Video

Friday, 31 January 2014

မိမိထံ ကောင်းသောနက္ခတ်ရောက်စေပြီး အနာကင်း ချမ်းသာခြင်းသို့ ရောက်စေသော ဂါထာတော်

ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် ကောင်းသောနက္ခတ်,ကောင်းသောအကျိုးစီးပွားများ မိမိ၏အထံသို့ ရောက်ရှိစေသော ပရိတ်တရားတော်မြတ်များကို ဟောကြားတော်မူခဲ့လေသည်။ ထိုပရိတ်တော်တို့ကို ရှေးဆရာတော်ကြီးများမှ သူ့အချိန်ခါနှင့်သူ ရွတ်ဖတ်နိုင်ကြစေရန် ယှဉ်တွဲစီစဉ်ပေးတော်မူခဲ့ပါသည်။ အစီအစဉ်တကျ ရွတ်ဖတ်ပုံမှာ---


၁။ မင်္ဂလသုတ်=အလှူမင်္ဂလာ, အိမ်တက်မင်္ဂလာ, စသည့် မင်္ဂလာနှင့်စပ်သောအခါ၌ ရွတ်ဖတ်ရမည်။
၂။ ရတနသုတ်=ကပ်သုံးပါး ဆိုက်ရောက်သောအခါနှင့် အိမ်၌ စီးပွားဥစ္စာ တိုးတက်စေရန်အတွက် ရွတ်ဖတ်ရမည်။
၃။ မေတ္တသုတ်=အချင်းချင်း မညီညွတ်သည့်အခါ  နတ်တို့ခြောက်လှန့်သောအခါ သူတပါးရန်ငြှိုးဖွဲ့သောအခါတို့၌ ရွတ်ဖတ်ရမည်။
၎။ ခန္ဓသုတ်=မြွေ၊ ကင်း၊ သန်း၊ စသော ဘေးအန္တရာယ်ရှိသောအခါ ရွတ်ဖတ်ရမည်။
၅။ မောရသုတ်=အနှောင်အဖွဲ့ အဖမ်းအဆီးခံရသောအခါ ရွတ်ဖတ်ရမည်။
၆။ ဝဋ္ဋသုတ်=မီးဘေးအန္တရာယ်ရှိသောအခါ၌ ရွတ်ဖတ်ရမည်။
၇။ ဓဇဂ္ဂသုတ်=စစ်ဖြစ်ပြီး ကြောက်မက်ဖွယ်ဖြစ်သောအခါ၌ ရွတ်ဖတ်ရမည်။
၈။ အာဋာနာဋိယသုတ်=ဘီလူး, သရဲ, စသည်တို့ နှိပ်စက်ဖမ်းစားသောအခါတို့၌ ရွတ်ဖတ်ရမည်။
၉။ အင်္ဂုလိမာလသုတ်=အမျိုးသမီးများ မီးမဖွားနိုင်သောအခါ၌ ရွတ်ဖတ်ရမည်။
၁၀။ ဗောဇ္ဈင်သုတ်=ရောဂါအနာ ဖြစ်သောအခါ၌ ရွတ်ဖတ်ရမည်။
၁၁။ ပုဗ္ဗဏှသုတ်=ဂြိုဟ်စီးဂြိုဟ်နင်း  မကောင်းသောအခါ၊ ကံဇာတာ ညံ့သည့်အခါ၊ နိမိတ်မကောင်းသည့်အခါတို့၌ ရွတ်ဖတ်ရမည်။

Monday, 27 January 2014

စိတ်ကူးပျော်ရာ: ဓမ္မဒူတ အရှင်ဆေကိန္ဒ၏ ရုပ်ပွားဆင်းတုကိုးကွယ်နည်း:


ဓမ္မဒူတ အရှင်ဆေကိန္ဒဆရာတော်က ရုပ်ပွားဆင်းတုကိုးကွယ်မှုနဲ့ ပတ်သက်၍ ဤသို့
မိန့်တော်မူပါသည်။ =

အကျိုးကျေးဇူးတွေရလာအောင် ဘုရားကို ကြည်ညိုတတ်ကြတယ်။ အဲဒီလို ကြည်ညို
တော့ ဒီပုံဆိုရင်တော့ အန္တရာယ်ကင်းမယ်။ ဒါနဲ့ ထုထားရင်တော့အန္တရာယ်ကင်းမယ် ဆိုပြီး
တော့ အဲဒီလို ကြည်ညိုတတ်ကြတာပဲရှိတယ်။
ဒီအသားနဲ့ထုရင်၊ ဒီပုံထုရင်တော့ လာဘ်လာဘတွေ ပေါမယ်ဟေ့၊ စီးပွားဥစ္စာတွေ
တတ်တယ်ဟေ့ ဆိုပြီးတော့ ကြည်ညိုတတ်ကြတာတွေ ရှိပါတယ်။

အဲဒီလို ကြည်ညိုတဲ့သဒ္ဓါတရားကို ပြန်ကြည့်ပါ။ အန္တရာယ်ကင်းအောင်၊ အန္တရာယ်တွေ
မလာရအောင်လို့၊ ဟာ....ဒက္ခိဏသာခါဆိုရင် မီးကွင်းတယ်ဟေ့၊ ဘာအသားဆိုရင် ဘယ်လို
ဖြစ်တယ်ဟေ့၊ ရေဆန်သားဆိုရင် ဘယ်လိုဟေ့ စသည်အားဖြင့် အန္တရာယ်တွေကင်းအောင်
ကိုးကွယ်တယ် ဆိုတာက ကြောက်တဲ့ ဒေါသပါနေတယ်။
အန္တရာယ်ကင်းအောင်လို့ ကိုးကွယ်တာထက် ကိုးကွယ်ရင် အန္တရာယ်ကင်းတယ်ဆိုတဲ့
အသိချင်းက ကွာသွားပြီ။ အန္တရာယ်ကင်းအောင် ကြောက်လို့ ကိုးကွယ်တယ် ဆိုရင်တော့
အဲဒီ သဒ္ဓါတရားက အားနည်းသွားတယ်။ အစစ်လည်း ဖြစ်ခဲတယ်။

နောက်တစ်ခုက အကျိုးစီးပွားတွေဖြစ်အောင်လို့ ကိုးကွယ်တယ် ဆိုပြန်တော့လည်းပဲ
ဘာတွေရောတတ်သလဲဆိုတော့ လောဘ ရောတတ်တယ်။ ဟာ .. ဘုရားကို ဒီလိုပုံလေးထုမှ
လာဘ်လာဘတွေ ရွှင်တယ်ဆိုရင် အဲဒီအတိုင်း လိုက်လုပ်ကုန်ရော။ အဲဒီအတိုင်း လိုက်လုပ်
တော့ ဘုရားရှင် ကိုယ်တော်မြတ်ကြီးရဲ့ လက္ခဏာတော်ကြီးငယ်တွေ အကုန်ပျောက်ကုန်ရော။
ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ လက္ခဏာတော်ကြီးငယ်တွေနဲ့ တူအောင်လို့ဆိုတာ
တကယ့်ကို သဒ္ဓါတရားနဲ့ ပုံတော်ကို ကြည်ညိုတဲ့နေရာမှာ စိတ်ထဲကကို ဘုရားရှင်ကိုယ်တော်
မြတ်ကြီးကို လက္ခဏာတော်ကြီးငယ်တွေနဲ့ ဒီလိုပုံ ဒီလိုပုံလို့ သိလေလေ၊ ပိုပြီးတော့ သဒ္ဓါက
တက်လေလေပါပဲ။

သဒ္ဓါက တက်လာတော့ ဦးပဉ္စင်းတို့ စောစောကပြောသလို ဘုရားဆင်းထုတော်ကို
ရွေးတယ်၊ ရွေးတယ်ဆိုတဲ့ သဒ္ဓါတရားက တကယ့်သဒ္ဓါတရား မဟုတ်သေးပါဘူးတဲ့။
တကယ့်သဒ္ဓါတရားအစစ်ကျတော့ ဘုရားရှင် ကိုယ်တော်မြတ်ကြီးရဲ့ လက္ခဏာတော်
ကြီးငယ်တွေကို အာရုံပြုတတ်တယ်။ လက္ခဏာတော်ကြီးငယ်တွေကို ဘာကြောင့် အာရုံပြု
တတ်တာလဲ ဆိုတော့ ဘုရားရှင် ကိုယ်တော်မြတ်ကြီးရဲ့ အသားအရေတွေ၊ ဘုရားရှင်ကိုယ်
တော်မြတ်ကြီးရဲ့ ခြင်္သေ့မင်းကဲ့သို့ ရင်ဘတ်တော်တွေ၊ အဲဒါတွေကို မြင်လိုက် တွေ့လိုက်ရ
တာနဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဖြည့်ဆည်းခဲ့တဲ့ ပါရမီတွေအထိ သွားမြင်တယ်။

{ မင်းနန်(မော်ကျွန်း)၏ ဆရာတော်ကြီးများ၏ သြ၀ါဒတော်များပေါင်းချုပ်မှ ထုတ်နုတ်
ရေးသားပူဇော်ပါသည်။ }

(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

ရေးသားသူ - ဦးသိန်းဝေ

မြတ်ဗုဒ္ဓ၏ ဓမ္မစာစုများ.
 

Wednesday, 15 January 2014

ရှာလို့လဲ မတွေ့ ကြာလို့လဲ မမေ့သော အမေ




အမေ့မေတ္တာ ကျေးဇူးတရားတွေကို ခိုင်းနိုင်းတင်စား စာဖွဲ့ ကြတာ လောကဥပမာ အမျိုးမျိုး အဖုံဖုံ ပါဘဲ ။ တကယ်လဲ ကြီးမားလှတဲ့ခိုင်မာတဲ့ မေတ္တာရှင် ဖြစ်ပါသည် ။

အဆုံးအစ မဲ့ ချစ်ခြင်းနဲ့ သာ သားသ္မီးတို့ကို ချစ်တဲ့ အမေ ပါ။ သိတတ်စရွယ်က စလို့ အသက်ရွယ် ကြီးတဲ့ ထိ ချစ်ခြင်းတွေ မပြောင်းလွဲတဲ့ အမေ။ လမ်းလျှောက်သင်စ အရွယ်တုံး က တလှမ်းချင်း လှမ်းလျှောက် သင်ပေးခဲ့ တာကို သတိယပြီး .. မိခင်အိုကြီး စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျှပြီး လမ်းမလျှောက်နိုင်တဲ့ အခါ ခွန်အားပါတဲ့ လက်တစုံနဲ့ မိခင်အိုကို ကူတွဲ သင့်ပါသည်။
မိဘနှစ်ပါး၏ ဂုဏ်တော် အနန္တများသည် ....
(၁) သုဟဒယဂုဏ်-- ဆိုတဲံ အရိုး ၊ အကြော ၊ အသွေး သားထဲက စိမ့်ပြီးသားသ္မီးကိုချစ်ခြင်း ။
(၂) ဗြဟ္မာဂုဏ်--- ဆိုတဲ့ မေတ္တာ ၊ ဂရုဏာ ၊မုဒိတာ ၊ ဥပေက္ခာ လေးပါးနှင့် စောင့်ရှောက် ခြင်း ။
( ၃) ဇနေတ္တိဂုဏ်--- ဆိုတဲ့ အသက်စွန့် ပြီး မွေးသော အမေ ၊ အသက်စွန့်ပြီး ရှာ ကျွေးသောအဖေဖြစ်ခြင်း

(၄) ပေါသကဂုဏ်---ဆိုတဲ့ အေးမြပြီး သန့်ရှင်းကြည်လင်သော မိဘနှစ်ပါး၏အရိပ် ရခြင်း ။
(၅) ပေါသနန္တိဂုဏ် ----ဆိုတဲ့ လေပူနေပူ အအေးဒဏ်မျိုးစုံကို ကာကွယ်ပြီး ပြုစုစောင့်ရှောက်ပေးခြင်း ။
(၆)ဒေဿတာရာဂုဏ်---ဆိုတဲ့ စကားပြောသင်ခြင်းမှအစ ဘုရားရှိခိုးနည်း ၊ဆွမ်းကပ်နည်း ၊ ကြီးသူကို ရိုသေငယ်သူကိုညှာတာတတ်အောင် သင်ကြားပေးခြင်း ။
(၇) အာပါဒကာဂုဏ်--- ဆိုတဲ့ ဘေးရန်ကင်းစေ ရန်အသက်စွန့်ပြီး ကာကွယ်စောင့်ရှောင့်ခြင်း ။
(၈) တေသယန္တိဂုဏ်---- ဆိုတဲ့ တေးသီချင်းတို့ဖြင့် သံငြိမ့်ညူးရင်း နှစ်သိမ့်တတ်ခြင်း ။
(၉) ပုဗ္ဗာဒေ၀တာဂုဏ်--- ဆိုတဲ့ အိမ်ဦးနတ် ဖခင် ၊မိခင် ဖြစ်ခြင်း ။
(၁၀)ပုဗ္ဗာစရိယဂုဏ်--- ဆိုတဲ့ လက်ဦးဆရာမည်ထိုက်စွာ စာရိတ္တမပျက်စီးစေရန် ဘာသာရေးနှင့် သိမ်းသွင်းခြင်း။
(၁၁)ဂေါပါယန္တိဂုဏ်---ဆို တဲ့ စားဝတ်နေရေး၊ ပညာရေး မပူပင်ရအောင် လုပ်ဆောင်ပေးသော အေးသောအရိပ်ပေးခြင်း ။
(၁၂) အာယုနေယျဂုဏ် ---ဆိုတဲ့ ပစ္စည်း လေးပါးဖြင့် ကန်တော့ခံရသည် ပုဂ္ဂိုလ်ဖြစ်ခြင်း ။
(၁၃)အနာမဋ္ဌဂုဏ် ---ဆိုတဲ့ ရဟန်းဆွမ်းမဘုဉ်းမပေးမိ မိဘနှစ်ပါးအား အရင်ဆုံး ဆွမ်းစားစေခြင်း အခွင့်ရရှိသောမိဘနှစ်ပါးဖြစ်ခြင်း အစရှိသောမိဘဂုဏ်(၁၃)ပါး တို့ဖြစ်၏။ ။


ထိုမျှသာမက လောက ဥပမာများမှာ
အမေ့ မေတ္တာ ၊ စမ်းရေပမာ နှင့် ၊ ပမာနိုင်းဆို မပြောလိုဘူး ၊ ထိုစမ်းရေမှာ ခန်းတတ်လို့ ။
အမေ့ မေတ္တာ ၊ လစန္ဒာနှင့် ၊ ပမာနိုင်းဆို ၊ မပြောလိုဘူး ၊ ထိုစန္ဒာ တိမ်လွှာ လွှမ်းတတ်လို့ ။
အမေ့ မေတ္တာ ၊ ပန်းရွှေကြာနှင့် ပမာနိုင်းဆို ၊ မပြောလိုဘူး ၊ ထိုပန်းရွှေကြာ နွမ်းတတ်လို့ ။

ရာသီမှာပွင့်တဲ့ ပန်းတွေ ညိုးနွမ်းတဲ့အခါ ရှိပေမဲ့ အမေ့မေတ္တာ ပန်းတွေ က လန်းဆန်းနေတာ အစဉ်အမြဲဆိုတာ ရွှေကြာ မိတ်ဆွေများ ကိုယ်တွေ့ခံစားဖူးကြပါသည် ။မသေချာတဲ့ လောကကြီးထဲမှာ မသေချာခြင်းတွေ ရှိနေပေမဲ့ အမေ့မေတ္တာက သေချာနေမှာ အစဉ်အမြဲပါ။ အချိန်းတိုင်းမှာ အမေ့ရင်ထဲ ယိုစိးထွက်ကျလာတဲ့ မေတ္တာရေစီးချောင်းအနမ်းပွင့်လေးတွေ တပွင့်နဲ့တပွင့် ပွင့်ချင်းဆက်ပြီး ချော့သိမ့်မှုကိုခံရင်း အမေ့ရင်ခွင်ထဲ စိတ်ချလက်ချ သောကမရှိ ငယ်စဉ်ဘ၀ ကအိပ်ပျော်လာခဲ့ကြသည်မဟုတ်ပါလော ။ တသက်လုံး လုံခြုံမှုပေးစေခဲ့တဲ့ အမေ့မေတ္တာ.။ ဂရုဏာ ဒေါသနှင့် သားသ္မီးအပေါ် ပြောဆို ဆုံးမှခဲ့တာတွေ နူတ်တမျိုး တုတ်တဖုံ နဲ့ ဆိုဆုံးမခဲ့တဲ့ အချိန်က ထွက်မပြေးတတ်တာက . ရွှေကြာအကျင့်ပါ ပို၍သာ အမေ့ရင်ခွင် တိုးဝင်းကာ အားရပါးရ ရှိုက်ကြီးတငင် ငိုတတ်သူပါ။ အမေ့ရဲ့မေတ္တာ တွေ ဒေါသမှ အဒေါသသို ပြောင်းလွဲသွားပြီး ချော့မော့မှု ရခဲ့တာတွေဟာလည်း ဘာနဲ့မှ အစားထိုးမရတဲ့ နွေးထွေးတဲ့ အမေ့ရင်ငွေ့ပါါ။
ကံမကောင်းအကြောင်းမလှလို အဖေဆိုတဲ့ မနက်ခင်းနေရောင်တွေလို နူးနူးညံ့ညံ့နဲ့ နွေးထွေးမှုကို ပေးနိုင်တဲ့ ရွှေကြာရဲ့ နေမင်းကြီး က လောကကြီး ကို အစောကြီး ကြောခိုင်းသွားခဲ့ပါသည် ။ အဖေမရှိတဲ့ သားနဲ့ သ္မီးကို လူအလယ်တင့်တယ်အောင် လောကဓံကို အံတုဖတ်ပြိုင် ပြုရဲတဲ့ သူရဲကောင်းစိတ်ဓါတ် မွန်မြတ်တဲ့ စိတ်ထား အမေ့မေတ္တာကြီးမားလှပါ၏ ။ အကြောင်းအားလျှော်စွာ ရွှေကြာနိုင်ငံခြားသို့ သာသနာပြုရောက်လာခဲ့ သည် ၊ ဘ၀ရဲ့ လောကဓံရိုက်ချက်တွေ နဲ့ အခါ အားလျှော်စွာ ကြုံတွေ့ခဲ့ရပါသည် ၊ စစ်မှန်တဲ့ အမေ့မေတ္တာတရားနဲ့ နွေးထွေးအောင်ရင်ငွေ့ပေးခဲ့တဲ့ အမေ့ကို အကြိမ်ပေါင်းများစွာ တမ်းတမိပါသည်။ အမေဟာ ရွှေကြာနှင့် ဓမ္မမိတ်ဆွေများအတွက် ဘယ်တော့မှ လကွယ်နေ့ လဆုတ်နေ့ ဆိုတာမရှိဘဲ သာယာပြည့်ဖြိုးတဲံ့လပြည့်ညရဲ့လမင်းကြီးပင်ဖြစ်ပါသည်။
မိဘတိုင်းရဲ့ ဆန္ဒတွေ မေတ္တာတွေအားလုံးဟာ အတူတူပါဘဲ . ဒီတော့ ဘယ်လို မိဘကျေးဇူးကို ဆပ်ကြမလဲ ..?
တကယ်ကျေးဇူးသိတတ်တဲ့ သားသ္မီး ၊ တာဝန်ကျေတဲ့သားသ္မီး တယောက်ဖြစ်ဖို့ ဘယ်လိုကျေးဇူးဆပ်ကြမလဲ ...?
လောကကြီးမှာ ရှာလို့လဲမတွေ့ . ကြာတော့လည်း မမေ့နိုင်တဲ့ အမေ့ကို . တာဝန်ကျေတဲ့ သားသ္မီးကောင်းတယောက်အနေနဲ့ ...


(၁) သဒ္ဓါတရားခေါင်းပါးသော မိဘနှစ်ပါးအား သဒ္ဓါတရားရှိလာအောင် တိုက်တွန်းပေးရမည် ။
(၂) သီလဆောက်တည်လိုစိတ်မရှိသော မိဘနှစ်ပါးအား သီလဆောက်တည် မှု ဖြစ်လာအောင် တိုက်တွန်းပေးရမည်။
(၃) နှမြောတွန့်တို၍ ပေးကမ်းလှူဒါန်းခြင်းမရှိသော မိဘနှစ်ပါးအား လှူဒါန်းပေးကမ်းခြင်လာအောင်တိုက်တွန်းပေးရမည်။
(၄) တရားမနာချင်သော ၊ တရားဘာဝနာနုလုံးမသွင်းချင်သော မိဘနှစ်ပါးအား တရားနာချင်လာအောင် ၊ တရားအားထုတ်ချင်လာအောင်တိုက်တွန်းပေးရမည်။
ဒီလိုတာဝန်ကျေသော သားသ္မီးများအား ပညာရှိသူတော်ကောင်းများ ချီးကျူးသည်မက ၊ ပစ္စုပ္ပါန်လောကီစည်းစိမ်ခံစားရပြီး သေသော်လည်းနတ်ရွာလားမည်ဖြစ်ကြောင်းဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့ပါသည်။
ဓမ္မမိတ်တွေရဲ့ချစ်သောမိဘနှစ်ပါး မျက်မကွယ်ခင် မှာ ငါမပြုမိလိုက်ရလေခြင်းဟုသောနှောင်း နောင်တ တရားများ မရလေအောင် တာဝန်ကျေတဲ့ သားသ္မီးကောင်းများဖြစ်ပြီး မိမိတို့ကိုယ်တိုင်လည်း ငါးပါးသီလတည်းဟူသော် ကိုယ်ကျင့်တရားများကို လုံအောင်ထိမ်းပြီး အချိန်မနှောင်ခင်း မိခင် ဖခင်တို့အားလည်း တိုက်တွန်းပေးရပါမည်။


"တစိုက်စိုက်ကယ်နှင့်၊
သွားလိုက်ကြတာ။
ရွှေရောင်ကကြီး ၊
တစ်နှစ်ခရီးသည်။
ပုဆိုးချာလည်လည်နှင့်၊
ခရီးသည် ဘယ်မှာအိပ်မယ်
မိုး- မိုးချူပ်ပေါ့ကွယ် ၊" (ပညာရှိရှေးဆရာတော်)

သံသရာခရီးသည်တွေ တစိုက်စိုက်နှင့် ခရီးဆက်နေလိုက်ကြတာ ...၀တ်ထားသောပုဆိုး မလုံ့တလုံနှင့် အပေါက်ပြဲများအား ဘယ်သို့လှည့်ဝတ်လှည့်ဝတ် မလုံနိုင်သလို ငါးပါးသီလမလုံဘဲ သံသရာခရီးသည်တွေ ခရီးဆက်ကြရင်း ဘယ်မှာအိပ်ကြမှာလဲ မိုးချုပ်တော့မယ် သံသရာခရီးသည် .တဲ့ ကျေးဇူးကြီးမားသော မိခင် ဖခင်ကြီးများအား .ဘ၀သံသရာမှ လွတ်မြောက်နိုင်ကြောင်း အထောက်အကူကိုလည်း မိမိတို့ ကိုယ်တိုင်က ဖြည့်ဆည်းပေနိုင်ရပါမည် ။
မိခင်များဟာ သားသ္မီးများ အပေါ်မှာ မျော်လင့်ခြင်းဆိုတဲ့ အိမ်မက်များစွာနဲ့ ပြုစု ပျိုးထောင်ခဲ့သည်မဟုတ်ပါလော . သူတို့ စိုက်ပျိုးပြုစုလိုက်တဲ့ ပန်းကလေးတွေ ပွင့်နေတာ ၊ သီးနေတာ ၊ ကိုကြည့်ပြီး ကြေနပ်နေကြသူတွေပါ.ငါ့သားသ္မီးများကြီးလာရင် ငါတို့အား လုပ်ကြွေးပြုစု မွေးမြူပေလိမ့်မည်. ငါတို့ရဲ့ အမျိုးအဆက်ကို စောင့်ရှောက်ထိမ်းသိမ်းပြီးအမွေခံဖြစ်ပေလိမ်မည်ဟု အိမ်မက်တွေ ခဲ့ကြပါသည်။
အမေ့ ရဲ့ မျော်လင့်ချက် အိမ်မက်များကို နုလုံးသား ထပ်တူပြုပြီး နားလည်ကြအောင် ၊ အမေ့ အတွက်ပေးဆပ်ရမယ့် အချိန် ကန့်သတ် နည်းနည်း လေးကို တန်ဖိုးထားတတ်ကြလေအောင် ဤစာစုလေး ကို ရွှေကြာ မျှဝေပေးလိုက်ပါသည်။

အမေ့ရဲ့ ခြေအစုံ ကို ဦးတိုက်ရှိခိုး ကန်တော့လျှက်ရှိနေပါတယ်အမေ... .


Friday, 10 January 2014

စိတ်ညစ်ရင် ဘာလုပ်မလဲ?


စိတ်ညစ်ရင်ဘာလုပ်မလဲလို့ မေးလာရင် အဖြေတွေက အမျိုးမျိုးထွက်လာမှာပါ။
ဘာကြောင့်လဲဆိုရင် လူတစ်ယောက်နဲ့တစ်ယောက် စိတ်ညစ်တဲ့အကြောင်းအရာတွေက မ တူညီကြလို့ပါ။ တူညီတဲ့အကြောင်းအရာကတော့ စိတ်ညစ်နေရင် ဘာမှမလုပ်ချင်တော့တာ၊ တစ်ယောက်တည်းပဲအေးအေးဆေးဆေးနေချင်တာ၊ တွေးလိုက်တိုင်းရင်ထဲမှာ ပူလောင်နေတာစတဲ့
အချက်လေးတွေကတော့ တူညီနေတတ်ပါတယ်၊

တစ်ချို့သူများစိတ်ညစ်တာက အလုပ်တစ်ခုကိုနေ့စဉ်လုပ်နေရလို့ဆိုပြီး
စိတ်ညစ်တတ်ကြပါတယ်။ဒါပေမဲ့ ဒီအလုပ်ကိုလက်လွှတ်ပစ်ဖို့ဆိုတာလဲ မဖြစ်ဘူးလေ၊
ဒီအလုပ်ကပဲ ကိုယ်ကိုယ့် နေ့စဉ်ရှင်ဖို့ ကူညီထောက်ပံ့ပေးနေတော့ စိတ်နာနာနဲ့
မင်းကိုချစ်နေမိတော့ တယ်ဆိုတာလို တစ်နေ့လာလဲ ဒီအလုပ်၊ နောက်တစ်နေ့လာလဲ
ဒီအလုပ်ဆိုပြီး လုပ်နေကြရတာလေ။


အဲဒီလိုအလုပ်ကိုလုပ်နေပေမဲ့ ကိုယ်အတွက် တိုးတက်မှုမတွေ့ရတော့ စိတ်ကညစ်လာရော၊ ဒီလိုအခြေနေရောက်လာရင် စိတ်မညစ်အောင်ဘယ်လိုလုပ်မလဲ စာဖတ်နေတာကို ခဏလောက်ရပ်ပြီး တွေးကြည့်စေချင်ပါတယ်၊

♦ စာရေးသူအကြံပေးချင်တာကတော့ ဒီလိုအခြေနေရောက်လာရင်
ဘွဲ့တွေရပြီး အလုပ် လက်မဲ့ဖြစ်နေတဲ့သူတွေကိုပြန်ငဲ့ကြည့်စေချင်ပါတယ်။
သူတို့မှာ လက်ထဲမှာဘွဲ့ကြီးသာ ပိုက်ထားတယ် ။အလုပ်မရှိဘူးလေ။
ကိုယ်မှာကံကောင်းထောက်မလို့ အလုပ်နဲ့အကိုင်နဲ့ ဖြစ်နေရတယ်လို့ တွေးကြည့်လိုက်ပါ။
ဒါဆိုရင် စိတ်ညစ်နေတာတွေ အထိုက်အလျှောက် သက်သာလာပါလိမ့်မယ်။

♦ နောက်တစ်ခုက တစ်ချို့ကြတော့ အလုပ်တွေများလို့စိတ်ညစ်ကြပါတယ်။
ဒါဆိုရင်လဲ အလွယ်လေးတွေးကြည့်စေချင်ပါတယ်။အလုပ်မရှိတာနဲ့ အလုပ်များတာ ဘယ်လမ်းက
ပိုကောင်းလဲလို့တွေးလိုက်ပါ။ဒါဆိုရင် ညစ်နေတာလေးတွေဟာ အနဲနဲ့ အများတော့ သက်သာလာမှာပါ။

♦ နောက်တစ်ခါ လူငယ်တွေမှာ စိတ်ညစ်ဆုံးအရာကတော့ ချစ်သူကထားသွားလို့ စိတ်ညစ်ကြရတာပါ။
ဒါမှမဟုတ် ချစ်သူနဲ့အဆင်မပြေလို့ စိတ်ညစ်ကြရပါတယ်။ကိုယ်ချစ်တဲ့သူက ကိုယ်ကိုယ်ပြန်မချစ်လို့ ။
ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုယ်မချစ်တော့ပဲ တစ်ခြားတစ်ယောက်ကို ချစ်သွားလို့စတဲ့
အကြောင်းကြောင်းအမျိုးမျိုးကြောင့် စိတ်ညစ်ကြရပါတယ်။ ဒီလိုစိတ်ညစ်လာရင် ဘယ်လိုဖြေမလဲ ။
သူ့ကိုနာကြည်းစိတ်တွေနဲ့ တွေးနေမဲ့အစား သူပျော်ပါစေ၊ သူချစ်တဲ့တစ်ခြားတစ်ယောက်နဲ့ အဆင်ပြေပါစေလို့ နေ့စဉ်ဆုတောင်း ပေးလိုက်ပါ။

ကိုယ်ချစ်သူကကိုယ့်ကိုပြစ်သွားရင်တော့ လူတိုင်းလူတိုင်းဟာ စိတ်အရမ်းညစ်ကြမှာပါ။
ဒေါသလဲထွက်ကြမှာပါ။အဲဒီလိုဒေါသတွေထွက်လေ ကိုယ့်မှာသူနဲ့သွားခဲ့တာ၊စားခဲ့တာ တွေကို
ပိုပိုသတိရပြီး အရမ်းခံစားရလာရနဲ့ စိတ်ညစ်ပြီးရင်း ညစ်နေမှာပါ။အဲဒီတော့ အဲဒီလို အချစ်ကြောင့် ညစ်နေတဲ့စိတ်ကို မညစ်အောင် ကိုယ်ချစ်သူအဟောင်းကို နေ့စဉ် ဆုတောင်းမေတ္တာပို့ပေးလိုက်ပါ။
ဒါဆို နေသာထိုင်သာရှိလာပါလိမ့်မယ်

ဘာကြောင့်ဒီလိုပြောရလဲဆိုရင် မေတ္တာဆိုတာအေးမြလို့ပါ။ စာဖတ်သူများမယုံရင်ကိုယ်တိုင် လက်တွေ့လုပ်ကြည့်ပါလို့ တိုက်တွန်းလိုက်ပါရစေ။

ခြုံပြောရရင်တော့ လူတိုင်းလူတိုင်းဟာ စိတ်ညစ်တာနဲ့မကင်းကြပါဘူး။
အများသူငါပြော တဲ့အတိုင်း ပြောရရင်တော့ စိတ်ညစ်လာရင် တရားနဲ့ဖြေပါလို့ ပြောလိုက်ပါရစေ။
ဒါပေမဲ့ တစ်ခါမှ တရားလဲမထိုင်ဘူး။တရားလဲမနာဘူးသူ တစ်ယောက်က ဘယ်လိုလုပ်တရားနဲ့ ဖြေမလဲ မေးစရာရှိတာပေါ့။

စာဖတ်သူရေ တရားဆိုတာ စာဖတ်သူတို့ ၊ စာရေးသူတို့ရဲ့ ပတ်ဝန်းကျင်မှာရှိနေပြီးသားပါ။
♦ “ အရာအားလုံးဟာ ဖြစ်လာပြီးရင် ပျက်သွားရတာ ဓမ္မတာ လေ။ ”
ဒါကြောင့် ဖြစ်လာရင် ပျက်သွားမှာပဲ လို့ သတိလေးကပ်ပေးလိုက်ပါ။အဲဒီလိုကပ်မထားပဲ ဖြစ်လာတဲ့အရာတိုင်းဟာငါ့ဆီမှာ ထာဝရမြဲနေမှာလို့ သိမ်းပိုက်စိတ်နဲ့ လက်ခံထားရင် စိတ်ညစ်တာတွေက ပျောက်မှာမဟုတ်တော့ဘူးနော်။

ကဲအဲဒီတော့ စာဖတ်သူရေ ဒုက္ခတွေနဲ့တွေ့တိုင်း စိတ်ညစ်တာတွေနဲ့ကြုံတိုင်း
“ ဖြစ်လာတဲ့အရာတိုင်းဟာ အချိန်တန်ရင်ပျက်ဆီးသွားမှာလို့ ” သတိလေးကပ်ကြည့်ပါနော်။
ဒါဆိုရင် စာဖတ်သူ အခုရင်ဆိုင်နေရတဲ့ စိတ်ညစ်တာတွေကလဲ အချိန်တန်ရင် ...... ။

- [ရွှေမန်းသား အရှင်အကုင်္ရ(ကျောက်ဆည်)]
သာသနတက္ကသီလာဓမ္မာစရိယ၊
(B.A( Hons) M.A(thesis) M.A( Sri lanka)
Ph.D ( research) Annamalai University. India.)

ဆွမ်းတော် စွန့်ခြင်း




အရှင်ဘုရားတပည့်တော်မမေးချင်တာလေးရှိလို့ပါဘုရား အရှင်ဘုရားဖြေပေးမယ်ဆိုရင် တကယ်ကို
ဝမ်းသာမိမှာပါဘုရား။တပည့်တော်မတို့ကအလုပ်ကို မနက်အစောကြီးသွားညမိုးချုပ်မှပြန်ရောက်ပါတယ်
ဘုရား။အလုပ်မသွားခင်မှာ ဆွမ်းတော်နဲ့သောက်တော်ရေချမ်းကိုအမြဲကပ်လှူပါတယ်။
ညမိုးချုပ်ပြန်ရောက်မှပဲစွန့်ရပါတယ်ဘုရား။အဲ့ဒီ့အတွက်တပည့်တော်မစိတ်ထဲမတင်မကျဖြစ်မိပါတယ်။ပြန်ရောက်မှစွန့်ရတဲ့အတွက်ကုသိုလ်မရ ငရဲရမှာကြောက်ပါတယ်ဘုရားမိုးချုပ်မှစွန့်ကောင်းလား။မစွန့်ကောင်းလားသိချင်ပါတယ်ဘုရား။
  ( ပန်းအိမ် စံ )

လူတွေမှာ ရှစ်ပါးသီလဆောက်တည်ထားပါလျှင် ညစာမစားရပါဘူး။ ထို့ကြောင့် မြတ်စွာဘုရားရှင်ကို ဆွမ်းတော်တင်တာကောင်းပါတယ်။ ဒါပေမယ့် ၁၂နာရီမကျော်ခင်စွန့်ပါလို့ အကြံပြုပါတယ်။ ကိုယ်တိုင်မစွန့်နိုင်ပါလျှင် အိမ်မှာရှိသူတစ်ဦးဦးအား စွန့်ခိုင်းစေချင်ပါတယ်။ သို့မဟုတ် ရုံးမသွားခင် အရုဏ်ဖြစ်ဖြစ်သော်လည်းကောင်း၊ ချက်ပြုတ်ပြီးစီးလျှင်သော်လည်းကောင်း ဆွမ်းတော်တင်ပြီး ရုံးသွားခါနီးစွန့်နိုင်ပါတယ်။ဒကာမ။ ညနေထိတော့ မထားကောင်းပါ။


အရုဏ်ဆွမ်းကပ်လျှင်လည်း အရုဏ်တက်မှသာ ကပ်ကောင်းပါ၏။ အရုဏ်မတက်ဘဲကပ်ပါက ညဆွမ်းလိုဖြစ်ပြီး အပြစ်ဖြစ်နိုင်ပါသည်။ အရုဏ်တက်ချိန်က လစဉ်ပြောင်းလဲလေ့ရှိသဖြင့် အနည်းဆုံး
လစဉ်နံနက် ၅း၃၀လောက်ကပ်မှ သင့်တော်မည်ဖြစ်ပါသည်။ ၄း၃၀ ၄း၄၀ ၅နာရီစသည်ဖြင့် အရုဏ်တက်ချိန် လစဉ်ပြောင်းလဲလေ့ရှိသည်ကို သတိပြုအပ်၏။

ထိုကြောင့် မယုတ်မလွန် လစဉ်နံနက်(၅း၃၀)နာရီဆိုပါလျှင် ကပ်မည်ဆိုပါက လစဉ်လတိုင်း အဆင်ပြေမည်ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် အကယ်၍ (၄း၃၀)ကို လစဉ်လတိုင်းကပ်မည်ဆိုပါက (၅)နာရီ၊ (၅း၁၀)နာရီ စသည့်ဖြင့် အရုဏ်တက်သည့်လများတွင် ကိုယ်က (၄း၃၀)လစဉ်လတိုင်းကပ်မိပါက ညဆွမ်းလိုဖြစ်ပြီး အပြစ်ဖြစ်နိုင်သောကြောင့်ဖြစ်ပါသည်။
အချုပ်အားဖြင့် နေ့ဆွမ်းဆိုလျှင်လည်း နေ့လည်၁၂နာရီ
မထိုးခင်စွန့်သင့်ပြီး အရုဏ်ဆွမ်းဆိုပါလျှင်ရှေ့လွတ် နောက်လွတ် (၅း၃၀)နာရီလောက် ကပ်သင့်ကြောင်း ဖြေကြားလိုက်ပါသည်။

သစ်သီးဆွမ်းများကိုလည်း ထိုနည်းအတူမှတ်ပါ။ ရှေးက မသိခဲ့လို့ မစွန့်မိတာကို စိတ်ထဲ စွဲလန်းမထားဘဲ ယခုသိလိုက်သည့်အချိန်တွင် နောက်မလုပ်မိအောင်သာ ဂရုစိုက်ပါ။

သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝပါစေ။
[အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)]

Dhamma Danã Source ► (အရှင်ဝိမလဝံသ)&
www.facebook.com/youngbuddhistassociation.mm

အသံမထွက်ပဲ နှုတ်ခမ်းလှုပ်ရုံ လေသံလောက်လေးနဲ့ ပေးလို့ရပါသလားဘုရား


မေး။           ။          ဆရာတော်ဘုရား တပည့်တော်အခု တရားစာအုပ်တွေဖတ်ပြီး လက်တွေ့လိုက်နာကျင့်သုံးနိုင်အောင် ကြိုးစားနေပါတယ်ဘုရား။ အဲဒီမှာ အခက်အခဲရှိတာတစ်ခုက အမျှဝေခြင်းပါပဲဘုရား။ လမ်းသွားရင်း အမျှဝေချင်တယ်။ ကိုယ်ပြုခဲ့တဲ့ကုသိုလ်တွေကို အဲပတ်ဝန်းကျင်မှာရှိတဲ့
လမ်းစောင့်နတ်၊ မြို့စောင့်နတ်အစရှိသဖြင့် အမျှဝေချင်လို့ပါဘုရား။

ခက်တာက အမျှကို အကျယ်ကြီးလူကြားအောင်အော်ရွတ်လို့ကလည်းမရ။ လူကြားသူကြားထဲမှာ အထူးအဆန်းကြီးလိုဖြစ်နေပြီး ရှက်လည်းရှက်လို့ပါဘုရား။လေသံတိုးတိုးလေးနဲ့ အမျှအမျှလို့ရွတ်ရင်ကော
သူတို့ကြားပါမလားဘုရား။ သူတို့ကိုယ့်ကုသိုလ်ကို သာဓုခေါ်နိုင်ပါလားဘုရား။ ဖြစ်နိုင်ရင်
စိတ်ထဲကနေပဲရည်စူးပြီး စိတ်ထဲကနေရွတ်ရင် ရပါသလားဘုရား။ ဒါမှမဟုတ် အသံမထွက်ပဲ နှုတ်ခမ်းလှုပ်ရုံ လေသံလောက်လေးနဲ့ ပေးလို့ရပါသလားဘုရား။


အမျှဝေခြင်းနဲ့ပတ်သတ်ပြီး ဦးဇင်းတို့ဗုဒ္ဓဘာသာဝင်တွေသေချာကျနစွာ မသိတာက များပါတယ်။ ဒါဟာလည်း သေချာပြောပြတဲ့လူမရှိသလို ပြောပြတဲ့လူရှိတော့လည်း သေချာမှတ်သားထားမှု အားနည်းနေလို့ပါ။ အဲဒီတော့ ဦးဇင်းသိသမျှကို အကုန်ပြောပြပေးပါမယ်။ နောက်
သူများမေးရင် ပြောပြတတ်အောင် သေချာမှတ်ထားကြပေါ့လေ။

ဒါနကောင်းမှုပြုတဲ့အခါ အလှူဝတ္ထုဟာ အလှူရှင်လက်ကနေ အလှူခံပုဂ္ဂိုလ်လက်သို့ရောက်ရင် အလှူအထမြောက်ပါတယ်။ ဒါပေမဲ့ နိဗ္ဗာန်ကိုဆုတောင်းပြီး ဒါနပြုမှသာ မိမိဒါနဟာ ပါရမီဒါနဖြစ်နိုင်သဖြင့် အနည်းဆုံး-ဣဒံ မေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတုလို့ ဆုတောင်းပြီး အမျှဝေမှသာ ပတ္တိဒါနဖြစ်ပါတယ်။

ဒါကြောင့် အနည်းဆုံး ဣဒံ မေ ပုညဘာဂံ သဗ္ဗသတ္တာနံ ဒေမလို့ဆိုပြီး အမျှဝေကာ
ဒါနအလှူကို အဆုံးသတ်ကြစမြဲ ဖြစ်ပါတယ်။

ဆုတောင်းခြင်း။ အမျှဝေခြင်းတို့မှာ ကိုယ်တိုင်ပြုလုပ်ရမှာမို့ တခြားတယောက်အား
ကိုယ်စားပြုလုပ်ခိုင်းလို့ မရဘူးဆိုတာလည်း သိထားဖို့ လိုပါတယ်။ တချို့က ကိုယ်စားလှူခိုင်းပြီး
အမျှဝေလို့မရဘူးလားဆိုပြီး မေးတတ်လို့ပါ။

ဆုတောင်းတဲ့အခါမှာလည်း ဤသို့လှူဒါန်းရသောအကျိုးအားကြောင့် နိဗ္ဗာန်မျက်မှောက်ပြုရပါလို၏လို့ ဆုတောင်းရမှာဖြစ်သလို အမျှဝေတဲ့အခါမှာလည်း ဤကောင်းမှု၏ အဖို့ဘာဂကို သတ္တ၀ါအားလုံး ရရှိကြပါစေဟု စိတ်စေတနာ လေးလေးနက်နက်နဲ့ ပြုလုပ်မှသာ ဘုရားအလောင်း သူတော်ကောင်းတို့လို ဖြစ်မှာပါ။

မြတ်စွာဘုရားအလောင်းတော် ဝေဿန္တရာမင်းကြီးဘ၀မှာ ဒါနပြုတိုင်း ရေစက်ချ၊ အမျှဝေလေ့ရှိပါတယ်။
အဲဒီလိုရေစက်ချ အမျှဝေပေးမှုကြောင့် မာရ်နတ်စစ်လာတိုက်ရာတွင် ဗောဓိပင်နှင့် ရွှေပလ္လင်ကိုရရေး (သဗ္ဗညုတဉာဏ်ကိုရရေး)အတွက် ဝေဿန္တရာဘ၀တွင် လှူဒါန်းခဲ့ပြီး ရေစက်ချခဲ့သည်ကို
ဤမဟာပထ၀ီမြေကြီး အသိသက်သေဖြစ်သည်ဟု သက်သေပြုတဲ့အတွက် ပထ၀ီမြေကြီးက
သက်သေခံခဲ့တာပါ။

အလှူရှင်မှာ အခြားအကုသိုလ်အကျိုးပေးလို့ ငရဲသို့ ရောက်သွားသည့်တိုင်အောင် ယမမင်းက
အမျှပေးဝေဖူးသည်မဟုတ်လောဟု သတိပေးလို့ ကုသိုလ်ကို သတိရကာ ငရဲမှ လွတ်နိုင်ပါတယ်။

ဒါပြင် ပုညကိရိယ၀တ္ထု(၁၀)ပါးတွင် အမျှဝေခြင်း (ပတ္တိဒါန)ဟာလည်း ဒါနစတဲ့ ကုသိုလ်တို့လို
ကုသိုလ်တစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် ရေစက်ချ၊ အမျှဝေခြင်းဟာ
ကုသိုလ်တစ်မျိုး တိုးပါတယ်။

အလှူတစ်ခုလုပ်ရာတွင် ဆုတောင်းခြင်းမပြုဘဲလှူဒါန်းခြင်းမှာ ပေးကမ်းခြင်းသက်သက်သာဖြစ်လို့
နိဗ္ဗာန်ကို ဆုတောင်းမှသာ ဒါနပါရမီ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့ ဒါနပြုလုပ်ကြသူတိုင်း ဆုတောင်းခြင်း၊
ရေစက်ချခြင်းတို့ကို မပြုမနေ ပြုလုပ်ကြတာပါ။။

အမျှဝေခြင်းနဲ့ပတ်သတ်ပြီး သေချာကျနစွာသိမြင်အောင် ပြောရမယ်ဆိုရင် အမျှဝေရေစက်ချတဲ့အခါမှာ ရေစက်ခွက်နဲ့အောက်ခံလေးပါကြတာကို အားလုံးသိမယ်ထင်ပါတယ်။ ရှေးရှေးဆရာတော်ကြီးတွေကတော့ ရေစက်ချတဲ့အခါ ရေစက်ခွက်ကို အလုံးပိတ်နဲ့မဟုတ်ဘဲ ရိုးရိုသာမန်ဖန်ခွက်ကိုသာ အသုံးပြုခိုင်းကြပါတယ်။

ဒါဟာ ဘာဖြစ်လို့လဲဆိုတော့ ရေစက်ချမဲ့ရေခွက်ထဲက ရေရဲ့သန့်စင်မှုကိုမြင်ပြီး မိမိရဲ့စိတ်ကို ဖြူစင်နေအောင်ထားဖို့နှင့် ငါပြုလုပ်တဲ့ကောင်းမှုဟာ ဟောဒီရေလို သန့်ရှင်းကြည်လင်လှတဲ့ ကောင်းမှုဖြစ်တဲ့အတွက် ခုကောင်းမှုရဲ့အကျိုးဆက်ကြောင့် မြတ်နိဗ္ဗာန်ကို ရောက်ရပါစေလို့ ဆုတောင်းအာရုံပြုနိုင်အောင်လို့ပါ။ ရေကဲ့သို့ဖြူစင်အောင်ထားပြီး ဆုတောင်းနိုင်အောင်လို့ ရေကိုမြင်ရအောင် ထားခိုင်းခြင်းပါ။

ဒါပြင် ဒီရေဟာ မြေကြီးကိုသွန်းချလိုက်တဲ့အခါ ပြန်ယူလို့မရသလို
ငါလှူဒါန်းခဲ့တဲ့ ကောင်းမှုမှန်သမျှကိုလည်း ငါဟာ နှမြှောတွန့်တိုပြန်လည်လိုချင်တဲ့စိတ်မရှိဘဲ
လွတ်လွတ်စွန့်ကြဲပြီးသား

မုတ္တစာဂီဖြစ်နေအောင် အာရုံပြုထားရပါမယ်။ ငါပြုခဲ့ကောင်းမှုကုသိုလ်ကို တကယ်များ
ငါမေ့လျော့နေသည်ရှိသော် ကမ္ဘာမြေကြီးထဲ ရေများလောင်းချပြီး ရေစက်သွန်းချ
သက်သေအရာတည်ထားခဲ့အတွက် ငါအားပြန်လည် အမှတ်ရအောင်
ကူညီပေးပါစေလို့ စိတ်ထားတတ်အောင် ရေစက်ခွက်ထဲကရေကို မြေကြီးပေါ်သွန်းခိုင်းခြင်း ဖြစ်ပါတယ်။

တကယ်လို့ မိမိက ရေစက်ခွက်ထဲက ရေကို မမြင်ရရင်လည်း ရေစက်ချလို့ ရေလေး
ကျဆင်းနေတဲ့အချိန်မှာ ခုပြောခဲ့သလို အာရုံပြုပေးပါ။ နောက်တစ်ခုက
ရှေးတုန်းကတော့ ရေကို အောက်ခံမပါဘဲမြေကြီးပေါ်ကို တိုက်ရိုက်သွန်းချကြတယ်။

ခုတော့ အောက်ခံပါတော့ မြေကြီးပေါ်တိုက်ရိုက် မရောက်ဘဲဖြစ်နေတဲ့အတွက် မိမိစိတ်မှာ
နှမြှောတွန့်တိုမှုတွေမဖြစ်ဘဲ လွတ်လွတ်စွန့်ကြဲများဖြစ်အောင်တော့
အာရုံပြုယူရကြပေါ့။ တချို့ကျတော့လည်း ရေစက်ခွက်မလိုဘဲ အထက်ကပြောခဲ့သလို အာရုံပြုနိုင်မယ်ဆိုရင်တော့ ကိုင်စရာမလိုဘူးပေါ့။ ဒါပေမဲ့ ရေစက်ခွက်ကိုင်ရတာဟာ
ကျွန်တော်၊ ကျွန်တော်မတို့သည် ကောင်းမှုပြုသူတို့ဖြစ်ပါတယ်။ ကျွန်တော်တို့ပေးဝေတဲ့ကောင်းမှုကို အမျှယူကြပါလို့ အမျှယူမဲ့ပုဂ္ဂိုလ်တွေအားလုံးသိအောင် အလှူရှင်များအား ရေစက်ခွက်ကိုင်ခိုင်းတာပါ။

ဒါပြင် နောက်တစ်ချက်အဓိကအကျဆုံးအရာက ရေစက်ချ အမျှဝေတယ်ဆိုတာ ဦးဇင်းတို့
ဗုဒ္ဓဘာသာမှာပဲ ရှိပါတယ်။ တခြားဘာသာတွေမှာ မရှိပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ ဦးဇင်းတို့မြတ်ဗုဒ္ဓရဲ့ ၀ါဒဟာ အနတ္တ-ငါပိုင်ဆိုတာမထားဘူး
ဆိုတဲ့ ၀ါဒဖြစ်လို့ပါ။ တခြားဘာသာတွေမှာကတော့ အတ္တ-ငါပိုင်ပဲရှိတဲ့အတွက် အမျှဝေခြင်းများ မပြုလုပ်ကြပါဘူး။

ဦးဇင်းတို့ ၀ါဒက အနတ္တဆိုတော့ ငါကုသိုလ်ရသလို၊ ငါကုသိုလ်ကြောင့် ကောင်းကျိုးခံစားသလို အားလုံးလည်း ငါလိုပဲ ခံစားကြရပါစေဆိုတဲ့ စေတနာနဲ့ အားလုံးအား တန်းတူပေးတဲ့ ရေစက်ချခြင်းပါ။ ဒါကြောင့် ဘာဖြစ်လို့ရေစက်ချရတာလဲ၊ အမျှဝေရတာလဲဆိုတာ ငါတို့ဝါဒဟာ အနတ္တ၀ါဒ-ကိုယ်ပိုင်မထားဘဲ အားလုံးကို တန်းတူရစေချင်တဲ့ စေတနာရှိလို့ပါလို့ ဖြေရပါမယ်။

အဲဒီတော့ အမျှဝေတဲ့လူဟာ မိမိလုပ်တဲ့ ကောင်းမှုဟာလျှော့မသွားဘဲ ပိုလို့သာ တိုးသွားတယ်ဆိုတာကို
လူတိုင်းသိကြမယ်ထင်ပါတယ်။ ဒါပေမဲ့ ပိုမိုမှတ်မိအောင် ထပ်ဆင့်ပြောပြပေးပါဦးမယ်။

မိမိအိမ်မှာဖယောင်တိုင်းတစ်တိုင် မီးထွန်းထားတယ်ဆိုပါစို့။ အဲဒီဖယောင်တိုင်တစ်ခုတည်း ထွန်းထားတာဆိုတော့ ဖယောင်တိုင်းထွန်းတဲ့အိမ်မှာပဲ အလင်းရောင်အနည်းငယ်ရှိပြီး
ကျန်တဲ့အိမ်တွေမှာ အလင်းရောင်မရှိဘဲ တစ်ရွာလုံးဖြစ်စေ၊ တစ်မြို့လုံးဖြစ်စေ မှောင်မည်းနေမှာပါ။

အဲဒီတော့ မိမိက မိမိထွန်းထားတဲ့ ဖယောင်းတိုင်က မီးကို အားလုံး လာရောက်ထွန်းညှီယူကြပါလို့
အမျှဝေသလို အားလုံးကို ရှယ်ယာလိုက်ပေးလိုက်တဲ့အခါကျတော့ တစ်မြို့လုံးဖြစ်စေ၊
တစ်ရွာလုံးဖြစ်စေ အလင်းရောင်တွေတောက်ပသွားပါတယ်။

အဲဒီလို မိမိက သူများအား မိမိဖယောင်းတိုင်မှ မီးကို ရှယ်ယာပေးလိုက်သော်လည်း
မိမိပင်ရင်းဖယောင်းတိုင်မှာ အလင်းရောင် လျှော့နည်းမသွားတဲ့အပြင်
မိမိရှယ်ယာလုပ်ပေးလို့ သူများတွေ အလင်းရောင်းပါရရှိပြီး အလင်းရောင်များ ပိုမိုတိုးသွားသလို အမျှဝေတဲ့လူမှာလည်း အဲဒီလိုပဲ ကောင်းမှုလျှော့မသွားတဲ့အပြင် ကောင်းမှုတွေ
ပိုမိုတိုးသွားပါတယ်။ ဒါကတော့ ရေစက်ချရခြင်းရဲ့ အကြောင်းနဲ့ပြုလုပ်ပုံများပါ။

♦ ခု မေးခွန်းရှင်သိချင်တာကို ဖြေပေးပါမယ်။ မိမိပြုလုပ်တဲ့ကောင်းမှုကို ရေစက်ခွက်နဲ့ အမျှဝေရန်
အခွင့်အခါမသင့်ပါက အပေါ်ကပြောခဲ့တဲ့အတိုင်း အာရုံပြုရမဲ့ အချက်အလက်တွေကို မိမိအာရုံပြုပြီး
အမျှဝေပေးပါ။ အမျှဝေတဲ့အခါ နှုတ်ကနေ အသံလေးနည်းနည်းတော့ ထွက်ဆိုတာက ပိုသင့်တော်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ အမျှဝေတာကိုစောင့်ဆိုင်းနေကြတဲ့ပုဂ္ဂိုလ်တွေမှာ
♦ တချို့က တန်ခိုးရှိကြပေမဲ့
♦ တချို့မှာ တန်ခိုးမရှိကြတော့ မကြားဘဲ ဖြစ်နေမှာစိုးလို့ပါ။ ဒါပေမဲ့ ကောင်းမှုကုသိုလ်ကို အမျှယူရန် စောင့်ဆိုင်းနေတဲ့ ပုဂ္ဂိုလ်တွေကတော့ သူတို့ကို သီးသန့်နာမည်တပ်ပြီး
အမျှဝေရင် သူတို့နားနဲ့သေချာမကြားရပေမဲ့ဒီလူပါးစပ်လှုပ်တာဟာ အမျှဝေတာဖြစ်မယ်လို့
မှန်းဆကာ သာဓုလည်း ခေါ်ဆိုကြပါလိမ့်မယ်။

လူအချင်းချင်းမှာလည်း တချို့စကားတွေကိုသေချာမကြားရပေမဲ့ ပြောတဲ့လူရဲ့
ဟန်အမူရာဟာကိုကြည့်ပြီး သူဘာပြောတယ်ဆိုတာကို ရိတ်မိသလိုမျိုး သာဓုခေါ်ချင်တဲ့ပုဂ္ဂိုလ်တွေကလည်း အဲဒီလို ရမ်းဖမ်းမျိုးနဲ့ သာဓုခေါ်ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် မိမိအမျှဝေတဲ့အခါမှာတော့
အသံလေး နည်းနည်းပါးပါးတော့ ထွက်ဆိုပေးတာ အကောင်းဆုံးပါလို့ ပြောရပါစေ။

သူများတွေတော့ မသိဘူး။ ဦးဇင်းကတော့ ဘယ်သူက ဘယ်အချိန် အမျှဝေလည်းဆိုတာ သေချာမသိရတဲ့အတွက် ညစဉ်မေတ္တာပို့၊ ပရိတ်ရွတ်၊ ဂုဏ်တော်ပွား၊
တရားမှတ်ပြီးချိန်မှာ ကိုယ်ပြုတဲ့ ကောင်းမှုမှန်သမျှကိုလည်း အားလုံးအား အမျှဝေပေးတယ်။ ပြီးရင်
တစ်နေ့တာရဲ့ အများကောင်းမှုတွေ အမျှဝေပေးထားတာကိုလည်း ကောင်ကင်မှာ
ပျံဝဲနေဦးမယ်ထင်ပြီး အမျှအားလုံးကို စုဝေးပေးပါလို့ အဓိဋ္ဌာန်ကာ စုပေါင်းသာဓုခေါ်ဆိုလေ့ရှိပါတယ်။
ဒါကတော့ ဦးဇင်းရဲ့ ကိုယ်ပိုင်အယူအဆပါ။

အားလုံး အသိဉာဏ်ဗဟုသုတများ တိုးပွားပြီး လိုရာပန်းတိုင်ကို အမြန်လျှောက်လှမ်းနိုင်ကြပါစေလို့
ဆန္ဒပြုလျက်……။

-[(အရှင်ကောမလ ဆန်နီနေမင်း)(သာသနတက္ကသီလ ဓမ္မာစရိယ)
B.A (Buddhism), M.A (သီရိလင်္ကာ) Ph.D, Thesis (သီရိလင်္ကာ)]

မှန်မှန်ကန်ကန် ရောင့်ရဲတတ်ကြပါမှ


အသက် ၇၀-ဝန်းကျင်ရှိ ကျွန်တော့် မိတ်ဆွေ တစ်ယောက်သည် ကျွန်တော့်အိမ်သို့ ရောက်လာပါသည်။
သူသည် ကျောင်းသားဘဝက စ၍ နိုင်ငံရေးနှင့် နိုင်ငံရေး စာပေကိုသာ ထက်သန်သူ ဖြစ်ပါသည်။ သို့သော် ဗုဒ္ဓဘာသာ အယူဝါဒနှင့် စပ်လျဉ်း၍ကား လေ့လာမှု အလွန် အားနည်းပါသည်။ မိဘများက ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြ၍သာ မိရိုးဖလာ ဗုဒ္ဒဘာသာဝင် အမည် ခံခဲ့သူ ဖြစ်ပါသည်။     
                       
ထွေရာလေးပါး ပြောဆို ကြရာတွင် မြန်မာ နိုင်ငံ တိုးတက်သင့် သလောက် မတိုးတက်သည်မှာ ဗုဒ္ဓဘာသာ အယူဝါဒ ကြောင့်များလားဟု ဝေဖန်ပါသည်။ အဘယ်ကြောင့် ဤသို့ ပြောရသနည်းဟု မေးကြည့်ရာ “ရောင့်ရဲရမည်”ဆိုသည့် အယူအဆ ကြီးက ဟန့် တားရာ ရောက်နေသလားဟု ထင်မြင်မိကြောင်း
ပြောပြပါသည်။ ကျွန်တော်က “ရောင့်ရဲခြင်း”၏ အဓိပ္ပာယ်ကို မှန်မှန် ကန်ကန် နားမလည်ကြဘဲ
ဖြစ်နေကြကြောင်း၊ ၃၈-ဖြာ မင်္ဂလာ တရားတော်၏ နံပါတ် ၂၀-မြောက်မှာ ပါသော“သန္တုဋ္ဌိစ ကတညု တာ”ဆိုသော “ရသမျှနှင့် မျှတရောင့်ရဲ လွယ်နိုင်ရမည်”ဆိုသည်ကို ကျကျနန ရှင်းပြလိုက်သည့် အခါမှ သူ မှားသွားကြောင်း ဝန်ခံသွားပါသည်။
                             
                                                                                                    ကျွန်တော် ရှင်းပြလိုက်သည်မှာ ဤသို့ ဖြစ်ပါသည်။“ရောင့်ရဲလွယ်ရမည်”ဆိုသည်မှာ မိမိ လုပ်ကိုင်နေသော စီးပွားရေး လုပ်ငန်းများ မတိုးချဲ့ ရဘူးဟု ဆိုလိုခြင်း မဟုတ်။ မိမိ လေ့လာ ဆည်းပူးနေသော ပညာရေးကို အဆင့်မြင့် ဆက်လက် မလေ့လာ ရဘူးဟု ဆိုလိုခြင်း မဟုတ်။ သင့်တင့်ရုံပဲ ကြိုးစား လုပ်ဆောင်ရမည်ဟု ဆိုလိုခြင်း မဟုတ်ကြောင်း ပြောပြ လိုက်ပါသည်။ အမှန်မှာ အချို့ လူများသည် သူ့ အိုး သူ့ ဆန် တန်ရုံ မလုပ်တတ်၍ ငွေတစ်ပဲနှင့် ရွှေလှည်းစီးချင်နေသူတွေ ကိုယ့်အထွာ နှင့်ကိုယ် လှမ်းကြဖို့ ဝင်ငွေ ထွက်ငွေ မျှတအောင် သုံးတတ်ကြဖို့ အထိ နားလည်ကြဖို့ လိုအပ်ကြောင်း ပြောပြပါသည်။
“အထူးသဖြင့် အိမ်မှာ “အချို”ချက်ထားလျှင်“အချဉ်”စားချင်နေတာ၊ 
အချဉ် ချက်ထားလျှင် အချို စားချင်နေတာ၊
ကြက်သားဟင်း ချက်ထား ပြန်လျှင် ကြက်ကြော်မှ စားချင်တယ်လို့ ဆိုနေတာ၊ 
အစပ် မပါလို့ ဆိုပြီး ပြဿနာ ရှာတာတွေဟာ မရောင့်ရဲနိုင်တဲ့ သဘောတွေ ပါပဲ။”                                                                                                                                                          ယင်းကိစ္စနှင့် ပတ်သက်၍ တစ်ခါက အညာသား တစ်ယောက်သည် ထမင်းပွဲမှာ ငရုတ်သီးအစပ် မပါ၍ ဆိုပြီး ငရုတ်သီး ရှာရန် ထမင်းပွဲက ထသွားလိုက်သည်မှာ အောက်ပြည် အောက်ရွာ အထိ ရောက်သွားကြောင်း၊ အိမ်ထောင်ကျသွားသည့် အဖြစ်မျိုး အထိ ရှိခဲ့ဖူးကြောင်း ပြောပြ လိုက်ပါသည်။                      

ထို့ ပြင် ကျွန်တော့် ကိုယ်တွေ့ ကိုလည်း ပြောပြလိုက်ပါသည်။ ကျွန်တော့်မှာ“ဂျစ်ဂျစ်”ဆိုသော ညီတစ်ယောက်နှင့်“မော်စီ ဆိုသော ညီတစ်ယောက် ရှိကြောင်း၊ ဂျစ်ဂျစ် ဆိုသော ညီက “အညာမုန့်ပျားသလက်”စားချင်သည်ဆို၍ သူ့ မိန်းမက သွားဝယ် ပေးကြောင်း၊ အညာ မုန့် ပျားသလက်၏ ထုံးစံမှာ အသားထူကာ အလယ်မှာ အနည်းငယ် မို့ မောက်လျက် ရှိရာ ခပ်ပြားပြားမှသာ စားချင်သည် ဆို၍ ထပ်မံ၍ ခပ်ပြားပြား လုပ်ပေးရကြောင်း၊ သို့ သော် မုန့် ပျားသလက် ဖင်က ကြွပ်နေမှဟု ဆိုပြန်၍ သူ့ မိန်းမ ကိုယ်တိုင် လုပ်ပေးရကြောင်း၊ တစ်ခါ မော်စီဆိုသော ညီကျပြန်တော့ အသားဟင်းချက်လျှင် ဆီပြန်မှ၊ အတုံး ကြီးကြီးလည်း မစား ချင်ဘူး၊ အနေတော် အတုံးအရွယ်မှသာ စားချင်သည် ဆို၍ အမေ့မှာ စိတ်ရှည်ရှည်ဖြင့် ကျွေးခဲ့ရကြောင်း၊ ထမင်းစားလျှင် ဘာပါမှ ညာပါမှ ဆိုသည်နှင့် ပတ်သက်၍ နိပါတ်တော်မှာ ပါသော နိကြေဓသမင်မင်း ဇာတ်တော်ကို သတိရမိကြောင်း ပြောပြ လိုက်ပါသည်။         

  သမင်သားကိုမှ မက်မောလှသော၊ သမင်သား မပါလျှင် ပွဲတော်မတည်သော ဗြဟ္မဒတ်မင်းကြောင့် သမင်များ သေကြေရသည့်အပြင် လူတို့၏ လုပ်ခင်းကိုင်းခင်းများပါ ပျက်စီးရသောကြောင့် သမင်အားလုံး ဥယျာဉ်တွင်း သွင်းပြီး တစ်နေ့ လျှင် တစ်ကောင်ကျစီ လည်စင်းပြီး အသတ်ခံကြရသည်။ တစ်နေ့ သော် ကိုယ်ဝန်ရှိနေသည့် သမင်မမှာ ရင်သွေးအတွက် ကြေကွဲရသော ကြောင့် အလောင်းတော် သမင်မင်းထံ အသနားခံသည်။ ထိုအခါ အလောင်းတော်က သမင်မ၏ ကိုယ်စား စဉ်တီတုံးတွင် လည်စင်းပြီး ပေးခဲ့သည်။ ထိုအခါတွင်မှ ဗြဟ္မဒတ်မင်းက အလောင်းတော်၏ ပရဟိတစိတ်ကို ကြည်ညိုလှသဖြင့် သမင်အားလုံး ဘေးမဲ့ ချမ်းသာ ပေးခဲ့သည်။                                                                                                                                           အမှန်မှာ“ရောင့်ရဲလွယ်နိုင်ရမည်”ဆိုသည်မှာ ရောင့်ရဲတင်းတိမ်မှု အလွန်အားနည်းကြသူများ ဆင်ခြင်တုံတရား ထားနိုင်ကြဖို့ ဖြစ်ပါသည်။ ရောင့်ရဲလွယ်သည့် နေရာတွင် စံပြုလောက်သော ဆရာတော် တစ်ပါးရှိခဲ့ဘူးပါသည်။ မတ္တရာ ဆရာတော်သည် မည်သည့်ဟင်း၊ ထမင်းနှင့်ဆွမ်းကပ်သည် ဖြစ်စေ၊ အစဉ်အမြဲ အကောင်းဘက်ကသာ ပြောလေ့ ရှိပါသည်။ အကယ်၍ ဟင်းက ငန် နေလျှင် အစာကြေတာပေါ့ဟု ပြောတတ်၍ ဟင်းက ပေါ့နေလျှင် ရေငတ်ပြေတာပေါ့ဟု ပြောတတ်ပါသည်။
အကယ်၍ ထမင်းက ပျော့နေလျှင် အစာကြေတာပေါ့ဟု ပြောတတ်၍ ထမင်းက မာနေလျှင် ခပ်တောင့်တောင့်လေး စားရတာပေါ့ဟု ပြောပါသည်။ ဆရာတော်သည် ကောင်းသောဘက်မှ 
တွေးလေ့ရှိပြီး၊ ရှိတာနှင့် ကျေနပ်သော သဘော ရှိပါသည်။ မရောင့်ရဲ နိုင်သူများ အဖို့ ကိုယ်လည်း ဒုက္ခရောက်၊ ပတ်ဝန်းကျင်လည်း ဒုက္ခရောက်ကြ ရပါသည်။     
                                                                                              ထို့ ပြင် ရောင့်ရဲခြင်းတွင် လေးစားလောက်သော အဘိုးကြီး တစ်ယောက်နှင့်လည်း ကြုံတွေ့ ခဲ့ဖူးပါသည်။
 တောင်ဥက္က လာတွင် ဗေဒင်ဟောသော အဘိုးကြီး တစ်ယောက် ရှိပါသည်။ သူ့ ကိုယ်ပိုင် နှစ်ထပ် ပျဉ်ထောင်အိမ်ကြီး ပေါ်တွင် တစ်ဦးတည်း အေးအေးချမ်းချမ်း နေထိုင်ပါသည်။ သူ စောင့်ရှောက်ထားသော လင်မယား နှစ်ယောက်က အောက်ထပ်မှာ နေပါသည်။ ယင်း လင်မယားက ထမင်း-ဟင်း ချက်ပြုတ် ကျွေးပါသည်။ အဘိုးကြီးသည် ထို လင်မယား ချက်ကျွေးသည်ကိုသာ စားပါသည်။ အဘိုး ကြီးက “ဘာစားချင်သည်၊ ဘာချက်ကျွေးပါ”ဟု မည်သည့် အခါမျှ မပြောပါ။ အကယ်၍ ကျန်းမာရေးနှင့် မသင့်သည့် ဟင်း ပါလာပါ က ထိုဟင်းကို မစားဘဲ သူ့ တွင် အသင့်ဆောင်ထားသော နှမ်းဆီကို ဆမ်းကာ ဆားဖြူး၍သာ စားပါသည်။ ယင်းသို့ ရောင့်ရဲလွယ်သည့်အတွက် ကိုယ်လည်း ဒုက္ခ မများသည့် အပြင် သူတစ်ပါးလည်း ဒုက္ခ မများရတော့ပါ။ သို့ သော် ထပ်မံ ဖြည့်စွက် တင်ပြရပါလျှင် ရောင့်ရဲခြင်း ဆိုသည်ကို ငါးပိချက်နှင့်ပင် အမြဲ စားနေရမည်။ ငါးပိချက်နှင့်ပင် တင်းတိမ် နေရမည်။ အသားဟင်း စားနိုင်အောင် မကြိုးစားရဘူးဟု တလွဲ အဓိပ္ပာယ် အကောက်မမှား ကြရန် အထူး လိုအပ်ပါ သည်။ “မိန်းကလေးပဲ…ရေးတတ်ဖတ်တတ်လျှင်၊ ၄-တန်းလောက် အောင်လျှင် တော်ရောပေါ့၊ အဆင့်မြင့် ပညာသင်စရာ မလိုပါ ဘူး ”(ရောင့်ရဲခြင်း ဆန်ဆန်)သဘောထား လွဲမှား နေသည်တို့ကိုလည်း
 တွေ့ ရတတ်ပါသည်။ ဗုဒ္ဓဘာသာသည် ဘဝကြီးမား တိုးတက်ရေး အတွက် ၃၈-ဖြာ မင်္ဂလာ တရားတော်ပါ “ရောင့်ရဲခြင်း”ဆိုသည်ကို မှန်မှန် ကန်ကန် နားလည်ကြပါမှ အကျိုးထင် အရာရောက်ကြမည် ဖြစ်ပါသည်။ အနှစ်ချုပ် ရပါက ဗုဒ္ဓတရားတော်၏ အဆီ အနှစ်ကို သေသေချာချာ သိရှိပြီး ၃၈-ဖြာ မင်္ဂလာတရားတော်ပါ “ ရောင့်ရဲ ခြင်း”ဆိုသည်ကို မှန်မှန်ကန်ကန် နားလည်ကြပါမှ အကျိုးထင်အရာရောက်ကြမည် ဖြစ်ပါသည်။
                                         
  စိုးဝင်း(ချောက်)                                                                                 
 မြတ်မင်္ဂလာ--------၂၀၁၂-ခုနှစ်၊ဧပြီလ       

ဝန္ဒနာ ပဏာမ အာသီသဂါထာ


စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ မဟာသုဗောဓာရုံကျောင်းတိုက် တိုက်အုပ်ဆရာတော်
ဆရာတော် ဦးနန္ဒမာလာဘိဝံသ
တရားပွဲမစတင်မီ မဟာကရုဏာရှင် ဘုရားရှင်အား အမြဲတမ်းရှိခိုးလေ့ရှိသော
                                     ဝန္ဒနာ ပဏာမ အာသီသဂါထာ                                      
ယော ကပ္ပကောဋီဟိပိ အပ္ပမေယျံ၊ ကာလံ ကရောန္တော အတိဒုက္ကရာနိ။
                 ခေဒံ ကရော လောကဟိတာယ နာထော၊ နမော မဟာကာရုဏိကဿ တဿ။
                                                             
              ယော နာထော-ဝေနေယျများစွာ သတ္တဝါ၏ ချမ်းသာစီးပွား လိုလားတောင့်တ ဂုဏ်ပေါင်းခသဖြင့် နာထမည်ငြား အကြင်ရှုင်တော်မြတ်ဘုရားသည်။
              ကပ္ပကောဋီဟိပိ-ကုဋေကမ္ဘာ အရေအတွက်သင်္ချာတို့ဖြင့်သော်လည်း၊
              အပ္ပမေယျံ-ရေတွက်တိုင်းတာ ဖော်ပြခြင်းငှါ မစွမ်းနိုင်ပါသော၊
              ကာလံ-လေးအသင်္ချေ သိန်းနေကမ္ဘာ ရှည်ကြာသော ကာလပတ်လုံး၊
              လောကဟိတာယ-သတ္တလောက၏ အကျိုးစီးပွားအလို့ငှါ၊
              အတိဒုက္ကရာနိ-ဥစ္စာအသက် ခြေလက်အင်္ဂါ မေတ္တာကြီးမား သမီးသားနှင့် သက်ထားဇနီး စွန့်ခြင်းကြီးဟု ကြက်သည်းထဖွယ် ငါးသွယ်အစု အလွန်ခဲယဉ်းသောအမှုတို့ကို၊
              ကရောန္တော-ဘုရားဖြစ်ရန် ရည်သန်ကြိုးကုတ် အားထုတ်တော်မူရသည်ဖြစ်၍၊
              ခေဒံ-လက်ခြေမျက်လုံး အသက်ဆုံးလျက် နှလုံးစိတ်ဝမ်း ကိုယ်တော်၏ ပင်ပန်းခြင်းသို့၊
              ကတော-ဘဝအတန်တန် ကြိမ်ဖန်များစွာ ရောက်တော်မူခဲ့ရရှာလေပြီ၊
              မဟာကာရုဏိကဿ-သတ္တဝါအများ ရင်ဝယ်သားကဲ့သို့ သနားချစ်ခင် မဟာကရုဏာရှင် ဖြစ်တော်မူသော၊
              တဿ နာထဿ-ဝေနေယျများစွာ သတ္တဝါ၏ ချမ်းသာစီးပွား လိုလားတောင့်တ ဂုဏ်ပေါင်းခသည့် နာထမည်ငြား ထိုရှင်တော်မြတ်ဘုရားအား၊
              နမော-ရိုသေပျောင်းပျော့ မာန်ကိုလျော့၍ ကန်တော့ရိုကျိုး ရှိခိုးခြင်းသည်၊
              အတ္ထု-ဘဝတု-စင်စစ်မသွေ ဖြစ်ပါစေသတည်း။

အသောကကျောက်တိုင်များ


ကမ္ဘာ့သမိုင်းတွင် ထင်ရှားသော အသောကမင်းကြီး(ခေါ်) သီရိဓမ္မာသောကမင်းကြီးသည် ဗုဒ္ဓဘာသာကို အထူးယုံကြည်သက်ဝင်သူ ဖြစ်သည်။ အထူးကိုးကွယ် ဆည်းကပ်သူလည်း ဖြစ်သည်။ သူသည် ဗုဒ္ဓသာသနာထွန်းကားရေးအတွက် အမှတ်အသားအဖြစ် အိန္ဒိယပြည်၌ ကျောက်တိုင်ကြီး ၄-တိုင် စိုက်ထူထားခဲ့သည်။
အသောကမင်းကြီးသည် ကောလိယတိုင်း ရွာမရွာအနီးတွင် ကျောက်တိုင်ကြီးတခု စိုက်ထူခဲ့သည်။
ထိုကျောက်တိုင်ထိပ်ပေါ်တွင် နွားလားဥသဘရုပ်ကို အထွတ်တင်ထားသည်။
အဓိပ္ပါယ်မှာ "ငါသည် တိုင်းပြည်နှင့် သာသနာအတွက် နွားကဲ့သို့ သည်းခံ၍ ရုန်းကန်တော့မည်"ဆိုသော ရည်ရွယ်ချက်ဖြင့် စိုက်ထူခြင်းဖြစ်သည်။

ထို့ပြင် အသောကမင်းကြီးသည် ဗုဒ္ဓဘုရားရှင် ဖွားမြင်တော်မူရာ လုမ္ဗိနီတွင်လည်း ကျောက်တိုင် စိုက်ထူခဲ့သည်။ ထိုကျောက်တိုင်၏ ထိပ်ပေါ်တွင် သိန္ဓောမြင်းရုပ်ကို အထွတ်တင်ထားသည်။ "ငါသည် သာသနာနှင့် လူသားတို့အတွက် မြင်းကဲ့သို့ လျင်မြန်သွက်လက်စွာ ဆောင်ရွက်မည်"ဟူသော ရည်ရွယ်ချက်ဖြင့် မြင်းရုပ်ကို ထားရှိခြင်း ဖြစ်သည်။

ထို့ပြင် အသောကမင်းကြီးသည် သင်္ကဿ မြို့တံခါးဝတွင် ကျောက်တိုင်တခု စိုက်ခဲ့ပြန်သည်။ သင်္ကဿ မြို့သည် မြတ်စွာဘုရားရှင် အဘိဓမ္မာတရား ဟောကြားပြီးနောက် တာဝတိံသာမှ ဆင်းသက်ရာနေရာ ဖြစ်သည်။ ထိုကျောက်တိုင်ထိပ်တွင် ဆင်ရုပ်ကို အထွတ်တင်ထားသည်။ "ငါသည် တိုင်းပြည်နှင့် သာသနာတော်အတွက် ဆင်ကဲ့သို့ ခွန်အားအပြည့်ဖြင့် ဆောင်ရွက်မည်"ဟူသော ရည်ရွယ်ချက်ဖြင့် ဆင်ရုပ်ကို ထားရှိခြင်းဖြစ်သည်။

ထို့ပြင် အသောကမင်းကြီးသည် ဗာရာဏသီ မိဂဒါဝုန်တွင် ကျောက်တိုင်ကြီးတတိုင် စိုက်ထူထားပြန်သည်။ မိဂဒါဝုန်မှာ ဗုဒ္ဓဘုရားရှင်က ပဉ္စဝဂ္ဂီငါးဦးကို ပထမဦးဆုံးသော တရားတော်ဖြစ်သည့် ဓမ္မစကြာတရားတော်ကို ဟော်တော်မူသောနေရာ ဖြစ်သည်။ ထိုကျောက်တိုင်ထိပ်တွင်ကား သီဟရာဇာ ခြင်္သေ့ရုပ် အထွတ်တင်ထားသည်။ "ငါသည် တိုင်းကျိုးပြည်ကျိုး သာသနာအကျိုး သယ်ပိုးရာ၌၄င်း၊ တိုင်းပြည်အန္တရာယ် သာသနာ့အန္တရာယ် အသွယ်သွယ်ကို ကာကွယ်စောင့်ရှောက်ရာ၌၄င်း၊ ခြင်္သေ့ကဲ့သို့ သတ္တိရှိရှိ ပြုလုပ်ဆောင်ရွက်မည်"ဟူသော ရည်ရွယ်ချက်ဖြင့် ခြင်္သေ့ရုပ်ကို ထားရှိခြင်းဖြစ်သည်။

ရှင်မဟာသီလဝံသ ဆုံးမစာ


၁။ ငါကားသည်စာ၊ သည်ဂါထာကို
မြဲစွာကြပ်မတ်၊ ဆရာအပ်သော်
တတ်လှစေချင်၊ ငါ့ကိုသင်ဟု
ထိပ်တွင်လည်းရွက်
လျင်လျင်ရအောင် ကြိုးစားကျက်။

၂။ အချိန်တန်၍၊ စာအံဆိုလျှင်
မရွှင်မျက်နှာ၊ မသာမချို
ထိုထိုအကြံ၊ ကြီးစွာဖန်၍
မအံတခါ၊ အံတခါနှင့်
မျက်နှာတပါး၊ စာတခြားလည်း
စကားပြောဟော၊ တသောသောသည်
ရယ်မော၍လည်း မနေနဲ့။

၃။ မပြတ်အသံ၊ တညံညံသည်
စာအံစာဖတ်၊ ကြပ်ကြပ်မြဲမြဲ
သည်လည်း ညသတ်၊ ပြတ်ပြတ်သားသား
စကားဆိုထွေ ပီလှစေ။

၎။ သင်ပုန်းထန်းရွက်၊ ပေထက်စီကာ
ရေးသောခါလည်း
အက္ခရာကို၊ သေချာလှစေ
စာလုံးကိုလည်း လှလှစေ။

                                  ရှင်မဟာသီလဝံသ

ခက်ဆစ်အဖွင့်--
၁။ ဂါထာ=ဆန်းကျမ်းတွင် ပြဆိုထားသည့် စည်းကမ်းတို့နှင့်အညီ ရေးစပ်ထားသော ပါဠိအစီအကုံး။
၂။ လျင်လျင်=မြန်မြန်။
၃။ စာအံ=စာကို နှုတ်တက်ရအောင် အခေါက်ခေါက် ဆိုသည်။
၎။ သောသော=ဆူဆူညံညံ။
၅။ ကြပ်ကြပ်=မြဲမြံစွာ၊ အမြဲအစွဲ၊ အခိုင်အမာ။
၆။ သင်ပုန်း=စာရေးနိုင်အောင် ပျဉ်ပြားကို ဆေးသုတ်၍ဖြစ်စေ၊ အနက်ရောင် ကျောက်ချပ် (အသွင်ပြောင်း ကျောက်တမျိုး) ကို ဖြစ်စေ ပြုလုပ်ထားသော အချပ်။
၇။ ထန်းရွက်=စာ သို့မဟုတ်-အမှတ်အသား တစုံတရာ ရေးသားရန် ဖြတ်ညှိပြုပြင်ထားသော ထန်းပင်၏ အရွက်။
၈။ ပေရွက်=စာ သို့မဟုတ် အမှတ်အသား တစုံတရာ ရေးသားရန် ဖြတ်ညှိပြုပြင်ထားသော ပေပင်၏ အရွက်။

ရှင်မဟာရဋ္ဌသာရ ဆုံးမစာ


၁။ ဟုတ်သောအကြံ၊ မှန်သောအကျင့်
သင့်သောအယူ၊ ဖြူသောနှလုံး
သူတော်ထုံးကို
စွဲသုံးသောထွေ၊ မှန်လှစေ။

၂။ ကျိုးကြောင်းစကား၊ ပြောဆိုငြားသော်
လျင်လျားဆွေးနွေး၊ ဆိုရေးလိမ္မာ
ပညာရှိအား၊ ကိုယ်တိုင်သွား၍
စကားလိုက်လျော၊ စစပြော၍
နှီးနှောလေ။

၃။ ငါ၏စိတ်တွင်
ထင်၏မလွဲ၊ လိပ်ခဲတည်းလည်း
ဟုတ်တည်းဧကန်၊ အားမသန်နှင့်
မှန်သည်တစေ၊ မရှိချေ။

၎။ မှတ်ဖွယ်မှတ်ရာ၊ ထိုထိုစာကို
ရှာ၍မပြတ်၊ အိမ်တွင်ဖတ်။

၅။ ဖတ်ပြန်သော်ကား၊ ဖတ်ဖန်များက
သားမယားပင်
သိမြင်ကင်းကွာ၊ မလိမ္မာလည်း
စာပေစကား၊ နေ့တိုင်းကြားက
ထူးခြားလိမ္မာ၊ ရှိသည်သာတည့်။

၆။ ရင်ဝယ်ဖြစ်ငြား၊ မွေးသည့်သားကို
မယ်ဘွားမိခင်၊ ဆုံးမသင်သို့
အကြင်ဆရာ၊ တို့သူငါကို
လိမ္မာစေကြောင်း၊ ကောင်းပါစေလို
ဆိုပါသမျှ၊ သြဝါဒကို
နားမျှမထောင်၊ မကြားယောင်သို့
မောင်တို့ပြုက၊ ယခုပစ္စုပ္ပန်
နောင်သံသရာ၊ ဆက်များစွာ၌
ချမ်းသာမည်ရေး၊ အလွန်ဝေးသည်
သေဘေးမလွဲ၊ ဝဋ်ဆင်းရဲမှ
ရွှေခဲဘယ့်နှယ်၊ အသွယ်သွယ်ကို
လွှဲဖယ်ကြံစည်၊ လွတ်ပါမည်။

                                     ရှင်မဟာရဋ္ဌသာရ


ခက်ဆစ်အဖွင့်---
၁။ ထုံး=လိုက်နာ စံပြုစရာနည်းလမ်း၊ အစဉ်အလာ။
၂။ လျင်လျား=အလျင်အမြန်။
၃။ နှီးနှော=ဆွေးနွေးသည်။ တိုင်ပင်သည်။
၎။ လိပ်ခဲတည်းလည်း=စွဲမိစွဲရာကို မလွှတ်ပဲ တွယ်တာသောအားဖြင့်။
၅။ ဟုတ်တည်း=ဟုတ်သည်၊ မှန်သည်။
၆။ ဧကန်=အမှန်။
၇။ တစေ=အမြဲ။
၈။ သြဝါဒ=ဆုံးမစကား။
၉။ ပစ္စုပ္ပန်=ယခု၊ မျက်မှောက်။
၁၀။ သံသရာ=အဖန်တလဲလဲ မပြတ် ကျင်လည်ရာ ဘဝအစဉ်။
၁၁။ ဝဋ်=ပြုမိခဲ့သော မကောင်းမှု အကျိုးကို ခံစားရခြင်း။
၁၂။ ရွှေခဲ=ရွှေတုံး ရွှေခဲကဲ့သို့ မြတ်နိုးဖွယ်သောသား။

အမရပူရမြို့ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ-၏ သြဝါဒကထာ


(၁)။ သဗ္ဗညုတဉာဏ်တော်၏ အစွမ်းသုံးပါး-၁။ သိရန်မှန်က, မကျန်ရအောင်, လုံးဝစုံလင်, အကုန်မြင်, သဗ္ဗဉ်ဉာဏ်တော် အစွမ်းတည်း။
၂။ သိသည့်တရား, များအပြား၌, ဟောထားစဖွယ်, နည်းသွယ်သွယ်ကို, ခြယ်လှယ်စုံလင်, အကုန်မြင်, သဗ္ဗဉ်ဉာဏ်တော် အစွမ်းတည်း။
၃။ ကျွတ်ထိုက်ကြပေ, များဝေနေ၏, ဣနြေ္ဒစရိုက်, သူ့အကြိုက်ကို, နှိုက်ချွတ်စုံလင်, အကုန်မြင်, သဗ္ဗဉ်ဉာဏ်တော် အစွမ်းတည်း။
၎။ ဉာဏ်တော်စွမ်းပကား, ဤသုံးပါးကြောင့်, အများဝေနေ, ကျွတ်လွတ်စေဖို့, မနေမနား, သက်တော်အားဖြင့်, ကြီးမားလေဘိ, ရှစ်ဆယ်ပြည့်၍, ပရိနိဗ္ဗာန်, စံသည့်တိုင်အောင်, သယ်ယူဆောင်, ဘုန်းခေါင် ငါတို့ ဘုရားတည်း။

(ဘုရားရှင် ပွင့်တော်မူရခြင်း၏ ရလာဘ်)
ဘုရားရှင်တော်, မပွင့်ပေါ်လျှင်, လူတော်အများ, စိတ်ကောင်းထားလည်း, ဤကားကုသိုလ်, အကိုသလ်နှင့်, ထိုထိုဘုံဘဝ, မသိရ, များလှ အပြစ်တွေ။
ဘုရားရှင်တော်, ပွင့်ထွန်းပေါ်၍, ဟောဖော်ညွှန်ကြား, မြတ်တရားကြောင့်, ဤကားကုသိုလ်, အကုသိုလ်နှင့်, ထိုထိုဘုံဘဝ, သိကြရ, များလှ ကျေးဇူးတွေ။
ကျေးဇူးတော်ရင်, ဘုရားရှင်ကို, နေ့စဉ်မပြတ်, ကျေးဇူးဆပ်ဖို့, အမြတ်ရတနာ, သာသနာ၏, နှစ်ဖြာဝန်ထမ်း, လွန်ကြိုးပမ်း, လူစွမ်း ပြကြစေ။

ငရဲရှိတယ်, တိစ္ဆာန်ရှိတယ်, ပြိတ္တာရှိတယ်, လူနုံ လူမွဲ လူဆင်းရဲ ရှိတယ်, သေရဦးမယ် သတိထား။

သံဝေဂဝတ္ထု ရှစ်ပါး
အမိဝမ်းခေါင်း, ဆယ်လညောင်းမျှ, အောင်းခဲ့ရချေ, တည်သန္ဓေနှင့်, လူ့ပြေလူ့ရွာ, ရောက်ပြန်ပါလည်း, အို နာ သေရေး, ဒုက္ခဘေးကြောင့်, စိတ်အေးကိုယ်ခိုင်, မနေနိုင်ခဲ့, ဆိုင်ဆိုင်ဒုက္ခ, ခံပြီးမှလည်း, များလှပါယ်ရွာ, ရောက်ကြရှာ၏။
အတီတာရှေး, ဤဝဋ်ဘေးနှင့်, နောင်ရေး နာဂါတ်, ဒုက္ခထပ်လိမ့်, မပြတ်ခုခါ, ဖြစ်တုံးမှာလည်း, အစာရှာရ, ထိုဒုက္ခကြောင့်, နေ့ညမဟူ, ကိုယ်စိတ်ပူ၍, သူသူငါငါ, မသက်သာသည်, ရှစ်ဖြာသံဝေ ရကြောင်းတည်း။

မီး ၁၁-ပါး
သူသူငါငါ, ဖြစ်လေရာဝယ်, ဦးစွာကြိုဆီး, ဇာတိမီးက, အပြီးပုံသေ, လောင်မြိုက်လေ၏။
မသွေတစ်သီး, ဇရာမီးလည်း, အပြီးနောက်မှာ, ကပ်လျက်ပါ၏။
မကွာစေရ, မရဏဟု, တစ်ဘဝဖျက်ဆီး, လောင်သည့်မီးလည်း, ငြီးငြီးပြောင်ပြောင်, အမြဲလောင်၏။
လောင်ပုံလောင်အား, မထင်ရှားပဲ, နုထွားပြိုမြစ်, အရွယ်ဖြစ်သော်, အချစ်ရာဂ, မီးတွေထ၍, ဒေါသထန်ပြင်း, မောဟညှဉ်း၏။
မကင်းနိုင်အောင်, ထို့နောက်နောင်လည်း, တောက်လောင်ဖိစီး, သောကမီးကြောင့်, ဝမ်းနည်းဖွယ်တွေ, အထွေထွေနှင့်, ပရိဒေဝ, ငိုကြွေးကြဖို့, ဒုက္ခလည်းထပ်, ဒေါမနသ်နှင့်, ဆက်စပ်မကွာ, ဥပါယာသ, လွန်ပြင်းပျ၍, သက်မျှမရှူ, တက်အောင်ပူသည်,---ဆူဆူဆယ့်တစ် မီးတောက်တည်း။

အနိစ္စ, ဒုက္ခ, အနတ္တ, လက္ခဏာရေး ၃-ပါး
အိုအိုလူများ, သတိထားလော့, သွားဆဲကာလ, ခါသမယဝယ်, ပထမခြေလှမ်း, ရုပ်နာမ်တန်းတို့, လှမ်း ဒုတိယ, မရောက်ကြဘူး၊
ဒုတိယလှမ်း, ရုပ်နာမ်တန်းလည်း, လှမ်း တတိယ, မရောက်ကြပင်၊
တစ်လှမ်းတွင်လည်း, မြှောက်စဉ်တစ်မျိုး, ရှေ့တိုးတစ်ဖုံ, လွန်ပုံတစ်ဝ, အောက်ချတစ်ခင်း, ထိခြင်းတလွေ့, ဖိနင်းစေ့အောင်, တရွေ့ရွေ့မြန်း, အခန်းခန်း၌, ခြေလှမ်းပိုင်းခြား, စိတ်ခြောက်ပါးဝယ်, သွယ်သွယ်နာမ်တန်း, ရုပ်အတန်းတို့, နှမ်းအိုးခင်းထက်, နှမ်းတွေကျက်သို့, ဖြစ်ပျက်နေရ, အနိစ္စသည်, ဒုက္ခ-အနတ္တချည်းသာတည်း။

ဆရာတော့် အဓိဋ္ဌာန်
ဗုဒ္ဓမြတ်စွာ လောင်းလျာတုန်းက, နောက်ဆုံးအထိ ပါရမီ။
လူနတ်များစွာ ချမ်းသာရေးမို့, အသက်ပေးလို့ ဖြည့်ခဲ့သည်။
ဗုဒ္ဓမြတ်စွာ ဘာသာအတွက်မို့, ငါပါအသက် ဆုံးစေမည်။
နောက်မဆုတ်ပေါင် ခုလိုတွေးလို့, ကုသိုလ်ရေးမို့ ကြိုးစားမည်။
( ဒို့လဲ ကြိုးစားမည် )

Gold price estimated