Video

Thursday, 14 November 2013

ကုသိုလ် နှင့် အကုသိုလ် ပွားလာမှု


                             ကုသိုလ် နှင့် အကုသိုလ် ပွားလာမှု
          ကျွန်တော်တို့ ဓမ္မမိတ်ဆွေများအကြား အငြင်းပွားလျက် မဆုံးဖြတ်နိုင်သော ပြဿနာတစ်ရပ် ရှိနေပါသည်။
          အချို့က ကုသိုလ်သည် ပြုလုပ်ပြီးသည့်နောက်တွင် ပြန်၍တွေးမိတိုင်း ကုသိုလ်စိတ်တွေတိုးကာ ပွားများလာသကဲ့သို့ အကုသိုလ်တွင် ပွားများသော အင်အားမရှိဟု ဆိုပါသည်။
          အချို့က အကုသိုလ်ပြုပြီး နောင်တ(ကုက္ကုစ္စ)ရတိုင်း စိတ်နှလုံးပူလောင်ပြီး အကုသိုလ်စိတ်တွေ ပွားများလာသည်ဟု ဆိုပါသည်။
          ပြောသူများက အကိုးအကားများနှင့် ပြောကြခြင်း ဖြစ်ပါ၏။ ကျွန်တော်တို့ကတော့ မြတ်စွာဘုရား ဟောခဲ့သည့် အမှန်တရားကို သိလိုနေပါသည်။
                                                                                      မောင်မှုးတို့အဖွဲ့
                                                                                      (ဝေယျာဝေစ္စအသင်း)
          “ကုသိုလ်သည် ပြုလုပ်ပြီးသည့်နောက်တွင် ပြန်၍တွေးမိတိုင်း ကုသိုလ်စိတ်တွေတိုးကာ ပွားများလာသကဲ့သို့ အကုသိုလ်တွင် ပွားများသော အင်အားမရှိ”- ဆိုသည်မှာ မှန်သကဲ့သို့  “အကုသိုလ်ပြုပြီး နောင်တ(ကုက္ကုစ္စ)ရတိုင်း စိတ်နှလုံးပူလောင်ပြီး အကုသိုလ်စိတ်တွေ ပွားများလာသည်” ဆိုသည်မှာလည်း မှန်ပါသည်။
          ကောင်းတာ (ကုသိုလ်) ပင်ဖြစ်စေ၊ ဆိုးတာ (အကုသိုလ်) ပင် ဖြစ်စေ ပြုလုပ်မိပြီးနောက် ပြန်၍ သတိရတတ်ပါသည်။ ထိုသို့သတိရသောအခါ ကောင်းတာ(ကုသိုလ်)ကို ပြန်တွေးမိလျှင် စိတ်ကြည်နူးပြီး ကုသိုလ်တိုးပွားသကဲ့သို့ မကောင်းတာ (အကုသိုလ်)ကို ပြန်တွေးမိလျှင် စိတ်နှလုံးပူလောင်းပြီး အကုသိုလ်များ တိုးပွားလာပါသည်။
          သို့ရာတွင် မကောင်းတာလုပ်ခဲ့မိခြင်းကို မည်သူမျှ ပြန်မစဉ်းစားချင်ပါ။ တိုက်ဆိုင်၍ သတိရမိလျှင်လည်း စိတ်ပင်ပန်းသဖြင့် လျှင်မြန်စွာ ဖျောက်ပစ်တတ်ပါသည်။ ကြာရှည်စဉ်းစားမနေတတ်ပါ။ ထို့ကြောင့် အကုသိုလ်တွင် ပြုပြီးဖြစ်ပြီးသား အကုသိုလ်ကို အကြောင်းပြု၍ နောက်ထပ်ပွားများသော အကုသိုလ်အင်အား သိပ်မရှိခြင်း ဖြစ်၏။ ကောင်းမှု့လုပ်ခဲ့ခြင်းကိုကား စဉ်းစားမိတိုင်း ကြည်နူးရသဖြင့် မကြာခဏ စဉ်းစားမိ၏၊ စဉ်းစားမိတိုင်း ကုသိုလ်တိုး၏။ အလားတူမေးခွန်းကို မိလန္ဒပဉှာတွင် အရှင်နာဂသေန ဖြေကြားဖူး၏။
(အကုသိုလ်နှင့် ကုသိုလ် အနည်းအများ ပြဿနာ)
၇။ မိလိန္ဒမင်းသည် “အရှင်ဘုရားနာဂသေန ကုသိုလ်ကောင်းမှုသည် လည်းကောင်း၊ အကုသိုလ် မကောင်းမှုသည် လည်းကောင်း အဘယ်က များပြားပါသနည်း” ဟု မေးလျှောက်၏။
မင်းမြတ် ကုသိုလ်ကောင်းမှုသည်ကား များပြား၏၊ အကုသိုလ် မကောင်းမှုသည် နည်းပါး၏ဟု (မိန့်တော်မူ၏)။
အဘယ် အကြောင်းကြောင့်ပါနည်းဟု (လျှောက်၏)။
မင်းမြတ် အကုသိုလ် မကောင်းမှု ပြုသောသူသည်ကား ငါသည် အကုသိုလ် မကောင်းမှုကံကို ပြုမိပြီဟု နှလုံးမရွှင်ခြင်းဖြစ်၏၊ ထိုသို့ စိတ်မကြည်ဖြူ နှလုံးပူသောကြောင့် အကုသိုလ် မကောင်းမှုသည် မတိုးပွါး။
မင်းမြတ် ကောင်းမှုကုသိုလ်ကို ပြုသောသူသည်ကား ပူပန်မှု မရှိ၊ ပကတိ အေးမြ စိတ်ရွှင်ပျ၏၊ စိတ်ရွှင်ပျသူအား ၀မ်းမြောက်ခြင်း ဖြစ်ပေါ်၏။ ၀မ်းမြောက်သောသူအား နှစ်သိမ့်ခြင်း ဖြစ်ပေါ်၏၊ နှစ်သိမ့်သော စိတ်ရှိသူ၏ ကိုယ်သည် ငြိမ်းအေး၏၊ ငြိမ်းအေးသော ကိုယ်ရှိသောသူသည် ချမ်းသာကို ခံစား၏၊ ချမ်းသာသော သူ၏ စိတ်သည် တည်ကြည်၏၊ တည်ကြည်သော သူသည် ဟုတ်မှန်သောအတိုင်း သိ၏၊ ထိုအကြောင်းကြောင့် ကုသိုလ်ကောင်းမှုသည် တိုးပွါး၏။ မင်းမြတ် လက်ခြေပြတ်သော ယောက်ျားသည် မြတ်စွာဘုရားအား တစ်ခုသော ကြာလက်ကြာခိုင်ကို ပေးလှူ၍ ကိုးဆယ့်တစ်ကမ္ဘာတို့ပတ်လုံး ဖရိုဖရဲ ပျက်စီးကျရောက်ရာ အပါယ်ငရဲသို့ မရောက်ရလတ္တံ့၊ မင်းမြတ် ဤအကြောင်းကြောင့်လည်း ကုသိုလ်ကောင်းမှုသည် များပြား၏၊ အကုသိုလ်မကောင်းမှုသည် နည်းပါး၏ဟု ငါဆို၏ဟု (မိန့်တော်မူ၏)။
အရှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။
“မင်းမြတ် ဥပမာသော်ကား ရေခန်းခြောက်သော သဲအားကြီးသော ကုန်းကြီးရှိသော ကောက်ကွေ့သော မြစ်၌ အထက်မှလာသော ရေအနည်းငယ်သည် ဆုတ်ယုတ်၏။ ကုန်ခန်း၏၊ မတိုးပွား။ ထိုလာရာ အရပ်၌သာ ကုန်ခန်းနေ၏။ မင်းမြတ် ဤအတူသာလျှင် အကုသိုလ်ပြုသော သူ၏ စိတ်သည် တွန့်တို၏၊ ဆုတ်၏၊ ဆုတ်နစ်၏၊ မပျံ့ပျူး၊ စိုးရိမ်၏၊ ပူပန်၏၊ အားယုတ်၏၊ အားကုန်၏၊ မတိုးပွါး၊ ထိုဖြစ်သော အခိုက်အတန့်၌သာ ကုန်ခန်း၏။”
“၁။ ဖြစ်ပြီးသော အကုသိုလ်များကို ပယ်ခြင်းငှါ ကြိုးစားခြင်း။
၂။ မဖြစ်သေးသော အကုသိုလ်များကို မဖြစ်စေခြင်းငှါ ကြိုးစားခြင်း။
၃။ မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်စေခြင်းငှါ ကြိုးစားခြင်း။
၎။ ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို တိုးပွားအောင် ကြိုးစားခြင်း-ဟု သမ္မပ္ပဓာန်တရား လေးပါးရှိရာ “ဖြစ်ပြီးသော အကုသိုလ်များကို ပယ်ဖို့ ကြိုးစားရာ၌ အမှန်တကယ် ပယ်သတ်နိုင်သည်မှာ မဂ်ကုသိုလ်ကသာ အမြစ်ပြတ် ပယ်သတ်နိုင်၏။ လောကီကုသိုလ်များကား အထိုက်အလျောက်သာ ပယ်သတ်နိုင်၏။ အထိုက်အလျောက်သာ ပယ်သတ်နိုင်သည်ဆိုသော်လည်း ကြိုးစား၍ ပယ်သတ်ပါလျှင် သာမန်အကုသိုလ်လေး များအဖို့ လျော့ပါးပျောက်ကွယ်သွားနိုင်သည်အထိ အကျိုးများနိုင်ပါသည်။
ပယ်သတ်ပုံကို သဠာယတန၀ဂ္ဂသံယုတ်ပါဠိတော် သင်္ခဓမသုတ်တော်မှာ ဟောတော်မူထားတဲ့အတိုင်း ဖော်ပြချင်ပါသည်။
အခါတစ်ပါး ဘုရားရှင် နာလန္ဒမြို့ ပါဝါရိကသူဋ္ဌေး၏ သရက်ဥယျာဉ်၌ သီတင်းသုံးတော်မူခိုက် နိဂဏ္ဌ၏ တပည့်တစ်ဦးဖြစ်သော အသိဗန္ဓက၏သား ရွာသူကြီးသည် ဘုရားရှင်ထံ ချဉ်းကပ်ပြီး သင့်လျော်သော နေရာ၌ ထိုင်နေ၏။ ဘုရားရှင်က “ရွာသူကြီး နိဂဏ္ဌနာဋပုတ္တသည် တပည့်တို့အား အဘယ်သို့ တရားဟောသနည်း” ဟု မေးတော်မူပါသည့်အခါ “အသက်ကို သတ်သူဟူသမျှသည် (မပေးသည်ကို ခိုးယူသူဟူသမျှ, ကာမတို့၌ မှားယွင်းစွာ ကျင့်သူဟူသမျှ, မမှန် ပြောသူဟူသမျှသည်) အပါယ်ကျ၏၊ ငရဲကျ၏။ (ရေများရေနိုင် မီးများမီးနိုင် ဆိုသလို) များသော ထိုထိုကံက ဆောင်သွား၏”ဟု နိဂဏ္ဌနာဋပုတ္တက တပည့်တွေကို တရားဟောသည့် အကြောင်း လျှောက်ထား၏။
ဘုရားရှင်က (နောက်ဆုံးစကားကိုကိုင်ကာ) “ရွာသူကြီး နိဂဏ္ဌနာဋပုတ္တ၏ စကားအရ များသော ထိုထိုကံက ဆောင်သွားခဲ့သော် တစ်ဦးတစ်ယောက်မျှ အပါယ်ကျသူ ငရဲကျသူဟူ၍ မဖြစ်တော့လတံ့”-ဟု မိန့်တော်မူကာ လူတစ်ဦးတစ်ယောက်အဖို့ နေ့မှဖြစ်စေ ညမှာဖြစ်စေ သတ်သောအချိန် မသတ်သောအချိန်တို့ကို တွက်စစ်ကြည့်လျှင် မသတ်သောအချိန်က ပို၍များကြောင်း ထို့ကြောင့် များသောကံကသာ ဆောင်စတမ်းဆိုလျှင် တစ်ဦးတစ်ယောက်မျှ အပါယ်ကျသူဟူ၍ ရှိတော့မည် မဟုတ်ကြောင်း ရှင်းလင်းပြတော်မူပါသည်။ (ခိုးသူ စသည် နည်းတူ)
ဆက်လက်၍ “ဤလောက၌ အချို့သောဆရာများက သူတစ်ပါးအသက် သတ်မိသူမှန်သမျှ အပါယ် ငရဲကျ၏”ဟု ဟောပြောလေ့ရှိ၏။ ထိုဆရာကို ကြည်ညိုသော တပည့်အား “အသက် သတ်သူဟူသမျှတို့သည် အပါယ်ကျ၏၊ ငရဲကျ၏ဟု ငါ၏ ဆရာသည် ဆိုလေ့ ယူလေ့ရှိ၏၊ အသက်ကို ငါ သတ်မိ၏၊ ငါသည်လည်း အပါယ်ကျသူ ငရဲကျသူ ဖြစ်၏” ဟူသော အယူမှားကို ရကြောင်း၊ ထိုစကား ထိုစိတ်ထားကို မပယ်လျှင် ထိုအယူကို မစွန့်လျှင် ထိုသူသည် အပါယ်ငရဲသို့ ကျရကြောင်း ဟောတော်မူပါသည်။
ငါဘုရား၏ တပည့်များကား မကောင်းမှု့ကို ပြုမိသည့်အခါ ဤသို့ ဆင်ခြင်၏---
“ဘဂ၀ါ ခေါ အနေကပရိယာယေန ပါဏာတိပါတံ ဂရဟတိ ၀ိဂရဟတိ၊ “ပါဏာတိပါတာ ၀ိရမထာ”တိ စာဟ။ အတ္ထိ ခေါ ပန မယာ ပါဏော အတိပါတော ယာဝတကော ၀ါ တာဝတကော ၀ါ၊ ယော ခေါ ပန မယာ ပါဏော အတိပါတော ယာဝတကော ၀ါ တာဝတကော ၀ါ၊ တံ န သုဋ္ဌု, တံ န သာဓု၊ အဟဉ္စေ၀ ခေါ ပန တပ္ပစ္စယာ ၀ိပ္ပဋိသာရီ အဿံ, န မေ တံ ပါပံ ကမ္မံ အကတံ ဘ၀ိဿတီ”တိ၊ သော ဣတိ ပဋိသင်္ခါယ တဉ္စေ၀ ပါဏာတိပါတံ ပဇဟတိ၊ အာယတိံ စ ပါဏာတိပါတော ပဋိဝိရတော ဟောတိ၊ ဧ၀မေတဿ ပါပဿ ကမ္မဿ ပဟာနံ ဟောတိ၊ ဧ၀မေတဿ ပါပဿ ကမ္မဿ သမတိက္ကမော ဟောတိ” (ဂါမဏိသံယုတ်၊ သင်္ခဓမသုတ်)
“မြတ်စွာဘုရားသည် အကြောင်း အမျိုးမျိုးဖြင့် အသက်သတ်ခြင်းကို ကဲ့ရဲ့တော်မူ၏၊ အထူး ကဲ့ရဲ့တော်မူ၏၊ “အသက် သတ်ခြင်းမှ ရှောင်ကြလော့” ဟုလည်း ဟောတော်မူ၏၊ သူ့အသက်ကို ဤ၍ဤမျှ ငါသတ်မိ၏၊ သူ့အသက်ကို ဤ၍ ဤမျှ ငါသတ်မိခြင်းသည် မကောင်း၊ သို့သော်လည်း ငါသည် ထိုအကြောင်းကြောင့် နှလုံးမသာ ဖြစ်ခဲ့ပါလျှင် ထိုမကောင်းမှုကို ငါ မပြုဟူ၍ ဖြစ်နိုင်လိမ့်မည် မဟုတ်”ဟု ထိုသူသည် ဤသို့ ဆင်ခြင်၍ ထိုအသက် သတ်ခြင်းကို စွန့်၏၊ နောင်အခါ၌လည်း အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ ဤသို့ ထိုမကောင်းမှုကို ပယ်၏၊ ဤသို့ ထိုမကောင်းမှုမှ လွန်မြောက်၏။”
အထက်ပါနည်းကို သင်္ဂြီုဟ်ဘာသာဋီကာဆရာတော်က “ဤနည်းကို မှတ်သားထိုက်၏၊ ဤကဲ့သို့ ပယ်စွန့်မှုကြောင့် ဘယ်တော့မှ အကျိုးမပေးတော့ဟု မဆိုနိုင်သော်လည်း တော်တော်နှင့်ကား အကျိုးပေးခွင့် ရမည်မဟုတ်၊ ဆက်လက်အားထုတ်သွားလျှင် အဟောသိကံပင် ဖြစ်လောက်ရာ၏” ဟု မှတ်ချက်ပြုထားပါသည်။
“ပါပ အစု၊ မကောင်းမှုဆို၊ အကုသိုလ်ကို၊ အလိုကျင့်သီး၊ ကျင့်မိပြီးလည်း၊ ပွားပြီးထပ်ကာ၊ မပြုရာရှင့်၊ ပယ်ခွာ မနှေး၊ မဖြစ်သေးကို၊ ဝေးစေအားသစ်၊ ကုသိုလ်ဖြစ်မူ၊ မဖြစ် ဖြစ်အောင်၊ ကျင့်ဆောင်ကြိုးစား၊ ဖြစ်ပြီးပွားဟု၊ လေးပါးသမ္မပ္ပဓာန်၊ လုံ့လမွန်ကို၊ အားသွန်နိစ္စ၊ မလွှတ်ရဘူး” (မဃဒေ၀-၂၆၅) ဟူသည့်အတိုင်း သမ္မပ္ပဓာန်လေးပါး ပွားများအားထုတ်ကာ အကုသိုလ်ပါး ကုသိုလ်ပွား၍ ကောင်းရာသုဂတိ နိဗ္ဗာန်ထိတိုင် ရောက်ရှိနိုင်ကြပါစေ။  
                                                                             အရှင်ကောဝိဒ (ယော)

No comments:

Post a Comment

Gold price estimated