Video

Monday, 30 December 2013

မြတ်ဗုဒ္ဓကိုယ်တော်တိုင် ဟောကြားထားသော မိတ်ဆွေစစ် (၁၆) ယောက်

                          

(က) ဥပကာရက မည်သော ကျေးဇူးပြုတတ်သော မိတ်ဆွေစစ် (၄)ယောက်
...........................................................................................

၁။ မိမိက နေမကောင်းလျှင်၊ ဒုက္ခရောက်နေလျှင် စောင့်ရှောက်တတ်သော မိတ်ဆွေစစ်။
၂။ မိမိက မေ့လျော့တတ်လျှင် စည်းစိမ်ဥစ္စာကို စောင့်ရှောက်တတ်သော မိတ်ဆွေစစ်။
၃။ မိမိက ကြောက်ရွံ့တတ်လျှင် အားကိုး အားထားရာဖြစ်သော မိတ်ဆွေစစ်။
၎။ မိမိက ပြုဖွယ် ကိစ္စရှိလာလျှင် လိုအပ်သည်ထက် နှစ်ဆ ကူညီတတ်သော မိတ်ဆွေစစ်။

(ခ) သမာနသုခဒုက မည်သော ဆင်းရဲအတူ ချမ်းသာအမျှ
မိတ်ဆွေစစ် (၄)ယောက်
...........................................................

၁။ သူ၏ လျှို့ဝှက် ထားသော အကြောင်း ကိစ္စ ကိုမိမိ အားသာ ပြောပြတတ်သော မိတ်ဆွေစစ်။
၂။ မိမိ၏ လျှို့ဝှက် ထားသော အကြောင်း ကိစ္စ ကိုသူတစ်ပါးအား မပြောဘဲ နှုတ်လုံတတ်သော မိတ်ဆွေစစ်။
၃။ အခက်အခဲ ဘေးရန် အန္တရာယ် နှင့် ကြုံတွေ့လာလျှင်မိမိ ကို စွန့်ပစ်မသွားတတ်သော မိတ်ဆွေစစ်။
၎။ မိမိ အကျိုး အတွက် အသက်ကိုပင် စွန့်နိုင်သော မိတ်ဆွေစစ်။

(ဂ) အတ္ထက္ခာယီ မည်သော အကျိုးရှိသောစကားကိုသာ
ပြောသော မိတ်ဆွေစစ် (၄)ယောက်
.......................................................

၁။ မကောင်းမှု မပြုရန် တားမြစ်တတ်သော မိတ်ဆွေစစ်။
၂။ ကောင်းမှု ပြုရန် တိုက်တွန်းတတ်သော မိတ်ဆွေစစ်။
၃။ မကြားဘူးသေးသော သိမ်မွေ့ နက်နဲ့သည့် အကြောင်းအရာ ပညာရပ်တို့ကို ပြောကြားတတ်သော မိတ်ဆွေစစ်။
၎။ နတ်ရွာ နိဗ္ဗာန် ရောက်ကြောင်း လမ်းကောင်း လမ်းမှန် ညွှန်ပြ၍ ဓမ္မလမ်းကြောင်းပေါ်သို့
မရောက်ရောက်အောင် ပြောဆိုတတ်သော မိတ်ဆွေစစ်။

(ဃ) အနုကမ္ပက မည်သော အမြဲကြင်နာ စောင့်ရှောက်သော
မိတ်ဆွေစစ် (၄)ယောက်
......................................................

၁။ မိမိ၏ အကျိုးစီးပွားဆုတ်ယုတ် ပျက်စီးမှုကိုမနှစ်သက်သောကြောင့် စိတ်ထဲမနေနိုင်ပဲ
ကူညီတတ်သော မိတ်ဆွေစစ်။
၂။ မိမိ၏ အကျိုးစီးပွား တိုးတက်ကြီးပွါးလျှင်ကျေနပ်နှစ်သက်တတ်သော မိတ်ဆွေစစ်။
၃။ တစ်ပါးသောသူက မိမိ၏ အကြောင်း မကောင်းပြောလျှင် မခံနိုင်ပဲ တားမြစ်တတ်သော မိတ်ဆွေစစ်။
၎။ တစ်ပါးသောသူက မိမိ၏ ဂုဏ်ကျေးဇူးကို ချီးမြှောက်ပြောဆိုလျှင် ထောက်ခံပေးတတ်သော
မိတ်ဆွေစစ်။

credit to - ငရဲပြည်အကြောင်းသိကောင်းစရာ
မေတ္တာဖြင့် ဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ

Monday, 23 December 2013

ဘုရားပုံတော်ကို အာရုံပြုသင့်ပုံ

ဗုဒ္ဓါနုဿတိ
ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း စီးဖြန်းပွားများရာ၌"ဘုရားရှင်၏ ပုံဒြပ်တော်ကို အာရုံပြု၍ မစီးဖြန်းရ၊ ဂုဏ်တော်ကိုသာ အာရုံပြု၍ စီးဖြန်းရမည်"ဟု ပြောကြသည်၊ ဘုရားရှင်၏ ရုပ်ပုံတော် သပ္ပါယ်ပုံသည် ဘဂ၀ါဂုဏ်တော်၌ ပါဝင်သော သိရီဘုန်းတော်ပင်တည်း၊ ထို့ကြောင့် ရုပ်ပုံတော်ဖွင့်, ရောင်ခြည်တော်ဖွင့်, စေတီတော်ဖွင့်, အခန်း ၃-ပိုင်းကိုပြ၍ စဉ်းစားသောအခါ ဗုဒ္ဓရှင်တော်၏ အမျိုးဇာတ်အားဖြင့် ပင်ကိုယ်အတိုင်းပင် အလွန်တင့်တယ်တော်မူပုံ, တစ်ခါတစ်ရံ ရောင်ခြည်တော်ခြောက်သွယ်ဖြင့်သာ၍ သပ္ပါယ်တော်မူပုံ, ထိုမျှလောက် တင့်တယ်သပ္ပါယ်တော်မူသော ကိုယ်တော်ဖြင့် အားလပ်ခွင့်မရအောင် သတ္တ၀ါများ၏အကျိုးကို ပရိနိစံတော်မူချိန်အထိ ဆောင်တော်မူပုံများကို စိတ်ထဲ၌ ကြည်နူးဖွယ်ရာ ထင်မြင်လာပါလိမ့်မည်၊ ထိုသို့ ထင်မြင်လာသော ဘုရားအာရုံကို ပျောက်ကွယ်မသွားစေဘဲ အဖန်တလဲလဲ စွဲမြဲစွာ အာရုံယူနေမူကို "ဗုဒ္ဓနုဿတိ ကမ္မဋ္ဌာန်းတစ်မျိုး"ဟု မှတ်ပါ၊ (ဗုဒ္ဓ=ဘုရားကို + အနု=အဖန်ဖန် အထပ်ထပ်+သတိ=အမှတ်ရနေခြင်း၊) ထိုအာရုံယူမူ၏ ရှေးသူတော်ကောင်းတို့ ထုံးဟောင်းတစ်ခု ဖြစ်ကြောင်းကို မှတ်သားဖို့ရာ ဗုဒ္ဓအပဒါန်ပါဠိတော်မှ ထုတ်ပြဦးမည်။


စကြာမင်း စိတ်ကူးပုံ

ရှေးလွန်းလေပြီးသောအခါ ငါတို့၏ ဘုရားလောင်းတော်သည် တစ်ခုသောဘ၀၀ယ် "တိလောက၀ိဇယ" မည်သော စကြာမင်းဖြစ်ခဲ့ဖူး၏၊ ထိုမင်းသည် သံဃာတော်အများနှင့်တကွ ရှေးရှေးသော ဗုဒ္ဓရှင်တော်မြတ်တို့ကို လည်းကောင်း, ပစ္စေကဗုဒ္ဓါတို့ကိုလည်းကောင်း စိတ်ထဲ၌ ထင်မြင်လာအောင် စိတ်ကူး၏၊ စိတ်ကူးသည့်အတိုင်း ထင်လာသော ဘုရားရှင်ကို လက်အုပ်ချီ၍ ဦးခေါင်းညွတ်လျက် နှစ်သက်ကြည်ညိုရိုသေစွာ ရှိခိုးဦးချ၏၊ ထိုမျှဖြင့် အားမရသေးဘဲ ရတနာမျိုးစုံဖြင့် ခြယ်လှယ်အပ်သော "ဝေဇယန္တာ" မည်သော ရတနာဗိမာန် ပြာသာဒ်တော်ကြီးကို အထပ်ပေါင်းများစွာဆင့်လျက် စိတ်ကူးဖြင့် ဖန်ဆင်းလျက်ရှိ၏၊ ထိုဗိမာန်ကြီးဝယ် တင့်တယ်သားနားသော အခင်းမျိုးမျိုးကိုလည်း စိတ်ကူးဖြင့် ခင်းထား၏၊ သူ့နေရာနှင့်သူ ရေပြည့်အိုး, ပန်းပြည့် ရေတကောင်းများကိုလည်း တည်ထား၏၊ ထို့နောက် ကျယ်ပြန့်သော တံခါးကြီးများမှ နောက်ပါသံဃာတော်များနှင့်တကွ ဘုရားရှင်များစွာ ပစ္စေကဗုဒ္ဓါများစွာတို့မှာ မိမိ၏ ပင့်ဖိတ်ချက်အရ ကြွတော်မူလာကြ၍ ရွှေသားအတိပြီးသော ပလ္လင်တော်များဝယ် အသီးသီး ထိုင်နေတော်မူပုံ စိတ်ကူးလေသည်။

လှူဒါန်းပုံ

ထို့နောက် လူ့ပြည် နတ်ပြည်၌ရှိသမျှ အထည်ကောင်းတို့ကို စုပေါင်းဆောင်ယူလျက် ထိုဘုရား, ပစ္စေကဗုဒ္ဓါ, ရဟန္တာ, သံဃာတော်တို့အား ၃-ထည်သော(တိစီဝရိက်) သင်္ကန်းကို လှူဒါန်း၍ မွန်မြတ်သော ခဲဖွယ် ဘောဇဉ် ချိုချဉ် သြဇာအဖြာဖြာတို့ဖြင့် သပိတ်အသီးသီးသို့ အပြည့်ထည့်၍ ဆက်ကပ်နေပုံကို စိတ်ကူးပြန်လေသည်၊ အသီးအသီး ဆွမ်းဘုဉ်းပေးပြီးသောအခါ ဘုရားပစ္စေကာ အရိယာသံဃာတော်တို့သည် ဗိမာန်ကြီး၌ အသီးသီးသော ရတနာတိုက်ခန်းသို့ဝင်ကာ ခေတ္တခဏမျှ ကိန်းအောင်းတော်မူပြီးနောက် ကိန်းအောင်းရာမှထ၍ တစ်ချို့က ဈာန်ဝင်စားနေပုံ, တစ်ချို့က ပြဿနာမေးပုံး, ဖြေပုံများကိုပါ စိတ်ကူးလေသည်။

မွမ်းမံခြယ်လှယ်ပုံ

ဘုရားပစ္စေကာ အရိယာသံဃာတော်တို့သည် ဈာန်ဝင်စားမူစသော အလိုတော်ရှိရာကိစ္စဖြင့် မွေ့လျော်တော်မူနေကြစဉ် ထိုအရှင်မြတ်တို့၏ အထက်တွင် ရတနာထီးဖြူဆောင်းလျက် မွှေးကြိုင်သော ပန်းမျက်နှာကျက်တွေ တဝေေ၀နှင့် ထီးများ၏ ပတ်ဝန်းကျင်ဝယ် နီမြန်းသော ဇာပန်းတွေ တွဲလျားကျနေပုံ, ရတနာဗိမာန်၏ အရပ်လေးမျက်နှာတို့၌ ကြာမျိုးငါးပါးဖြင့် တင့်တယ်သော ရေကန်ကြီးများ တည်နေပုံ, ပတ်ဝန်းကျင်ဝယ် တည်ရှိနေသော ပန်းဥယျာဉ်၏ ပန်းပင်များမှ ပန်းဝတ်မူန်တို့သည် အထက်သို့ လွင့်တက်ကာ ဗိမာန်တော်ကြီးကို လွှမ်းဖုံးနေပုံ, ရွှေခုံပေါ်၌ ရောင်စုံမီးတိုင်များကို စကြ၀ဋ္ဌာအနှံ့စိုက်၍ ညှိထွန်းထားပုံ, သစ်ပင်ဖျားနှင့် တောင်ထိပ်တိုင်၌ အလံတလူလူ စိုက်ထူထားပုံတို့ကိုပါ စိတ်ကူးလေသည်။

ပရိသတ်များ

ထိုမျှလောက် ကြည်နူးဖွယ်ကောင်းသော ဗိမာန်တော်ကြီး၏ အနီးအပါး၌ သီဆိုတတ် ကပြတတ်သူတို့လည်း မနေနိုင် မထိုင်နိုင် ပျော်မြူး၍ ကြည်နူးသောစိတ်ဖြင့် ကကြ, သီဆိုကြ, တီးမူတ်ကြပုံ, လူ, နတ်, သိကြား, နဂါး, ဂဠုန်, ကုမ္ဘဏ်, ယက္ခ, ဂန္ဓဗ္ဗမကျန် သူတော်ကောင်းမှန်သမျှလည်း အသီးအသီး လက်အုပ်ချီကာ အရိယာတို့ သီတင်းသုံးရာဖြစ်သော ထိုဗိမာန်အနီးသို့ ချဉ်းကပ်လာကြပုံ, ထိုပရိသတ်အား စကြာမင်းကြီးက မိမိပြုအပ်သော ကုသိုလ်၏အဖို့ကို အမျှဝေစကား ပြောကြားနေပုံ, ဤနေရာသို့ မရောက်လာသေးသူတို့အား နတ်များကတစ်ဆင့် ပြောပြနေပုံ တို့ကိုပါ စိတ်ကူးလေသည်။

အကျိုးရပုံ


ထိုကဲ့သို့ အလှူဒါနကြီးကို စိတ်ကူးဖြင့် ပေးလှူသော စကြာမင်းကြီးသည် နတ်ရွာစံ ကံတော်ကုန်သောအခါ ထိုကောင်းမူကြောင့် နတ်ပြည်မှ လူ့ပြည့်သို့လည်းကောင်း, လူ့ပြည်မှ နတ်ပြည်သို့လည်းကောင်း, စုတေရွှေ့ပြောင်း၍ ဖြစ်လေရာ၌ ပညာအရည်အချင်း ရုပ်အဆင်းအားဖြင့် နတ်ချင်းလည်းသာလွန်, လူချင်းလည်းသာလွန်သူသာ ဖြစ်ခဲ့ရလေသည်။ ထို့ကြောင့် ယခုအခါ သူတော်ကောင်းစိတ်ဓာတ် ကိန်းဝပ်တည်ရှိသော အမျိုးသား အမျိုးသမီး လူကြီးသူမတို့သည် သန့်ရှင်းသော ဘုရားရှင်ကို ထင်မြင်လာအောင် စိတ်ကူးလျက် အထူးကြည်ညိုသော သဒ္ဓါတရားဖြင့် ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းဖြစ်အောင် စီးဖြန်းပွားများ၍ ပန်း, ဆီမီး, အမွှေးတိုင်စသော ပူဇော်ဖွယ်များကို ပူဇော်ကြပါကုန်။

ပုံအတွင်း ဂုဏ်သွင်းပါ

သက်တော်ထင်ရှား မြတ်စွာဘုရားကို စိတ်၌ထင်မြင်လာအောင် မှန်းဆနိုင်သူသည် ဘုရားရှင်ကို အထူးကြည်ညို လေးစားသူဖြစ်ပေရကား ဘုရားရှင်၏ကိုယ်စား ရုပ်ပွားဆင်းတုတော်နှင့် ဓာတ်တော်ဌာပနာထားသော စေတီတော်များအနီးအပါး၌ မလေးမစား မနေ၀ံ့တော့ပါ၊ ဘာသာရေး၌ အလွန်အချိုးကျသော လူကောင်း ရှင်ကောင်း ဖြစ်လောက်ပါပြီ၊ သို့ရာဝယ် လောက၌ ပုဂ္ဂိုလ်တစ်ဦးအပေါ်မှာ ဂုဏ်ထူးကိုမသိခင်က ကြည်ညိုပြီးနောက် ဂုဏ်ထူးကိုသိရပြန်သောအခါ အတိုင်းထက်အလွန် ကြည်ညိုလေးစား အားထားကိုးကွယ်လိုသောစိတ်များ ဖြစ်ပေါ်လာသကဲ့သို့ ထို့အတူ မြတ်စွာဘုရား၏ ချီးမွမ်း၍ မကုန်နိုင်သော ဂုဏ်တော်များတွင် လူချင်း, နတ်ချင်း, ဗြဟ္မာချင်း ပြောကြလျက် တသောသော ချီးမွမ်းအပ်သော ဂုဏ်တော် ၉-ပါးလောက်ကိုပင် မိမိဥာဏ်မီသမျှ သိရှိကြရလျှင် သဒ္ဓါ ပညာတို့သည် ရှေးကထက် တိုးပွားကြပါလိမ့်မည်။

ဆက်ပါဦးမည်

မိမိတို့သည် ဘ၀များစွာ သံသရာဝယ် ကျင်လည်ခဲ့ရသော်လည်း စိတ်ထဲ၌ ဤဘုရားရှင်ဟူသော အာရုံမျိုးကို ယူနိုင်ဖို့ရာ ခဲယဉ်းပါသည်၊ ယခုအခါ ကံကောင်းလှသဖြင့် ဘုရားရှင်၏ အကြောင်းအရာနှင့် ဂုဏ်တော်များကို ကြားသိရပါသည်၊ ထို့ကြောင့် အေးအေးဆေးဆေး မိမိအိမ်၌ ဘုရားရှင်ကို အာရုံပြုရင်း ရွတ်ဖတ်ရှိခိုးကြဖို့ရာ မကျဉ်းမကျယ်အနက်များကို နူတ်တက်ဆောင်ထား၍ အဓိပ္ပာယ်များကို ကြည့်ရူမှတ်သားပြီးလျှင် ထင်မြင်လာသော ဘုရားရှင်၏ ပုံတော်အတွင်း၌ ဤပြလတ္တံ့သော ဂုဏ်တော်များကိုသွင်း၍ သန့်ရှင်းစင်ကြယ်သော သီလကို ဆောက်တည်ကာ ကြိုးစား၍ အာရုံပြုကြပါကုန်။

အမှာ

ဂုဏ်တော်အနက်များကို ကျက်သောအခါ အရွတ်အဖတ်ကောင်းသော ဆရာသမားတို့အထံ၌ စနစ်တကျဖတ်ပြီးမှ ကျက်ကြပါလေ၊ အရွတ်အဖတ်လည်း မမှန်, အသံကလည်း မကောင်းလျှင်ကား အသံကျယ်ကျယ် ရှိမခိုးဘဲ ခပ်တိုးတိုးရွတ်ဆို၍ ရှိခိုးပါလေ၊ အရမကျက်နိုင်လျှင် ဘုရားစေတီတော်ရှေ့၌ စာအုပ်ကြည့်၍ ဖတ်ကြပါလေ။

ကျေးဇူးရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ပထမကျမ်းစာ "ရတနာ့ဂုဏ်ရည်" စာအုပ်မှ ပြန်လည်ထုတ်နုတ်ဖော်ပြပေးထားသည်။

Thursday, 14 November 2013

ရွှေချိန်ခွင် -၁၅


ရွှေချိန်ခွန် အဆို။
၁၅- လူတို့သည် အနတ္တဖြစ်၍။ လ ။ လျော်ကန်သင့်မြတ်၏။

ဆရာတော်ရှင်းလင်းချက်။
ဤစကားမှာ သတ္တ၀ါတို့သည် အနတ္တပင်ဖြစ်သော်လည်း…
၁။ ဘုရားဟောသော တရားကို ငါသိအောင် လိမ္မာအောင် အားထုတ်မည်။
၂။ သိတိုင်း ကျင့်နိုင်အောင် ငါကျင့်မည်။
၃။ ဘုရားကို ကိုးကွယ်သော အကျင့်ကိုလည်း ငါကျင့်နိုင်အောင် ကျင့်မည်ဟု မိမိအားကိုလည်း မိမိကိုးရမည်။ ဘုရားကိုလည်း အားကိုးရမည်။
ခရစ်ယာန်ဘာသာဝင်တို့မှာ။ ။ ဘုရားတရားကို သိအောင် လိမ္မာအောင် ကျင့်နိုင်အောင်ဟူသော မိမိအားကိုးပယ်ထား၍ ဘုရားကိုသာ သက်သက်အားကိုခြင်းသည် အပြစ်ခပ်သိမ်းကုန်ငြိမ်းအောင် ကယ်နိုင်သောဘုရား မဟုတ်၍ မသင့်ပေ။
`အနန္တတန်ခိုးတော်ရှိတော်မှုသောကြောင့် ဘုရားမတတ်နိုင်သောအရာ တစ်စုံတစ်ခု မရှိ၍ မိမိ၌ ဘေးဥပါဒ်ရောက်သည့်အခါ ကယ်ပါ မ-ပါဟု ဆုတောင်းကြခြင်းသည် လျော်ကန်သင့်မြတ်၏´- ဟူသောစကား၌- ဘေးဥပါဒ်ရောက်သည်အခါ ကယ်ပါ မ-ပါဆိုလျှင် ခဏ ချက်ချင်း ဘေးဥပါဒ်ပျောက်ငြိမ်းလျှင် လျော်ကန်သင့်မြတ်ပေ၏၊ ကယ်ပါမ-ပါဆိုကာမျှနှင့် ခဏချက်ချင်း ပျောက်ငြိမ်းသည်ကို တစ်ယောက်မျှမမြင်ဘူး မကြားဘူးရ၊ မပျောက်ငြိမ်းနိုင်၍ ဆေးရုံတော်တွေ- ဆရာဝန်တွေနှင့် တကဲကဲနေရသူ, မပျောက်နိုင်ဘဲ သေ၍ သွားသူတို့ကိုမူကား မြင်ဘူးလှပါပြီ။
[ထို့ကြောင့် ထာဝရဘုရား မတတ်နိုင်သောအရာ တစ်စုံတစ်ခုမရှိဟု ယုံကြည်၍ အားကိုကြခြင်းသည် အမှားစင်စစ်ဖြစ်၏။]
`တရားတော်အတိုင်း ကျင့်ဆောင်သည့်အခါလည်း ဆုပေးတော်မူပါဟု ဆုတောင်းသည်´ ဟူသော စကား၌---
၁။ ထာဝရဘုရား မတတ်နိုင်သောအရာ တစ်စုံတစ်ခု မရှိသည်မှန်လျှင် ဗုဒ္ဓဘာသာမှာကဲ့သို့ အဘယ်ကြောင့် တရားတော်အတိုင်း ကျင့်ဆောင်သည်ဟု ရှိရပြန်သနည်း။ မကျင့်ဘဲနှင့်ပင် ဆုသာတောင်း၍ နေပါတော့လော။
၂။ တရားတော်အတိုင်း ကျင့်ဆောင်သူကိုမှ ဆုပေးနိုင်သည်၊ မကျင့်ဆောင်သူ ကိုမူကား ဆုမပေးပိုင်သလော၊ မပေးနိုင်လျှင် ငါတို့ဗုဒ္ဓဘာသာနှင့် ဘာထူးသေးသနည်း။ ကိုယ်ကျင့်တရားကိုလည်း တစ်ဖက်အားကိုး ရသေးသည်မဟုတ်လော။
၃။ ငါတို့ဘုရားလည်း သုခဘုံမှာ ထာဝရအမြဲ တည်နေတော်မူသည်၊ ထာဝရဘုရားလည်း သုခဘုံမှာ ထာဝရအမြဲနေသည်။ ငါတို့ဘုရားလည်း တရားတော်အတိုင်း ကျင့်ဆောင်သောသူကိုသာ ကယ်နိုင်, ဆုပေးနိုင်သည်၊ ထာဝရဘုရားလည်း တရားတော်အတိုင်း ကျင့်ဆောင်သောသူကိုသာ ကယ်နိုင်, ဆုပေးနိုင်သည်၊ ဘာထူးသေးသနည်း။
၎။ ငါတို့ဘုရားမှာ ခန္ဓာတော်, ၀ိညာဏ်တော်ဟူသော ဓာတ်ကြမ်းကြီးတွေကို စွန့်ပစ်ပြီးလျှင် အသင်္ခတဓာတ်ဟူသော အတုမရှိသော နာမ်ဓာတ်တော်နှင့် စံနေသည်၊ ထာဝရဘုရားမှာ ခန္ဓာတော်, ၀ိညာဏ်တော်ဟူသော ဓာတ်ကြမ်းကြီးတွေနှင့် နေရသည်၊ သည်မျှသာထူးကြသည် မဟုတ်လော။
ငါတို့ဗုဒ္ဓဘာသာ၌။ ။ ခန္ဓာတော်, ၀ိညာဏ်တော်ဟူသော ဓာတ်ကြမ်းကြီးတွေကို မစွန့်ဘဲ သုခဘုံတစ်မျိုး၌နေသော သူများကို `ဗြဟ္မာ´ ဟူ၍သာ ခေါ်သည်၊ `ဘုရားရဟန္တာ´မခေါ်၊ ခန္ဓာတော်, ၀ိညာဏ်တော်ဟူသော ဓာတ်ကြမ်းကြီး, ဓာတ်ဖြုန်းတွေကို အကုန်လဲ၍ အတုမရှိ အထွတ်အထိပ်ဖြစ်သော အသင်္ခတဟူသော ထာဝရဓာတ်သို့ ကူးပြောင်းနေသော သူများကိုသာ `ဘုရားရဟန္တာ´ ခေါ်သည်။

ခရစ်ယာန်ဘာသာ၌။ ။ ထာဝရဓာတ်ကို ကူးပြောင်းရန်ကို မဆိုထားလင့်၊ ဗြဟ္မာဘုံသို့ ရောက်စေတတ်သော အကျင့်ပင် သက်သက်မရှိ။

ငါတို့ဗုဒ္ဓဘာသာမှာသာ။ ။ သူတို့ထာဝရ ဘုရားခေါ်သော ဗြဟ္မာ့ဘုံသို့ ရောက်စေတတ်သော အကျင့်တို့ထက် အဆအသင်္ချေမက မြတ်ထွတ်လှသော ထာဝရဓာတ်အစစ်သို့ ရောက်စေတတ်သော အကျင့်တို့သည် အထင်အရှား များစွာရှိသတည်း။
ပန္နရသမရွှေချိန်ခွင်အဆို ရှင်းလင်းချက်ပြီး၏။

ရွှေချိန်ခွင် - (၁၂)


ရွှေချိန်ခွင် အဆို
၁၂-(က) ဂေါတမရှိသည့်အခါမှခို၍ မလုံ၊ ငါမတတ်နိုင် ငါသော်မှ သေရဦးမည်ဖြစ်၍ “သဗ္ဗေသတ္တာ ကမ္မဿကာ” ဟုဆို၏၊ ဘုရားမရှိဟု ယူသောကြောင့် တစ်ချက် ဘုရား မတတ်နိုင်၊ ၀ဋ်ဆိုက်၍ သေရသေးသည်ဟု ယူသောကြောင့်တစ်ချက် ဤအချက်နှစ်ချက် အကြောင်းကြောင့် ဗုဒ္ဓဘာသာ၌ ဘုရားကို ကိုးကွယ် ဆုတောင်းဝတ်ပြုရန် မလို။
(ခ) ခရစ်ယာန်ဘာသာက ဘုရားမရှိခဲ့သော် သတ္တ၀ါတို့သည် အနတ္တ သက်သက်ဖြစ်၍ တစ်စုံတစ်ခုကို မိမိစွမ်းအားဖြင့် မတတ်နိုင်ဟု အယူရှိ၍ ဘုရားကို ရှိခိုးဆည်းကပ် ကိုးကွယ် ကြ၏ ။

ဆရာတော် ရှင်းလင်းချက်
“ ဂေါတမဘုရားရှိသည့်အခါမှ ခို၍မလုံ ” ဟူသော စကား၌--
၁။ ခို၍လုံသည့် အမှုလည်းရှိသည်။
၂။ မလုံသည့် အမှုလည်းရှိသည်။
ခို၍လုံသည့် အမှုအပြစ်ဟူသည်ကား။ ။ မသိသောအပြစ် မတတ်သောအပြစ် မလိမ္မာ သောအပြစ် မိုက်မဲသောအပြစ် မှားယွင်းတတ်သောအပြစ် ကြမ်းတမ်းယုတ်မာသော အပြစ် နောက်နောက်ဘ၀တို့၌ ကာလအရှည် အပါယ်ငရဲ၌ ခံရသောအပြစ်၊ ဤအပြစ်မျိုးသည် ဘုရားကိုဆည်းကပ်ကိုးကွယ်၍ ဘုရားဟောသော တရားကို နေရာကျ ကျင့်သောသူတို့အား ထိုနေ့ကစ၍ မနှိပ်သက်နိုင်ပြီ၊ လွတ်ငြိမ်းချမ်းသာ၏ ၊ ထိုမသိတတ်သောအပြစ် မလိမ္မာ တတ်သောအပြစ် မိုက်မဲမှောက်မှားတတ်သောအပြစ်များကို ဘုရားမှသာ ကယ်နိုင်၏ ။
ကယ်နိုင်သည်ဆိုသည်မှာ။ ။အမှန်ကို နေရာကျသိအောင်ဟော၍ပေးနိုင်သည်၊ လိမ္မာ အောင် မမှောက် မမှားရအောင် ဟော၍ ပေးနိုင်သည်၊ ဘုရားမှတစ်ပါး ကောင်းကောင်း ကြီးလိမ္မာအောင် ဟော၍ပေးနိုင်သောသူ တစ်ဦးတစ်ယောက်မျှမရှိ၊ အမိုက်ဘေးမှ လွတ်ကင်း လိုလျှင် ဘုရားကို ခိုမှလုံသည် ။
(အမိုက်ဘေးကင်းလွတ်၍ အလိမ္မာကို ရခြင်းသည် ဘယ်လောက်အဖိုးတန် သည်ဟု ဦးစောလှဖြူ မြင်၏လော။)
မေး။ ။ လူတစ်ယောက်သည် ပစ္စည်းဥစ္စာအလွန်မွဲ၍ အလွန်ဆင်းရဲ၏၊ အလိမ္မာမရှိ၍ အလွန်လည်း မိုက်မဲ၏၊ ထိုသူက်ု တစ်ဦးသောသူက ရွှေတစ်ကုဋေ ငွေတစ်ကုဋေပေး၍ ဆင်းရဲ ပျောက်အောင် ကယ်မ-ပေ၏၊ အမိုက်ကိုကား ပျောက်အောင်မတတ်နိုင်။
တစ်ဦးသောသူက အမိုက်အမဲကို ပျောက်အောင် ဟောပြော၍ အလိမ္မာကို ကောင်း ကောင်းပေးပေ၏၊ ဥစ္စာပစ္စည်းကိုကား မပေးနိုင် ၊ ထို လူနှစ်ယောက်မှာ ဘယ်သူသာ၍ ကျေးဇူး ကြီးသနည်း။
ဖြေ။ ။ အလိမ္မာကို ပေးပေသောသူ၏ ကျေးဇူးသာကြီးပါသည်၊ အလိမ္မာကိုရလျှင် ဥစ္စာပစ္စည်းလည်း တည်ထွန်း၍ လာတော့မည် ၊ ပစ္စည်းဥစ္စာတွေကိုသာ များများကြီးပေး၍ အမိုက်မပျောက်လျှင် ထိုဥစ္စာတို့သည် မိုက်၍ ကုန်ဦးမည်၊ ဆင်းရဲမြဲဆင်းရဲဦးမည်။
ထို့ကြောင့် ရွှေတစ်ကုဋေ ငွေတစ်ကုဋေထက် အလိမ္မာကြီးတစ်ခုသာ သာ၍အဖိုးတန်သည် သာ၍ မြတ်သည်ဟု သိသာပါသည် ။
ထိုအလိမ္မာကြီးကိုမူကား။ ။ ဘုရားသာ ဟော၍ ပေးနိုင်ပါသည်၊ အလိမ္မာကြီးတစ်ခုလုံးရလျှင် အပါယ် ငရဲမှလည်း လွတ်အောင်ကြံနိုင်ပါသည်၊ လူဆင်းရဲမဖြစ်ရအောင်လည်း ကြံနိုင်ပါသည်၊ လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာ့ချမ်းသာကိုလည်း ရအောင်ကြံနိုင်ပါသည်၊ အကျွတ်တရားကိုလည်း ယူနိုင်ပါသည်၊ နိဗ္ဗာန်တည်းဟူသော သုခဘုံသို့လည်း ရောက်နိုင်ပါသည်။
(ဤကား ဘုရားကိုခို၍လုံသော အမှုအပြစ်တွေတည်း။)
ဘုရားကိုခိုသော်လည်း မလုံသောအမှုကား။ ။ ဘုရားကိုမခိုရသေးသောကြောင့် မလိမ္မာနိုင်သည်ဖြစ်၍ ရှေးရှေးကမ္ဘာက ရှေးရှေးဘ၀တို့က အမိုက်တရားတွေကိုများစွာလက်လွန်ခဲ့ပြီးသော သူတို့အား တစ်ခုတစ်ခု သော အမိုက်တရားက အကျိုးပေးချိန်ရေကြ်၍ မိမိမိုက်ခဲ့သောအပြစ်အားလျော်စွာ မကောင်းကျိုးကိုခံ နေရသောသူတို့ကို ဘုရားမကယ်နိုင်၊ ခို၍မလုံ။
ခို၍မလုံဆိုသော်လည်း။ ။ အနည်းငယ်သော အပြစ်မှန်လျှင် ခို၍လုံပါသေး၏၊ ရှေးကမိုက်ချက် အားကြီးလှသော အပြစ်မှန်လျှင် ခို၍မလုံ၊ ဘုရားကိုဖက်၍နေသော်လည်း မပျာက်၊ ရှေးရှေးက အမိုက်လက်လွန် အားကြီးလှ၍ အပါယ်ငရဲ၌ခံ၍နေရသောသူုကို ဘုရားမတတ်နိုင်။
(ငါတို့ဘုရားသာမတတ်နိုင်သည်မဟုတ်၊ ထာဝရဘုရားလည်း မတတ်နိုင် မကယ်နိုင်။)
“ အကျွတ်တရားကိုရ၍ လက်လွန်ခဲ့သောအပြစ်ကို ၀န်ချ၍ တောင်းပန်လာလျှင် ထာဝရဘုရားက ချမ်းသာခွင့်ပေးနိုင်၏ ” ဟူသော စကားသည်-
လားလားမဟုတ်၊ ထာဝရဘုရားကို ကိုးကွယ်သူ အကန်းတွေ အကျိုးတွေ အနူတွေ အရွဲတွေ အမွဲအတိတွေ မင်းပြစ် မင်းဒဏ်ခံနေရသောသူတွေ အထောင်မက များသည်ကိုမြင်၍ ထိုစကား မဟုတ်ကြောင်းကို သိသာလှပါသည်။
ရှေးရှေးက အမိုက်လက်လွန်ပြီးဖြစ်သော်လည်း။ ။ ထိုအမိုက်မှုတို့ အကျိုးပေးချိန် မရောက်သေးမီ ဘုရားကို အခိုဦး၍ ဘုရားစကားကို ကောင်းကောင်းကြီး နားမထောင်နိုင်လျှင် လုံးလုံး ပျောက်အောင် ဘုရားမတတ်နိုင်။
(က) ၁- ရှေးရှေးသော ဘ၀တို့က လက်လွန်ခဲ့သော မိုက်ပြစ်တွေအားကြီးလှသောသူ၊
၂-ဘုရားကို အခိုနောက်ကျသောသူ၊
၃-ခိုရုံသာခို၍ ဘုရားစကားတော်ကို ကောင်းကောင်းကြီး နားမထောင်နိုင်သော သူတို့ကိုလည်း ငါးဘုရားမနိုင်ဟု ဟောတော်မူပေသည်။
(ခ)၂- အသင်္ခတဓာတ်ခေါ်သော ဓာတ်နု၊ ဓာတ်မြတ်သို့ မကူးနိုင်သေး၍ ခန္ဓာ၊ နာမ်ဝိညာဏ်ဟူသော ဓာတ်ကြမ်း၊ ဓာတ်သုဉ်း၊ ဓာတ်သွံ၊ ဓာတ်ခွံတွေနှင့် ဖြစ်နေရသော သတ္တ၀ါတို့ကိုလည်း မနာရအောင် မအိုရအောင် မသေရအောင် ငါမတတ်နိုင်ဟု ဟောတော်မူပေသည်၊ မှန်ပေ၏-
(ဂ)၃- ဘုရားကိုတော် မြတ်မှာလည်း သတ္တ၀ါအများကို လိမ္မာဖို့ရာ ပိဋကသုံးပုံကို စေ့စုံအောင် ဟော၍ မပြီးသေးသောကြောင့် ဓာတ်မပြောင်းသာသေးမီဖြစ်၍ ငါသော်မှ သေရဦးမည်ဟု ဟောတော်မူသည်။
(ဓာတ်ပြောင်း၍ သုခဘုံ၌ တည်မိသည့်နောက် အိုသည် နာသည် သေသည်ဟူ၍ မရှိပြီ၊ ထာဝရ ဘုရားဖြစ်ပါတော့သည်။)
ငါတို့ဗုဒ္ဓဘာသာ၌။ ။ခန္ဓာတော် ၀ိညာဏ်တော်ဆိုသော ဓာတ်များသည် ဓာတ်ကျမ်း ဓာတ်သွံတွေ ဖြစ်သည်၊ မအို မသေ အမြဲနေသော ထာဝရဓာတ်မျိုးမဟုတ်၊ အတုမရှိမြတ်သော အနှစ်သာရဖြစ်သော အသင်္ခတဓာတ် တစ်ခုသာလျှင် မအို မသေ အမြဲနေသော ထာဝရဓာတ်ဖြစ်သည်။
(ခရစ်ယာန်ဘာသာဝင်တို့ ထိုဓာတ်ကို ရှိမှန်းမသိကြ။)
“ ယခုဘုရားမရှိပြီဟု ယူသောကြောင့် မရှိသောဘုရားကို ကိုးကွယ်ဆုတောင်းဝတ်ပြုရန်မလို ” ဟူသော စကားမှာ အဘယ့်ကြောင့် မလိုဘဲရှိရအံ့နည်း။
ငါတို့ဘုရားသည်း သုခဘုံသို့မပြောင်းမီ ပိဋကတ်သုံးပုံကို ဟောကြား၍ ငါတို့ကို အလိမ္မာပေးခဲ့သော ကျေးဇူးတော် ပိဋကတ်သုံးကို ထင်ရှားထားခါပေး၍ မိမိလုံ့လရှိသလောက် ယခုလည်း လိမ္မာကြရပေသည်၊ နောင်လည်း လိမ္မာကြလိမ့်ဦးမည်၊ ဘယ်အခါမှ ဗုဒ္ဓဘညသာဝင် ငါတို့အပေါ်၌ ကျေးဇူးတော်မြတ် မကွာ ပါတကား။
၁။ သို့-ကျေးဇူးတော် အနန္တကြီးရင်ဖြစ်ပေ၍ ကိုးကွယ်ဆုတောင်းဝတ်ပြုကြသည်ကို ဦးစောလှဖြူက အမှားဆိုမည်လား။
၂။ ဘုရား ကျေးဇူးတော်မြတ်ကြီးကို မဆိုထားဘိဦး၊ ဤလောက၌ ခံရပေသော ဆရာသမား မိဘဂုဏ် ကျေးဇူးများကိုပင် ထိုသူတို့မရှိသော်လည်း မမေ့ကောင်း မမေ့ထိုက်ဟူသော သူတော်ကောင်း တရားကြီးတစ်ပါး သည် လူမျိုးတိုင်းမှာပင် ရှိကြသည်ကို ဦးစောလှဖြူ မသိရှာသလား။
၃။ ချင်းရိုင်း ကရင်ရိုင်းတို့မှာပင် သည်တရားရှိပါသည်၊ ဦးစောလှဖြူသည် ချင်းရိုင်း ကရင်ရိုင်းထက်ပင် ရိုင်းသေးသလား။
( ငါတို့လိမ္မာဖို့ ပိဋကတ်သုံးပုံကို ဟောနိုင်အောင် ငါတို့အတွက်သက်သက်နှင့် ပါရမီဖြည့်တော်မူရ၍ ၄-သင်္ချေနှင့် ကမ္ဘာတစ်သိန်း အပင်ပန်းခံတော်မူသော ဘုရားကျေးဇူးတော်မြတ်ကို ရှေး၌ဆိုခဲ့ပြီ။)
“ ၀ဋ်ဆိုက်သေရဦးမည် ” ဟူသောစကားမှာ။ ။ ဘုရားတို့မည်သည် ၀ဋ်ဆိုက်သေရသည်ဟူ၍ မရှိ၊ ဦးစောလှဖြူ မသိ၍ ဆိုခြင်းဖြစ်သည်။
ခရစ်ယာန်ဘာသာဝင်လူတို့သည်။ ။ သူတို့ထာဝရဘုရား မတတ်နိုင် မမနိုင် မကယ်နိုင်သော အရာတွေများစွာရှိသည်ကို မသိရှာကြ၍ သူတို့ဘုရားကို ကိုးကွယ်လျှင်ပင် အပြစ်ခပ်သိမ်း အကုန်ငြိမ်းသည်ဟု အယူမှောက်မှားသဖြင့် တရားကို များစွာမကျင့်ကြပဲ ဘုရားကိုသာ အားကိုး၍ ရှိခိုးဆည်းကပ် ကိုးကွယ်ကြခြင်း သည် သူတို့ဘုရားကိုကပင် တရားကို စေ့စေ့စုံစုံ မဟောတတ်ရှာ၍ ငါ့ကိုကိုးကွယ်လျှင် အပြစ်ခပ်သိမ်း အကုန်ငြိမ်း၏ဟု အပြီးစလွယ် လိမ်လည်လှည့်ဖြား၍ ထားခဲ့သောတရားနှင့် ညီကြပေ၏။
( ထာဝရဘုရား မကယ်နိုင်သော အပြစ်တွေကို ရှေး၌ပြဆိုခဲ့ပြီ။)
(ဒွါဒသမရွှေချိန်ခွင် အဆို ရှင်းလင်းချက်ပြီး၏။)

ရွှေချိန်ခွင် (၁၃-၁၄)


ရွှေချိန်ခွင်အဆို
၁၃- ဗုဒ္ဓဘာသာမှာ ဘုရားမရှိဘဲလျက် မိမိကိုယ်ကျင့်တရားကို ကျင့်လျှင်ပင်ဖြစ်နိုင်၏-ဟုဆို၍ ဘုရားကို အားမကိုး ဘုရားကို မခိုမှီးရာကျ၏။
ဆရာတော်ရှင်းလင်းချက်
ဤစကား၌---
မိမိကိုယ်ကျင့်တရားကို မိမိကျင့်မှ ဖြစ်နိုင်သည် မှန်ပါ၏၊ မိမိကိုယ်ကျင့်တရားကိုမူကား- ၁။ ဘုရားက ဟော၍ပေးမှ နေရာကျ ကျင့်တတ်သည်၊ ကျင့်တတ်အောင် ဟော၍ထားခဲ့ပေသော ကျေးဇူးတော်တွေသည် အနန္တရှိပေသည်ဖြစ်၍ ဘုရားကို အားလည်းကိုးရသည်၊ ခိုလည်းခိုမှီရသည်။
၂။ ဘုရား၏ ကျေးဇူးတော် ဂုဏ်တော်မြတ်ကို သိ၍ ယုံကြည်၍ အားကိုးခြင်း ကိုးကွယ်ခြင်း ၀တ်ပြုခြင်း လှူဒါန်းပူဇော်ခြင်းများသည်လည်း မိမိကိုယ်ကျင့်တရားပင် ဖြစ်သည်။
( ဦးစောလှဖြူ ဆိုခွင့်မရှိ)
တေရသမရွှေချိန်ခွင် အဆိုရှင်းလင်းချက်ပြီး၏။


ရွှေချိန်ခွင် အဆို
၁၄။ ဘုရားမရှိဘဲဖြစ်နိုင်လျှင် ။ လ ။ သွန်သင်ရာကျ၏ ။
ဆရာတော်ရှင်းလင်းချက်
ဤစကား၌--
၁။ အတုမရှိသော ကျေးဇူးရှင်ကြီးဖြစ်သော ဘုရားကို ကြည်ညိုစိတ်နှင့် မ-ပါ၊ကယ်-ပါ ဆုပေးတော်မူပါဟု တောင့်တခြင်းများသည်လည်း ကိုယ်ကျင့်တရားတွေပင်ဖြစ်သည်။
၂။ ဘုရားတည်းဟူသောအာရုံကို လှိုက်လှိုက်လှဲလှဲ အာခံခြင်းဖြစ်၍ ယခုအနီးအနား၌ ဘုရားမရှိသော်လည်း ရှိသလောက်ပြု၍ အာရုံခံနိုင်သောသူဖြစ်ပေ၍ အလွန်ကောင်းမြတ်သော ကိုယ်ကျင့်တရားကို အားထုတ်သောသူ ဖြစ်ပေသည်။
( ဘုရား အပိုအလကားဟု ဆိုခွင့်မရှိပေ။)
ဘုရားကို ကိုးကွယ်ခြင်းအမှုသည်။ ။ ကိုယ်ကျင့်တရားကောင်းကြီး တစ်ခုဖြစ်၍ ဤကိုယ်ကျင့်တရားသည်လည်း လိုပတ်အကျိုးကို ပေးနိုင်၏။
စုဒ္ဒသမ ရွှေချိန်ခွင်အဆို ရှင်းလင်းချက်ပြီး၏။

ရွှေချိန်ခွင် (၇-၈-၉-၁၀)


ရွှေချိန်ခွင်အဆို
၇- (က) ဗုဒ္ဓဘာသာ၌ ဘုရားအစဉ်မရှိ၊ တရားကိုကျင့်မှ ဖြစ်သည်၊ နောက် နိဗ္ဗာန်ဝင်၍ ပျက်စီးပြန်သည်ဟု ဆို၏ ။
(ခ) ပဌမဗုဒ္ဓ ကျင့်သောတရားကို အဘယ်သူ ထားခဲ့သနည်း၊ ကျင့်သည်အခါ ဘယ်ဘုရားထံ ဆုတောင်းပါ သနည်းဟု-မေးစရာရှိ၏၊ ပဌမဗုဒ္ဓသည် အဦးဆုံးဖြစ်၍ သူ့အထက်ကပေါက်သော ဗုဒ္ဓမရှိသေးသောကြောင့် မပေါက်ဘဲ နိစ္စထာဝရတည်နေသော မြတ်စွာဘုရား၏ တရားတော်ကို ကျင့်သည်၊ ထိုဘုရားထံ ဆုတောင်း သည် ဟု သိသင့်၏၊ ထိုနှင့်ပေါက်ရသော ဗုဒ္ဓသည် သမ္မာသမ္ဗု မဟုတ်၊ သုတဗုဒ္ဓ သက်သက်ဖြစ်၏။

ဆရာတော်ရှင်းလင်းချက်
ဤစကားကိုလည်း ဦးစောလှဖြူသည် ဗုဒ္ဓဘာသာတရား ကျမ်းဂန်နှင့် အနားအနီးမျှ မသီဘူးသောကြောင့် စကားဖြစ်ရသည် ဗုဒ္ဓဘာသာတရားကျမ်းဂန်နှင့် သီဘူးလျှင် စကားဖြစ်ဖွယ်မရှိ ။
အနမတဂ္ဂေါယံ ဘိက္ခဝေ သံသာရော -ဟူသော ဒေသနာတော်မြတ်နှင့် အညီ သံသရာလည်း အစမရှိ ကမ္ဘာလည်း အစမရှိ သတ္တ၀ါလည်း အစမရှိ ဘုရားလည်း အစမရှိသည်ဖြစ်၍ အဘယ်မှာ “ ပဌမဗုဒ္ဓ-အဦးဆုံးဖြစ်သော ဘုရား ” ဟူ၍ ရှိပါအံ့နည်း ။
အဦးဆုံးဖြစ်သော ဘုရားဟူ၍ မရှိခဲ့သော်။ ။ ဘုရားဖြစ်အောင် ကျင့်သော တရားလည်း လောက၌ အလျဉ်မပြတ် ဆုတောင်းရန် ဘုရားလည်း အလျဉ်မပြတ်သည်ဖြစ်၍ ထာဝရဘုရား ၀င်စရာ အကွက်ပင် မရှိ၊ ထာဝရဘုရားထံလည်း ဆုတောင်းဖွယ် မရှိ ။
ရှေးရှေးသော ဘုရားတို့ထံ၌ ဆုတောင်း၍ ဖြစ်ရသော ဘုရားပင်ဖြစ်သော်လည်း။ နောက်ဆုံးဘ၀၌မူကား ဆရာဟူ၍ မရှိဘဲ မိမိအလိုလို ကိုယ်တိုင်လည်းသိသည် အကြွင်းအကျန်မရှိလည်း သိသည်ဖြစ်၍ သမ္မာသမ္ဗုဒ္ဓသည်သာ ဧကန်စင်စစ်ဖြစ်၏၊ သုတဗုဒ္ဓ မဖြစ်လေ။
သတ္တမရွှေချိန်ခွင် အဆိုရှင်းလင်းချက်ပြီး၏။


ရွှေချိန်ခွင်အဆို
၈-(က) ပဌမသတ္တ၀ါနှင့် တိရစ္ဆာန်တို့ အဘယ်ကဖြစ်သနည်း မေးလျှင် ကံကြောင့် ဖြစ်သည်ဟု ဗုဒ္ဓဘာသာက ဆို၏ ။
(ခ) အထက်ကဖြစ်သော ဘ၀မရှိသေးသောကြောင့် ကံကို မလုပ်ရသေး၍ ကံမရှိနိုင်၊ ကံမရှိလျှင် ကံကြောင့်ဖြစ်သည်ဟုဆိုသော အယူဝါဒမမှန်ဟု သိရ၏ ။

ဆရာတော်ရှင်းလင်းချက်
ရှေး၌ ဆိုခဲ့ပြီးသောအတိုင်း သံသရာလည်း အစမရှိ ကမ္ဘာလည်း အစမရှိ တစ်ယောက်တစ်ယောက်သော သတ္တ၀ါလည်း အစမရှိ ကံလည်း အစမရှိသည်သာဖြစ်၍ ဦးစောလှဖြူစကား၌ “အထက်က ဖြစ်ဘူးသော ဘ၀မရှိသေး-ဟူသောစကား ကံကိုမလုပ်ရသေး ဟူသော စကား ” များသည် ရယ်ဖွယ်သာဖြစ်၏ ။
(အဋ္ဌမရွှေချိန်ခွင် အဆို ရှင်းလင်းချက်ပြီး၏။)

ရွှေချိန်ခွင် အဆို
၉- (က) ထာဝရဘုရားမရှိလျှင် ကမ္ဘာဦးသူများသည် အလင်းကို အဘယ်သူ့ထံ တောင့်တသနည်း ။
(ခ) တောင့်တသည့်အတိုင်း နေကို အဘယ်သူ ပေးတော်မူပါသနည်း ။
(ဂ) ကမ္ဘာဦးက ဘယ်သူမျှ မရှိသေးသောကြောင့် ထာဝရဘုရား ပေးတော်မူသည်ဟု သိသင့်၏ ။

ဆရာတော် ရှင်းလင်းချက်
ရှေးရှေးသော ကမ္ဘာအဆက်ဆက်တို့ကပြုခဲ့သော ကံတွေများစွာ ရှိသော ကမ္ဘာဦးသူတို့အား စိတ်နှင့်နှုတ်နှင့် တ-သ-လိုက်လျှင်ပင် အများတကာ ကံတွေကြောင့် နေ လ နက္ခတ် တာရာတို့သည် ပေါ်လာမြဲဓမ္မတာ ဖြစ်လေရကား အလင်းကို အဘယ်သူ့ထံ ခ-ခ-စားစားတောင့်တရတော့အံ့နည်း၊ ထိုသတ္တ၀ါတို့ ရှေးရှေးကမ္ဘာ အဆက်ဆက်က ပြုခဲ့သော ကံတရား ထင်ရှားရှိလေပြီဖြစ်သောကြောင့် ကမ္ဘာဦးအခါ၌ ထာဝရဘုရားကို အသုံးချရန် အကွက်မရှိပြီ ။
( န၀မရွှေချိန်ခွင် အဆိုရှင်းလင်းချက်ပြီး၏ ။)

ရွှေချန်ခွင် အဆို
၁၀-(က) သိကြား နတ်များရှိသည်ကို မမြင်ရဘဲနှင့်ပင် ယုံသောကြောင့် ဘုရားလည်း အရူပဖြစ်တော်မူ၍ မမြင်နိုင်သော်လည်း ရှိသည်ကို ယုံသင့်၏ ။

ဆရာတော်ရှင်းလင်းချက်
ပကတိသောလူတို့၏ မျက်စိနှင့် မြင်ကောင်းသော သတ္တ၀ါတို့ကား--
၁။ လူ့ဘုံသား
၂။ တိရစ္ဆာန်ဘုံသား
ဤနှစ်ဘုံသားသာ ရှိသည် ။
၃။ ငရဲဘုံသား
၎။ ပြိတ္တာဘုံသား
တို့လည်း အကောင်အထည် ကြီးမားကြလျက် မမြင်ကောင်းသည်သာ များ၏ ။
လူ့ဘုံမှ အထက် တစ်ဆင့်ထက်-တစ်ဆင့် အလွန်ကြီးကျယ်လှစွာသော ကောင်းကင်ဘုံကြီးပေါင်း ၂၆-ဆင့်ရှိ၏၊ ထိုကောင်းကင်ဘုံကြီးသားတို့ကိုလည်း လူတို့ပကတိမျက်စိနှင့် မမြင်နိုင်၊ ဈာန် အဘိညာဏ် အကျင့်ကို ကျင့်နိုင်သော သူတို့သာ မြင်နိုင်သည်၊ ရောက်အောင်လည်း သွားနိုင်သည် ။
ထိုကောင်းကင်ဘုံတို့ကို မြင်နိုင်သော သူတို့ကား။ ။ ကမ္ဘာဦးအခါ၌လည်း ပေါများ၏ ၊ ငါတို့ဘုရားလက်ထက်တော်၌ကား မဇ္ဈိမ ဒေသအရပ်တွင် ကုဋေမကများ၏၊ သီဟိုဠ်ကျွန်း၌ သာသနာ သက္ကရာဇ် ခုနှစ်ရာ ရှစ်ရာခန့်တိုင်အောင် ပေါများ၏၊ နောက်မှ တရွေ့ရွေ့ ကွယ်ပျောက်သည်၊ ထိုကောင်းကင် ဘုံကြီး ၂၆-ဆင့်၌ နေကြကုန်သောနတ် သိကြား ဗြဟ္မာတို့သည် ငါတို့ဘုရား၏ တပည့်တပန်းလည်း များ၏၊ အလွတ်လည်းများ၏ ။
(ကောင်းကင်ဘုံ၌ မအို မသေ အမြဲနေသော လောက၌ ရှိရှိသမျှကို ဖန်ဆင်းနိုင်သော ထာဝရဘုရားရှိ၏ ဟူသောအယူသည် ခရစ်တော်ပေါ်မှသာ ဖြစ်သော အယူမဟုတ်၊ ကကုသန် ကောဏာဂုမ် ကဿပ ဂေါတမ ဟူသောဘုရား ၄-ဆူမပွင့်မီ ကမ္ဘာဦးအခါကပင် ဖြစ်၍ လာခဲ့သော အယူတည်း ။)
သဗ္ဗညုမြတ်စွာဘုရားတို့ပွင့်တော်မူ၍ သာသနာတော်မြတ် ထွန်းကားတုန်းအခါ ထွန်းကားရာအရပ်တို့၌သာ ထိုအယူကွယ်ပ၍ နေသည်၊ သာသနာကွယ်ပြန်လျှင် ထိုအယူထွန်းကားမြဲ ထွန်းကားပြန်၏၊ သာသနာ ကွယ်သောအခါမှာလည်း ဥာဏ်ပညာ ကြီးလှသော မင်း ပုဏ္ဏား ရသေ့ ရဟန်းတို့ဖြစ်ထွန်းရာ နိုင်ငံကြီးများ၌ ထိုအယူ မထွန်းနိုင်ရှိ၏ ။
( ဤအယူကို ဗုဒ္ဓဘာသာကျမ်းဂန်၌ “ ဧကစ္စသဿတ၀ါဒ ” ခေါ်သည်၊ ဗြဟ္မဇာလသုတ်တွင် လာသည် ။)
ထိုသုတ်၌ လာသောဗြဟ္မာကြီးကိုပင် ခရစ်ယာန်ဘာသာ ပသီဘာသာတို့၌ “ ထာဝရ ဘုရား ” ခေါ်သည်၊ ဟိန္ဒုပုဏ္ဏား ဘာသာ၌ကား “ဗြဟ္မာ” ဟူ၍ ခေါ်သည် ။
ထိုဗြဟ္မာကြီးသည် နတ် သိကြားကဲ့သို့ ထင်ရှား ရှိပေသောကြောင့် နတ် သိကြားရှိသည်ကို ယုံကြည်အပ် သကဲ့သို့ ထာဝရဘုရား ရှိ၏ဟူသည်ကို ယုံကြည်သင့်၏ဟု ဦးစောလှဖြူ ဆိုပေသည် ။
ဒသမရွှေချိန်ခွင် အဆို ရှင်းလင်းချက်ပြီး၏ ။

ရွှေချိန်ခွင် (၁၁)


ရွှေချိန်ခွင်အဆို
၁၁-(က) ခရစ်ယာန် ဘာသာ၌ မြတ်စွာဘုရား ထင်းရှာရှိ၍ “ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ” ဟုကျမ်းဂန် လာသည် နှင့်အညီ ဘုရာထံ ခိုမှီ ကိုးကွယ်ကြ၏၊ ခိုမှီကိုးကွယ်ခြင်းနှင့် ဘုရားရှိသည်ဟု ဆိုခြင်းညီ၍ မှန်သည်ဟု သိသင့်၏။
(ခ) ဗုဒ္ဓဘာသာက ယခုဘုရားမရှိဟုဆို၍ ရှိခိုးပူဇော် ကိုးကွယ်ခြင်းနှင့်မညီ၊ မှားပြီဟု-သိသင့်၏။

ဆရာတော် ရှင်းလင်းချက်
ဤစကား၌-
“ ထာဝရဘုရားထင်ရှာရှိသည် ” ဟူသော စာအုပ်ငယ်များက အဆိုနှင့်သာ ပြောရသည်၊ ဗုဒ္ဓဘာသာနှင့် စာ၍ကြည့်သော် ကျမ်းဂန်အနေချင်းသည် အနန္တကွာကြသည်၊ ဗုဒ္ဓဘာသာကျမ်းဂန်ကြီးသည် မဟာသမုဒြာ လေးစင်း မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာ တိုင်းကြီးခုနှစ်တိုင်းနှင့် အလားတူသည်၊ ခရစ်ယာန်ဘာသာ စာနုပ်ငယ်များသည် နွားခွါရာခွက်ရေမျှသာ ဖြစ်ချေသည်။
ဗုဒ္ဓဘာသာသည်။ ။ ရွှေ ငွေ ပုလဲ ပတ္တမြားစသော ရတနာဆယ်မျိုးတို့ဖြင့် ပြည့်နှက်သော မြင်းမိုရ်တောင်ကြီးနှင့် အလားတူသည်၊ ထို့ကြောင့် ဤဗုဒ္ဓဘာသာကို ကောင်းကောင်းတတ် ကျွမ်းကုန်သော အရှင်တို့သည် အနှစ်သာရနှင့် ပြည့်စုံသော များစွာသော ကျမ်းဂန်တွေ ထွန်းကားသည်။
ခရစ်ယာန် ဘာသာသည်။ ။ မြေအတိပြည့်သော တောင်ပို့ပျက် တောင်ပို့ဟောင်းငယ် နှင့်တူပါသည်၊ ထို့ကြောင့် ထိုခရစ်ယာန်ဘာသာကို ကောင်းကောင်း တတ်ကျွမ်းသည်ဆိုသော သူတို့သော်မှလည်း မဖြစ်စလောက် ရောက်တတ်ရာရာ စာအုပ်ဘုတ်အုပ် နုပ်နုပ်ဖွဲဖွဲသာ အနိုင်ထုတ်နိုင်သည်။
ထို့ကြောင့်ပင်လျှင်-
၁။ ခရစ်ယာန်ဘာသာကို ကောင်းကောင်းတတ်သည်ဟု ဆရာတစ်ယောက် လုပ်သောသူတို့သည် ဗုဒ္ဓဘာသာကို အတော်အလျော်တတ်သော သူနှင့်တွေ့၍ ဘာသာစကား ပြောဆိုကြလျှင် အရေလယ်အောင် မပြောနိုင်ကြကုန်။
၂။ ဗုဒ္ဓဘာသာကိုတတ်ကျွမ်း၍ နေရာကျ မေးတတ်သောသူ ရှိရာသို့တစ်ခေါက်ပြင် နှစ်ခေါက်မလာဝံ့ရှာ ကြကုန်။
၃။ ကောင်းကောင်း မေးနိုင်သောသူနှင့် တွေ့ရမည်ကို အလွန်ကြောက်ရှာကြကုန်သည်။
၎။ ဗုဒ္ဓဘာသာကို အကျွမ်းအကျင်နည်းပါးလှ၍ အဆစ်အပိုင်းကို မသိသေးသော လူပြိန်းတို့ရှိရာသို့သာ လာဝံ့ရှာကြသည်။
၅။ ဗုဒ္ဓဘာသာကို ကောင်းကောင်းတတ်ကျွမ်းသည် ဖြစ်၍ အဆစ်အပိုင်းကို သိပြီးသော သူတစ်ယောက်သည်ကား ခရစ်ယာန်ဘာသာကို အကုန်တတ်ကျွမ်းသူ တစ်ထောင်ကို အမှုမထား။
(ဤကား ယခုလောကတွင် မြင်ရသောအခြေအနေချင်းကွာလှမ်းပုံတည်း။)

ထို့ကြောင့်-
ဦးစောလှဖြူသည်။ ။ ရေပြည့်သော နွားခွါရာခွက်ငယ်များနှင့်လည်းကောင်း၊ မြေအတိပြည့်သော ခြတောင်ပို့ ပျက်ငယ်နှင့်လည်းကောင်း အလွန်တူလှစွာသော ခရစ်ယာန်စာအုပ်ငယ်များကိုသာ အမြင်မျက်စိရှိ၍ ဆိုခဲ့ပြီး သော မဟာသမုဒြာ စသည်တို့နှင့်လည်းကောင်း၊ ရတနာဆယ်ပါးအတိပြည့်သော မြင်းမိုရ်တောင်ကြီးတွေနှင့် လည်းကောင်း အလွန်တူလှစွာသော ဗုဒ္ဓဘာသာ ကျမ်းကြီးတွေကို အမြင်မျက်စိ မရှိရှာသောကြောင့် အယူမှောက်မှား၍-
၁။ သရဏဂုံသုံးပါးဟူ၍ အစ-အန ပြစရာ ယခုလည်းမရှိ၊ ရှေးကလည်း မရှိစဘူး၊ နောင်လည်းရှိမည် မဟုတ်သော ခရစ်ယာန်ဘာသာမှာ သရဏဂုံသုံးပါး ထင်းရှားရှိသည်ဟု ဆိုမှာခြင်း၊
၂။ သရဏဂုံသုံးပါး မျက်မြင်ကမ္ဘာမြေပေါ်တွင် အနှံ့အပြား ထင်ရှားရှိပါသော ဗုဒ္ဓဘာသာကြီးမှာ သရဏဂုံ သုံးပါး အစေ့အစုံမရှိဟု ဆိုမှားများခြင်းသည်-
ဘုရားအလောင်းတော် မဟောသဓဇာတ်၌။ ။ ပဲဝက်မျှသော ဥစ္စာ လည်ပင်း၌ရှိသော ပုတ်သင်ငယ်သည် မိထိလာပြည်ကြီးရှင် ၀ိဒေဟရာဇ်မင်းကြီးကို ငါ့လောက်ဥစ္စာမရှိဟု ဆိုမှားသည်နှင့် မခြားနားဖြစ်ချေသည်။
၁။ ခရစ်ယာန်ဘာသာ၌ ဘုရားထင်ရှား ရှိသည်သာဆို၍ ဘုရားရှိကြောင်းကို အစွန်းအစ သက်သေပြစရာ တစ်ခုမျှမရှိ။
၂။ ဗုဒ္ဓဘာသာမှာ ရူပကာယကိုယ်တော်တစ်စိတ်နှင့် ဓမ္မကာယကိုယ်တော်မြတ် ထင်ရှားရှိကြောင်းကို ကမ္ဘာမြေပေါ်တွင် မျက်မြင်သက်သေ အစွန်းအစ ပေါများလှပါ၏။
( ဦးစောလှဖြူ အမြင်မျက်စိမရှိ၍ မမြင်ပါသည်။ )
ထို့ကြောင့်---
ဗုဒ္ဓဘာသာသာမှာ။ ။ ဘုရား တရား သံဃာဟူသော သရဏံဂုံသုံးပါး ယခုမျက်မြက် ထင်ရှားရှိသည်နှင့် ရှိခိုးပူဇော် ကိုးကွယ်ခြင်းသည် ညီညွှတ်လှ၏။
ခရစ်ယာန်ဘာသ်ာမှာ။ ။ ဘုရားလည်းပြစရာ အစအနမရှိ တရားလည်းပြစရာ အစအနမရှိ သံဃာလည်း ပြစရာ အစအန မရှိသည်ဖြစ်၍ မှီခိုကိုးကွယ်ကြသော အမှုသည် ဤရေသဖန်းပင်ကြီးသည် ပွင့်လိမ့်မည်၊ ရေသဖန်းပွင့် တစ်ပွင့်လျှင် ခဲတစ်ပိဿာကို ရွှေဖြစ်စေနိုင်၏ဟု လူလိမ်တစ်ယောက်က စာရေး၍ ချထားသည် ကိုမြင်၍ ရွှေသူဌေး လုပ်ရအောင် ရေသဖန်းပင်ကို ပွင့်နိုးနိုး ကိုးကွယ် စောင့်ရှောက်၍နေသော သူတို့၏ အမှုနှင့်မခြား ဖြစ်ချေသည် ရေသဖန်းပင်တို့သည် ပွင့်ရိုးမရှိကုန်။
( ဧကာဒသမ ရွှေချိန်ခွင်အဆို ရှင်းလင်းချက်ပြီး၏၊ )

ရွှေချိန်ခွင် (၅-၆)


ရွှေချိန်ခွင်အဆို
၅-(က) ခရစ်ယာန်ဘာသာက ကိလေသာ တဏှာရာဂကို မြစ်တား၏ ။
(ခ) ဗုဒ္ဓဘာသာက မမြစ်တား ၊ ခွင့်ပြု၏ ၊ ခွင့်ပြုသောကြောင့် မိမိသဘောရှိသည့်အတိုင်း မယားများများ နေတတ်ကြ၏၊ ကွာရှင်းကြ၏၊ လောကမှသာ ခွင့်ပြုသည်အဟုတ်၊ နတ်ပြည်၌ နတ်သမီးငါးရာ၊ ခုနှစ်ရာ ဘုံခုနှစ်ဆင့်တွင် ခံစားစေသေး၏ ။

ဆရာတော် ရှင်လင်းချက်
ဤစကားကို ဦးစောလှဖြူသည် ဗုဒ္ဓဘာသာနှင့် အလွန်ဝေးသူဖြစ်၍ ဆိုမိလေသည်။
ငါတို့ဘုရားသည်။ ။ ကိလေသာ တဏှာရာဂများကို မစင်ဘင်ပုပ်ထက်မက အလွန်စက်ဆုပ်တော် မူလှသည်၊ စက်ဆုပ်တော်မူသောကြောင့်ပင်လျှင် ထီးနန်းစည်းစိမ်ကို စွန့်ပစ်၍ တစ်ကိုယ်တော်တည်း တောထွက်တော်မူကြောင်း တပည့်သားရဟန်းတို့ကိုလည်း ကိလေသာ တဏှာရာဂတို့ကို ကုန်စင်အောင် စွန့်ပစ်ခြင်းငှါ ဥစ္စာစီးပွား သားမယားနှင့် မစပ်ရကြောင်းကိုမျှ ဦးစောလှဖြူ မကြားဘူးဘဲ ရှိရလေသည်။
ယခုမျက်မြင်၌။ ။ တပည့်သားတော် အဆက်အနွယ်ဖြစ်၍ ကောင်းစွာကျင့်ပေးသော ရဟန်းတော် သံဃာတော်တွေ အနန္တရှိသည်ကိုမျှလည်း ဦးစောလှဖြူ အမြင်မျက်စိ မရှိရလေ ။
ကိလေသာအပေါင်းတို့တွင်-
၁။ မြင်ကောင်းသော အရာကို မမြင်နိုင်ဘဲ မိုက်မဲဖုံးပိတ်၍နေသော မောဟ ကိလေသာနှင့်
၂။ အမှားကိုးအားကျ၍ သွားတတ်သော ဒိဋ္ဌိကိလေသာသည် အဆိုးဆုံးဖြစ်ပါသည် ။
ထိုကြောင့် မယားတစ်ယောက်မှပင် မယူငြားသော်လည်း ထိုကိလေသာကြီး နှစ်ပါးဖက်သို့ ပါသော သူသည် မယားတစ်ထောင်ယူသောသူထက်ပင် အပြစ်ကြီးလှသည်ဟု တရားတော်ရှိသည်။
မယားများများယူသောသူသည်။ ။ ဘုရာစကားကို ကောင်းကောင်းကြီး နားမထောင်နိုင်သေးသော သူတို့သာတည်း၊ ဘုရာစကားကို ကောင်းကောင်း နားထောင်နိုင်သော သူတို့မှာမူကား ရဟန်းပြုကြရသည် ။
နတ်ပြည်၌ နတ်သ္မီးငါးရာ ခုနှစ်ရာနှင့် စံစားခြင်းသည် နတ်ပြည်၏ အလေ့ပေတည်း၊ ဘုရားတရားနှင့် မစပ်၊ ဘုရားစက်ဆုပ်တော်မူသော အမှုသာတည်း ။
ပဉ္စမရွှေချိန်ခွင်အဆို ရှင်းလင်းချက်ပြီး၏ ။


ရွှေချိန်ခွင်အဆို

၆-(က) ဗုဒ္ဓံသရဏံ ဂစ္ဆာမိ ၊ ဓမ္မံသရဏံ ဂစ္ဆာမိ ၊ သံဃံသရဏံ ဂစ္ဆာမိ- ဆိုသည့်အတိုင်း ခရစ်ယာန်ဘာသာမှာ ကိုးကွယ်ရာ သရဏံဂုံသုံးပါးရှိ၏ ၊ ထိုသုံးပါးသည်ကား ထာဝရမြတ်စွာဘုရားသခင် ရေရှုခရစ်တော်နှင့် ၀ိညာဏ်တော်ဖြစ်၏။
(ခ) ဗုဒ္ဓဘာသာမှာ ထိုသုံးပါးအနက် တရားတစ်ပါးသာ ရှိသည် ဘုရားနှင့် သံဃာမရှိ၍ မစုံလင် ။

ဆရာတော် ရှင်းလင်းချက်
ခရစ်ယာန်ဘာသာမှာ သရဏံဂုံသုံးပါးနှင့် ပြည့်စုံသည်ဆို၍ သုံးပါးကို ပြရာမှာ---
၁။ ထာဝရဘုရားသခင် တစ်ပါး
၂။ ရေရှုခရစ်တော် တစ်ပါး
၃။ ၀ိညာဏ်တော် တစ်ပါးကို ပြသည်။
ဤသုံးပါးကို ဦးစောလှဖြူကိုယ်တိုင် မြင်ဘူးသလော၊ မြင်ဘူးပါသည် ဆိုသူနှင့် တွေ့ဘူးရသလော။
( စာတွေ့ မျှလောက်ကို အစွဲပြု၍ ပြောရှာရသည်။)
ငါတို့မှာမူ။ ။ အထက် ပဌမစကားအချက်၌ ဆိုခဲ့ပြီးသော --
၁။ ဆံတော် သွားတော် စွယ်တော် အရိုးတော်တို့ကို ဘုရားပရိနိဗ္ဗာန်စံတော်မူသည့်နေ့မှစ၍ ယနေ့ထက်တိုင် ဆက်လက်မပြတ် စောင့်ရှောက်ကိုးကွယ်၍ လာကြသည်၊ အကျော်စေရ ဖြစ်တော်မူသော စေတီပုထိုးတွေ အထင်အရှားဖြစ်၍ ဘုရားလည်း မျက်မြင်ကိုယ်တွေ့ ဖြစ်သည်။
၂။ ပိဋကတ်သုံးပုံဟူသော တရားတော်လည်း အထင်အရှား ဖြစ်သည်။
၃။ ကလျာဏပုထုဇဉ် ဖြစ်ပေကုန်သော သမ္မုတိသံဃာတော်လည်း အထင်အရှားပင် ဖြစ်ပါသည်။
သူဆင်းရဲတစ်ယောက်ကို အိပ်၍ နေစဉ်အခါ စိတ်တန်းမိ တန်းရာနှင့် အထောင်တစ်ရာခန့်ရှိသော ရွှေပုံ ငွေပုံတွေကို အိပ်မက်မြင်မက်သည်ကို တကယ်မှတ်၍ ကစုန်း ကပွားထ၍ ကုဋေရှစ်ဆယ် ကြွဝသော သူဌေးကြီးထံ သွားပြီးလျှင် ယနေ့မှစ၍ ငါသူဌေးကြီး လုပ်မည်၊ သင်သူဌေးငယ်သာ လုပ်ရမည်ဟု ဆိုမှားသော သူနှင့် ခြားနားဦး မည်လော ။
ဆဋ္ဌရွှေချိန်ခွင်အဆို ရှင်းလင်းချက်ပြီး၏ ။

ရွှေချိန်ခွင် (၃-၄)


ရွှေချိန်ခွင် အဆို
၃-(က) ခရစ်ယာန်ဘာသာက ဘုရား၌ အနန္တကရုဏာ ရှိသည် ဆို၏ ။
(ခ) ဗုဒ္ဓဘာသာကလည်း ဆို၏ ။
(က) အပြစ်ရှိသော သူသည် အကျွတ်တရားကိုရ၍ နောင်ထပ်မံမပြုမကျင့်ပါပြီ၊ ပြုမိသော ဒုစရိုက်အပြစ်အတွက် ချမ်းသာ ပေးသနားတော်မူပါဟု ခွင့်တောင်းလျှင် အနန္တကရုဏာတော်ရှိသည်ဟု ဆိုသောအတိုင်း ဘုရားက ခွင့်လွှတ်သည်ဟု ခရစ်ယာန်ဘာသာကဆို၏။
(ခ) ဗုဒ္ဓဘာသာက မလွှတ်၊ လွတ်လည်း မလွတ်နိုင်ဆို၍ ဘုရား၌ အနန္တကရုဏာတော်ရှိသည်ဟု ဆိုချက်နှင့်မညီ၊ အနန္တတန်ခိုးတော် ရှိသည်နှင့် မညီ။

ဆရာတော် ရှင်းလင်းချက်
“ ထာဝရဘုရားသည် အနန္တကရုဏာတော်လည်းရှိသည် ၊ အနန္တတန်ခိုးတော်လည်း ရှိသည်နှင့်အညီ ဒုစရိုက်အပြစ်ရှိသော သူအား လွန်သမျှဝန်ချ၍ ခွင့်တောင်းလျှင် ဒုစရိုက်အပြစ်လွတ်ခွင့် ပေးနိုင်သည်ု ” ဟူသော စကား၌
“ အနန္တ တန်ခိုးတော်ရှင်ဖြစ်၍ မတတ်နိုင်သည် မရှိ ” မှန်ပါလျှင်
၁။ ကမ္ဘာပေါ်မှာ ဒုစရိုက်အပြစ်ဟူ၍ မရှိရအောင် ပြု၍ ထားလျှင် မပြီးပါလော ။
၂။ အကျွတ်တရားကိုရ၍ ခွင့်တောင်းလာမှ ခွင့်လွှတ်နိုင်သည် ဆိုသောကြောင့် အကျွတ်တရားကို မရသူကိုလည်း ပြုမိသော ဒုစရိုက်မှ လွတ်ခွင့်မပေးနိုင် ။
၃။ အကျွတ်တရားကိုပင် ရပါသော်လည်း ခွင့်မတောင်း မိသော သူကို လွှတ်ခွင့်မပေးနိုင် ။
“ အနန္တ တန်ခိုးတော်ရှင်ဖြစ်၍ မတတ်နိုင်သည် မရှိ ” မှန်ပါလျှင် ကျွတ်ခွင့်ကို မရသောသူကိုလည်း လွတ်ခွင့်ပေးနိုင်ရမည်၊ ကျွတ်ခွင့်ကို ရသည့်သူမှသော ခွင့်တောင်းသည့်သူမှသော စကားမရှုတ်သင့်၊ “ မတတ်နိုင်သည် မရှိ ” ဟူသော စကားနှင့်မညီ။
ဒုစရိုက်ဟူသောအပြစ်သည်-
(၁) ယခုမျက်မှောက်၌ ခံရသောအပြစ်
(၂) သေပြီးသော နောက်မှခံရသော အပြစ် ဟူ၍ နှစ်ဌာနရှိသည် ။
ထိုနှစ်ဌာနတွင်-
သေပြီးသော နောက်မှ ခံရသော အပြစ်မှာ သေသော သူက ပြန်၍ မပြောလာသောကြောင့် လွတ်ခွင့်ရသည် မရသည်ကို သက်သေမရှိ -ရှိစေဦး၊ ယခုမျက်မြင်၌ ခံရသောအပြစ်မှာ ခရစ်ယာန်ဘာသာကို ၀င်သောသူသည် လူတစ်ယောက်ကို သတ်ပြီလျှင် အကျွတ်ယူ၍ နောင်မသတ်ပါပြီ၊ ယခုသတ်မိသော ဒုစရိုက်အပြစ် လွတ်ခွင့်ပေးပါဟု ထာဝရဘုရားမှာ ခွင့်တောင်းလျှင် မင်းဒဏ်မင်းပြစ် လွတ်ပါ၏လော ။
နိုင်ငံရှင်မင်းတို့ကို ပုံကန် ပုံစားပြုပြီးလျှင်။ ။ ကျွတ်ခွင့်ယူ၍ ဘုရားထံခွင့်တောင်းသော်လည်း၊ ဓားပြလုပ်ပြီးလျှင် သူခိုးလုပ်ပြီးလျှင် သူ့မယားကိုခိုးပြီးလျှင် အရှင်မင်းဧကရာဇ် အာဏာဥပဒေကို လွန်ကျူးကျော်နင်းပြီးလျှင် မင်းပြစ်မင်းဒဏ် မပေးမီ အကျွတ်တရားယူ၍ လွတ်ခွင့်တောင်းသော်လည်းကောင်း ဘုရားက လွတ်ခွင့်ပေးနိုင်ပါမည်လော။
“ မျက်မြင်၌ ခံရသောအပြစ်ကို လွတ်ခွင့်ပေးနိုင်သည် ” မှန်ပါလျှင် သောပြီးသောနောက်မှ ခံရသော အပြစ်ကိုလည်း ပေးနိုင်ပေရာ၏ ဟုယူရန်ရှိ၏၊ ယခုမျက်မြင်၌ ခံရသောအပြစ်ကို ထာဝရဘုရား လွတ်ခွင်ပေးနိုင်သည် အမှန်မျက်မြင်ဖြစ်၍ သေပြီသောနောက်မှ ခံရသော အပြစ်ကို ထာဝရာဘုရား လွတ်ခွင့်ပေးနိုင်သည် ဟူသော စကားသည် မဟုတ်စင်စစ်သာ ဖြစ်၏ ။
“ အနန္တတန်ခိုးတော် ရှင်ဖြစ်၍လည်း မတတ်နိုင်သည်မရှိ ၊ အနန္တကရုဏာတော် ရှင်ဖြစ်၍လည်း သတ္တ၀ါအများကို ရင်ဝယ်သားကဲ့သို့ သနားခြင်းကြီးလှသ်ည ” မှန်ပါလျှင် ဒုစရိုက်အပြစ်ကို မဆိုထားဘိဦး၊ ယခုမျက်မြင်၌ မျက်စိကန်း၍ သနားဖွယ် ကောင်းလှသောသူ၊ နားပင်း၍ ခြေလက်ကျိုး၍ ရောဂါဆိုး အနာမိ၍ မင်းပြစ်မင်းဒဏ်သင့်၍ သနားဖွယ်ကောင်းလှသောသူ ဥစ္စာပစ္စည်း ပျက်စီးပြုန်းတီး၍ သနားဖွယ်ကောင်းလှသောသူများသည် လောက၌ အနန္တများပြားပါသည် ။
(ထာဝရဘုရား မမြင်သလော၊ သနားစရာ ကရုဏာ မရှိသလော၊ မတတ်နိုင်၍ နေရသည် အမှန်မဟုတ်လော)

ဂေါတမဘုရားရှင်၏ အနန္တကရုဏာတော်များ
ငါတို့ဘုရားသည် အနန္တကရုဏာတော် ရှိသည်မှန်၏ ၊ သတ္တ၀ါများကို ရင်ဝယ်သားကဲ့သို့ သနားတော်မူလှသောကြောင့် သတ္တ၀ါများ အတွက်နှင့် ၄-သင်္ချေနှင့်ကမ္ဘာတစ်သိန်းကာလပတ်လုံး သူတစ်ပါးတို့ မကြံဝံ့လောက်သော ဆင်းရဲတွေကို ခံတော်မူ၍ ဘုရားဖြစ်အောင် အားထုတ်တော်မူပေသောကြောင့် ပိဋကတ်သုံးပုံ တည်းဟူသော တရားတော်တွေကို ဟောနိုင်ပေသည် ၊ ဟောနိုင်ပေသောကြောင့် သတ္တ၀ါတို့ ကြားရ နာရ သိကြရသဖြင့် ကောင်းစွာ ကျင့်နိုင်သူတို့ နိဗ္ဗာန်ဘုံသို့ ရောက်နိုင်ကြကုန်သည်၊ မကျင့်နိုင်သူတို့ မရောက်ကုန်၊ ကောင်းစွာ မကျင့်နိုင် သူတို့ကို မတတ်နိုင် ။
(သတ္တ၀ါအနန္တအတွက်နှင့် ဘုရားဖြစ်ရအောင် ရှည်မြင့်စွာကာလ၌ ကြီးစွာသောဆင်းရဲ အပင်းအပန်းကို ခံနိုင်တော်မူခြင်းသည် အနန္တကရုဏာတော်ရှင် ဖြစ်စေ၍ ခံနိုင်သည်။)
တတိယ ရွှေချိန်ခွင်အဆို ရှင်လင်းချက်ပြီး၏ ။

ရွှေချိန်ခွင် အဆို
၎-(က) ခရစ်ယာန်ဘာသာဝင်တို့သည် ဘုရားမှာ အနန္တ တန်ခိုးတော် ရှိသည်ဟု ဆိုသည့်အတိုင်း ယုံ၍ သုခဘုံ၌ အနိစ္စ ဒုက္ခ အနတ္တ မနိုင်သော ကိုယ်ခန္ဓာနှင့်မသေ မနာ မအို နိစ္စ ထာဝရ ခံစားရပါလို၏ ဟုဆုတောင်းကြ၏ ။
(ခ) ဗုဒ္ဓဘာသာဝင်တို့က ဘုရား၌ အနန္တကရုဏာတော် ရှိသော်လည်း မ-မနိုင်၊ အနန္တတန်ခိုးတော်ရှိသော်လည်း မ-မနိုင်၊ ဘုရားကိုယ်တော်တိုင်မှ ၀ဋ်ဆိုက်သေရသည်ဟု အယူရှိသည့်အတိုင်း လူတစ်ခါပြန် မဖြစ်ရဘဲ နိဗ္ဗာန်၌ ခန္ဓာ နာမ်ဝိညာဏ်ပျောက်ပျက် အစဉ်သေနေရပါလို၏ဟု ဆုတောင်းကြ၏။
( ဆုတောင်းနှစ်ရပ် ကွဲလွဲကြသည်တွင် သုခဘုံ၌ ကိုယ်ခန္ဓာနှင့်တကွ အမြဲစံစားခါ နေရပါလို၏ဟု ကရုဏာတော် တန်ခိုးတော်များကို ယုံကြည်အားကိုး၍ ဆုတောင်းကြသော အရာမှာ တန်ခိုးတော် ကရုဏာတော်များကိုပင် မယုံသာကြောင်း အားမသာကြောင်းကို အထက်၌ ထင်လင်းခဲ့ပြီ။)
“ သေပြီးသောနောက်၌ သုခဘုံမှာ အမြဲခံစား၍ နေရသည် ” ဆိုသည်မှာ ယခုမျက်မြင် ၌ပင် ထာဝရဘုရား မတတ်နိုင်၍ ခရစ်ယာန် ဘာသာဝင်လူတို့မှာပင် မွေးဖွားကာစကာလ၌ သေသည်၊ တစ်လ နှစ်လ ၊ တစ်နှစ် နှစ်နှစ် စသည်၌ သေကြရသည်၊ နာကြရသည် အထင်အရှား ဖြစ်သည်၊ ကရုဏာတော် တန်ခိုးတော်များသည် ယခုမျက်မြင်မှာပင် မတတ်နိုင် မကယ်နိုင်ကြောင်း အထင်အလင်း သိသာပါလျှက်၊ သေပြီးနောက် သက်သေမရှိရာ သုခဘုံ၌ အမြဲနေရအောင် ကရုဏာတော် ဥာဏ်တော်များကို ယုံကြည်ကြခြင်းသည် ရှေ့တွင် အုန်းသီးတစ်လုံးမှ မခွဲနိုင်သော မျောက်ငယ်တခုက နောင်နှစ်ခါတိုင်ရောက်လျှင် ဟိမ၀န္တာ တောင်ကြီးကိုငါခွဲ၍ ရတနာ ရွှေ ငွေ တွေကို သင်တို့အား ပေးမည်ဟု ဆိုသည်ကို ယုံကြည်အားကိုးလှ၍ မျောက်ငယ်မှာ ခစားသောသူတို့နှင့် ခြားနားဦးမည်လော ။
ခန္ဓာဟူသော ဓာတ် ၀ိညာဏ်ဟူသော ဓာတ်တို့သည်။ ။ ဓာတ်ကြမ်း ဓာတ်ယုတ်တွေ ဖြစ်၍ ထိုခန္ဓာ ၀ိညာဏ်တို့နှင့် မကင်းသမျှကာပတ်လုံး ဘယ်ဘုံမှာပင်နေသော်လည်း အိုခြင်း နာခြင်း သေခြင်းနှင့် မလွတ်နိုင်၊ အနိစ္စ ဒုက္ခ အနတ္တတို့ လက်တွင်းမှ မလွတ်နှိင်၊
ထိုခန္ဓာဟူသော- ၀ိညာဏ်ဟူသော ဓာတ်ကြမ်း ဓာတ်ဖြုန်း ဓာတ်သွံတွေကို အရှင်းစွန့်ပစ်၍ အတုမရှိ နူးညံ့သိမ်မွေ့လှစွာသော နှစ်သာရအတိဖြစ်သော အတုမရှိ ခိုင်ခံ့ကောင်းမြတ်လှစွာသော အသင်္ခတခေါ်သော ဓာတ်ကြီးတစ်ခုသည်ရှိ၏၊ ထိုအသင်္ခတဓာတ်သို့ ကူးနိုင်မှ အိုခြင်း နာခြင်း သေခြင်း မရှိဘဲ၊ အမြဲနေရသည်ဟု ငါတို့မြတ်စွာဘုရား ဟောထားတော်မူသည်၊ ထိုဓာတ်ကြီးသို့ ကူးနိုင်အောင် ဓာတ်ပြောင်နိုင်အောင်လည်း ဘုရားသခင်ဟောတော်မူသော တရားတော်ကို ကောင်းကောင်းကြီး ကျင့်လည်းကျင့်မှ၊ ဆုလည်းတောင်းမှ ဓာတ်ပြောင်နိုင်သည် ။
အကျင့်သည်ကား။ ။ လှေမှာ လှော်ရ ထိုးရ ခတ်ရသော အလုပ်နှင့်တူသည်၊ ဆုတောင်းခြင်းသည်ကား၊ ပဲ့ရသောအလုပ်နှင့်တူသည်၊ မလှော်မခတ်ဘဲ ပဲ့ကာမျှနှင့် လှေမဆန်၊ မပဲ့ဘဲ လှော်ကာ ခတ်ကာမျှနှင့် လိုရေကြောင်းသို့ ဖြောင့်ဖြောင့်မသွား။
ကောင်းကောင်းမကျင့်သောသူကိုလည်း ဓာတ်ပြောင်းရအောင် ဘုရားမတတ်နိုင်ကောင်း၊ အရာမဟုတ်ပေ ။ အနန္တကရုဏာတော်ရှင် တန်ခိုးတော်ရှင် ဖြစ်သော်လည်း ဖြစ်ကောင်းသော အရာမှသာ တတ်နိုင်သည်၊ မဖြစ်ကောင်းသောအရာမှာ မတတ်နိုင် ။
ထာဝရဘုရားသည် မတတ်နိုင်သောအရာ မရှိဟူသောစကား မဟုတ်ကြောင်းကို ဆိုခဲ့လှပြီ ။
စတုတ္ထရွှေချိန်ခွင်အဆို ရှင်းလင်းချက်ပြီး၏။

ရွှေချိန်ခွင် (၁-၂)


(လယ်တီဆရာတော်တို့ခေတ်က ၀န်ထောက်မင်း ဦးစောလှဖြူ-ဆိုသော ခရစ်ယာန်ဘာသာဝင် တစ်ယောက်သည် ရွှေချိန်ခွင်-အမည်ရှိ စာအုပ်တစ်အုပ် ထုတ်ဝေကာ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာကို နှိုင်းယှဉ်ပြခဲ့၏။ သို့ရာတွင် သူ၏ ဘက်လိုက်သော အမြင်များ၊ အလျင်စလို ကောက်ချက်ချမှုများကြောင့် ဗုဒ္ဓဘာသာဝင်တို့အား စော်ကားထားသလို ဖြစ်ခဲ့၏။ ထို့ကြောင့် မန္တလေးမြို့နေ ပညာဝန်ထောက် မောင်ကျော်ရန်ဆိုသူက ၎င်းရွှေချိန်ခွင်စာအုပ်ကို ရှင်းလင်းချက် ရေးပေးပါရန် လယ်တီဆရာတော်ထံ တောင်းပန်သဖြင့် “ရဟန်းတို့ သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ တရား၏ အပြစ်ကိုဖြစ်စေ သံဃာ၏ အပြစ်ကိုဖြစ်စေ ပြောကြရာ၌ “ဤစကားသည် ဤအကြောင်းကြောင့်လည်း မဟုတ်၊ ဤအကြောင်းကြောင့် လည်း မမှန်၊ စင်စစ်အားဖြင့် ဤအပြစ်သည် ငါတို့၌ ထင်ရှားမရှိ” ဟု မဟုတ်သည်ကို မဟုတ်သည့်အတိုင်း သင်တို့ ဖြေရှင်းကြရမည်” (ဗြဟ္မဇာလသုတ်) ဟူသော ဘုရားရှင်၏ သြ၀ါဒတော်အတိုင်း လယ်တီဆရာတော် ဘုရားကြီးသည် နေမကောင်း သည့်ကြားက ဖြေရှင်းရေသားခဲ့ဘူး၏။
ရွှေချိန်ခွင်-ဟု ဆိုလျှင် အများစုက တောင်တွင်းကြီး သျှင်ဥက္ကဋ္ဌ-ရေးသော စာအုပ်ကိုသာ ဖတ်ဖူးကြ၏။ လယ်တီဆရာတော်ကြီး၏ စာအုပ်ကိုကား မသိသူသာ များ၏။ ယခုခေတ် ခရစ်ယာန်တို့သည်လည်း ဦးစောလှဖြူ ရေးသော ရွှေချိန်ခွင်စာအုပ်ပါ အချက်အလက်များဖြင့် ယခုခေတ် ဗုဒ္ဓဘာသာဝင်တို့အား စကားဖြင့် တိုက်ခိုက်အနိုင်ယူလေ့ ရှိ၏။ မြန်မာဗုဒ္ဓဘာသာဝင်များကား မိမိက သူတစ်ပါးဘာသာကို တိုက်ခိုက်လေ့ ဝေဘန်လေ့မရှိသလို မိမိဘာသာကို ဝေဘန်တိုက်ခိုက်လာလျှင်လည်း ပြန်လည်၍ မဖြေရှင်းတတ်သူများ၏။ လယ်တီဆရာတော်ကြီး၏ ဖြေရှင်းချက်များကို ဖတ်ဖူးထားလျှင် မိမိတို့ဘာသာကို စော်ကားဝေဘန်လာသည့်အခါ အကျိုးအကြောင်း ပြန်လည်ဖြေရှင်း ပြနိုင်ပါလိမ့်မည်။
ထိုသို့ ပြန်လည်ဖြေရှင်းနိုင်ကြစေရန် ရည်ရွယ်၍ ဤ “ရွှေချိန်ခွင် ရှင်းလင်းချက်” ကို တင်ပြပါသည်။ ဘာသာရေး အဓိကရုဏ်းများ ဖြစ်ပွားစေရန် လှုံ့ဆော်ခြင်း မဟုတ်ပါ။)

ခရစ်ယာန် ရွှေချိန်ခွင် အဆိုကို ဆရာတော် ရှင်းလင်းချက်
ရွှေချိန်ခွင် အဆို (၁)
၁။ (က) ခရစ်ယာန် ဘာသာက မသေ မနာ မအို ထာဝရဘုရား ရှိသည်ဟု ဆို၏။
(ခ ) ဗုဒ္ဓဘာသာက ယခု ဘုရားမရှိ- ဟု ဆို၏။

ဆရာတော် ရှင်းလင်းချက်
ဘုရား၏ ကိုယ်တော်သည် ၁။ ရူပကာယကိုယ်တော် ၊ ၂။ ဓမ္မကာယကိုယ်တော် ဟူ၍ နှစ်ကိုယ်တော်ပါသည်။
၁။ ကုသိနာရုံပြည်၌ ပရိနိဗ္ဗာန်စံယူရာတွင် ချူပ်ငြိမ်းသော ခန္ဓာတော်ကို ရူပကာယကိုယ်တော် ခေါ်ပါသည်။
၂။ ဂုဏ်တော် ကျေးဇူးတော်အနန္တကိုလည်းကောင်း၊ ပိဋကတ်သုံးပုံတည်းဟူသော တရားတော် ကိုလည်းကောင်း ဓမ္မကာယ ကိုယ်တော် ခေါ်ပါသည်။
ထိုနှစ်ပါးတို့တွင်---
ရူပကာယကိုယ်တော်မှာ။ ။ အချို့သာ ချုပ်ငြိမ်းပါသည်။ သုံးကုဋေခြောက်သန်းမျှ မကသော ဆံတော်၊ သွားတော် လေးဆယ်၊ စွယ်တော်နှစ်စုံ၊ နဖူးသင်းကျစ်တော်၊ ညှပ်ရိုးတော် နှစ်ချောင်း၊ ရှစ်စရွက်မျှလောက်သော အရိုးတော်တို့မှဖြစ်သော ဓာတ်တော်ဟူသော ဤရူပကာယကိုယ်တော်တို့မှာမူကား ကမ္ဘာမြေပေါ်တွင် ယခုပင် အနှံ့အပြား ရှိလျက် ဖြစ်ပါသည်။
ဓမ္မကာယကိုယ်တော်မှာမူကား။ ။ ခံယူသူရှိပါသမျှ ကာလပတ်လုံး ဘယ်အခါမှ မကွယ်ပါ။ ခံယူသူရှိရာမှာ တည်ထွန်းပါသည်။ အကနိဋ္ဌခေါ်သော အထက်ကောင်းကင် ဘုံကြီး၌ကား မဟာကမ္ဘာကြီး တစ်သောင်းခြောက်ထောင်မက တည်ထွန်းလျက် ရှိနေပါသည်။ ထို့ကြောင့် “ဗုဒ္ဓဘာသာ၌ ယခုဘုရား မရှိ” ဆိုသော စကားသည် ဘုရား၏ ကိုယ်တော်နှစ်ပါးတွင် ပရိနိဗ္ဗာန်စံရာ၌ ချုပ်ငြိမ်းလေသော အချို့သော ရူပကာယကိုယ်တော် တစ်စိတ်မျှကိုသာ ရည်၍ ဆိုသော စကားဖြစ်ပါသည်။ အထက်၌ ပြခဲ့သော ဆံတော် အစရှိသော ရူပကာယကိုယ်တော်နှင့် ဓမ္မကာယကိုယ်တော်မြတ်များမှာ ယခု ထင်ရှားရှိပါသည်။
(ဦးစောလှဖြူဆိုတိုင်း ယခု ဘုရားလုံးလုံး မရှိသည်မဟုတ်ပါ။)
ပထမ ရွှေချိန်ခွင်အဆို ရှင်းလင်းချက် ပြီး၏။



ရွှေချိန်ခွင်အဆို (၂)
၂။ (က) ခရစ်ယာန်ဘာသာက ဘုရား၌ အနန္တတန်ခိုးတော်ရှိ၍ မတတ်နိုင်သောအရာ တစ်စုံတစ်ခု မရှိ၊ ထို့ကြောင့် လူကို ကယ်မနိုင်သည်ဟု ဆို၏။
(ခ) ဗုဒ္ဓဘာသာကလည်း အနန္တတန်ခိုးတော် ရှိသည်ဟု ဆို၏။ ဆိုပြီးလျှင် ဘုရားသည် သူတစ်ပါးကို မ-မနိုင်၊ မိမိဖို့ကိုပင် မတတ်နိုင်၍ ၀ဋ်ဆိုက်သေရသည် ဆို၏။

ဆရာတော် ရှင်းလင်းချက်
“ခရစ်ယာန်ဘာသာက ဘုရား၌ အနန္တတန်ခိုးတော်ရှိ၍ မတတ်နိုင်သောအရာ တစ်စုံတစ်ခု မရှိ” ဟူသော စကားမှာ ---
၁။ လောက၌ သေခြင်းသဘော မရှိရအောင် တတ်နိုင်ပါမည်လော။
ကမ္ဘာပေါ်တွင် ခရစ်ယာန်ဘာသာဝင်လူမျိုးတို့၏ သင်းချိုင်းသည် အနှံ့အပြားပင် ရှိလျက်ပါတကား။
၂။ မအိုရအောင် တတ်နိုင်ပါမည်လော။
ကမ္ဘာပေါ်တွင် ခရစ်ယာန်ဘာသာဝင် လူမျိုးတို့၏ ခေါင်းဖြူ စွယ်ကျိုးတွေ အနှံ့အပြားပင် ရှိလျက်ပါတကား။
၃။ နာခြင်းသဘော မရှိရအောင် တတ်နိုင်ပါမည်လော။
ကမ္ဘာမြေပေါ်တွင် ခရစ်ယာန်ဘာသာဝင် လူမျိုးတို့၏ အကျိုးတွေ အကန်းတွေ အနူတွေ အရွဲတွေ ထိုထိုရောဂါအနာ ကပ်ရောက်သူတွေ ဆရာဝန်တွေ ဆေးရုံတော်တွေ အနှံ့အပြားပင် ရှိလျက်ပါတကား။
၎။ လောက၌ မိုက်မဲသောသဘော မရှိရအောင် တတ်နိုင်ပါမည်လော။
ကမ္ဘာမြေပေါ်တွင် မိုက်မဲသောသူ သာ၍ ပေါများသည်တကား။
၅။ ခရစ်ယာန်ဘာသာကို မခံယူသူတစ်ယောက်မျှ တစ်ခဏချင်း မရှိရအောင် တတ်နိုင်ပါမည်လော။
ခရစ်ယာန်ဘာသာကို မခံယူသူ သာ၍ များသည်တကား။
၆။ ကမ္ဘာမြေပေါ်တွင် အရုပ်အဆင်း မလှသူ မရှိရအောင် တတ်နိုင်ပါမည်လော။
၇။ ဥစ္စာပစ္စည်းမွဲသူ မရှိရအောင် တတ်နိုင်ပါမည်လော။
၈။ ကမ္ဘာမြေပေါ်တွင် လူအားလုံး အညီအမျှ အသက်ရှည်ရှည်ချည်း နေရအောင် တတ်နိုင်ပါမည်လော။
၉။ ခရစ်ယာန်ဘာသာဝင် လူမျိုးတို့မှာ မွေးဖွားစနှင့် သေကြသည် မရှိပါသလော။ တစ်လတွင်သေသူ၊ တစ်နှစ်တွင်သေသူ စသည် မရှိပါသလော။
၁၀။ ကမ္ဘာမြေပေါ်၌ ရှိသမျှသော သတ္တ၀ါတွေကို ခဏချက်ချင်း နိဗ္ဗာန်ဘုံသို့ ရောက်အောင် ပြုနိုင်ပါမည်လော။
ဤသို့ စသည်ဖြင့် ကမ္ဘာမြေပေါ်တွင် မသင့်မမြတ်သော အမူအရာတွေ အနန္တရှိပါလျက် ထာဝရဘုရား မတတ်နိုင်၍ နေသောအရာတွေကို ၀န်ထောက်မင်း ဦးစောလှဖြူ မမြင်ပါသလော။
( ထာဝရဘုရား ကယ်မနိုင်သောအရာ မရှိပါတကား)

မိမိဘက်ပါအောင် ငွေနှင့်မျှားခြင်းကား ဘုရားတန်ခိုး မဟုတ်
ဘာသာတစ်ပါးက ခရစ်ယာန်ဘာသာသို့ ၀င်သောသူကို စာဖြူဆရာတို့က ကြေးငွေပေးသည်။ အစိုးရ များထံ အားထုတ်၍ ပေးသည်။ သည်အရာများကို ထာဝရဘုရား စောင်မသည်ဟု စာဖြူဆရာများ ဟောပြော လေ့ရှိသည်။
လောက၌ နဂိုက ဓားပြမဟုတ်ဘဲ နောက်မှ ဓားပြကဲ့သို့ ၀င်လာသောသူကို အပေါင်းအသင်း များခြင်းကို အလိုရှိသော ဓားပြဟောင်းတို့က ပစ္စည်းဥစ္စာ အ၀တ်ပုဆိုးပေးသည်။ သူခိုး သူခိုးချင်းလည်း ထို့အတူ၊ မုဆိုး မုဆိုးချင်း၊ တံငါ တံငါချင်း၊ သူတောင်းစား သူတောင်းစားချင်းလည်း ထို့အတူ၊ မိမိတို့ အသင်းအပင်းများခြင်းကို အလိုရှိသော သူတို့သဘောသည် မိမိတို့အလေ့အကျက်ကို ၀င်လာသောသူတို့ကို တတ်နိုင်သလောက် ချီးမြှောက် ထောက်ပံ့မြဲ လောကထုံးစံတည်း။
ဤသို့သော ထုံးစံဖြင့် များခြင်းကိုအလိုရှိသော စာဖြူဆရာတို့က စာဖြူသို့ မ၀င်သောသူတို့ကို ၀င်ချင်အောင် တတ်နိုင်သလောက် ချီးမြှောက်ထောက်ပံ့သည်ကို ထာဝရဘုရားပေးသည် ကယ်မ-သည်ဟု ပြောဟောကြခြင်း သည် ဟုတ်နိုင်ပါမည်လော ။
(အဘယ်မှာ ထာဝရဘုရား ကယ်မ နိုင်သောအရာ ရှိပါသနည်း ။)

ဂေါတမဘုရားရှင်၏ အနန္တတန်ခိုးတော်များ
ငါတို့ဘုရားသည် အနန္တတန်ခိုးတော်ရှိသည် မှန်၏၊ ကောင်းကင် မြေ မိုး ပျံလျှိုးနိုင်၏၊ အနန္တကမ္ဘာ အနန္တစကြ၀ဠာ၌ ရှိသရွေ့ကို အကုန်အစင် မြင်နိုင်၏ ၊ ယူဇနာ တစ်ရာ တစ်ထောင်က အသံကြားနိုင်၏၊ သူတစ်ပါး စိတ်ကို အကုန်သိနိုင်၏၊ ကိုယ်တော်ကို နတ်ယောင် သိကြားယောင် ဗြဟ္မာယောင် တစ်ရာ တစ်ထောင်မက ခဏချင်းဖန်ဆင်းနိုင်၏၊ ဤသို့စသည်ဖြင့် သူတကာတို့မတတ်နိုင် ဘုရားသာတတ်နိုင်သော အရာသည် အနန္တများပြား၏ ။
(ထို့ကြောင့် ငါတို့ဘုရားမှာ တန်ခိုးတော်အနန္တရှိသည် ဆိုပါသည် ။)
မအို မသေ အမြဲနေရအောင် ဘယ်ဘုရားမှ မတတ်နိုင်
ကမ္ဘာမြေပေါ်တွင်ရှိသော သတ္တ၀ါတွေကို မသေဘဲနေနိုင်အောင် မအိုဘဲနေနိုင်အောင် မနာဘဲ နေနိုင်အောင် မသေဘဲနေနိုင်အောင် စသည်ဖြင့် အထက်ကဆိုခဲ့သော အရာများကိုမူကား ဘယ်ဘုရားမှပင် မတတ်နိုင်ကြ၊ မိမိတို့ခန္ဓာကိုလည်း မအို မသေ မနာအောင် မတတ်နိုင်ကြ နိဗ္ဗာန်ဘုံသို့ ရောက်သောကာလ မှသာ တတ်နိုင်ကြသည် ။
နိဗ္ဗာန်ရောက်မှ ဒုက္ခငြိမ်းမည်
ငါတို့ဘုရားသည် နိဗ္ဗာန်ဘုံသို့ ရောက်တော်မူသော နေ့ကစ၍ မိမိကိုယ်ကိုလည်း မအို မသေ အမြဲနေရအောင် တတ်နိုင်ပါ၏ ။ နိဗ္ဗာန်ဘုံသို့ ရောက်လာသမျှသော သူအပေါင်းတို့ကို မအို မသေ အမြဲနေရအောင် တတ်နိုင်ပါ၏ ။
ဒုတိယ ရွှေချိန်ခွင် အဆို ရှင်းလင်းချက်ပြီး၏။

ကုသိုလ် နှင့် အကုသိုလ် ပွားလာမှု


                             ကုသိုလ် နှင့် အကုသိုလ် ပွားလာမှု
          ကျွန်တော်တို့ ဓမ္မမိတ်ဆွေများအကြား အငြင်းပွားလျက် မဆုံးဖြတ်နိုင်သော ပြဿနာတစ်ရပ် ရှိနေပါသည်။
          အချို့က ကုသိုလ်သည် ပြုလုပ်ပြီးသည့်နောက်တွင် ပြန်၍တွေးမိတိုင်း ကုသိုလ်စိတ်တွေတိုးကာ ပွားများလာသကဲ့သို့ အကုသိုလ်တွင် ပွားများသော အင်အားမရှိဟု ဆိုပါသည်။
          အချို့က အကုသိုလ်ပြုပြီး နောင်တ(ကုက္ကုစ္စ)ရတိုင်း စိတ်နှလုံးပူလောင်ပြီး အကုသိုလ်စိတ်တွေ ပွားများလာသည်ဟု ဆိုပါသည်။
          ပြောသူများက အကိုးအကားများနှင့် ပြောကြခြင်း ဖြစ်ပါ၏။ ကျွန်တော်တို့ကတော့ မြတ်စွာဘုရား ဟောခဲ့သည့် အမှန်တရားကို သိလိုနေပါသည်။
                                                                                      မောင်မှုးတို့အဖွဲ့
                                                                                      (ဝေယျာဝေစ္စအသင်း)
          “ကုသိုလ်သည် ပြုလုပ်ပြီးသည့်နောက်တွင် ပြန်၍တွေးမိတိုင်း ကုသိုလ်စိတ်တွေတိုးကာ ပွားများလာသကဲ့သို့ အကုသိုလ်တွင် ပွားများသော အင်အားမရှိ”- ဆိုသည်မှာ မှန်သကဲ့သို့  “အကုသိုလ်ပြုပြီး နောင်တ(ကုက္ကုစ္စ)ရတိုင်း စိတ်နှလုံးပူလောင်ပြီး အကုသိုလ်စိတ်တွေ ပွားများလာသည်” ဆိုသည်မှာလည်း မှန်ပါသည်။
          ကောင်းတာ (ကုသိုလ်) ပင်ဖြစ်စေ၊ ဆိုးတာ (အကုသိုလ်) ပင် ဖြစ်စေ ပြုလုပ်မိပြီးနောက် ပြန်၍ သတိရတတ်ပါသည်။ ထိုသို့သတိရသောအခါ ကောင်းတာ(ကုသိုလ်)ကို ပြန်တွေးမိလျှင် စိတ်ကြည်နူးပြီး ကုသိုလ်တိုးပွားသကဲ့သို့ မကောင်းတာ (အကုသိုလ်)ကို ပြန်တွေးမိလျှင် စိတ်နှလုံးပူလောင်းပြီး အကုသိုလ်များ တိုးပွားလာပါသည်။
          သို့ရာတွင် မကောင်းတာလုပ်ခဲ့မိခြင်းကို မည်သူမျှ ပြန်မစဉ်းစားချင်ပါ။ တိုက်ဆိုင်၍ သတိရမိလျှင်လည်း စိတ်ပင်ပန်းသဖြင့် လျှင်မြန်စွာ ဖျောက်ပစ်တတ်ပါသည်။ ကြာရှည်စဉ်းစားမနေတတ်ပါ။ ထို့ကြောင့် အကုသိုလ်တွင် ပြုပြီးဖြစ်ပြီးသား အကုသိုလ်ကို အကြောင်းပြု၍ နောက်ထပ်ပွားများသော အကုသိုလ်အင်အား သိပ်မရှိခြင်း ဖြစ်၏။ ကောင်းမှု့လုပ်ခဲ့ခြင်းကိုကား စဉ်းစားမိတိုင်း ကြည်နူးရသဖြင့် မကြာခဏ စဉ်းစားမိ၏၊ စဉ်းစားမိတိုင်း ကုသိုလ်တိုး၏။ အလားတူမေးခွန်းကို မိလန္ဒပဉှာတွင် အရှင်နာဂသေန ဖြေကြားဖူး၏။
(အကုသိုလ်နှင့် ကုသိုလ် အနည်းအများ ပြဿနာ)
၇။ မိလိန္ဒမင်းသည် “အရှင်ဘုရားနာဂသေန ကုသိုလ်ကောင်းမှုသည် လည်းကောင်း၊ အကုသိုလ် မကောင်းမှုသည် လည်းကောင်း အဘယ်က များပြားပါသနည်း” ဟု မေးလျှောက်၏။
မင်းမြတ် ကုသိုလ်ကောင်းမှုသည်ကား များပြား၏၊ အကုသိုလ် မကောင်းမှုသည် နည်းပါး၏ဟု (မိန့်တော်မူ၏)။
အဘယ် အကြောင်းကြောင့်ပါနည်းဟု (လျှောက်၏)။
မင်းမြတ် အကုသိုလ် မကောင်းမှု ပြုသောသူသည်ကား ငါသည် အကုသိုလ် မကောင်းမှုကံကို ပြုမိပြီဟု နှလုံးမရွှင်ခြင်းဖြစ်၏၊ ထိုသို့ စိတ်မကြည်ဖြူ နှလုံးပူသောကြောင့် အကုသိုလ် မကောင်းမှုသည် မတိုးပွါး။
မင်းမြတ် ကောင်းမှုကုသိုလ်ကို ပြုသောသူသည်ကား ပူပန်မှု မရှိ၊ ပကတိ အေးမြ စိတ်ရွှင်ပျ၏၊ စိတ်ရွှင်ပျသူအား ၀မ်းမြောက်ခြင်း ဖြစ်ပေါ်၏။ ၀မ်းမြောက်သောသူအား နှစ်သိမ့်ခြင်း ဖြစ်ပေါ်၏၊ နှစ်သိမ့်သော စိတ်ရှိသူ၏ ကိုယ်သည် ငြိမ်းအေး၏၊ ငြိမ်းအေးသော ကိုယ်ရှိသောသူသည် ချမ်းသာကို ခံစား၏၊ ချမ်းသာသော သူ၏ စိတ်သည် တည်ကြည်၏၊ တည်ကြည်သော သူသည် ဟုတ်မှန်သောအတိုင်း သိ၏၊ ထိုအကြောင်းကြောင့် ကုသိုလ်ကောင်းမှုသည် တိုးပွါး၏။ မင်းမြတ် လက်ခြေပြတ်သော ယောက်ျားသည် မြတ်စွာဘုရားအား တစ်ခုသော ကြာလက်ကြာခိုင်ကို ပေးလှူ၍ ကိုးဆယ့်တစ်ကမ္ဘာတို့ပတ်လုံး ဖရိုဖရဲ ပျက်စီးကျရောက်ရာ အပါယ်ငရဲသို့ မရောက်ရလတ္တံ့၊ မင်းမြတ် ဤအကြောင်းကြောင့်လည်း ကုသိုလ်ကောင်းမှုသည် များပြား၏၊ အကုသိုလ်မကောင်းမှုသည် နည်းပါး၏ဟု ငါဆို၏ဟု (မိန့်တော်မူ၏)။
အရှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။
“မင်းမြတ် ဥပမာသော်ကား ရေခန်းခြောက်သော သဲအားကြီးသော ကုန်းကြီးရှိသော ကောက်ကွေ့သော မြစ်၌ အထက်မှလာသော ရေအနည်းငယ်သည် ဆုတ်ယုတ်၏။ ကုန်ခန်း၏၊ မတိုးပွား။ ထိုလာရာ အရပ်၌သာ ကုန်ခန်းနေ၏။ မင်းမြတ် ဤအတူသာလျှင် အကုသိုလ်ပြုသော သူ၏ စိတ်သည် တွန့်တို၏၊ ဆုတ်၏၊ ဆုတ်နစ်၏၊ မပျံ့ပျူး၊ စိုးရိမ်၏၊ ပူပန်၏၊ အားယုတ်၏၊ အားကုန်၏၊ မတိုးပွါး၊ ထိုဖြစ်သော အခိုက်အတန့်၌သာ ကုန်ခန်း၏။”
“၁။ ဖြစ်ပြီးသော အကုသိုလ်များကို ပယ်ခြင်းငှါ ကြိုးစားခြင်း။
၂။ မဖြစ်သေးသော အကုသိုလ်များကို မဖြစ်စေခြင်းငှါ ကြိုးစားခြင်း။
၃။ မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်စေခြင်းငှါ ကြိုးစားခြင်း။
၎။ ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို တိုးပွားအောင် ကြိုးစားခြင်း-ဟု သမ္မပ္ပဓာန်တရား လေးပါးရှိရာ “ဖြစ်ပြီးသော အကုသိုလ်များကို ပယ်ဖို့ ကြိုးစားရာ၌ အမှန်တကယ် ပယ်သတ်နိုင်သည်မှာ မဂ်ကုသိုလ်ကသာ အမြစ်ပြတ် ပယ်သတ်နိုင်၏။ လောကီကုသိုလ်များကား အထိုက်အလျောက်သာ ပယ်သတ်နိုင်၏။ အထိုက်အလျောက်သာ ပယ်သတ်နိုင်သည်ဆိုသော်လည်း ကြိုးစား၍ ပယ်သတ်ပါလျှင် သာမန်အကုသိုလ်လေး များအဖို့ လျော့ပါးပျောက်ကွယ်သွားနိုင်သည်အထိ အကျိုးများနိုင်ပါသည်။
ပယ်သတ်ပုံကို သဠာယတန၀ဂ္ဂသံယုတ်ပါဠိတော် သင်္ခဓမသုတ်တော်မှာ ဟောတော်မူထားတဲ့အတိုင်း ဖော်ပြချင်ပါသည်။
အခါတစ်ပါး ဘုရားရှင် နာလန္ဒမြို့ ပါဝါရိကသူဋ္ဌေး၏ သရက်ဥယျာဉ်၌ သီတင်းသုံးတော်မူခိုက် နိဂဏ္ဌ၏ တပည့်တစ်ဦးဖြစ်သော အသိဗန္ဓက၏သား ရွာသူကြီးသည် ဘုရားရှင်ထံ ချဉ်းကပ်ပြီး သင့်လျော်သော နေရာ၌ ထိုင်နေ၏။ ဘုရားရှင်က “ရွာသူကြီး နိဂဏ္ဌနာဋပုတ္တသည် တပည့်တို့အား အဘယ်သို့ တရားဟောသနည်း” ဟု မေးတော်မူပါသည့်အခါ “အသက်ကို သတ်သူဟူသမျှသည် (မပေးသည်ကို ခိုးယူသူဟူသမျှ, ကာမတို့၌ မှားယွင်းစွာ ကျင့်သူဟူသမျှ, မမှန် ပြောသူဟူသမျှသည်) အပါယ်ကျ၏၊ ငရဲကျ၏။ (ရေများရေနိုင် မီးများမီးနိုင် ဆိုသလို) များသော ထိုထိုကံက ဆောင်သွား၏”ဟု နိဂဏ္ဌနာဋပုတ္တက တပည့်တွေကို တရားဟောသည့် အကြောင်း လျှောက်ထား၏။
ဘုရားရှင်က (နောက်ဆုံးစကားကိုကိုင်ကာ) “ရွာသူကြီး နိဂဏ္ဌနာဋပုတ္တ၏ စကားအရ များသော ထိုထိုကံက ဆောင်သွားခဲ့သော် တစ်ဦးတစ်ယောက်မျှ အပါယ်ကျသူ ငရဲကျသူဟူ၍ မဖြစ်တော့လတံ့”-ဟု မိန့်တော်မူကာ လူတစ်ဦးတစ်ယောက်အဖို့ နေ့မှဖြစ်စေ ညမှာဖြစ်စေ သတ်သောအချိန် မသတ်သောအချိန်တို့ကို တွက်စစ်ကြည့်လျှင် မသတ်သောအချိန်က ပို၍များကြောင်း ထို့ကြောင့် များသောကံကသာ ဆောင်စတမ်းဆိုလျှင် တစ်ဦးတစ်ယောက်မျှ အပါယ်ကျသူဟူ၍ ရှိတော့မည် မဟုတ်ကြောင်း ရှင်းလင်းပြတော်မူပါသည်။ (ခိုးသူ စသည် နည်းတူ)
ဆက်လက်၍ “ဤလောက၌ အချို့သောဆရာများက သူတစ်ပါးအသက် သတ်မိသူမှန်သမျှ အပါယ် ငရဲကျ၏”ဟု ဟောပြောလေ့ရှိ၏။ ထိုဆရာကို ကြည်ညိုသော တပည့်အား “အသက် သတ်သူဟူသမျှတို့သည် အပါယ်ကျ၏၊ ငရဲကျ၏ဟု ငါ၏ ဆရာသည် ဆိုလေ့ ယူလေ့ရှိ၏၊ အသက်ကို ငါ သတ်မိ၏၊ ငါသည်လည်း အပါယ်ကျသူ ငရဲကျသူ ဖြစ်၏” ဟူသော အယူမှားကို ရကြောင်း၊ ထိုစကား ထိုစိတ်ထားကို မပယ်လျှင် ထိုအယူကို မစွန့်လျှင် ထိုသူသည် အပါယ်ငရဲသို့ ကျရကြောင်း ဟောတော်မူပါသည်။
ငါဘုရား၏ တပည့်များကား မကောင်းမှု့ကို ပြုမိသည့်အခါ ဤသို့ ဆင်ခြင်၏---
“ဘဂ၀ါ ခေါ အနေကပရိယာယေန ပါဏာတိပါတံ ဂရဟတိ ၀ိဂရဟတိ၊ “ပါဏာတိပါတာ ၀ိရမထာ”တိ စာဟ။ အတ္ထိ ခေါ ပန မယာ ပါဏော အတိပါတော ယာဝတကော ၀ါ တာဝတကော ၀ါ၊ ယော ခေါ ပန မယာ ပါဏော အတိပါတော ယာဝတကော ၀ါ တာဝတကော ၀ါ၊ တံ န သုဋ္ဌု, တံ န သာဓု၊ အဟဉ္စေ၀ ခေါ ပန တပ္ပစ္စယာ ၀ိပ္ပဋိသာရီ အဿံ, န မေ တံ ပါပံ ကမ္မံ အကတံ ဘ၀ိဿတီ”တိ၊ သော ဣတိ ပဋိသင်္ခါယ တဉ္စေ၀ ပါဏာတိပါတံ ပဇဟတိ၊ အာယတိံ စ ပါဏာတိပါတော ပဋိဝိရတော ဟောတိ၊ ဧ၀မေတဿ ပါပဿ ကမ္မဿ ပဟာနံ ဟောတိ၊ ဧ၀မေတဿ ပါပဿ ကမ္မဿ သမတိက္ကမော ဟောတိ” (ဂါမဏိသံယုတ်၊ သင်္ခဓမသုတ်)
“မြတ်စွာဘုရားသည် အကြောင်း အမျိုးမျိုးဖြင့် အသက်သတ်ခြင်းကို ကဲ့ရဲ့တော်မူ၏၊ အထူး ကဲ့ရဲ့တော်မူ၏၊ “အသက် သတ်ခြင်းမှ ရှောင်ကြလော့” ဟုလည်း ဟောတော်မူ၏၊ သူ့အသက်ကို ဤ၍ဤမျှ ငါသတ်မိ၏၊ သူ့အသက်ကို ဤ၍ ဤမျှ ငါသတ်မိခြင်းသည် မကောင်း၊ သို့သော်လည်း ငါသည် ထိုအကြောင်းကြောင့် နှလုံးမသာ ဖြစ်ခဲ့ပါလျှင် ထိုမကောင်းမှုကို ငါ မပြုဟူ၍ ဖြစ်နိုင်လိမ့်မည် မဟုတ်”ဟု ထိုသူသည် ဤသို့ ဆင်ခြင်၍ ထိုအသက် သတ်ခြင်းကို စွန့်၏၊ နောင်အခါ၌လည်း အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ ဤသို့ ထိုမကောင်းမှုကို ပယ်၏၊ ဤသို့ ထိုမကောင်းမှုမှ လွန်မြောက်၏။”
အထက်ပါနည်းကို သင်္ဂြီုဟ်ဘာသာဋီကာဆရာတော်က “ဤနည်းကို မှတ်သားထိုက်၏၊ ဤကဲ့သို့ ပယ်စွန့်မှုကြောင့် ဘယ်တော့မှ အကျိုးမပေးတော့ဟု မဆိုနိုင်သော်လည်း တော်တော်နှင့်ကား အကျိုးပေးခွင့် ရမည်မဟုတ်၊ ဆက်လက်အားထုတ်သွားလျှင် အဟောသိကံပင် ဖြစ်လောက်ရာ၏” ဟု မှတ်ချက်ပြုထားပါသည်။
“ပါပ အစု၊ မကောင်းမှုဆို၊ အကုသိုလ်ကို၊ အလိုကျင့်သီး၊ ကျင့်မိပြီးလည်း၊ ပွားပြီးထပ်ကာ၊ မပြုရာရှင့်၊ ပယ်ခွာ မနှေး၊ မဖြစ်သေးကို၊ ဝေးစေအားသစ်၊ ကုသိုလ်ဖြစ်မူ၊ မဖြစ် ဖြစ်အောင်၊ ကျင့်ဆောင်ကြိုးစား၊ ဖြစ်ပြီးပွားဟု၊ လေးပါးသမ္မပ္ပဓာန်၊ လုံ့လမွန်ကို၊ အားသွန်နိစ္စ၊ မလွှတ်ရဘူး” (မဃဒေ၀-၂၆၅) ဟူသည့်အတိုင်း သမ္မပ္ပဓာန်လေးပါး ပွားများအားထုတ်ကာ အကုသိုလ်ပါး ကုသိုလ်ပွား၍ ကောင်းရာသုဂတိ နိဗ္ဗာန်ထိတိုင် ရောက်ရှိနိုင်ကြပါစေ။  
                                                                             အရှင်ကောဝိဒ (ယော)

Wednesday, 6 November 2013

လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း


==================
"အသင်္ချေ" ဆိုတာ "မရေမတွက်နိုင်အောင် များပြားသော" လို့ အဓိပ္ပါယ်ရပါတယ်။
(မရေမတွက်နိုင်ဘူးလည်း ဆိုသေးတယ်။ "လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း" လို့ ဘာလို့များ ပြောကြပါလိမ့်လို့လည်း 'အတွေးတစ်စ' ဖြစ်ခဲ့ဖူးပါတယ်။)

တစ်နည်းပြောရရင် အသင်္ချေ = '၁ နောက်' တွင် "သုညပေါင်း (၁၄ဝ) လုံး" ရှိတယ်လို့လည်း ဆိုပါတယ်။

လေးအသင်္ချေရေတွက်ပုံကတော့...


(၁) "ဒီပင်္ကရာမြတ်စွာဘုရား" ပွင့်တော်မူတဲ့ 'ဝရကမ္ဘာ' = (ဘုရား-၄ဆူ ပွင့်တဲ့ကမ္ဘာ) ကုန်ဆုံးသွားပြီးနောက် 'မရေမတွက်နိုင်အောင် များပြားတဲ့ ကမ္ဘာပေါင်းများစွာ' ဘုရားမပွင့်လို့ "သုညကမ္ဘာအသင်္ချေ" ကြာသွားပါတယ်။ အဲဒါကို 'သေလ အသင်္ချေ' လို့ ခေါ်ပါတယ်။

(၂) အဲဒီနောက် ... "ကောဏ္ဍညဘုရား" ပွင့်တော်မူတဲ့ 'သာရကမ္ဘာ' = (ဘုရားတစ်ဆူသာ ပွင့်တဲ့ကမ္ဘာ) ကုန်ဆုံးသွားပြီးနောက် သုညကမ္ဘာ အသင်္ချေ ကြာသွားပြန်ပါတယ်။ အဲဒါကို 'ဘာသ အသင်္ချေ' လို့ ခေါ်ပါတယ်။

(၃) အဲဒီနောက် ... "မင်္ဂလဘုရား၊ သုမနဘုရား၊ ရေဝတဘုရား၊ သောဘိတဘုရား" ဆိုတဲ့ 'ဘုရားလေးဆူပွင့်' တဲ့ ဝရကမ္ဘာပေါ်ထွန်း ကုန်ဆုံးပြီးနောက် သုညကမ္ဘာအသင်္ချေ ကြာသွားပြန်ပါတယ်။ အဲဒါကို 'ဇေယျအသင်္ချေ' လို့ ခေါ်ပါတယ်။

(၄) အဲဒီနောက် ... "အနောမဒဿီဘုရား၊ ပဒုမဘုရား နဲ့ နာရဒဘုရား" ဆိုတဲ့ "ဘုရားသုံးဆူပွင့်" တဲ့ 'သာရမဏ္ဍကမ္ဘာ' ပေါ်ထွန်း ကုန်ဆုံးပြီးနောက် သုညကမ္ဘာ အသင်္ချေကြာသွားပြန်ပါတယ်။ အဲဒါကို 'ရုစိယအသင်္ချေ'လို့ ခေါ်ပါတယ်။

အဲဒီလို "သေလ၊ ဘာသ၊ ဇေယျ နဲ့ ရုစိယ" လို့ခေါ်တဲ့ ကမ္တာပေါင်း 'လေးအသင်္ချေ' အတွင်းမှာ "ဘုရားပေါင်း (၁၂)ဆူ" ပွင့်သွားပါတယ်။

အဲဒီနောက် "ပဒုမုတ္တရဘုရား တစ်ဆူ" သာ ပွင့်တဲ့ သာရကမ္ဘာ ပေါ်ထွန်းပြီး..
ယခု "ဂေါတမမြတ်စွာဘုရား" ပွင့်ရာ "ဘဒ္ဒကမ္ဘာ" = (ဘုရားငါးဆူ ပွင့်တဲ့ကမ္ဘာ) ထိ "ကမ္တာပေါင်း တစ်သိန်း" ဖြစ်ပေါ်ခဲ့ပါတယ်။
အဲဒီ ကမ္တာပေါင်း တစ်သိန်းအတွင်းမှာတော့ "ဘုရားပေါင်း (၁၆)ဆူ" ပွင့်တော် မူခဲ့ပါတယ်။

ဒီလိုနဲ့... "လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း" အတွင်းမှာ "ဘုရားပေါင်း (၂၈)ဆူ" သာ ပွင့်တော်မူခဲ့ပါတယ်။

'ဘုရားပွင့်ရာ ကမ္ဘာတစ်ခု' ပေါ်ထွန်းလာပြီးနောက် 'သုညကမ္ဘာပေါင်း တမေ့တမော များစွာ' ဖြစ်ပြီးမှ 'ဘုရားပွင့်ရာ ကမ္ဘာ' တစ်ခုပေါ်။
အဲဒီနောက် တစ်ခါ သုညကမ္ဘာတွေ တမေ့တမော များစွာပြန်ဖြစ်..........

တွေးကြည့်ရတာနဲ့တင် "နက်ရှိုင်းတဲ့ အမှောင်ထုကြီးထဲမှာ ဦးတည်ရာမဲ့ အသက်လုပြီး ပြေးလွှားနေရ" သလို "မောပန်းပြီး ကြောက်စရာကောင်း" လှပါတယ်။

ဒါ့ကြောင့် ဘုရားရှင်နဲ့ "တိုက်ရိုက်မကြုံ" ပေမယ့် "ဘုရားသာသနာ" နဲ့ ဆိုက်ဆိုက်မြိုက်မြိုက် ကြုံနေခိုက်မို့ ရခဲလှတဲ့ "ဒုလ္လဘတရား" တွေနဲ့လည်း ကိုက်ညီနေတုန်း အမှောင်လမ်းက စွမ်းသလောက် "ရုန်းထွက်"၊ "အလင်းတစ်ချက်နဲ့ သံသရာမှာ ထောက်မတ်မှု" ရအောင် "အပျင်းမဖက် ၀ီရိယစွက်ရင်း ကြိုးစားကြဖို့" တိုက်တွန်း လိုက်ရပါတယ် .. ခင်ဗျာ...

Tuesday, 5 November 2013

အလှူဒါနအမျိုးမျိုး-


                   
သူတော်ကောင်းအလှူသည် ငါးမျိုးရှိ၏။

၁။ သဒ္ဓါဒါန။
၂။ သက္ကစ္စဒါန။
၃။ ကာလဒါန။
၎။ အနုဂ္ဂဟိတဒါန။
၅။ အနုပဟစ္စဒါန တို့ဖြစ်ကြသည်။

(၁) သဒ္ဓါဒါန
--------------
ကံ ကံ၏အကျိုးကို ယုံကြည်၍ အလှူခံပုဂ္ဂိုလ်တို့အား ပေးလှူခြင်းကို သဒ္ဓါဒါနဟု ခေါ်သည်။

ထိုသူသည် ဖြစ်လေရာ ဘုံဘ၀တို့၌ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။
များသော အသုံးအဆောင်ရှိ၏။
ရှုချင်စဖွယ်ရှိ၏။
စိတ်ကြည်လင်ဖွယ်ရှိ၏။
လွန်ကဲသော အဆင်းသဏ္ဍန်နှင့် ပြည့်စုံ၏။


(၂) သက္ကစ္စဒါန
-------------------
လှူဖွယ်ဝတ္ထုကို ကောင်းကောင်းမွန်မွန် သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း ပြုပြင်၍ အလှူခံပုဂ္ဂိုလ်အား ရိုသေစွာ လှူခြင်းကို သက္ကစ္စဒါနဟု ခေါ်သည်။

ထိုသူသည် ဖြစ်လေရာ ဘုံဘ၀တို့၌ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။
များသော အသုံးအဆောင်ရှိ၏။
သား၊ မယား၊ ကျေးကျွန်၊ အခြွေအရံတို့ မိမိစကားကို နားထောင်တတ်သည်။
တတ်သိနားလည်လွယ်သော ဉာဏ်ရှိသည်။

[လှူဖွယ်ဝတ္ထုကို ကောင်းမွန်စွာ မစီမံဘဲ ဖြစ်ကတတ်ဆန်း လှူသောသူသည် ဖြစ်လေရာ ဘုံဘ၀၌ ဥစ္စာစည်းစိမ် ရှိသော်လည်း သား မယား ကျေးကျွန်တို့အပေါ်၌ မိမိသြဇာ မညောင်းဖြစ်တတ်သည်။]

(၃) ကာလဒါန
-----------------
လှူဖွယ်ပစ္စည်းတို့ကို အချိန်ကာလနှင့် လျော်ညီစွာ လှူဒါန်းခြင်းကို ကာလဒါနဟု ခေါ်ဆိုသည်။

ထိုသူသည် ဖြစ်လေရာ ဘုံဘ၀တို့၌ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။
များသော အသုံးအဆောင်ရှိ၏။
အချိန်ကာလနှင့်လျော်စွာ အကျိုးတရား များစွာရနိုင်သည်။
လိုအပ်သောအချိန်၌ လိုအပ်သောပစ္စည်းကို ရတတ်သည်။

[အချိန်အခါမဟုတ်ဘဲ လှူဒါန်းသောသူသည် ဥစ္စာစည်းစိမ်ရှိသော်လည်း လိုအပ်သောအချိန်၌ လိုအပ်သောပစ္စည်းကို မရတတ်။]

(၄) အနုဂ္ဂဟိတဒါန
----------------------
အလှူခံပုဂ္ဂိုလ်အား ချီးမြောက်လို၍ လှူခြင်းကို အနုဂ္ဂဟိတဒါနဟုခေါ်သည်။

ထိုသူသည် ဖြစ်လေရာ ဘုံဘ၀တို့၌ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။
များသော အသုံးအဆောင်ရှိ၏။
ရရှိသော စည်းစိမ်ဥစ္စာအပေါ်၌ သုံးဆောင်လိုစိတ်ရှိသည်။ သုံးလည်းသုံးဆောင်သည်။

[အလှူခံအပေါ် ချီးမြှောက်လိုစိတ်မရှိဘဲ လှူသောသူသည် ဥစ္စာစည်းစိမ်ရှိသော်လည်း မွန်မြတ်သော အသုံးအဆောင်တို့ကို သုံးဆောင်လိုစိတ်မရှိ၊ မသုံးဆောင်ရဘဲလည်း ရှိတတ်သည်။ အညံ့စားတို့ကိုသာ သုံးဆောင်ရတတ်သည်။]

(၅) အနုပဟစ္စဒါန
---------------------
မိမိကိုလည်းကောင်း သူတပါးကိုလည်းကောင်း မငြိစွန်း မထိခိုက်စေဘဲ လှူခြင်းကို အနုပဟစ္စဒါနဟု ခေါ်သည်။

ထိုသူသည် ဖြစ်လေရာ ဘုံဘ၀တို့၌ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။
များသော အသုံးအဆောင်ရှိ၏။
မိမိဥစ္စာကို ရန်သူမျိုးငါးပါး မဖျက်ဆီးနိုင်။
အမွေခံ သားဆိုး သမီးဆိုးတို့ မဖျက်ဆီးနိုင်။

[မိမိနှင့် သူတပါးကို ငြိစွန်းထိခိုက်၍ လှူဒါန်းသူသည် စည်းစိမ်ဥစ္စာရှိသော်လည်း ရန်သူမျိုးငါးပါးတို့၏ နှိပ်စက်ဖျက်ဆီးခြင်းကို ခံရတတ်သည်။]

(ဆောင်ပုဒ် - သဒ္ဓါကြည်ညို၊ ရိုသေလှစွာ၊ အခါကိုသိ၊
ချီးမြှောက်ဘိလျက်၊မထိမပါး၊ ပေးလှူငြား၊
ငါးပါး သပ္ပုရိသ မြတ်ဒါန။)

တရားအားမထုတ်မီ ဆောင် ရွက် ရန်

ပုဗ္ဗကိစ္စ ခေါ် ပရိကံ (၅) ချက်။

၁။ ခန္ဓာလှူရန်။

ဤခန္ဓာကိုယ် အတ္တဘောကြီးကို အရဟံအစ ဘဂ၀ါအဆုံး ဘ၀ဂ်ချုံးမျှ ဘုန်းရှိန်ကြီးမား ဂုဏ်ကိုးပါးတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား လှူဒါန်းပါ၏အရှင်ဘုရား။ဤခန္ဓာကိုယ် အတ္တဘောကြီးကို သံသရာမှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း တရားကောင်းတို့ဖြင့် မဂ်ဆိုက်၊ ဖိုလ်ဝင် နိဗ္ဗာန်မြင်အောင် သွန်သင်ဆုံးမ ပေးတော်မူသော ဆရာသမားများအား လှူဒါန်းပါ၏ အရှင်ဘုရား။

၂။ဝန်ချတောင်းပန် ရန်။

တပည့်တော်သည် မိုက်မဲတွေဝေခဲ့သည့်အလျောက် မိဘ၊ ဆရာသမား၊ ပုဂ္ဂိုလ်သူမြတ်တို့အား ကံသုံးပါးဖြင့် ပြစ်မှားမိသည်ရှိသော် ထိုအပြစ်တို့မှ ပျောက်ပါစေခြင်းအကျိုးငှာ တောင်းပန်ဝန်ချကန်တော့ပါ၏။
(ရှိခိုးတောင်းပန် ကန်တော့ရပါမည်။)


၃။မေတ္တာပို့ရန်။

ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်၊ မြို.စောင့်နတ်၊သာသနာစောင့်နတ်များနှင့်တကွ ရှိရှိသမျှ သက်ရှိသတ္တ၀ါ တို့အား အသက်ထက်ဆုံး ဘေးမသီရန်မခ၍ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ရှိကြပါစေလို့ မေတ္တာပို့ရမှာ ဖြစ်ပါသည်။

၎။အဓိဋ္ဌာန်ပြုရန်။

ရှေးရှေးဘ၀ ယခုဘ၀ ပြုပြုသမျှ တပည့်တော်၏ ဒါန၊ သီလ၊ ဘာဝနာစသော ကုသိုလ်ကောင်းမှုတို့သည် တပည့်တော် အလိုရှိ တောင့်တအပ်သော မဂ်ဖိုလ်နိဗ္ဗာန်ကို ရခြင်း၊ ရောက်ခြင်းငှာ လျှင်မြန်စွာ ကျေးဇူးပြုပါစေဟု အဓိဋ္ဌာန် ပြုရမည် ဖြစ်ပါသည်။

၅။ မရဏံနုဿတိ ပွားများရန်။

ငါသည် ဘ၀များစွာက ခန္ဓာပျက်ကြွေ သေခဲ့ရသည့် ဘ၀တွေ များလှပေပြီ။
(ငါသည် မုချသေရမည်… အချိန်ပိုင်းသာ လိုတော့သည်… ယခုဘ၀ အသေမဦးခင် ဥာဏ်ဦးအောင် ကြိုးစားအားထုတ်ပါမည် အရှင်ဘုရား) ဟု အားထုတ်မှု အရှိန်ပြင်းထန်လာအောင် မိမိကိုယ်ကို တိုက်တွန်းရပါမည်။

Saturday, 2 November 2013

# ကဆုန်လပြည့် ဗုဒ္ဓနေ့ နှင့် အနေကဇာတင် မင်္ဂလာ

Posted on 24 May, 2013 in ဓမ္မစကား, သိဖွယ် မှတ်ဖွယ် စဉ်းစားဖွယ်

buddah
ကဆုန်လပြည့်နေ့ ဟာ အများသိကြတဲ့အတိုင်း မြတ်စွာဘုရား ဘုရားဖြစ်တော်မူတဲ့ နေ့ထူးနေ့မြတ်ကြီး တစ်နေ့ဖြစ်ပါတယ်။ ဒါတွင်ဘဲလားဆိုတော့ မကသေးပါဘူး။ ဘုရားလောင်း ဗျာဒိတ်ခံတဲ့နေ့ ၊ ဖွားမြင်တော်မူရာနေ့၊ ပရိနိဗ္ဗာန် စံဝင်တော်မူရာနေ့တွေကလည်း “ကဆုန်လပြည့်နေ့” တွေချည်းပါဘဲ။ ကဆုန်လပြည့်နေ့အကြောင်း ကျွန်တော် လင့်ခ်တစ်ခု ရှယ်ထားပါတယ်။ အဲဒီမှာ အပြည့်အစုံ ဖတ်ရှုကြပါကုန်။ 
.
ကျွန်တော် အခုပြောချင်တဲ့ အကြောင်းလေးကတော့ “ဘုရားအနေကဇာတင်” တယ်ဆိုတဲ့ အကြောင်းလေးပါ။ ခုခေတ်တော့ မသိဘူး။ ကျွန်တော်တို့ငယ်ငယ်ကတော့ ကျွန်တော်တို့အရပ်ဒေသမှာ နှစ်စဉ်နှစ်တိုင်းကဆုန်လပြည့်နေ့ရောက်ရင် (နှစ်တိုင်းမဟုတ်တောင်မှ) အိမ်က ဘုရားကို ဘုန်းကြီး ()ပါးလောက် ပင့်ပြီး အနေကဇာ” တင်ကြတဲ့အလေ့ ရှိကြတယ်။ အိမ်တိုင်းမဟုတ်ပေမယ့် အတော်များများ လုပ်လေ့ရှိကြတယ်။
နောက်ပြီး တစ်ချို့ အိမ်ထောင်ပြု ၊ အိမ်ရာတည်ထောင်ကြတဲ့ အခါ ၊ အိုးသစ်အိမ်သစ်မှာ ဘုရားဆင်းတုအသစ်ကို တည်ထားကိုးကွယ်ရာမှာလည်း အနေကဇာ တင်ပြီးမှ ကိုးကွယ်မှုကို ပြုကြပါတယ်။ အနေကဇာတင်တယ် ဆိုတာဘာလဲ ? ။ ခုခေတ်လူငယ်တွေ သိသူလည်း ရှိ/ မသိသူလည်း ရှိပေမယ်။မသိသူများအတွက် ပြန်လည် ဖောက်သည်ချပေးလိုက်ပါတယ်။ 

 ကျွန်တော်ငယ်ငယ်တုန်းက အခုလို ကဆုန်လပြည့်နေ့တစ်နေ့မှာ အိမ်ကဘုရားကို အနေကဇာ တင်မယ် ဆိုပြီး ဘုန်းကြီးတွေ သွားပင့် ၊ ဆွမ်းကပ်ဖို့ ချက်ကြပြုတ်ကြနဲ့ တစ်အိမ်လုံး အလုပ်ရှုတ်နေကြတဲ့ အချိန်ပေါ့။ အဲဒီတုန်းက ကျွန်တော့်အသက် ()နှစ် ()နှစ်လောက်ဘဲ ရှိဦးမယ်။ ကျွန်တော်က ငယ်ငယ်ကတည်းက ဉာဏ်သိပ်မကောင်း ၊ သိပ်ထက်ထက်မြက်မြက်မရှိပေမယ့် - စဉ်းစားတွေးခေါ်ရတာ ၀ါသနာ ပါတယ်။ စဉ်းစားဖို့ စကားလုံးတစ်လုံးရလာရင် တစ်နေကုန် မဆော့ဘဲ ထိုင်စဉ်းစားနေတတ်တဲ့ အကောင်မျိုး။
.
အဲဒီမှာဘဲ “အနေကဇာတင်တယ်” ဆိုတဲ့ စကားလုံးက ကျွန်တော့် ခေါင်းစားဖို့ ဖြစ်လာတော့တာဘဲ။ အနေကဇာ” တင်တယ်ဆိုတာ ဘာလဲ ? ၊ သိချင်လာတယ်။ အိမ်က လူတွေကလည်း အားလုံး အလုပ်ရှုပ်နေတော့ ဘယ်သူ့ကိုမှ မမေးသာဘူးဖြစ်နေတယ်။
.
အဲဒီမှာ အဖေ့ရဲ့ တပည့်တွေထဲက တစ်ယောက်ဖြစ်တဲ့ “ကိုတင်အေး” ဆိုတဲ့ သူတစ်ယောက်ကတော့ ကျွန်တော့ အတွက် “ငယ်နိုင်” ဖြစ်နေလို့ ဟုတ်ပြီကွဆိုပြီး သွားမေးတော့တာပေါ့။ ကိုတင်အေးကအဖေခိုင်းထားတဲ့ အလုပ်တစ်ခုကို လုပ်နေတုန်း ကျွန်တော်က သူ့နားကို ကပ်သွားပြီး အသံတိုးတိုးနဲ့ . .
ကိုတင်အေး . . ကိုတင်အေး . . အနေကဇာ တင်တယ်ဆိုတာ ဘာလုပ်တာလဲဗျ”
ကိုတင်အေး ခဏ ငြိမ်ပြီး စဉ်းစားနေတယ်။ သူ မသိလို့တော့ မဟုတ်လောက်ဘူး။ ဒါပေမယ့် ကျွန်တော့်အသက်က ()နှစ်လောက် ဆိုတော့ ကျွန်တော်နားလည်မယ့် ဖွင့်ဆိုချက်ကို စဉ်းစားနေပုံ ပေါ်ပါတယ်။ နောက်တော့ သူက ပြောချလိုက်တာက . .
ဟာကွာ . . အနေကဇာတင်တယ်ဆိုတာ . . ဘုရားကို အသက်သွင်းတာကွ” တဲ့ ၊
ဗုဒ္ဓေါ . . ကျွန်တော် စဉ်းစားကြည့်တယ်။ ဘုရားဆိုတာ ရုပ်ထုတစ်ခုဘဲ။ အသက်မရှိဘူး ဆိုတာလောက်တော့ ()နှစ်သား ကလေးတစ်ယောက်နဲ့ စဉ်းစားတတ်ပါတယ်။ ဒါပေမယ့် ဒါကို အသက်သွင်းမယ်ဆိုတော့ . . .ဘုရားက လူတွေလို အသက်ဝင်လာမှာလားပေါ့။ ဟုတ်ပါ့မလား။ ကျွန်တော် ဆက်မေးမလို့ ရှိသေးတယ် . . အဖေက “ဟေ့ကောင် . . တင်အေး ဒီကို ခဏ လာဦး” ဆိုပြီး လှမ်းအော်တာနဲ့ ကိုတင်အေးလည်း သုတ်ကနဲ ထပြေးတော့ ကျွန်တော်လည်း “ငေါင်” ကျန်ခဲ့တာပေါ့။ ဘာမှ ဆက်မတွေးတတ်အောင် ဖြစ်ပြီး ကျန်ခဲ့တယ်။
ခဏနေတော့ ဘုန်းကြီးတွေ ကြွလာပါတယ်။ ဘုရားခန်းကို ၀င်ပြီး အနေကဇာတင်ဖို့ ပြင်ဆင်ကြပါတယ်။ အသင့်လုပ်ထားတဲ့ တံခွန်၊ ကုက္ကား ၊ မုလေးပွား ၊ ပေါက်ပေါက်ပွင့် . . . စတာတွေကို ဘုန်းကြီး တစ်ပါးစီ ဝေပြီးဘုရားစင်ရှိရာဘက်ကို “ဆောင့်ကြောင့်ထိုင်” ပြီး ဘုရားစာတွေ စပြီး ရွတ်တော့တာဘဲ။ ကျွန်တော်လည်း သိချင်ဇောနဲ့ ဘုရားခန်းဒေါင့်တစ်ဒေါင့်မှာ ကပ်ထိုင်ပြီး အကဲခတ်တော့တာပေါ့။ စိတ်ထဲမှာလည်း ဘုရားဆင်းတုတော်ကနေ အသက်ဝင်လာတာကို ကြည့်ရတော့မလားဆိုပြီး “ရင်တွေတောင် တဒိတ်ဒိတ်” ခုန်နေပါတယ်။
.
ဘုန်းကြီးတွေ ဘုရားစာကို စပြီး ဆိုလိုက်တဲ့ အချိန်မှာ ပထမဆုံး ကျွန်တော်ကြားလိုက်ရတဲ့ ရွတ်ဆိုသံကတော့ “အနေကဇာတိ သံသာရံ . . ” ဆိုတဲ့ စကားပါဘဲ။ အနေကဇာ တင်တယ်ဆိုတာ အနေကဇာတိသံသာရံ ဆိုတဲ့ ဂါထာနဲ့ အသက်သွင်းတာဘဲလို့ ထင်မိလိုက်ပါတော့တယ်။
အတိုချုပ်ပြောရင် “အနေကဇာ” တင်ပြီး ဘုရားကို ဆွမ်းကပ်၊ ဘုန်းကြီးတွေ ဆွမ်းကပ် ၊ ပြီးတော့ ဘုန်းကြီးတွေပြန်ကြွတဲ့ အထိ ကျွန်တော် ဘုရားစင်နားက မခွာတော့ပါဘူး။ ဘယ်အချိန် ဘုရား အသက်ဝင် လာမလဲလို့ပေါ့။
အမေက ထမင်းစားခေါ်လို့ ထမင်းသာ စားလိုက်ရတာ . . ထမင်းက ဘယ်အပေါက်က ၀င်သွားမှန်း မသိလိုက်ပါဘူး။ စားပြီးတာနဲ့ သုတ်ကနဲ ဘုရားခန်းဆီ ထပြေးပြီး ဘုရားဆင်းတုကို အကဲခတ်နေတော့တာပေါ့။ မျက်စေ့လေးက စပွင့်လာမလား ၊ နှုတ်ခမ်းလေးဘဲ လှုပ်လာမလား ၊ လက်တော်တွေကလည်း စပြီး လှုပ်လာမလားပေါ့၊ ဘုရားစင်ရှေ့မှာ တစ်နေကုန် ငုတ်တုတ် ထိုင်စောင့်ကြည့်နေတော့တာပေါ့ဗျ။ မိုးချုပ်ပြီး ညဖက်သာ ရောက်သွားတယ် . . ဘုရားဆင်းတုကတော့ တုပ်တုပ်မှ မလှုပ်ပါဘူး။ ကျွန်တော်လည်း စိတ်ပျက်သွားပြီး ကိုတင်အေး ကို ထပ်မေးဖို့လိုက်ရှာတော့လည်း ကိုတင်အေးက ရှာမတွေ့နဲ့ နောက်ဆုံး ည အိပ်ယာဝင်ခဲ့ရတယ်။
ကျွန်တော့်စိတ် အစွဲအလန်းကြီးပုံများ ညအိပ်တော့ အိပ်မက်ထဲမှာတောင် အိမ်ကဘုရား ဆင်းတုက ကျွန်တော့်ကို ပြုံးပြတာကို မက်လိုက်သေးသဗျ။ “ဟာ . . ကိုတင်အေး ပြောတာ ဟုတ်သဟေ့ . . ဘုရား အသက်ဝင်လာပြီကွ” ဆိုပြီး ၀မ်းသာအားရ ဖြစ်နေတုန်း - နိုးလာမှ အိပ်မက်မက်နေတာကိုးဗျ။
နောက်နေ့ကျတော့လည်း ကလေးပြီပြီ ဆော့ဖို့ ကစားဖို့နဲ့ တခြားစိတ်ဝင်စားစရာ ကိစ္စတွေပေါ်လာတော့လည်း ဒီကိစ္စကို မေ့သွားတော့တာပါဘဲဗျာ။
နောက် ကျွန်တော် အသက်(၂၀)ကျော်လာလို့ ဗုဒ္ဓစာပေတွေ စပြီးဖတ်ရတော့တဲ့ အချိန်ကျမှ “အနေကဇာ” တင်တယ်ဆိုတဲ့ အဓိပ္ပါယ်ကို ဂဃနဏ သိလာပါတော့တယ်။ ဒီတော့မှ “ကိုတင်အေး” ပြောခဲ့တဲ့ “ဘုရားကို အသက်သွင်းတယ်” ဆိုတာ ကလေးနားလည်လွယ်အောင် ပြောလိုက်မှန်း သိရပါတော့တယ်။ အခုလည်းကျွန်တော့်အလှည့် ပြန်ရောက်လာပြီ။ ခုခေတ်လူငယ်တွေ နားလည်လွယ်အောင် ၊ အဓိပ္ပါယ်လည်း မချွတ်ချော်အောင် “အနေကဇာတင်တယ်” ဆိုတဲ့ စကားလေးကို ပြန်ပြီး ရှင်းပြ ရတော့မယ်လေ။ ကျွန်တော်တို့ အတိတ်ကို ပြန်သွားကြည့်ကြရအောင် ။
——————————————————————————————————-
ကျွန်တော်စိတ်ထဲမှာ ကြည်ကြည်နူးနူးနဲ့ ပြန်တွေးမိတယ်
ရှေးလွန်ခဲ့ပြီးသော နှစ်ပေါင်း (၂၅၀၀)ကျော် - ကဆုန်လပြည့်နေ့ရဲ့ ညတစ်ညမှာပေါ့။ မိုးတိမ်ကင်းစင်တဲ့ ကောင်းကင်ပြင်ကြီးမှာလည်း လပြည့်ဝန်းကြီးဟာကြယ်ပေါင်းစုံ ၀န်းရံခလို့ ထွန်းလင်းတောက်ပနေလေရဲ့။ ဒီလို သာယာလှပ ကြယ်ပေါင်းခတဲ့ ကဆုန်လပြည့်ညချမ်း တစ်ခုမှာ “မဇ္ဈိမဒေသ” ရဲ့ တောအုပ်တစ်ခုမှာရှိတဲ့ ဗောဓိပင်ပျိုအောက်မှာ အလွန်လှပ တင့်တယ်ခန့်ညားတဲ့ ရဟန်းပျိုတစ်ပါးဟာ မြက်ကဗ္ဗလာ အခင်းပြင်ပေါ်မှာ အေးချမ်းတိတ်ဆိတ်စွာ တရားရှုမှတ်နေလေရဲ့
သူဟာ သာမန်အညတြပုဂ္ဂိုလ်တစ်ဦးတော့ မဟုတ်ပေဘူး။ သူဟာ တိုင်းပြည်တစ်ပြည်ရဲ့ အိမ်ရှေ့မင်းသား တစ်ဦးဖြစ်ပြီး မကြာမှီ ရှင်ဘုရင်တစ်ပါး ဖြစ်လာမယ့် ပုဂ္ဂိုလ်လည်းဖြစ်တယ်။ သူ့မှာ အလွန်ပြည့်စုံတဲ့ လောကီစည်းစိမ်တွေလည်း ရှိသူဖြစ်တယ်။ အလွန်မြတ်နိုး မွေ့လျော်ဖွယ်ကောင်းတဲ့ ချစ်ဇနီးတစ်ဦးလည်း ရှိသူဖြစ်တယ်။ များပြားလှတဲ့ အချွေအရံအသင်းအပင်းတွေ ၊ မောင်းမမိဿံ တွေလည်း ရှိသူဖြစ်တယ်။ သူနဲ့တစ်နေ့တည်း မွေးဖွားလာတဲ့ (၀မ်းကွဲ) ညီတော်/ညီမတော်ပေါင်း မြောက်များစွာ ရှိသူလည်းဖြစ်တယ်။ ညီတော်/ညီမတော် အားလုံးရဲ့ ချစ်ကြောက်ရိုသေခန့်ညားမှုကိုလည်း ရရှိထားသူဖြစ်တယ်။
သူဟာ “စင်္ကြာဝတေးမင်း” လို့ ခေါ်တဲ့ “တိုင်းနိုင်ငံအားလုံးမှာ ရှိတဲ့ - မင်း, အားလုံးတို့ရဲ့ ရှင်ဘုရင်” အဖြစ်ကို ရရှိမည့်သူလို့လည်း ပုဏ္ဏားတော်တွေရဲ့ နိမိတ်ဖတ်ခြင်း ခံထားရသူလည်းဖြစ်တယ်။ သူဟာ ဖခင်ဖြစ်သူ သုဒ္ဓေါဓနမင်းကြီးရဲ့ မျှော်လင့်ခြင်း အိပ်မက်လည်းဖြစ်တယ်။ သုဒ္ဓေါဓနမင်းကြီးဟာ သူ့သားတော်ရဲ့ စင်္ကြာဝတေးမင်း” အဖြစ်ကို မြင်တွေ့လိုတဲ့ အာသီသတွေနဲ့ ဆာလောင်မွတ်သိပ်နေရရှာသူလည်းဖြစ်တယ်။
ဒါပေမယ့် “သိဒ္ဓတ္တ” လို့ခေါ်တဲ့ မင်းသားငယ်ကတော့ ဒီလောကီစည်းစိမ်တွေကို ငြီးငွေ့မုန်းတီးစ, ပြုနေပါပြီ။ သူဟာ “မွေးဖွားခြင်း နဲ့ သေဆုံးခြင်း” ဆိုတဲ့ ကာလတိုတိုလေးအတွင်းမှာ “ အမှန်တရားဆိုတာ ဘာလဲ”ဆိုတာကိုသာ ရှာဖွေသိချင်စိတ် ပြင်းပြလို့သာ နေပါတော့တယ်။ လူတွေ မှန်တယ်ထင်နေတဲ့ အရာအားလုံးဟာ မှားယွင်းနေကြတယ်ဆိုတာတော့ သူသိတယ်။ ဒါပေမယ့် ဘာက အမှန်တရားလည်း ဆိုတာကိုတော့ သူ မသိနိုင်ဘူး ဖြစ်နေတယ်။
.
နောက်ဆုံးတော့ သူဟာ လောကကြီးရဲ့ အမှန်တရားကို သိဖို့အတွက် သူဟာ ဆရာရှာဖို့ သူဆုံးဖြတ်လိုက်တယ်။ သူဒီလို ဆုံးဖြတ်ချက် ချလိုက်တဲ့ နေ့မှာဘဲ သူ့အတွက် အလွန်ခက်ခဲတဲ့ ကိစ္စတစ်ခုပေါ်ပေါက်လာပါတယ်။ အဲဒါကတော့ သူ့ရဲ့ ရှုမငြီးတဲ့ ကြင်ယာတော်ဖြစ်သူဟာ သားတော်လေးတစ်ပါး ဖွားမြင်ကြောင်း သတင်းရောက်ရှိလို့လာပါတယ်။ ရုတ်တရက်တော့ သူဟာ တွေဝေသွားခဲ့ပေမယ့် ဒီကိစ္စဟာ သူ့ကို “အမှန်တရား” ရှာထွက်ဖို့ မြန်မြန် ဆော်သြလိုက်သလိုပါဘဲ။ ကြာလာရင် သားကလေးအပေါ်သံယောဇဉ်တွေ များသည်ထက် များလာရင် ခက်ရတော့မယ်လေ။
.
ဒါကြောင့် သားတော်လေးဖွားမြင်တဲ့နေ့ရဲ့ညဖက်မှာဘဲ သူဟာ ရွှေနန်းတော်ကြီးကို စွန့်ခွာဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။ သူဟာနောက်ဆုံးကြည့်ခြင်းအနေနဲ့ မိဖုရားဖြစ်သူရဲ့ နန်းတော်ကို ညဖက်မှာ တိတ်တဆိတ်သွားရောက်ပြီး ချစ်ဇနီး နဲ့သားတော်လေးရဲ့ အပြစ်ကင်းစွာ အိပ်ပျော်နေခြင်းကို နောက်ဆုံးအနေနဲ့ ကြည့်ရှုသွားခဲ့ပါတယ်။ ဒီအချိန်မှာသာမန်ပုထုဇဉ်မျှသာ ရှိသေးတဲ့ သိဒ္ဓတ္တရဲ့ အသည်းနှလုံးတွေဟာ ကြေကွဲပျက်သုန်းလုမတတ် ဖြစ်ခဲ့ရချိန်လည်း ဖြစ်ပါလိမ့်မယ်။
သိပ်မကြာခင်မှာဘဲ တိတ်ဆိတ်လှတဲ့ ညဥ့်နက်နက်မှာ အသက်(၂၉)နှစ်သာ ရှိသေးတဲ့ မင်းသားငယ်ဟာ ဖွားဖက်တော် ကျွန်ယုံ “မောင်ဆန်” နဲ့ အတူတစ်ကွ ရွှေနန်းတော်ကြီးနဲ့ စိမ်းစည်ဥစ္စာအားလုံးကို ကျောခိုင်းထွက်ခွာခဲ့ကြပါတော့တယ်။ ခရီးမိုင်ပေါင်းများစွာ မြင်းစီးထွက်ခွာလာခဲ့ပြီး “အနော်မာ” လို့ခေါ်တဲ့ တိုးတိတ်ညင်သာစွာ စီးဆင်းနေတဲ့ မြစ်ကလေးတစ်စင်းရဲ့ သောင်ကမ်းပါးအရောက်မှာတော့ “သိဒ္ဓတ္တ” ဟာသူရဲ့ ဆံတော်တွေ၊ မင်းဝတ်တန်းဆာတွေ အားလုံးကို စွန့်ပယ်ပြီး တစ်ကိုယ်တည်း တောအရပ်ကို ၀င်ရောက်ခဲ့ပါတော့တယ်။
အဲဒီနောက်မှာတော့ အမှန်တရားကို ရှာဖွေလိုတဲ့ “ရဟန်းငယ်” တစ်ပါးဟာ တစ်တောဝင် တစ်တောင်ထွက်နဲ့ဆရာအရှာထွက်ခဲ့ရာမှာ တစ်ခုသော တောအုပ်အရပ်မှာ “အာဠာရ” နဲ့ “ဥဒက” လို့ခေါ်တဲ့ ရသေ့နှစ်ပါးကို တွေ့ပါတော့တယ်။ သူတို့ထံမှာတလှည့်စီ တပည့်ခံပြီး ကျင့်ကြံအားထုတ်ပါတော့တယ်။ ဒါပေမယ့် သူရှာနေတဲ့ အမှန်တရားကိုတော့ မတွေ့ရပါဘူး။
နောက်တော့ သူဟာ နှလုံးမွေ့လျော်ဖွယ်ကောင်းတဲ့ “ဥရုဝေလ” ခေါ်တဲ့ တောအုပ်ကလေးကို တွေ့တော့ ဒီအရပ်မှာဘဲ အမှန်တရားကို တွေ့အောင် ရှာတော့အံ့လို့ အကြံဖြစ်ပြီး အင်မတန်ပြင်းထန်လှတဲ့  ဒုက္ကရစရိယာ” လို့ခေါ်တဲ့ အကျင့်ကို ကျင့်ပြီး အမှန်တရားကို ဆက်ပြီး ရှာပါတယ်။ ဒီလို ပြင်းပြင်းထန်ထန် ကျင့်ကြံရင်းနဲ့ ()နှစ်ဆိုတဲ့ အချိန်ကာလကို လွန်မြောက်သွားခဲ့ပါတယ်။ ဒါပေမယ့် “သူ” အမှန်တရားကို မတွေ့ရသေးပါဘူး။
()နှစ်လောက် ပြင်းထန်တဲ့ အကျင့်တွေကို ကျင့်သော်ငြားလည်း အမှန်တရားကို မတွေ့နိုင်သေးတဲ့ “သိဒ္ဓတ္တ”ဟာ ကိုယ့်ကိုယ်ကို ပြန်လည် သုံးသပ်ရပါတော့တယ်။ နောက်ဆုံးတော့ သူဟာ “အမှန်တရား” ကို ရှာဖွေတဲ့နေရာမှာ “လွန်ကဲသော ဆန္ဒ နဲ့ ခန္ဓာကိုယ်ကို ညှင်းဆဲသော အကျင့်” များဟာ မှားယွင်းကြောင်း သိမြင်လာပါတယ်။ “အလယ်အလတ် မျှတသော ဆန္ဒ နဲ့ ၀ီရိယ” တို့ကို ချိန်ညှိပြီး “မဇ္ဈိမလမ်းစဉ်” နဲ့သာအမှန်တရားကို ရှာဖွေလို့ရမှာဖြစ်ကြောင်း သူနားလည်သွားခဲ့ပါတယ်။
ဒီလို နားလည်သွားတဲ့နောက်မှာ သူဟာ အရိုးပြိုင်းပြိုင်းထပြီး ယိမ်းယိုင်ပြိုလဲလုလု ဖြစ်နေတဲ့ သူ့ခန္ဓာကို ပြန်ပြီး အားမွေးရပါတော့တယ်။ အစာငတ်၊ ရေငတ် နဲ့ ကျင့်ရတဲ့ ကျင့်စဉ်တွေကို စွန့်လွှတ်လိုက်ပြီးအစာအဟာရတွေကို ပြန်လည်သုံးဆောင်လိုက်တဲ့ အချိန်မှာ သူ့အနားမှာ ၀တ်ကြီးဝတ်ငယ်ပြုစုနေတဲ့ “ပဉ္စ၀ဂ္ဂီ ()ဦး” ခေါ်တဲ့ အခြံအရံ()ဦးဟာ “သိဒ္ဓတ္တ” မင်းသား အကျင့်ဖောက်လေပြီ . . ဘုရားမဖြစ်တော့ပြီဟုအထင်လွဲကာ သူ့ကို စွန့်ခွာ သွားကြပါတော့တယ်။
ဒီဖြစ်ရပ်အတွက် သိဒ္ဓတ္တအဖို့ ထူးပြီး တုန်လှုပ်စရာ မရှိပါဘူး။ သူဟာ အရာအားလုံးကို စွန့်ပစ်ပြီးခဲ့ပါပြီ။စွန့်လွှတ်ခြင်းဟာ သူ့အတွက် မတုန်လှုပ်နိုင်သလို စွန့်ပယ်ခံရခြင်းဟာလည်း သူ့အဖို့ တုန်လှုပ်စရာမရှိတော့ပါဘူး။ သူဟာ ဆက်ပြီး အားမွေးပါတယ်။ ကိုယ်ခန္ဓာ အားအင်ပြည့်ဖြိုးလာချိန်မှာတော့ သူဟာဥရုဝေဠ” တောအုပ်ကလေးကို စွန့်ခွာပြီး (အတိတ်ပါရမီရဲ့ လမ်းညွှန်မှုနဲ့) သူမွေးဖွားတဲ့ နေ့မှာဘဲအပင်ပေါက်လာခဲ့တဲ့ (ဖွားဘက်တော်)“ဗောဓိပင်ပျို” လေးရှိရာအရပ်ဆီကို ထွက်ခွာလာခဲ့ပါတယ်။
ဒီ ဗောဓိပင်ပျိုလေး ပေါက်ရောက်ရာ အရပ်ဒေသဟာ သာမန်ညောင်ည အရပ်တစ်ခုတော့ မဟုတ်ပေဘူး။ ဒီနေရာဟာ “မဇ္ဈိမ” ဒေသရဲ့ အလယ်ဗဟို တည့်တည့်အရပ်လည်းဖြစ်တယ်။ ရှေးယခင့်ယခင် ဘုရား()ဆူပွင့်တော်မူရာ “တစ်ထပ်တည်းကျတဲ့” နေရာလည်းဖြစ်တယ်။ တုနှိုင်းမယှဉ်သာသော မြင့်မြတ်မှုအပေါင်း ခညောင်းရာ နေရာဌာန ဖြစ်ပေတယ်။ “မဇ္ဈိမဒေသ” ရဲ့ “ဗဟိုချက်မဏ္ဍိုင်” နေရာလည်း ဖြစ်ပေတယ်။ဒီနေရာမှာဘဲ ဘုရားအလောင်းတော်ဟာ “မဇ္ဈိမ” အကျင့်နဲ့ မကြာခင် ဘုရားအဖြစ်ကို ရောက်ရတော့မယ်။ အဲဒီနေ့ဟာ ကဆုန်လပြည့်နေ့ဘဲ ဖြစ်ပါတော့တယ်
အခုလို ကဆုန်လပြည့်နေ့ရဲ့ ညချမ်းချိန်ခါလေးမှာ ဗုဒ္ဓအလောင်းတော်ဟာ “မဟာဗောဓိပင်ပျို” ရဲ့အောက်မှာ အရှေ့အရပ်ကို မျက်နှာမူကာ “သောတ္တိယ” မြက်ထမ်းသမားထံမှ အလှူခံရအပ်သော မြက်အခင်းကဗ္ဗလာကို ထိုင်စရာအမှတ်ပြုပြီး “အာနာပါန” ကမ္မဌာန်းဘာဝနာကို စတင် စီးဖြန်းပါတော့တယ်။
တက်သစ်စ လပြည့်ဝန်းကြီးဟာ အရှေ့အရပ်ကနေ တရိပ်ရိပ် တက်လာချိန် ၊ ကြယ်ပေါင်းစုံ ၀န်းရံခလို့ အေးမြတဲ့လေညင်းကလည်း တသုန်သုန်နဲ့ တိုက်ခတ်နေပါတယ်။ ကမ္ဘာလောကကြီးတစ်ခုလုံးဟာ မကြာမှီ အချိန်ပိုင်းအတွင်း  “ဗုဒ္ဓ” လို့ခေါ်တဲ့ အနှိုင်းမဲ့ မဟာလူသားတစ်ဦး ဖြစ်ထွန်း ပေါ်ပေါက်လာတော့မှာကို သိနေသကဲ့သို့ . .  အတုမရှိ ငြိမ်းချမ်းသာယာမှုအပေါင်းနဲ့ ပြည့်စုံနေပါတော့တယ်။
ဒီအချိန်မှာဘဲ အလောင်းတော်ဟာ ခန္ဓမာန် , မစ္စုမာန် , ကိလေသမာန် , အဘိသင်္ခါရမာန် , ဒေ၀ပုတ္တမာန် . . တည်းဟူသော “မာန်()ပါး” ကို အောင်မြင်တော်မူလျှက် ညဉ့်ဦးယံ အချိန်တွင် “ပုဗ္ဗေနိဝါသဉာဏ်” ၊ သန်းခေါင်ယံတွင် “ဒိဗ္ဗစက္ခုဉာဏ်” ၊ မိုးသောက်ယံတွင် “သဗ္ဗညုတဉာဏ်” တို့ကို ရရှိလျှက် လူတွင် စင်စစ် “ဗုဒ္ဓဘုရားအဖြစ်” သို့ ရောက်တော်မူခဲ့ပါတယ်။
အဲဒီနှစ်ကတော့ မဟာသက္ကရာဇ် (၁၀၃)ခုနှစ် ၊ ရက်ကား ကဆုန်လပြည့်နေ့ ၊ နေ့ကား ဗုဒ္ဓဟူးနေ့ဖြစ်ပြီး စန်းသည် ၀ိသာခါနက္ခတ်နှင့် စန်းယှဉ်နေသော အခါပင် ဖြစ်ပါတော့တယ်။
ဒီလို ဘုရားအဖြစ်ကို ရတော်မူ , ရောက်တော်မူပြီ ဆိုတာနဲ့ ဗုဒ္ဓဘုရားရှင်ဟာ အောက်ပါ ဂါထာကို ကျူးရင့်တော် မူပါတော့တယ်။ အဲဒီဂါထာကတော့ -
အနေကဇာတိ သံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ၊
ဂဟကာရံ ဂဝေသန္တော၊ ဒုက္ခာဇာတိ ပုနပ္ပုနံ။
ဂဟကရက ဒိဋ္ဌောသိ ၊ ပုန ဂေဟံ နကာဟသိ၊
သဗ္ဗာတေ ဖာသုကာ ဘဂ္ဂါ၊ ဂဟကူဋံ ၀ိသင်္ခတံ။
ဝိသင်္ခါရဂတံ စိတ္တံ ၊ တဏှာနံ ခယမဇ္ဈဂါ”
အဓိပ္ပါယ်ကတော့ “ဟယ် - တဏှာယောင်္ကျား လက်သမား ၊ အကျွန်ုပ်သည် သင်၏ ခန္ဓာအိမ်ဆောက်ခြင်းကိုသံသရာတလျှောက်လုံး (မသိဆိုးဝါးစွာ) အကြိမ်ကြိမ် ခံခဲ့ရပေပြီ။ ယခုမူ ငါသည် သင့်အား မဂ်လေးတန် ပုဆိန်လက်နက်ဖြင့် ခုတ်ဖြတ်သုတ်သင်နိုင်ပြီဖြစ်၍ ငါအား သင်၏ ခန္ဓာအိမ်ဆောက်ခြင်းအမှုကို မပြုစေနိုင်တော့ပြီ။ ငါသည်ကား တဏှာအပေါင်းတို့၏ လွတ်ကင်းရာ ၊ သေခြင်းကင်းရာ ပြုပြင်စီရင်ခံရခြင်းကင်းရာ “အမတ” နိဗ္ဗာန်သို့ဆိုက်ရောက်လေပြီ” ဟု ဆိုလိုပါတယ်။
ဒါကြောင့်မို့ ဘုရား အနေကဇာ တင်တယ်ဆိုတာ ဗုဒ္ဓဘုရားအလောင်းတော် ဘုရားအဖြစ်သို့ရောက်တော်မူသည့် အခါ ၀မ်းမြောက်ဝမ်းသာ ကျူးရင့်တဲ့ဂါထာကို “ဘုရားဖြစ်ပြီ” ဟူသည့်အထိမ်းအမှတ်အနေဖြင့် ပြန်လည် ရွတ်ဆိုကြခြင်း ဖြစ်ပါတယ်။ “အနေကဇာတိ သံသာရံ . . ဆိုတဲ့ စကားအစ စာလုံးကို ယူပြီး “အနေကဇာ” တင်တယ်ဆိုပြီး သုံးနှုံးကြတာဖြစ်ပါတယ်
ဒါကို “ဗုဒ္ဓဘိသေက မင်္ဂလာ” လို့ လည်း ခေါ်ကြပါတယ်။ ကျွန်တော်ငယ်ငယ်က နားလည်ခဲ့သလို ဘုရားကိုအသက်သွင်းခြင်း မဟုတ်။ သိဒ္ဓိမြှောက်ခြင်း၊ တင်ခြင်းလည်း မဟုတ်ပါ။ တန်ခိုးဣဒ္ဓိပါတ် ထည့်ပေးခြင်းလည်း မဟုတ်ပါ။
ကျွန်တော်တို့တစ်တွေ လွတ်လပ်ရေးနေ့မှာ ကမ္ဘာမကြေ သီချင်း သီဆိုကြသလို ၊ အာဇာနည်နေ့ရောက်ရင် ဗိုလ်ချုပ်သီချင်းတွေဆိုကြသလိုပါဘဲ။ အထိမ်းအမှတ်အနေနဲ့ ရွတ်ဆိုပူဇော်ကြခြင်းသာ ဖြစ်ပါတယ်။ အချို့က ဘုရားဆင်းတုတော်တွေကို “အနေကဇာ” မတင်ရသေးရင် ကိုးကွယ်လို့ မရသေးသလိုလို ၊ ဘုရားအဖြစ်မရောက်သေးသလိုလို ထင်မြင်နေကြပါတယ်။ မဟုတ်ပါ။ အဓိကက ပုံတော်ကို ကိုးကွယ်ရမှာ မဟုတ်ဘဲ ၊  ဉာဏ်တော်ကို ကိုးကွယ်ရမှာ ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဟာ ဘာသာခြားတစ်ချို့ ထင်မြင်ယူဆနေသလို ရုပ်ထု ကိုးကွယ်သည့် ဘာသာမဟုတ်ပါ။ ဗုဒ္ဓဆိုသည်မှာ လူသားအားလုံး၏ ကျေးဇူးရှင် ၊ သံသရာထွက်လမ်းကို ညွှန်ပြသည့် အနေဖြင့် မိမိအိမ်မှာ ရုပ်ပုံ၊ ရုပ်ထု ထားရှိပြီး နေ့စဉ် ရိုသေလေးစားသမှု ပြုနေခြင်းသာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကို ချစ်တော့ ဗိုလ်ချုပ် ရုပ်ပုံတွေ၊ ဒေါ်စုကို ချစ်တော့ ဒေါ်စုပုံတွေ မိမိအိမ်မှာ ထားရှိချိတ်ဆွဲ ထားသလိုပါဘဲ။ တကယ့် ဗုဒ္ဓရဲ့ အယူဝါဒအစစ်က ဗုဒ္ဓအဆုံးအမအတိုင်း ကျင့်ကြံခြင်းသား အဓိကကျပါတယ်။
ဒီလိုဆိုရင် ဗုဒ္ဓပုံတော်များကို နေအိမ်မှာ ထားရှိခြင်း ၊ အနေကဇာတင်ခြင်းများဟာ အရေးမကြီးဘူးလို့တော့ (လုံးဝ) မဆိုလိုပါ။ အရေးကြီး ပါတယ်။ အရေးပါ ပါတယ်။
ဗုဒ္ဓဘာသာမှာ “သဒ္ဓါ” ဆိုတာ အင်မတန်အရေးကြီးပါတယ်။ ဗုဒ္ဓပုံတော်/ရုပ်ထုများအား နေ့စဉ်ရှိခိုးခြင်း ၊ ဆွမ်းကွမ်းကပ်လှူခြင်းများဟာ “သဒ္ဓါ” အားကို တိုးပွားစေပါတယ်။ “သဒ္ဓါ” အားကြီးမှ “ဘာဝနာ” အားကြီးပါမယ်“ပုဂ္ဂိုလ်ခင်မှ တရားမင်တယ်” ဆိုတဲ့ စကားလိုပါဘဲ။ “ဘုရား” အပေါ် ကြည်ညိုသဒ္ဓါတရား အားနည်းနေချိန်မှာ “တရား” ကိုလည်း စိတ်ပါလက်ပါ လုပ်ချင်စိတ် မရှိတတ်ပါ။
ဒါကြောင့် နှစ်စဉ် ကဆုန်လပြည့်နေ့ ရောက်တိုင်း ဗုဒ္ဓကို အောက်မေ့တသ သတိရတဲ့ အနေနဲ့ “အနေကဇာ” တင်မြှောက်ပေး တာဟာလည်း ကိုယ့်ရဲ့ သဒ္ဓါအားကို ဖြည့်ဆည်းပေးနေတာဖြစ်ပါတယ်။ ဘုရားကိုယ်တိုင်ဘုရားအဖြစ်ကို ရောက်တော်မူတဲ့ အချိန်မှာ ကျူးရင့်ခဲ့တဲ့ ဂါထာကို ပြန်လည် ရွတ်ဆိုခြင်းဖြင့် မိမိကိုယ်မှာ အတိုင်းမသိတဲ့ “ပီတိ” “ပဿတိ” နဲ့ “သဒ္ဓါ” တရားများ တိုးပွားရင့်ကျက်စေနိုင်ပါတယ်။
ကျွန်တော်ကတော့ ဘုရားကို မရှိခိုးရင်လည်း အရှင်းပါ။ ရှိခိုးပြီ ဆိုရင်တော့ “သြကာသ” နဲ့ ရှိခိုးလေ့မရှိပါဘူး။
() အနေကဇာတိ သံသာရံ . . . အစချီတဲ့ ဥဒါန်း ဂါထာ
() ‘‘အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရာ’’စသော ပဋိစ္စသမုပ္ပါဒ အပြန်အလှန်
() ‘‘ယထာ ဟဝေ ပါတုဘ၀န္တိ’’ သုံးဂါထာ။
() ‘‘ဟေတုပစ္စယော’’ စသော ပဌာန်း ၂၄ ပစ္စည်း ဥဒ္ဒေသ
() “ဘုရား ဂုဏ်တော် ()ပါး
() ‘‘ ဇယန္တော ဗောဓိယာ မူလေ’’ စသော ပုဗ္ဗဏှသုတ် အဆုံးသတ်နဲ့ ကျကျနန ရှိခိုးပြီး သဒ္ဓါတရား ပွားများပြီး ရှိခိုးလေ့ရှိပါတယ်။ နေ့တိုင်းတော့ မရှိခိုးဖြစ်ပါဘူး။
ဒါကတော့ ကဆုန်ကပြည့် ဗုဒ္ဓနေ့မှာ “အနေကဇာတင်ခြင်း” နှင့် ပတ်သက်ပြီး ဗဟုသုတဖြစ်ဖွယ် ဆောင်းပါးလေးတစ်ခုပါ။
.
အောက်မှာ “တိပိဋက မင်းကွန်းဆရာတော်- ဦးဝိစိတ္တသာရာဘိဝံသ” ရဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့ ရှင်းပြချက် နဲ့အနေကဇာတင် ဂါထာ MP3 ကို တင်ပေးထားပါတယ်။ အောက်က Link အတိုင်း သွားပြီး Download ယူနိုင်ပါတယ်။ Down ပြီး ဖွင့်ကြည့် နာကြားကြည့်ပါ။ အလွန် ကျက်သရေ မင်္ဂလာ ရှိသော ဆရာတော်ဦးဝိစိတ္တ” ရဲ့ အသံတော်နဲ့ နာကြားရပါလိမ့်မယ်။ မိမိရဲ့ အိမ်မှာ နံနက်တိုင်းဖွင့်ပေးရင် အလွန်ကျက်သရေ မင်္ဂလာနှင့် ပြည့်စုံပါလိမ့်မယ်။
ကော်နက်ရှင် ကောင်းရင်တော့ ပထမ Link မှာ ဒေါင်းပါ။
ကော်နက်ရှင် သိပ်မကောင်းရင် ဒုတိယ Link မှာ ဒေါင်းပါ။

ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်း တရားစစ်တရားမှန် တွေ့နိုင်ကြပါစေသတည်း။
.
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)

Gold price estimated