံဝင်သွားကြတဲ့အခါ နိဗ္ဗာန်ကြီးကကျယ်သွားတယ်လို့လည်း မရှိဘူး။ သာသနာပအခါမှာလည်းပဲ နိဗ္ဗာနဓာတ်သို့ဝင်စံတဲ့ရဟန္တာပုဂ္ဂိုလ်တွေမရှိတဲ့အတွက်ကြောင့်နိဗ္ဗာန်ကြီးဟာပြန်ကျဉ်းသွားတယ်လို့မရှိကောင်းတာလည်း အံ့ဖွယ်ရာတခုပင်ဖြစ်ပါတယ်။

၆။ ဆယ်မျိုးရတနာဆယ်မျိုးရတနာဆိုသည်မှာ မဟာသမုဒ္ဒရာကြီး၌ရတနာအမျိုးမျိုးတွေ(ဆယ်မျိုးလောက်ရေတွက်လို့ရတယ်) ရှိနေတာလည်းပဲအံ့ဖွယ်တခုဖြစ်သလို မြတ်စွာဘုရားသာသနာတော်မှာလည်း သတိပဋ္ဌာန်တရား ၄-ပါး၊သမ္မပ္ပဓာန်တရား ၄-ပါး၊ ဣဒ္ဓိပါဒ် ၄-ပါး၊ ဗောဇ္ဈင် ၇-ပါး၊ မဂ္ဂင် ၈-ပါး၊ ဗိုလ်၅-ပါး လို့ခေါ်တဲ့ရတနာအမျိုးမျိုး ရှိခြင်းသည်လည်း အံ့ဖွယ်တခုဖြစ်ပါတယ်။

၇။ ရသာဆားတူမဟာသမုဒ္ဒရာကြီး၌ရေတို့၏အရသာသည်ဆားငံအရသာတစ်မျိုးတည်းပင်ရှိသကဲ့သို့မြတ်စွာဘုရား၏သာသနာတော်မှာလည်း ကိလေသာတို့မှလွတ်မြောက်ခြင်းအရသာတည်းဟူသောဝိမုတ္တိရသအရသာတစ်မျိုးတည်းရှိခြင်းသည်လည်းအံ့ဖွယ်တခုဖြစ်ပါတယ်။

၈။ ကြီးသူနေရာကြီးသူနေရာ ဆိုသည်မှာသမုဒ္ဒရာအတွင်းကတိမိင်္ဂလစသည့်အလွန်ကြီးသောငါးကြီးတွေနေရာဖြစ်ပါတယ်။ဒါဟာလည်း သမုဒ္ဒရာကြီး၏အံ့ဖွယ်တခုဖြစ်သလိုမြတ်စွာဘုရားသာသနာတော်မှာလည်းမဂ္ဂဋ္ဌာန်၎ယောက်၊ ဖလဋ္ဌာန် ၄-ယောက်ဟူသော ကြီးသူတို့နေရာဖြစ်ပါတယ်။ ဒါဟာလည်းသာသနာတော်ရဲ့ အံ့ဖွယ် တခုပင်ဖြစ်သည် ဟူ၍ မြတ်စွာဘုရားရှင်ဖြေကြားတော်မူခဲ့ပါတယ်။(အံ-၃၊ ၄၂၊ ၄၃)


Gold price estimated